မန်းအောင်ဋ္ဌေး

အဖအမည် မန်းမောင်ဉာဏ် အမိအမည် ဃါ့မသန်းဖြစ်သည်။ ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်၊ ကန္နားမဲဇလီ ကျေးရွာတွင် ၁၉၄၂ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့တွင် မွေးဖွားသည်။ ဖခင်မှာ ပုသိမ်မြို့ ပိုးကရင် အထက်တန်း ကျောင်းတွင် နဝမတန်း အထိ ပညာသင်ကြားခဲ့ပြီး မိခင်မှာ ဟင်္သာတမြို့ ဖဲလ်ဖ်ကရင် အထက်တန်းကျောင်းတွင် နဝမတန်းကို အောင်မြင်ခဲ့သူဖြစ်သည်။ မိခင်သည် ပုသိမ်မြို့ ကျမ်းစာသင်ကျောင်းတွင် တက်ရောက်သင်ကြားစဉ် ဒေါ်ငွေဇံနှင့် ရင်းနှီး ခင်မင်ပြီး ကန္နားမဲဇလီကျေးရွာသို့ အလည် အပတ် ရောက်ခဲ့ရာမှ ဒေါ်ငွေဇံ၏ မောင်ဖြစ်သူ မန်းမောင်ဉာဏ်နှင့် ဆုံဆည်းခဲ့ခြင်း ဖြစ်သည်။ မိခင်ဇာတိမှာ ဟင်္သာတခရိုင် ယုန်သလင်း ကျေးရွာဖြစ်သည်။ ယုန်သလင်းရွာ သည် ဟင်္သာတ-ပုသိမ် မီးရထားလမ်း နံဘေးတွင် ရှိသော ပိုးကရင်ရွာ တရွာဖြစ်ပြီး တရွာလုံးလိုလိုမှာ ငှက်ပျောစိုက်ပျိုးရေးကို လုပ်ကိုင် ကြသော်လည်း မိခင်မှာမူ မူလတန်းပြ ကျောင်း ဆရာမတဦးဖြစ်သည်။

ညီအစ်ကို မောင်နှမ လေးယောက်ရှိရာ အကြီးဆုံးမှာ အစ်မကြီး နန့်ဖလော်ရာ ဖြစ်ပြီး အပျိုပေါက်အရွယ်တွင် ဟင်္သာတ၌ ဆုံးပါးခဲ့သည်။ အစ်ကိုကြီးမှာ စ’ဆင်းမြူရယ် ဖြစ်သည်။ အငယ်ဆုံးညီမမှာ နန့်ခရစ္စတီးမှာ ယနေ့အထိ ကန္နားမဲဇလီ ကျေးရွာတွင် နေထိုင်ဆဲဖြစ်ပြီး သား သမီး (၆) ယောက်၏ မိခင် ဖြစ်သည်။ 

၁၉၄၇ ခုနှစ်တွင် ကန္နားမဲဇလီကျေးရွာ မူလတန်းကျောင်း၌ ပညာ စတင် သင်ယူခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ပြည်တွင်းစစ်မီးကြီး တောက်လောင်ခဲ့ပြီး ဒေသ တခုလုံးရှိ ကျေးရွာအသီးသီး တနေရာမှ တနေရာသို့ ပြေးလွား ပြောင်းရွှေ့ကြရသော ကာလဖြစ် သည်။ လူမျိုးရေးအရ နိုင်ငံရေးအရ ပဋိပက္ခများ ပြင်းထန်လာသောကြောင့် အသက်အိုး အိမ် တည်တံ့နိုင်ရေးအတွက် နီးစပ်ရာ လုံခြုံမည့်နေရာသို့ အသီးသီး ပြောင်းရွှေ့ ခိုလှုံ နေကြရသည့် ကာလဖြစ်သည်။

အဘိုးမန်းမောင်ဖေနှင့် သူ၏ သားသမီး ဆွေမျိုး တစုသည် ၁၉၅၂ ခုနှစ်တွင် ဟင်္သာတမြို့သို့ ပြောင်းရွှေ့ကြရသည်။ ဖခင် မန်းမောင်ဉာဏ်နှင့် မိသားစုမှလွဲ၍ ကျန် သော အိမ်ထောင်စု အားလုံးတို့ ရန်ကုန်သို့ ပြောင်းရွှေ့ သွားကြသည်။ 

မိခင် ဃါ့မသန်းမှာ ဟင်္သာတသို့ ရောက်လျှင်ရောက်ချင်း မူလတန်းပြ ဆရာမ အလုပ်ကို ရသည်။ ဖခင်မှာမူ B.D.F. (Burmese Defence Force) ခေါ် ပြည်သူ့ ဝန်ထမ်း တပ် ဘောလုံးအသင်းတွင် ဝန်ထမ်းဘဝဖြင့် ဘောလုံး ကစားရသည်။ နောက်ပိုင်းတွင်မူ (S.A.M.B.) State Agriculture and Marketing Board ကောက်ပဲသီးနှံ အသင်းသို့ ပြောင်းရွှေ့ ကစားခဲ့သည်။

၁၉၅၂ ခုနှစ်၌ပင် ဟင်္သာတမြို့ ဈေးကြီးရပ်ကွက်၌ ဖွင့်လှစ်သော ဒေါ်ဥမယ် မူလတန်းကျောင်းတွင် ဒုတိယတန်းကို တက်ရောက်သင်ကြား ခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် မူလတန်းအောင်မြင်ခဲ့သည်။ ကျောင်းအုပ် ဆရာမကြီးဒေါ်ဥမယ် ဆုံးပါးသွားသဖြင့် ဆရာမကြီး ဒေါ်ဗီရာကပင် ဆက်လက်ပြီး ကျောင်းအုပ်ဆရာမအဖြစ်ဖြင့် ဆက် လက် တာဝန်ယူပြီး၊ မူလတန်းမှ အလယ်တန်းအဆင့်အထိ တိုးမြှင့်လိုက်ပြီး “ဒေါ်ဗွီ အလယ်တန်း ကျောင်း” ဟု ခေါ်ဝေါ်ခဲ့သည်။ ဒေါ်ဗွီကျောင်းတွင် ၁၉၅၇ ခုနှစ်၌ အလယ်တန်းကို အောင် မြင်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် အစိုးရ အမှတ်(၂) အထက်တန်း ကျောင်း၌ ပညာ ဆက်လက် သင်ယူခဲ့ရာ၊ ၁၉၅၉ခုနှစ်တွင် “အထက်တန်းကျောင်းထွက် လက်မှတ်ရ” အဆင့်ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တက်ရောက်ရန် ဘာသာရပ် တခ့ျိုကို ဆက်လက် ဖြေဆို ရမည် ဖြစ်သည်။ တက္ကသိုလ်တက်ခွင့် မရသေး၍ အစိုးရဋ္ဌာန တခုဖြစ်သော ကြေးနန်း ပစ္စည်း သိုလှောင်ရေးဋ္ဌာနတွင် အောက်တန်းစာရေး အဖြစ်ဖြင့် ဝင်ရောက် လုပ်ကိုင်ခဲ့ သည်။ ညပိုင်းတွင် အလုံ မစ်ရှင်လမ်း၌ ဖွင့်လှစ်သော အလွတ်ပညာသင်ကျောင်းတွင် ညပိုင်း တက်ရောက်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ အောင်မြင် ခဲ့ပြီး၊ ၁၉၆၂-၆၇ ခုနှစ်တွင် ရန်ကုန်မြို့ ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် ဘွဲ့ယူခဲ့သည်။ 

၁၉၆၂ ခုနှစ် မတ်လ(၂)ရက်နေ့ စစ်တပ်မှ အာဏာသိမ်းသည့် အပေါ် တက္ကသိုလ် ကျောင်းသားထု တရပ်လုံးမှ ဆန့်ကျင်သော လှုပ်ရှားမှုများကို ထောက်ခံ အားပေးခဲ့သည်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြပွဲအား စစ်တပ် မှ ပစ်ခတ် နှိမ်နင်း၍ တက္ကသိုလ်ကျောင်းကို ပိတ်ခဲ့ပြီး စက်တင်္ဘာလလောက်တွင်မှ ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ကျောင်းများ ပြန်လည် ဖွင့်လှစ်သောအခါ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ နိုင်ငံရေး အမျိုးသားရေး လှုပ်ရှားမှုများတွင် အခွင့်သာလျှင် သာသလို ပါဝင်ရန် ဆုံးဖြတ်ပြီး ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ 

၁၉၆၂-၆၃ ခုနှစ် ဥပစာ (က)တန်းတွင် တက္ကသိုလ် ကရင်ကျောင်းသားများ အသင်းတွင် မြစ်ဝကျွန်းပေါ်မှ စ’အောင်ကျော်လွင်၊ စ’ဝင်းသိန်း၊ စောဟန်ထွန်း (သမိန်ထွန်း)၊ စောထူး၊ စ’ရွဲမောင်၊ (ညောင်ငူ အထက်တန်းကျောင်း) စတီဗင်ညော၊ စ’လွန်းရွှေ၊ စောဂျေရုံ (ဟင်္သာတ)၊ စောရုဖတ်စ်ကြီး (တောင်ငူ)၊ ဘားအံမှ သာမြတ် အောင်၊ စောလွန်းရှိန်၊ တောင်ငူမှ စော‌နေဝေထူး၊ ရော့ဒရစ်လူး လူ၊ စောမိုးဇက် စသော ကရင် ကျောင်းသားများနှင့်အတူ ပါဝင်ခဲ့သည်။ ၁၉၆၄ ခုနှစ် တက္ကသိုလ်လူမျိုးစု ကျောင်း သားတပ်ဦးတွင် ကရင်တက္ကသိုလ် ကျောင်းသား အသင်းကို ကိုယ်စားပြုပြီး ကိုယ်စားလှယ် စေလွှတ်ရာတွင် စ’ဝင်းသိန်းနှင့်အတူ တက်ရောက်ခဲ့သည်။ လူမျိုးစု ကျောင်းသား တပ်ဦး တွင် ပအိုဝ်း ကိုယ်စားလှယ် ခွန်သက်လွင်၊ ချင်း ကိုယ်စားလှယ် ဆလိုင်းဘစိန်၊ ကချင် ကိုယ်စားလှယ် ဂျိုးဇက်နော်တင်တို့ နှင့်အတူ ပါဝင်ခဲ့သည်။ ဥက္ကဋ္ဌမှာ ရခိုင်မှ ကိုသာဒိုး ဖြစ်သည်။ ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုများကို ကူညီ ခဲ့ရသည်။ ကရင် ကျောင်းသားများ အဖွဲ့တွင် ပါဝင်သော်လည်း ဝိုင်းဝန်းအကြံပြု ကူညီ ကြသူများမှာ စ’ချစ်ဆွေ (မန်းရှာ လားဖန်း) (နောင် ကေအဲန်ယူပါတီဝင်)၊ စောရန်နယ် Saw Runner (ခေါ်) စောဘမိုး (နောင် ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်)၊ စောထွန်းရောင် စသည့် ပုဂ္ဂိုလ်များ လည်း ပါဝင်ခဲ့သည်။ 

၁၉၆၃ ခုနှစ် အလုံ ကသစ်လမ်း၌ ကျင်းပသော ကရင်အမျိုးသား အဖွဲ့ချုပ် ခေါင်းဆောင်ဖြစ်သော မန်းမြသီးနှင့် ဗမာပြည် ကွန်မြူနစ်ပါတီမှ ကိုယ်စားလှယ်များ၏ နိုင်ငံရေးရှင်းလင်းပွဲတွင် တက္ကသိုလ်မှ ကရင်ကျောင်းသား တခ့ျိုနှင့်အတူ တက်ရောက် လေ့လာခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကရင်ကျောင်းသား အသင်းမှ မန်းအောင်ကျော်လွင်၊ စ’ရွဲမောင်၊ စ’ဝင်းသိန်း တို့နှင့်အတူ တက်ရောက်ခဲ့သည်။ ဗကပ မှ ရဲဘော်ဋ္ဌေး၊ ဗိုလ်ဇေယျ၊ ရဲဘော်အောင်ကြီး၊ ဗိုလ်ပုနှင့် ဘခက်တို့မှ တက်ရောက်ပြီး တွေ့ဆုံဆွေးနွေးရေး အခြေ အနေများကို ရှင်းပြခဲ့သည်။ 

၁၉၆၃ ခုနှစ်နေဝင်း စစ်အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရေးကာလ လူမျိုးပေါင်းစုံ ကော်မတီနှင့် ပြည်သူ့ ကော်မတီကို ဖွဲ့စည်းပြီး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ပေါ်ပေါက် ခဲ့ရာ လူမျိုးစုံ ကော်မတီမှ ပါဝင်ခဲ့သော မန်းဒါဝိတ်ကို ကူညီခဲ့သည်။ ၁၉၆၄ ခုနှစ်၊ (၆)ခရိုင် ဆန္ဒပြပွဲတွင် မြောက်ဥက္ကလာပမှ ကရင်အမျိုးသားများနှင့်အတူ သမိုင်းလမ်းဆုံ၊ အင်းစိန်မှ ချီတက်လာသော လူထုစစ်ကြောင်းနှင့် ပူးပေါင်းလိုက်ပြီး မြို့တော်ခန်းမ သို့ ချီတက် ဆန္ဒ ပြခဲ့သည်။ 

၁၉၆၈-၇၂ ခုနှစ်တွင် မြောက်ဥက္ကလာပ အထက(၃)နှင့် အလက(၇) တို့တွင် အလယ်တန်းပြ ကျောင်းဆရာအဖြစ် အမှုထမ်းခဲ့ပြီးနောက်၊ ၁၉၇၅ ခုနှစ်တွင် တောခို ခဲ့သည်။ ၁၉၇၅ ခုနှစ် အောက်တိုဘာလတွင် ဖာပွန်ခရိုင်၊ ဒူးဒါးဂေး ကျေးရွာတွင် ကျင်းပသော (၈)ကြိမ်မြောက် ပါတီကွန်ဂရက်ကို တက်ရောက်ပြီး ကေအဲန်ယူပါတီကို ဖျက်သိမ်းသောအခါ ပါတီဝင်အားလုံးသည် ကေအဲန်ယူ အစည်းအရုံးသို့ ပါဝင် ပူးပေါင်း လိုက်ကြသည်။

၁၉၅၇ ခုနှစ်၌ပင် ပြန်လည်ဖွဲ့စည်းခဲ့သော ကေအဲန်ယူ အုပ်ချုပ်ရေး အသစ်တွင် ဗိုလ်ချုပ်မြမောင်၏ သတ္တုတွင်းဋ္ဌာနတွင် တာဝန်ပေးခြင်း ခံရသည်။ ကျန်သော ပါတီဝင်များမှာ တပ်မဟာ(၇)၊ တပ်မဟာ(၃)၊ တပ်မဟာ(၄) တို့သို့ အသီးသီး တာဝန်များ ပေးအပ်ခြင်း ခံရလေသည်။ ကျန်သော တိုက်ခိုက်ရေး ရဲဘော်များအတွက် တပ်ရင်း (၁၄)ကို ဖွဲ့စည်းပေး ခဲ့ပြီး အဆင့်ဆင့် တာဝန်များ ပေးအပ်ခဲ့ လေသည်။ 

၁၉၆၇ ခုနှစ်တွင် တပ်မဟာ(၇)နယ်မြေ နိုရိုးသတ္တုတွင်း (ထီးပယ်နိုရီ)တွင် (၂)နှစ်ကျော် ရုံးစာရင်းများကို ကူညီ လုပ်ကိုင်ပေးခဲ့ရပြီး၊ ၁၉၇၉ ခုနှစ်တွင် တပ်မဟာ(၆)ရှိ သပြုမိုင်းဟုခေါ်သော ခနောက်စိမ်း တူးဖော်ရေး လုပ်ငန်းတွင် ဒုတိယ မန်နေဂျာအဖြစ် ခန့်အပ်ခြင်းခံရသည်။ ၁၉၈၄ ခုနှစ်တွင် ဒူးပလာယာခရိုင် ခရိုင်-စည်းရုံးရေး ကော်မတီ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပြီး၊ အခြေခံဒေသ၊ ဝင်းရေး မြို့နယ်များသို့ လှည့်လည်ပြီး ကေအဲန်ယူ အစည်းအရုံး တည်ဆောက်ရေး၊ အမျိုးသား ပညာရေး ကျောင်းများ ဖွင့်လှစ် ခြင်း လုပ်ငန်းများကို ကူညီခဲ့သည်။

၁၉၈၅-၈၆ ခုနှစ်တွင် တောင်ပေါက်(၂၄)ရွာ ဝင်းရေး၊ ကြာအင်း မြို့နယ်များ အတွင်း မွန်-ကရင် ပြဿနာများ၊ နှစ်ဖက် နယ်မြေကိစ္စများ အငြင်းပွားမှုများအတွက် ပြုလုပ်ခဲ့သော ခရိုင်အဆင့် အစည်းအဝေးများတွင် မှတ်တမ်းများကို ရေးသားရန် တာဝန် ပေးအပ်ခြင်းခံရသည်။ 

၁၉၈၇ ခုနှစ်တွင် ဘုရားသုံးဆူ ဒေသကို ခရိုင် အုပ်ချုပ်ရေး အဆင့်သို့ တိုးမြှင့် ခဲ့ရာတွင် ဘုရားသုံးဆူခရိုင် အုပ်ချုပ်ရေး ကော်မတီဝင်အဖြစ် ရွေးချယ်ခြင်း ခံရသည်။ ခရိုင်ကော်မတီဝင် ပဒိုမော်တော်၊ တပ်မဟာ ဋ္ဌာနချုပ်မှ ဗိုလ်မှူးဆာမိ၊ ကရင်အမျိုးသား ကာကွယ်ရေး K.N.D.O. တပ်ရင်းမှူး ဗိုလ်မှူးထောဂေ စသော ပုဂ္ဂိုလ်များနှင့်အတူ တာဝန်ယူခဲ့ရသည်။ ဘုရားသုံးဆူကျေးရွာ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး ကိစ္စများကို ကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည် ဖော်ခဲ့သည်။ 

၁၉၈၈ ခုနှစ် မွန်ပြည်သစ်ပါတီနှင့် ကေအဲန်ယူတို့ လက်နက်ကိုင် ပဋိပက္ခ ပေါ်ပေါက်ခဲ့သဖြင့် ခရိုင် အုပ်ချုပ်ရေး ကော်မတီလည်း ရပ်ဆိုင်းသွားခဲ့ပြီး ဘုရားသုံးဆူ ဒေသကို ကေအဲန်ယူ ဗဟိုဋ္ဌာနချုပ်မှ တိုက်ရိုက် ကွပ်ကဲအုပ်ချုပ်ခဲ့သည်။ လက်နက်ကိုင် ပဋိပက္ခသည် ၁၉၈၈ ခုနှစ် သြဂုတ်လအတွင်းဖြစ်ပွားခဲ့ပြီး နှစ်ဖက် အထိအခိုက် အကျ အဆုံး အများအပြားရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစုမှ ကိုယ်စားလှယ်များ လာရောက် ဖြန်ဖြေပြီး နှစ်ဖက်ကျေအေး ခဲ့ကြသည်။ 

ထို့နောက် ၁၉၈၉-၉၀ ဘုရားသုံးဆူမြို့ကို မွန်-ကရင် ပူးတွဲ အုပ်ချုပ်ရေး အတွက် နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်ပြီး ဖွဲ့စည်းခဲ့ရာ မွန်-ကရင် ပူးတွဲ အုပ်ချုပ်ရေးတွင် ဒေသအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ပေး ခန့်အပ်ခြင်း ခံရသည်။ မွန်ပြည်သစ်ပါတီမှ အဖွဲ့ခေါင်းဆောင် နိုင်ထွန်းအောင် နှင့် ပူးတွဲပြီး လူထု အုပ်ချုပ်ရေး တာဝန်များကို ထမ်း ဆောင်ခဲ့သည်။ ခရိုင် အုပ်ချုပ်ရေးအဆင့်တွင် မန်းအောင်တင်မြင့် (ဒုဗိုလ်) နှင့် ဗိုလ်မှူး ထူးထူးလေးတို့ ပါဝင်ခဲ့သည်။

၁၉၉၀-၉၁ ခုနှစ်တွင် ဘုရားသုံးဆူဒေသအား ရန်သူမှ ထိုးစစ်ဆင်သဖြင့် ဒေသတခုလုံးရှိ ပြည်သူများ ထိုင်းနိုင်ငံထဲသို့ ပြောင်းရွှေ့ခဲ့ကြရသည်။ ဒုက္ခသည်များ နေရာချထားရေး စခန်းများ တည်ဆောက်ရေး ကိစ္စများကို ကေအဲန်ဒီအို အဖွဲ့မှ ဗိုလ်မှူးမန်းလင်းသွယ်၊ ဗိုလ်ကြီးမန်းကျော်ဖေ၊ ဗိုလ်တင်ဝင်းနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့မှ ပုဂ္ဂိုလ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

၁၉၉၃ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပြောင်းရွှေ့ပြီး လွတ်လပ်သော ကရင့်သမိုင်းသုတေသနအဖွဲ့ Independent Karen Historical Research Assosiation (I.K.H.R.A.)ကို ဖွဲ့စည်း တည်ထောင်ကာ စာပေလုပ်ငန်းများကို လုပ်ကိုင် ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ကေအဲန်ယူသည် ဗဟို ဋ္ဌာနချုပ်ဖြစ်သော မာနယ်ပလောကို စွန့်ခွာခဲ့ပြီး နောက်ပိုင်းတွင် လွတ်လပ်သော ကရင့်သမိုင်း သုတေသနရုံးအား ထိုင်းနိုင်ငံ ကန်ချနဘူရီ သို့ ပြောင်းရွှေ့ခဲ့ရသည်။ စာစောင်များ ထုတ်ဝေ‌ရေး ရုံးဖွင့်လှစ်နိုင်ရေးအပြင် မြန်မာ့ အရေးအား ကူညီ ပံ့ပိုးသူများ ရှိလာသဖြင့် ခွန်ခမ်းကွို့ ဦးဆောင်သော ပအိုဝ်း သုတေသန အဖွဲ့နှင့် ဗိုလ်မှူး ခိုင်ရဲလင်းအောင် ဦးစီးသော ရခိုင်သုတေသနအဖွဲ့များနှင့် ပူးပေါင်းလျက် သမိုင်းသစ် စာစောင်များကို မြန်မာ၊ ရခိုင်၊ ပအိုဝ်း၊ ကရင်ဘာသာတို့ဖြင့် ထုတ်ဝေခဲ့သည်။ 

၁၉၉၈ ခုနှစ်တွင် ကရင်သွေးစည်းခိုင်မာရေးအဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင် ပတ်သက်ခဲ့ သဖြင့်၊ အကူအညီများ ဖြတ်တောက်ခြင်း ခံခဲ့ရပြီး သုတေသနအဖွဲ့၏ စာစောင် ထုတ်ဝေ‌ ရေးမှာလည်း ရပ်ဆိုင်းခဲ့ရသည်။ ဆက်လက်၍ စာစောင်ထုတ်ဝေ‌ရေးအပြင် လက်နက်ကိုင် အဖွဲ့အစည်းတို့နှင့် ပတ်သက်၍ မှတ်သားစရာ အမျိုးသား နိုင်ငံရေး အသိပညာ တိုးပွားရေး အတွက် ဆက်လက် လှုပ်ရှားမှုများကိုမူ စဉ်ဆက် မပြတ် ပြုခဲ့သည်။

သက္ကရာဇ် ၂၀၀၀ ဇူလိုင်လတွင် နယူးဇီလန်နိုင်ငံ၌ အခြေချ နေထိုင်ခွင့် ရရှိခဲ့ပြီး၊ ဇနီးသည် နော်မေရီထူး၊ သားသမီးများဖြစ်ကြသော စောဋ္ဌေးဦး၊ နော်ယဉ်ဋ္ဌေး၊ နော်မိကစ်၊ စောကပေါ၊ စောထူးဖိုး တို့နှင့် အတူ အော်ကလန်မြို့တွင် အခြေချ နေထိုင်လျက်ရှိသည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect