(စတက်နေ-ပန်းတနော်)
အပိုင်း (၁၁)
(၁၉)
န၀တ ၏ ဒူးပလာခရိုင် (တပ်မဟာ-၆)ထိုးစစ်။
န၀တ မှ ဒူးပလာယာခရိုင် (တပ်မဟာ-၆)သို့ ထိုးစစ်မဆင်မီ တလခန့်အလိုတွင် ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်တွင် ဒူးပလာယာခရိုင်၏ ခရိုင်-အခြေခံဒေသနယ်မြေတွင်းရှိ မဲ့သရောထာကျေးရွာရှိ ဘုန်းကြီးကျောင်း ဇရပ်၌ တိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပပြုလုပ်ခဲ့သည်။ ထိုနှီးနှောဖလှယ်ပွဲတွင် မြန်မာအဖွဲ့ အစည်းများအား ဖိတ်ကြားခြင်းမပြု၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ များစွာ တက်ရောက်ခဲ့ကြသည့်အပြင် နိုင်ငံတကာရောက် တိုင်းရင်းသားခေါင်းဆောင်များလည်း တက်ရောက်ကြ သည်။ ထိုနှီးနှောဖလှယ်ပွဲတွင် သူနှင့် တအောင်းပလောင် အဖွဲ့အစည်းမှ မိုင်အိုက်ပန် တို့က ရိက္ခာတာဝန် ယူကြရသည်။ ထို့အပြင် ကျွေးမွေးဧည့်ခံရေးအတွက်ပါ သူက တာဝန်ယူရသဖြင့် ဒူးပလာခရိုင် KWO အဖွဲ့အစည်းအရုံး၏ အကူအညီကို ယူရသည်။ ထိုကာလတွင် ခရိုင် KWO ၏ အတွင်းရေးမှူးမှာ သူ၏ ဇနီး ဆရာမနော်ဝင်းဝင်းကြည် ဖြစ်သည်။ စားဖိုမှူးအဖြစ် ဆရာစောထူး မှ တာဝန်ယူသည်။ ဆရာစောထူး မှာ တချိန်က ရန်ကုန်မြို့ရှိ သမတ ဟော်တယ်တွင် စားဖိုမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။ ဆရာစောထူး ၏ အဆင့်အတန်းမှီသော အချက်အပြုတ်လက်ရာနှင့် ခရိုင် KWO အဖွဲ့အစည်းတို့၏ ဖေါ်ရွေ ပျူငှာစွာ ကျွေး မွေးဧည့်ခံခြင်းတို့ကြောင့် တိုင်းရင်းသား ကိုယ်စားလှယ်များ အားရကျေနပ်ကြသည်ကို တွေ့ ရသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲတွင် KIA မှ ဗိုလ်မှူးကြီးဇော်ဆိုင်း တက်ရောက်ပြီး KIA နှင့် န၀တ တို့ အပစ်အခတ် ရပ်စဲရခြင်းအကြောင်းအရာအား ရှင်းပြပြီးနောက် KIA အား တပ်ပေါင်းစု အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်း မပြု ရန်နှင့် တပ်ပေါင်းစု အဖွဲ့ဝင်အဖြစ် ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း ပြောသွားသည်။
NMSP (မွန်ပြည်သစ်ပါတီ)မှလည်း န၀တ နှင့် အပစ်အခတ်ရပ်စဲရခြင်းအကြောင်းအား ရှင်းပြသည်။ အကြောင်းပြချက်မှာ KNU အား န၀တ မှာ အပစ်အခတ်ရပ်စဲရေးအတွက် ချည်းကပ်နေသဖြင့် KNU အနေ နှင့် န၀တ နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိသွားပါက NMSP ကဲ့သို့သော အဖွဲ့ငယ်တခုအနေ နှင့် အခက်အခဲများ ရှိနိုင်မည်ဖြစ်သဖြင့် KNU မှ န၀တ နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရ သေးမီ KNU ထက် စောပြီး အပစ်အခတ်ရပ်စဲရေးကို န၀တ နှင့် ပြုလုပ်ခဲ့ရသည် ဟူသော သဘောဖြင့် ရှင်းပြသွားသည်။ ထို့နောက် ကိုယ်စားလှယ်များမှ ဆွေးနွေးတိုင်ပင် ညှိနှိုင်းပြီးသည့်နောက်တွင် သဘောတူ ညီချက်တခု ထုတ်ပြန်ကြသည်။ ထိုသဘောတူညီချက်မှာ ယခုအခါတွင် လူသိများ၍ ထင်ရှားသော “မဲ့သရောထာသဘောတူညီချက်”ပင် ဖြစ်သည်။
မဲ့သရောထာ “တိုင်းရင်းသားများနှီးနှောဖလှယ်ပွဲ” ပြီး၍ တလခန့်အကြာတွင် န၀တ စစ်တပ်များက ဒူးပလာ ယာရိုင် (တပ်မဟာ-၆)သို့ ထိုးစစ်ကြီးတရပ် ပြုလုပ်လာခဲ့သည်။ ထိုသို့ ထိုးစစ်ကြီးပြုလုပ်ခြင်း၏ အဓိကအ ကြောင်းရင်းမှာ KNU ၏ ဌာနချုပ် မာနယ်ပလော အား လက်လွတ်ဆုံးရှုံးခဲ့ရပြီးသည့်နောက် KNU ၏ ဌာနချုပ်ကို ဒူးပလာယာခရိုင် (တပ်မဟာ-၆)သို့ ယာယီရွှေ့ပြောင်းလာခဲ့ခြင်းကြောင့် ဒူးပလာယာခရိုင် (တပ်မဟာ-၆)နယ်မြေအတွင်း KNU ၏ ဌာနချုပ်ကို အခြေချခြင်း မပြုလုပ်နိုင်ရန် ထိုးစစ်ကြီးတရပ် ပြုလုပ် လာခြင်းဖြစ်သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တို့၏ “မယ်သရောထာသဘောတူညီချက်” စာချုပ် ချုပ်ဆိုနိုင်ခြင်းအပေါ် န၀တ မှ မကျေမနပ် ဖြစ်နိုင်သည်ဟု သူက သုံးသပ်သည်။ ထိုကာလတွင် ဒူးပလာ ယာခရိုင် မှ သတ်မှတ်ထားသော ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်၊ ကြာအင်းမြို့နယ် နှင့် ခရိုင်-အခြေခံဒေသတို့အား န၀တ ၏ တပ်မ ၂၂/၃၃/၄၄ တို့က ချီတက်တိုက်ခိုက်လာသည်။ န၀တ ၏ အဓိက ဦးတည်ချက်မှာ ခရိုင်-အခြေခံဒေသ ဖြစ်သည်ဟု သူက ယူဆသည်။ အကြောင်းမှာ ခရိုင်-အခြေခံဒေသတွင် လက်နက်ခဲယမ်းမီးများ သိုလှောင်ထားသော သတင်းကို န၀တ က ရရှိခြင်းကြောင့် ဖြစ်သည်။ ကော့ကရိတ် မြို့နယ်၏ မြောက်ဖက်ခြမ်းဖြစ်သော ဖလူး၊ ဝေါ်လေ၊ ထီးကပလယ်၊ စခန်းသစ် စသည်တို့ဘက်တွင် လည်း န၀တ၏ တပ်မ ၁၀၁/၈၈ တို့ဖြင့် ထိုးစစ်ဆင် ချီတက်တိုက်ခိုက်သည်။ ထို့အပြင် ဇမိချောင်း ၏ တောင် ဖက်ခြမ်းဖြစ်သော ဝင်းရေးမြို့နယ်တွင် န၀တ ၏ တပ်မ ၅၅/၇၇ တို့က ချီတက် တိုက်ခိုက်လာကြောင်း မိမိတို့၏ ကြားဖြတ်ဆက်သွယ်ရေးစက်များမှ တဆင့် သိရသည်။
ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့တွင် မန်းအောင်တင်မြင့်၊ ပဒိုလိလေး နှင့် သူတို့တတွေ ကရင်အမျိုးသားနေ့အား ဂုဏ်ပြုကျင်းပရန်အတွက် အဇင်းကျေးရွာတွင် စီစဉ်နေစဉ်မှာပင် လက်နက်ကြီးသံများကို ထီးဖိုးဃော ရွာ ဘက်မှ စတင်ကြားရပြီး တစတစ နှင့် သူတို့ဘက်သို့ နီးကပ်လာသည်။ ထို့ကြောင့် ကရင်အမျိုးသားနေ့ ဂုဏ်ပြုကျင်းပရေး အစီအစဉ်အား မန်းအောင်တင်မြင့် ထံ အပ်ထားခဲ့ပြီး ပဒိုလိလေး နှင့် သူက အိမ်ပြန်လာခဲ့ကြသည်။ အဇင်းကျေးရွာနှင့် သူတို့ အိမ်တည်နေရာမှာ ၄၅ မိနစ်ခန့် ခြေလျင်လျှောက်ရသည်။ သူတို့ကြားရသော သေနတ်သံများမှာ န၀တ တပ်ကို ဗိုလ်ကြီးအောင်ဘ က တကိုယ်တော် ပြောက်ကျား သွားရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုတိုက်ပွဲမှာပင် ဗိုလ်ကြီးအောင်ဘ ကျဆုံးသွား သည်ကို နောက်မှ သိလိုက်ရသည်။ သူတို့ အိမ်ကို ပြန်ရောက်သောအခါ တပ်မဟာ ရှေ့တန်းရုံး (အုန်းခြံ)မှ ဗိုလ်ကျော်သု ဦးစီးသော တပ်ဖွဲ့သည် သူတို့၏ အိမ်အနီးဝန်းကျင်တွင် နေရာယူထားပြီး ဖြစ်သည်။ သူတို့လည်း ပထမဦးစွာအနေဖြင့် မိသားစုများ ပြောင်းရွှေ့ရေးကို အလျင်အမြန် စီစဉ်ရသည်။ အိမ်မွေး တိရိစ္ဆာန်များကိုမူ ဘေးမဲ့ လွှတ်ထားလိုက်ရသည်။ မိသားစုများကို ရွှေ့ပြောင်းပြီးသောအခါ သူနှင့် ပဒိုလိလေး တို့သည် ဗိုလ်ကျော်သု တပ်နှင့် ပူးပေါင်းလိုက်ကြသည်။
သူ၏ အိမ် တည်နေရာအရပ်သည် စစ်ရေးအရ အရေးပါသော နေရာဖြစ်သည်။ အကြောင်းမှာ ဟောင်သ ရောမြစ်၏ ရေတိမ်ပိုင်း ဖြစ်သည့်အပြင် လှည်းလမ်းကူးနိုင်သည့် နေရာလည်းဖြစ်သည်။ လှည်းလမ်းအတိုင်း ဆက်သွားပါက တပ်မဟာရှေ့တန်းရုံး (အုန်းခြံစခန်း)ရှိသည်။ သူတို့သည် တညလုံး န၀တ တပ်များအလာကို သတိနှင့် စောင့်ဆိုင်းနေကြသော်လည်း မိုးစင်စင်လင်းသွားသည်။ သို့သော် ထိပ်တိုက်လည်း မတွေ့၊ န၀တ စစ်တပ်၏လှုပ်ရှားသတင်းလည်း အသေအချာမသိရပါ။ ထို့ကြောင့် ပဒိုလိလေးနှင့်အဖွဲ့ ခရိုင်ရုံးတည်ရှိရာသို့ ပြန်ထွက်သွားကြသည်။ သိပ်မကြာလှပါ။ သေနတ်သံများက တနေးဖျာရွာ နှင့် ထောဝါးလော်ရွာ တို့တွင် သေနတ်သံများ စတင်ကြားလာသည်။ တဆက်တည်း သူတို့၏ ပတ်ပတ်လည်တွင်လည်း သေနတ်သံများ ဆူညံသွားတော့သည်။ ညနေစောင်းရောက်သည့်အချိန်တွင် အဇင်းကျေးရွာအနီး ဝန်းကျင်တွင် ဖြန့်ကျက် ထားသော မိမိတို့၏ တပ်ဖွဲ့များကို ရုတ်သိမ်းစေပြီး ၎င်းတို့ထဲသို့ လာရောက် စုစည်းကြရန် ဗိုလ်ကြီးကျော်ဒင် က ညွှန်ကြားလိုက်သည်။ အကြောင်းမှာ ဗိုလ်ကြီးကျော်ဒင် သည် သူတို့နယ်မြေတွင် စစ်ကွက်မှူး ဖြစ်သည်။ ဗိုလ်ကြီးကျော်ဒင် ထံသို့ရောက်သောအခါ မှောင်စပြုလာပြီဖြစ်သည်။ ဗိုလ်ကြီးကျော်ဒင် မှ သူတို့တတွေ အား ရိက္ခာများ ဖြည့်ဆည်းစေပြီးနောက် ထီးမဲ့ဘောရွာ ဘက်သို့ သူတို့၏ စစ်ကြောင်းထွက်ခွာသွားသည်။





ညက မှောင်နေပြီ။ သေနတ်သံများကို ဟိုနေရာ ဒီနေရာတို့မှ ကြိုကြား ကြားနေရသည်။ ထီးမဲ့ ဘောရွာအနား တွင် ညအိပ်လိုက်ကြသည်။ နောက်တနေ့ နံနက်စောစော အိပ်ယာမှထကာ ချက်ပြုတ်စား သောက်ကြပြီးနောက် မဲ့ကတီရွာ ဘက်သို့ ဆက်လက်ထွက်ခွာကြသည်။ ခရိုင်-အခြေခံဒေသ နေရာအနှံ့အ ပြားတွင်မူ တိုက်ပွဲများက ဆက်လက်၍ ဖြစ်ပွားနေဆဲ ဖြစ်သည်။ မဲ့ကတီရွာ သို့ ရောက်သောအခါ အခြား သော ပြောက်ကျားတပ်ဖွဲ့များနှင့်လည်း တွေ့ဆုံကြသည်။ ထို့နောက် ညနေစောင်းလာသဖြင့် ညအိပ်ရန်အ တွက် ရွှေညောင်ပင် ဟု လူသိများသော တောင်ကုန်းပေါ်သို့ တက်ကြသည်။
ညမအိပ်မှီ သူ့တွင် ပါလာသော ရေဒီယိုကို ဖွင့်နားထောင်လိုက်သောအခါ ဗမာ့အသံမှ သုမူဟဲ တို့အဖွဲ့ လက် နက်ချအညံ့ခံလိုက်ကြောင်း နှင့် ကော့ကရိတ်မြို့နယ် ကော်မတီအချို့ ပါဝင်ကြောင်း ကြားသိလိုက်ရသည်။ အဆိုပါ သတင်းကို ကြားသိရမှသာ သုမူဟဲ တို့မှ သစ္စာဖေါက်လိုက်သော အဖြစ်ကို သိရသည်။
မိုးလင်းသောအခါ သူတို့နေသော တောင်ကုန်းမှ မဲ့ကတီရွာဘက်ကို မှန်ဘီလူးဖြင့် ကြည့်လိုက်သောအခါ န၀တ တပ်များ သူတို့ရှိနေသော တောင်ကုန်းဆီသို့ ဦးတည်ချီတက်လာနေသည်ကို တွေ့ရသည်။ ရှေ့ကင်း အနေဖြင့် ရဲဘော် တူးချင်း ဦးဆောင်သော အဖွဲ့ကို ကင်းထောက်ရန် စေလွှတ်လိုက်သည်။ ၁၀/၁၅ မိနစ်ခန့် ကြာမည် ထင် ပါသည်။ ရဲဘော် တူးချင်း တို့ အဖွဲ့နှင့် တိုက်ပွဲဖြစ်သည်။ ရန်သူအင်အားများပြားလှသဖြင့် ဗုံး ထောင်ပြီး ကားလမ်းအတိုင်း တဆင့်ချင်းစီ ဆုတ်ခွာပေးလိုက်ရသည်။ ထို့နောက် ထိုကော့ကလိုးချောင်း သို့ ရောက်သောအခါ စခန်းသစ်ဘက် မှ သေနတ်သံများကို ကြားရပြီး တစတစဖြင့် သူတို့နှင့် နီးကပ်လာသည်။ သူတို့ဆီကိုလည်း န၀တ တပ်များက လိုက်လာနေကြသည်။ သူတို့အား အရှေ့နှင့်အနောက် နှစ်ဖက်ညှပ် တိုက်ခြင်း မခံရစေရန် အရှေ့တည့်တည့်ရှိ ထိုင်းနိုင်ငံ နယ်စပ်ဆီသို့ ဖြတ်ပြီး ထွက်လိုက်ရသည်။ ညဥ့်နက်လာပြီဖြစ်၍ လုံခြုံသောနေရာ၌ စခန်းချညအိပ်လိုက်ကြသည်။ သို့သော်သေနတ်သံများကိုကား ကြားနေရဆဲဖြစ်သည်။ နံနက်မိုးလင်းသောအခါ ချက်ပြုတ်စားသောက်ပြီး ခရီးဆက်ထွက်သည်။ မွန်းလွဲခန့် တွင် ထိုင်းနယ်စပ်ဆီသို့ ရောက်သွားကြသည်။ နယ်စပ်တနေရာတွင် စခန်းသစ် ဘက်မှ ဆုတ်ခွာလာကြသော ဗိုလ်ကြီးဒိုစိုး အဖွဲ့၊ သ၀ခ ဗဟိုအဖွဲ့တို့နှင့် ဆုံကြသည်။ သူတို့ဆုံကြသောအခါ ထိုင်းနယ်စပ်တွင် လူအရေ အတွက် စုပုံသွားသဖြင့် သူတို့၏ လုံခြုံမှုအတွက် အဖွဲ့လိုက် အမြန်လူစုခွဲလိုက်ကြသည်။ သူသည် ခရိုင်ဥက္ကဌကြီး ရှိမည့်နေရာကို စုံစမ်းသည်။ ခရိုင်ဥက္ကဌကြီးလည်း နယ်စပ်တနေရာသို့ ရောက်ရှိနေ ကြောင်း သတင်းရသည်။ ထို့ကြောင့် ခရိုင်ဥက္ကဌကြီး ရှိသည့်နေရာသို့ စုံစမ်းပြီးသွားရသည်။ ခရိုင်ဥက္ကဌကြီး နှင့် တွေ့ဆုံရသောအခါ ခရိုင်ဥက္ကဌ၏ အနီးတွင် ခရိုင်ကော်မတီဝင်များ ဖြစ်ကြသော မန်းအောင်တင်မြင့်၊ ပဒိုလိလေးနှင့် အခြားသူများကိုလည်း တွေ့ရသည်။ ခရိုင်ဥက္ကဌကြီး က အနီးရှိ ခရိုင်ကော်မတီများကို ခေါ်စု ကာ အစည်းအဝေးတခု ပြုလုပ်လိုက်သည်။ ထိုအစည်းအဝေးတွင် မိမိတို့၏ နယ်မြေတွင်းသို့ ပြန်လည်ဝင် ရောက် ထိုးဖေါက်ရန် အစီအစဉ်ကို ချမှတ်လိုက်သည်။
၁။ ပဒိုဇော်နောင်၊ ပဒိုထီစိုးကော် (ခရိုင်-အခြေခံဒေသ)။
၂။ ပဒိုထူးလို၊ ပဒိုမန်းအောင်တင်မြင့် (ဝင်းရေးမြို့နယ်)။
၃။ ပဒိုလိလေး၊ ပဒိုအယ်ကလူ (ကြာအင်းမြို့နယ်)။
၄။ ပဒိုရွှေလင်း၊ ပဒိုမော်တော် (ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်)။
မှတ်ချက်။ ။ပဒိုရွှေလင်းနှင့် ပဒိုမော်တော်တို့မှာ ရောက်လာခြင်းမရှိ။
အထက်ဖေါ်ပြပါ နယ်မြေအတွင်းသို့ ပြန်လည်ထိုးဖေါက် ဝင်ရောက်ကြရမည်ဟု ညွှန်ကြားတာဝန်ပေး လိုက်သည်။ လိုအပ်သည်များကို သုံးစွဲနိုင်ရန်အတွက် တဖွဲ့လျှင် မြန်မာကျပ်ငွေ တသိန်းစီ ထုတ်ပေး လိုက်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အတွေ့အကြုံရှိသူ အချို့က “အခြေအနေကို တခဏမျှ စောင့်ကြည့် သင့်သေးကြောင်း၊ အတွင်းနှင့်အပြင် အဆက်အသွယ် ပြတ်တောက်နေသေး၍ အချိန်အဆက်ကောင်း ကောင်းရရှိပြီးမှသာ လုပ်ငန်းများကို စတင်အကောင်အထည်ဖေါ်သင့်ကြောင်း” ပြောသည့်သူများလည်း ရှိ သည်။
တလခန့် ကြာသောအခါ တာဝန်ပေးအပ်ထားခြင်းခံရသော ခရိုင်ခေါင်းဆောင်များသည် ခရိုင်ဥက္ကဌကြီး ထံသို့ ပြန်လည်ရောက်ရှိလာကြသည်။ လုပ်ငန်းအောင်မြင်မှု မရပါ။ အကြောင်းမှာ နယ်မြေခံ မြို့နယ်ခေါင်း ဆောင်များနှင့် အဆက်အသွယ် မရရှိကြ၊ မန်းအောင်တင်မြင့် တဦးတည်းသာ ပြန်ရောက်မလာဘဲ DKBA အဖွဲ့နှင့် ပူးပေါင်းသွားသည်။
သူသည် တာဝန်ကျရာ ခရိုင်-အခြေခံဒေသ နယ်မြေအတွင်း၌ စောကွထူး ဦးဆောင်သော ပြောက်ကျား တပ် ဖွဲ့တဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ ပြည်သူလူထု၏ အခြေအနေနှင့် ရန်သူ၏ သတင်းများကို စုံစမ်းထောက် လှမ်းစေခဲ့သည်။ စောကွထူး ၏ တပ်ဖွဲ့နှင့် ရန်သူတပ်တို့အကြား ထီးမဲ့ဘောရွာအနီးတွင် တိုက်ပွဲဖြစ်၍ စောကွထူး တို့ဘက်က ရဲဘော်တဦး ကျဆုံးသွားသည်။
များမကြာမီ ဗိုလ်မှူးဂျိုးဆွာ နှင့် ဗိုလ်ကြည်လင်း တို့သည် ခရိုင်ဥက္ကဌကြီး ထံသို့ ရောက်လာကြသည်။ ထိုကာ လတွင် ကျုံဒိုးမြို့နယ်ကော်မတီများမှာ မြို့နယ်လုံးကျွတ်နီးပါး လက်နက်ချအညံ့ခံသွားကြသည်။ ထို့အပြင် ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းမြို့နယ်ကော်မတီတို့သည်လည်း ထက်ဝက်ခန့် လက်နက်ချသွား ကြပြီဖြစ် သည်။ ဝင်းရေးမြို့နယ်တခုသာလျှင် ဗိုလ်ကြီးတင်လှိုင်၏ ဦးဆောင်မှုဖြင့် ကြံ့ကြံ့ခံ တိုက်ပွဲဝင် ကျန်ရစ်ခဲ့ သည်။ ခရိုင်-အခြေခံဒေသ ကော်မတီဝင်များ မှာ နယ်စပ်သို့ ရောက်ကုန်ကြသည်။
တပ်မဟာ (၆) တွင် KNLA တပ်ရင်း (၁၆) တရင်းသာ ရှိရာမှ တပ်ရင်းမှူး သုမူဟဲ တပ်ရင်း၏ တပ်ဖွဲ့အချို့က လက်နက်ချအညံ့ခံလိုက်သဖြင့် အောက်ခြေတပ်ဖွဲ့များ ဖရိုဖရဲဖြစ်ကြသည်။ သို့သော် KNDO တပ်ရင်း (၆) သာ ကြံ့ကြံ့ခံ ခုခံနေဆဲဖြစ်သည်။ KNDO တပ်ရင်းမှူးဗိုလ်ဖါးနီ ဦးဆောင်မှုအောက်တွင် ကြံ့ခိုင်နေဆဲဖြစ် သည်။ ခရိုင်ဘက်က အခြေအနေများမှာ ခရိုင်အတွင်းရေးမှူး ပဒိုငွေတင် သည် န၀တ ၏ တပ်နှင့် အတူလိုက်ပါလာသည်။ ခရိုင်တွဲဘက်အတွင်းရေးမှူး ပဒိုခလီစေး နှင့် အခြားသော ခရိုင်ကော်မတီဝင်တချို့က အနားယူလိုက်ကြသည်။ အထက်ပါအခြေအနေများကြောင့် ခရိုင်နှင့် တပ်မဟာတို့၏ ပုံမှန်ယန္တယား လည် ပတ်နေခြင်းမှ အခိုက်အတန့်အားဖြင့် ရပ်တန့်သွားခဲ့သည်။
ထို့ကြောင့် ခရိုင်ဥက္ကဌကြီး ဖူးတာအယ် မှ ကျန်ရစ်သော ခရိုင် နှင့် တပ်မဟာ ခေါင်းဆောင်များကို ခေါ်ယူစု စည်းကာ အရေးပေါ်အစည်းအဝေးတခုကို ထိုင်းနိုင်ငံ နယ်စပ်တနေရာတွင် ပြုလုပ်သည်။ အဆိုပါ အစည်း အဝေးမှ ခရိုင်/တပ်မဟာ တို့၏ ပုံမှန် ဖွဲ့စည်းပုံနေရာတွင် “နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ” ဖြင့် အစား ထိုး ဖွဲ့စည်းလိုက်သည်။
(၁) ဖူးတာအယ် (ဥက္ကဌ)။
(၂) ဗိုလ်မှူးချုပ်မူတူးစေးဖိုး (ဒု-ဥက္ကဌ)။
(၃) ပဒိုလိလေး (အတွင်းရေးမှူး)။
(၄) ပဒိုဇော်နောင် (တွဲဘက်အတွင်းရေးမှူး)။
အဖွဲ့ဝင်များမှာ ခရိုင်နှင့် တပ်မဟာခေါင်းဆောင်များဖြစ်ကြသည်။ ကော်မတီဝင်ပေါင်း (၁၀)ဦးကျော်ခန့်ရှိ သည်။ (နာမည်အားလုံးမမှတ်မိတော့ပါ)။ အကြံပေးအဖြစ် ဗိုလ်မှူးချုပ်ရွှေဆိုင်း ဖြစ်သည်။ ထို့အပြင် စစ်ကြောင်း (၂)ကြောင်း ဖွဲ့စည်းပေးသည်။
စစ်ကြောင်း (၁)။
(၁) ပဒိုလိလေး (နိုင်ငံရေးမှူး)။
(၂) ဗိုလ်ကြည်လင်း (စစ်ကြောင်းမှူး)။
(၃) ဗိုလ်ကြည်ဝင်း (ဒု-စစ်ကြောင်းမှူး)။
လှုပ်ရှားနယ်မြေအဖြစ် ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ် နှင့် ခရိုင်-အခြေခံဒေသ။
စစ်ကြောင်း (၂)။
(၁) ပဒိုဇော်နောင် (နိုင်ငံရေးမှူး)။
(၂) ဗိုလ်မှူးဂျိုးဆွာ (စစ်ကြောင်းမှူး)။
(၃) ဗိုလ်ကြီးတင်လှိုင် (ဒု-စစ်ကြောင်းမှူး)။
လှုပ်ရှားနယ်မြေအဖြစ် ကြာ အင်းမြို့နယ်၊ ဝင်းရေးမြို့နယ်။
ပဒိုဇော်နောင်၏သုံးသပ်ချက်။ ။
န၀တ ၏ စစ်ဆင်ရေး မစမှီကတည်းက န၀တ သည် တပ်မဟာ (၆)၏ တပ်ရင်း (၁၆)၊ တပ်ရင်းမှူး သုမူဟဲ အား သိမ်းသွင်း စည်းရုံးထားနိုင်ပြီးဖြစ်ကြောင်း နောက်မှ သိရသည်။ ထို့ကြောင့် န၀တ ၏ တပ်များ ရောက်လာသည်နှင့် သုမူဟဲ က လက်နက်ချ အညံ့ခံလိုက်တော့သည်။ သုမူဟဲ ၏ အောက်ခြေတပ်မှူး အများ စုနှင့် ရဲဘော်များပင် သုမူဟဲ ၏ လျှို့ဝှက်ကြံစည်မှုကို ကြိုတင် မသိလိုက်ကြသဖြင့် အငိုက်ခံလိုက်ရ၍ လက်နက်ချသည့်အထဲ ပါသွားကြကုန်သည်။ နောက်ပိုင်းမှ ထွက်ပြေးလွတ်မြောက်ကြသည်။ ကော့ကရိတ် မြို့နယ် ကော်မတီဝင်အချို့ လက်နက်ချသည့်အထဲ ပါသွားကြသည်။
သုမူဟဲ လက်နက်ချ အညံ့ခံလိုက်သဖြင့် ကရင်တမျိုးသားလုံးက မေ့မရနိုင်သော အသဲနာစရာ အဖြစ်အပျက် တခု ကျန်ရစ်ခဲ့သည်။ ယင်းမှာ န၀တ စစ်ခေါင်းဆောင် မောင်အေး က သုမူဟဲ လက်နက်ချအခန်းအနားတွင် ကရင်တမျိုးသားလုံး အထွဋ်အမြတ် ထားသော ကရင်အမျိုးသားအလံတော်ကို စစ်ဖိနပ်နှင့် နင်းချေပြလိုက် ခြင်းဖြစ်သည်။
သုမူဟဲ မှ သစ္စာဖေါက်လိုက်သဖြင့် မိမိတို့၏ စစ်ရေးလျှို့ဝှက်ချက်များကို န၀တ မှ ကြိုတင်သိရှိနိုင်မည်မှာ မလွဲပေ။ ထို့ကြောင့် မိမိတို့ ဘက်မှ ဆုံးရှုံးမှုများ အင်မတန်ကြီးမားလှပါသည်။ နှစ်ပေါင်းများစွာ စုဆောင်း သိုလှောင်ထားသော ခဲယမ်းမီးကျောက်သိုလှောင်ရုံများကို ဆုံးရှုံးလိုက်ရသည်။ ယင်းဆုံးရှုံးမှုနှင့် ပတ်သက်၍ အခြားအကြောင်းအရာ တခုမှာ ဗိုလ်မှူးချုပ်ရွှေဆိုင်း နှင့် ဗိုလ်မှူးချုပ်မူးတူး တို့ တပ်မဟာမှူး တာဝန် အလွဲအပြောင်းလုပ်ပြီးသည့်နောက် ဗိုလ်မှူးချုပ်မူတူး ၏ လူများက “မင်္ဂလာတော့ဆောင်ပြီးပြီ၊ သတို့သမီး မအပ်ရသေး”ဟု ပြောဆိုကြသည်။ ဗိုလ်ချုပ်ရွှေဆိုင်း ကလည်း တပ်မဟာမှူးတာဝန်ကို အပြီး အပိုင် လွှဲပေး လိုက်ပြီဖြစ်ကြောင်းပြောသည်။ အဆိုပါ အပြန်အလှန်ပြောဆိုကြသည့်အပေါ် သုံးသပ် ကြည့် ပါက တဦးနှင့် တဦးအကြားတွင် ပွင့်လင်းမှုမရှိကြောင်း တွေ့ရသည်။ ထို့ကြောင့် ကြီးမားစွာ ဆုံးရှုံးမှုများဖြစ်လာပြီးနောက် တဦးအပေါ် တဦး လွှဲချချင်ကြသည်။
သုမူဟဲ လက်နက်ချ အညံ့ခံလိုက်ခြင်းနှင့် ပတ်သက်၍ သူသိရသမျှထဲတွင် သုမူဟဲ ၏ လူထုဆန့်ကျင်ရေး လုပ်ရပ်များသည် ခရိုင်ရုံးအထိ ပြန့်နှံ့လာပြီဖြစ်သဖြင့် အရေးယူခြင်း ခံရမည်ကို စိုးရိမ်လာမည်ဖြစ်သည်။ နောက်တခုက သုမူဟဲ ပြောလေ့ရှိသော စကားမှာ “တပ်မဟာ-၆ တွင် ဗိုလ်မှူးချုပ်ရွှေဆိုင်း မရှိပါက တပ်မ ဟာမှူး ဖြစ်ရမည့် ပုဂ္ဂိုလ်မှာ သုမူဟဲ ဖြစ်ရမည်ဟု” ကြုံးဝါးထားခဲ့သည်။ အမှန်တကယ်တွင် တပ်မဟာမှူးရာ ထူးကို ဗိုလ်မှူးချုပ်မူတူးစေးဖိုး ရရှိသွားသည်။ ထို့ကြောင့် သုမူဟဲ အတွက် မကျေနပ်စရာ ဖြစ်ခဲ့သည်။






(၂၀)
တန်ပြန်ထိုးစစ်
သူတို့တတွေ မိမိတို့နယ်မြေအတွင်းသို့ ထိုးဖေါက် ဝင်ရောက်ကာ တန်ပြန်ထိုးစစ်ဆင်ရန်အတွက် နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းပြီးနောက် ဗိုလ်မှူးဂျိုးဆွာ နှင့် အဖွဲ့ ဗိုလ် ကြည်လင်း နှင့် အဖွဲ့တို့သည် ပြန့်ကြဲသွားသော ရဲဘော်များအား ပြန်လည်စုစည်းရန် သက်ဆိုင်ရာ နယ်မြေများဆီသို့ ပြန်လည်ထွက်ခွာ သွားကြသည်။
ထို့ကြောင့် ပဒိုလိလေး နှင့် သူသည်လည်း လုပ်ငန်းစမတင်မီ လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ် ကြရသည်။ အထူးသဖြင့် တဦးနှင့်တဦး၊ တဖွဲ့နှင့်တဖွဲ့ အကြား အချိတ်အဆက် မိနေရေးအတွက် ဖြစ်သည်။ ထိုပြင်ဆင်နေချိန် ကာလအတွင်း ခရိုင်ဥက္ကဌကြီးဖူးတာအယ် မှ DAB စစ်ကြောင်းလည်း ပါဝင်နိုင်ရန် မဟာမိတ်အဖွဲ့အစည်းများကိုလည်း တပါတည်း ခေါ်ဆောင်သွားရန် သူနှင့် ပဒိုလိလေး အား ညွှန်ကြားလိုက် သည်။
ထို့ကြောင့် သူ နှင့် ပဒိုလိလေး တို့သည် မဟာမိတ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ရပြန်သည်။ သူနှင့်အတူ လိုက်ပါမည့် မဟာမိတ်အဖွဲ့များမှာ “ကိုဇော်လွင်စိုး” (ကိုပိန်)ဦးဆောင်သော ABSDF တပ်ဖွဲ့၊ ဦးစတားမွတ် ဦး ဆောင်သော ကော်သူးလေမွတ်ဆလင်တပ်ဖွဲ့၊ လူ့ဘောင်သစ်ပါတီ မှ ကိုအောင်ကျော်စိုး၊ PLF မှ ရဲဘော်ဇော် မင်း တို့ ဖြစ်ကြသည့်အပြင် ကိုမောင်မောင်ငြိမ်း ဦးဆောင်သော PDF တပ်ဖွဲ့ နှင့် ကိုစိုးဟန် ဦးဆောင်သော NLD (LA) အဖွဲ့တို့မှာ ဘုရားသုံးဆူ လမ်းကြောင်းဘက်မှ ဆင်းလာမည်ဖြစ်ပြီး စုရပ်တွင် ဆုံစည်းကြရန်ဖြစ် သည်။ စုရပ်အား ဗိုလ်ကြီးတင်လှိုင် ရှိသော အရပ်ကို သတ်မှတ်ကြသည်။
မကြာမီ မဟာမိတ်များမှ အဆင်သင့် ဖြစ်သွားသော်လည်း သူ့ဘက်က အဆင်သင့် မဖြစ်သေးပါ။ ထို့ကြောင့် မဟာမိတ်များမှ သူ့ထံသို့ လာပြီး “ဆရာ…ဘယ်တော့သွားမလဲဟု”ဟန်ရေးတပြင်ပြင်နှင့် မကြာခဏ လာ ရောက်မေးတတ်သည်။ သူက “ပြင်ဆင်မှုများ ပြီးစီးရင် ခရီးစထွက်မယ်”ဟု ပြန်ပြောရသည်။ မဟာမိတ်များ ဘက်က တက်ကြွနေပါသည်။ ထိုကာလတွင် ဒေသရဲဘော်များပင် ချီတုံ၊ ချတုံ ဖြစ်နေကြသော အချိန်ဖြစ် သည်။ အကြောင်းမှာ သူတို့ ဖြတ်သန်းသွားလာကြရမည့် ဒေသများတွင် ရန်သူတပ်များက ခြေချင်းလိမ်နေ ၍ ဖြစ်သည်။
မဟာမိတ်များသည် ဒေသအခြေအနေကို ကောင်းစွာမသိ၍လား၊ သို့မဟုတ် နိုင်ငံရေးအသိ နိုးကြားနေ၍ လား၊ နှစ်ခုစလုံး ဖြစ်နိုင်သည်။ အမှန်တကယ်တွင် မဟာမိတ်များမှာ ဘာသာစကားလည်းနားမလည်၊ နယ် မြေဒေသ အခြေအနေလည်း ကောင်းစွာမသိ၊ ယဉ်ကျေးမှုဓလေ့ထုံးစံချင်းလည်း မတူသည့် နယ်မြေတွင်းသို့ ဝင်ရောက်လှုပ်ရှားရမည် ဖြစ်သည်။ နိုင်ငံရေးအသိနှင့် ပိုဆိုင်နိုင်သည်ဟု သူက ယူဆသည်။ ဒေသခံရဲဘော် များက ချီတုံ၊ ချတုံ ဖြစ်ရခြင်းမှာ နယ်မြေ၏ လက်ရှိအခြေအနေကို သိ၍ ဖြစ်သည်။ တဖက်အနေနှင့် ပြောရလျှင် နိုင်ငံရေးအရ အားနည်း၍လည်း ဖြစ်နိုင်သည်ဟု သူက သုံးသပ်သည်။
၁၉၉၈ ခုနှစ်၊ မိုးရာသီသို့ ရောက်သောအခါ ပြင်ဆင်မှုများ ပြီးစီးသွားပြီ ဖြစ်သည်။ သူ နှင့် ပဒိုလိလေး တို့က မဟာမိတ်များကို အုပ်စု နှစ်ဖွဲ့ခွဲပြီး လုပ်ငန်း စတင်လိုက်ကြတော့သည်။ သူနှင့်အတူ မဟာမိတ်များအပြင် ကော်သူးလေအစိုးရ ကျောင်းဆရာများဖြစ်ကြသော ဆရာကျော်ကြီး (USA)နှင့် ဆရာတင်ဝင်း (Australia) တို့ လိုက်ပါကြ သည်။ အင်အား (၂၀)ဝန်းကျင်ခန့်ရှိသည်။
သူတို့အဖွဲ့သည် ပထမဦးစွာ စစ်ကြောင်း (၁)၏ နယ်မြေကို ဖြတ်သန်းပြီးမှသာ စစ်ကြောင်း (၂)၏ နယ်မြေထဲ သို့ ဝင်ရောက်ရသည်။ ထိုကာလတွင် န၀တ စစ်တပ်များက လူထုဆန့်ကျင်ရေးလုပ်ရပ်များ သိသိသာသာ ကြီး ရှိနေပြီဖြစ်သည်။ လူထုများအပေါ် အရမ်းကာရော သတ်ဖြတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ မုဒိမ်းကျင့် ခြင်း၊ လုပ်အားပေး နေ့စဉ်ရက်ဆက်ခေါ်ယူခြင်း၊ လူထုပစ္စည်းများအား ခိုးယူခြင်း၊ ပေါ်တာခေါ်ယူခြင်းများ စသည်တို့ကို တွင်တွင်ကြီး ပြုလုပ်လာဖြင့် လူထုများက န၀တ စစ်သားများအပေါ် စိတ်ပျက်လာကြသည်။ ထို့ကြောင့် KNU အား လူထုများမှာ မျှော်လင့်တောင့်တလာကာ အကူအညီများပင် ပေးလာနေချိန်ဖြစ် သည်။
သူတို့၏ ခရီးလမ်းတလျှောက် KNLA နှင့် KNDO တပ်ဖွဲ့များက နယ်မြေအလိုက် အကူအညီများ ပေးကြ သည်။ ဟောင်သရောမြစ် (ကျရာကလိုး)အထက်ပိုင်းတွင် KNLA မှ ဗိုလ်ဆာပလယ်ထူး၊ စောကွထူး တို့မှ တာဝန်ယူကြသည်။ ဟောင်သရောမြစ် အနောက်ခြမ်းတွင် KNDO မှ ဗိုလ်ကြီးကာဘိုင်၊ ဗိုလ်စောပယ် တို့မှ မဲ့တခလက်ကျေးရွာ အထိ တာဝန်ယူပေးကြသည်။ မဲ့တခလက်ကျေးရွာသို့ ရောက်သောအခါ KNLA မှ ဗိုလ် ကြီးဂျူးလယ် နှင့် ဗိုလ်ကြီးစောပယ် တို့က တာဝန်ယူပေးလိုက်ကြသည်။ မှတ်ချက်။ ။ ဗိုလ်စောပယ် နှင့် ဗိုလ်ကြီးစောပယ် တို့မှာ နာမည်ချင်း တူကြသည်။ သို့သော် တဦးချင်းစီသာ ဖြစ်သည်။
ထို့နောက် ဗိုလ်ကြီးတင်လှိုင် နှင့် ဇမိချောင်း(တမေ့ကလိုး)အနီးတွင် ဆုံမိကြသည်။ စုရပ်သို့ရောက်ပြီ ဖြစ် သည်။ မကြာမီ ကိုမောင်မောင်ငြိမ်း၊ ကိုစိုးဟန် တို့နှင့်လည်း ဆုံမိကြပြန်သည်။ မဟာမိတ်အဖွဲ့များ အားလုံး ဆုံကြပြီးနောက် မဟာမိတ်တပ်ဖွဲ့ဝင် အချို့အား သူတို့၏ တိုက်ခိုက်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းပေးလိုက်သည်။ သူက မဟာမိတ်အဖွဲ့များနှင့် သက်ဆိုင်သော နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းများကို မဟာမိတ်များနှင့် ပူး ပေါင်းဆောင်ရွက်သည်။ အထူးသဖြင့် ၉၉၉၉ လှုပ်ရှားမှုအတွက် ပြင်ဆင်သည်။ Statement များ ထုတ်ပြန် သည်။ Statement ကိုတော့ ကိုစိုးဟန် မှ အဓိက ရေးသားသည်။ ရက်တိုသင်တန်းကို မဟာမိတ်များက တာ ဝန်ယူသည်။
KNU နှင့် သက်ဆိုင်သောလုပ်ငန်းများအား သူက နယ်မြေခံခေါင်းဆောင်များဖြစ်ကြသော ဗိုလ်ကြီးတင်လှိုင်၊ ပဒိုဆာဖေါ၊ ပဒိုလှထွန်း စသူတို့ဖြင့် တိုင်ပင်ညှိနှိုင်း အကောင်အထည်ဖေါ်သည်။ အထူးသဖြင့် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး လုပ်ငန်းများ ဖြစ်ကြသည်။ ထိုကာလတွင် ဓါးပြမှုများ ရှိနေဆဲ ဖြစ်သည်။ ဖမ်းဆီး ရရှိသော ဓါးပြများအား ရွာလူကြီးဖြစ်စေ၊ အဖွဲ့အစည်းမှ ခေါင်းဆောင်ဖြစ်စေ အာမခံပါက အဆိုပါပုဂ္ဂိုလ် များထံ အပ်လိုက်သည်။ အရေးပေါ်ကာလ ဖြစ်နေ၍ အချုပ်ထောင်မထားနိုင်၊ နောက်တန်းသို့ ပို့၍လည်း မ ဖြစ်နိုင်၊ ထို့ကြောင့် နောက်တန်းတွင် တာဝန်ယူနေသော ဗိုလ်မှူးလားကပေါ် ထံ တင်ပြအကြောင်းကြားရာ တွင် ဗိုလ် မှူးလားကပေါ် မှ “ကိုဇော်…လိုအပ်တာကို အောက်ကလူတွေနဲ့ တိုင်ပင်ပြီး လုပ်ကိုင်ပါ”ဟု စကားပြောစက်နှင့် အကြောင်းကြားပြန်သည်။
စစ်ရေးလုပ်ငန်းအား ဗိုလ်ကြီးတင်လှိုင် မှ ဦးစီး၍ စီမံခန့်ခွဲ အကောင်အထည်ဖေါ်သည်။ တနေ့၌ ဗိုလ်ကြီး တင်လှိုင် မှ ဗိုလ်ဘိုဘို အား သေနတ်အတိုတလက် ချီးမြှင့်လိုကြောင်း ပြောသည်။ အကြောင်းမှာ ဗိုလ်ဘိုဘို တပ်ဖွဲ့မှ တနှစ်အတွင်း ရန်သူ၏ လက်နက် (၂၄)လက်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းကြောင့်ဖြစ်သည်။ သူ က နယ်မြေခံခေါင်းဆောင်များနှင့် တိုင်ပင်ပြီး ငွေရှိလျှင် ဝယ်ပေးနိုင်ကြောင်း ခွင့်ပြုလိုက်သည်။ စစ်ကြောင်း (၂)အတွင်း သူရဲကောင်း တပ်မှူး၊ တပ်သားများ အများအပြားရှိကြောင်း သူက သတိပြုမိလိုက်သည်။
စစ်ကြောင်း (၂)နယ်မြေအတွင်းသို့ သူတို့ ရောက်လာသောအခါ ဗိုလ်ကြီးတင်လှိုင် ၏ အစီအစဉ်နှင့် ပြောက် ကျားစစ်ရေးနည်းဖြင့် ခုခံတိုက်ခိုက်ရာတွင် အရှိန်အဟုန်ရရှိနေပြီဖြစ်သည်။ ထို့ကြောင့် န၀တ (ရန်သူ) တပ်သား အလျှိုလျှိုနှင့် သူတို့ထံသို့ လာရောက် လက်နက်ချ အညံ့ခံလာကြသည်။ လက်နက်ချ အညံ့ခံလာ သူများ အရေးနှင့်ပတ်သက်၍ နယ်မြေခံခေါင်းဆောင်များ၊ မဟာမိတ်များနှင့် တိုင်ပင်ပြီး အစီအစဉ်တရပ် ချ မှတ်လိုက်ရသည်။
(၁) လက်နက်ချအညံ့ခံလာသူများမှ မိမိတို့၏ ဒေသသို့ ပြန်လိုသူများ ရှိပါက၊ အနီးဆုံးမြို့စပ်အထိ ပို့ပေး မည်။ ခရီးစရိတ်လည်း ထုတ်ပေးမည်။
(၂) မိမိတို့၏ ဒေသသို့ မပြန်လိုသူများအား ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးမည် ဖြစ်ပြီး၊ အလုပ်အကိုင် ရှာဖွေပေး မည်။ ခရီးစရိတ်ထုတ်ပေးမည်။ (မှတ်ချက်- မဟာမိတ်များဘက်မှ တာဝန်ယူသည်)။
(၃) လက်နက်ချအညံ့ခံလာသူများ၏ ယူဆောင်လာသော လက်နက်အမျိုးအစားအပေါ် မူတည်ပြီး ဆုကြေး ငွေသဘော ထုတ်ပေးမည်။
(၄) အခြေအနေအကြောင်းကြောင်းကြောင့် သူတို့နှင့်အတူ တော်လှန်နယ်မြေတွင်း နေထိုင်ခွင့်မပြု တို့ ဖြစ် သည်။
သူတို့၏ ပြောက်ကျားတပ်များသည် တစနှင့်တစ နယ်မြေတိုးချဲ့ တိုက်ခိုက်မှုများ ပြုလုပ်လာရာ မြို့စပ်နား အထိသို့ပင် တော်လှန်ရေးဩဇာအာဏာများ သက်ရောက်လာစေသည်။ အခြေအနေ အစဦးပိုင်းတွင် သူတို့ တတွေက ခြုံတိုးသွားလာကြရပြီး ရန်သူများက လမ်းမကြီးများအပေါ် လျှောက်သွားကြသည်။ ယခုအခါ သူ တို့က လမ်းမကြီးအပေါ် လျှောက်သွားနိုင်ကြပြီး ရန်သူတပ်များက ခြုံတိုးရသော အခြေအနေသို့ ရောက် သွားသည်။
စစ်ကြောင်း (၁)၏ အခြေအနေအား ပဒိုလိလေး ထံသို့ ဆက်သွယ်မေးမြန်းသောအခါ သူတို့၏ စစ်ကြောင်း (၂)အခြေအနေကဲ့သို့ ရောက်ရှိနေကြောင်း သိရသည်။ အခြေအနေတခုလုံးသည် သုမူဟဲ လက်နက်မချသေး မီ အခြေအနေသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။
ထို့ကြောင့် ၁၉၉၉ ခုနှစ် နှောင်းပိုင်းသို့ ရောက်သောအခါ အထူးအစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံ နယ်စပ် တနေရာတွင် ပြုလုပ်လိုက်သည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်သူများမှာ…။
– KNU ဗဟိုဌာနချုပ်မှ ဗိုလ်မှူးချုပ်ရွှေဆိုင်း၊ ပဒိုမန်းငြိမ်းမောင်။
– တပ်မဟာ (၆)မှ ဗိုလ်မှူးချုပ်မူတူးစေးဖိုး၊ ဗိုလ်မှူးလားကပေါ်၊ ဗိုလ်ကြီးရစ်ချတ်၊ ဗိုလ်ကြီးရွှေကျော်၊ ဗိုလ်ကြီးကြည်ရွှေ၊ ဗိုလ်ကြီးဖါးခေါ့ တို့အပြင် အခြားတပ်မှူးများပါ တက်ရောက်ကြသည်။ (အမည် အားလုံးမမှတ်မိ)။
– ဒူးပလာယာခရိုင်မှ ခရိုင်ဥက္ကဌဖူးတာအယ်၊ ပဒိုလိလေး၊ ပဒိုဇော်နောင် တို့ ဖြစ်သည်။
ထိုအစည်းမှ အောက်ပါအတိုင်း သဘောတူ ဆုံးဖြတ်သည်။
– တပ်မဟာလက်အောက်ခံ တပ်ရင်းများအဖြစ် (တပ်ရင်း ၁၆/၁၇/၁၈)တို့ကို ဖွဲ့စည်းလိုက်သည်။
– တပ်ရင်း (၁၆) တပ်ရင်းမှူး ဗိုလ်မှူးဂျိုးဆွာ၊ ဒု-ရင်းမှူး ဗိုလ်မှူးတင်လှိုင်။
– တပ်ရင်း (၁၇) တပ်ရင်းမှူး ဗိုလ်မှူးဖါးခေါ့၊ ဒု-ရင်းမှူး ဗိုလ်မှူးသန်းတင်အောင်။
– တပ်ရင်း (၁၈) တပ်ရင်းမှူး ဗိုလ်မှူးကြည်လင်း၊ ဒု-ရင်းမှူး ဗိုလ်မှူးကြည်ဝင်း။
မှတ်ချက်။ ။ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးများကို ဗိုလ်မှူးအဆင့် မြှင့်တင်လိုက်သည်။
ဒူးပလာခရိုင် ဦးဆောင်မှုအောက်တွင် မြို့နယ် (၄)မြို့နယ်နှင့် ဖွဲ့စည်း၍ အောက်ပါ ပုဂ္ဂိုလ်များကို တာဝန်ပေးသည်။
၁။ ကော့ကရိတ်မြို့နယ် (ပဒိုရွှေလင်း- ဥက္ကဌ )။
၂။ ကျုံဒိုးမြို့နယ် (ပဒိုကောင်းမြတ်- ဥက္ကဌ )။
၃။ ကြာအင်းမြို့နယ် (ပဒိုဖေါဒေး- ဥက္ကဌ )။
၄။ ဝင်းရေးမြို့နယ် (ပဒိုဆာဖေါ- ဥက္ကဌ) တို့ ဖြစ်သည်။
ဖေါ်ပြပါ မြို့နယ်ဥက္ကဌများသည် သက်ဆိုင်ရာနယ်မြေသို့ဆင်းပြီး မြို့နယ်များပြန်လည်ဖွဲ့စည်းရ မည်ဖြစ်သည်။
ဒူးပလာယာခရိုင်။
(၁) ဖူးတာအယ် (ဥက္ကဌ)။
(၂) ဗိုလ်မှူးချုပ်မူတူးစေးဖိုး (ဒု-ဥက္ကဌ)။
(၃) ပဒိုလိလေး (အတွင်းရေးမှူး)။
(၄) ပဒိုဇော်နောင် (တွဲဘက်အတွင်းရေးမှူး) တို့ ဖြစ်ကြသည်။
ထိုအချိန်မှ စပြီး နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ ၏ တာဝန် ပြီးဆုံးသွားပြီ ဖြစ်သည်။
အလားတူပင် ခရိုင်-အခြေခံဒေသနယ်မြေအား ကော့ကရိတ်မြို့နယ် နှင့် ကြာအင်းမြို့နယ်တို့ အတွင်း ထည့်သွင်းဖွဲ့စည်းလိုက်သဖြင့် ခရိုင်-အခြေခံဒေသသည်လည်း ဖွဲ့စည်းပုံထဲတွင် မပါဝင်တော့ပေ။






Leave a comment