ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၁၄)

(စတက်နေ-ပန်းတနော်)

အပိုင်း (၁၄)

(၂၅)

တောင်ငူခရိုင် (အမှတ်-၂ တပ်မဟာ) သို့။

(၁၃) ကြိမ်မြောက် KNU ၏ ကွန်ကရက်ပြီးစီးသောအခါ KNU ၏ အတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း မှ သူ့ထံသို့ ညွှန်ကြားစာတစောင် ပို့ပေးသည်။ ထိုညွှန်ကြားစာတွင် “တောင်ငူခရိုင်သို့ ခရိုင်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ရန်” ဖြစ်သည်။

ထို့ကြောင့် သူသည် KNU ၏ အတွင်းရေးမှူးချုပ်ပဒိုမန်းရှာလားဖန်း ထံသို့ ကိုယ်တိုင်သွားရောက်တွေ့ဆုံပြီး အကြောင်းအရာများကို မေးမြန်းခဲ့သည်။ ပဒိုမန်းရှာလားဖန်းက “တောင်ငူခရိုင်၏လက်ရှိလိုအပ်ချက်အခြေ အနေအရ ခရိုင်ဥက္ကဌ တာဝန်ကို သွားရောက်ထမ်းဆောင်ရန်နှင့် တနှစ်ပြည့်လျှင် ခရိုင်ရွေးကောက်ပွဲ ပြုလုပ်ပေးရန်၊ ခရိုင်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုပါက ဝင်ရောက်အရွေးခံနိုင်သည်။ ပါဝင်ယှဉ်ပြိုင်လိုခြင်း မရှိပါက KNU ဗဟိုသို့ ပြန်လာနိုင်ကြောင်း” ရှင်းပြသည်။

ထိုကာလတွင် တောင်ငူခရိုင်၌ ခရိုင်ဥက္ကဌ၊ အမှတ် (၂) တပ်မဟာမှူးတာဝန်ကိုလည်း ယူရသော ဗိုလ်မှူး ချုပ်မဲအေစိန်နှင့် ခရိုင်ကော်မတီတချို့ ပြဿနာဖြစ်ခဲ့သည်။ ထို့ကြောင့် KNU ဗဟိုအထိ တက်ရောက် ဖြေရှင်းရသော အခြေအနေတွင်ရှိသည်။ ထိုအခြေအနေမျိုးကြောင့် ခရိုင်ဥက္ကဌတဦးကို အစားထိုးခန့်အပ်ရန် လိုအပ်နေသဖြင့် သူ့အား KNU ဗဟိုမှ ခရိုင်ဥက္ကဌ အဖြစ် တာဝန်ပေးလိုက်ခြင်းဖြစ်သည်။

သူသည် တောင်ငူခရိုင်သို့ သွားသောအခါ ဗိုလ်မှူးချုပ်မဲအေစိန် က ပဒိုဇော်နောင်နှင့်အတူ လိုက်ပါရန် ရဲဘော် (၂) ဦးကို စီစဉ်ပေးသည်။ ထိုရဲဘော် (၂) ဦးက သူ့အား နေ့ခင်းကြောင်တောင်မှာပင် ရန်သူ၏ ဂိတ်ကို ဖြတ်သန်းသွားရမည်ဖြစ်ကြောင်း ပြောသည်။ ရဲဘော် (၂) ဦးမှာ တဦးလျှင် လက်ပစ်ဗုံး (၂) လုံးစီနှင့် သေနတ်အတို (၁)လက်စီကို ခန္ဓာကိုယ်တွင် ဝှက်ပြီး သယ်ဆောင်သွားကြသည်။ သူ့ထံတွင် ပစ္စတိုသေနတ် (၁) လက်ပါသည်။ ရဲဘော် (၂) ဦးက သူ့အား အခြေအနေကောင်းပုံမပေါ်လျှင် လွတ်အောင်ပြေးရန် ပြော ထားသည်။ ဂိတ်သို့ရောက်၍ စစ်ဆေးခြင်းခံရလျှင်လည်း “သင်းအုပ်ဆရာ” ဟု ပြောရန် မှာထားသည်။

သူသည် တခါဘူးမျှ မရောက်ဘူးသောနယ်မြေဖြစ်၍ နယ်မြေ၏ ပထဝီမြေမျက်နှာပြင်လည်း မသိ၊ လူထုနှင့် ပတ်သက်လျှင်လည်း မျက်နှာစိမ်းဖြစ်နေသည်။ ထို့ကြောင့် ရဲဘော် (၂) ဦး၏ အခြေအနေကို အမြဲမပြတ်အာ ရုံစိုက်အကဲခတ်ကြည့်နေရသည်။ ဂိတ်သို့မရောက်မှီ သူ့ရင်တွေ ခုန်နေသည်။ ဂိတ်သို့ ရောက်သောခါ ဂိတ်တွင် တာဝန်ကျသော ဗမာစစ်သားတဦးက လှေပေါ်သို့တက်လာပြီးနောက် ဘာမျှမပြောဘဲ ဂိတ်သို့ ပြန်တက်သွားသည်။ ဗမာစစ်သားက သူတို့ကို စစ်ဆေးလှန်လျောရှာဖွေခြင်းမပြု၍ တော်သေးသည်။ ဗမာစစ်သား လှေပေါ်တက်လာစဉ် မိမိရဲဘော် (၂) ဦးက သူ့အား မသိမသာ ငှဲ့စောင်းပြီး ကြည့်လိုက်ပါ သေးသည်။ သူက မှင်သေသေနှင့် အိန္ဒြေမပျက်နေသည်။ ပြည်သူလူထုများ အမြဲမပြတ် သွားလာသော လမ်း ကြောင်းဖြစ်သည်။ ဂိတ်ကို ကျော်လွန်သွားသောအခါမှသာ သက်ပြင်းချနိုင်တော့သည်။

ထိုဂိတ်အပြင် အခြားသောလမ်းကြောင်းလည်းရှိသည်။ သို့သော် တိုက်ပွဲမကြာခဏ ဖြစ်တတ်ခြင်းနှင့် လမ်း ၏ ဘေးနှစ်ဖက်စလုံးတွင် မိုင်းဗုံးများ ပြည့်နှက်နေခြင်းတို့ကြောင့် ပို၍ပင် အန္ဒရာယ်ရှိကြောင်း ရဲဘော် (၂) ဦးက ပြောပြသည်။ သူသည် တပ်မဟာ (၆) တွင် နေခဲ့စဉ်ကာလအတွင်း မှောင်မိုက်သောညများတွင် ရန်သူ၏ စခန်းအနီးသို့ ဖြတ်သန်းသွားလာရဘူးသည်။ သို့သော် ယခုလို နေ့လည်နေ့ခင်းအချိန် မဟုတ်ပါ။ တောင်ငူခရိုင်တွင်းသို့ ဝင်ရောက်သောအခါ တောင်များကအလွန်မြင့်မားပြီး တောင်တက်လမ်းများကလည်း မတ်စောက်သည်။ တခါတရံ တောင်တက်နေစဉ် အနောက်ဖက်သို့ပြန်၍လှည့်ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်ရသည်။

ထိုကာလတွင် KNU တောင်ငူခရိုင်၏ အုပ်ချုပ်မှုအောက်တွင် ထန်းတပင်မြို့နယ် (ထီတထူၣ်ကီၫ်ဆၣ်) နှင့် သံတောင်မြို့နယ် (ဒေါ့ဖါးခိုကော်ဆာ) ဟူ၍ မြို့နယ် (၂)မြို့နယ်ရှိသည်။ ခရိုင်ရုံးနှင့် တပ်မဟာရုံးတို့ကို ထန်းတ ပင်မြို့နယ်တွင်း၌ ထားရှိသည်။ ပထမဦးစွာ သူသည် တပ်မဟာမှူး ဗိုလ်မှူးချုပ်မဲအေစိန်နှင့်အတူ တပ်မဟာ ရုံးသို့ သွားသည်။ တပ်မဟာရုံးတွင် တပ်မဟာရုံးရှိ တပ်မှူးတချို့၊ ထန်းတပင်မြို့နယ်ခေါင်းဆောင်တချို့တို့နှင့် မိတ်ဆက်ပေးသည်။

တွေ့ဆုံမိတ်ဆက်ခြင်း ပြီးသောအခါ ခရိုင်ရုံးရှိရာသို့ ဆက်လက်ထွက်ခွာသည်။ သူ၏ လုံခြုံရေးအတွက် ခရိုင်တွင်တာဝန်ထမ်းဆောင်နေစဉ်ကာလတလျှောက် တပ်မဟာမှ ရဲဘော် (၂) ဦးကို တပ်မဟာမှူးက စီစဉ်ပေးသည်။ ခရိုင်ရုံးသို့ ရောက်သောအခါ ခရိုင်တွဲဘက်အတွင်းရေးမှူး ပဒိုဘလုထူး နှင့် ခရိုင်ခေါင်းဆောင်တချို့၊ ခရိုင်ရုံးအဖွဲ့သားများ၊ ခရိုင် KWO၊ KYO ခေါင်းဆောင်များနှင့် တွေ့သည်။ ပဒိုဘလု ထူး နှင့် ပဒိုကော်ကပေါ် တို့သည် ၁၉၇၆ ခုနှစ်၊ မယ်လတွင် ဖွင့်လှစ်သော ဗဟိုနိုင်ငံရေးသင်တန်းကျောင်းတွင် အတူတကွသင်တန်းတက်ခဲ့ကြသူများဖြစ်သည်။ ထိုအချိန်က ခရိုင်အတွင်းရေးမှူးမှာ ပဒိုတောနီး ဖြစ်သည်။ ပဒိုတောနီး ကိုမူ မတွေ့ရ၊ ခရီးလွန်နေသည်။ ခရိုင်ရုံးသို့ရောက်ရှိပြီးနောက် မကြာမီ ကရင့်အမျိုးသားအာ ဇာနည်နေ့နှင့် တိုက်ဆိုင်သည်။ ထို့ကြောင့် ကရင့်အမျိုးသားအာဇာနည်နေ့ကို ခရိုင်ရုံးတွင်ပင် ဂုဏ်ပြုကျင်းပကြသည်။ ခရိုင်ရုံးရှိ ခေါင်းဆောင်နှင့် ရဲဘော်များအပြင် အနီးအနားရှိ ကျေးရွာလူထုများလည်း တက် ရောက်ကြသည်။

ကရင့်အမျိုးသားအာဇာနည်နေ့ကို ဂုဏ်ပြုကျင်းပပြီးနောက် ခရိုင် KWO ခေါင်းဆောင်များ ဖြစ်ကြသော ဆရာမမူယယ်ဖဲ (KWO ဥက္ကဌ) ၊ ဆရာမစတဲလာ (KWO ဒု-ဥက္ကဌ) ၊ ပဒိုဟစ်တလာ (ခရိုင်ကော်မတီ)၊ ခရိုင် KYO ဥက္ကဌတို့အပြင် တပ်ဖက်ဆိုင်ရာခေါင်ဆောင်များနှင့်အတူ ထန်းတပင်မြို့နယ်တွင်းရှိ ကျေးရွာများသို့ ဆင်းပြီး လူထုရှင်းလင်းဟောပြောပွဲ ပြုလုပ်ကြသည်။

၂၀၀၅ ခုနှစ်၊ သူသည် ခရိုင်ကော်မတီတချို့၊ ခရိုင်အမျိုးသမီးခေါင်းဆောင်တချို့၊ ခရိုင်လူငယ်ခေါင်းဆောင် တချို့တို့နှင့်အတူ သံတောင်မြို့နယ်တွင်းသို့ ခရီးထွက်ခဲ့ကြသည်။ အကြောင်းမှာ KNU သံတောင်မြို့နယ်၏ ကွန်ကရက်ကျင်းပပေးရန်နှင့် မြို့နယ်အမျိုးသမီးအစည်းအရုံး၊ မြို့နယ်လူငယ်အစည်းအရုံးကော်မတီကို ရွေးကောက်တင်မြှောက်ပေးရန်တို့ဖြစ်သည်။ အထက်ဖေါ်ပြပါ ကွန်ကရက်ကျင်းပသောနေရာသည် သံ တောင်မြို့နယ်ရှိ (ကၠၣ်ကၠုၣ်လိ) ကျာကျုလို အရပ်တွင်ဖြစ်သည်။ သံတောင်မြို့နယ် ကွန်ကရက်ရွေးကောက် ပွဲမှ ရွေးကောက်တင်မြောက်ခြင်းခံရသူတို့မှာ မြို့နယ် ဥက္ကဌအဖြစ် ပဒိုဆာလွဲ၊ ဒု-ဥက္ကဌအဖြစ် တပ်ရင်း (၅)၊ တပ်ရင်းမှူးဗိုလ်ခရီဘယ် တို့ဖြစ်သည်။

ထို့နောက် သူသည် သံတောင်မြို့နယ်တွင်းရှိ ကော်သူးလေအစိုးရအလယ်တန်းကျောင်းနှင့် စစ်သင်တန်း ကျောင်းသို့လည်း လည်ပတ်ခဲ့သည်။ ထို့နောက် တော်လှန်ရေးသမားဟောင်းကြီးဗိုလ်မှူးငယ်ဒူး ထံသို့လည်း အလည်အပတ်သွားခဲ့သေးသည်။ သံတောင်မြို့နယ်(ဒေါ့ဖါးခိုကော်ဆာ)သို့ ခရီးလွန်နေစဉ်တွင် ခရိုင်ရုံးဘက် သို့ ဗမာစစ်တပ်များက ထိုးစစ်ဆင်လာပြီး အနီးရှိကျေးရွာတချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ “ဟီဒေါ ဟော”ကျေးရွာအား မီးရှို့ဖျက်ဆီးရာတွင် ဘုရားကျောင်းတကျောင်းသာ ကျန်ရစ်ခဲ့သည်။ ထို့အပြင် မိုင်းဗုံး များလည်း ထောင်ထားခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ဗမာစစ်တပ်များမှ နေပြည်တော်ဝန်းကျင် မိုင် (၅၀) ပတ်လည်အား ရှင်းလင်းမည်ဟုဆိုကာ စစ်ဆင်ရေးကြီးတခု ပြုလုပ်လာသည်။ ထိုအချိန်တွင် သူနှင့် တပ်မဟာမှူးတို့သည် ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးသို့တက်ရောက်ရန် KNU ဌာနချုပ်သို့ ရောက်ရှိနေချိန်ဖြစ်သည်။ အစည်းအဝေး ပြီးသည်နှင့် တောင်ငူခရိုင်သို့ ပြန်လာခဲ့သည်။ တပ်မဟာမှူးမှာ သူ့ထက် တပတ်ကျော်စောပြီး ပြန်ရောက် သွားသည်။

သူပြန်ရောက်လာသောအခါ ထန်းတပင်မြို့နယ်ဥက္ကဌပဒိုရွှေဖိုးနှင့် အဖွဲ့အစည်းဝင်တချို့၊ လူထုတချို့တို့က သူ့ထံသို့လာပြီး “ကျနော်တို့ ဒီနယ်မြေက မထွက်ဘဲ ဆက်နေရင်မရဘူးလား” ဟု လာမေးကြသည်။ ထို့ ကြောင့် သူက တပ်မဟာမှူးနှင့် အဆက်အသွယ်ယူပြီး မေးမြန်းသည်။ တပ်မဟာမှူးမှ သူထုတ်သောအမိန့် သည် ချွင်းချက်ရှိကြောင်း၊ ကိုယ်ပိုင်ရိက္ခာရှိသူများမှာ ဆန္ဒရှိလျှင် မိမိတို့အရပ်တွင် ဆက်လက်နေထိုင်နိုင် ကြောင်း၊ ကိုယ်ပိုင်ရိက္ခာမရှိပါက အဖွဲ့အစည်းအနေနှင့် ကူညီထောက်ပံ့ရန် အခက်အခဲရှိကြောင်း စသည်ဖြင့် ရှင်းပြသည်။ ထို့ကြောင့် လာရောက်မေးမြန်းသူများအား တပ်မဟာမှူးပြောပြသကဲ့သို့ ပြန်လည်ပြောပြ သည်။ ထူးခြားချက်မှာ တောင်ပေါ်ဒေသမှ ထွက်ရှိသောဆန်၊ စပါးသည် ထိုဒေသရှိလူထုအတွက် လုံ လောက်မှုမရှိပါ။ လူထုများသည် “ဖါလာစေ့”ပေါ်ချိန်ရောက်၍ ငွေများရရှိလာမှသာ မြေပြန့်သို့ဆင်းပြီး ဆန်၊ ဆား၊ ငါးပိ စသည့် အခြေခံရိက္ခာများကို ဝယ်ယူရသည်။

ထိုကာလတွင် ဗမာစစ်တပ်က တောင်ပေါ်ဒေသသို့ ဆန်၊ ဆား၊ ဓါတ်ခဲ တို့ကို လုံး၀သယ်ဆောင်ခွင့်မပြု၊ သယ်ဆောင်သူများကို ဖမ်းမိပါက သတ်ပစ်ကြသည်။

ဗမာစစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေး၏အစပိုင်းတွင် လူထုတချို့က မိမိတို့၏ကျေးရွာများမှ မထွက်ခွာလိုကြသည်မှာ သဘာ၀ကျပါသည်။ သို့သော် ဗမာစစ်တပ်၏ တစတစ တိုးပြီး ဖိနှိပ်ရက်စက်လာ သောအခါ မိမိတို့နယ်မြေမှ မထွက်ခွာချင်ကြသော်လည်း ထွက်ခွာရသည်။ ပထမဦးဆုံး ထန်းတပင်မြို့နယ် တွင်းရှိ ပြည်သူတချို့က နေရပ်ကို စတင်စွန့်ခွာကာ နယ်စပ်သို့ ထွက်ခွာသွားကြရသည်။ ထို့နောက် သံတောင် မြို့နယ်ရှိ လူထုများလည်း ဆက်လက်ထွက်ခွာကြရသည်။ ထို့အပြင် တော်လှန်ရေးမိသားစုများလည်း ဆက်လက်ထွက်ခွာကြသည်။ မိသားစုများနှင့်အတူ လင်ယောကျ်ားတချို့လည်း လိုက်ပါသွားကြသည်။ ပဒိုတောနီး နှင့် ပဒိုကော်ကပေါ် တို့လည်း နယ်စပ်သို့ ထွက်ခွာသွားကြသည်။

KNU ဗဟိုလူငယ်မျိုးဆက်သစ်သင်တန်းအပတ်စဉ် (၃)

သံတောင်မြို့နယ် (ဒေါဖါးခိုကော်ဆာ)မှ လူထုများ နယ်စပ်သို့ထွက်ခွာရာတွင် ခရိုင်ရုံးအနီးဝန်းကျင်ကို ဖြတ် သွားကြရသူများလည်းရှိသည်။ တချို့မိသားစုများမှာ လူမမယ်ခလေးငယ် နှစ်ယောက်ထက်ပိုသူများအတွက် အခက်အခဲရှိကြသည်။ လင်နှင့်မယားတို့က ကလေးကို တယောက်စီချီပိုးနိုင်သော်လည်း ကျန်ခလေးများအ တွက် ခရီးလည်းဝေးပြီး ကြမ်းတမ်းသည့်အတွက် အခက်အခဲရှိကြသည်။ ထို့ကြောင့် သူတို့၏ ခရိုင်မှ ရဲဘော် တချို့ကို ကူညီသယ်ပိုးပေးစေသည်။ တချို့ကိုလည်း အထမ်းသမားများ ငှားယမ်းပြီး သယ်ပိုးပေးစေသည်။ ထိုအချိန်က သူ၏ ခရိုင်ရုံးအား နှစ်နေရာအထိ ပြောင်းရွှေ့ရသည်။

ပဒိုမန်းရှာလားဖန်း မှ တနှစ်ပြည့်လျှင် ခရိုင်ကွန်ကရက်ပြုလုပ်ရန် ပြောခဲ့သော်လည်း လက်ရှိအခြေအနေ အရ ခရိုင်ကွန်ကရက်ခေါ်ယူကျင်းပရန် မည်သို့မျှ မဖြစ်နိုင်တော့ပါ။ တနှစ်လည်း ကျော်လွန်နေပြီဖြစ်သည်။ တနေ့တွင် KNU လခသ မှ ဗိုလ်မှူးလှငွေ၊ သ၀ခ မှ ဗိုလ်မှူးဆာတူဂေါ် နှင့် ဗိုလ်မှူးတာမလာသော တို့က သူ့ဆီ ကို ရောက်လာကြသည်။ သူ့ဆီမရောက်လာမီ တပ်မဟာမှူးကို သွားရောက်တွေ့ဆုံသည်။ သူက ၎င်းတို့နှင့် ပြောဆိုဆွေးနွေးကြပြီးနောက် ဗိုလ်မှူးလှငွေ တို့နှင့်အတူ KNU ဌာ နချုပ်ဆီသို့ ပြန်တက်လာခဲ့သည်။

၂၀၀၇ ခုနှစ်သို့ ရောက်သောအခါ ရဲဘော်များနှင့်အတူ တောင်ငူခရိုင်သို့ ပြန်ဆင်းရန် စီစဉ်ခဲ့သည်။ သံလွင် မြစ်ကမ်းသို့ရောက်၍ စောင့်ဆိုင်းနေစဉ်တွင် နေထိုင်မကောင်းဖြစ်လာသဖြင့် ဒေါက်တာကြာပန်းညိုလည်း အနီးအနားတွင် ရှိနေကြောင်းသိရ၍ ဒေါက်တာကြာပန်းညိုထံသွားပြီး ဆေးစစ်ကြည့်ရာတွင် Medical Check-Up လုပ်သင့်ကြောင်း သူ့အား အကြံပြုသည်။ နောက်ပိုင်းတွင် ဒေါက်တာကြာပန်းညို၏ အဆက်အ သွယ်နှင့် ထိုင်းနိုင်ငံရှိ ဇင်းမယ်မြို့တွင် သွားရောက်ဆေးစစ်ခဲ့သည်။

ထို့နောက် KNU အတွင်းရေးမှူးချုပ် ပဒိုမန်းလာရှားဖန်း မှ လူငယ်မျိုးဆက်သစ်သင်တန်းကျောင်းတွင် ကျောင်းအုပ်အဖြစ်တာဝန်ယူရန် တာဝန်ပေးအပ်သည်။ တောင်ငူခရိုင်တွင် ခရိုင် ဥက္ကဌအဖြစ် တာဝန်ယူနေ စဉ် သူ့အား အကူအညီပေးခဲ့သော ဆရာမစတဲလာ တို့၏ ဇနီးမောင်နှံနှစ်ဦး အား အထူးကျေးဇူးတင်ကြောင်း သူက ပြောပါသည်။

ပဒိုဇော်နောင်၏ သုံးသပ်ချက်။

သူက တောင်ငူခရိုင်သို့ ခရိုင်ဥက္ကဌအဖြစ် သွားရောက်တာဝန်ယူရခြင်းမှာ နောက်ကွယ်တွင် နိုင်ငံရေးအရ အားပြိုင်မှု တစုံတရာရှိသည်ဟု သုံးသပ်မိသည်။ အကြောင်းမှာ ထိုကာလ တောင်ငူခရိုင်တွင် တပ်မဟာမှူး နှင့် ခရိုင်အတွင်းရေးမှူး ပဒိုတောနီး တို့သည် ဗဟိုကော်မတီဝင်များ ဖြစ်ကြသည်။ ထို့ကြောင့် တပ်မဟာမှူး အား ခရိုင်ဥက္ကဌရာထူးမှ ဖယ်ရှားလိုက်ပါက ပဒိုတောနီး က ခရိုင်ဥက္ကဌ ဖြစ်လာနိုင်သည်။ KNU ဗဟိုတွင် အုပ်စုဖွဲ့နေကြသူတချို့က ပဒိုတောနီး အား ခရိုင်ဥက္ကဌ ဖြစ်ရေးအတွက် ကြိုးပမ်းနေကြသည်။ ထိုအခြေအ နေကို ရိပ်စားမိသော တပ်မဟာမှူး က ခရိုင်ဥက္ကဌ အသစ်ခန့်မည်ဆိုလျှင် “ပဒိုဇော်နောင်ကိုခန့်ပါ” ဟု ဗဟိုသို့ တင်ပြခဲ့သည်ကို သူ့ကို ပြန်ပြောပြသည်။ KNU ၏ အခြေအနေအရ မည်သို့သော အရည်အချင်းရှိ ခရိုင် ဥက္ကဌပင်ဖြစ်ပါစေ၊ ခရိုင်ဥက္ကဌတဦးသည် တပ်မဟာမှူး၏ ထောက်ခံမှုမရရှိလျှင် လုပ်ငန်းများကို ဦးဆောင် နိုင်ရန် မလွယ်ကူပါ။ ထို့ကြောင့် KNU ဗဟိုက သူ့ကို ရွေးချယ်လိုက်ခြင်းဖြစ်ဟန်တူသည်။

(၂၆)

ကရင်လူငယ်မျိုးဆက်သစ်သင်တန်း။

ကရင်လူငယ်မျိုးဆက်သစ်အခြေခံနိုင်ငံရေးနှင့် စစ်ရေးသင်တန်း အပတ်စဉ် (၃) ကို တပ်မဟာ (၇) နယ်မြေ “သေဘေထ” စခန်း၌ ပြုလုပ်သည်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မှစတင်ပြီး ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့အထိ ပြုလုပ်သည်။ ထိုသင်တန်းတွင် ကျောင်းအုပ်အဖြစ်တာဝန်ယူရန် KNU အတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း မှ သူ့အား တာဝန်ပေးခဲ့သည်။ အဆိုပါသင်တန်းတွင် သင်တန်းတာဝန် ခံမှာ ပဒိုမန်းရှာလားဖန်း ဖြစ်ပြီး သင်တန်းကျောင်းအုပ်မှာ ပဒိုဇော်နောင် ဖြစ်သည်။ သင်တန်းကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသည်။

(၁) ပဒိုဇော်နောင် (ဥက္ကဌ)။

(၂) ဗိုလ်မှူးတာမလာသော (အတွင်းရေးမှူး)။

(၃) ဗိုလ်မှူးရော့ကက် (အဖွဲ့ဝင်)။

(၄) အရာခံဗိုလ်မောင်ပြာ (အဖွဲ့ဝင်)။

(၅) ပဒိုသောသီဘွဲ (အဖွဲ့ဝင်) တို့ ဖြစ်ကြသည်။

ဘာသာရပ်အလိုက် သင်ကြားပို့ချသော ဆရာ နှင့် ဆရာမများမှာ အောက်ပါတို့ဖြစ်ကြသည်။

(၁) ပဒိုသမိန်ထွန်း (ကရင့်သမိုင်းဘာသာရပ်)။

(၂) ပဒိုဇော်နောင် (KNU ၏ အခြေခံနိုင်ငံရေးလမ်းစဉ်နှင့်လုပ်ငန်းစဉ်) ။

(၃) ဗိုလ်မှူးလှငွေ+ပဒိုဒေါ့လေးမူး (KNU ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်နည်းဥပဒေ) ။

(၄) နော်ကညောဖေါ KWO+နော်သီသီဟန် KWO (ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေး)။

(၅) ကိုမင်းမင်း PD+ကိုချာလီ PD (နိုင်ငံရေးအံတုမှု)။

(၆) စောထူးနောသန်းအောင် (စီမံခန့်ခွဲရေး)။

(၇) နော်သလဲစေး BLC+နိုင်လဝီအောင် BLC+အဲလ်ဇော်လတ် BLC (တရားဥပဒေစိုးမိုးရေး)။

(၈) စောတာဒိုမူး+စောအယ်ကလူစေး (ဖယ်ဒရယ်ဖွဲ့စည်းပုံနှင့်ကရင်ပြည်နယ်ဖွဲ့စည်းပုံ)။

တို့ ဖြစ်ကြသည်။

အဆိုပါသင်တန်းသို့ ခရိုင်နှင့် တပ်မဟာတို့မှ သင်တန်းသားများအပြင် လခသ၊ သ၀ခ၊ ဂ၀သ၊ KWO, KYO, KIC, KSNG၊ တပ်ရင်း (၂၀၁) ၊ တပ်ရင်း (၂၄) တို့မှ သင်တန်းသူ (၇) ဦး၊ သင်တန်းသား (၅၀) ဦး စုစုပေါင်း (၅၇) ဦး တက်ရောက်ကြသည်။

သင်တန်းအားလပ်သည့်ရက်များတွင် စကားရေလုပြိုင်ပွဲနှင့် ကျဘမ်းစကားပြော ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ သည်။ ဘာသာရေးနှင့် အမျိုးသားရေးဆိုင်ရာ နေ့ကြီးရက်ကြီးများအား စီစဉ်ကျင်းပပေးခဲ့သည်။ သင်တန်း ဆင်းသွားသော ရဲဘော်၊ ရဲမေများကို အတွင်းရေးမှူးချုပ်ပဒိုမန်းရှာလားဖန်း မှ သက်ဆိုင်ရာ ခရိုင်၊ တပ်မဟာ အသီးသီးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးသို့ ပြန်လွှတ်ပြီး တနှစ်လျှင် (၁) ကြိမ်၊ KNU ဌာနချုပ်သို့ မိမိတို့၏လှုပ်ရှားမှုများကို ပြန်လည်အစီရင်ခံတင်ပြစေသည်။ ပဒိုမန်းရှာလားဖန်း သည် ကရင်လူငယ်မျိုး ဆက်သစ်သင်တန်း သင်တန်းအပတ်စဉ် (၃) ပြီးစီး၍၊ (၃) ပတ်ခန့်အကြာ ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်။

(ဆက်လက်ဖေါ်ပြပါမည်)

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect