ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၁)

(စတက်နေ-ပန်းတနော်)

(၁)

ငယ်စဉ်ဘ၀

သူ့ကို ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် “ကျီတန်း(ကြည်တန်း)”ရွာတွင် အဖ စောသာစိန်၊ အမိ နော်မြသန်း (ဝါ) နော်စေးဖေါ တို့မှ ၁၉၅၃ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် မွေးဖွားခဲ့၏။ ဖခင်မှာ တွံတေးမြို့နယ်ဇာတိ၊ ပိုးနှင့် စကောစပ်ဖြစ်ကာ ဗုဒ္ဓဘာသာဝင် (နတ်စား)ဖြစ်၏။ မိခင်မှာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ဇာတိ စကောကရင် (နတ်စား) ဖြစ်၏။ နောက်ပိုင်းတွင် မိခင်၏ မောင်နှမများသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွား၏။ သူ့တွင် မွေးချင်းမောင်နှမ (၁၁)ဦးရှိသည်။ ယောကျ်ား (၇)ယောက်နှင့် မိန်းခလေး (၄)ယောက် ဖြစ်သည်။ သူသည် တတိယမြောက်သား ဖြစ်သည်။

မွေးချင်းမောင်နှမများမှာ…

(၁) စောသောင်းရွှေ

(၂) နော်အုန်းကြိုင်

(၃) စောကျော်လှိုင်

(၄) စောကျော်မြိုင်

(၅) နော်မြလွင်

(၆) နော်အေးမြင့်

(၇) စောဝင်းမြင့်

(၈) စောစိုးဝင်း

(၉) နော်ညိုညိုစန်း

(၁၀) စောကျော်ဇောအောင်

(၁၁) စောဝင်းဌေးအောင် တို့ဖြစ်ကြသည်။

သူ့ကို မိခင်မှ ကိုယ်ဝန်ရှိချိန် သူ့ ရွာအနီး ရွာတရွာတွင် စိန်ကျော်လှိုင်နှင့် စိန်ကျော်မြိုင် ဇာတ်သဘင် လာ ရောက် ကပြ ဖျော်ဖြေခဲ့၏။ သူ မွေးဖွားသောအခါ ဘကြီးဖြစ်သူ ရွာသူကြီး ဦးပန်းမြိုင်မှ ဇာတ်မင်းသား တဦး၏ အမည်ကို အစွဲပြုပြီး “ကျော်လှိုင်” ဟု မွေးစာရင်းတွင် အမည်ပေးခဲ့၏။

“ကျီတန်း”ရွာသည် တွံတေးတူးမြောင်း၏ မိုင်တိုင် အမှတ် (၇)၏ အနောက်ဖက် (၂)မိုင်ခန့်အကွာတွင် တည်ရှိသည်။ ရန်ကုန်မြို့နှင့် တွံတေးမြို့အကြားဟု ဆိုရမည်။ ညအချိန် ရွာပြင်ထွက်ပြီး ရွာအရှေ့ဘက် သို့ လှမ်းမျှော်ကြည့်လျှင် မီးရောင်နှင့် ဝါထိန်နေသော ရန်ကုန် ရွှေတိဂုံစေတီတော်ကို တွေ့မြင်ရသကဲ့သို့ ရွာအနောက်ဖက် သို့ လှမ်းမျှော်ကြည့်ပါက တွံတေး ရွှေဆံတော် စေတီတော်ကို တွေ့မြင်ရသည်။ ရွာပတ်လည်မှာ လယ်ကွင်းများကို မျက်စိတဆုံး မိုးကုတ်စက်ဝိုင်းအထိ တွေ့မြင်ရသည်။ ဖခင်၏ မိခင် အဖွားက “သူတို့ငယ်စဉ် က တွံတေးတူးမြောင်း မရှိသေးကြောင်း၊ တွံတေးပိုင် မူးလမန်း ရွာတွင် နေထိုင် ခဲ့ပြီး ကျီတန်း သို့ သွား၍ လယ်လုပ်ငန်းများကို လုပ်ကိုင်ခဲ့ရကြောင်း၊ လယ်လုပ်ငန်းများ ပြီးစီးသောအခါ စပါးများကို စပါးကျီထဲ ထည့်သွင်း သိမ်းဆည်း သိုလှောင်ပြီးနောက် လူမနေဘဲ ကြောင်များသာ ထား ရစ်ခဲ့ကာ မူးလမန်း သို့ ပြန်နေခဲ့ကြောင်း၊ စပါးကျီ များကိုသာ တန်းစီ တည်ဆောက်ထားခြင်းကို အစွဲပြု ပြီး လူများ အခြေချ နေထိုင်လာသောအခါ “ကျီတန်း”ရွာ ဟု အမည်တွင်လာခဲ့ကြောင်း” ပြောပြခဲ့၏။

ထိုစဉ်က “ကျီတန်း” ရွာသည် မိုးတွင်းကာလတွင် ရေများနှင့် ပြည့်လျှံနေသည်။ ထို့ကြောင့် ခြေလျင်ဖြင့် သွား လာ၍မရ။ လှေကိုသာ အသုံးပြုရသည်။ ရွာတွင်းရှိ ရေများသည် အချို့နေရာများတွင် ခါးလောက်ရှိပြီး အချို့နေရာ များတွင် ရင်ခေါင်းခန့် ရှိသည်။

သူငယ်စဉ်က သူ့ ရွာတွင် ကျောင်းဆရာ တည်ငြိမ်မှု မရှိခဲ့။ တခါတရံတွင် ကျောင်းဆရာပင် မရှိ၊ ပညာတတ် လည်း မရှိ၊ “အိုအေစစ်ထဲက သဲကန္တာရ တခုလိုပေါ့” ၊ မြို့များ ဘေးပတ်လည်တွင် ရှိနေပါလျှက် ကျောင်းဆရာ မရှိခဲ့ရသည့် သူ့ ရွာ အဖြစ်ကို ပြောပြသည်။

ဤသို့ ဖြစ်နေသော အခြေအနေများကြောင့် သူ့ မိဘများက ဖခင်၏ မိခင်ရှိရာ ဖွားအေ နှင့် အတူ နေထိုင် ရန် တွံတေးမြို့နယ် ကရင်ချောင်းသောင် (ကရင်ချောင်း၀) သို့ စေလွှတ်ခဲ့၏။ ကရင်ချောင်းသောင် သို့ ရောက် သောအခါ ဖွားအေ က မောင်နှမ ဝမ်းကွဲများနှင့် အတူ ကရင်ချောင်းရွာ မူလတန်းကျောင်းသို့ တက်ရောက်ရန် စီစဉ်ပေးခဲ့၏။ သို့သော် ခရီးလမ်းဝေးခြင်း၊ အသက်ငယ်ရွယ်ခြင်း တို့ကြောင့် လူကြီးများ မှ စိတ်မချတော့ သဖြင့် ကျောင်းထွက်ခဲ့ရသည်။ ကျောင်းထွက်ပြီးသည့်နောက် အဖွားဖြစ်သူအား ခြေဆုပ် လက်နှယ် ပြုစုပေး ရသည်။

ထို့နောက် ဆရာစောမောလေး နှင့် ဆရာမ နော်ဝါဝါပွင့် (နော်ဘဲဖေါ) တို့ ကျီတန်း ရွာသို့ တာဝန်ဖြင့် ရောက်လာခဲ့သည်။ နှစ်ဦးစလုံးမှာ ကရင်လူမျိုးချည်း ဖြစ်၏။ မိဘများက ကျီတန်း ရွာသို့ သူ့ကို ပြန်လာစေပြီး ကျောင်းဆက်တက်စေ၏။ အသက်အရွယ်လည်း ရှိလာသဖြင့် တတိယတန်းမှ စပြီး နေခဲ့ရ၏။

ဆရာ နှင့် ဆရာမ တို့က ကျောင်း သား/သူ အားလုံး၏ နာမည်ရှေ့တွင် ယောကျ်ားလေး ဖြစ်က “စော”၊ မိန်းခလေး ဖြစ်က “နော်” ကို ထည့်တပ်ပေးခဲ့သည်။ ထိုအချိန်က သူတို့ရွာတွင် ဗမာလူမျိုး အိမ် တအိမ်သာ ရှိသည်။ စတုတ္ထတန်း အောင်မြင်သောအခါ ဆရာမ နော်ဝါဝါပွင့် ၏ အကြံပြုချက်ဖြင့် သူမ၏ မိဘ များရှိရာ တွံတေးမြို့ စင်္ကြံ ကွက်သစ်တွင် နေထိုင်ပြီး ကျောင်းတက်စေသည်။

ဆရာမ၏ မိဘများကလည်း သဘောတူသည်။ ဆရာမ၏ မိဘများမှာ ခရစ်ယာန် ဘာသာဝင်များ ဖြစ်သည်။ ဆရာမ၏ ဖခင် အဖိုး စောဘရောင်း (Saw Brown) မှာ ကိုလိုနီခေတ်က ရာဇဝတ်အုပ် တဦးဖြစ်သည်။ သူသည် အဖိုး စောဘရောင်း ထံမှ ဗမာဘုရင်ခေတ်က ကရင်လူမျိုးများ အဖိနှိပ်ခံခဲ့ရသော အကြောင်းအရာများ၊ BIA ခေတ် ကရင်/ဗမာ အကြား ပဋိပက္ခ အကြောင်းအရာများကို ပြောပြခြင်းဖြင့် သူ့အား မျိုးချစ်စိတ် နှင့် တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်များကို ရှင်သန် ပေးစေခဲ့သည်။ ထို့အပြင် အင်္ဂလိပ်အရာရှိ အမှုထမ်းတဦးပီပီ စည်းကမ်းဖြင့် စနစ်တကျ သေသေသပ်သပ် နေထိုင်တတ်သူဖြစ်၍ အဖိုးစောဘရောင်း၏ အပြုအမူများက သူ့အပေါ် များစွာ လွှမ်းမိုးခဲ့စေသည်ဟု သူက ယူဆသည်။ တနင်္ဂနွေနေ့ရောက်တိုင်း အဖိုး စောဘရောင်း နှင့်အတူ ဘုရားကျောင်းသို့ သွားပြီး ဘုရားဝတ်ပြု ရသည်။ ထိုအချိန်က သူ့အသက်မှာ ၁၂ နှစ်ခန့် ရှိသည်။ ဤသို့ဖြင့် တွံတေးမြို့ အမှတ် (၃) အလက တွင် ပဉ္စမတန်းမှ သတ္တမတန်းအထိ၊ မှော်ဘီမြို့ အမှတ် (၂) အထက တွင် အဌမတန်း အထိ၊ တွံတေး မြို့ အထက တွင် န၀မ မှ ဒဿမတန်း အထိ ပညာသင်ကြားခဲ့သည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect

Recent posts