ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၆)

(စတက်နေ-ပန်းတနော်)

အပိုင်း (၆)

(၉)

ခရိုင်ဥက္ကဌကြီး ဖူးတာအယ် နှင့် တွေ့ဆုံခြင်း။

၁၉၈၃ ခုနှစ် ခရိုင်ဥက္ကဌကြီး ဖူးတာအယ် နှင့်အတူ ရုပ်ရှင် အဖွဲ့ဝင်များက ဟောင်သရောချောင်း (ကြရာကလိုး) နံဘေးရှိ သူ၏ နေအိမ်သို့ ရောက်လာကြသည်။ ခရိုင်ဥက္ကဌကြီး မိသားစုများလည်း ပါဝင်သည်။ ထိုအချိန်က ဖူးတာအယ် သည် ဒူးပလာယာခရိုင် ဥက္ကဌကြီး၏ တာဝန်ကို တရားဝင် လွှဲပြောင်းခြင်း မပြုရ သေးပါ။ သို့သော် KNU ဗဟိုဌာနချုပ်မှ ခရိုင်ဥက္ကဌအဖြစ် အသိအမှတ်ပြု ပြန်တမ်းထုတ်ထားပြီ ဖြစ်ကြောင်း သိရသည်။ အကြောင်းမှာ ဖူးတာအယ်သည် ဒူးပလာခရိုင်ဥက္ကဌ၏ တာဝန်ကို တရားဝင် မယူသေးမီ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းပြီးစီးမှ တာဝန်ယူမည်ဖြစ်ကြောင်း ခရိုင်ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

ဖူးတာအယ်သည် သူ့၏အိမ်သို့မရောက်သေးမီ အချိန်တွင် “ကရင့်သွေး”ဇာတ်ကားကို ဒါရိုက်တာ ဦးရင်လှနှင့် ဖလူးဒေသတွင် ရိုက်ကူးပြီးစီးခဲ့ကြောင်း သိရသည်။ သူ၏ အိမ်တွင် အခြေချကာ “သွေးနှင့်လက်ကမ်းသောသံဌိဌာန်” ဇာတ်ကားကို ဆက်လက်ရိုက်ကူးရေးအတွက် ရုပ်ရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဆရာထူးလို (ဒါရိုက်တာ၊ ကင်မရာရိုက်ကူးရေးတာဝန်ခံ)၊ နန်းဖေါ့သိမ်းင (ခေါင်းဆောင်မင်းသမီး)၊ နော်ဖေါထူး (ခေါင်းဆောင်မင်းသမီး)၊ ဆရာပန်းခက် (ခေါင်းဆောင်မင်းသား) တို့အပြင် တပ်မဟာရုံးမှ ရဲဘော်ရဲမေများနှင့် နန်းဖေါ့သိမ်းင ၏ အငြိမ့်အဖွဲ့ဝင်များလည်း ပါဝင်ကြသည်။ အထက်ဖေါ်ပြပါ ရုပ်ရှင် ဇာတ်ကားကို ရိုက်ပြီးသောအခါမှသာ အဇင်းကျေးရွာရှိ ဘုန်းကြီးကျောင်းဇရပ်တွင် ခရိုင်အစည်းအဝေးတရပ်ကို ခေါ်ယူကာ ဗိုလ်မှူးချုပ်ရွှေဆိုင်း ထံမှ ခရိုင်ဥက္ကဌ ၏ တာဝန်ကို တရားဝင်လွှဲပြောင်း လက်ခံလိုက်သည်။

ခရိုင်ဥက္ကဌကြီး သူ့အိမ်တွင် နေထိုင်စဉ်ကာလ ဘိုကလေးအရေးအခင်းအား ဦးဆောင်မည့်သူများ ရောက်ရှိလာကြသည်။ ထိုအဖွဲ့ထဲတွင် အမျိုးသမီးတဦးလည်း ပါဝင်သည်။ ခရိုင်ဥက္ကဌကြီးမှ အခြေအနေကို မေးရာတွင် ရောက်လာသူများမှ “တော်လှန်ရေးအခြေအနေများ ရင့်မှည့်နေပြီဖြစ်ကြောင်း၊ သူတို့တွင် လက်နက်ခဲယမ်းမီးကျောက်ရလျှင် တော်လှန်ရေး စ လို့ရပြီ ဖြစ်ကြောင်း” ပြောသောအခါ ခရိုင်ဥက္ကဌ ကြီးမှ ဘဝင်ကျပုံမပေါ်ပါ။ ခရိုင်ဥက္ကဌကြီးက “ခင်ဗျားတို့ ပြောတဲ့အစီအစဉ်အတိုင်းဆိုရင် အောင်မြင်နိုင်မည်မဟုတ်ကြောင်း” ပြောလိုက်သည်။

ခရိုင်ဥက္ကဌကြီးက ခင်ဗျားတို့ လုပ်ငန်း အောင်မြင်ချင်လျှင် အောက်ပါအတိုင်း လျှို့ဝှက်ပိရိစွာ လုပ်ဆောင်ရန် အကြံပြုသည်။

“ပထမဆုံးအနေနှင့် ကျေးရွာတိုင်းတွင် ရှိနေသော ရန်သူအမာခံများကို ရှင်းပစ်ရမည်။ ရှင်းသည့်အခါ လက်သည်မပေါ်ရန်လိုကြောင်း၊ လက်သည်ပေါ်လျှင်လည်း နိုင်ငံရေးကိစ္စနှင့် မပတ်သက်ရန်လိုကြောင်း၊ ကျေးရွာတိုင်းတွင် ရန်သူအမာခံများကို ရှင်းပြီးသောအခါ မိမိတို့ အမာခံများကို မွေးထုတ်ရမည်ဖြစ်ကြောင်း၊ မိမိတို့၏ အမာခံများ ရရှိပြီးသောအခါ ကျေးရွာတိုင်းတွင် ရိက္ခာများ ပြင်ဆင်ထားရမည်။ ရိက္ခာများပြင်ဆင်ပြီးသောအခါမှ လက်နက်ခဲယမ်းမီးကျောက်များကို ထည့်သွင်းရမည်။ လက်နက်ခဲယမ်းမီးကျောက်များ ထည့်သွင်းပြီးလျှင် စစ်ရေးအရ လေ့ကျင့်ထားသူများနှင့် ဦးဆောင်မည့်သူများကို ထည့်သွင်းရမည်။ ပြီးလျှင် မြစ်၀ကျွန်းပေါ် တခွင်လုံး တချိန်တည်း၊ တပြိုင်တည်း တော်လှန်အုံကြွမှုကို နေရာအနှံ့အပြား စတင်ပြုလုပ်ရမည်ဖြစ်ကြောင်း” အကြံပြုသည်။

သို့သော် လာရောက်တွေ့ဆုံသူများလည်း ဘဝင်တွေ့ပုံမပေါ်၊ လာရောက်တွေ့ဆုံသူများမှ ခရိုင်ဥက္ကဌကြီး ၏ အကြံပေးသည့် အစီအစဉ်အတိုင်း အကောင်အထည်ဖေါ်ရလျှင် အချိန်ကြာလည်းကြာမည်၊ ထို့အတူ ရရှိထားသော အခွင့်အရေးလည်း လက်လွတ်ဆုံးရှုံးရမည်ဖြစ်ကြောင်း ပြန်ပြောသည်။ ခရိုင်ဥက္ကဌကြီးက “ဒါဆိုရင် ငါလည်း မကူညီတတ်ကြောင်း” ပြန်ပြောလိုက်သည်။

၁၉၉၀ ခုနှစ်က ဖြစ်ပွားခဲ့သော ဘိုကလေး အရေးအခင်းအား ပြန်လေ့လာပါက သင်္ခန်းစာယူစရာ များစွာရှိနေပါသည်။ ခရိုင်ဥက္ကဌကြီးက မြစ်၀ကျွန်းပေါ်သား ဖြစ်သည့်အပြင် နေရာအနှံ့အပြားကို လှည့်လည်ပြီး စစ်တိုက်ခဲ့ဘူးသူလည်းဖြစ်သည်။ ခရိုင်ဥက္ကဌကြီး ပြောသလို အောင်မြင်မှုမရရှိခဲ့၊ ကရင်လူမျိုးအတော် များများက ဘ၀ပျက်ခံခဲ့ရသည်။

(၁၀)

ပဏာမအကြို ခရိုင်ညီလာခံ။

၁၉၈၄ ခုနှစ် မိုးရာသီတွင် ပဏာမအကြို ခရိုင်ညီလာခံအား ခရိုင်ဥက္ကဌကြီး၏ ဦးဆောင်မှုဖြင့် KNU ကော့ကရိတ်မြို့နယ်တွင်းရှိ မိနအပ်ကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။ အဆိုပါ ပဏာမ အကြိုခရိုင်ညီလာခံအား ခရိုင်ဥက္ကဌ ကြီးမှ ကျေးရွာ၊ မြို့နယ်၊ ခရိုင်၊ တပ်မဟာတို့ရှိ ကိုယ်စားလှယ်တို့မှ တက်ရောက်ဆွေးနွေးကြရန် အကြံပြုစေပါသည်။ အကြောင်းမှာ ပဏာမအကြိုခရိုင်ညီလာခံ၏ သဘောထားဆုံးဖြတ်ချက်များအား လာမည့် ခရိုင်ညီလာခံတွင် အဆိုပြုတင်သွင်းနိုင်ရန်ဖြစ်သည်။

ခရိုင်ဥက္ကဌကြီးသည် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်လာသော ကိုယ်စားလှယ်များအား KNU ၏ နိုင်ငံရေး၊ စစ်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာဌာနအသီးသီးတို့၏ ခေါင်းစဉ်များအလိုက် အစုအဖွဲ့များကို စုဖွဲ့စေသည်။ အစုအဖွဲ့ကို (၅)စု ဖွဲ့စည်းလိုက်ပြီး အဆိုပါ အစုအဖွဲ့များအား သက်ဆိုင်ရာ ခရိုင်ဌာနဆိုင်ရာ တာဝန်ခံများအား ဦးစီးစေသည်။ အစုအဖွဲ့တိုင်းတွင်လည်း အစုကိုယ်စားလှယ် အသီးသီးကို ပါဝင်ဆွေးနွေးစေသည်။ အစုအဖွဲ့အသီးသီးမှ ရရှိသော သဘောထားဆုံးဖြတ်ချက်များကို မှတ်တမ်းတင်စေသည်။ ပဏာမ ညီလာခံအား တက်ရောက်ဦးဆောင်သော ခရိုင်ခေါင်းဆောင်များမှာ (၁) ဖူးတာအယ်-ခရိုင်ဥက္ကဌ၊ (၂)ပဒိုငွေ တင်-ခရိုင်အတွင်းရေးမှူး၊ (၃)ပဒိုခလီစေး-ခရိုင်တွဲဘက်အတွင်းရေးမှူး၊ (၄)ပဒိုစကောလေး-ခရိုင်ပညာရေး နှင့်ယဉ်ကျေးမှုဌာနတာဝန်ခံ၊ (၅)ပဒိုမန်းချယ်-ခရိုင်ပညာပေးရေးနှင့်အသင်းအဖွဲ့ဖွဲ့စည်းရေးဌာနတာဝန်ခံ၊ (၆)ပဒိုအောင်ရင်-ခရိုင်သစ်တောဌာနတာဝန်ခံ၊ (၇)ဗိုလ်မှူးကုလ-ခရိုင်သယ်ယူပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဌာနတာဝန်ခံ၊ (၈)ဗိုလ်မှူးထောဂေ-KNDO တပ်ရင်း (၆)တပ်ရင်းမှူး တို့ ခေါင်းဆောင်ကြသည်။ သူ၏ အစုအဖွဲ့မှာ နိုင်ငံရေး အစုအဖွဲ့ဖြစ်သည်။ နိုင်ငံရေးအစုအဖွဲ့အား ပဒိုခလီစေးမှ ဦးဆောင်သည်။ နိုင်ငံရေးအစုအဖွဲ့တွင် ခရိုင်အတွင်းရေးမှူး၏ နိုင်ငံရေးအစီရင်ခံစာအား လာမည့်ခရိုင်ကွန်ကရက် (ညီလာခံ) သို့ တင်သွင်းရမည်ဖြစ်၍ ဝေဖန်သုံးသပ် ဆွေးနွေးစေသည်။

အတွင်းရေးမှူးအစီရင်ခံစာတွင် မဆလ၏ အညမည သဘောတရားအား သုံးသပ်သော စာပိုဒ်တွင် ကမ္ဘာ့လက်ဝဲဆိုရှယ်လစ်သဘောတရားများနှင့် လွဲချော်နေခြင်းနှင့် ပတ်သက်၍ “မဆလ ဆရာကြီးများက မသိ၍မဟုတ်၊ သိလျက်နှင့် မျက်လှည့်ပြနေခြင်းဖြစ်သည်” ဟူသော စာကြောင်းကို သူက ထည့်သွင်းရန်မလိုအပ်ကြောင်း၊ မဆလ စစ်အုပ်စုသည် လက်ဝါးကြီးအုပ် အရင်းရှင်သာဖြစ်ကြောင်း၊ ရန်သူကို သတ်မှတ်ရာတွင် တိကျပြတ်သားမှုရှိရန် လိုအပ်ကြောင်း တင်ပြဆွေးနွေးရာတွင် ပဒိုခလီစေး နှင့် အခြေအတင်ဖြစ်ခဲ့ရသည်။ ထိုစာကြောင်းအပေါ် ကျန်အစုအဖွဲ့ဝင်အချို့က ဖြုတ်ပစ်ရန် မလိုအပ်ကြောင်း၊ သို့သော် ထိုစာကြောင်းနှင့် ပတ်သက်၍ ခရိုင်ညီလာခံသို့ ဆက်လက်ဆွေးနွေးသွားရန် ဆုံးဖြတ်လိုက်ကြသည်။ ပဏာမအကြိုညီလာခံ၏ နောက်ဆုံးရက်တွင် ခရိုင်ဥက္ကဌကြီးမှ ဦးဆောင်ပြီး ဆွေးနွေးပွဲ အခြေအတင်ဖြစ်မှုအပေါ် ညှိနှိုင်းပေးသည်။ သူ့ဘက်မှ ဆရာမန်းအောင်ဌေး က ရပ်တည်ဆွေးနွေးသည်။

အဆိုပါ ခရိုင် ပဏာမအကြိုညီလာခံတွင် ဆရာဆာကဆော (လက်ရှိ USA)၊ ဆရာမန်းအောင်ဌေး (လက်ရှိ နယူးဇီလန်)၊ ပဒိုမန်းချယ် (ခရိုင်ပညာပေးရေးနှင့်အသင်းအဖွဲ့ ဖွဲ့စည်းရေးဌာနတာဝန်ခံ) တို့နှင့် တိုင်ပင်ပြီး နောက် ခရိုင်ဥက္ကဌကြီး၏ သဘောတူညီချက်ဖြင့် သတင်းစဉ် တစောင်ထုတ်ဝေကြသည်။ စာစောင်ထုတ်ဝေရေး၏ တာဝန်ခံမှာ ပဒိုမန်းချယ် ဖြစ်ပြီး ထိုစာစောင်၏ အယ်ဒီတာမှာ ဆရာမန်းအောင်ဌေး ဖြစ်သည်။ စာစောင်အပြင်အဆင်ကို ဆရာဆာကဆော မှ တာဝန်ယူသည်။ သတင်းစဉ်၏ အမည်အား “တာကပေါ် သတင်းစဉ်” ဟု အမည်ပေးလိုက်သည်။

ထို ပဏာမညီလာခံကျင်းပသည့် တပတ်အတွင်း သူသည် နေ့လည်ပိုင်းတွင် ဆွေးနွေးပွဲကို အချိန်ပြည့်တက်ရောက်ခဲ့သည့်အပြင် ညပိုင်းတွင် ဖယောင်းတိုင်မီးဖြင့် တော်လှန်သောဆောင်းပါးများနှင့် ကဗျာကို ရေးသားခဲ့သည်။ သူ ရေးသားသော ဆောင်းပါးများမှာ (၁)အစဉ်အလာဥခွံဟောင်းကိုရိုက်ခွဲပစ်ကြ၊ (၂) နမော်နမဲ့မနိုင်နဲ့၊ (၃)တော်လှန်တဲ့မျိုးချစ်သဘောတရားကိုလေးလေးနက်နက်ခံယူကျင့်သုံးကြ ဟူသော ဆောင်းပါးများဖြစ်သည်။ သူရေးသော ဆောင်းပါးများအနက် “အစဉ်အလာဥခွံဟောင်းကိုရိုက်ခွဲပစ်ကြ” ဟူသော ဆောင်းပါသည် ပဏာမအကြို ခရိုင်ညီလာခံအား တစုံတရာ ရိုက်ခတ်စေသည်။ ဆောင်းပါး၏ ရည်ရွယ်ချက်မှာ လူငယ်များမှ အစဉ်အလာဟူသော အတွေးအခေါ် လောင်းရိပ်အောက်မှ ကင်းလွတ်ပြီး လွပ်လပ်သော ကိုယ်ပိုင်အတွေးအခေါ်များ ရှင်သန်ရန်နှင့် မင်းမဲ့စရိုက်ကို ရှောင်ကြဉ်နိုင်ရန်တို့ဖြစ်သည်။ ထို့အပြင် သူရေးသားသော ကဗျာခေါင်းစဉ်မှာ “ဒုက္ခိတတော်လှန်ရေးသမားအိုကြီး၏ဩဝါဒစကား” ဖြစ် သည်။ ကဗျာစာသား ဖွဲ့နွဲ့မှုမှာ အိုမင်းနေသော တော်လှန်ရေးသမားကြီးတဦး၏ဘ၀ကို သရုပ်ဖေါ်ပြထားခြင်းဖြစ်သည်။ အဆိုပါ တော်လှန်ရေးသမားကြီးသည် ခြေတဖက်၊ လက်တဖက်ပေးဆပ်ခဲ့ရပြီး ယခုအခါတွင် မျက်စေ့မွဲ၊ နားထိုင်း၊ ခါးကိုင်းကာ ချိုင်းထောက်နှင့် လမ်းလျှောက်နေရကြောင်း၊ ထိုတော်လှန်ရေးသမားကြီး၏ အတွေ့အကြုံအရ၊ တော်လှန်ရေးအတွင်း ကိုယ်ကျိုးရှာအချောင်သမားများ မရှိမှသာ တော်လှန်ရေးအောင်ပွဲခံနိုင်ကြောင်းကို လူငယ်ရဲဘော်များအား ဩဝါဒစကားဖြစ်ကြောင်းကို ရေးစပ်ဖွဲ့ဆိုထားသော ကဗျာတပုဒ်ဖြစ်သည်။ ဆောင်းပါးကို ရေးသားရာတွင် ကလောင်အမည်မှာ “ဖူးယော်ဟဲ” ဖြစ်ပြီး ကဗျာကို “ဇွတ်ကလေး” ဟူသော ကလောင်အမည်နှင့် ရေးသားခဲ့သည်။

အခြားသော ရဲဘော်များလည်း ဆောင်းပါးများ၊ ကဗျာများ “တာကပေါ်သတင်းစဉ်” ကို ပေးပို့ကြပါသည်။

ဆရာဆာကဆော၏ ကွမ်းသီးပင် တက်သော ရုပ်ပြောင်ကာတွန်းမှာ နာမည်ကြီးသွားပါသည်။ ကွမ်းသီးပင်တက်သည့် ရုပ်ပြောင်ကာတွန်းမှာ အပေါ်က တက်နေသူ တယောက်ကို အောက်က လိုက်တက်သူက “တက်လျှင်လည်း အဖျားရောက်အောင်တက်ပါ၊ မတက်နိုင်လျှင်လည်း ပြန်ဆင်းလာပါ၊ အောက်က လူအတွက် လမ်းဖွင့်ပေးပါ” ဟု ရုပ်ပြကာတွန်းအဖြစ် လှောင်ပြောင်ထားခြင်းဖြစ်သည်။ ပဏာမအကြို ညီလာခံအား တပတ်ကြာ ကျင်းပခဲ့သည်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect