လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း
K.N.U.P. နိုင်ငံခြား ဆက်သွယ်ရေး ကြိုးပမ်းမှု
၁၉၇၁ – ၇၅။ တံခွန်နီ အဖွဲ့ကို စေလွှတ်ခြင်း
- ၁၉၇၀ ခုနှစ် ဗဟိုကော်မတီ အစည်းအဝေးနှင့် အခြေအနေသုံးသပ်ချက်: (ဗိုလ်မြနှင့် ခွဲထွက်မှု၊ ရန်သူ၏ စစ်ဆင်ရေးများအကြောင်း)
၁၉၇၀ ခုနှစ်၊ (၇)ကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးတွင်
ကေအဲန်ယူပါတီ၏ နိုင်ငံရေး၊ စစ်ရေး အခြေအနေကို သုံးသပ်ခြင်း။
၁၉၆၆ ခုနှစ်၊ အရှေ့တိုင်း ကရင်လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်း အတွင်း နိုင်ငံရေး အခြေခံအမြင်ချင်း မတူညီမှုတို့ကြောင့် ဗိုလ်မြဦးဆောင်ပြီး၊ K.N.L.C. ကို၊ (Karen National Liberation Council) ကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် ပါတီအဖွဲ့အစည်းဝင်များကို၊ အရှေ့တိုင်းမှ ထွက်သွားရန် အမိန့် ထုတ်ခဲ့လေသည်။
၁၉၆၇ ခုနှစ်၊ (၆)ကြိမ်မြောက် ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်များကို ပါတီဥက္ကဋ္ဌက လက်မခံနိုင်ခြင်း၊ ပါတီဗဟို ကော်မတီ အစည်းအဝေးကိုလည်း တက် ရောက်ခြင်း မရှိသောကြောင့် ပါတီ ဥက္ကဋ္ဌအသစ် တဦးကို ရွေးချယ် ခဲ့ရခြင်း။
၁၉၆၅ ခုနှစ်မှ စတင်ပြီး၊ ၁၉၆၈ ခုနှစ်၊ ရန်သူသည် မြစ်ဝကျွန်းပေါ်တိုင်းကို ထိုးစစ်ဆင် တိုက်ခိုက်ရာ၊ ၁၉၆၆ ခုနှစ်တွင် ဆင်မင်း စစ်ဆင်ရေး၊ ၁၉၆၆ ခုနှစ် အောင်စစ်သည်ထိုးစစ်၊ ၁၉၆၆-၇၀ မိုးဟိန်း စစ်ဆင်ရေး အဆင့်(၁)မှ အဆင့် (၁၀) အထိ၊ စစ်ရှိန်များကို တိုးမြှင့်ကာ ကြည်းကြောင်း ရေကြောင်းများဖြင့် ပိတ်ဆို့ တိုက်ခိုက် သဖြင့် မိမိတို့ တပ်ဖွဲ့ အများအပြား အခြေခံ ဒေသများကို စွန့်ခွာခဲ့ရပြီး အမြောက်အများ အသက် စွန့်ကာ ခုခံစစ်ကို ဆင်နွှဲခဲ့ကြသည်။
၁၉၆၆-၆၈ ခုနှစ်တွင် ကေအဲန်ယူပါတီ၏ မဟာမိတ်အင်အားစုများ ဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီအတွင်း ပါတီတွင်း ပြန်လည်ပြင်ဆင်ရေး ဝါဒီများ အပေါ် ဖြုတ်/ထုတ်/သတ်-မှုများ ပြုလုပ်ခြင်း။
၁၉၆၇ ခုနှစ်မှစပြီး အင်းစိန်ခရိုင်ကို လက်လွှတ်ဆုံးရှုံးခဲ့ခြင်း။ ရန်သူသည် ၁၉၆၈ ခုနှစ် မှစပြီး၊ တပ်မ(၉၉)ကို အသုံးပြုကာ အောင်စိုးမိုး စစ်ဆင်ရေးဖြင့် ပဲခူးတိုင်း ဒေသကြီးကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း။
ကေအဲန်ယူပါတီ၏ ပဏာမကိုယ်စားလှယ်များလည်း၊ တရုတ်ပြည်မှ ပြန် ရောက်ပြီးနောက်၊ ဒုတိယ အကြိမ် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို ထပ်မံ စေလွှတ်ရန်၊ ၁၉၇၀ ခုနှစ်၊ သခင်ဇင် နှင့်သခင်ချစ် တို့က အကြံပြုခြင်း။
အထက်ပါ အခြေအနေပေါ်တွင် ဒုတိယ အကြိမ်မြောက် ကိုယ်စားလှယ် အဖွဲ့ကို ထပ်မံစေလွှတ်ရန်၊ ၁၉၇၀ ခုနှစ် (၇)ကြိမ်မြောက် ကေအဲန်ယူပါတီ ဗဟို ကော်မတီ အစည်းအဝေးက အတည်ပြုခဲ့သည်။
ဒုတိယအကြိမ်မြောက် ကိုယ်စားလှယ်အဖွဲ့ကို ကေအဲန်ယူပါတီ၏ ပေါလစ် ဗျူရို ဆရာစကောလယ်တောက ဦးဆောင်မည်ဖြစ်ပြီး “တံခွန်နီ”အဖွဲ့ဟု အမည် ပေးခဲ့ သည်။ ထိုအဖွဲ့ကို အောက်ပါ အတိုင်း ဖွဲ့စည်းခဲ့သည်။
တံခွန်နီကိုယ်စားလှယ်အဖွဲ့ဝင်များ စာရင်း
- ၁။ စကောလယ်တော အဖွဲ့ခေါင်းဆောင် (ပေါလစ်ဗျူရို)၊
- ၂။ စောမီးသ ဒု-အဖွဲ့ခေါင်းဆောင်၊ (ဗဟိုကော်မတီ)၊
- ၃။ မန်းရှာလားဖန်း အတွင်းရေးမှူး၊
- ၄။ မန်းစဘီ ဆေးတပ်ဖွဲ့၊
- ၅။ ဖါးသဒါး ဆေးတပ်ဖွဲ့၊
- ၆။ ဖါးလယ်ဒါး ဆေးတပ်ဖွဲ့၊
- ၇။ စောရှီးဒီး ဆေးတပ်ဖွဲ့၊
- ၈။ မောင်ဖုန်း ဆေးတပ်ဖွဲ့၊
- ၉။ စောတင်ငွေ အချက်ပြဆက်သွယ်ရေး၊ ကြားဖြတ်စက်၊
- ၁၀။ စောဒိခလေး အချက်ပြဆက်သွယ်ရေး၊ ကြားဖြတ်စက်၊
- ၁၁။ စောထို အချက်ပြဆက်သွယ်ရေး၊ ကြားဖြတ်စက်၊
- ၁၂။ စောအယ်ကော်၊
- ၁၃။ စောဟင်နရီ (ခေါ်) အယ်တာတော၊ လုံခြုံရေး တပ်မှူး၊
- ၁၄။ ဗိုလ်မှူးသာမောင်၊
- ၁၅။ စောလိလေး (ခေါ်) ဝင်းရွှေချစ်
- ၁၆။ စောဇော်မင်း၊
- ၁၇။ စောထွန်းကြည်၊
- ၁၈။ စောဆာယု၊
- ၁၉။ ပါစက၊
- ၂၀။ စောဒေးဖိုး (ခေါ်) စောတေးဖိုး (ခေါ်) ညီလေး (ဦးစိုးအောင်၏ သား)၊
- ၂၁။ စောဂျိုး၊
- ၂၂။ သောင်းကြည်၊
- ၂၃။ ထင်ကျော်၊
- ၂၄။ စောဂျောလေ၊
- ၂၅။ စောကျော်သောင်း၊
- ၂၆။ စောငမုန့်၊
- ၂၇။ နေကော်ထူး၊
- ၂၈။ စောဘမိုး၊
- ၂၉။ စောသမိန်ထွန်း၊
- ၃၀။ စောမိုးကျော်၊
- ၃၁။ စောသန်းမြ၊
- ၃၂။ ဆရာထွန်းလှ၊
- ၃၃။ စောမြသောင်း၊
- ၃၄။ စောထီးမူး၊
- ၃၅။ စောထွန်းငွေ၊
- ၃၆။ ကိုဇော်လွင်တို့ ဖြစ်သည်။
သံလွင်မြစ်မှ ပန်ဆန်းသို့ ခရီးစဉ်: (ကရင်နီ၊ ပအိုဝ်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်းကို ဖြတ်ကျော်ရပုံ)
တံခွန်နီကိုယ်စားလှယ်အဖွဲ့သည် ထီးထာစခန်းမှ သံလွင်ချောင်းကို ကူးပြီး၊ သံလွင် အရှေ့ဘက်ကမ်း စွပ်ပိုင်ချောင်းရှိ၊ ကရင်နီ ဗဟိုစခန်းတွင် ခရီးအစီ အစဉ်များ ကို ရေးဆွဲလေသည်။ ကြေးနန်းအဆက်အသွယ်များ ပြုလုပ်ခြင်းဖြင့်လည်း တလ ကျော်ကျော်အချိန် ကြာမြင့်ခဲ့လေသည်။ ကရင်နီ ဗဟိုဋ္ဌာနချုပ်တွင် ဥက္ကဋ္ဌ ဗိုလ်မှူး မော်ရယ်၊ ဗိုလ်ချုပ်စောမွန်နား၊ (ဗိုလ်ချုပ်အောင်သန်းလေး အနားယူသဖြင့် စစ်ဦးစီးချုပ် ဖြစ်လာသူ)၊ ဗိုလ်ချုပ်အောင်သန်းလေး တို့နှင့် တွေ့ဆုံ ခဲ့သည်။
ကရင်နီ ဗဟိုဋ္ဌာနချုပ်မှ ဆက်လက်ထွက်ခွာရာ၊ သံလွင်မြစ် အရှေ့ ဘက်ကမ်း နယ်မြေ၊ “တာကပေါ”စခန်းသို့ ရောက်လေသည်။ “တာကပေါ” စခန်းသည် တပ်ခွဲစခန်းဖြစ်ပြီး၊ ဇီးတောရွာ တဖက်ကမ်းတွင် ရှိသည်။ ဇီးတောရွာသည် စင်စစ် သံလွင်ချောင်းနံဘေး၌ ရှိသည်မဟုတ်။ ချောင်းနှင့် ခပ်လှမ်းလှမ်း တနေရာတွင် တည်ရှိသော ရွာဖြစ်သည်။ တာကပေါ တပ်စခန်းသည် အခိုင်အမာ တည်ဆောက်ထား သော စခန်းဟုဆိုနိုင်ပါသည်။ ကတုတ်ကျင်းများ၊ လျှောက်မြောင်း (ဆက်သွယ်ရေး မြောင်း)များ၊ ပစ်ကျင်းများဖြင့် စနစ်တကျ တည်ဆောက် ထားသည်။ ရန်သူ စစ်စခန်းများကဲ့သို့ပင် သစ်ပင်များကင်းမဲ့နေသော သတ်ကွင်းများလည်း ရှိနေသည်။ တာကပေါ စခန်းတွင် နှစ်ရက်မျှ နားနေပြီး သံလွင်ချောင်း အနောက်ဘက်သို့ ပြန်ကူးကြသည်။ သံလွင်ချောင်း အနောက်ဘက် ကမ်းခြေ တလျှောက်၊ ဆက်လက် ချီတက်ရာ ပအိုဝ်းနယ်မြေ၊ (ရလလဖ) တပ်ဖွဲ့များရှိသော ရွာစဉ်များကို တရွာပြီး တရွာ ဖြတ်ကျော်လာခဲ့သည်။ ထိုကာလသည် ပအိုဝ်း အဖွဲ့ဖြစ်သော ရှမ်းပြည်လူမျိုးစုများ လွတ်မြောက်ရေး အဖွဲ့တွင်၊ အောင်ခမ်းထီနှင့် ဗိုလ်တာကလယ်တို့ အချင်းချင်း မကွဲ ကြသေး။ ပအိုဝ်းတပ်ဖွဲ့များမှာ အင်အား တောင့်တင်းပြီး လက်နက်ကောင်းများကိုလည်း တပ်ဆင်ထားကြသည်။ တံခွန်နီ အဖွဲ့သည် ပအိုဝ်းနယ်မြေမှတဆင့်၊ လွယ်လင်၊ နမ့်ဆမ် ကားလမ်းကို ဖြတ်ကျော်ပြီး၊ အက်စ်အက်စ်အေ (S.S.A. Shan State Army) နယ်မြေကို သွားရမည် ဖြစ်သည်။ ရှမ်းပြည် နယ်မြေကို ဖြတ်ရန်မှာ၊ ရန်သူသည် ကားလမ်းကို ဖြတ်ပိတ် ထားသဖြင့် ချက်ချင်း မကူးနိုင်။ S.S.A. တပ်ဖွဲ့များကလည်း ကားလမ်း တဖက်တွင် ကြိုတင်၍ စောင့်နေကြသည်။ ကားလမ်းကို မကူးနိုင်သေးခင် စပ်ကြားတွင် တံခွန်နီအဖွဲ့သည် (ရလလဖ) ပအိုဝ်းတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး၊ ပအိုဝ်း နယ်မြေအတွင်း တောင်ကြားများတွင် လှည့်လည် ရွှေ့ပြောင်းကာ စခန်းချခဲ့ရသည်။ ပအိုဝ်းတပ်ဖွဲ့ အင်အား (၁၀၀)ကျော်ခန့်က တာဝန်ယူပြီး ပို့ဆောင် ပေးလေသည်။
ထို တံခွန်နီအဖွဲ့နှင့် (ရလလဖ) ပအိုဝ်းအဖွဲ့တို့ ပူးတွဲနေစဉ် နမ့်ဆမ် လွယ်လင် ကားလမ်း၌ လှုပ်ရှားနေသော ရန်သူတပ်ဖွဲ့ကို တိုက်ခိုက်ရန် အစီအစဉ်များ ရေးဆွဲ ကြသည်။ တိုက်ခိုက်ရေး အစီအစဉ်တွင်၊ ဗိုလ်တာကလယ်၊ ဗိုလ်ကြီးမန်း ဦးဆောင် သော တပ်ပေါင်းစု တပ်ဖွဲ့နှင့် ဗိုလ်မှူးစံလင်း ဦးဆောင်သော တပ်ပေါင်းစု တပ်ဖွဲ့ (တံခွန်နီ အဖွဲ့ဝင်များ အပါအဝင်) ပူးပေါင်းပြီး၊ ရန်သူကို တိုက်ခိုက်ခဲ့သည်။
ထိုသို့ ပူးပေါင်းတပ်များ လှုပ်ရှားခဲ့စဉ် သီပေါမြို့နယ် နမ့်ဆမ်ကျေးရွာ အနီး၊ စခန်းတခုတွင် တံခွန်နီကိုယ်စားလှယ်များအတွင်း အတွေးအခေါ်နှစ်ရပ် တိုက်ပွဲ ပေါ်ပေါက် ခဲ့သည်။
(၃၃)ကြိမ်မြောက် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ပြန်လည် ချမှတ်သော အခိုင်အမာ ပေါ်လစီအရ လူမျိုးစုလက်နက်ကိုင်အားလုံးသည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဦးဆောင်မှုအောက်တွင် လက်နက်ကိုင် အောင်ပွဲကို ရယူရန်နှင့် K.N.U.P. ကို ကရင့်အလုပ်သမား ပါတီအဖြစ် တိုးမြှင့် ဖွဲ့စည်းပြီး “မဒညတ” တပ်ပေါင်းစုဖြင့်သာလျှင် အောင်ပွဲခံရေး စသော အခြေခံ နိုင်ငံရေး “မူ” နှစ်ရပ်သည် တံခွန်နီအဖွဲ့အတွင်း ကြီးမား သော နိုင်ငံရေး ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို အကြွင်းမဲ့ခံယူရန်၊ (၁) စောဘမိုး၊ (၂) စောသမိန်ထွန်း၊ (၃) စောသန်းမြ (ထီးလုံ၊ နောင်လုံ)၊ (၄) စောမိုး ကျော်၊ (၅) ဆရာ လှထွန်း၊ (ဘားအံ တရုတ် ကျောင်းဆရာ)၊ (၆) စောမြသောင်း၊ (၇) စောထို၊ (၈) စော နေကော်ထူး တို့မှ တင်ပြ ခဲ့ကြသည်။
တံခွန်နီအဖွဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့်၎င်း၊ တရုတ် ကွန်မြူနစ် ပါတီ နှင့်၎င်း တွေ့ဆုံမည်ဖြစ်သည်။ ထိုသို့တွေ့ဆုံရာတွင် မိမိတို့၏ ကရင်အမျိုးသား နိုင်ငံရေး ရပ်တည်ချက်အပေါ်မှ ဆွေးနွေးကြရမည်ဖြစ်ရာ၊ မိမိတို့ အဖွဲ့အစည်းအတွင်း နိုင်ငံရေး အမြင်ကွဲလွဲချက်များ ရှိနေခြင်းကြောင့်၊ ရှုတ်ထွေးနိုင်စရာ ရှိကြောင်းကို အဖွဲ့ခေါင်း ဆောင် ဆရာစကောလယ်တောက ကေအဲန်ယူပါတီ ဗဟို ဋ္ဌာနချုပ်သို့ အလျင်အမြန်ပင် ကြေးနန်းပေးပို့ပြီး သဘောထား အဆုံးအဖြတ်ကို တောင်းခံလိုက်သည်။ ထိုအချိန်တွင် ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကော်ထူး ကျဆုံးသွားပြီ ဖြစ်၍၊ ပါတီဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ် မြမောင်မှ လွှဲပြောင်း တာဝန်ယူထားချိန် ဖြစ်သည်။ ဗိုလ်ချုပ်မြမောင်က ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုကို လက်ခံသော အဖွဲ့အား ချန်လှပ်ခဲ့ပြီး ခရီးဆက်ရန် ညွှန်ကြားချက် ပို့လာသည်။ ထို့ကြောင့် စောဘမိုး နှင့် အဖွဲ့ဝင် စုစုပေါင်း (၈)ဦးသည် သီပေါမြို့နယ်၊ နမ့်ဆမ်တွင် ချန်လှပ် ထားခြင်း ခံခဲ့ရလေသည်။
မှတ်ချက် ။ ။ ဗိုလ်မှူးချုပ်ကျင်ဖေသည် ကေအဲန်ယူပါတီ၏ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ်၊ တာဝန်ထမ်းဆောင်နေသောကာလ၊ ၁၉၇၀ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ တွင် ကျဆုံးသွားသည်။
၁၉၇၂ ခုနှစ် ဧပြီလတွင် ကေအဲန်ယူပါတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကော်ထူးမှာ နှလုံး ရောဂါဖြင့် ကွယ်လွန် ခဲ့ရသည်။
တံခွန်နီအဖွဲ့သည် အရှေ့တိုင်း ဋ္ဌာနချုပ်မှ ထွက်ခွာလာခဲ့သော နေ့စွဲမှာ ၁၉၇၂ ခုနှစ်၊ စက်တင်္ဘာ လကုန်ရက် ဖြစ်သည်။
တံခွန်နီအဖွဲ့ ရလလဖ နယ်မြေသို့ ရောက်စဉ် အဖွဲ့ဝင် စောဂျိုးနှင့် သောင်းညွန့် တို့ကို ဗဟိုဋ္ဌာနချုပ်သို့ ပြန်လည် စေလွှတ်ခဲ့ရာ နှစ်ဦးစလုံး ပျောက်ဆုံးကာ ပြန်လည် ရောက် မလာတော့ပေ။ ကျန်သောအဖွဲ့ဝင် (၂၆) ယောက်သည် အခွင့်အရေးရသည်နှင့်၊ လွယ်လင်၊ နမ့်ဆန် ကားလမ်းကို ဖြတ်ကျော်ပြီး S.S.A. နယ်မြေထဲသို့ ရောက်ရှိလာခဲ့ သည်။ ကားလမ်း တဖက်တွင် စောင့်ကြိုနေသော S.S.A. တပ်ဖွဲ့မှ အင်အား (၁၀၀)ခန့်နှင့် ပူးပေါင်းပြီး၊ ဆက်လက်ချီတက်ခဲ့ကြရာ၊ ဗကပ အလယ်ပိုင်းတိုင်း `မိုင်းကိုင်´ ဒေသသို့ ရောက်ခဲ့သည်။ မိုင်းကိုင် ဒေသတွင် နှစ်ပတ်မျှ နေထိုင်နေစဉ်၊ အလယ်ပိုင်းတိုင်း ဒေသတာဝန်ခံက၊ S.S.A. တပ်ဖွဲ့၊ (ဗကပ) တပ်ဖွဲ့နှင့် တံခွန်နီ တပ်ဖွဲ့တို့ ပူးပေါင်းပြီး၊ ရန်သူကို တိုက်ခိုက်ရေး အစီအစဉ်တခုကို ရေးဆွဲခဲ့သည်။ ရန်သူကို တိုက်ခိုက်ရန် ရက် အတန်ကြာ အလစ်အငိုက် ရှာဖွေကြသည်။ နောက်ဆုံး ရန်သူလာလမ်းတခု၏ တောင် ကြော တနေရာတွင် နေရာချထားမှု ပြုလုပ်နေစဉ် တံခွန်နီတပ်ဖွဲ့များ နေရာယူမည့် တောင် စွယ်တွင် ရန်သူ၏ သနက (၂)က ဝိုင်းပတ် တိုက်ခိုက်လာသဖြင့် တံခွန်နီ အဖွဲ့၏ တပ်မှူး စောအယ်တာတော(ခေါ်) စောဟင်နရီ၊ (၂) ဦးစိုးအောင်၏သား ညီလေး(ခေါ်) စောဒေးဖိုး နှင့် (၃) စောပါစက တို့ (၃)ဦး ကျဆုံးခဲ့ရသည်။ ပါစက သည် ပထမ ကိုယ်စားလှယ်အဖွဲ့မှ ပြန်လည် လိုက်ပါလာသောသူ ဖြစ်သည်။ အဖွဲ့ဝင် ဗိုလ်သာမောင်မှာ အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။
တံခွန်နီ အဖွဲ့မှ အင်အား (၂၃) ယောက်၊ S.S.A. တပ်ဖွဲ့မှ ဗိုလ်မှူး ဆေထင် ဦးဆောင်သော အင်အား(၁၀၀)တို့သည် (ဗကပ) အလယ်ပိုင်းတိုင်းမှ ဆက်လက်ထွက်ခွာ ခဲ့သည်။ မိုးဟိန်း၏ S.U.R.A. အဖွဲ့နယ်မြေ၊ ထို့နောက် S.U.A. ခေါ် ခွန်ဆာအဖွဲ့ နယ်မြေတို့ကို အသီးသီး ဖြတ်ကျော်ခဲ့ပြီး၊ ၁၉၇၃ ခုနှစ် အောက်တိုဘာလတွင် ဗမာပြည် ကွန်မြူနစ်ပါတီဋ္ဌာနချုပ် ဖြစ်သော “ပန်ဆန်း”သို့ ရောက်ခဲ့လေသည်။ ထိုအချိန်က ဗမာပြည် ကွန်မြူနစ်ပါတီ ဋ္ဌာနချုပ်သည် “ပန်ဆန်း” ၌ ရှိသည်။

Leave a comment