ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၇)

(စတက်နေ-ပန်းတနော်)

အပိုင်း (၇)

(၁၁)

ဝေါ်လေ ခရိုင်ညီလာခံ

ပထမအကြို ခရိုင်ညီလာခံ၏ သဘောတူဆုံးဖြတ်ချက်အရ ခရိုင်ညီလာခံအား KNU ကော့ကရိတ်မြို့နယ် တွင်းရှိ မိနအပ်ကျေးရွာ သို့မဟုတ် ခရိုင်-အခြေခံဒေသနယ်မြေတွင်းရှိ အဇင်းကျေးရွာတွင် ပြုလုပ်ရန်ဖြစ်သည်။ သို့သော် တရက်တွင် သူက ခရိုင်ရုံးသို့ ကိစ္စတခုနှင့် သွားနေစဉ် လမ်းခရီးတွင် ခရိုင်ဥက္ကဌကြီးနှင့် လမ်းတွင်ဆုံသည်။ ခရိုင်ဥက္ကဌကြီး က ကားရပ်ပြီးနောက် သူ့အား ကြေးနန်းတစောင်ထုတ်ပေးသည်။ ထိုကြေးနန်းစာမှာ ဗိုလ်မှူးချုပ်ရွှေဆိုင်း ထံမှ ခရိုင်ဥက္ကဌကြီးထံသို့ ပေးပို့သော ကြေးနန်းစာ ဖြစ်ကြောင်းတွေ့ရသည်။ ကြေးနန်းစာတွင် ဗိုလ်မှူးချုပ်ရွှေဆိုင်း မှ “ကျနော်…ဒီမိုကရေစီကို လက်မခံ၍ မဟုတ်ကြောင်း၊ ခရိုင်ညီလာခံကို ပြုလုပ်ပါက ဝေါ်လေရွာတွင် ပြုလုပ်ရန် သင့်တော်ကြောင်းနှင့် ဝေါ်လေတွင် ခရိုင်ညီလာခံအတွက် နေရာထိုင်ခင်းများကိုလည်း ပြင်ဆင်ထားမည်ဖြစ်ကြောင်း” ပါရှိပါသည်။ သူက ကြေးနန်းစာကို ဖတ်ပြီးသည့်နောက် ခရိုင်ဥက္ကဌကြီးထံ ပြန်ပေးလိုက်ပါသည်။ ခရိုင်ဥက္ကဌကြီး ၏ မျက်နှာကို လှမ်းကြည့် လိုက်သောအခါ “ဘယ်လိုလဲ”ဆိုသည့် အဓိပ္ပါယ်မျိုး ထွက်နေပုံပေါ်သည်။

၁၉၈၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခရိုင်ညီလာခံအား ဝေါ်လေကျေးရွာတွင် ကျင်းပလိုက်သည်။ ကိုယ်စားလှယ် (၂၀၀)ဝန်းကျင်ခန့် ရှိသည်။ သူလည်း ညီလာခံ ကိုယ်စားလှယ်တဦးဖြစ်ခဲ့သည်။ အဆိုပါ ခရိုင်ညီလာခံသို့ တက်ရောက်ရန် KNU ဗဟို မှ ပဒိုဘောယူဖေါ အား တာဝန်ပေးစေလွှတ်သည်။

ညီလာခံ ကျင်းပသောအခါ အစီအစဉ်အတိုင်း ဆောင်ရွက်ပါသည်။ ပဏာမ အကြို ခရိုင်ညီလာခံ၏ သဘောထား နှင့် ဆုံးဖြတ်ချက်များအခန်းကိုရောက်သောအခါ မှတ်တမ်းတင်ထားသည့်အတိုင်း သူက ထပြီးဆွေးနွေးရသည်။ ညီလာခံတွင် အယဉ်ကျေးဆုံးနှင့် အသိမ်မွေ့ဆုံး အသုံးအနှုန်းနှင့် ပြောဆိုနိုင်ရန် သူက စဉ်းစားထားပြီးဖြစ်သည်။ အကြောင်းမှာ ထိုညီလာခံတွင် စိန်ခေါ်မှုများ ရှိနိုင်ကြောင်း သူက သတင်းကြိုရရှိထားသည်။ ထို့ကြောင့် သူက ထ ဆွေးနွေးသောအခါ ပဒိုခလီစေး က ဘာမှ မပြောဘဲနေသည်။ ထိုအခါ ဗိုလ်မှူးချုပ်ရွှေဆိုင်း က “အစီရင်ခံစာမှာရေးထားတာတွေက အမှန်တွေချည်းဘဲ၊ ဘာမှ ပြင်ဆင်စရာမလိုဘူး” ဟု ပြောသည်။ သူက “ပဏာမညီလာခံတွင် တင်ပြထားသည့်အတိုင်း နေဝင်းစစ်အစိုးရ၏ မဆလ သဘောတရားအား ဝေဖန်သုံးသပ်ရာတွင် ဖတ်ရှုလေ့လာသူများအတွက် ရှုတ်ထွေးနိုင်သဖြင့် “မဆလဆရာကြီးများက မသိ၍မဟုတ်၊ သိလျှက်နှင့် မျက်လှည့်ပြနေသည်” ဟူသောစာကြောင်းအား မထည့်သွင်းလျှင် ကောင်းမည်ဖြစ်ကြောင်း ဆွေးနွေးသည်။ သို့သော်လည်း ဗိုလ်မှူးချုပ်ရွှေဆိုင်း က အစီရင်ခံစာရှိ ထိုစာကြောင်းကို ဖျက်ရန်မလိုကြောင်း ရပ်တည်ထားသည်။ ထို့ကြောင့် သူ၏ဆွေးနွေးချက်များကို “ညီလာခံကမှတ်တမ်းတင်ထားပေးရန်” တောင်းဆိုသည်။ KNDO မှ ဗိုလ်မန်းသိန်း က အဆိုပါကြောင်းအရာအား ဆက်လက်ဆွေးနွေးသောအခါ ဗိုလ်မှူးချုပ်ရွှေဆိုင်း က “မင်းတို့ ပညာစမ်းချင်ရင် ညီလာခံအပြင်မှာ သွားစမ်းကြ” ဟု ပြော လိုက်သည်။ နောက်ဆုံး မဲခွဲ ဆုံးဖြတ်ရာတွင် သူ့ဘက်တွင် လူ (၂၀)ကျော်သာ ရှိသည်။ မပြင်ရေးဘက်က အနိုင်ရသွားခဲ့သည်။ ညီလာခံပြီးမှ ဗိုလ်မှူးလားကပေါ် တို့ သူနှင့် လာဆွေးနွေးကြပါသည်။ ဗိုလ်မှူး လားကပေါ် က “ခင်ဗျားတို့ ဆွေးနွေးတဲ့ အချိန်တုန်းက ကျနော် သဘောမပေါက်ခဲ့ဘူး”ဟု လာပြော ပါသည်။ ညီလာခံအပြီး တပတ်နှစ်ပတ်အကြာခန့်တွင် ဗိုလ်ချုပ်မြမောင် နှင့် ဝေါ်လေ မှာ ဆုံပါသည်။ ဗိုလ်ချုပ်မြမောင်လည်း ညီလာခံ၏ သတင်းကို ကြားသိထားဟန် ရှိပါသည်။ ဗိုလ်ချုပ်မြမောင် က “ဒီကောင်တွေ.. လူငယ်တွေက သူတို့ရဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ပေးသင့်တယ်၊ ဒီလိုတော့ မလုပ်သင့်ဘူး”ဟု မှတ်ချက်ပေးသည်။

အမှန်တကယ်တွင် ဗိုလ်မှူးချုပ်ရွှေဆိုင်း ကို သူက အထင်ကြီး လေးစားခဲ့သူဖြစ်သည်။ ဗိုလ်မှူးချုပ်ရွှေဆိုင်း ထံမှ မမျှော်လင့်သော စကားကို ကြားလိုက်ရသောအခါ စိတ်မကောင်းဖြစ်ခဲ့သည်။ ညီလာခံပြီးသောအခါ ချက်ချင်း အိမ်ကို မပြန်နိုင်ပါ။ ဘာရောဂါမျှမရှိဘဲနှင့် နေမကောင်း ဖြစ်ခဲ့ရသည်။ “ကရင့်တော်လှန်ရေးတော့ သွားပြီ”ဟုသာ သူ့စိတ်ထဲတွင် ခံစားမိသည်။ တနှစ်ခန့် နေထိုင်မကောင်း ဖြစ်ရသည်။ နောက်ပိုင်းတွင် သူက ပြန်ပြီး ကျန်းမာရေးနှင့် ဆိုင်သောစာများကို ဖတ်ကြည့်သောအခါ “စိတ်ကျရောဂါ” ဖြစ်နိုင်သည်ဟု နား လည်လိုက်သည်။ ယောက္ခမဖြစ်သူက ဆေးဆရာတဦးဖြစ်၍ သူ့ အခြေအနေကို သိလိုက်ပုံပေါ်သည်။ ယောက္ခမကြီး၏ ပြုစုကုသပေးမှုကြောင့် ပြန်ကောင်းလာရသည်။ လိုအပ်သော အစားအစာများကို စီစဉ်ပေးခဲ့သော ဆရာမနောဖိုး (ဗိုလ်မှူးလားကပေါ်၏ဇနီး)အား အထူးကျေးဇူးတင်မိပါသည်။

(၁၂)

၁၉၈၆ ခုနှစ် ရန်သူထိုးစစ်

၁၉၈၆ ခုနှစ်၊ မိုးရာသီကာလတွင် ခရိုင်-အခြေခံဒေသတွင်းသို့ ရန်သူတပ်များ ထိုးစစ်ဆင်လာပါသည်။ သတင်းရရှိသော အချိန်မှာ ညနေစောင်းနေပြီ ဖြစ်သည်။ သူက အဖွဲ့အစည်း၏ နောက်ပိုင်း မိသားစုများကို ပြောင်းရွှေ့ပေးရန် တာဝန်ယူရပါသည်။ ထို့ကြောင့် သူသည် နောက်ပိုင်း မိသားစုများကို ခေါ်စုပြီး ကစယ်ဖိုးခလဲ ရွာသို့ ပြောင်းရွှေ့ပေးသည်။ မိုးချုပ်လာချိန်တွင် သူတို့ရွှေ့ပြောင်းသည့်ဘက်သို့ ရန်သူများ ဦးတည်လာကြောင်း သတင်းထပ်မံဝင်လာသည်။ မိုးလည်းချုပ်ပြီး မိုးလည်းရွာနေသည်။ သူ့တွင် ခလေး၊ လူကြီး အားလုံး (၄၀)ဝန်းကျင် ရှိသည်။ သူ၏ ဇနီး ကိုယ်၌က ကိုယ်ဝန်ရှိနေသည်။ သို့ဖြစ်၍ “ကျော်ခီး” ကျေးရွာသို့ ပြောင်းရွှေ့ကြရန် သူက ညွှန်ကြားပါသည်။ ကျော်ခီးကျေးရွာသို့ ရောက်ရှိရန် တောင်ကျချောင်း (၃)ခု ကျော်ဖြတ်ရမည်။ ညကလည်း မှောင်နေပြီး မိုးလည်းရွာနေ၍ စိုးရိမ်ရပါသည်။ သို့သော် သူလိုက်ပါသွား၍ မဖြစ်ပါ။ အကြောင်းမှာ ပဒိုလိလေး၏ ဇနီးသည်မှာ ခလေးငယ် (၃) ယောက်ရှိနေ၍ တယောက်ကို ရင်ခွင်တွင် ပွေ့ချီပြီး နောက်တယောက်ကို ကျောတွင် ပိုးထားရသည်။ နောက်တယောက်မှာမူ ခလေးဖြစ်၍ ခရီးလမ်းကြမ်းကို ကောင်းစွာ မလျှောက်နိုင်သေးပါ။ ထို့အပြင် ရိက္ခာအချို့လည်းပါသည်။ ထို့ကြောင့် အများနောက်သို့ ပဒိုလိလေး၏ ဇနီးသည်မှာ မည်သို့ နည်းနှင့်မျှ မလိုက်နိုင်။ သူက ပဒိုလိလေး ဇနီးသည်နှင့် ခလေးများကို စောင့်ဆိုင်းပြီး ကျန်ခဲ့ရသည်။ သူ၏ ဇနီးသည်ကိုမူ အများနှင့် ထည့်ပေးလိုက်သည်။ ကျေးရွာထဲတွင်လည်း ကျေးရွာလူထုများ တယောက်မျှ မရှိတော့ပါ။ နောက်တနေ့ စောစောမှ နွားလှည်းတစီးကို လိုက်ရှာပြီး ရရှိမှသာ ပဒိုလိလေး ၏ ဇနီးနှင့် ခလေးငယ်များကို လှည်းပေါ်တင်ပြီး ကျော်ခီးရွာသို့ သွားရပါသည်။ နောက်မှ သိရသည်က ရန်သူ၏ စစ်ကြောင်းတကြောင်းသည် ညကတည်းက သူတို့ ရှောင်တိမ်းနေသော တောင်ကုန်းပေါ်သို့ ကြိုတင်ရောက်ရှိနေကြောင်း ထွက်ပြေးလာသော ရန်သူ (ပေါ်တာအထမ်းသမား) ပြောပြချက်အရ သိရပါသည်။ ကံကောင်းသည်ဟု ပြောရပါမည်။

ကျော်ခီးရွာသို့ ရောက်သောအခါ ညက သူလွှတ်လိုက်သော မိသားစုများနှင့် ဆုံပါသည်။ ထိုမိသားစုများ ၏ ပြောပြချက်အရ တိမ်းရှောင်နေကြသော လူထုများက အဖွဲ့အစည်းဝင် မိသားစုများနှင့် အတူမနေရဲကြောင်း၊ ရွာသားများ၏ ပုန်းအောင်းသည့် စခန်းများဆီသို့လည်း သွားခွင့်မပေးကြောင်း၊ အဖွဲ့အစည်းဝင်များ၏ မိသားစုများမှ ယင်းတို့၏ အခက်အခဲများ ကို တင်ပြကြပါသည်။ အဖွဲ့အစည်း၏ မိသားစုများနှင့်အတူ ရန်သူက တွေ့ရှိပါက ဒုက္ခရောက်မည်ဟူ၍ လူထုများက ထင်ကြပါသည်။ အမှန်တကယ်တွင် ယခုလို ခရိုင်-အခြေခံဒေသတွင်းရှိ လူထုများအဖို့ အဖွဲ့အစည်းမိသားစုများနှင့် အတူ တွေ့သည်ဖြစ်စေ၊ အဖွဲ့အစည်းမိသားစုများမပါဘဲ တွေ့သည်ဖြစ်စေ ရန်သူ၏ သဘောထားက တခုတည်းဆိုသည်ကို လူထုများက နားမလည်ကြ၍ ဖြစ်သည်။

ကျော်ခီးရွာ အနီးရှိ လယ်ဆောတီခီး ရွာသို့ ရောက်သောအခါ ဆရာအယ်ကလူရွှေဦး ဦးဆောင်သော တပ်မဟာဆေးတပ်ဖွဲ့နှင့် ဆုံပါသည်။ အဖွဲ့အစည်းမိသားစုများအတွက် ဆေးဝါးနှင့် ဆေးဆရာများ ရှိနေပြီဖြစ်သောကြောင့် ရိက္ခာအတွက်သာ စီစဉ်ပေးရပါသည်။ မကြာခင် ကျော်ခီးရွာ အနောက်ခြမ်းဘက်တွင် သေနတ်သံများကြားရသည်။ ထို့ကြောင့် သူနှင့် အဖေါ်များက ကျော်ခီးရွာ အနောက်ခြမ်းဘက်သို့ အခြေအနေကို သွားရောက်စုံစမ်းသည်။ ပထမက ကြားခဲ့သော သေနတ်သံမှာ ရန်သူ၏ ရှေ့ပြေးတပ်ဖွဲ့က လမ်းကြောင်းကို ရှင်းသည့်အနေနှင့် ပစ်ခတ်ခြင်းဖြစ်၍ ရန်သူ၏ ပင်မတပ်ဖွဲ့ကြီးမှာ ကျော်ခီးကျေးရွာ၏ အနောက်ခြမ်း ကုန်းကျောနေရာတွင်ပင် ရှိနေကြောင်း သိလိုက်ရသည်။

တနာရီခန့် ကြာမည်ထင်သည်။ ရန်သူတပ်သည် အဇင်းကျေးရွာသို့ ရောက်သွားကြောင်း သတင်းရလိုက်သည်။ ရန်သူတပ်ချသွားသော နေရာများကို လိုက်လံစစ်ဆေးနေစဉ် ဗုံးတလုံး ပေါက်ကွဲသံကြားလိုက်ရ၍ သူတို့အဖွဲ့၏ အရှေ့ဘက်တွင်ရှိသော ပဒိုဆာဒို၊ ဆရာစောအောင်တို့ အဖွဲ့က “ဘယ်ကမြည်တဲ့အသံလဲ” ဟု လှမ်းမေးသည်။ ရုတ်တရက်တရက်ကြားလိုက်ရသောအသံကြောင့် ကြောင်ပြီး တဦးနှင့်တဦး ရပ်ကြည့်လိုက်ကြသည်။ ခဏအကြာတွင် ခေါ်သံကြား၍ လိုက်ကြည့်ရာတွင် ရွာသားတယောက် ဗုံးထိနေကြောင်း တွေ့ရသည်။ ခြေတဖက်မှာ စုတ်ပြတ်သတ်ကုန်သည်။ သူတို့တတွေ ပူးပေါင်းကြပြီးနောက် လူနာကို ဆရာအယ်ကလူရွှေဦး ရှိရာသို့ ထမ်းပို့လိုက်သည်။ ထိုလူနာသည် မကြာမီတွင် သေဆုံးသွားသည်။ သူတို့တတွေ ကံကောင်းသည်ဟု ဆိုရမည်။ အမှန်တကယ် ရန်သူက ထိုနေရာတွင်ပင် ဗုံး (၃)လုံးကို ဖိုခနောက်ဆိုင် ပုံစံနှင့် ထောင်ထားခဲ့သည်။ လူနာကို ထမ်းပို့သူများ ဝါးခုတ်သွားလာနေကြသော်လည်း မနင်းမိကြ၍ တော်သေးသည်ဟု ဆိုရမည်။ ကျန်ရစ်ခဲ့သော ဗုံး (၂)လုံးမှာလည်း တနှစ်စီခြားပြီး ပေါက်ကွဲသွားသည်။ နွား တကောင်နှင့် ကျွဲတကောင်စီ ခြေပြတ်သွားသည်။

ထိုကာလတွင် ဗိုလ်ဆာသာဖွီး မှာ ပြောက်ကျားစစ်ရေးတွင် နာမည်ရနေသော အချိန်ဖြစ်သည်။ ထို့ကြောင့် ဗိုလ်မှူးချုပ်ရွှေဆိုင်း မှ ခရီးလွန်နေသော ဗိုလ်ဆာသာဖွီး ကို ခေါ်ယူလိုက်သည်။ ဗိုလ်ဆာသာဖွီး တို့ တပ်ဖွဲ့လည်း တညလုံး မအိပ်ဘဲ ခရီးပြင်း ချီတက်လာခဲ့သည်။ ရန်သူတပ်များအား ဖားကလောနီရွာနား အနီးတွင် မှီလိုက်သည်။ ဗိုလ်ဆာသာဖွီး ပြောက်ကျားတပ်ဖွဲ့တို့အပြင် တပ်မဟာမှ တပ်ဖွဲ့အချို့၏ ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်မှုကိုခံရသော ရန်သူတပ်မှာ အသေအပျောက် အကျအဆုံး များပြားခဲ့ရသည်။ ထို့ကြောင့် ရန်သူသည် လေယာဉ်ပျံများကို မှာယူလိုက်ရသည်။ ထိုအခါ ခရိုင်ဥက္ကဌကြီး ဖူးတာအယ် မှ မိမိတို့ တပ်ဖွဲ့များမှ ကိုက်အနည်းငယ် ဆုတ်ပေးရန် ညွှန်ကြားလိုက်သော အခါမှသာ ရန်သူများ ထွက်ပေါက်ရသွားကြသည်။ ရန်သူက အလောင်းများကို ချန်ရစ်ခဲ့ပြီး ကိုယ်လွတ်ရုန်းကာ ထွက်ပြေးကြရသည်။ အဆိုပါ ခရိုင်ဥက္ကဌ၏ ညွှန်ကြားချက်နှင့်ပတ်သက်ပြီး တပ်မှူးအချို့က မကျေနပ်ကြပါ။ ပိတ်မိနေသောရန်သူတပ်ဖွဲ့ကို ချေမှုန်းရန် အနည်းငယ်သာလိုတော့သည်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect