(စတက်နေ-ပန်းတနော်)
အပိုင်း (၁၂)
(၂၁)
(၁၂) ကြိမ်မြောက် KNU ကွန်ကရက်။
(၁၂)ကြိမ်မြောက် KNU ကွန်ကရက် (ညီလာခံ)ကို ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီလအတွင်း KNU ဖာအံခရိုင်ရှိ လေးဝါးစခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ KNU ကွန်ကရက် သို့ ဒူးပလာယာခရိုင် ကိုယ်စားလှယ် အဖြစ်တက်ရောက်ရန်အတွက် ခရိုင်ဥက္ကဌမှ သူနှင့် ပဒိုလိလေးအား မှာယူလိုက်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် မတူသောတာဝန်ကျရာ နယ်မြေမှတဆင့် ပြန်လာခဲ့ကြပြီး ထိုင်းနိုင်ငံရှိ မဲဆောက်မြို့တွင် ပြန်လည်ဆုံ တွေ့ကြသည်။ ပဒိုလိလေး နှင့် ဆုံမိသောအခါ ပဒိုလိလေး ၏ မျက်စိနှင့် ခန္ဓာကိုယ်တခုလုံး နနွင်းသုတ်လိမ်း ထားသကဲ့သို့ အရောင်များဝါနေသည်ကို သူက အထူးပင် အံ့အားသင့်ကာ စိတ်မကောင်းလည်း ဖြစ်မိသည်။ သို့သော် ပဒိုလိလေး က ပြုံးရွှင်စွာနှင့်ပင် သူ့အား ဆီးကြိုနှုတ်ဆက်သည်။ သူတို့နှစ်ဦး မဲဆောက်မြို့ (ဓါတ်ဆီဆိုင်) တွင် ရှိနေစဉ် ဗိုလ်မှူးချုပ်မူတူးစေးဖိုး မှ မကြာမီပြုလုပ်ကျင်းပတော့မည့် KNU ကွန်ကရက် တွင် KNU ဥက္ကဌ ၏ နေရာတွင် ဗိုလ်မှူးချုပ်ရွှေဆိုင်း အား မဲပေးရန် မဲဆွယ်သည်။ သူတို့ နှစ်ယောက်လည်း တယောက်မျက်နှာ တယောက်ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ထိုအခါ ဗိုလ်မှူးချုပ်မူတူးစေးဖိုး က ဗိုလ်မှူးချုပ်ရွှေဆိုင်း အား မဲပေးရန် ဆန္ဒမရှိပါက ပဒိုဘသင် အား မဲပေးရန် ထပ်မံ၍ ပြောပြန်သည်။ သို့ သော် သူတို့နှစ်ယောက်စလုံး ဘာမှပြန်မပြောဖြစ်ပါ။ ထို့နောက် သူတို့နှစ်ယောက်သည် ပဒိုမန်းရှာလားဖန်း အိမ်သို့ အလည်သွားကြသည်။ ပဒိုမန်းရှာလားဖန်း နှင့် တွေ့သောအခါ ဗိုလ်မှူးချုပ်မူတူးစေးဖိုး ပြောသည် များကို ပဒိုမန်းရှာလားဖန်း အား ပြန်လည်ပြောပြခဲ့သည်။ ပဒိုမန်းရှာလားဖန်း က “အကယ်၍ဗိုလ်ချုပ်ကြီး ဘိုမြ က KNU ဥက္ကဌ မဲကို မရရှိပါက အခြေအနေမှာ တမျိုးတမည်ဖြစ်နိုင်ကြောင်း” ပြန်ပြောသည်။
ထို့နောက် သူတို့တတွေ KNU ကွန်ကရက် ကျင်းပပြုလုပ်မည့် လေးဝါးစခန်းသို့ ကားဖြင့် ထွက်ခွာသွားကြ သည်။ လေးဝါးစခန်းသို့ ရောက်သောအခါ ပဒိုအယ်ကလူရွှေဦး မှ သူ့ထံသို့ရောက်လာပြီး ပဒိုလိလေး ကျန်း မာရေးနှင့် ပတ်သက်သော ဆရာဝန်၏ စစ်ဆေးတွေ့ရှိချက် မှတ်ချက်များနှင့် စာရွက်များအား တခုစီချင်းစီ ထုတ်ပြသည်။ ပဒိုလိလေး ၏ အသဲတွင် အပေါက်များ ရှိနေ၍ ကင်ဆာဖြစ်နိုင်ဘွယ်ရှိကြောင်း၊ ပဒိုလိလေး အား ပြောပြသင့်၊ မသင့် သူ့အား အကြံဉာဏ်တောင်းခံသည်။ ပဒိုဇော်နောင်က “မကြာမီကွန်ကရက်တက် ရမည်ဖြစ်၍ ကွန်ကရက်ပြီးမှသာ ပြောပြလျှင်ကောင်းမည်” ဟု အကြံပြုလိုက်သည်။
ဤသို့ဖြင့် KNU ကွန်ကရက်သည် သတ်မှတ်ချိန်အတွင်း အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သည်။ ထို ကွန်က ရက်တွင် KNU ၏ ထိပ်ပိုင်း ခေါင်းဆောင်ကြီးများကို အောက်ပါအတိုင်း ရွေးကောက်တင်မြှောက်လိုက် ကြသည်။



၁။ ဥက္ကဌ (ပဒိုဘသင်စိန်)။
၂။ ဒု-ဥက္ကဌ (ဗိုလ်ချုပ်ကြီးဘိုမြ)။
၃။ အထွေထွေအတွင်းရေးမှူးချုပ် (ပဒိုမန်းရှာလားဖန်း)။
၄။ တွဲဘက်အတွင်းရေးမှူး (၁) (ပဒိုထူးထူးလေး)။
၅။ တွဲဘက်အတွင်းရေးမှူး (၂) (ပဒိုဒေးဗစ်သာကပေါ်) တို့ ဖြစ်ကြသည်။
KNU ဥက္ကဌ အား ရွေးကောက်ရာတွင် ပဒိုဘသင်စိန် မှ ရသော မဲမှာ ဗိုလ်ချုပ်ကြီးဘိုမြ ရသော မဲထက် (၁) မဲ သာ ပိုသည်။ တချို့၏ အပြောအရ မဲပေးချိန်တွင် ဗိုလ်မှူးသန်းမောင် (သို့မဟုတ်) ဗိုလ်မှူးလှရွှေ တဦးမဟုတ် တဦးက ကျန်းမာရေးမကောင်းသဖြင့် ကွန်ကရက်ခန်းမသို့ မသွားနိုင်၍ ဘားတိုက်တွင် ကျန်ခဲ့သည်။ အကယ်၍ ဗိုလ်မှူးသန်းမောင် (သို့မဟုတ်) ဗိုလ်မှူးလှရွှေ တဦးဦးက ကွန်ကရက်ခန်းမတွင် ရှိနေပါက ဗိုလ် ချုပ်ကြီးဘိုမြ အား မဲပေးမှာ သေချာကြောင်းပြောကြသည်။ ရွေးကောက်ပွဲကော်မရှင်၏ မသေချာခြင်း လည်း ဖြစ်နိုင်သည်။ မလာနိုင်သော ကိုယ်စားလှယ်ကလည်း ရွေးကောက်ပွဲကော်မရှင်ထံသို့ ခွင့်တိုင်ရန် မေ့ လျော့နေခြင်းလည်း ဖြစ်နိုင်သည်။
KNU ၏ ထိပ်ပိုင်း ခေါင်းဆောင် (၅)ဦးကို ရွေးချယ်တင်မြှောက်ပြီးသည့်နောက် အသစ်တက်လာသော ခေါင်း ဆောင်များမှ KNU ၏ မူအရ၊ ဥက္ကဌ နှင့် အတွင်းရေးမှူး တို့သည် သဘာပတိထိုင်ခုံနှင့် အခန်းအနားမှူးထိုင်ခုံ တို့တွင် တက်ရောက်နေရာ ယူရမည်ဖြစ်သည်။ သို့သော် ပဒိုဘသင်စိန် သည် သဘာပတိ ထိုင်ခုံသို့ သွား၍ နေရာယူခြင်းကို ချက်ခြင်း မပြုလုပ်ပါ။ (၁၅) မိနစ်ကျော်ခန့် နေရာတွင် ထိုင်နေသည်။ ဘာမှလည်း မပြောမဆိုဘဲ ငြိမ်၍သာနေသည်ဖြစ်၍ ကိုယ်စားလှယ်များမှ ပဒိုဘသင်စိန် အား တလှည့်၊ ဗိုလ်ချုပ်ကြီးဘိုမြ အား တလှည့်စီကြည့်ပြီး ငြိမ်သက်နေကြသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးဘိုမြ သည် မနေသာ၍လား စိတ်မရှည်၍ လား မပြောတတ်၊ “ဘသင်နေရာယူ”ဟု ကရင်လိုပြောလိုက်မှဘဲ ပဒိုဘသင်စိန် သည် သဘာပတိထိုင်ခုံဆီ သို့ တက်သွားပြီး နေရာယူလိုက်သည်။
ထို (၁၂) ကြိမ်မြောက် ကွန်ကရက် တွင် အရံ ဗဟိုကော်မတီဝင် အဖြစ် သူ့အား ရွေးချယ်လိုက်ကြသည်။ ကွန် ကရက် ကျင်းပနေစဉ် တရက် မနက်စောစောအချိန်တွင် သူသည် တည်းခိုနေသော ဘားတိုက်မှ သောင် ရင်း မြစ်ကမ်းစပ်သို့ အညောင်းပြေ လမ်းလျှောက်ထွက်ခဲ့သည်။ မြစ်၏ တဖက်ကမ်းသို့ လှမ်းကြည့်လိုက်သော အခါ ယူနီဖေါင်း အနက်ရောင်ဝတ်ဆင်ထားသော ထိုင်းစစ်တပ်များက လှုပ်လှုပ်ရွရွ နှင့် တွေ့နေရသည်။ ထို့ နောက် သူသည် ဘားတိုက် သို့ ပြန်လာခဲ့ရာတွင် လမ်း၌ ပဒိုတာဒိုမူး နှင့် ဆုံသည်။ ထိုအခါ ပဒိုတာဒိုမူးက “တဖက်ကမ်းသို့ မသွားရန်” သူ့အား ပြောသည်။ ဘာကိစ္စမှန်း သူမသိ၊ ဘားတိုက်ပေါ်သို့ ပြန်ရောက် သောအခါ ကိုယ်စားလှယ်တချို့က ဟိုတစု ဒီတစုနှင့် တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်ကို တွေ့ရသည်။ မကြာပါ။ ပဒိုမန်းငြိမ်းမောင် က သူ့အနားရောက်လာကာ “ညက အဖြစ်အပျက်တွေ သိလား”ဟု သူ့အား မေးသည်။ သူက မသိကြောင်း ပြန်ပြောသောအခါ ပဒိုမန်းငြိမ်းမောင် က “ဗိုလ်မှူးချုပ်ထင်မောင် တို့ ညက အာဏာသိမ်းဘို့ ကြံစည်ခဲ့ကြောင်း၊ သို့သော် ဗိုလ်မှူးချုပ်ဘောကျော်ဟဲ အား စည်းရုံး၍ မရသဖြင့် အစီအစဉ် ပျက်ခဲ့ရ ကြောင်း”ပြောပြသည်။
ထိုအခြေအနေကို ကြိုသိနေသူများရှိနေ၍ ပဒိုဘသင်စိန်၊ ပဒို ဒေးဗစ်သာကပေါ် နှင့် ပဒိုမန်းရှာလားဖန်းတို့ အား လေးဝါးစခန်းမှ ညတွင်းချင်း တိတ်တဆိတ်ထုတ်ယူလိုက်နိုင်သည်။ ထို့ကြောင့် ပဒိုဒေးဗစ်သာကပေါ် သည် လေးဝါးစခန်း အပြင်ဘက်သို့ ရောက်သောအခါ KNU ကွန်ကရက်ရလာဒ်ကို Media သို့ ဖွင့်ပြော လိုက်နိုင်သောကြောင့် ဗိုလ်မှူးချုပ်ထင်မောင် တို့က လက်လျှော့လိုက်ရကြောင်းလည်း သိရသည်။
ဆက်စပ်တခုမှာ…။
၁၉၉၇ ခုနှစ်တွင် KNU ခေါင်းဆောင်တချို့မှ နိုဖိုးဒုက္ခသည်စခန်း အနီးဝန်းကျင်တွင် အစည်းအဝေးတခုကို လျှို့ဝှက်စွာ ပြုလုပ်ကြောင်းသိရသည်။ တနေ့တွင် ဗိုလ်ချုပ်မန်းကျော်ဖေ (KNDO) မှ သူတို့ဆီ ရောက်လာ ကာ အသင့်ယူလာသော စာအုပ်ကို ဖွင့်ပြခဲ့သည်။ ထိုစာအုပ်ထဲတွင် KNU ခေါင်းဆောင်တချို့၏ တိတ်တ ဆိတ်ခေါ်ယူသော အစည်းအဝေး၏အစီအစဉ်များ ဖြစ်နေကြောင်း တွေ့ရသည်။ အစီအစဉ်၏ အမည်ကို IPC ( Immediate Programme Command) ဟု အမည်ပေးထားကြောင်း တွေ့ရသည်။ အစီအစဉ်များထဲတွင် လာမည့် (၁၂)ကြိမ်မြောက် ကွန်ကရက်တွင် KNU ထိပ်ပိုင်းဆောင်နေရာတွင် ဗိုလ်ချုပ်ကြီးဘိုမြနှင့် ပဒိုမန်းရှာ လားဖန်း အား ဖယ်ရှားထားသည်ကို တွေ့ရသည်။
IPC (Immediate Programme Command) ၏ ဖွဲ့စည်းပုံဇယားထဲတွင် ပါဝင်သူများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ဗိုလ်မှူးချုပ်ရွှေဆိုင်း (ဥက္ကဌ)။
၂။ ဗိုလ်မှူးချုပ်အော်လီဗာ (ဒု-ဥက္ကဌ) ။
၃။ ပဒိုထူးထူးလေး (အတွင်းရေးမှူး)။
၄။ ပဒိုခလီစေး (တွဲဘက်အတွင်းရေးမှူး)။
၅။ ဗိုလ်မှူးချုပ်မူတူးစေးဖိုး (အဖွဲ့ဝင်)။
၆။ ဒေါက်တာမာတာ (အဖွဲ့ဝင်)။
၇။ ပဒိုရွှေရဟဲ (အဖွဲ့ဝင်)။
၈။ ပဒိုကော်စိုး (အဖွဲ့ဝင်)။
၉။ ပဒိုရောဂျာခင် (အဖွဲ့ဝင်)။ စသည်တို့ ဖြစ်ကြသည်။
အဆိုပါ IPC နှင့် ပတ်သက်ပြီး (၁၂)ကြိမ်မြောက် KNU ကွန်ကရက် မတိုင်မီ KNU ဗဟိုကော်မတီအစည်းအ ဝေးတခုတွင် ပဒိုဒေးဗစ်သာကပေါ် မှ “အကယ်၍များ IPC အစီအစဉ်ကြီး ထမြောက်အောင်မြင်သွားပါက KNU သည် ပြိုကျသွားနိုင်ကြောင်း” ထ၍ဆွေးနွေးသည်။ ထို့နောက် ပဒိုလိလေး မှ “IPC နှင့် ပတ်သက်သူ များအား အရေးယူသင့်သလား၊ မယူသင့်ဘူးလား” ဟု ဆွေးနွေးသည်။ ထိုအစည်းအဝေး၏နေ့လည်အား လပ်ချိန်တွင် ပဒိုထူးထူးလေး နှင့် ပဒိုရောဂျယ် တို့က သူ နှင့် ပဒိုလိလေး ထံသို့လာပြီး ပဒိုထူးထူးလေး မှ “ခင်ဗျားတို့ ဘယ်လိုအရေးယူချင်သလဲ၊ ပြောပါ” ဟု ဒေါသဖြင့် လာရောက်ပြောဆိုသည်။ ထိုအခါ ပဒိုရော ဂျယ် ကလည်း “ခင်ဗျားတို့က နိုင်ငံခြားကို များများထွက်ချင်အောင် လုပ်တာလား” ဟု ပြောပြန်သည်။ တရားမဝင်ဟု သူတို့နှစ်ဦးက သဘောထားလိုက်၍ ဥပက္ခာပြုလိုက်သည်။ ဗိုလ်မှူးချုပ်ထင်မောင် က အာဏာ သိမ်းရန် ကြိုးပမ်းခြင်းမှာ IPC နှင့် ဆက်စပ်သည်ဟု သူက ထင်သည်။ ဗိုလ်မှူးချုပ်ထင်မောင် က ဗိုလ်ချုပ် ကြီးဘိုမြ၏ လူဖြစ်သည်။ ထိုကာလတွင် IPC ၏ သတင်းမှာ တိုးတိုးတိတ်တိတ်ဖြင့် KNU အတွင်း သတင်း ပြန့်နှံ့နေပြီဖြစ်သည်။




(၂၂)
၂၀၀၀ ခုနှစ် ခရိုင်ကွန်ကရက် (ညီလာခံ)။
(၁၂) ကြိမ်မြောက် KNU ကွန်ကရက်ပြီးသည့်နောက် သူတို့တတွေ ဒူးပလာယာခရိုင် သို့ ပြန်လာခဲ့ကြသည်။ သို့သော် ပဒိုလိလေး ကိုမူ ဆေးကုသရန်အတွက် မဲဆောက်မြို့တွင် ချန်ရစ်ခဲ့သည်။ ဒူးပလာယာခရိုင်သို့ ပြန် ရောက်သောအခါ ခရိုင်ဥက္ကဌကြီးဖူးတာအယ် နှင့် သူတို့တတွေ ခရိုင်ကွန်ကရက်ကျင်းပနိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ကြပြီး အစီအစဉ်ရေးဆွဲကြသည်။ ခရိုင်ကွန်ကရက်အား ၂၀၀၀ ခုနှစ်၊ မတ်လ (၂၈)ရက် ထိုင်းနိုင်ငံရှိ နယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ရန် သဘောတူဆုံးဖြတ်ကြသည်။ သတ်မှတ်ချိန်သို့ ရောက် သောအခါ မြို့နယ်၊ ခရိုင် နှင့် တပ်ဘက်က ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ကြသည်။ ထို့အပြင် KNU ဗဟိုမှ ဥက္ကဌကြီးစောဘသင်စိန်၊ ပဒိုမန်းငြိမ်းမောင်၊ ပဒိုမန်းစတိလ၊ ဗိုလ်မှူးချုပ်ရွှေဆိုင်း တို့အပြင် KNLA ဗဟိုစစ်ဦးစီးဌာနချုပ်မှ ဗိုလ်ချုပ်ကြီးတာမလာဘော၊ ဗိုလ်မှူးမိုးဖြူ နှင့် ဗိုလ်မှူးဆာတူဂေါ် တို့လည်း တက်ရောက်ကြသည်။
ရွေးကောက်ပွဲ အစီအစဉ်သို့ မရောက်သေးမီ ပဒိုဘသင်စိန် နှင့် ဗိုလ်ချုပ်ကြီးတာမလာဘော တို့က ရွေးကောက်ပွဲနှင့် ပတ်သက်သော လမ်းညွှန်မိန့်ခွန်းပြောကြားသွားကြသည်။ ရွေးကောက်ပွဲအစီအစဉ်သို့ ရောက်သောအခါ ဖူးတာအယ် သည် ဗဟိုကော်မတီဝင်တဦးဖြစ်၍ KNU ဗဟိုဌာနချုပ်မှ ခရိုင်ဥက္ကဌ အဖြစ် တိုက်ရိုက်ခန့်အပ် တာဝန်ပေးထားခြင်းဖြစ်၍ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်မလို။ (မှတ်ချက်။ KNU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ဗဟိုကော်မတီဝင်တဦး အား လိုအပ်ပါက ခရိုင်ဥက္ကဌအဖြစ် တာဝန် ပေး ခန့်အပ်နိုင်သည်)။ ထို့အတူ ဗိုလ်မှူးချုပ်မူတူးစေးဖိုး သည် “တာဝန်ကျရာ ခရိုင်တွင် တပ်မဟာမှူးတာဝန် ထမ်းဆောင်ပါက အလိုအလျောက် ခရိုင် ဒု-ဥက္ကဌ ဖြစ်ရမည်ဟု KNU ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသ ဖြင့် ခရိုင် ဒု-ဥက္ကဌဖြစ်သည်။ ဝင်ရောက်အရွေးခံရန်မလို“။ ထို့ကြောင့် ခရိုင်ဥက္ကဌ နှင့် ခရိုင် ဒု-ဥက္ကဌ နှစ်ဦး စလုံး ရှိနှင့်ထားပြီဖြစ်သည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲတွင် ခရိုင်အတွင်းရေးမှူးမှ စတင်ပြီး လျှို့ဝှက်မဲစနစ် ဖြင့် အဆင့်ဆင့်ရွေးကောက်တင်မြှောက်ကြသည်။ ခရိုင်အတွင်းရေးမှူး မဲတွင် သူက မဲအများဆုံးရရှိသဖြင့် သူ့အား ခရိုင်အတွင်းရေးမှူး အဖြစ် ထို ခရိုင်ကွန်ကရက် မှ ရွေးကောက်တင်မြှောက် အသိအမှတ်ပြုလိုက် သည်။
ခရိုင် တွဲဘက်အတွင်းရေးမှူး နေရာတွင် ဗိုလ်မှူးရွှေမောင်း မှ မဲအများဆုံး ရရှိသဖြင့် ခရိုင် တွဲဘက်အတွင်း ရေးမှူးအဖြစ် ရွေးကောက်တင်မြှောက်အသိအမှတ်ပြုလိုက်သည်။ ဗိုလ်မှူးရွှေမောင်းကဲ့သို့သော တပ်မှူး တဦးက ခရိုင်၏ထိပ်ပိုင်းတာဝန်တွင် ပါဝင်လာသည်ကိုတွေ့ရသဖြင့် သူက ဝမ်းသာမိသည်။ အကြောင်းမှာ တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ အကြား ပြဿနာများ ပေါ်ပေါက်လာပါက အထောက်အကူပြုနိုင်မည်ဟု ယူဆ သောကြောင့် ဖြစ်သည်။
ပဒိုလိလေး မှာ ကျန်းမာရေးမကောင်းသဖြင့် ကွန်ကရက် သို့ မတက်ရောက်နိုင်ပါ။ သို့သော်လည်း ကိုယ်စားလှယ်များက ဝိုင်း၍ မဲပေးကြသောကြောင့် ခရိုင်အမြဲတန်းကော်မတီဝင် တဦးအဖြစ် အရွေးခံရသည်။
ခရိုင်ကွန်ကရက် ကိစ္စရပ်များ ပြီးစီးသောအခါ ပဒိုလိလေး ထံသို့ သွားရောက်ကြည့်ရှုရမည်ဖြစ်သည်။ ထို့ ကြောင့် ဗိုလ်မှူးလားကပေါ် နှင့် တိုင်ပင်ပြီး ပဒိုလိလေး ရှိရာသို့ ကားနှင့် သွားကြသည်။ ဗိုလ်ရန်နိုင် လည်း ပါဝင်သည်။ ထိုအချိန်တွင် ပဒိုလိလေး အား မဲဆောက်ဆေးရုံက လက်လွှတ်လိုက်ပြီး ဖြစ်၍ ထိုင်းနိုင်ငံရှိ ကရင်ရွာတရွာ ဖြစ်သော ဘွဲကလား ဘုန်းကြီးကျောင်း ဇရပ်တခုတွင် ဆေးကုသမှုကို ခံယူနေချိန် ဖြစ်သည်။
သူတို့တတွေ ဘွဲကလား ဘုန်းကြီးကျောင်းသို့ ရောက်သောအခါ ပဒိုလိလေးသည် ဖျာကြမ်း စုပ်စုပ်တချပ် ပေါ်တွင် ပက်လက်အနေအထားနှင့် လဲလျောင်းလျှက်ရှိနေသည်ကို တွေ့ရသည်။ ပဒိုလိလေး၏ ခန္ဓာကိုယ် ပေါ် သို့ နေပြောက်များလည်း ကြိုကြားကြိုကြား ကျရောက်နေသည်။ အဆိုပါ မြင်ကွင်းကြောင့် သူ့ရင်ထဲ ဆို့နင့်သွားစေပါသည်။ “တော်လှန်ရေးသမားတဦး၏ နောက်ဆုံးအခြေအနေက ဒီလိုပါလား” ဟု သူ့စိတ်တွင်း အကြိမ်ကြိမ်အခါခါ ရွတ်ဆိုနေမိတော့သည်။
ထိုအခါ ပဒိုလိလေး ၏ ဇနီး မှ သူတို့ကို တွေ့သောအခါ အားကိုးတကြီးဖြင့် အိမ်သို့ ပြန်ပြီး ကုသလိုကြောင်း ပြောပါသည်။ သူက ပဒိုလိလေး ကို “အိမ်သို့ ပြန်လိုက်မလား” ဟု မေးသောအခါ ပဒိုလိလေး ၏ ပြန်ဖြေသောအသံကို သူကောင်းစွာ မကြားရသဖြင့် ပဒိုလိလေး ၏ ဇနီးမှတဆင့် မေးစေပြီး သူ့အား ပြန် ပြောခိုင်းရသည်။ ပဒိုလိလေး ၏ အသံသည် သဲ့သဲ့သာထွက်၍ ပဒိုလိလေး ၏ ဇနီးပင် ပါးစပ်နားကပ်ပြီး နားထောင်နေရသည်။ ထို့နောက် ပဒိုလိလေး ဇနီးမှ “ကရိကထ များနေအုံးမယ်” ဟု ပြန်ပြောပြသည်။ သူက “ကိစ္စမရှိဘူး၊ ပြန်လိုက်ရင် ပြန်ခေါ်သွားမယ်” ဟု ထပ်ပြောလိုက်သောအခါ “ခင်ဗျားတို့သဘောဘဲ” ဟု ပြန်ပြောသည်။ နောက်တနေ့ မနက်စောစောတွင် အိမ်သို့ ပြန်ခေါ်ရာတွင် လမ်းခုလတ်မှာပင် အသက်ဆုံး သွားပါတော့သည်။ ထိုနေ့က ၂၀၀၀ ခုနှစ်၊ ဧပြီလ (၂၄)ရက်နေ့ ဖြစ်သည်။
ပဒိုလိလေး ကွယ်လွန်သွားသောအခါ အနီးကပ် လုပ်ဖော်ကိုင်ဖက်တဦး ကွယ်လွန်သွားသဖြင့် သူ့တွင် စိတ် မကောင်း ဖြစ်ခဲ့မိသည်။ ထို့အပြင် သူ၏ အထက်တွင် တာဝန်ယူနေသူတဦး ဖြစ်၍ ပဒိုလိလေး က သူ့ထက် တာဝန်ခံရသူ ဖြစ်သည်။ ပဒိုလိလေး မရှိတော့သဖြင့် တာဝန်ခံစရာရှိပါက တိုက်ရိုက် သူ့ခေါင်းပေါ်သို့ ရောက် လာမည်ကို စဉ်းစားရင်းက အားငယ်ချင်သလိုလိုလည်း ခံစားမိသည်။ ခရိုင်ဥက္ကဌကြီးကလည်း အိုမင်းလာ ပြီဖြစ်၍ တခါတရံလည်း မေ့လျော့နေသည်။ မသွားနိုင် မလာနိုင်တော့ပါ။ ခရိုင် ဒု-ဥက္ကဌ ဗိုလ်မှူးချုပ်မူတူး စေးဖိုးသည်လည်း မဲဆောက်တွင်သာ အနေများပြီး အောက်ခြေလူထု၊ ရဲဘော်များနှင့်လည်း ထိတွေ့မှု အ လွန်နည်းသည်။ ထို့ကြောင့် လက်တွေ့ လုပ်ငန်းများကို သူက တိုက်ရိုက် ဦးဆောင်ရမည် ဖြစ်သကဲ့သို့ တာဝန် လည်း ခံရမည်ဖြစ်သည်။
၂၀၀၁ ခုနှစ်၊ ခရိုင်အမြဲတန်းကော်မတီ နှစ်ပတ်လည်အစည်းအဝေးတွင် တပ်မဟာမှူး ဗိုလ်မှူးချုပ်မူတူးစေးဖိုး မှ အထူးတပ်ရင်းတခု ဖွင့်မည်ဟုဆိုကာ ဗိုလ်မှူးရွှေမောင်း အား ခရိုင် တွဲဘက်အတွင်းရေးမှူး တာဝန်မှ ယူ ထုတ်လိုက်တော့သည်။ ထို့ကြောင့် သူ့အတွက် ခရိုင်တွဲဘက်အတွင်းရေးမှူးတယောက် လိုအပ်သည်။ အဆိုပါ ခရိုင်အမြဲတန်းကော်မတီ နှစ်ပတ်လည်အစည်းအဝေးတွင် ဗိုလ်ချုပ်ကြီးတာမလာဘော နှင့် ဗိုလ်မှူး ချုပ်ရွှေဆိုင်း တို့ တက်ရောက်ကြသည်။ ထို လစ်လပ်သွားသော ခရိုင်တွဲဘက်အတွင်းရေးမှူးနေရာအား ရွေးကောက်ပွဲစနစ်ဖြင့် ပြုလုပ်ရန် မလိုအပ်သဖြင့် ခရိုင်အမြဲတန်းကော်မတီ တဦးဦးအား သင့်တော်သလို ခန့်အပ်နိုင်သည်။ ထိုအခါ သူက ဗိုလ်ကြီးလစ္စတန် အား သတိရမိသည်။ အကြောင်းမှာ ဗိုလ်ကြီး လစ္စတန်သည် တပ်တွင်းတွင် လူချစ်၊ လူခင်များသူ တဦးဖြစ်ကြောင်း၊ ဖလူးကော်သူးလေအထက်တန်း ကျောင်း မှ ဆရာမန်းချစ်စိန်၊ ဆရာထူးလိုတို့၏ တပည့်တဦးဖြစ်၍ နိုင်ငံရေး၊ တော်လှန်ရေးတို့ကို နားလည် သိရှိသူတဦးဖြစ်ကြောင်း သိရှိရသဖြင့် ခရိုင်တွဲဘက်အတွင်းရေးမှူး ၏ လစ်လပ်သော နေရာတွင် ဗိုလ်ကြီး လစ္စတန်ဖြင့် အစားထိုးရန် သူက တောင်းဆိုခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် ဗိုလ်မှူးချုပ်မူတူးစေးဖိုး နှင့် ဗိုလ်ချုပ်ကြီးတာမလာဘော တို့မှ အချိန်ယူစဉ်းစားပြီးမှ တာဝန်ပေးရန် သဘောတူပေးလိုက်ကြသည်။ ထိုအ ချိန်မှစပြီး ဗိုလ်ကြီးလစ္စတန်သည် ခရိုင်တွဲဘက်အတွင်းရေးမှူး၏ တာဝန်ကို ယူလိုက်ရသည်။


(ဗိုလ်ကြီးလစ္စတန်သည် ခရိုင်တွဲဘက်အတွင်းရေးမှူး တာဝန်ပေးခံရပြီးသည့်နောက် သူက၎င်း၏သဘောထားအား မေးကြည့်ရာ “တပ်ဖက်တွင် တာဝန်ယူရန် ပို၍စိတ်အား ထက်သန်ကြောင်း” ပြန်၍ ပြောပြသည်။ လက်ရှိ အချိန်တွင်လည်း ပဒိုလစ္စတန်သည်ခရိုင်အတွင်းရေးမှူးအဖြစ် ကောင်းမွန်စွာ ဦးဆောင်မှုပေးနိုင်ကြောင်းတွေ့ရသည်)။
ထိုကာလတွင် သူ့အား ဝိုင်းရံသူများထဲမှ သူ့ထက် တော်လှန်ရေးအတွေ့အကြုံရင့်ကျက်သူများဖြစ်သော ဗိုလ် ကြီးဒိုစိုး (ဆရာဘရီး-တပ်မဟာဆေးဌာနတာဝန်ခံ) နှင့် ဗိုလ်ကြီးရွှေကျော် (တပ်မဟာထောက်လှမ်းရေးဌာန တာဝန်ခံ) တို့က သူ့အတွက် စိတ်ခွန်အားဖြစ်စေခဲ့ပါသည်။
၂၀၀၂ ခုနှစ်၊ ခရိုင်အမြဲတန်းကော်မတီ နှစ်ပတ်လည်အစည်းအဝေးသို့ ရောက်သောအခါ မမျှော်လင့်ဘဲ သူ နှင့် ဗိုလ်မှူးချုပ်မူတူးစေးဖိုး တို့အကြား ပြဿနာဖြစ်ခဲ့ရသည်။ သူက အစည်းအဝေး၏ ဘဏ္ဍာရေးအစီအစဉ် သို့ ရောက်သောအခါတွင် ငွေစာရင်းရှင်းတမ်း ထုတ်ပြန်ခြင်း မရှိသည်နှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ခရိုင် ဘဏ္ဍာရေးဌာနတာဝန်ခံ နှင့် ငွေထိမ်းမှူးလည်းဖြစ်သော ဗိုလ်မှူးချုပ်မူတူးစေးဖိုး က “ခင်ဗျား..ဒီလောက် တောင် သိချင်နေရင် ခရိုင်ငွေစာရင်းနှင့် ငွေထုတ်ပါ ခင်ဗျားကို အပ်လိုက်မယ်” ဟု ဒေါသနှင့် ပြောလိုက် သည်။ သူ မေးမြန်းသော စကားလုံးများ ရိုင်းရိုင်းစိုင်းစိုင်း တခုမျှ မပါဘဲလျှက် ယခုကဲ့သို့ တုံ့ပြန်မှုမှာ သူ့ အ တွက် အံ့အားသင့်သွားစေရသည်။ ထို့နောက် အစည်းအဝေးသဘာပတိဖြစ်သော ခရိုင်ဥက္ကဌကြီးဖူးတာအယ် က “မင်းလည်းဆက်မမေးနဲ့” ဆိုပြီး သူ့ကို ပြောလိုက်သည်။ တဆက်တည်း “ခင်ဗျားလည်း ငွေစာရင်း ထုတ်ပြန်ပါ” ဟု ဗိုလ်မှူးချုပ်မူတူးစေးဖိုး ကို ပြောလိုက်သည်။ ဤသို့ဖြင့် ဘဏ္ဍာရေးအခန်းအား ဆက်လက် ဆွေးနွေးစရာ မရှိတော့ပါ။ အစည်းအဝေးပြီးသောအခါ ကိုယ်စားလှယ် အချို့က ခရိုင်ဥက္ကဌထံသို့သွားပြီး ဘဏ္ဍာရေးအခန်းကို စောစောစီးစီးဖြတ်လိုက်သဖြင့် မကျေမနပ်ဖြင့် သွား၍ ပြောကြသူများရှိသည်ကို သိရ သည်။ တချို့ကလည်း သူ့ ဆီလာပြီး “ငွေထုပ်အပ်ရင် ယူထားလိုက်ပါ” ဟု ပဒိုထဲနေက ပြောသကဲ့သို့ အချို့ မှာ သူ့အား “ဆက်ပြောပါက ခင်ဗျား အမုန်းခံရလိမ့်မယ်” ဟု ဗိုလ်မှူးဂျိုးဆွာက ပြောသည်။
အစည်းအဝေးအတွင်း ဘဏ္ဍာရေးကိစ္စနှင့် ပတ်သက်ပြီး သူ “ထ” မေးရခြင်းအကြောင်းမှာ အောက်ပါ အ ကြောင်းများကြောင့် ဖြစ်ပါသည်။
သူသည် မြို့နယ် နှင့် တပ်ရင်းများသို့ နယ်လှည့်၍ စည်းရုံးရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်သော အခါ မြို့နယ်ခေါင်းဆောင် အချို့နှင့် တပ်မှူးအချို့က သူ့အား “ခရိုင်တွင် ငွေ မည်၍မည်မျှရှိကြောင်း” ဝိုင်း၍ မေးကြသည်။ သူက “မသိကြောင်း”ပြန်ပြောသောအခါ ဝိုင်းမေးသူများက “ခင်ဗျားက ခရိုင်အတွင်းရေးမှူး တယောက်လုံးဖြစ်နေပြီး သိထားသင့်ကြောင်း” ပြောကြသည်။ သူက “ခရိုင်ဘဏ္ဍာရေးမှူး ကို ပြန်လည် တင်ပြပေးမည်” ဟုသာ ပြောနိုင်သည်။ သူက ဗိုလ်မှူးချုပ်မူတူးစေးဖိုး ထံသို့ ရောက်သောအခါ နယ်က အခြေအနေကို ပြန်၍ ပြောပြသည်။ ဗိုလ်မှူးချုပ်မူတူးစေးဖိုး က “ရတာပေါ့” ဟုသာ ပြန်ပြောသည်။ ထို့ကြောင့် နောက်တနှစ် နှစ်ပတ်လည်အစည်းအဝေးသို့ ရောက်ပါက ရှင်းပြလိမ့်မည်ဟု သူက ထင်ခဲ့သည်။ ခရိုင်အမြဲတန်းကော်မတီ နှစ်ပတ်လည်အစည်းအဝေးသို့ ရောက်သောအခါ ဘဏ္ဍာရေးအခန်းကို ကျော်သွား ပြီး အစည်းအဝေးပြီးဆုံးသည်အထိ ခရိုင်ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ဗိုလ်မှူးချုပ်မူတူးစေးဖိုး မှ တခွန်းမျှမ ပြောပါ။ အစည်းအဝေးက ပြီးဆုံးသွားပြီ ဖြစ်သည်။
နောက်တနှစ်လည်း သူသည် လုပ်ရိုးလုပ်စဉ်အတိုင်း နယ်ဆင်းပြီး စည်းရုံးရေး၊ အုပ်ချုပ်ရေး ဆိုင်ရာများကို လုပ်ကိုင်ပြန်သည်။ နယ်တွင်ရှိသော ခေါင်းဆောင်များလည်း ပြီးခဲ့သည့်နှစ်ကအတိုင်း ခရိုင်ဘဏ္ဍရေးကို ထပ်၍ မေးပြန်သည်။ သူက “မသိ” ဟု ပြန်ဖြေသောအခါ မေးသူများက မကျေမနပ် ဖြစ်ကြပြန်သည်။
နောက်တခါ ခရိုင်နှစ်ပတ်လည် အစည်းအဝေးရောက်လာပါက ဗိုလ်မှူးချုပ်မူတူးစေးဖိုး မှ အမှန်တကယ် ပြောပြလိမ့်မည်ဟု သူက ထင်ပါသည်။ နှစ်ပတ်လည်အစည်းအဝေး ရောက်ပြန်ပါပြီ။ အစည်းအဝေး အစီအ စဉ် တခုပြီးတခု ဆွေးနွေးနေပါပြီ။ အစီအစဉ် တခုပြီးတိုင်း ဗိုလ်မှူးချုပ်မူတူးစေးဖိုး မှ ဘဏ္ဍာရေးနှင့် ပတ်သက်ပြီး တခုခု ပြောလေမလားဟု သူက စိတ်ဝင်စားစွာနှင့် နားထောင်နေမိသည်။ သို့သော် ဘဏ္ဍာရေး အခန်းလည်း ပြီးပြန်ပြီ။ အစည်းအဝေးပြီးဆုံးသော်လည်း ဗိုလ်ချုပ်မူတူးစေး ဖိုး မှ ဘဏ္ဍာရေးနှင့် ပတ်သက်၍ တခွန်း တပါဒ မှ မပြောပါ။
နောက်တနှစ်သို့ ရောက်ပြန်သည်။ သူလည်း ခရိုင်အတွင်းရေးမှူးတဦး၏ တာဝန်ဖြင့် နယ်ဆင်းပြီး စည်းရုံးရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများကို ဒေသခံခေါင်းဆောင်များနှင့်အတူ ဆက်လက် လုပ်ကိုင်ပြန်သည်။ နယ်မြေခံခေါင်းဆောင်များ ဖြစ်ကြသော မြို့နယ်နှင့် တပ်ဖက် မှ ခေါင်းဆောင်များသည် ယခင်နှစ်က အတိုင်း ခရိုင်ဘဏ္ဍာရေးနှင့် ပတ်သက်ပြီး ထပ်၍မေးပြန်သည်။ “ဒီတခါ ခရိုင်အမြဲတန်းကော်မတီ နှစ်ပတ်လည်အ စည်းအဝေးရောက်လာပါက ဘယ်သူမှ ပြောဆိုမေးမြန်းခြင်း မရှိလျှင် သူကိုယ်တိုင် မေးရတော့မည်” ဟု စိတ်ထဲတွင် ဆုံးဖြတ်ထားသည်။ အစည်းအဝေးတွင် ဘဏ္ဍာရေးအခန်းတွင် တဦးတယောက်မျှ ထ၍ ဆွေး နွေးပြောဆို၊ မေးမြန်းကြခြင်းမရှိ။ ထို့ကြောင့် သူ ကိုယ်တိုင် ထ မေးလိုက်ရသည်။ သူ နယ်ဆင်းသောအခါ ဘဏ္ဍာရေးနှင့် ပတ်သက်၍ သူ့ အား မေးမြန်းသူများလည်း အစည်းအဝေးတွင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ကြပါသည်။ သို့သော် မည်သူမျှ မမေးမြန်းကြ။ နောက်ကွယ်မှာသာ ပြောဆိုတတ်ကြသည်မှာ ကရင်လူမျိုးတို့၏ နိုင်ငံရေးအဆင့်အတန်း ဟု ပြောရမလား ဖြစ်နေသည်။
နယ်မြေခံခေါင်းဆောင်များဖြစ်ကြသော မြို့နယ်နှင့် တပ်ဖက်မှ ခရိုင်ဘဏ္ဍာရေးနှင့် ပတ်သက်၍ မေးမြန်းရ ခြင်းမှာ ၁၉၉၆ ခုနှစ်၊ တပ်မဟာရှေ့တန်းရုံး (အုန်းခြံ)စခန်းတွင် ခရိုင်နှင့် တပ်ဖက်ခေါင်းဆောင်များ ပါဝင် သော အစည်းအဝေးတခု ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဗိုလ်မှူးချုပ်မူတူးစေးဖိုး မှ အမှတ် (၆)တပ် မဟာမှူး တာဝန်ကို လွှဲပြောင်းယူခါစ အချိန်ဖြစ်သည်။ ထိုအစည်းအဝေးတွင် ဗိုလ်မှူးချုပ်မူတူးစေးဖိုး က “(၃)နှစ်အတွင်း ဘာဝင်ငွေမှမရှိလည်း ခရိုင်နှင့် တပ်မဟာအနေနှင့် ပြဿနာမရှိနိုင်ကြောင်း“ ပြောဆိုသွားခဲ့ သဖြင့် နယ်မြေခံခေါင်းဆောင်များက မေးမြန်းကြရခြင်း ဖြစ်သည်။ ထိုကာလတွင် ခရိုင်ဝင်ငွေမှာ အထူး လျော့နည်းနေချိန်လည်း ဖြစ်သည်။
(ဆက်လက်ဖေါ်ပြပါမည်)။






Leave a comment