(စတက်နေ-ပန်းတနော်)
အပိုင်း (၈)
(၁၃)
၁၉၈၇ ခုနှစ် ခရိုင်-အခြေခံဒေသ ညီလာခံ။
ထို ကွန်ကရက်ကို အဇင်းကျေးရွာ ဘုန်းကြီးကျောင်းဇရပ်တွင် ကျင်းပခဲ့သည်။ သို့သော် သူက မတက်ရောက်နိုင်ခဲ့။ အကြောင်းမှာ သူ၏ ကျန်းမာရေးမကောင်းသည့်အပြင် ဝေါ်လေခရိုင်ကွန်ကရက်အတွင်း အဖြစ်အပျက်များက သူ၏ တက်ကြွနေသော တော်လှန်ရေးစိတ်ဓါတ်ကို တစုံတရာ ကျဆင်းစေခဲ့သည်။ ထိုကွန်က ရက်တွင် ခရိုင်-အခြေခံဒေသ တာဝန်ခံအဖြစ် ပဒိုမူဝါး ကို ရွေးချယ်လိုက်သည်။ ခရိုင်-အခြေခံဒေသ ရုံးတာဝန်ခံအဖြစ် ပဒိုမန်းထီးဖေါင် အား ရွေးချယ်သည်။ သူ့ကိုမူ ကွန်ကရက်သို့ မတက်ရောက်နိုင်သော် လည်း ခရိုင်-အခြေခံဒေသ၏ ပညာရေးနှင့်ယဉ်ကျေးမှုဌာနတာဝန်ခံအဖြစ် ရွေးချယ် သည့်အပြင် စာရင်းစစ် တာဝန်ခံအဖြစ်လည်း ရွေးချယ်သည်။
ထိုကွန်ကရက်မှာပင် ခရိုင်-အခြေခံဒေသ စာရင်းစစ်အဖွဲ့အား အောက်ပါအတိုင်း ဖွဲ့စည်းပေးသည်။
(၁) ပဒိုဇော်နောင် (တာဝန်ခံ)။
(၂) ခွန်ပန်းလောင်း (အဖွဲ့ဝင်) (အဇင်းကျေးရွာအုပ်စု ဥက္ကဌ)။
(၃) ဖါးတီးဦးကျော် (အဖွဲ့ဝင်) (မိုင်း သတ္တုကျေးရွာအုပ်စု ဥက္ကဌ) တို့ ဖြစ်သည်။
ပထမဦးဆုံးအနေဖြင့် ပညာရေးလုပ်ငန်းကို စတင် အကောင်အထည်ဖေါ်သည်။ ခရိုင်-အခြေခံဒေသ အတွင်း ရှိ ကျောင်းဆရာ/ဆရာမ များကို ခေါ်ယူကာ အစည်းအဝေးတခု ပြုလုပ်ပါသည်။ ထို အစည်းအဝေးတွင် သူက စတုတ္ထတန်း ကျောင်းသား/ကျောင်းသူများ အလယ်တန်းအဆင့်သို့ တက်ရာတွင် အခက်အခဲမရှိစေရန် နှင့် ပညာအရည်အချင်းတန်းတူညီမျှမှုရှိစေရန် စတုတ္ထတန်းအား ကော်သူးလေ အစိုးရစစ်ပြုလုပ်လို ကြောင်း တင်ပြရာတွင် ဆရာ/ဆရာမ အားလုံးမှ သဘောတူကြသည်။ ထို့ကြောင့် စတုတ္ထတန်းအတွက် သင်ရိုးညွှန်းတမ်းများအား ညှိနှိုင်းကြပြီးနောက် သဘောတူညီမှု ရယူနိုင်ခဲ့သည့်အပြင် စာစစ်ဘုတ်အဖွဲ့ကို လည်း ဖွဲ့စည်းပေးလိုက်သည်။ သူသည် တနှစ်အတွင်း ကျောင်းတိုင်းသို့ ဝင်ရောက် စစ်ဆေးမှုများ အနည်း ဆုံး တကြိမ်မှ နှစ်အကြိမ်အထိ ပြုလုပ်ပြီး သင်ရိုးညွှန်းတန်းနှင့် ပတ်သက်၍ ဆရာ/ဆရာမ များကို အကြံ ပေးခဲ့သည်။
စာမေးပွဲပြီး၍ အချိန်တန်သောအခါ စာစစ်ဘုတ်အဖွဲ့မှ စတုတ္ထတန်းများအတွက် အောင်စာရင်းကို ထုတ်ပြန် နိုင်ခဲ့သည်။ သူက ခရိုင်-အခြေခံဒေသပညာရေးဌာနတာဝန်ခံဖြစ်သဖြင့် ထိုအောင်စာရင်းကို အတည်ပြု ပေးပြီးသည့်နောက် စတုတ္ထတန်းအောင်စာရင်းတွင် မပါဝင်သော ကျောင်းသားတဦးကို ဗိုလ်မှူးချုပ်ရွှေဆိုင်း မှ အောင်ခွင့်ပြုလိုက်ရာတွင် ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ/ကျောင်းသားမိဘ များအကြား သတင်းပြန့်သွားခဲ့သည်။ တချို့ကလည်း “ဘယ်လိုဖြစ်တာလဲ” ဟု သူ့အား လာရောက်မေးမြန်း ကြသည်။
ထို့ကြောင့် ခရိုင်-အခြေခံဒေသ အစည်းအဝေးတခုတွင် နာမည်ကြီးနေသော အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သူ က “နည်းလမ်းမကျကြောင်း၊ နည်းလမ်းအတိုင်းဖြစ်သင့်ကြောင်း၊ ခရိုင်-အခြေခံဒေသ ပညာရေးဌာနမှ လိုအပ်ချက်များရှိပါက အထက်အဖွဲ့အစည်းဖြစ်သော ခရိုင်ပညာရေးဌာနကနေ လမ်းညွှန်ရ မည် ဖြစ်ကြောင်း”တင်ပြဆွေးနွေးသည်။ ထိုအခါ ဗိုလ်မှူးချုပ်ရွှေဆိုင်း မှ “မင်း…ဒီလောက်တောင် အစိုးရစစ် လုပ်ချင်နေရင် ငါက…တခရိုင်လုံးမှာ ရှိတဲ့ စတုတ္ထတန်းတွေကို ခေါ်စုပေးမယ်”ဟု ဘုကျကျပြောလိုက်သည်။ ဆက်ပြောလျှင်လည်း အကျိုးရှိတော့မည်မဟုတ်။ လူကြီး နှင့် လူငယ် အငြင်းပွားရုံသာ ဖြစ်တော့မည်။ သို့ သော် သူ့ စိတ်ထဲတွင်တော့ “အာဏာရှင် ဆန်လိုက်ချည်လား”ဟု မှတ်ချက်ချမိသည်။
သို့သော်လည်း သူသည် လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်ပါသည်။ သူ၏ နောက်အစီအစဉ် တခု မှာ ကျောင်းသား/ကျောင်းသူများ ဗလ ငါးတန် ဖွံ့ဖြိုးရန်အတွက် ကျောင်းသားပွဲတော် ကျင်းပရန်ဖြစ်သည်။ ထိုအစီအစဉ်ကို ကျောင်းဆရာ/ဆရာမများအား ချပြဆွေးနွေးရာတွင် ဆရာ/ဆရာမ အားလုံးမှ သဘောတူ ကြသည်။ ထို့ကြောင့် အသေးစိတ်အစီအစဉ်များကို ကျောင်းဆရာ/ဆရာမ များနှင့် ညှိနှိုင်းရေးဆွဲကြသည်။ ဤသို့ဖြင့် (၃) ရက်ကြာ ကျင်းပမည့်ကျောင်းသားပွဲတော်အား အဇင်းကျေးရွာ၊ ကျောင်းဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။ နေ့ပိုင်းတွင် အားကစားမျိုးစုံ ပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ညပိုင်းတွင် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပေးခဲ့သည်။ နောက်ဆုံး ညတွင် အနိုင်ရသည့် သူများကို ဆုများချီးမြှင့်ပေးသည်။
အဆိုပါကျောင်းသားပွဲတော်ကျင်းပသည့် (၃)ရက် (၃)ညလုံးအား ကျောင်းသားမိဘများမှ လာရောက်အား ပေးကြသည်။ ထို့အပြင် ထိုင်းနိုင်ငံရှိ ပိုင်ခလန်ကျောင်းမှလည်း ပါဝင်ပူးပေါင်းလိုကြောင်း တောင်းဆိုသဖြင့် ပါဝင်ခွင့်ပြုလိုက်သည်။ ထို့နောက် မကြာခင်မှာပင် ပိုင်ခလန်ကျောင်းမှ ပြန်လည်ဖိတ်ခေါ်လာသဖြင့် သူနှင့် ဆရာစောထူး (အဇင်းကျောင်းဆရာ)တို့မှ ဦးဆောင်ပြီး ကျောင်းသား/ကျောင်းသူများကို ချစ်ကြည်ရေး အနေဖြင့် သွားရောက်ယှဉ်ပြိုင်ကစားစေသည်။
အောင်မြင်သော ကျောင်းသားပွဲတော်ဟု ဆိုရမည်ဖြစ်သည်။ ကျောင်းသားမိဘများ၊ ကျောင်းဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများက လာမည့်နှစ်များတွင်လည်း စီစဉ်ပေးရန် တောင်းဆိုကြသည်။ ခရိုင်-အခြေခံဒေသဖြစ်လာပြီးသည့်နောက် အဆိုပါ ကျောင်းသားပွဲတော်မှာ ပထမဦးဆုံးအကြိမ် ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။
ကျောင်းသားပွဲတော် ဖြစ်မြောက်ရေးအတွက် ဦးဆောင်မှုအခန်းကနေ တက်တက်ကြွကြွ ပါဝင်တာဝန်ယူကြ သော ဆရာမနောဖိုး (မိုင်းကျေးရွာအုပ်စု)၊ ဆရာစောထူး၊ ဆရာမနော်နော်၊ ဆရာမမာလာဖူး၊ ဆရာမဒါးဒါး၊ ဆရာဆိဆိ၊ ဆရာကာလေ့ တို့အပြင် ထိုကာလတွင် တာဝန်ထမ်းဆောင်နေကြသော ကျောင်းဆရာ/မ အား လုံးကိုလည်း သူက အထူးကျေးဇူးတင်ကြောင်း ပြောပြပါသည်။
အဆိုပါ ကွန်ကရက် သက်တမ်းတလျှောက်တွင် သူ လုပ်ကိုင်ရန် တခုကျန်နေသေးပါသည်။ ယင်းမှာ စာရင်း စစ်လုပ်ငန်းကို အကောင်အထည် ဖေါ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဝင်ငွေရှိသော ဌာနတိုင်းမှ ဖြတ်ပိုင်းများ နှင့် ငွေစာရင်းများ၊ ပစ္စည်းစာရင်းများကို အဆင်သင့် စုဆောင်းထားရန်နှင့် မိမိတို့အဖွဲ့မှ စာရင်းစစ်တော့မည် ဖြစ်ကြောင်း ရက်ချိန်းပေးလိုက်သည်။ သူတို့ စာရင်းစစ် အဖွဲ့ထဲတွင် ဖါးတီဦးကျော်မှာ သတ္တုမိုင်းတွင်းများ ပိုင်ဆိုင်သော မိုင်းသူဌေး တဦးလည်း ဖြစ်သည်။ ဖါးတီ ဦးကျော်ထံတွင် မိုင်းစာရင်းများကို ကိုင်တွယ်ရသော၊ စစ်ဆေးရသော အတွေ့အကြုံရှိသူများလည်း ရှိသည်။ အဆိုပါစာရင်းနားလည်သူများနှင့် တွဲဖက်ပြီး ခရိုင်-အခြေခံဒေသ ငွေစာရင်းကို စတင်စစ်ဆေးပါသည်။ ငွေစာရင်းများ ကွာနေသည်ကို တွေ့ရသည်။ သူသည် ငွေစာရင်းများ စစ်ဆေးမှုပြီးစီးသောအခါ စာရင်းစစ် အစီရင်ခံစာကို ခရိုင်-အခြေခံဒေသ အမြဲတမ်းကော် မတီများထံ ဖြန့်ဝေလိုက်သည်။ ထိုကာလတွင် ကျေးရွာအုပ်စု ဥက္ကဌများမှာ ခရိုင်-အခြေခံဒေသ၏ အမြဲတမ်းကော်မတီဝင်များ ဖြစ်ကြပါသည်။
ခရိုင်-အခြေခံဒေသ တာဝန်ခံ ပဒိုမူဝါး က စာရင်းစစ်အစီရင်ခံစာအား သူ့ သဘောတူညီမှုမပါဘဲ ထုတ်ပြန်သ ဖြင့် မကျေမနပ်ဖြစ်သွားသည်။ သူက “သူ့ရဲ့”လုပ်ပိုင်ခွင့် အတွင်းကနေ လုပ်ကိုင်ကြောင်း ပြောသည်။ ကွာ နေသော စာရင်းအများစုမှာ ခရိုင်-အခြေခံဒေသတာဝန်ခံနှင့် ပတ်သက်နေသည်။ ဤသို့ဖြင့် ခရိုင်-အခြေခံ ဒေသကော်မတီတွင် ဂိုဏ်းဂနအုပ်စုကိစ္စများ ဖြစ်ပေါ်လာခဲ့သည်။





(၁၄)
၁၉၈၉ ခုနှစ် ခရိုင်-အခြေခံဒေသ ညီလာခံ။
၁၉၈၉ ခုနှစ်သို့ ရောက်သောအခါ ခရိုင်-အခြေခံဒေသ ကွန်ကရက်ကို အဇင်းကျေးရွာ ဘုန်းကြီးကျောင်းဇရပ် တွင် ကျင်းပသည်။ အဆိုပါ ကွန်ကရက်သို့ ခရိုင်ခေါင်းဆောင်များ၊ ကျေးရွာအုပ်စုအလိုက် ကိုယ်စားလှယ် များ အားလုံး (၂၀၀)ဝန်းကျင်ခန့် တက်ရောက် ကြသည်။ ရွေးကောက်ပွဲအဖွဲ့အား ဆရာမန်းအောင်ဌေး၊ ပဒိုလိလေး၊ ပဒိုမော်တော် တို့နှင့် ပါဝင်ဖွဲ့စည်းသည်။ (အခြားသူများ၏ နာမည်မေ့နေသည်)။
ကွန်ကရက်တွင် နယ်မြေစွဲ၊ ဒေသစွဲ ပုံစံဖြင့် ဆွေးနွေးကြသည်။ စာရင်းစစ်အခန်းသို့ ရောက်သောအခါ ဗိုလ် မှူးချုပ်ရွှေဆိုင်း မှ ဘာအချက်အလက်မှ ထောက်ပြခြင်း မရှိဘဲလျှက် “မင်း…စာရင်းစစ် အစီရင်ခံစာက မမှန်ဘူး”ဟု လက်တန်းပြောလိုက်သည်။ သူက…“စာရင်းစစ်သူများ မှာ ၁+၁= ၂ ဘဲရမယ်၊ ၃ တော့ မရဘူး” ဟု ပြောလိုက်သောအခါ ဗိုလ်မှူးချုပ်ရွှေဆိုင်း က ပဒိုမူဝါးဘက် လှည့်သွားသည်။ “မင်း အိမ်ဆောက်တာတွေ၊ ခြံဝယ်တာတွေ ဘယ်ကငွေနဲ့ ဝယ်တာလဲ”ဟု မေးလိုက်ရာ ပဒိုမူဝါးက…ကိုယ်ရေး ကိုယ်တာ ကိစ္စဖြစ်လို့ အစည်းအဝေးမှာ ပြောဘို့မလိုကြောင်း ပြန်ပြောသည်။ ထိုအခါ ဗိုလ်မှူးချုပ်ရွှေဆိုင်း က “ကိုယ်ညံ့ ကိုယ်ခံပေါ့”လို့ ဆိုပြီး ဘာမှ ဆက်မပြောတော့ပါ။ အမှန်တကယ်တွင် ဗိုလ်မှူးချုပ်ရွှေဆိုင်းက ပဒိုမူဝါး ကို ထွက်ပေါက်ပေးရန် လမ်းကြောင်းပေးသည်ဟု သူက ထင်သည်။
ရွေးကောက်ပွဲ အခန်းသို့ရောက်သောအခါ မဲအများဆုံးရရှိသူမှာ ပဒိုမူဝါး ဖြစ်သည်။ KNU ၏ ဖွဲ့စည်းပုံအရ လိုအပ်လျှင် မြို့နယ်ဥက္ကဌ အား ခရိုင်မှ ခရိုင်ကော်မတီဝင် တဦးဦးကို မူအရ ခန့်ပိုင်ခွင့်ရှိသည်။ ထို့ကြောင့် ခရိုင်ကော်မတီဝင်တဦး ဖြစ်သော ပဒိုဖိုးသာထူးကို ခရိုင်-အခြေခံဒေသ ဥက္ကဌအဖြစ် တိုက်ရိုက်ခန့်လိုက်သည်။ ပဒိုမူဝါး ကို ဒု ဒုက္ကဌ အဖြစ် ခရိုင်မှ တာဝန်ပေးခန့်အပ်လိုက်သည်။ အတွင်းရေးမှူးမဲတွင် မဲအများဆုံး ရရှိသဖြင့် သူက ခရိုင်-အခြေခံဒေသ အတွင်းရေးမှူးတာဝန်ကို ယူလိုက်ရသည်။
မှတ်ချက်။ ။ သိပ်မကြာမီ ခရိုင်မှ ပဒိုမူဝါးကို ဝင်းရေးမြို့နယ်တောင်အနောက်ခြမ်းသို့ ဥက္ကဌတာဝန်ဖြင့် ပြောင်းရွှေ့တာဝန်ပေးလိုက်သည်။
ထိုအချိန်မှစပြီး ခရိုင်-အခြေခံဒေသအား မြို့နယ်ဖွဲ့စည်းပုံအတိုင်း ပြန်လည်ဖွဲ့စည်းလိုက်သည်။ ကွန်ကရက် ကာလတခုလုံး ခရိုင်ဥက္ကဌကြီးက ရှေ့မှာ ထိုင်နေရင်း ဘာမှ ထွေထွေထူးထူး မပြောပါ။ ကျန်းမာရေးလည်း ကောင်းပုံမပေါ်၊ ကွန်ကရက် ပြီးသောအခါ ခရိုင်ဥက္ကဌကြီးက “ဒီကောင်တွေ မင်းကို မတရားလုပ်မှာ စိုးလို့ ငါ မကျန်းမာတဲ့ကြားက ကြိုးစားပြီး ထိုင်နေရတယ်”ဟု သူ့ကို ပြန်ပြောပြသည်။
ဤကွန်ကရက်သည် အလွန်နာမည်ကြီးပြီး ကျန်ခဲ့သည့် စကားမှာ “မျောက်တကောင် နှင့် ခွေးတအုပ်”ဟု စကားတွင်ရစ်ခဲ့သည်။
ဗိုလ်မှူးချုပ်ရွှေဆိုင်းသည် အားသာချက်များစွာရှိပါသည်။ တပ်မဟာ (၆) ပထဝီမြေမျက်နှာပြင်ရှိ တော တောင်၊ ချောင်းမြောင်း၊ အင်းအိုင်များကို အလွတ်ရနေသည်။ ရန်သူများ တက်လာသောအခါ “ဘယ်ချောင်း ဖျားတွင် စောင့်၊ ဘယ်တောင်ကုန်းတွင်စောင့်”ဆိုပြီး ညွှန်ကြားလေ့ရှိသည်။ သူပြောသလိုလည်း မှန်ကန် သည်။ ဗမာစာပေကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ရှိသည်။ အစီရင်ခံစာများတွင် မသေချာ၊ မရေရာသော အသုံးအနှုန်းများကို သေသေချာချာ စီစစ်တတ်သည်။ ထို့ကြောင့် သူသည် အစီရင်ခံစာရေးသောအခါတွင် အထူးသတိထားပြီး ရေးရသည်။ ဗိုလ်မှူးချုပ်ရွှေဆိုင်း ထံမှ ပညာများစွာ သူ ရရှိခဲ့ပါသည်။
တပ်မဟာ (၆)သို့ သူမရောက်မှီက ဗိုလ်မှူးချုပ်ရွှေဆိုင်း ပြောသမျှ အားလုံးက ခေါင်းငြိမ့်သူများသာရှိနေ ခြင်းကြောင့် သူ ရောက်လာသောအခါ အမြင်မတူလျှင် မတူကြောင်း ပြောတတ်သော သူ၏ ၀သီကြောင့် တခါတရံတွင် ဗိုလ်မှူးချုပ်ရွှေဆိုင်း အတွက် ခံယူရန် ခက်ခဲမည် ဖြစ်ကြောင်း သူက ပြန်လည် သုံးသပ် မိသည်။ ဗိုလ်မှူးချုပ်ရွှေဆိုင်းမှ သူ့အား ပြောသောစကားမှာ “စီၤနီၤတဂၤန့ၣ်စွံကတုၤလီၤ” ဟု မှတ်ချက် ချပြောခဲ့ဘူး သည်။ အဓိပ္ပါယ်မှာ “ဖြစ်ချင်သည်များကို ဇွဲရှိစွာလုပ်တတ်သည်” ဟူ သတည်း။
(ဆက်လက်ဖေါ်ပြပါမည်)







Leave a comment