ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၂)

(စတက်နေ-ပန်းတနော်)

အပိုင်း (၂)

(၂)

ကရင့်တော်လှန်ရေးနယ်မြေ (KNU)သို့…။

၁၉၇၄ ခုနှစ်၊ ဦးသန့် အရေးအခင်း ဖြစ်ပွားလာခြင်းကြောင့် တိုင်းပြည်တွင်း မတည်မငြိမ် ဖြစ်ခဲ့၍ စာသင် ကျောင်းများလည်း ပိတ်ပင်ခြင်းခံခဲ့ရသည်။ ပြည်သူလူထုမှ အစိုးရကို ဆန့်ကျင်ကန့်ကွက်သည်။ ကျောင်းသားတချို့ ဖမ်းဆီး၊ ညှင်းဆဲနှိပ်စက် သတ်ဖြတ်ခြင်းခံခဲ့ရသည်။ တချို့မှာ တော်လှန်ရေးနယ်မြေများသို့ ထွက်ပြေး တိမ်းရှောင်ကြရသည်။ ထိုကာလတွင် ဖခင်၏ ဦးတော်စပ်သူ အဖိုးလေး မန်းဒိုင် မှ သူ့ကို သွားရောက် တွေ့ဆုံသည်။ မန်းဒိုင် သည် ဥက္ကဌကြီး မန်းဘဇန် ၏ တပည့်ရင်း တဦးဖြစ်သည်။ မန်းဒိုင် မှ “KNU ဥက္ကဌကြီး မန်းဘဇန် တွင် သင်တန်းပေးရန် အစီအစဉ်ရှိကြောင်း၊ ထို သင်တန်းကို တက်လိုက စီစဉ်ပေးမည်ဖြစ်ကြောင်း” တိုးတိုးတိတ်တိတ် သွားရောက်ပြောပြသည်။ နဂိုကပင် တော်လှန်ရေးစိတ် ဓါတ်အခံ ရှိထားသဖြင့် သင်တန်းတက်ရန် သဘောတူလိုက်သည်။ ခရီးထွက်ခါနီးမှ နောက်ထပ် အဖေါ် (၂)ဦးဖြစ်သော အောင်ထွန်းကျော် နှင့် မြင့်စိန် တို့လည်း ပါဝင်ကြောင်း သူသိလိုက်ရသည်။ ခရီးမထွက်ခင် တရက်အလို‌လောက် သူတို့ (၃)ဦး ကို ဆရာမကြီး နော်ဘဲစေ အိမ်တွင်ခေါ်စုသည်။ မကြာမီ ဆရာမကြီး နော်လှစိန် ရောက်လာကာ အိမ် အပေါ်ထပ်သို့ တက်ရန် ခေါ်လိုက်သည်။ ဆရာမကြီး နော်လှစိန် မှ လမ်းခရီးတလျှောက် အနှောက်အယှက် အခက်အခဲ မရှိ၊ ဘေးမသီ ရန်မခ စေရန် ကျမ်းစာဖတ်၊ ဘုရားရှိခိုး ဆုတောင်းပေးလိုက်သည်။

ဒီဇင်ဘာလ၊ သူတို့ကို တွံတေး မှ ရန်ကုန် သို့ ကိုဆဲခူ (ကိုစံချိုအေး) မှ ကားဖြင့် လိုက်ပို့သည်။ ရန်ကုန် ရောက်သောအခါ မန်းကျော်အုန်း အိမ်တွင် ညအိပ်သည်။ မနက် စောစော အိပ်ယာမှ ထပြီး မီးရထား ဘူတာရုံသို့ သွားသည်။ မီးရထား ဘူတာရုံ သို့ ရောက်သောအခါ မန်းကျော်အုန်းမှ ဦးအေးသောင် ဆိုသူ ကုန်သည်တဦးနှင့် မိတ်ဆက်ပေးသည်။ ရှေ့ဆက်မည့် လမ်းခရီးတလျှောက်လုံးကိုလည်း ဦးဆောင်သွား မည်ဖြစ်ကြောင်း ပြောပြီးနောက် ခေါက်ထားသော စာရွက်ကိုလည်း မသိမသာ လူချင်းကပ်ပြီး ပေးလိုက် သည်ကို သူက သတိထားမိ၏။

ထိုမနက်သည် သူတို့သွားမည့် ခရီးစဉ်အတွက် ရန်ကုန်ဘူတာကြီးတွင် မီးရထားလက်မှတ် စောစီးစွာ ကုန်သွားသဖြင့် ကုန်သည်များ စုပေါင်းပြီး မုတ္တမသို့ ကားတစီး ငှားလိုက်ကြသည်။ ထိုကားနှင့်အတူ သူတို့ လိုက်ပါသွားပြီး မုတ္တမ တွင် ညအိပ်သည်။ ထို့နောက် မုတ္တမ မှ မော်လမြိုင်၊ ကျုံဒိုး သို့ အဆင့်ဆင့် သွားကြသည်။ ကျုံဒိုး သို့ ရောက်သောအခါ နွားလှည်းဖြင့် မြပဒိုင်ရွာ သို့ သွားကာညအိပ်သည်။ မနက် စောစော အိပ်ယာမှထ စားသောက်ပြီးနောက် ဒေါနတောင် ကို တက်ခဲ့ကြသည်။ တောင်တက်လမ်းတ လျှောက် စုန်ချည်ဆန်ချည်သွားလာနေကြသော ကုန်သည်များ၊ လူထုများဖြင့် အဆက်မပြတ် ကျိတ် ကျိတ်တိုးစည်ကားနေသည်မှာ ပွဲတော်အလား ထင်ရသည်။ မိုးချုပ်သွားသဖြင့် စျေးဆိုင်တန်းတခုတွင် ညအိပ်ခဲ့ရ၏။ ထိုဆိုင်ခန်းပိုင်ရှင် အမျိုးသမီးကြီးမှာ နွေးနွေးထွေးထွေး ကြိုဆိုပြီး နေရာချပေးသည်ကို သူ ယနေ့အထိ အမှတ်ရနေသေးသည်။ နောက်တရက် နေ့လည်ခန့်တွင် ဝမ်းခါ (ဟောင်း) စခန်းသို့ ရောက် သွားသည်။ ဝမ်းခါ စခန်းတွင် ကုန်သည်တဦး၏ အိမ်တွင် နေရာချပေးခြင်းခံရသည်။ သူတို့ ရောက်သည့် အချိန်မှာ ကရင်နှစ်သစ်ကူးနေ့ပွဲတော် ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဝမ်းခါ ကို ရောက်သည် အထိ သူတို့ ငွေတပြားမှ မကုန်၊ သူတို့ ခရီးစဉ် တခုလုံးကို စနစ်တကျ စီစဉ်ထားသည်ဟု သူက ယူဆသည်။

မှတ်ချက်။

(ထိုကာလတွင် နေဝင်းအစိုးရမှ တံခါးပိတ်ဝါဒ ကျင့်သုံးခြင်းကြောင့် ပြည်တွင်း လူသုံးကုန်ပစ္စည်းများ ရှားပါးနေသည်။ ထို့ကြောင့် ပြည်သူလူထုများမှာ ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းများကို မှောင်ခိုနည်းဖြင့် ခိုးသွင်းနေရခြင်း ဖြစ်သည်) ။

ထို့နောက် တပတ် အကြာခန့်တွင် ဗိုလ်မှူးတောလှ အိမ်သို့ သွားရသည်။ ဗိုလ်မှူးတောလှ သည် အရပ် ခပ်ပုပုနှင့် စကားပြောအဆို သိမ်မွေ့သည်။ သူ့တွင် မည်သည့်တာဝန်နှင့် ရာထူးများ ရှိသည်ကို သူက မသိသေး။ သို့သော် အနီးရှိ ကရင်ရဲဘော်များက တရိုတသေ တလေးတစားနှင့် ဆက်ဆံ နေသည်ကို တွေ့ရသည်။

မကြာမီ ဗိုလ်မှူးရောဘတ်ဇန် ရောက်လာသည်။ ဗိုလ်မှူးရောဘတ်ဇန်၏ ရုပ်သွင်မှာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး၊ ပါးသိုင်းမွှေးတို့ကို သေသေသပ်သပ်ဖြင့် ပြုပြင်ထားသည်မှာ နာမည်ကျော် ကျူးဘားတော်လှန် ရေးခေါင်းဆောင် ချေခွေဗားရားနှင့် တူနေတော့သည်။ ထို့အပြင် သူ့တွင် ညီမ အပျိုများရှိကြောင်း၊ နှစ်သက်မည်ဆိုလျှင် ချစ်ရေးတောင်းဆိုနိုင်ကြောင်း ရင်းရင်းနှီးနှီးဖြင့် သူတို့ကို ပြောသည်။ ဗိုလ်မှူးတောလှ က “ခင်ဗျားလူတွေ ရောက်လာပြီ” ဟု သူတို့ဘက်ကို ရည်ညွှန်းပြီး ပြောကာ ခေါက်ထားသော စာရွက် ထုတ်ပေးလိုက်သည်။ ဗိုလ်မှူးရောဘတ်ဇန် မှ စာကို ဖေါက်ဖတ်ပြီးနောက် သူနှင့်အတူ လိုက်သွားရန် ခေါ်လိုက်သည်။ သူတို့လည်း သူတို့၏ အိတ်များကို သယ်ယူပြီး လိုက်သွားကြသည်။

ဗိုလ်မှူးရောဘတ်ဇန်သည် သောင်ရင်းမြစ် တဖက်ကမ်း(ထိုင်းနိုင်ငံ)ရှိ သူ့ ဖခင်နေထိုင်ရန် တည်ဆောက် ထားသော အိမ်သို့ ခေါ်သွားခြင်းဖြစ်သည်။ အဆိုပါအိမ်သို့ ရောက်သောအခါ သူ့ ဖခင် မကြာမီ ရောက်လာမည်ဖြစ်ကြောင်းနှင့် ဤအိမ်တွင်သာ စောင့်ဆိုင်းနေရန် ပြောသည်။

နှစ်ပတ်ခန့် အကြာတွင် ဥက္ကဌကြီး မန်းဘဇန်သည် (တညလ) တိုင်းရင်းသားပေါင်းစုံညီညွတ်ရေးနှင့် လွတ်မြောက်ရေးတပ်ပေါင်းစု အစည်းဝေးတက်ရောက်ရန် ဝမ်းခါ (ဟောင်း)ရှိ သူနေသည့် အိမ်သို့ ရောက်လာခဲ့သည်။ ဥက္ကဌကြီး မန်းဘဇန်သည် အသားညိုညို၊ ထောင်ထောင်မောင်းမောင်း နှင့် အသံဩဇာ ရှိသူ လည်းဖြစ်သည်။ ဗိုလ်မှူးရောဘတ်ဇန်မှ “အပါးမှာတဲ့ သူတွေ ရောက်ပြီ” ဆိုကာ သူတို့နှင့် မိတ်ဆက်ပေး သည်။ ဥက္ကဌကြီးက ဖေါ်ဖေါ်ရွေရွေ ဖြင့် သူတို့ တယောက်စီ၏ အကြောင်းများကို အနည်းငယ် မေးမြန်း ပြီးနောက် တွံတေး ရှိ ၎င်း၏ မိတ်ဆွေဟောင်းများ အကြောင်းကို ဆက်မေးသည်။ ဥက္ကဌကြီး က မိသားစု လုံခြုံရေးအတွက် သူတို့ နာမည်များကို ပြောင်းလဲကြရန် အကြံပြုပြောသည်။ ထို့ကြောင့် ထိုကာလတွင် ဗမာပြည်တွင် ရုပ်ရှင်မင်းသားများ၏ အမည်များမှာ “ဇော်”များ ခေတ်စားနေသဖြင့် (ဥပမာ-ဇော်ခင်၊ ဇော်လွင်၊ ဇော်ဝမ်း)အစရှိသည်ဖြင့် လူကြိုက်များနေသဖြင့် သူ့၏ နာမည်ကို “ဇော်နောင်”ဟု ပြောင်း လိုက်သည်။ ထိုအချိန်မှ စပြီး “ဇော်နောင်” ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ အခြား (၂)ယောက်လည်း သူတို့၏ အမည်များကို ပြောင်းလိုက်ကြသည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect

Recent posts