လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း

အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု ဖြစ်ပေါ်လာပုံ

၁၉၄၇ ခုနှစ်အတွင်း၊ အလံနီ ကွန်မြူနစ်ပါတီသည် ဖဆပလ ကို တော်လှန် ပုန်ကန်ခဲ့သည်။ ၁၉၄၈ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ် ပါတီ (အလံဖြူ)သည် ဖဆပလ ကို ဆန့်ကျင်ပုန်ကန်သည်။ ၁၉၄၈ ခုနှစ်၊ ဇွန်လ (၁၄)ရက် နေ့တွင် ပြည်သူ့ရဲဘော်ပါတီခေါ် ရဲဘော်ဖြူတို့ ကလည်း ဖဆပလ ကို တော်လှန်ခဲ့ သည်။ 

အထက်ပါ တော်လှန်ရေးများသည် လူတန်းစားအခွင့်အရေးကို အခြေခံပြီး၊ ဖဆပလ ကို တော်လှန်ပုန်ကန်ခြင်းဖြစ်သည်။ ၁၉၄၉ ခုနှစ်၊ ဇန္နဝါရီလ (၃၁)ရက်နေ့တွင် ကေအဲန်ယူနှင့် ဖဆပလ လက်နက်ကိုင်ပဋိပက္ခသည် ကရင် လူမျိုးများ၏ သီးခြား ပြည်နယ် ရရှိရေး ညှိနှိုင်းဆွေးနွေးဆဲ ကာလ၌ပင် စတင်ခဲ့ခြင်း ဖြစ်သည်။ 

ကရင်လူမျိုးများ၏ လက်နက်ကိုင်တော်လှန်ရေးသည်၊ ဗကပ၊ အလံနီ၊ ရဲဘော်ဖြူ အင်အားစုများ၏ လက်နက်ကိုင် လှုပ်ရှားမှုနှင့် အပြန်အလှန် ဆက်စပ်မှု မရှိခဲ့ပေ။ ၎င်းအပြင် ကရင် လက်နက်ကိုင် ပုန်ကန်မှု စတင်သောအခါ အလံနီ ကွန်မြူနစ်ပါတီက K.N.U. အား၊ “နယ်ခ့ျဲနောက်လိုက်၊ ခွေးရူးတစု အပြုတ် တိုက်” ဟူသော ကြွေးကြော်သံဖြင့်၊ လက်နက်ကိုင် ပဋိပက္ခအတော်အတန် ရှိခဲ့သည်။ အလံဖြူ ကွန်မြူနစ်ပါတီကလည်း ကရင်လက်နက်ကိုင်အဖွဲ့ကို “နယ်ခ့ျဲ လက်ကိုင် တုတ်” ဟု သတ်မှတ်ကာ စတင်တိုက်ခိုက်ခဲ့သည်။ ၁၉၄၉ ခုနှစ် အင်းစိန် တိုက်ပွဲမှ ရန်ကုန်ကို သိမ်းပိုက်ရန် ပြည်မှ ဆင်းလာသော ကရင်သေနတ်ကိုင် တပ်ရင်း(၂) 2nd Battalion Karen Rifel ကို ပြည်သူ့ရဲဘော်တပ်ဖွဲ့က လမ်းတွင် ဖြတ်တိုက်ခဲ့ကြသည်။ အလံဖြူ ကွန်မြူနစ်ပါတီကလည်း တိုက်ခိုက် နှောက်ယှက် ခဲ့သည်။

အလံနီ၊ အလံဖြူတို့ အခြေခံသော ပဲခူးရိုးမတောင်ခြေ၊ ပျဉ်းမနား၊ ပေါင်းတလည် နှင့်အထက် ဗမာပြည်၊ မြစ်ဝကျွန်းပေါ်ရှိ တွံတေးတောကြီးတန်း၊ ရခိုင် ရိုးမ တောင်ခြေ ဒေသများတွင် လက်နက်ကိုင် ပဋိပက္ခ သာမက ကရင်လူထုကို အမျိုး မျိုး ခြိမ်းခြောက် နှောက်ယှက်ကြလေသည်။ 

၁၉၄၉ ခုနှစ်တွင် စောဘဦးကြီးသည် လူတန်းစား လက်နက်ကိုင် အင်အားစု များနှင့် လက်တွဲပြီး၊ ပြည်သူ့ဒီမိုကရေစီတပ်ဦးကို ဖွဲ့စည်းရန် ကြိုးပမ်းခဲ့သည်။ ထိုကြိုး ပမ်းမှုတွင် မေဂျာမောင်ကလေး၊ တာနဲမူး တို့ကို စေလွှတ်ပြီး၊ ပြည်သူ့ရဲဘော်နှင့် အလံနီ ကွန်မြူနစ်တို့အား တွေ့ဆုံခဲ့သည်။ သဘောတူပါက (၃)ပါတီ အဖွဲ့ကို ဖွဲ့စည်းရန် ဖြစ်သည်။ သို့သော် ရဲဘော်ဖြူနှင့် ကွန်မြူနစ်ပါတီ တို့က စောဘဦးကြီးကို နယ်ခ့ျဲ လက်ကိုင်တုတ်၊ မြေရှင်သား၊ “နယ်ခ့ျဲလက်ကိုင် တုတ်၊ အပြုတ်တိုက်ဖို့” အမိန့်ကိုပင် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် တပ်ပေါင်းစု ဖွဲ့ရန်မှာ မအောင်မြင်ခဲ့ပေ။

၁၉၄၉ ခုနှစ်၊ ကေအဲန်ယူမှ အင်းစိန်ကို သိမ်းပိုက်ထားစဉ်၊ အင်းစိန် ထောင်မှ အကျဉ်းသား အားလုံးကို လွှတ်လိုက်လေသည်။ ၎င်း အကျဉ်းသားများထဲမှ အလံဖြူ ကွန်မြူနစ်ပါတီ (C.P.B.)မှ ရဲဘော် အများအပြား လွတ်မြောက် ခဲ့ရသည်။ လွတ်မြောက် သွားသူများထဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီ (C.P.B.) အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ငြိမ်း (R.E.T.)လည်း ပါဝင်လေသည်။ စောဘဦးကြီးသည် ဦးကျော်ငြိမ်း မှတဆင့် တပ်ပေါင်းစု ဖွဲ့စည်းရန် ကြိုးစားခဲ့သေးသော်လည်း မအောင်မြင်ဘဲ၊ ဦးကျော်ငြိမ်းကို စောဘဦးကြီး၏ နောက်လိုက် ခွေးဟုဆိုကာ ဝိုင်းပယ်ခြင်းကိုပင် ခံခဲ့ရ သေးကြောင်း သိရှိခဲ့ရသည်။ 

  ၁၉၅၂ ခုနှစ်၊ ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင် လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ရေး၊ ရန်သူ၏ စစ်ရေး၊ နိုင်ငံရေး ထိုးစစ်ကာလတွင်၊ ကေအဲန်ယူ ဥက္ကဋ္ဌ မန်းဘဇန်နှင့် ဗိုလ်ကျော်စိန်တို့၏ ကြိုးပမ်းမှုကြောင့်၊ ဗမာပြည် ကွန်မြူနစ် ပါတီ နှင့် သဘောတူညီချက် ရရှိခဲ့ပြီး၊ လက်နက်ကိုင် ပဋိပက္ခကို ရပ်စဲ နိုင်ခဲ့သည် သာမက၊ (၄)ပါတီ ညီညွတ်ရေး၊ ပူးတွဲ စစ်ဆင်ရေး၊ ပူးတွဲ စစ်ကော်မီတီ ဖွဲ့ရေးများကို သဘောထား ချမှတ်နိုင်သည်။ ၎င်းစာချုပ်ကို ၁၉၅၂ ခုနှစ် မေလ၌ ချုပ်ဆိုနိုင်ခဲ့ပြီး၊ “အနန်းကုန်းစာချုပ်” သို့မဟုတ်၊ “ဇင် – ဇန်” သဘောတူညီချက်၊ ခေါ် “ဇင် – ဇန်” စာချုပ်ဟုလည်း ခေါ်သည်။ 

ဇင်-ဇန် စာချုပ်တွင် ပါဝင်သော နှစ်ဘက်ခေါင်ဆောင်များမှာ၊ –

ကေအဲန်ယူ မှ၊ – ဗမာပြည် ကွန်မြူနစ်ပါတီ၊ –

၁။ မန်းဘဇန်၊ ၁။ သခင်ဇင်၊

၂။ စောမောင်တိုး၊ ၂။ ဗိုလ်ရဲထွန်း၊

၃။ စောသန်း၊ ၃။ သခင်တင်ထွန်း၊

၄။ ဗိုလ်မှူးချစ်တင်၊ ၄။ ရဲဘော် စိုးသန်း တို့ ဖြစ်သည်။ 

နှစ်ဘက် နယ်မြေအုပ်ချုပ်ရေးကိစ္စနှင့် ပတ်သက်၍ သဘောတူညီ ချက်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ ၏ တင်ပြချက်တွင်၊ မိမိတို့အခြေခံသော နယ်မြေမှ အခြေ အနေအရ စွန့်ခွာခဲ့ရပြီးနောက်၊ K.N.U. ဘက်မှ ဝင်ရောက်ကာ အခြေပြုလျှင် ထိုနယ်မြေကို၊ ဗကပ နယ်မြေအဖြစ် သဘောထားရမည်။ ဗကပ တို့က ထိုနယ်မြေကို ပြန်လည် နေထိုင်မည်ဆိုလျှင် K.N.U. တပ်ဖွဲ့ များမှ ပြန်လည် ပေးအပ်ရမည်။ ထို့အတူ K.N.U. ၏နယ်မြေကို ဗကပ က အခြေချထားချိန် K.N.U. က ပြန် လည်ဝင်ရောက်လာ ခဲ့လျှင်၊ ဗကပ တပ်ဖွဲ့များ ထိုနေရာမှ ဖယ်ပေးရမည်။ ဤသို့ နှစ်ဘက် သဘောတူညီ ချက်များ ရယူခဲ့သဖြင့် “ဘုံရန်သူ” စစ်အစိုးရကို ထိထိ ရောက်ရောက် တိုက်ခိုက် နိုင်ခဲ့သည်။ 

ဆက်လက်၍ (၂)ပါတီ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အကောင်အထည် ဖော်နိုင်ခဲ့သည်။ ပူးပေါင်းဆောင်ရွက်ရာတွင် ပထမအဆင့် စစ်ရေးအဆင့် ပူးတွဲ စစ်ကော်မတီဖွဲ့ရန်ကိုလည်း ကြိုးစားကြသည်။ ထို့အပြင် “အနန်းကုန်း သဘောတူ ညီချက်” တွင် (၄)ပါတီ ညီညွတ်ရေးရရှိရန် သဘောထားများကိုလည်း ချမှတ်ထား ကြသည်။ ထို (၄)ပါတီမှာ ဗမာပြည် ကွန်မြူနစ်ပါတီ (C.P.B.)၊ ကွန်မြူနစ်ပါတီ ဗမာပြည် (အလံနီ)၊ ရဲဘော်ဖြူနှင့် ကေအဲန်ယူပါတီ တို့ ဖြစ်သည်။ 

ကေအဲန်ယူပီ KNUP နှင့် ဗမာပြည် ကွန်မြူနစ်ပါတီ C.P.B. တို့ ပူးပေါင်း၍ မဒညတ တည်ဆောက်ရေး ကြိုးပမ်းမှုများ

၁၉၅၅ ခုနှစ်၊ ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပပြီးနောက်၊ ကေအဲန်ယူပါတီနှင့် ဆွေးနွေးရန် အဖွဲ့တဖွဲ့ကို စေလွှတ်ခဲ့သည်။ ထိုအဖွဲ့ကို အောက်ဗမာပြည် တိုင်း ဥက္ကဋ္ဌ ကိုမြက ဦးဆောင်ပြီး၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်ညွန့်မောင်၊ ဗိုလ်ဘုန်းကျော်တို့ ပါဝင်ခဲ့သည်။ ထို အစည်းအဝေးတွင် ကေအဲန်ယူ ပါတီ ဘက်မှ ဆရာစကောလယ်တော၊ စူမော်လွီ တို့ ပါဝင်ခဲ့သည်။ 

ကေအဲန်ယူပါတီ ဗမာပြည် ကွန်မြူနစ်ပါတီ 

၁။ ဆရာစကောလယ်တော၊ ၁။ တိုင်း ဥက္ကဋ္ဌ ကိုမြ၊

၂။ စူမော်လွီ၊ ၂။ ဗိုလ်ညွန့်မောင်၊

၃။ ဗိုလ်ဘုန်းကျော်၊ 

တို့ ဆွေးနွေးပွဲတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ဘက်မှ (၅၅)လမ်းစဉ်ကို ရှင်းလင်း တင်ပြသည်။ ကေအဲန်ယူပါတီဘက်မှလည်း ကရင့်တော်လှန်ရေး ဒုတိယ လမ်းစဉ်ကို တင်ပြလေသည်။ 

အနန်းကုန်း သဘောတူညီချက်အရ (၄)ပါတီ တွေ့ဆုံပြီး၊ ညီလာခံလုပ်ရန်။ ဗမာပြည် ကွန်မြူနစ်ပါတီ က တင်ပြလေသည်။ 

ကေအဲန်ယူပါတီက (၄)ပါတီသာမက၊ တော်လှန်သော အဖွဲ့အစည်း အားလုံး ပါဝင်သည့်၊ အစည်းအဝေးခေါ်ရန် တင်ပြရာ၊ မူအရ လက်ခံ အတည်ပြု ခဲ့ကြသည်။ တော်လှန်သော အဖွဲ့အစည်း အားလုံးပါဝင်သည့် အစည်းအဝေးကို၊

(၁) ၁၉၅၉ ခုနှစ်၊ မတ်လအတွင်း၊ ပဲခူးတိုင်းတွင် ကျင်းပရန် သဘောတူသည်။ ပဲခူးဒေသတွင် ကျင်းပရန် အခြေအနေ မပေးပါက အရှေ့တိုင်းဒေသတွင် ကျင်းပ ရန်ကိုလည်း သဘောတူကြသည်။ 

တော်လှန်သော အဖွဲ့အစည်း အားလုံးပါဝင်ရေးတွင် လူမျိုးစုအဖွဲ့များ ဖြစ်သော၊ မွန်အဖွဲ့၊ ကရင်နီအဖွဲ့၊ ပအိုဝ်းတော်လှန်ရေးအဖွဲ့၊ စသည့် အဖွဲ့အသီးသီး တို့မှာ ယ္ခင်က ကရင့်တော်လှန်ရေးတွင် တပေါင်းတည်း ပါဝင်ခဲ့ကြသော်လည်း၊ ၁၉၅၃ ခုနှစ် တွင် မွန်က၎င်း၊ ၁၉၅၄ စက်တင်္ဘာလတွင် ကရင်နီ နှင့် ပအိုဝ်း တော်လှန်ရေးအဖွဲ့ အသီးသီးတို့မှာ (ပအမဖ)ကို ဖွဲ့စည်းပြီး၊ ကရင့်တော်လှန်ရေးမှ ခွဲထွက်ကာ သီးခြား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအဖြစ် ရပ်တည်နေကြပြီ ဖြစ်သည်။ 

ပအိုဝ်းအဖွဲ့ခေါင်းဆောင် ဦးလှဖေ၏ (ပအမဖ) အဖွဲ့ကို၊ ကူညီရန် ကေအဲန်ယူ ပါတီမှ  ဗိုလ်မှူးဘော်လ်ဒွင် ကို စေလွှတ်ထားခဲ့လေသည်။ 

(၂) တော်လှန်ရေးအဖွဲ့အစည်းများကို ဖိတ်ကြားရန်အတွက်၊ ကေအဲန်ယူပါတီ မှ၊ မွန်၊ ပအိုဝ်း၊ ကရင်နီ အဖွဲ့များကို ဖိတ်ကြားရန်၊ ကွန်မြူနစ်ပါတီ ဗမာပြည်က အလံနီ၊ ပြည်သူ့ရဲဘော်၊ ရခိုင်နှင့် ဂဒူးဂနန်း အဖွဲ့များကို ဖိတ်ကြားရန် သဘောတူ ကြ သည်။ ၁၉၅၅-၅၆ ခုနှစ်အထိ အခြားသော တော်လှန်ရေး အဖွဲ့အစည်းများ မပေါ် ပေါက် သေးပေ။

(၃) လက်နက်ကိုင်တော်လှန်ရေး အင်အားစု အားလုံးပါဝင်သော အဖွဲ့အစည်း ပေါင်းစုံ ဆွေးနွေးပွဲအတွက် နေရာထိုင်ခင်းများစီစဉ်ရန် ကေအဲန်ယူပါတီနှင့် ဗမာပြည် ကွန်မြူနစ် ပါတီ မှ ခေါင်းဆောင် (၃)ဦးစီကို ရွေးချယ်ကြပြန်သည်။ 

(၄) အစည်းအဝေး ကုန်ကျစရိတ်ကိုလည်း ကမကထပြုလုပ်သည့် ကေအဲန်ယူ ပါတီ နှင့် ကွန်မြူနစ် ပါတီဗမာပြည် အဖွဲ့ (၂)ဖွဲ့မှ ငွေကျပ်နှစ်သောင်းစီ ထည့်ဝင်ရန်၊ အခြားအဖွဲ့အစည်းများမှလည်း ကူညီနိုင်သလောက် ထည့်ဝင်သွားရန် သဘောတူ ကြသည်။ 

၁၉၅၆ ခုနှစ်၊ မတ်လတွင်  တော်လှန်သော အဖွဲ့အစည်းများ အစည်း အဝေးကို ကျင်းပရန်ရှိသော်လည်း၊ ၁၉၅၆ ခုနှစ်တွင် ပဲခူး၌ ရန်သူ၏ “အောင်မာဃ” ထိုးစစ် ရှိနေသဖြင့်၊ အစည်းအဝေး ပြင်ဆင်ရေးတွင် ဗမာပြည် ကွန်မြူနစ် ပါတီ မှ မပါဝင်နိုင် တော့ပေ။ ထို့ကြောင့် အစည်းအဝေးကို ယာယီ ရပ်ဆိုင်း ခဲ့ကြသည်။ 

သို့သော် ၁၉၅၆ ခုနှစ် မတ်လတွင်၊ ဗမာပြည် ကွန်မြူနစ်ပါတီ က၊ ကေအဲန်ယူပါတီနှင့် တွေ့ဆုံရန် သခင်တင်ထွန်းကို တာဝန်ပေးလိုက်ကြောင်း၊ ကြေး နန်းဖြင့် သတင်းပေးပို့လိုက်သည်နှင့် ရွှေကျင်မြ့ိုနယ်တွင် သခင်တင်ထွန်းနှင့် ဆရာ စကောလယ်တောတို့ တွေ့ဆုံခဲ့ကြသည်။ နှစ်ဘက် တွေ့ဆုံပြီးနောက် တပ်ပေါင်းစု ဖွဲ့ရေးကို ညှိနှိုင်းကြသည်။ ထိုအချိန်တွင် မန်းဘဇန်က “မောကို” ကွန်ဂရက်သို့ တက်ရောက်ရန် အရှေ့တိုင်းသို့ ထွက်ခွာခဲ့သည်။ သခင်ဇင်ကလည်း ပဲခူးမှတဆင့် တက်လာကြောင်း၊ ဆရာစကောလယ်တောနှင့် သခင်တင်ထွန်းတို့ ဆွေးနွေးပွဲကို ရပ်ဆိုင်းပြီး ၎င်းတို့ကို စောင့်နေကြလေသည်။ 

၁၉၅၆ ခုနှစ် ဇွန်လ(၆)ရက်နေ့တွင် မောကို ကွန်ဂရက်ကို ကျင်းပလေသည်။ မောကို ကွန်ဂရက်တွင် ကေအဲန်ယူပါတီ၏ ဒုတိယလမ်းစဉ်ကို အတည်ပြုခဲ့သည်။ ကရင်အမျိုးသား အားလုံးအတွက် ရှေ့ဆောင်ပါတီတရပ်ကို ဖွဲ့စည်းပြီး၊ ကေအဲန်ယူ အစည်းအရုံးကို တော်လှန်ရေးအတွက် ထောက်ခံမှု ရရှိရေးနှင့် တိုင်းပြည် တည် ဆောက်ရေး၊ အာဏာရရှိရေးအတွက် စည်းရုံးရန်၊ လူမျိုးစုများနှင့် တပ်ပေါင်းစု ဖွဲ့စည်းရန်၊ ဒီမိုကရေစီ အင်အားစုများနှင့် တပ်ပေါင်းစု ဖွဲ့စည်းရန် တို့ကိုလည်း ချမှတ် နိုင်ခဲ့လေသည်။ 

မောကို ကွန်ဂရက်အပြီး ဗမာပြည် ကွန်မြူနစ်ပါတီ အဖွဲ့တဖွဲ့သည် ကေအဲန်ယူ ပါတီနှင့် ကျောက်ကြီးမြို့နယ်၊ “ပနာကွီထာ”ရွာတွင် လာရောက် တွေ့ဆုံသည်။ 

တွေ့ဆုံပွဲတွင် –

ကေအဲန်ယူပါတီမှ ဗမာပြည် ကွန်မြူနစ်ပါတီ မှ

၁။ မန်းရှန်ဖေလေ့ (ဆရာသာမြိုင်)၊ ၁။ သခင်ဇင်၊

၂။ မန်းဖလားစေး (ဆရာဘာဟု)၊           ၂။ ရဲဘော်မြ၊

၃။ ဗိုလ်တင်ဦး (တာအယ်)၊ ၃။ ဗိုလ်ဘုန်းကျော် တို့ဖြစ်သည်။ 

နှစ်ဘက် မိမိတို့၏ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး၊ လမ်းစဉ် လုပ်ငန်းစဉ် များကို တင်ပြကြသည်။ တူညီသည့်အချက်၊ မတူညီသည့်အချက်များကို ရှာဖွေပြီး၊ ပူးတွဲ ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဗကပ များ ချမှတ်ထားသော၊ (၅၅)လမ်းစဉ်သည်၊ ပါလီမန်တွင် ဝင်ရောက်နိုင်ရေးကို နည်းလမ်း ရှာဖွေခြင်းသာ ဖြစ်သည်။ ပါလီမန်အတွင်းသို့ ဝင်ရောက်ပြီး အခွင့်အရေးအတွက် တိုက်ပွဲဝင်သွားရန် ဖြစ်သည်။ ထိုစည်းဝေးပွဲမှ (၂)ပါတီအကြား တူညီချက် အနည်းအကျဉ်းသာ တွေ့ရှိရပြီး၊ မတူညီသည့် အချက်များမှာ အများစု ဖြစ်နေကြောင်း တွေ့ရသည်။ နောက်ဆုံးတွင် ရန်သူအား ပူးပေါင်းတိုက်ခိုက် နိုင်ရေးအတွက် အောက်ပါ သဘောတူညီချက်များကို ချမှတ်ခဲ့သည်။

၁။ JOC. Joint Operation Committee. စစ်ရေး ပူးတွဲ ကော်မတီကို ဖွဲ့စည်းပြီး ရန်သူအား လက်နက်ဖြင့် ပူးတွဲတိုက်ခိုက်ရန်။

၂။ မတူညီမှုများ ပေါ်ပေါက်လာပါက တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး နည်းလမ်း ဖြင့်သာ ဖြေရှင်းရန်။

၃။ လိုအပ်ချက်အပေါ် တတ်နိုင်သ၍ အပြန်အလှန် ကူညီသွားရန်။

၄။ ရန်သူ၏ သတင်းများကို အပြန်အလှန် ပေးပို့ ကူညီသွားရန်။

၅။ စာပေးစာယူဖြင့်၎င်း ကြေးနန်းစက်ဖြင့်၎င်း အပြန်အလှန် အဆက် အသွယ် ပြုရန်။

အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု ဖွဲ့စည်းတည်ထောင်ခြင်း

ကေအဲန်ယူပါတီနှင့် ဗကပ ခေါင်းဆောင်များ၏ ကြိုးပမ်းမှုကြောင့်၊ မဒညတ တပ်ပေါင်းစုကို ဖွဲ့စည်းရန် ဆုံးဖြတ်ကြသည်။ အစည်းအဝေးကို ရွှေကျင်မြို့နယ်၊ လေးအိမ်စုတွင် ကျင်းပရန် စီစဉ်ထားကြသည်။ အစည်းအဝေး စကာနီးတွင် ရန်သူမှ သတင်းရသွားလေသည်။ ထို့ကြောင့် အစည်းအဝေးကို “ထိုကော့ သောခီး”သို့  ရွှေ့ပြောင်းလိုက်ပြီး၊ ၁၉၅၉ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ထိုကော့ သောခီး၌  အစည်းအဝေးကို ကျင်းပပြီး၊ မေလ (၉)ရက်နေ့တွင် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ ကြသည်။ 

တက်ရောက်လာသော ကိုယ်စားလှယ်အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များမှာ၊ 

ကေအဲန်ယူပါတီမှ၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ၊ မွန်ပြည်သစ်ပါတီမှ၊

၁။ မန်းဘဇန်၊ ၁။ သခင်ဇင်၊ ၁။ နိုင်ရွှေကျင်

၂။ ဗိုလ်ချုပ်ကော်ထူး၊ ၂။ သခင်တင်ထွန်း၊

၃။ ဗိုလ်မှူးကြီးတာအယ်၊ ၃။ ဗိုလ်ရဲမောင်၊

၄။ ဗိုလ်မှူးဘော်လ်ဒွင်၊ ၄။ ရဲဘော်ဋ္ဌေး (စည်းဝေးသို့ နောက်ကျရောက်ခဲ့သူ)၊ တို့ ဖြစ်သည်။ 

နောက်ပိုင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ (၁) ဦးဘိုးကျော် က၎င်း၊

ချင်း အမျိုးသားတပ်ဦးအဖွဲ့မှ (၁) ဆလိုင်းစံအောင်တို့ ပါဝင်လာကြသည်။ 

ဆုံးဖြတ်ချက်များမှာ။

၁။ တပ်ပေါင်းစုအမည်၊ “အမျိုးသားဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစု”။

၂။ တပ်ပေါင်းစု အဖွဲ့ဝင် (၅)ဖွဲ့စလုံးတွင် လွတ်လပ်မှု တန်းတူမှုနှင့် အမှီအခို ကင်းမှု ရှိရမည်။ တနည်းအားဖြင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး အပြည့် အဝ ရှိသည်။ တသင်း တဖွဲ့မှ တသင်း တဖွဲ့သို့ ဦးစီးချုပ်ကိုင်မှု မရှိချေ။ တပ်ပေါင်းစု၏ စည်းရုံးရေးအတွင်း တူတာတွဲလုပ်၊ မတူသေးပါက ညှိနှိုင်း၊ ညှိနှိုင်း၍ မရသေးပါက သီးခြားစီလုပ် ဟူ၍ ဖြစ်သည်။ 

၃။ သဘောတူ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အများသဘောတူ ဆုံးဖြတ်ချက်မျိုး မဟုတ်ဘဲ၊ အားလုံးသဘောတူမှ ဆုံးဖြတ်ချက် ချရမည်ဖြစ်သည်။ အဖွဲ့တဖွဲ့မှ သဘောမတူ၍ ကန့်ကွက်ခဲ့လျှင် ဆုံးဖြတ်ချက်ချမှတ်၍ မရချေ။ ထို့ကြောင့် ဤတပ်ပေါင်းစုသည် အဖွဲ့တခုခုမှ ဦးစီး ခေါင်းဆောင် မဟုတ်သည်ကို ဖော်ပြ သည်။

၄။ တပ်ပေါင်းစုကိုတည်ဆောက်ရန်အတွက် ဗဟိုသဘာပတိအဖွဲ့ကို ရွေးချယ် တင်မြှောက်ကြသည်။ တပ်ပေါင်းစု အတွင်းရေးမှူးကို ပါတီအသီးသီးမှ ရွေးချယ် စာရင်းပေးထားရမည်ဖြစ်ပြီး၊ တချိန်ချိန်တွင် အတွင်းရေးမှူး တာဝန် ကို အလှည့်ကျ ထမ်းဆောင်ကြရမည်။ 

ကေအဲန်ယူပါတီသည် ဗကပနှင့် တပ်ပေါင်းစု ဖွဲ့နိုင်ခြင်းကြောင့် ရန်သူက ကေအဲန်ယူပါတီအား ဗကပ နောက်လိုက်ဟူ၍၎င်း၊ ဗကပ လက်ကိုင် တုတ် ဟူ၍၎င်း အမျိုးမျိုး စွပ်စွဲပြောဆိုခဲ့ကြသည်။ မဒညတ ကို တည်ဆောက် နိုင်ခဲ့ဲခြင်းကြောင့် လက်နက်ကိုင် တိုက်ခိုက်မှု အင်အားကို တိုးမြှင့်နိုင်ခဲ့သည် သာမက၊ နိုင်ငံရေးအရ၊ လူမျိုးစုံပြည်သူတို့၏ စည်းလုံး ညီညွတ်ရေးကိုလည်း အခိုင်အမာ ဖော်ထုတ် ပြသနိုင်ခဲ့သည်။ 

      သခင်ဇင် (၁၉၁၂-၁၉၇၅)       နိုင်ရွှေကျင်

၁၉၅၉ ခုနှစ် မဒညတ ၏ စည်းရုံးရေးမူ (၅)ချက်

(၁) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လွတ်လပ်ခွင့် လုံးဝ ရှိရမည်။

(၂) ပါတီကြီး၊ ပါတီငယ် မရှိ။ လုံးဝတန်းတူမှု ရှိရမည်။

(၃) တဖွဲ့နှင့်တဖွဲ့ သြဇာမသုံးရ၊ အပြန်အလှန် လေးစားကူညီမှု ရှိရမည်။

(၄) လုပ်ငန်းစဉ်များတွင် အားလုံးတူမှ လုပ်ရမည်။

(၅) အဖွဲ့ဝင်အားလုံး လုပ်ငန်းအောင်မြင်ရေးအတွက် အားလုံး ညီညွတ်စွာ ကျရာ တာဝန်ကို ဆောင်ရွက်သွားရန်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect

Recent posts