ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၁၀)

(စတက်နေ-ပန်းတနော်)

အပိုင်း (၁၀)

(၁၇)

(၁၁)ကြိမ်မြောက် KNU ကွန်ကရက်။

၁၉၉၅ ခုနှစ်တွင် KNU ၏ (၁၁)ကြိမ်မြောက်ကွန်ကရက် ကို ဒူးပလာယာခရိုင် ခရိုင်-အခြေခံဒေသအတွင်း မဲ့ သရောထာကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ သူ သည် ထိုအချိန်က ခရိုင်-အခြေခံဒေ သ အတွင်းရေးမှူး ဖြစ်သည်။ နယ်မြေခံတဦးဖြစ်၍ ကွန်ကရက်အတွက် လိုအပ်သော စားနပ်ရိက္ခာများ ဖြစ် ကြသော ဆန်၊ ဆီ၊ ဆား နှင့် ဟင်းလျာများ စသည်ဖြင့် တာဝန်ယူ စီစဉ်ရသည်။ ထို ကွန်ကရက်တွင် ကွန်ကရက် ကိုယ်စားလှယ်များအပြင် ကွန်ကရက်လုံခြုံရေး၏ အတွင်းနှင့်အပြင်တို့တွင် တာဝန်ယူပေးကြသော တပ်ဖွဲ့ များအပါအဝင် လူဦးရေ (၃၀၀)ဝန်းကျင်ခန့်ရှိသည်။ အပြင်လုံခြုံရေးအတွက် အမှတ် (၆)တပ်မဟာ မှ တပ်ဖွဲ့များက တာဝန်ယူသည်။ အတွင်းလုံခြုံရေးအတွက် ဗိုလ်ချုပ်ကြီးဘိုမြ ၏ ကိုယ်ရံတော်တပ်ဖွဲ့များက တာဝန်ယူသည်။

ကွန်ကရက်မကျင်းပသေးမီ ဗိုလ်ချုပ်ကြီးဘိုမြ က ၎င်းတည်းခိုနေထိုင်သည့်အိမ်တွင် ကွန်ကရက်သို့ တက်ရောက်လာကြသော ကိုယ်စားလှယ်များထဲမှ အလိုရှိသူများကိုသာခေါ်ပြီး အစည်းအဝေးတရပ် ပြု လုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးတွင် သေနတ်ကို ရှေ့တွင်ချပြီး “မင်းတို့ မကျေနပ်ရင်ငါ့ကိုပစ်သတ်” ဟု ပြောကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် မာနယ်ပလောစခန်း လက်လွတ်ဆုံးရှုံးရခြင်းအတွက် ပြီးခဲ့သော အစည်းအဝေးတခုတွင် တချို့က “ဗိုလ်ချုပ်ကြီးဘိုမြ တွင် တာဝန်ရှိကြောင်း၊ တာဝန်မှ နှုတ်ထွက် သင့်ကြောင်း” ဝေဖန်ပြောဆိုခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးဘိုမြ က မကျေနပ်၍ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း သုံးသပ်ရသည်။ အစည်းအဝေးပြီးသောအခါ အစည်းအဝေးမှ ပြန်လာသူအချို့ထဲတွင် ဘောလုံးအသင်း (၁၁)ဦး ဆိုပြီး အချင်းချင်း ပျက်ရယ်ပြု လှောင်ပြောင် ပြောဆိုကြသည်။ ဗိုလ်ချုပ်မြ က ထို (၁၁)ဦးသည် ၎င်းအား တာဝန်မှနှုတ်ထွက်ရန် အလိုရှိသူ များအဖြစ် ယူဆထားဟန်တူသည်။ ထို့ကြောင့် ဘောလုံးအသင်း (၁၁)ဦး ဟု အမည်တွင်ကျန်ရစ်ခဲ့သည်။ တချို့က စိတ်မသက်မသာနှင့် ပြန်လာကြသည်ကို တွေ့ရသည်။

KNU ကွန်ကရက်ကို ဘုန်းကြီးကျောင်းပေါ်တွင် ပြုလုပ်သဖြင့် ဗိုလ်ချုပ်ကြီးဘိုမြ ၏ ကိုယ်ရံတော်တပ်ဖွဲ့က ဘုန်းကြီးကျောင်း အောက်တည့်တည့်တွင် နေရာယူထားသည်။ ကွန်ကရက်ကျင်းပသောအခါ ကိုယ်စား လှယ်တချို့မှာ မလွတ်လပ်သကဲ့သို့ ခံစားနေရပုံပေါ်သည်။ အကြောင်းမှာ “ဗိုလ်ချုပ်ကြီးဘိုမြ မဲမနိုင်ခဲ့လျှင် ဘာများဆက်ဖြစ်မလဲ” ဟု စိုးရိမ်ကြပုံပေါ်နေသည်ဟု သူ ထင်မိသည်။ ယင်း ကွန်ကရက်တွင် ဒူးပလာယာ ခရိုင် ဥက္ကဌကြီးဖူးတာအယ် မှ တည်ဆောက်ရေး (၃)ရပ် စာတန်းကို ပဒိုလိလေး အား တင်သွင်းခိုင်းခဲ့သည်။ ကိုယ်စားလှယ်များက တော်လှန်ရေး၏ တာဝန်တရပ်အနေဖြင့် ခံယူအကောင်အထည်ဖေါ်ရန် သဘောတူ ဆုံးဖြတ်လိုက်သည်။ ဒေါက်တာဆင်း လည်း အနားယူမည်ဟု တင်ပြလာသဖြင့် အနားယူခွင့်ပေးရန် သဘော တူကြသည်။

ကွန်ကရက်အစီအစဉ်အတိုင်း ဆွေးနွေးပြောဆိုကြပြီးနောက် ကွန်ကရက်၏ ရွေးကောက်ပွဲကော်မရှင်ကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်သည်။

(၁) ဗိုလ်ကြီးလားကပေါ် (ဥက္ကဌ)။

(၂) ပဒိုဇော်နောင် (အတွင်းရေးမှူး)။

(၃) ဗိုလ်ကြီးကြည်ရွှေ (အဖွဲ့ဝင်)။

(၄) ဗိုလ်ဒေးဗစ်ဖရန်စစ် (အဖွဲ့ဝင်)။

(၅) ဗိုလ်ဆာတူဂေါ် (အဖွဲ့ဝင်) တို့ ဖြစ်ကြသည်။

ဤကွန်ကရက်တွင် ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်လိုက်ကြသော KNU ထိပ်ပိုင်းခေါင်း ဆောင် (၅)ဦး မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) ဗိုလ်ချုပ်ကြီးဘိုမြ (ဥက္ကဌ)။

(၂) ဗိုလ်မှူးချုပ်ရွှေဆိုင်း (ဒု-ဥက္ကဌ)။

(၃) ပဒိုဘသင်စိန် (အတွင်းရေးမှူးချုပ်)။

(၄) ပဒိုမန်းရှာလားဖန်း (တွဲဘက်အတွင်းရေးမှူး-၁)။

(၅) ပဒိုထူးထူးလေး (တွဲဘက်အတွင်းရေးမှူး-၂) တို့ ဖြစ်ကြသည်။

ကွန်ကရက်ပြီးသောအခါ တပ်မဟာ (၆)၏ ရှေ့တန်းရုံး (အုန်းခြံ)တွင် တည်ဆောက်ရေး (၃)ရပ် သင်တန်းကို ပို့ချပေးခဲ့သည်။ သင်တန်းဆရာမှာ ဆရာဂျက်ကော့ (စောကိုဦး) ဖြစ်သည်။ အကူ ဆရာများမှာ ပဒိုလိလေး၊ ပဒိုဇော်နောင်၊ ဆရာမန်းချစ်စိန် တို့ ဖြစ်ကြသည်။ သင်တန်းသားများမှာ တပ်စိပ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူးအ ဆင့်ရှိသူများ ဖြစ်ကြသည်။ သင်တန်းအား ရေး/ဖြေ စာမေးပွဲစနစ်နှင့် ပြုလုပ်သည်။ ပထမရရှိသူမှာ တပ်ရင်း (၁၆) မှ တပ်ခွဲမှူးဗိုလ်ကြီးဒီဂေါ ဖြစ်သည်။ ဗိုလ်ကြီးဒီဂေါ က “တပ်မှူးတချို့၏ လုပ်ရပ်များမှာ တော်လှန် ရေးမဟုတ်ကြောင်း၊ သင်တန်းတက်ပြီးတဲ့အခါမှသာ တော်လှန်ရေးအဓိပ္ပါယ်ကို လေးနက်စွာ နားလည်လိုက် ကြောင်း”ဟု ပြောပါသည်။ သင်တန်း၏ ထိရောက်မှုကို ဖေါ်ပြသော စကားဖြစ်သည်။

တည်ဆောက်ရေး (၃)ရပ် ဟူသည်မှာ…။

(၁) တော်လှန်သောအတွေးအခေါ်တည်ဆောက်ရေး။

(၂) တော်လှန်သော KNU အဖွဲ့အစည်းတည်ဆောက်ရေး။

(၃) တော်လှန်သောကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တည်ဆောက်ရေး တို့ ဖြစ်သည်။

(၁၈)

KNU နှင့် န၀တ တို့ တွေ့ဆုံဆွေးနွေးခြင်း (တတိယအကြိမ်)။

၁၉၉၆ ခုနှစ် KNU ကော့ကရိတ်မြို့နယ်တွင်းရှိ မိနအပ်ကျေးရွာတွင် ဒူးပလာယာခရိုင် ကွန်ကရက်ကို ကျင်း ပ ပြုလုပ်ခဲ့သည်။ ထို ကွန်ကရက်တွင် သူ့ကို ခရိုင်အမြဲတန်းကော်မတီအဖြစ် ရွေးကောက်လိုက်သည့်အပြင် ခရိုင်လယ်ယာနှင့် စိုက်ပျိုးရေးဌာနတာဝန်ခံ အဖြစ်လည်း တာဝန် ပေးအပ်သည်။ ခရိုင်ကွန်ကရက်ပြီး သည့်နောက် ပဒိုမန်းရှာလားဖန်း မှ တတိယအကြိမ်မြောက် KNU နှင့် န၀တ တို့ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ တွင် ပါဝင်ရန် သူ့အား ခေါ်ယူလိုက်သည်။

ထိုအဖွဲ့တွင် ပါဝင်သူများမှာ…။

(၁) ဗိုလ်ချုပ်ကြီးတာမလာဘော (အဖွဲ့ခေါင်းဆောင်)။

(၂) ပဒိုမန်းရှာလားဖန်း (ဒု-အဖွဲ့ခေါင်းဆောင်)။

(၃) ပဒိုသမိန်ထွန်း (အဖွဲ့ဝင်)။

(၄) ပဒိုဒေးဗစ်ထော (အဖွဲ့ဝင်)။

(၅) မန်းအောင်တင်မြင့် (အဖွဲ့ဝင်)။

(၆) ပဒိုဇော်နောင် (ရုံးတာဝန်ခံ)။

(၇) မန်းချစ်စိန် (ဒု-ရုံးတာဝန်ခံ)အသံဖမ်း/လက်ရေးမှတ်တမ်း။

(၈) စောမင်းထူး (ရုံးအဖွဲ့ဝင်)ဓါတ်ပုံ/ဗွီဒီယိုမှတ်တမ်း။

(၉) စောညီညီ (ရုံးအဖွဲ့ဝင်)ဓါတ်ပုံ/ဗွီဒီယိုမှတ်တမ်း။

(၁၀) စောရှယ်ဖယ် (ရုံးအဖွဲ့ဝင်)ဗိုလ်ချုပ်ကြီးတာမလာဘော၏ကိုယ်ရံတော်)။

(၁၁) စောဂျီးဂျီ (ရုံးအဖွဲ့ဝင်)ဆေးတာဝန်ခံ။

ပဒိုမန်းရှာလားဖန်း မှ ခရီးမထွက်သေးမီ အဖွဲ့၏လိုအပ်ချက်ရှိက သုံးစွဲနိုင်ရေးအတွက် ထုတ်ယူထားသော ငွေကို ထိန်းသိမ်းရန် သူ့အား ပေးအပ်ထားလိုက်သည်။ ထို့အပြင် ခရိုင်ဥက္ကဌကြီးဖူးတာအယ် ကလည်း သူ့တယောက် လိုအပ်ချက်အတွက် သုံးစွဲရန် ထပ်မံ ငွေထုတ်ပေးခဲ့သည်။ (အရေအတွက်ကိုတော့ မမှတ်မိ တော့ပါ၊ ထိုငွေဖြင့် ရန်ကုန်မြို့ရှိ စာအုပ်အဟောင်းဆိုင်များတွင် နိုင်ငံရေးနှင့်ပတ်သက်သော စာအုပ်များကို ဝယ်ယူခဲ့သည်)။

ထိုအဖွဲ့သည် နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက်စောစော မဲဆောက်မှတဆင့် မြ၀တီမြို့ သို့ စက်လှေဖြင့် ကူးသည်။ မြ၀တီမြို့ သို့ ရောက်သောအခါ န၀တ ဗိုလ်မှူးခင်မောင်ကြည် မှ ကြိုဆိုသည်။ ထိုနေ့ နံနက်စာကို ကော့ကရိတ်မြို့တွင် စားကြသည်။ ထို့နောက် ဇာသပြင် သို့ ခရီးဆက်သည်။ ဇာသပြင်တွင် ဗမာ့တပ် တော်စစ်ရေယာဉ်နှင့် မော်လမြိုင်မြို့သို့ ဆက်ထွက်ကြသည်။ မော်လမြိုင်မြို့သို့ ရောက်သော အခါ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် နှစ်ဦးလျှင် တခန်းစီ နေရာချပေးသည်။ သူ နှင့် ဆရာမန်းချစ်စိန် တို့က တခန်းဖြစ်သည်။ ဗိုလ်ချုပ်ကြီးတာမလာဘော နှင့် ပဒိုမန်းရှာလားဖန်း တို့က တခန်း ဖြစ်သည်။ သူတို့ နှစ်ယောက်နေသောအခန်းသည် အခြားသော အခန်းများနှင့် မတူပါ။ ရေခဲသေတ္တာ နှင့် အစားအစာများ မရှိ။ အိမ်သာလည်း မစင်များနှင့် ညစ်ပေနေသည်။ တမင်လုပ်ထား၍လည်း ဖြစ်နိုင်သည်။ သူတို့နှစ်ယောက် အတွက် လိုအပ်သည်များရှိလျှင် အခြားသောအခန်းများသို့ သွား၍ယူရသည်။ ထို့အပြင် အပေါ့အပါး သွား ရန်ရှိက အခြားအခန်းသို့ သွားရသည်။ သူတို့ရောက်သည့် နေ့၏ညဦးပိုင်းတွင် မိတ်ဆက်ပွဲ ပြုလုပ်သည်။

နောက်တမနက်တွင် အစည်းအဝေး ပထမနေ့ စတင်သည်။ အစည်းအဝေးခန်းမ၏ အဝင်၀တွင် အရှေ့ တောင်တိုင်း၏ တိုင်းမှူးကက်စိန် နှင့် အဖေါ်များက စောင့်နေရင်း ရုတ်တရက်မတ်တတ်ရပ်ကာ သတိဆွဲပြီး ဗိုလ်ချုပ်ကြီးတာမလာဘော အား အလေးပြုလိုက်သည်။ ဗိုလ်ချုပ်ကြီးတာမလာဘော က လျှောက်မြဲအ တိုင်း ပုံမပျက်ဆက်လက်လျှောက်ကာ အစည်းအဝေးကျင်းပမည့် အခန်းတွင်းသို့ ဝင်သွားသည်။ ဗိုလ်ချုပ် ကြီးတာမလာဘော က စစ်ထုံးစံအရ ပြန်လည်အလေးပြုခြင်းမပြု၊ အကယ်၍များ ပြန်လည်အလေးပြုပါ က ဗမာစစ်တပ်၏ ဝါဒဖြန့်ချီရေးသတင်းဌာနမှ တဖက်သတ်ရိုက်ယူထားသောဓါတ်ပုံကို တနိုင်ငံလုံးသို့ ဖြန့် ချီကာ နိုင်ငံရေးအမြတ်ထုတ်နိုင်သဖြင့် ဗိုလ်ချုပ်ကြီးတာမလာဘော က အထူးသတိထားခြင်း ဖြစ်နိုင် ကြောင်း သူနားလည်လိုက်သည်။

အစည်းအဝေး ခန်းမ အတွင်း၌ KNU ဘက်မှ…။

(၁) ဗိုလ်ချုပ်ကြီးတာမလာဘော

(၂) ပဒိုမန်းရှာလားဖန်း

(၃) ပဒိုသမိန်ထွန်း

(၄) ပဒိုဒေးဗစ်ထော

(၅) မန်းအောင်တင်မြင့်

(၆) ပဒိုဇော်နောင်

(၇) မန်းချစ်စိန်

(၈) စောညီညီ (ဓါတ်ပုံနှင့်ဗွီဒီယိုမှတ်တမ်း)။

န၀တ ဘက်မှ…။

(၁) ဒု-တိုင်းမှူး အောင်သိန်း။

(၂) ဗိုလ်မှူးကြီးကျော်ဝင်း။

(၃) ဗိုလ်မှူးကြီးကျော်သိန်း။

(၄) ဒု-ဗိုလ်မှူးကြီးစန်းပွင့်။

(၅) ဒု-ဗိုလ်မှူးကြီးမျိုးမြင့်။

(၆) ဗိုလ်မှူးမျိုးမြင့်။

(၇) ဗိုလ်မှူးခင်မောင်ကြည်။

(၈) ဗိုလ်ကြီးကျော်သူရ (ဓါတ်ပုံနှင့်ဗွီဒီယိုမှတ်တမ်း)တို့ ဖြစ်ကြသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်ပုဂ္ဂိုလ်များ။

(၁) ဦးခွန်မြ

(၂) ဦးအေစိုးမြင့်

(၃) ပါမောက္ခထွန်းအောင်ချိန်

(၄) ပါမောက္ခဟင်စင်တာဒေါ့

(၅) စောရစ်ချတ်

အစည်းအဝေးအား န၀တ ဒု-တိုင်းမှူး အောင်သိန်း မှ အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် ဗိုလ် ချုပ်‌ကြီးတာမလာဘော လည်း နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားခဲ့သည်။ နှုတ်ခွန်းဆက်စကားများ ပြောကြ ပြီးနောက် KNU ဘက်မှ တင်ပြစရာရှိက တင်ပြရန် န၀တ ဘက်မှ ကမ်းလှမ်းသည်။ ထို့ကြောင့် ပဒိုမန်းရှာလားဖန်း က KNU ဘက်မှ တင်ပြချက် (၁၂)ချက်အား ဖတ်ကြားရှင်းလင်းသွားသည်။ KNU ဘက်မှ တင်ပြပြီးနောက် အပြန်အလှန်ဆွေးနွေးကာ တနေ့တာအတွက် အစည်းအဝေးပြီးဆုံးသည်။

နောက်တရက်တွင် အစည်းအဝေး ဒုတိယနေ့ စတင်သည်။ န၀တ ဘက်မှ “လက်နက်ကိုင်လမ်းစဉ်စွန့်၊ တရား ဥပဒေဘောင်တွင်းဝင်ရန်” ပြောလာသဖြင့် ဗိုလ်ချုပ်ကြီးတာမလာဘော မှ လက်နက်ချခိုင်းခြင်း အဓိပ္ပါယ် မျိုးဖြစ်နေကြောင်း ပြောရာ န၀တ ဒု-ဗိုလ်မှူးကြီးစန်းပွင့် မှ အခြား အသုံးအနှုန်းကို ရှာလိုပါက လက်နက် ကိုင်လမ်းစဉ်စွန့် တရားဥပဒေဘောင်တွင်း ဝင်ရန် ဟူသော စကားလုံး၏ အဓိပ္ပါယ်နှင့် နဲနဲလေးမှ တိမ်းစောင်း မှု လုံး၀မရှိစေရ ဟု အသံမာမာနှင့် ပြောလိုက်သည်။ ထို့နောက် KNU မှ Break Time ပေးရန် တောင်းဆို သည်။ Break Time အချိန်တွင် ပဒိုမန်းရှာလားဖန်း နှင့် ဗိုလ်ချုပ်ကြီးတာမလာဘော တို့ နေကြသော အခန်း သို့ ပဒိုမန်းရှာမှ အဖွဲ့ဝင်တို့အား ခေါ်စုကာ အကြံဉာဏ်များတောင်းသည်။ အဖွဲ့ဝင်များလည်း တယောက်မျက် နှာ တယောက်ကြည့်ကာ စဉ်းစားနေကြစဉ် ပဒိုမန်းရှာလားဖန်း က “ကျနော်သဘောပေါက်ပြီ”ဟု ဆိုကာ ဆွေးနွေးပွဲကို ဖြတ်လိုက်သည်။ ပဒိုမန်းရှာလားဖန်း သည် ထိုကဲ့သို့သော အခြေအနေမျိုးဖြစ်လာမည်ကို ဗိုလ်ချုပ်ကြီးတာမလာဘောနှင့် ကြို တင်ခန့်မှန်းထားပုံပေါ်နိုင်သည်။

အစည်းအဝေးပြန်စသောအခါ ပဒိုမန်းရှာလားဖန်း က အဆိုပါကိစ္စကို ဗဟိုသို့ ပြန်တင်ပြမည်ဟု ပြောလိုက် သောအခါ န၀တ ဘက်မှ ဗဟိုသို့မပြန်ဘဲ ဆက်သွယ်ရေးစက်နှင့် ဆက်သွယ်နိုင်ကြောင်း ပြောသည်။ သို့သော် KNU ကိုယ်စားလှယ်အဖွဲ့များမှ ကိုယ်တိုင် ဗဟိုသို့ ပြန်လည်တင်ပြရန် လိုအပ်ကြောင်း တုံ့ပြန် ပြောဆိုသည်။ ယင်းအစည်းအဝေးနေ့မှာပင် န၀တ ဗိုလ်မှူးကြီးကျော်သိန်း က “သမိုင်းဆိုတာစစ်နိုင် တဲ့သူကရေးတာပါ”ဟု ပြောလိုက်သည်။

ဒုတိယနေ့ အစည်းအဝေးပြီးသောအခါ မန်းအောင်တင်မြင့်၊ ဒေးဗစ်ထော နှင့် ဆရာသမိန်ထွန်း တို့က ဗဟို သို့ မပြန်သေးဘဲ အခွင့်အရေးတခု အနေနှင့် ယူသင့်ကြောင်း ပွစိ ပွစိ နှင့် ပြောကြသည်။ အကြောင်းမှာ န၀တ ဘက်မှ ဟို..လိုက်ပို့ပေးမည်၊ ဒီ..လိုက်ပို့ပေးမည်ဟု ပြောထား၍ သူတို့တတွေ မပြန်ချင်သေးတာ ဖြစ် ပါသည်။ ဗိုလ်ချုပ်ကြီးတာမလာဘောက “(၃)ရက်ဘဲနေမယ်လို့ ဗဟိုကို ပြောထားတာ၊ (၃)ရက်ပြည့်ရင် ပြန် မယ်၊ ဒို့လာတုန်းက ဒို့အစီအစဉ်နဲ့လာတာ၊ ဒီရောက်မှ သူတို့အစီအစဉ် အဖြစ်မခံနိုင်ဘူး”ဟု ပြောလိုက်မှသာ ငြိမ်သွားကြပါသည်။ မော်လမြိုင်တွင်ရှိနေစဉ် န၀တ မှ သူတို့ အဖွဲ့အား ကျိုက်ခမီ၊ စက်စဲ၊ သံဖြူဇရပ်ရှိ စစ်သင်္ချိုင်း၊ ကျိုက်မရော စသည်တို့သို့ လိုက်ပို့ပေးသည်။ နောက်တမနက်တွင် ရန်ကုန်မြို့သို့ ဗမာ့တပ်မ တော်လေယာဉ်နှင့် ထွက်ခဲ့သည်။ လေဆိပ်သို့ ရောက်သောအခါ တိုက်လေယာဉ် တချို့ကို စက်နှိုးထားသဖြင့် သူတို့တတွေ သတိပြုမိရန် လုပ်ဆောင်ထားခြင်း ဖြစ်မည်ဟု သူထင်သည်။ ဗိုလ်ချုပ်ကြီးတာမလာဘော က အသံဩဩကြီးနှင့် “ဒီကောင်တွေကြွားတာ”ဟု ပြောသည်။ ရန်ကုန်မြို့ထဲတွင် လိုအပ်သည်များကို ဝယ်ရန်အတွက် န၀တ ဗိုလ်မှူးအောင်လင်းထွဋ် မှ လိုက်ပို့ပေးသည်။ သူ့အဖွဲ့ဝင်တချို့ စာအုပ်များ လိုက်ရှာဝယ်နေစဉ် ဗန္ဓုလပန်းခြံ၌ ဗုံးတလုံးပေါက်ကွဲသည်။ တည်းခိုခန်းသို့ ပြန်ရောက်လာကြသောအခါ ဗိုလ်ချုပ်ကြီးတာမလာဘော က ကောက်ကာငင်ကာ “ဒီကောင်တွေသူတို့ဖာသာလုပ်တာ”ဟု ပြောလိုက် သည်။

ထို့နောက် န၀တ ဗိုလ်မှူးအောင်လင်းထွဋ်မှ သူတို့အဖွဲ့အား ရန်ကုန်မြို့နှင့် သံလျင်၊ ကျောက်တန်းသို့ လိုက်ပို့နေစဉ် ရန်ကုန်မြို့တနေရာသို့ရောက်သောအခါ လက်ညှိုးထိုးပြပြီး “ကျနော့သမီးဒီကျောင်းမှာတက် နေတယ်။ စင်္ကာပူကဖွင့်တာ၊ တလကိုတသိန်းပေးရတယ်”ဟု ပြောရာ ဗိုလ်ချုပ်ကြီးတာမလာဘော က “ဗိုလ်မှူးလစာတလဘယ်လောက်ရသလဲ” ဟု မေးလိုက်ရာတွင် ဗိုလ်မှူးအောင်လင်းထွဋ် မှ ဗိုလ်မှူးတယောက် ၏လစာနှင့် ကျောင်းမထားနိုင်သည်ကို ချက်ချင်းနားလည်လိုက်သဖြင့် မိန်းမဘက်က အခြေအနေကောင်း သည်ဟု ပြန်ဖြေလိုက်သည်။

ထို့နောက် သံလျင်မြို့၊ ကျောက်တန်းမြို့ နှင့် ညောင်တုန်းမြို့ မှတဆင့် ဗိုလ်မြထွန်း တံတားဆောက်မည့် နေ ရာအထိ ပို့ပေးသည်။ သူတို့တတွေ ရန်ကုန်မြို့ မှ မထွက်မီ ညပိုင်းတွင် န၀တ ဘက်မှ Oriental House Restourant တွင် ညစာကျွေးပါသည်။ ညစာ စားသောက်ပြီးနောက် ဆိုင်မှ အထွက်တွင် တစုံတယောက် က သူ့လက်အား စူးသောအရာ ပါဝင်သောလက်ဖြင့် ဖျစ်ညစ်သည်ကို ရုတ်တရက် ခံလိုက်ရသည်။ သူ့လက်အား ဖျစ်ညစ်သူကို ကြည့်လိုက်သောအခါ မျက်နှာစပ်ဖြဲဖြဲ နှင့် တဖက်သို့ ထွက်သွားသည်။ ထိုသူအား မန်းအောင်တင်မြင့် ကို မေးရာ န၀တ ဗိုလ်မှူးသက်တင်စိန် ဟု ပြောသည်။ သူ့လက် ပေါက်ပြဲ မသွား၍ တော်သေးသည်။ ထောက်လှမ်းရေးများ အသုံးပြုနေကျ အဆိပ်ပါဝင်သောအရာတခုခု ဖြစ်နိုင်သည် ဟု သူ ထင်သည်။ နောက်တမနက်တွင် ဖားအံမြို့ သို့ လေယာဉ်ဖြင့် ထွက်ခဲ့သည်။ ဖားအံမှတဆင့် မြ၀တီ သို့ ကားဖြင့် ထွက်ခဲ့သည်။ ကားလမ်းတလျှောက်တွင် ဗိုလ်ချုပ်ကြီးတာမလာဘော ၏ အနားတွင် ထိုင်၍ လိုက်ပါလာသော န၀တ ဗိုလ်မှူးခင်မောင်ကြည် အား သိချင်သည်များကို ထောက်လှမ်းရေးပညာဖြင့် မေးမြန်းသောကြောင့် ဗိုလ်မှူးခင်မောင်ကြည် မှ မြ၀တီမြို့ ရောက်ခါနီးတွင် “ဖါးတီမေးတာတွေ ကျနော် ပြောပြတာ ကုန်သလောက်ရှိသွားပြီ” ဟု ပြောလိုက်သည်။ ဗိုလ်ချုပ်ကြီးတာမလာဘော သည် အင်္ဂလိပ် အစိုးရလက်ထက် ကတည်းက IO(Intellgent Officer) တယောက် ဖြစ်ခဲ့၍ ထောက်လှမ်းရေးသမား ဟောင်းကြီးတဦး ဖြစ်ပါသည်။ န၀တ ထောက်လှမ်းရေးသမားများ၏ အထာကို သိထားပြီး ဖြစ်နိုင်သည်။

KNU ၏ ယာယီဌာနချုပ် သို့ ရောက်သောအခါ မှတ်တမ်းများကို တညအတွင်း အပြီးလုပ်ရန် ဗိုလ်ချုပ်ကြီး တာမလာဘော မှ ညွှန်ကြားသဖြင့် သူ နှင့် ဆရာမန်းချစ်စိန်၊ မန်းအောင်တင်‌မြင့် တို့ အလုပ်များရသည်။ တညလုံးမအိပ်ကြဘဲ ကွန်ပြူတာ နှင့် လက်နှိပ်စက်ကို အသုံးပြုကြသည်။ စာရိုက်ပေးကြသော ဆရာမ ခိုင်မာကျော်ဇော၊ ဆရာတင်မောင်သန်း (တပ်မဟာ-၃) တို့အား အထူးကျေးဇူးတင်ပါသည်။ အစည်းအဝေး မှတ်တမ်းအား အချိန်မှီ ထုတ်ပေးနိုင်ခဲ့သည်။ ထိုအစည်းအဝေးမှတ်တမ်းကို ၁၉၆၃ ခုနှစ် က KNUP နှင့် ဗိုလ်ချုပ်နေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲ မှတ်တမ်းပုံစံအတိုင်း ထုတ်ပေးသည်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect