နိဒါန်း
ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) ၏ (၄၁) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒေါက်တာစင်သီယာမောင် နှင့် အထူးတွေ့ဆုံမေးမြန်းမှု။ စစ်ပွဲနှင့် အကျပ်အတည်းများကြားမှ ကရင်အမျိုးသမီးများ၏ ဦးဆောင်မှု၊ Resilience (ခံနိုင်ရည်ရှိမှု) နှင့် မျိုးဆက်ပွားကျန်းမာရေးကဏ္ဍများအပေါ် ဒေါက်တာ၏ လေးနက်သော သုံးသပ်ချက်များကို အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။
ကရင်အမျိုးသားတော်လှန်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးတွင် အမျိုးသမီးထု၏ အခန်းကဏ္ဍသည် အရေးပါသော မဏ္ဍိုင်တစ်ခု ဖြစ်ပါသည်။ အထူးသဖြင့် ကရင်အမျိုးသမီးအဖွဲ့အစည်း (KWO) သည် ဆယ်စုနှစ် ၄ ခုကျော်တိုင်အောင် အမျိုးသမီးနှင့် ကလေးသူငယ်များ၏ အကာအကွယ်ရရှိရေး၊ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရေးတို့အတွက် ရှေ့တန်းမှ ရပ်တည်ခဲ့ပါသည်။ ယခု (၄၁) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ကမ္ဘာကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆုရှင် ဒေါက်တာစင်သီယာမောင် (Dr. Cynthia Maung) နှင့် Karen Vibes Media တို့ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းတင်ဆက်ပေးလိုက်ပါသည်။
၁။ KWO ၏ ၄၁ နှစ်တာခရီးအပေါ် ဂုဏ်ပြုစကား
မေး: KWO ရဲ့ (၄၁) နှစ်တာ ခရီးရှည်ကြီးမှာ ဒေါက်တာကိုယ်တိုင်လည်း မိတ်ဖက်အဖြစ်ရော၊ ကရင်အမျိုးသမီးတစ်ဦးအနေနဲ့ပါ အနီးကပ် ရှိနေခဲ့သူဖြစ်လို့ ဒီနေ့ကျရောက်တဲ့ (၄၁) နှစ်ပြည့်အတွက် ဒေါက်တာ့ရဲ့ ပထမဆုံး ခံစားချက်နဲ့ ဂုဏ်ပြုစကားလေးကို သိပါရစေ။
ဒေါက်တာစင်သီယာမောင်: KWO အနေနဲ့ စတင်ဖွဲ့စည်းခဲ့တဲ့ အနှစ် ၄၀ ကျော် ကာလတစ်လျှောက်မှာ ပြည်သူလူထုတစ်ရပ်လုံး ဘေးကင်းလုံခြုံဖို့နဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ ဂုဏ်သိက္ခာရှိစွာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် မားမားမတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် ဒေသအလိုက် ကျွမ်းကျင်တဲ့ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးခေါင်းဆောင်တွေကို စနစ်တကျ မွေးထုတ်ပေးနိုင်ခဲ့တာဟာ ကျွန်မတို့ တော်လှန်ရေးကာလအတွက်တင်မကဘဲ မြန်မာတစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးက အမျိုးသမီးထုအတွက်ပါ ဂုဏ်ယူထိုက်တဲ့ အောင်မြင်မှုဖြစ်ပါတယ်။ KWO ဟာ အမျိုးသမီးထုကို ကိုယ်စားပြုတဲ့ ဂုဏ်ယူစရာ အဖွဲ့အစည်းတစ်ခုအနေနဲ့ ဆက်လက်ရှင်သန်နေမယ်လို့လည်း ကျွန်မ အပြည့်အဝ ယုံကြည်ပါတယ်။
၂။ အမျိုးသမီးများ၏ ဦးဆောင်မှုနှင့် ရင်ဆိုင်နေရသော အဟန့်အတားများ
မေး: ဒေါက်တာ့အမြင်မှာ ကရင်အမျိုးသမီးတွေဟာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ဘယ်လို “အတားအဆီး နယ်သတ်မျဉ်း” တွေကို ကျော်လွန်ပြီး သက်သေပြနိုင်ခဲ့ပြီလို့ ထင်ပါသလဲ။
ဒေါက်တာစင်သီယာမောင်: မြန်မာနိုင်ငံက အမျိုးသမီးတွေအကြောင်း ပြောမယ်ဆိုရင် အစဉ်အလာပိုင်းဆိုင်ရာအရရော၊ အုပ်ချုပ်မှုပုံစံတွေအရပါ အဟန့်အတားတွေ အများကြီးရှိနေတာကို တွေ့ရပါလိမ့်မယ်။ ထုံးတမ်းစဉ်လာတွေကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနိုင်သလို၊ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ဖွဲ့စည်းပုံတွေမှာလည်း အမျိုးသမီးတွေ လက်တွေ့ပါဝင်ခွင့်ရဖို့ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။
တစ်ချိန်တည်းမှာပဲ အမျိုးသမီးတွေဟာ သူတို့ရဲ့ ဇီဝကမ္မဗေဒဆိုင်ရာ တာဝန်တွေဖြစ်တဲ့ ကိုယ်ဝန်ဆောင်တာ၊ သားဖွားတာတွေအပြင် မိသားစုအတွင်းက သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းသူတွေကို ကြည့်ရှုစောင့်ရှောက်ရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ထမ်းပိုးနေရတာပါ။ ကျွန်မတို့နိုင်ငံမှာ လူမှုကယ်ဆယ်ရေးနဲ့ စောင့်ရှောက်မှုယန္တရားတွေ အားနည်းနေတဲ့အတွက် ဒါဟာ အမျိုးသမီးတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်နေပါတယ်။
ဒါ့အပြင် ဒေသမတည်ငြိမ်မှုနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် မိသားစုကိုထားခဲ့ပြီး တခြားဒေသတွေမှာ သွားရောက်အလုပ်လုပ်ကိုင်နေရတာတွေလည်း ရှိပါတယ်။ တကယ်တော့ လက်တွေ့မြေပြင်က ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အမျိုးသမီးတွေပဲ အများစု ပါဝင်ဆောင်ရွက်နေကြတာပါ။ ဒါကြောင့် သူတို့ရဲ့ ဦးဆောင်မှုကဏ္ဍ ပိုမိုခိုင်မာလာဖို့အတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးမှာ အချိန်ပေးပြီး ပိုမိုရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေပါသေးတယ်။
၃။ မယ်တော်ဆေးခန်းနှင့် KWO ၏ မျိုးဆက်ပွားကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှု
မေး: မယ်တော်ဆေးခန်းရဲ့ (၃၅) နှစ်ကျော် ခရီးလမ်းမှာ KWO လို အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကရင်အမျိုးသမီးတွေရဲ့ ကျန်းမာရေးကဏ္ဍမှာ ဘယ်လို ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖန်တီးနိုင်ခဲ့တယ်လို့ မြင်ပါသလဲ။
ဒေါက်တာစင်သီယာမောင်: မျိုးဆက်ပွားကျန်းမာရေးဆိုတာ ကလေးဘဝကတည်းက စတင်ရတာဖြစ်လို့ အရမ်းကျယ်ပြန့်ပါတယ်။ ကျား၊မ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ကစလို့ ဆယ်ကျော်သက်အရွယ်မှာ ပြောင်းလဲလာတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေအတွက် ကျန်းမာရေးအသိပညာပေးတာ၊ ဝန်ဆောင်မှုတွေ လက်လှမ်းမီအောင် လုပ်ဆောင်တာတွေ ပါဝင်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးဌာနတွေကို မလာနိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရင်းအမြစ်တွေ ရှားပါးနေတဲ့အချိန်မှာ KWO လို ရပ်ရွာအခြေပြု အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ သူတို့ဟာ ကျန်းမာရေးစနစ်ထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ မြင့်မားလာအောင် လုပ်ဆောင်ပေးနေသလို၊ ကိုယ်ဝန်ဆောင်တွေ၊ ကျောင်းနေတဲ့ မိန်းကလေးငယ်တွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်၊ စာသင်ခန်းနဲ့ ဘော်ဒါဆောင်တွေ ဖြစ်လာအောင် ဦးဆောင်ပေးနေတာပါ။ အကြမ်းဖက်မှုတွေ ကြုံတွေ့ရရင်လည်း ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ အနေအထားဖြစ်အောင် KWO က စဉ်ဆက်မပြတ် ကူညီပံ့ပိုးပေးနေတဲ့အတွက် ကျွန်မတို့ရဲ့ ကျန်းမာရေးစနစ်ထဲမှာ မရှိမဖြစ်လိုအပ်တဲ့ လူထုအခြေပြုအဖွဲ့အစည်း ဖြစ်ပါတယ်။
၄။ Resilience (မဆုတ်မနစ်သော ခံနိုင်ရည်ရှိမှု)
မေး: စစ်ပွဲနဲ့ ပဋိပက္ခတွေကြားမှာ ကရင်အမျိုးသမီးတွေဟာ အိမ်ထောင်စုရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ “Resilience” ကို ဒေါက်တာ ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုချင်ပါသလဲ။
ဒေါက်တာစင်သီယာမောင်: အမျိုးသမီးတွေဟာ မိသားစု၊ ရပ်ရွာနဲ့ မိမိတို့ဒေသကြားမှာ အရေးကြီးတဲ့ ဆက်နွယ်မှုတွေကို ထိန်းကျောင်းနေရသူတွေ ဖြစ်ပါတယ်။ “ငါတို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်” ဆိုတဲ့ တာဝန်ယူမှုကို အမျိုးသမီးတွေ ကိုယ်တိုင်လည်း ခံယူထားကြပါတယ်။ စားဝတ်နေရေးနဲ့ ပညာရေးကိစ္စရပ်တွေအတွက် ကိုယ့်ကိုယ်ကိုယ် တစ်စိုက်မတ်မတ် လေ့ကျင့်သင်ကြားနေရသလို၊ အခြေခံရသင့်တဲ့ အခွင့်အရေးတွေအတွက်လည်း ရပ်ရွာအဆင့်ကနေ စုပေါင်းအရေးဆို တောင်းဆိုလာကြပါတယ်။ ဒီလို စုဖွဲ့မှုကို အခြေခံပြီး အချက်အလက်တွေ ဝေမျှတာ၊ အရည်အချင်းမြှင့်တင်ဖို့ အမြဲကြိုးစားနေတာတွေဟာ သူတို့ရဲ့ ကြံ့ခိုင်မှု (Resilience) နဲ့ အင်အားရှိမှုကို ပြသနေတာပဲ ဖြစ်ပါတယ်။
၅။ စစ်ပွဲကာလအတွင်း အမျိုးသမီးများအတွက် ပံ့ပိုးကူညီမှု၏ အရေးပါမှု
မေး: KWO ရဲ့ ရှေ့ဆက်မယ့် ခရီးလမ်းမှာ လက်ရှိ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေအရ အခက်ခဲဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲ။ အဲဒါကို ဒေါက်တာတို့နဲ့အတူ ဘယ်လို လက်တွဲ ဖြေရှင်းသွားကြမလဲ။
ဒေါက်တာစင်သီယာမောင်: အမျိုးသမီးတွေဟာ မိသားစုတာဝန်တွေအပြင် ရပ်ရွာထဲမှာ ကျောင်းဆရာမတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအဖြစ် ပိုမိုကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နေကြရတာပါ။ အထူးသဖြင့် အကာအကွယ်မဲ့နေတဲ့ ဒီစစ်ပွဲကာလမှာ အမျိုးသမီးတွေဟာ အကြမ်းဖက်မှုအန္တရာယ်တွေကြားထဲ ခရီးသွားလာနေကြရသလို၊ စစ်ပွဲကြောင့် မိသားစုဝင်တွေ ဆုံးရှုံးတာ၊ ကိုယ်တိုင် အသက်ဆုံးရှုံးတာတွေအထိ ကြုံတွေ့နေရပါတယ်။
အကယ်၍ အမျိုးသမီးတွေ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ အားနည်းသွားမယ်ဆိုရင် ဒါဟာ သူတို့မိသားစုအတွက်တင်မကဘဲ ရပ်ရွာနဲ့ နိုင်ငံအတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ကာကွယ်စောင့်ရှောက်ရေးနဲ့ အရည်အသွေးမြှင့်တင်ရေးဟာ လတ်တလောတင်မကဘဲ ရေရှည်အတွက် စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံရမယ့် အရာဖြစ်ပါတယ်။
၆။ ကရင်အမျိုးသမီးထုသို့ ပေးလိုသော Message
မေး: (၄၁) နှစ်ပြည့်ကနေ နောင်နှစ်ပေါင်းများစွာအထိ KWO အဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသမီးထု တစ်ရပ်လုံးကို ဒေါက်တာ ပေးချင်တဲ့ တိုက်တွန်းစကားလေး ပြောပေးပါဦး။
ဒေါက်တာစင်သီယာမောင်: အမျိုးသမီးတွေရဲ့ လုံခြုံမှုဟာ နေရာတိုင်းနဲ့ ဆက်စပ်နေပါတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေ ရှိနေသရွေ့ အမျိုးသမီးတွေ မလုံခြုံနိုင်ပါဘူး။ ဒါကြောင့် ကရင်အမျိုးသမီး အဖွဲ့အစည်းအနေနဲ့ တခြားသောအဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်ဖို့၊ အပြန်အလှန် သင်ယူလေ့လာရင်းနဲ့ စွမ်းဆောင်ရည်တွေ မြင့်မားလာဖို့ တိုက်တွန်းချင်ပါတယ်။ အနာဂတ်မှာ ကလေးငယ်တွေအတွက် ပိုကောင်းတဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်လာဖို့ဆိုတာ ကျွန်မတို့အားလုံး စုပေါင်းဆောင်ရွက်ရမယ့် အရာဖြစ်ပါတယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ကျန်းမာရေးအဖွဲ့တွေ၊ အိမ်နီးချင်းနိုင်ငံက အဖွဲ့တွေနဲ့ စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်ပြီး အခုထက်ပိုတဲ့ စွမ်းအားတွေနဲ့ ရှေ့ဆက်သွားကြဖို့ အားပေးချင်ပါတယ်။
Karen Vibes Media မှ အလေးအမြတ်ပြု တင်ဆက်သည်။







Leave a comment