ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၁၃)

(စတက်နေ-ပန်းတနော်)

အပိုင်း (၁၃)

(၂၃)

Gentlemen Agreement (ဝါ) Verbal Agreement

၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ဗိုလ်ချုပ်ကြီးဘိုမြ ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန် ကောက်မြို့ လေဆိပ်မှတဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လေယာဉ်ဖြင့် ထွက်ခွာခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ နအဖ ခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွှန့် နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့ သည်။ ထိုဆွေးနွေးပွဲတွင် ခေါင်းဆောင်နှစ်ဦးမှ တဖက်နှင့်တဖက် ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်ရန် နှုတ် အားဖြင့် သဘောတူညီခဲ့ကြသည်။ ယင်းကို Gentlemen Agreement (ဝါ) Verbal Agreement ဟု တချို့ က ဆိုကြသည်။ ယင်းဆွေးနွေးပွဲပြီး၍ မကြာမီတွင် ဖိုးဒို နှင့် ဖါးတီ ဗွီဒီယိုမှတ်တမ်းတခု အများပြည်သူ ရှေ့မှောက်သို့ ထွက်ပေါ်လာခဲ့သည်။ လေ့လာသုံးသပ်သူတချို့မှ ဗိုလ်ချုပ်ကြီးဘိုမြ ၏ ဆွေးနွေးတင်ပြချက် များသည် ဗိုလ်ချုပ်ခင်ညွှန့်ထက် အချက်အလက်ပိုမိုခိုင်မာသည်ဟု သုံးသပ်ခဲ့ကြသည်။

ဗိုလ်ချုပ်ကြီးဘိုမြ သည် တွေ့ဆုံပွဲပြီးသည့်နောက် KNU ဗဟိုဌာနချုပ်သို့ ပြန်မရောက်မှီ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးတာမလာဘော အား မိမိ တို့ဘက်မှ စတင်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားလိုက်သည်။ ဗိုလ်ချုပ်ကြီးတာမလာဘော က ဗိုလ်ချုပ်ကြီးဘိုမြ နှင့် နအဖ ဗိုလ်ချုပ်ခင်ညွှန့် တို့၏ ဆွေးနွေးပွဲအခြေအနေ များကို သေချာစွာမသိ၍ အောက်ခြေတပ်မဟာများကို ဆက်လက်ညွှန်ကြားရန် အခက်ကြုံခဲ့ရသည်။ ဗိုလ်ချုပ်ကြီးဘိုမြ မှ အောက်ခြေတပ်မဟာများသို့ ဆက်လက်ညွှန်ကြားရန် ကြံ့ကြာသည်ဟု ယူဆပြီးနောက် ဗိုလ်ချုပ်ကြီးတာမလာဘော အား KNLA စစ်ဦးစီးချုပ်တာဝန်မှ ထုတ်ပယ်လိုက်သည်။ ထိုကဲ့သို့ ထုတ်ပယ် ခြင်းကို အောက်ခြေတပ်မဟာတချို့က မပြေလည်ကြပါ။ ဗိုလ်ချုပ်ကြီးတာမလာဘော က ဗိုလ်ချုပ်ကြီးဘိုမြ မှ KNU ဌာနချုပ်သို့ ပြန်လည်ရောက်ရှိလာပြီး အစည်းအဝေးခေါ်ယူကာ အများသဘောတူ ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ရန် သဘောထားရှိပုံပေါ်သည်။ ထိုကာလတွင် ဗိုလ်ချုပ်ကြီးဘိုမြ သည် KNU ၏ ကာကွယ်ရေး ဌာနတာဝန်ခံဖြစ်သည့် အပြင် KNU ၏ ဒု-ဥက္ကဌ လည်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဘိုမြ သည် KNU ဌာနချုပ်သို့ ပြန်ရောက်လာသောအခါ ထိုင်းနိုင်ငံ Resort တခုတွင် ဗဟိုအမြဲ တန်းကော်မတီအရေးပေါ်အစည်းအဝေးတခု ပြုလုပ်ခဲ့သည်။ ထိုအရေးပေါ်အစည်းအဝေးနှင့် ပတ်သက်၍ ကိုယ်စားလှယ်များက အခြေအနေအား သိထားကြသဖြင့် စိုးရိမ်မှု တစုံတရာရှိနေကြသည်။ သို့သော် ဗိုလ်ချုပ်ကြီးဘိုမြ သည် အခြားသော ကိုယ်စားလှယ်များက ထ၍ မဆွေးနွေးသေးခင် “ဗိုလ်ချုပ်ကြီး တာမလာဘော အား တာဝန်မှ ထုတ်ပယ်သော အမိန့်ကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း” ပြောလိုက်သဖြင့် ကိုယ်စားလှယ်များ မှ လက်ခုတ်တီးကြိုဆိုလိုက်ကြသည်။

ထိုအစည်းအဝေးမှ Gentlemen Agreement ကာလအတွင်း လိုက်နာကျင့်သုံးရမည့် စည်းမျဉ်းစည်း ကမ်းများကို ဆက်လက်ဆွေးနွေးကြသည်။ အချုပ်အားဖြင့် သဘောတူညီချက်များမှာ “မိမိတို့နယ်မြေ အတွင်းပိုင်းသို့ ကျွံပြီးတပ်စွဲထားသော ရန်သူတပ်စခန်းများအတွက် ရိက္ခာသယ်ပို့ခြင်းနှင့် တပ်အပြောင်း အလဲ ပြုလုပ်ပါက သတ်မှတ်ပေးထားသော လမ်းကြောင်းအတိုင်း သွားလာရန် နှင့် သတ်မှတ်ပေးထားသော လမ်းကြောင်းပြင်ပတွင် လှုပ်ရှားနေသော ရန်သူတပ်များကို တိုက်ခိုက်သွားရန်၊ အထက်ပါဆုံးဖြတ်ချက်များ ကို ရန်သူတပ်များသို့လည်း အသိပေးထားရန်” တို့ဖြစ်သည်။

တပ်မဟာများ၏ မတူခြားနားသည့် အခြေအနေအလိုက် မတူကွဲပြားမှုများ ရှိသည်။ ဥပမာ- တပ်မဟာ (၂) တွင် သတ်မှတ်ထားသောလမ်းကြောင်းတလျှောက် ဘေးနှစ်ဖက်၏ ကိုက် (၅၀) စီ အကွာတွင် မြေမြှုပ်မိုင်း များ ထောင်ထားကြသည်။ တပ်မဟာ (၆)ဘက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားခြင်းမရှိ။ သူသည် အစည်းအဝေးပြီးသောအခါ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆)သို့ ပြန်လာခဲ့သည်။ နယ်ဆင်းသောအခါ နယ်မြေတွင်း၌ “ရန်သူပစ်မှ ပြန်ပစ်၊ ရန်သူမပစ်ရင် မပစ်နဲ့” ဟု ပြောဆိုသံများ ကြားနေရသည်။ တပ်ခွဲ မှူး၊ တပ်စုမှူး၊ တပ်စိပ်မှူးများက မကျေနပ်ကြ။ တချို့က ရန်သူပစ်မှ ပြန်ပစ်မည်ဆိုပါက စစ်ရေးလက်ဦးမှု ဆုံးရှုံးသွားသဖြင့် မိမိတို့ဘက်မှ ခံရဘို့သာရှိကြောင်း ပြောကြသည်။ အမိန့်ပေးသူများမှာ တပ်ရင်းမှူးများ ဖြစ်ကြောင်း သိရသည်။ မြေပြင်အခြေအနေတွင် ရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်ရသူများမှာ တပ်ခွဲမှူး၊ တပ်စုမှူး၊ တပ်စိပ်မှူးများကသာ အဓိကဖြစ်သည်။ တပ်ရင်းမှူးများမှာ နောက်တန်း ခပ်လှမ်းလှမ်းတွင်သာနေပြီး အမိန့် ပေးလေ့ရှိသည်။ များသောအားဖြင့် စစ်တပ်၏ အမိန့်စီးဆင်းမှုအရ တပ်ရင်းမှူးများကို အမိန့်ပေးနိုင်သူမှာ တပ်မဟာမှူးသာဖြစ်သည်။ ထိုစဉ်က အမှတ် (၆) တပ်မဟာမှူး မှာ ဗိုလ်မှူးချုပ်မူတူးစေးဖိုး ဖြစ်သည်။

သူက…ကြာအင်းမြို့နယ်တွင်းသို့ ရောက်သောအခါ ဗိုလ်ကြီးဂျူးလယ် တပ်ဖွဲ့နှင့် ရန်သူတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ရန်သူဖက်မှ ဒု-ခွဲမှူးအပါအဝင် (၅) ဦး ကျဆုံးသည်။ ထို့ကြောင့် ဗိုလ်ကြီး ဂျူးလယ် သည် အထက်ခေါင်းဆောင်များ၏ အရေးယူခြင်းခံရမည်ကို စိုးရိမ်နေသည်။ တိုက်ပွဲဖြစ်ရခြင်း အကြောင်းမှာ ဗိုလ်ကြီးဂျူးလယ် တပ်ဖွဲ့ ရှိသည့်နေရာသို့ ရန်သူတပ်မှ ဦးတည်လာသဖြင့် ကင်းသမားကို စေလွှတ်ပြီး မလာရန် အကြောင်းကြားလိုက်သည်။ သို့သော် ရန်သူတပ်များမှ ဂရုမစိုက်၊ ဗိုလ်ကြီးဂျူးလယ် တပ်ဖွဲ့ရှိရာသို့သာ ဆက်လာမြဲလာနေသည်။ ဗိုလ်ကြီးဂျူးလယ်က မိမိတို့၏ တပ်ဖွဲ့နေရာကို (၂) ကြိမ်တိုင် နေရာရွှေ့ပြောင်းပေးလိုက်သော်လည်း ရန်သူက ဆက်၍သာ လိုက်လာနေသည်။ ထို့ကြောင့် တိုက်ပွဲဖြစ်ရ ခြင်းဖြစ်သည်။ သူက… ဗိုလ်ကြီးဂျူးလယ် အား “ဗိုလ်ကြီးလုပ်တာမှန်ကန်ကြောင်း၊ ထို့ကြောင့် အထက်က အရေးယူခံရမည်ကို စိုးရိမ်စရာမလိုကြောင်း” အားပေးစကားပြောခဲ့သည်။

ထို့နောက် သူက ဇမိချောင်း ကို ကူးပြီး ဝင်းရေးမြို့နယ်သို့ ခရီးဆက်ထွက်သည်။ ဗိုလ်မှူးတင်လှိုင်ထံသို့ ရောက်ရှိသောအခါ ဗိုလ်မှူးတင်လှိုင် မှ အနန်းကွင်း ရှိ ရန်သူတပ်ဖွဲ့တဖွဲ့က စခန်းအပြင်သို့ ထွက်လာနေ ကြောင်းကို အောက်ခြေ တပ်ဖွဲ့များသို့ အသိပေးညွှန်ကြားနေချိန် ဖြစ်သည်။ မကြာပါ။ ဇမိချောင်းကမ်း နံဘေးရှိ “ထီးဒူး” ကျေးရွာ နှင့် “ထီးဖထော”ကျေးရွာတွင် ရှိနေသော မိမိတို့တပ်ဖွဲ့များကို ထွက်လာသော ရန်သူတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်သည်။ “ထီးဒူး” ကျေးရွာတွင် မိမိတို့ဘက်မှ (၁) ဦးကျပြီး “ထီးဖထော” ကျေးရွာတွင် အရပ်သား (၂) ဦး ဒဏ်ရာရသွားသည်။ “ထီးဖထော” ကျေးရွာတွင် အပစ်ခံရသော မိမိတို့ တပ် ဖွဲ့မှ ခေါင်းဆောင်ဖြစ်သူသည် သူ နှင့် ဗိုလ်မှူးတင်လှိုင် တို့ထံသို့ ရောက်လာကာ စိတ်ဆိုးစွာဖြင့် “ခင်ဗျားတို့ က ရန်သူပစ်မှ ပြန်ပစ်၊ ရန်သူမပစ်ရင် မပစ်နဲ့ ဟု အမိန့်ပေးထားတာကြောင့် အခု ကျနော်တို့ ခံရပြီ” ဟု မကျေမနပ်ဖြင့် ပြောသည်။ ထို့ကြောင့် သူ နှင့် ဗိုလ်မှူးတင်လှိုင် တို့သည် တယ်လီဖုန်းရှိသော ရွာသို့သွားပြီး KNU အတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း ထံသို့ ဆက်သွယ်မေးမြန်းသည်။ “ရန်သူပစ်မှ ပြန်ပစ်၊ ရန်သူ မပစ်ရင် မပစ်နဲ့ ဆိုသော ညွှန်ကြားချက်ကို ဘယ်အချိန်က ထုတ်ပြန်လိုက်သလဲ” ဟု မေးလိုက်သည်။ ပဒိုမန်းရှာလားဖန်း က “ဗဟိုညွှန်ကြားချက်က အရင်အတိုင်းဘဲရှိတယ်။ အသစ်ထုတ်ပြန်တာမရှိဘူး” ဟု ပြန် ပြောသည်။ သူက ဝင်းရေးမြို့နယ်အတွင်း ဖြစ်ပျက်ခဲ့သော အခြေအနေကို ပြောပြသောအခါ ပဒိုမန်းရှာလား ဖန်း က “ခင်ဗျားတို့ ကျောပေါ်ကို ရန်သူက တက်နင်းနေတာ ခံလို့ကောင်းရင် ခံကြ” ဟု ခပ်ပြတ်ပြတ်ပြော လိုက်သည်။ သူ့ အနားတွင် ရှိနေသူများ ကြားနိုင်အောင်လည်း ဖုန်းစပီကာ ဖွင့်၍ ပြောသည်။

သူက…တနေ့တွင် ဝင်းရေးမြို့နယ်သို့ ရောက်နေစဉ် တပ်ရင်း (၁၆) ၏ တပ်ရင်းမှူး ဗိုလ်မှူးဂျိုးဆွာ နှင့် ဒု-ရင်း မှူး ဗိုလ်မှူးတင်လှိုင် တို့က ဖါးပြကျေးရွာတွင် တပ်ခွဲမှူးများကို ခေါ်ယူပြီး တွေ့ဆုံဆွေးနွေးကြသည်။ သူနှင့် ပဒို လစ္စတန် တို့ကိုလည်း ဖိတ်သဖြင့် တက်ရောက်ခဲ့ကြသည်။

ထိုတွေ့ဆုံဆွေးနွေးပွဲတွင် သူက “ရန်သူပစ်မှ ပြန်ပစ်၊ ရန်သူမပစ်ရင် မပစ်နဲ့” ဆိုသည်မှာ KNU ဗဟို၏ ညွှန် ကြားချက် မဟုတ်ကြောင်းနှင့် အသေအချာသိရအောင် ပဒိုမန်းရှာလားဖန်း နှင့် ဖုံးဆက်ပြီး မေးထားပြီ ဖြစ် ကြောင်း” ရှင်းပြသော်လည်း တပ်ရင်းမှူး ဗိုလ်မှူးဂျိုးဆွာ က “ရန်သူပစ်မှ ပြန်ပစ်၊ ရန်သူမပစ်ရင် မပစ်နဲ့” ဘက်ကနေ ရပ်၍ ဆွေးနွေးပြောဆိုသည်။ အခြားတပ်မှူးများက ဘာမှ ပြန်ပြောဆိုခြင်း မရှိပါ။ ပဒိုလစ္စတန် က “ဝင်လာတဲ့ ရန်သူကို ထမင်းဖိတ်ကြွေးပါလား” ဟု ဝင်နှောက်လိုက်ပါသေးသည်။

သူ နှင့် ဗိုလ်မှူးဂျိုးဆွာ တို့အကြား မည်သို့မျှ ညှိနှိုင်း၍ မရကြ။ နောက်ဆုံး သူလည်း အိပ်၊ ကိုယ်လည်းအိပ် လိုက်ကြရသည်။

ထိုသဘောထားကြောင့် ရန်သူစစ်သားများ မိမိတို့နယ်မြေတွင်း လွတ်လွတ်လပ်လပ် သွားလာကြသည်။ ရန် သူတပ်များက လူထု၏ စိုက်ပျိုးသီးနှံများကို ခွင့်မတောင်းဘဲ ခူးယူခြင်း၊ အိမ်မွေးတိရိစ္ဆာန်ဖြစ်သော ကြက် များကို လေးခွဖြင့် ပစ်စားခြင်းကို လူထုများက သူ့ကို တင်ပြကြလာကြသည်။ အထူးသဖြင့် တချိန်က ခရိုင်-အခြေခံဒေသ (နောက်ပိုင်းတွင် ကော့ကရိတ်မြို့နယ်) တွင်းရှိ ကွီးခလယ်ကျေးရွာ၊ ဖိုးဆိမူကျေးရွာ နှင့် ထီးထ ဘောင် (ရန်သူစခန်းချ) အထိ လမ်းတလျှောက်ရှိ ကျေးရွာများတွင် အဖြစ်များသည်။

သူက တရက်တွင် ကော့ကရိတ်မြို့နယ်ရှိ မဲ့တလဲကျေးရွာဘက်သို့ ရောက်သောအခါ တပ်ရင်း (၁၈) မှ ဆရာ လေး ဟု လူသိများသော နယ်မြေခံတပ်မှူး နှင့် တွေ့သောအခါ “ပဒိုရေ၊ ရန်သူတွေကို သေနတ်နဲ့ ပစ်ဘို့ တောင် မလိုဘူး၊ ဒုတ်နဲ့ ရိုက်သတ်ရင်တောင်ရတယ်” ဟု ရန်သူများ၏ ရဲရဲတင်းတင်း သွားလာလှုပ်ရှား နေခြင်းကို ပြောပြခဲ့သည်။ ထို့အပြင် တပ်မဟာ၏ ယန္တယားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကြီးစဲမစယ် မှလည်း “ကျ နော်တို့ တော်လှန်ရေးသမားများရဲ့ တခုတည်းသော အားသာချက်ဟာ နယ်မြေ၏ ပထဝီမြေ မျက်နှာပြင်ကို ကျွမ်းကျင်ပိုင်နိုင်ခြင်းဘဲ ဖြစ်တယ်။ အခုလို ရန်သူကို လွတ်လွတ်လပ်လပ်နဲ့ သွားလာခွင့်ပေးလိုက်တာဟာ တော်လှန်ရေးသမားများအတွက် ဘာအားသာချက်မှ မရှိတော့ဘူး။” ဟု သူ့ကို ပြောပြသည်။ ရန်သူတပ်ဖွဲ့က တပ်အပြောင်းအလဲလုပ်သောအခါ အဆင်းကနည်းပြီး ပြန်တက်လာသူများက များနေသည်။ ထို့အပြင် ရိက္ခာသယ်ပို့သည်ဟု အကြောင်းပြုပြီး ကျည်နှင့် ဘိလပ်မြေတို့ကိုပါ ထည့်သွင်းလာခဲ့ကြသည်ဟု လူထုနှင့် မိမိတပ်ဖွဲ့ဝင်များက သတင်းပေးသည်။ “ရန်သူပစ်မှ ပြန်ပစ်” ဟူသော သဘောထားကြောင့် ကိုင်တွယ်ရန် အခက်အခဲကြုံရသည်။ ထို့ကြောင့် ရဲဘော်တချို့လည်း စိတ်အားထက်သန်မှုကျဆင်းကြပြီး အိမ်တွင် ပြန်၍ နေကြတော့သည်။

ထိုကာလတွင် အင်အား (၂၀၀) ဝန်းကျင်ခန့်ရှိသော စစ်ကြောင်းဖြင့် သူနှင့် ဗိုလ်မှူးချုပ်မူတူးစေးဖိုး တို့သည် တရွာဝင်တရွာထွက်နှင့် လှည့်လည်စည်းရုံးဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ အင်အား (၆၀) ခန့်ရှိသော ရန်သူ စစ်ကြောင်းတကြောင်းက သူတို့စစ်ကြောင်းနှင့် ခပ်ခွာခွာ အကွာအဝေးတွင် တောက်လျှောက်လိုက်သည်။ သို့သော် သူတို့ စစ်ကြောင်းအား ဝင်ရောက်တိုက်ခိုက်ခြင်းတော့ မပြု။ သူတို့စစ်ကြောင်းတွင် ကြားဖြတ် ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်စောပါး က သစ်သားရုပ်သေနတ်ကို ခါးကြားထိုးပြီး လိုက်ပါလာခဲ့သည်။ အ ချင်းချင်းလည်း “သေနတ်တွေ ဒုတ်ဖြစ်ကုန်ပြီ” ဟု မကြားတကြားနှင့် ပြောဆိုနေကြသည်။

နယ်လှည့်စည်းရုံးရေးလုပ်ငန်းပြီးစီးသောအခါ ဗဟိုကော်မတီ၏ နှစ်ပတ်လည် အစည်းအဝေးကို တက်ရ မည်ဖြစ်သည်။ သူသည် ခရိုင်၏ ဌာနအသီးသီးက နယ်ဆင်း ခရိုင်ခေါင်းဆောင်များ၊ တပ်မဟာခေါင်းဆောင် များ၊ KYO, KWO ခေါင်းဆောင်များနှင့် KNDO ခေါင်းဆောင်များကို ခေါ်စုပြီး လာမည့်ဗဟိုကော်မတီ အစည်းအဝေးသို့ တင်ပြနိုင်ရန် မြေပြင်၏ ပကတိအခြေအနေနှင့်ဆိုင်သောအချက်အလက်များကို ရယူ သည်။ အချက်အလက်များ ရရှိပြီးသောအခါ သူကိုယ်တိုင် အစီအရင် ခံစာရေးသည်။

အစီရင်ခံစာရေးပြီးနောက် ဗဟိုကော်မတီ၏ နှစ်ပတ်လည်အစည်းအဝေးသို့တက်ရန် မဲဆောက်မြို့ သို့ သွားသည်။ မဲဆောက်မြို့သို့ရောက်သောအခါ အစီရင်ခံစာကို မိတ္တူပွားလိုက်သည်။ ထို ပွားလိုက်သော မိတ္တူများထဲမှ တမူကို ဗိုလ်မှူးချုပ်မူတူးစေးဖိုး ကို ပေးလိုက်သည်။

ထို့နောက် သူနှင့် ဗိုလ်မှူးချုပ်မူတူးစေးဖိုး တို့သည် ဒူးပလာယာရိုင် နှင့် တပ်မဟာ (၆) ၏ ကိုယ်စား လှယ်အဖြစ် တပ်မဟာ (၇) နယ်မြေ၊ လေးဝါးစခန်းသို့ ထွက်ခဲ့သည်။ လေးဝါးစခန်းသို့ ရောက်သောအခါ အစည်းအဝေးတက်ကြသည်။ အစည်းအဝေးတွင် တပ်မဟာ နှင့် ခရိုင်အလိုက် အစီရင်ခံစာ တင်သွင်းရ သည်။ နံပါတ်အစဉ်အလိုက် တပ်မဟာ (၁) သထုံခရိုင်မှ စတင် အစီရင်ခံရသည်။ နံပါတ်စဉ် တပ်မဟာ (၆) ဒူးပလာယာခရိုင်အလှည့်သို့ရောက်သောအခါ သူကိုယ်တိုင် အစီရင်ခံစာအား ဖတ်ကြားတင်သွင်းရသည်။ အစီရင်ခံစာ တင်သွင်းပြီးသောအခါ သူ့အတွက် တအံ့တဩ ဖြစ်ရသည်။ ပထမဦးဆုံး သူ့ အစီရင်ခံစာအား လက်ထောင်ပြီး မတ်တပ်ရပ်ကာ “ကျနော်ဒီအရင်ခံစာကို Challenge လုပ်တယ်” ဟု ကန့်ကွက်သူမှာ အမှတ် (၆) တပ်မဟာမှူး ဗိုလ်မှူးချုပ်မူတူးစေးဖိုး ဖြစ်သည်။ ထို့ကြောင့် အစီရင်ခံစာပါ မပြေလည်သည့် အကြောင်းအရာများကို တဦးနှင့်တဦး အပြန်အလှန် သူ့အမြင်၊ ကိုယ့်အမြင်ကို ဆွေးနွေးကြသည်။ အစီရင်ခံစာထဲတွင် “Gentlemen Agreement ကာလ မိမိတို့ အောက်ခြေရဲဘော်များအတွက် လုပ်ငန်းများ လုပ်ဆောင်ရာတွင် လွတ်လပ်စွာ သွားလာနေသော ရန်သူတပ်များကြောင့် အခက်အခဲကြုံရကြောင်း၊ Gentlemen Agreement ကာလတွင် ရန်သူက အခွင့်ကောင်းယူနေကြောင်း” စသည်တို့ဖြစ်သည်။ ဤသို့ဖြင့် အစည်းအဝေး၏ မနက်ပိုင်း အချိန်ကုန်ခဲ့သည်။ အခြားသော ခရိုင် နှင့် တပ်မဟာ မှ ကိုယ်စား လှယ်များက ဘာမှ ဝင်မပြောဘဲ ကြည့်နေကြသည်။ ခရိုင်တခုတည်း၊ တပ်မဟာတခုတည်းကလာပြီး အခြားသူများ ရှေ့မှောက်တွင် အချင်းချင်း အငြင်းပွားနေကြခြင်းမှာ သာမန်အရပ်စကားနှင့် ပြောရလျှင် ရှက်ဖို့ကောင်းလှပါသည်။ အစည်းအဝေး၏ ညနေပိုင်းသို့ ရောက်သောအခါ တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်ထင်မောင် နှင့်လည်း “ရန်သူ” ဟု ခေါ်ဝေါ် သုံးစွဲခြင်းနှင့် ပတ်သက်၍ အနည်းငယ်အခြေအတင် ဖြစ်ခဲ့ရသည်။ ဗိုလ်မှူးချုပ်ထင်မောင် မှ မြန်မာစစ်အုပ်စုအား “ရန်သူ” ဟု မသုံးစွဲတော့ဘဲ “မိတ်ဆွေ” ဟု သုံးစွဲရန် ပြောသဖြင့် သူက “ဒီအတိုင်းဆိုရင် KNU ၏ အခြေခံမူနှင့် လမ်းစဉ်၊ လုပ်ငန်းစဉ်များကို ပြောင်းရ မည်ဖြစ်ကြောင်း” ပြောသဖြင့် အခြေအတင် ဖြစ်ခဲ့ရသည်။

ဗိုလ်မှူးချုပ်မူတူးစေးဖိုး နှင့် ဗိုလ်မှူးချုပ်ထင်မောင် တို့မှာ သူ့ ဖခင် အသက်အရွယ်ခန့် ရှိနေသည်။ သူသည် ဘာသာတရား ကိုင်းရှိုင်းသော အသိုင်းအဝိုင်းမှ ကြီးပြင်းလာသူ ဖြစ်၍ သက်ကြီး၊ ဝါကြီးများနှင့် အခြေအ တင် ပြောဆိုရခြင်းကို မလိုလားပါ။ သို့သော် တိုင်းပြည် နှင့် လူမျိုးအတွက် ဖြစ်နေ၍ မိမိကိုယ်ကို သတ္တိမွေးပြီး ပြောရခြင်းဖြစ်သည်။ “လူပုဂ္ဂိုလ် ၏ အကျိုးကို ကြည့်မည်လား၊ တိုင်းပြည် နှင့် လူမျိုး အကျိုး ကို ကြည့်မည်လား၊” ဟူသော ဤနှစ်ခုအကြားတွင် လွန်ဆွဲခဲ့ရပါသည်။ သူက သာမန်အရပ်သား ဖြစ်နေပါက လူကြီးများနှင့် ထိပ်တိုက်ပြောဆိုမည်မဟုတ်ပါ။ တော်လှန်ရေးသမားတဦး ဖြစ်နေခြင်းကြောင့် ဖြစ်သည်။

“ရန်သူပစ်မှ ပြန်ပစ်၊ ရန်သူမပစ်ရင် မပစ်နဲ့” ဆက်စပ်မှု။

၂၀၀၂ ခုနှစ် ပွင့်လင်းရာသီကာလ ဗိုလ်မှူးချုပ်မူတူးစေးဖိုး နှင့် ပဒိုထူးထူးလေး တို့ ထိုင်းနိုင်ငံရှိ “ဘောကော” စခန်းသို့ ရောက်လာကြသည်။ မြို့နယ်၊ ခရိုင် နှင့် တပ်မဟာ တို့မှ တာဝန်ရှိသူများတချို့လည်း ကြိုတင် အ ကြောင်းကြားထားသဖြင့် ရောက်လာကြသည်။ “ဘောကော” စခန်းမှာ ထိုင်းနယ်မြေခံ တပ်မှူးတဦး၏ ခွင့်ပြု ချက်ဖြင့် KNU အတွက် တည်ဆောက်ထားသော စခန်းဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် ပဒိုထူးထူးလေး မှ မြန်မာအစိုးရ နှင့် လာမည့်တွေ့ဆုံပွဲတွင် ဆွေးနွေးသောအခါ ဒေသ ဖွံ့ဖြိုးရေးကိစ္စ၊ တဖက် နှင့် တဖက် ထိတွေ့တိုက်ခိုက်မှုများ မဖြစ်ရန်အတွက် ဆက်ဆံရေးရုံးများ ဖွင့်လှစ် ရေးကိစ္စတို့ကို ဆွေးနွေးပြခဲ့သည်။ ပြဿနာများ ရှိလာပါက ဆက်ဆံရေးရုံးမှတဆင့် ဖြေရှင်းနိုင်ရေးအတွက် ဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ်ကို လျှော့ချလိုက်ခြင်းဖြစ်သည်။ ဒေသဖွံ့ဖြိုးရေးကိစ္စကို ရှင်းလင်းပြနေစဉ် ဗိုလ်မှူးဖါးခေါ့ နှင့် အငြင်းပွားခဲ့သည်။ ဗိုလ်မှူးဖါးခေါ့ သည် “ကြာအင်းမြို့နယ်တွင်းရှိ “ဃောဃဲ” ရွာအနီး ရွာတရွာတွင် ကော်သူးလေအစိုးရမူလတန်းကျောင်း ရှိနေပါလျှက် မြန်မာအစိုးရမှ မူလတန်းကျောင်း (၁)ကျောင်းလာဆောက်ကြောင်း၊ စာသင်ကျောင်းတကျောင်း နှင့် တကျောင်း အကွာအဝေးမှာ လေးခွတ ပစ်စာသာရှိကြောင်း၊ စာသင်ကျောင်းဆောက်လုပ်သည့်အခါတွင် ဒေသခံလူထုများအား ခိုင်းစေကြောင်း၊ သစ်ဝါးများကိုလည်း ထိုဒေသတွင်ပင် ထုတ်ယူကြောင်း၊ စာသင်ကျောင်းဆောက်ပြီးသောအခါ မြန်မာနိုင်ငံ အလံတော်ကို တင်ထားကြောင်း၊ မြန်မာနိုင်ငံတော်သီချင်းကို ဆိုခိုင်းကြောင်း”၊ ထို့ကြောင့် ဗိုလ်မှူးဖါးခေါ့ က သဘောမတူကြောင်း ပြောသည်။ တချို့က လက်ခံသင့်ကြောင်း ဆွေးနွေးသည်။ ဗိုလ်မှူးဖါးခေါ့ မှ လက်မ ခံနိုင်ကြောင်း အသံခပ်မာမာဖြင့် ထပ်၍ပြောလိုက်သောအခါမှသာ အဆိုပါ ဒေသဖွံ့ဖြိုးရေးနှင့်ဆိုင်သော ကိစ္စအား ထပ်မဆွေးနွေးကြတော့ပါ။

ထိုကာလတွင် ပဒိုထူးထူးလေး တို့၏ အုပ်စုသည် လူစုခွဲပြီး တပ်မဟာ (၃၊ ၄၊ ၅) တို့တွင်လည်း အလားတူ လိုက်လံရှင်းလင်းကြသည်ကို သိရသည်။

သူက… ထိုကိစ္စကို ပဒိုမန်းရှာလားဖန်း (KNU အတွင်းရေးမှူးချုပ်) ကို ပြောပြသောအခါ ပဒိုမန်းရှာလားဖန်း မှ မနှစ်သက်သော လေသံနှင့် “ဒီလူတွေ ဘာတွေလျှောက်လုပ်နေတာလဲ” ဟု ပြန်ပြောသည်။

အထက်ပါကိစ္စများနှင့် ပတ်သက်ပြီး KNU ဗဟိုခေါင်းဆောင်တချို့လည်း သိထားကြသည်။ သူက မဲဆောက်မြို့ကို ရောက်သောအခါ ဗိုလ်ချုပ်ကြီးတာမလာဘော မှ အခြားလူများလည်း ကြားနိုင်လောက် သောလေသံနှင့် “ဒေသဖွံ့ဖြိုးရေးအတွက်လုပ်ရင်လည်း ဒို့အဖွဲ့အစည်းကဘဲ ခေါင်းဆောင်ရမယ်၊ လုပ်နိုင်တဲ့ အဆင့်က စလုပ်ရမယ်၊ လုပ်ရင်းနဲ့ NGO နိုင်ငံရေး မဖြစ်သွားဖို့က အရေးကြီးတယ်” ဟု ပြောလိုက်သည်။

ထိုကာလတွင် CIDKP ဦးဆောင်သူများထဲတွင် CIDKP ၏ အထောက်အပံ့ကို အသုံးချပြီး အောက်ခြေတွင် နိုင်ငံရေးဩဇာတည်ဆောက်နေကြသည်။

၁၉၉၇ ခုနှစ် သုမူဟဲလက်နက်ချပြီးနောက် “ခရိုင်၊ တပ်မဟာအတွင်း အခြေအနေပြန်လည်တည်ငြိမ်လာ အောင် အသက်၊ သွေး၊ ချွေးများကိုရင်းပြီး ကြိုးပမ်းခဲ့ကြသော ခေါင်းဆောင်များ၊ အောက်ခြေရဲဘော်များ နှင့် ပြည်သူများကို တန်ဘိုးမဲ့စေပါသည်” ။

ဗိုလ်မှူးချုပ်မူတူးစေးဖိုး၊ ဗိုလ်ချုပ်ကြီးတာမလာဘော၊ ဗိုလ်မှူးချုပ်အော်လီဗာ၊ ဗိုလ်ချုပ်ကစယ်ဒို

(၂၄)

(၁၃) ကြိမ်မြောက် KNU ကွန်ကရက်။

၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်နေ့မှစပြီး KNU ၏ (၁၃)ကြိမ်မြောက်ကွန်ကရက်ကို KNU ဖာအံခရိုင်၊ အမှတ် (၇) တပ်မဟာ၏ လေးဝါးစခန်းတွင် ပြုလုပ်ကျင်းပသည်။ ထို့ကြောင့် သူသည် KNU ၏ ကွန် ကရက်သို့ တက်ရောက်ရမည့် ဒူးပလာယာခရိုင် ကိုယ်စားလှယ်များကို ရွေးချယ်ရမည်ဖြစ်သည်။ သူက KNU ၏ ကွန်ကရက်အတွေ့အကြုံမရှိသေးသော ခရိုင်ခေါင်းဆောင်များကို ဦးစားပေးရွေးချယ်ခဲ့သည်။ စုရပ် အဖြစ် ထိုင်းနိုင်ငံရှိ မဲဆောက်မြို့ကို သတ်မှတ်သည်။ တပ်မဟာ (၆) ၏ ကိုယ်စားလှယ်များကိုမူ တပ်မဟာ မှူးမှ တာဝန်ယူရွေးချယ်သည်။ ထို့နောက် အချိန်တန်သောအခါ ခရိုင်ကိုယ်စားများနှင့် တပ်မဟာမှ ကိုယ်စား လှယ်များတို့သည် မဲဆောက်မြို့တွင် ဆုံကြပြီးနောက် လေးဝါးစခန်းသို့ ဆက်လက်ထွက်ခွာကြသည်။ လေးဝါးစခန်းရောက်၍ ကွန်ကရက်ကျင်းပသောအခါတွင် အစီအစဉ်အတိုင်း ဆွေးနွေးတင်ပြကြသည်။ ထိုကွန်ကရက်မှ KNU ၏ ထိပ်ပိုင်းခေါင်းဆောင် (၅) ဦးအား လျှို့ဝှက်မဲစနစ်ဖြင့် အောက်ပါအတိုင်း ရွေး ကောက်တင်မြှောက်လိုက်ကြသည်။

၁။ ပဒိုဘသင်စိန် (ဥက္ကဌ)။

၂။ ဗိုလ်ချုပ်ကြီးတာမလာဘော (ဒု-ဥက္ကဌ)။

၃။ ပဒိုမန်းရှာလားဖန်း (အတွင်းရေးမှူးချုပ်)။

၄။ ပဒိုထူးထူးလေး (တွဲဘက်အတွင်းရေးမှူး-၁)။

၅။ ပဒိုဒေးဗစ်သာကပေါ် (တွဲဘက်အတွင်းရေးမှူး-၂) တို့ ဖြစ်ကြသည်။

ထိုကွန်ကရက်မှ သူ့ကို KNU ၏ အရံဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။

KNU ၏ ကွန်ကရက်အစီအစဉ်များ ပြီးစီးသည့်အခါတွင် ဗိုလ်ချုပ်ကြီးတာမလာဘော မှ ဦးဆောင်ကာ ဆက်လက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) စစ်ဦးစီးချုပ် (GOC) နှင့် ဒု-စစ်ဦးစီး ချုပ် (VCS) တို့ကို ကွန်ကရက်သို့ တက်ရောက်လာကြသော ကိုယ်စားများ၏ လျှို့ဝှက်ဆန္ဒမဲ စနစ်ဖြင့် ဆက်လက်ရွေးကောက်တင်မြှောက်ကြရန် ပြောသည်။ အကြောင်းမှာ လက်ရှိ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီးတာမလာဘောနှင့် ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကစယ်ဒို တို့မှာ အသက်အရွယ် အိုမင်းလာပြီဖြစ်၍ မျိုး ဆက်သစ်များဖြင့် အစားထိုး တာဝန်ပေးအပ်သွားရန် ဖြစ်သည်။ နောက်ကိစ္စတခုမှာ ဤကွန်ကရက်တွင် ဗိုလ်ချုပ်ကြီးတာမလာဘော ကိုယ်တိုင် KNU ၏ ဒု-ဥက္ကဌ အဖြစ် ရွေးချယ်ခံရခြင်းလည်း ဖြစ်သည်။

ပထမဦးဆုံးအနေဖြင့် လက်ရှိ စစ်ဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီးတာမလာဘော မှ လျာထားသော တပ်မ ဟာမှူး (၂) ဦး၏ အမည်ကို အစည်းအဝေးသို့ တင်သွင်းလိုက်သည်။ အဆိုပါ တပ်မဟာမှူး (၂)ဦးမှာ အမှတ် (၆) တပ်မဟာမှူးဖြစ်သော ဗိုလ်မှူးချုပ်မူးတူးစေးဖိုး နှင့် အမှတ် (၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်အော်လီဗာ တို့ ဖြစ်ကြသည်။ ဗိုလ်ချုပ်ကြီးတာမလာဘော မှ ပထမဦးစွာ စစ်ဦးစီးချုပ် (GOC) ကို ထိုနှစ်ဦးအနက် တဦးကို ရွေးချယ်စေသည်။ ဗိုလ်မှူးချုပ်မူတူးစေးဖိုး မှ ဆန္ဒမဲ အများဆုံးရရှိသွားသဖြင့် KNLA ၏ စစ်ဦးစီးချုပ် (GOC) အဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ကျန်တဦးဖြစ်သော ဗိုလ်မှူးချုပ်အော်လီဗာ သည် အလိုအ လျောက် KNLA ၏ ဒု-စစ်ဦးစီးချုပ် (VCS) ဖြစ်သည်။ ရွေးကောက်တင်မြှောက်ပြီးသောအခါ တချို့က ရွေးကောက်တင်မြှောက်ရေး နည်းစနစ်က လိုအပ်ချက်ရှိကြောင်း ပြောဆိုကြသည်။

(ဆက်လက်ဖေါ်ပြပါမည်)။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect