ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၉)

(စတက်နေ-ပန်းတနော်)

အပိုင်း (၉)

(၁၅)

ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ကရင်လူငယ်အစည်းအရုံး (KYO)။

၁၉၈၇ ခုနှစ်ကတည်းက ခရိုင်အမျိုးသမီးအစည်းအရုံး နှင့် ခရိုင်လူငယ်အစည်းအရုံး တို့အား ခရိုင်-အခြေခံ ဒေသ မှ စတင် အကောင်အထည်ဖေါ်ထုတ်ပေးရန် ခရိုင်ဥက္ကဌကြီး မှ သူ့အား တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ခရိုင်-အခြေခံဒေသအလုပ်အမှုဆောင်တဦးဖြစ်သော ဆရာမ နော်ဖေါဘော ကို ခရိုင်သို့ ခေါ်ယူပြီး ခရိုင် အမျိုးသမီးအစည်းအရုံး ဥက္ကဌ အဖြစ် တာဝန်ပေးလိုက်သည်။ အဆိုပါ ဆရာမနော်ဖေါဘော ဦးဆောင် သော ခရိုင်အမျိုးသမီးအစည်းအရုံး အလုပ်အမှုဆောင်များအား ခရိုင်-အခြေခံဒေသအတွင်း၌ လက်တွေ့ ကွင်းဆင်းလှုပ်ရှားရန်နှင့် နိုင်ငံရေးအရ ပြုစုပျိုးထောင်ပေးရန် ခရိုင်ဥက္ကဌကြီး မှ သူ့ထံသို့ ပို့ပေးလိုက်သည်။

ဆရာမနော်ဖေါဘော ဦးဆောင်သော ခရိုင်အမျိုးသမီးအဖွဲ့များ သူ့ထံသို့ ရောက်လာသောအခါ ခရိုင်အခြေခံ ဒေသရုံးတွင် လူငယ်များဖြစ်ကြသော မန်းဂျွန်ဆင်၊ စောမောထူး၊ စောဟေရို၊ စဝေလျံရှိုင်း၊ စအယ်ဆိုခလိန်း တို့နှင့် ပူးပေါင်းပေးကာ လှုပ်ရှားမှုများကို အားကောင်းစေပါသည်။ ထို့အပြင် စည်းရုံးလှုပ်ရှားသည့်အခါ တွင်လည်း ကိုယ်တိုင်ကိုယ်ကျ လိုက်ပါဆောင်ရွက်ပေးခဲ့သည်။

ထိုကာလတွင် KNU ကရင်အမျိုးသမီးအစည်းအရုံးနှင့် KNU ကရင်လူငယ်အစည်းအရုံးတို့၏ ဖွဲ့စည်းပုံအ ခြေခံဥပဒေသာရှိသေးသည်။ ထိုကြောင့် ထိုဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သူက KNU ကရင်အမျိုးသမီး အစည်းအရုံးနှင့် KNU ကရင်လူငယ်အစည်းအရုံးတို့ကို အကောင်အထည်ဖေါ်ရသည်။ နောက်ပိုင်းကျမှ KWO ကရင် အမျိုးသမီးအစည်းအရုံးနှင့် KYO ကရင်လူငယ်အစည်းအရုံးတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ ဖြစ်ပေါ်လာသည်။

မှတ်ချက်။ ။ KNU အမည်ကို ဖြုတ်လိုက်ရခြင်းမှာ နိုင်ငံတကာနှင့် ဆက်စပ်လုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်ဖြစ်သည်။

ထို့အပြင် စည်းရုံးလှုပ်ရှားမှုဖြစ်စေ၊ စည်းရုံးတည်ဆောက်မှုဖြစ်စေ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါဦးဆောင် မှုပေးခဲ့သည်။ ပထမဦးစွာ အမျိုးသမီးအစည်းအရုံးလုပ်ငန်းများကို ဦးစားပေးလုပ်ကိုင်ဆောင်ရွက်ပေးသည်။ ဤသို့ဖြင့် တရွာဝင် တရွာထွက် လိုက်လံစည်းရုံး၊ ပညာပေး၊ ဟောပြောကြပါသည်။ သူတို့ အဖွဲ့ထဲတွင် သီချင်းဆိုတတ်သူများ၊ ဂီတာတီးတတ်သူများလည်း ပါဝင်ကြသည်။ ပညာပေးဟောပြောပွဲ အစီအစဉ် အစနှင့် အဆုံးတို့တွင် တော်လှန်ရေးသီချင်းများ၊ အမျိုးသားရေးသီချင်းများဖြင့် ဖျော်ဖြေပေးပါသည်။ ရွာသားတချို့က “မင်းတို့ပြန်သွားရင် ဒို့တော့လွမ်းပြီးကျန်ခဲ့မှာဘဲ”ဟု ပြောကြသူများလည်း ရှိပါသည်။

သူသည် စည်းရုံးရေးဆင်းသည့်အခါ ဥက္ကဌကြီး မန်းဘဇန် မှာကြားသော စကားများကို ကြားယောင် မိပါသည်။ ဥက္ကဌကြီး က “လူထုထဲ ဆင်းသည့်အခါ ဗုဒ္ဓဘာသာရွာဖြစ်က ကျောင်းထိုင်ဆရာတော်ဘုန်းကြီး ၏ ထောက်ခံမှုကိုရရှိရန် ဦးစွာချည်းကပ်ရမည်။ ခရစ်ယာန်ရွာဖြစ်ပါက သင်းအုပ်ဆရာကို ဦးစွာ ချည်းကပ်ရ မည်”ဟု မှာကြားထားသဖြင့် စည်းရုံးရေးလမ်းညွှန်တခုအဖြစ် သူ ကျင့်သုံးခဲ့သည်။

ထို့ကြောင့် တနင်္ဂနွေနေ့ နှင့် တိုက်ဆိုင်ပါက သူတို့ အဖွဲ့များက ဘုရားကျောင်းတက်ပြီး သင်းအုပ်ဆရာ၏ တာ ဝန်ခွဲဝေပေးမှုကို တာဝန်ယူရသည့်အခါများလည်းရှိသည်။ ဗုဒ္ဓဘာသာရွာဖြစ်ပါက အလျင်ဦးစွာ ဆရာတော် ဘုန်းကြီးအား သွားရောက်ချည်းကပ်ဂါ၀ရပြု မိတ်ဆက်ပါသည်။

ထိုသို့သော လှုပ်ရှား စည်းရုံး ဟောပြောမှုများကြောင့် တစတစဖြင့် လူထုများ စိတ်ဝင်စားလာပြီး ထောက်ခံ မှုများပြုလာသည်။ လူထုထောက်ခံမှုများ ရလာသောအခါ ကျေးရွာအုပ်စုတိုင်း အမျိုးသမီးအစည်းအရုံးကို ဖွဲ့စည်းတည်ဆောက်ပေးပါသည်။ အမျိုးသမီးအစည်းအရုံး ရံပုံငွေရရှိရေးအတွက် အိမ်တိုင်း တဆုပ်ဆန် ထားရှိရန် နှင့် ကြက် (၃) ကောင် မွေးထားကြရန် စီစဉ်ချမှတ်ပေးခဲ့သည်။

ဆရာမနော်ဖေါဘော ဦးဆောင်သော အလုပ်အမှုဆောင်အဖွဲ့များအား လေ့ကျင့်ပျိုးထောင်ပြီးသည့်နောက် ဆက်လက်ပြီး ဥက္ကဌအသစ်ဖြစ်လာသော ဆရာမနော်ဃီးလာ ဦးဆောင်သော အလုပ်အမှုဆောင်များကို လေ့ကျင့်ပျိုးထောင်ပေးခဲ့သည်။ သူ ပြုစုပျိုးထောင်ပေးခဲ့သော အမျိုးသမီးအလုပ်အမှုဆောင်များထဲမှ ဆရာမဖြူဖြူနှင့် ဆရာမမြင့်မြင့်အေး ကို ခရိုင်ဥက္ကဌကြီးက ရွေးထုတ်ပြီးနောက် အခြားသော မြို့နယ်များ အား သွားရောက်ရှေ့ဆောင်စေသည်။ သူသည် အမျိုးသမီးအစည်းအရုံးအတွက် လှုပ်ရှားနေရင်းက တပါ တည်း လူငယ်အစည်းအရုံး အတွက်ပါ လူထုတွင်း ချပြစည်းရုံးခဲ့သည်။

ဤသို့ဖြင့် လူထုများက လူငယ်အစည်းအရုံးလုပ်ငန်းများကို စိတ်ဝင်စားလာသောအခါ ကျေးရွာအုပ်စုတိုင်း တွင် လူငယ်အစည်းအရုံးကို ဖွဲ့စည်းတည်ဆောက်ပေးခဲ့သည်။ လူငယ်အစည်းအရုံး ရံပုံငွေရရှိရေးအတွက် ကျေးရွာလူငယ်များမှ လူထုလုပ်ငန်းများအား ကူညီပေးသည့်အနေနှင့် သက်သာသောအခနှုန်းဖြင့် ရံပုံငွေများ ကို ရှာစေပါသည်။ ဥပမာ…စပါးရိတ်သိမ်းချိန်၊ ခြံများအား ပေါင်းရှင်းချိန် စသည်ဖြင့် လိုအပ်သလို အခြေအနေပေးသကဲ့သို့ လုပ်ဆောင်ကြရန် ဖြစ်သည်။ ထို့အပြင် ကျေးရွာတွင်း သာရေး၊ နာရေးကိစ္စများ တွင်လည်း လူငယ်များမှ ညီညီညွတ်ညွတ်ဖြင့် ကူညီကြရန်နှင့် ကျေးရွာအုပ်စုတိုင်းတွင်လည်း ဘောလုံးအ သင်းများကို ဖွဲ့စည်းစေပြီး ယှဉ်ပြိုင်ပွဲများ ပြုလုပ်နိုင်ရန်လည်း စီစဉ်ပေးခဲ့သည်။

ခရိုင်-အခြေခံဒေသ တခုလုံး ကရင်လူငယ်အစည်းအရုံးအတွက် တနှစ်လျှင် တကြိမ် ကရင်လူငယ် အားက စားပွဲ ကျင်းပရန် နှင့် (၃) နှစ်လျှင် တကြိမ် ကျေးရွာအုပ်စုများ စုပေါင်းပြီး လူငယ်ပွဲတော်ကို ကျင်းပပြုလုပ် စေသည်။

၁၉၈၉ ခုနှစ်တွင် ကရင်လူငယ်ပွဲတော်အား အဇင်းကျေးရွာ ကော်သူးလေအစိုးရ အထက်တန်းကျောင်း၏ ကျောင်း၏ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ နေ့အချိန်တွင် ဆရာမန်းချစ်စိန် (အဇင်းကျေးရွာ ကော်သူး လေအစိုးရအထက်တန်းကျောင်းအုပ်)နှင့် အဖွဲ့ဝင်များက အားစကားပြိုင်ပွဲများကို တာဝန်ယူ ဦးဆောင်ကြ သည်။ ညအချိန်တွင် စကားရည်လုပြိုင်ပွဲ၊ ကျဘမ်းစကားပြောပြိုင်ပွဲနှင့် အမျိုးသမီးများအတွက် ကရင်ရိုးရာ ဝတ်စုံနှင့် ပြိုင်ရသော လှယဉ်ကျေးမယ် ပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးခဲ့သည်။ ထို့အပြင် ကရင်ရိုးရာ အတီးအမှုတ် များဖြစ်သော တနာ၊ သောတူ၊ ပိဘား၊ တဃီ စသော တူရိယာများကို ယှဉ်ပြိုင်စေသည်။ အမှတ်ပေးဒိုင်လူကြီးများအဖြစ် ဆရာမဟယ်လင် (ဆရာမန်းချစ်စိန်ဇနီး)၊ မန်းဂျွန်ဆင်၊ ဒေါ်နွဲ့ တို့ဖြစ်ကြ သည်။ အခြားလူများကို မမှတ်မိပါ။ ထိုပြိုင်ပွဲမစတင်မီ ဗိုလ်မှူးချုပ်၀ရဇိန် (ဖူးလောကွား)မှ အဖွင့်သီ ချင်းအနေဖြင့် တနာ (စောင်းကောက်)ကို ဆိုတီးပြသွားသည်။ ထိုရိုးရာပြိုင်ပွဲများ ပြီးဆုံးသောအခါ ခရိုင်-အခြေခံဒေသ၏ ခေတ်ပေါ်တီး၀ိုင်းဖြင့်လည်း ပရိသတ်များကို ဧည့်ခံဖျော်ဖြေခဲ့သည်။ ထိုတီးဝိုင်းတီးခတ် သူများမှာ စောကြည်လင်၊ စောတုတ်ပေါ၊ စောဝင်းတင်၊ စောမောထူး၊ စောအယ်ဂေးကပေါ်နှင့် တီးဝိုင်းအဖွဲ့ ခေါင်းဆောင် စဝေလျံရှိုင်း တို့ဖြစ်သည်။ သီဆိုသူများမှာ ခရိုင်တွင်းရှိ ဝါသနာရှင်လူငယ်များနှင့် အခြားနာ မည်ရ အဆိုတော်အချို့ပါ ပါဝင်ကြသည်။ လူငယ်ပွဲတော် အား (၃)ရက် (၃)ည ကျင်းပကြသည်။ အောင်မြင် သည်ဟု ဆိုနိုင်သည်။ ထို့နောက်တွင် ခရိုင်ဥက္ကဌကြီး မှ မန်းဂျွန်ဆင်အား ခရိုင်သို့ ခေါ်ယူပြီး ဒူးပလာယာ ခရိုင်တွင်းရှိ အခြားသော မြို့နယ်များအား လူငယ်အစည်အရုံးလုပ်ငန်းအတွက် ဦးဆောင်ရန် တာဝန်ပေးလိုက်သည်။

(၁၆)

(၁၀) ကြိမ်မြောက် KNU ကွန်ကရက်။

သူသည် ၁၉၉၁ ခုနှစ် မာနယ်ပလော၌ ကျင်းပပြုလုပ်သော KNU ကွန်ကရက်ကို ဒူးပလာယာခရိုင် ကိုယ်စားလှယ်တဦးအနေဖြင့် တက်ရောက်ခဲ့သည်။ အဆိုပါ ကွန်ကရက် တွင် တပ်မဟာ (၃) မှ KNDO ကိုယ်စားလှယ် တပ်မှူးတဦးက KNDO အဖွဲ့ဝင်များအား “ပုလိပ်ဘောနာ”ဟု ခေါ်ဆိုခံရခြင်းအပေါ် မနှစ်မြို့ ကြောင်း၊ KNLA မှ ရန်သူတဦးကို သတ်နိုင်လျှင် မိမိတို့ KNDO မှလည်း သတ်နိုင်ကြောင်း၊ ထို့ကြောင့် တိုက်ခိုက်ရေး တပ်မတော်တရပ်အဖြစ် သတ်မှတ်သင့်ကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ထိုကာလတွင် KNDO အား တိုက်ခိုက်ရေးနှင့် မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့တခုအဖြစ် KNU မှ ပူးတွဲတာဝန် ပေးထားခြင်းဖြစ်သည်။ အဆိုပါ KNDO တပ်မှူး၏ တင်ပြချက်အား ကွန်ကရက်မှ ဆွေးနွေးညှိနှိုင်းကြပြီး နောက် KNDO အား တိုက်ခိုက်ရေး အတွက်သာ တာဝန်ယူသော တပ်မတော်တရပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် ကွန်ကရက်က သဘောတူဆုံးဖြတ်လိုက်သည်။ မှုခင်းစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ KNPF (ကရင်အမျိုးသားပုလိပ်တပ်ဖွဲ့-ပၫၤကီၫ်)ကိုမူ သီးခြားစီ ဖွဲ့စည်းထားရှိရန်လည်း ဆုံးဖြတ်ကြသည်။

အဆိုပါ ကွန်ကရက်တွင် သူ နှင့် ပဒိုသမိန်ထွန်း တို့က ပဒိုမန်းရှာ နှင့် ပဒိုကွယ်ထူးဝင်း တို့အား KNU ဗဟို ကော်မတီဝင်များ ဖြစ်ကြရန် ဆန္ဒရှိခဲ့ကြသည်။ ထို့ကြောင့် သူတို့နှစ်ဦးမှာ ရွေးကောက်ပွဲ အခန်းသို့ ရောက်သောအခါ ပဒိုသမိန်ထွန်းက ပဒိုကွယ်ထူးဝင်းကို အဆိုသွင်းပြီး သူက ထောက်ခံသည်။ သူက ပဒိုမန်းရှာကို အဆိုတင်သွင်းပြီး ပဒိုသမိန်ထွန်း က ထောက်ခံသည်။ သို့ဖြစ်ပါ၍ ရွေးကောက်ပွဲရလာဒ်တွင် ပဒိုမန်းရှာ နှင့် ပဒိုကွယ်ထူးဝင်း တို့ နှစ်ဦးစလုံး KNU ဗဟိုကော်မတီဝင် စာရင်းတွင် မဲရသွားသည်။ အစောပိုင်းတွင် ပဒိုကွယ်ထူးဝင်း မှာ မဲရသွားသော်လည်း မျက်နှာမသာယာလှပါ။ အကြောင်းမှာ ထိုကာလတွင် လူငယ် ဗဟိုကော်မတီဝင်များ KNU ဗဟိုဌာနချုပ် သို့ ပြောင်းရွှေ့တာဝန်ယူရမည် ဟူသော သဘောထား ရှိခဲ့ခြင်း ကြောင့် ဖြစ်သည်။ ထို့နောက် ပဒိုကွယ်ထူး အား ဘိတ်-ထားဝယ်ခရိုင်တွင် ဘိတ်-ထားဝယ်ခရိုင်ဥက္ကဌအဖြစ် ပြန်၍ တာဝန်ယူရန် သဘောထား ကျလာသောအခါမှသာ မျက်နှာကြည်လင်လာသည်ကို သူက သတိ ပြုမိသည်။

(၁၀)ကြိမ်မြောက်ကွန်ကရက်တွင် KNU ၏ ထိပ်ပိုင်းခေါင်းဆောင်များအား အောက်ပါအတိုင်း လျှို့ဝှက်မဲ စနစ်ဖြင့် ရွေးကောက်တင်မြှောက်လိုက်ကြသည်။

(၁) ဗိုလ်ချုပ်ကြီးစောဘိုမြ (ဥက္ကဌ)။

(၂) ပဒိုစောသန်းအောင် (ဒု-ဥက္ကဌ)။

(၃) ပဒိုဘသင်စိန် (အထွေထွေအတွင်းရေးမှူးချုပ်)။

(၄) ပဒိုစံလင်း (တွဲဘက်အတွင်းရေးမှူး-၁)။

(၅) ဗိုလ်ချုပ်မောင်မောင် (တွဲဘက်အတွင်းရေးမှူး-၂) တို့ ဖြစ်ကြသည်။

ကွန်ကရက်ကျင်းပပြုလုပ်နေစဉ်အတွင်းမှာပင် ထွီဖါးဝီးကျိုး (ခွေးအိပ်တောင်)ဘက်မှ လက်နက်ကြီးသံများ စတင်ကြားနေရပြီဖြစ်သည်။ ထိုအချိန်တွင်လည်း ဒူးပလာယာခရိုင်၊ ခရိုင်-အခြေခံဒေသတွင်းသို့ ဗမာစစ် တပ်များ ဝင်ရောက်လာ၍ တိုက်ပွဲများ ပြင်းထန်နေကြောင်း သတင်းရရှိသည်။

KNU ကွန်ကရက် ပြီးသောအခါ သူတို့တတွေ ဒူးပလာယာခရိုင် သို့ ပြန်လာခဲ့ကြသည်။ ဝေါ်လေရွာ သို့ ရောက်သောအခါ သူ နှင့် ပဒိုထဲနေ တို့အား ဗိုလ်ကြီးလားကပေါ် မှ ကျန်ရစ်ခဲ့ရန် ပြောသည်။ ညသို့ ရောက် သောအခါ ဗိုလ်ကြီးလားကပေါ် မှ သူတို့ နှစ်ဦးအား လက်နက်ခဲယမ်းသိုလှောင်သိမ်းဆည်းထားသော နေရာ သို့ခေါ်သွားပြီး လက်နက်ခဲယမ်းမီးကျောက်များကို ကူညီသယ်ပိုးပေးရသည်။ ခရိုင်-အခြေခံဒေသတွင်း ဖြစ်ပွားနေသော အဇင်းတိုက်ပွဲအတွက် ထောက်ပို့ပေးရန် ဖြစ်သည်။

နံနက်ပိုင်းတွင် သူတို့ (၃)ဦးသည် ညက သယ်ယူထားသော လက်နက်ခဲယမ်းမီးကျောက်များ နှင့် အတူ ခရိုင်-အခြေခံဒေသတွင် ရှိသော မဲ့ကတီကျေးရွာ သို့ ကားနှင့် ပြန်လာခဲ့သည်။ ထို့နောက် ဗိုလ်ကြီးလားကပေါ်နှင့် ပဒိုထဲနေတို့ကို လမ်းခွဲကာ သူက အဇင်းရွာသို့ ပြန်လာခဲ့သည်။ အဇင်းရွာတွင် ပဒိုလိလေးတို့သားအဖတို့နှင့် ဆုံပြီး တိုက်ပွဲပြီးဆုံးသွားပြီ ထင်၍ ရွာလမ်းမကြီးတိုင်းလျှောက်လာခဲ့ကြရာ ခွန်ထွန်းရီ အိမ်ရှေ့ လမ်းမပေါ် တွင် ဗမာစစ်သားအလောင်း (၂)လောင်း ပိုးလိုးပက်လက်နှင့် သေနေသည်ကို တွေ့ရသည်။ ရွာစပ်သို့ ရောက် သောအခါတွင်လည်း ရန်သူအလောင်းများကို တွေ့ရသည်။ တရွာလုံး ရန်သူအလောင်းများ ပြန့်ကျဲကျန်ခဲ့ သည်ဟု သိရသည်။ ရွာအပြင်ဘက်တွင်လည်း ရန်သူ‌အလောင်းများကို တွေ့ရသည်။ သူတို့ ရွာကို ကျော်ရုံသာ ရှိသေးသည်။ အဇင်းရွာအတွင်း တိုက်ပွဲများ ပြန်ဖြစ်ပြန်သည်။ အမှန်တကယ်တွင် ရွာအနားတွင် ရန်သူများ တပ်ဖျောက်ထားသည်ကို သူတို့တတွေ မသိခဲ့၊ ဒုတိယအကြိမ်တိုက်ပွဲတွင် ရန်သူသည် အဇင်း ဘုန်းကြီးကျောင်းနှင့် ၎င်းတို့၏ကျစ်ရစ်ခဲ့သော အလောင်းတချို့ မီးရှို့လိုက်သည်။ သို့သော် ရန်သူ အလောင်းများမှာ ပြန့်ကြဲနေသောကြောင့် မီးမရှို့ဖြစ်သော အလောင်းများကို ချန်ရစ်ခဲ့ပြီး အပြီးတိုင် ဆုတ် ခွာသွားတော့သည်။ ရန်သူမှ တပ်ရင်းတရင်းစာ ဖွဲ့စည်းပုံ ပျက်စီးသွားကြောင်း သိလိုက်ရသည်။

အဇင်းရွာသားများလည်း အချိန်အတော်ကြာအောင် ရွာတွင်းသို့ ပြန်၍ မနေဝံ့ ဖြစ်ခဲ့ရသည်။ ခွေးများ၊ ဝက်များသည်လည်း အစာကျွေးမည့်သူ မရှိသဖြင့် ပုပ်ပွပြန့်ကျဲနေသော ရန်သူ့အလောင်းကောင်များကို စားကြသည်။ ထိုကာလတွင် စခန်းသစ်စျေးတွင် အဇင်းမှ လာသော ဝက်များဆိုလျှင် မဝယ်စားကြပေ။

(ဆက်လက်ဖေါ်ပြပါမည်)။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect