(စတက်နေ-ပန်းတနော်)
အပိုင်း (၅)
(၆)
တသက်တာဘ၀ကျင်ဖေါ်ဘက်နှင့်တွေ့ဆုံခြင်း။
သူသည် တောင်ခြေဂိတ်ဖြစ်သည့် လေးဖိုးခီး ဂိတ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်..၊ တရက်တွင် ဒူးပ လာယာခရိုင်ရှိ မြို့နယ်အသီးသီးမှ ကျောင်းဆရာ/ဆရာမများတို့သည် (ဗဟို) မာနယ်ပလော မှ ဖွင့်လှစ် သော ဆရာဖြစ်သင်တန်းသို့ တက်ရောက်ရန် လေးဖိုးခီးဂိတ်သို့ ရောက်ရှိလာကြသည်။ လေးဖိုးခီး ဂိတ်သို့ ညအိပ်ကြရခြင်းမှာ နံနက်စောစော အိပ်ယာမှထကာ တောင်ပေါ်တက်၍ ဝေါ်လေ သို့ ခရီးဆက်ကြရန် ဖြစ်သည်။
ထိုရောက်ရှိလာသော ကျောင်းဆရာ/မ များထဲတွင် သူ့အတွက် ဘ၀ကြင်ဖေါ်ဘက် တဦး ပါဝင်နေသည် ကို အစပိုင်းတွင် သူမသိခဲ့ပါ။ တဦး နှင့် တဦး မိတ်ဆက်ကြရင်းဖြင့် အဇင်းကျေးရွာမှလာသော ဆရာမ နော်ဝင်းဝင်းကြည် က သူ့ကို အခြားသူများထက် ပိုမိုရင်းနှီးစေပါသည်။ မာနယ်ပလောမှ ဆရာအတတ် သင် သင်တန်းပြီးစီး၍ ပြန်လာကြသောအခါတွင်လည်း သူ နေသည့် လေးဖိုးခီးဂိတ်ကို ဖြတ်သန်းသွား ကြရသည်။ ထို့နောက် ဆရာမနော်ဝင်းဝင်းကြည် နှင့် စာအားဖြင့် ချစ်ကြိုးသွယ်ကြရင်းက… ချစ်သူများ ဘ၀သို့ တစတစ ရောက်သွားကြ၏။
သူ သည် ၁၉၈၀ ခုနှစ် ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် အဇင်းကျေးရွာ ကော်သူးလေ မူလတန်း ကျောင်းအုပ် ဆရာမကြီးနော်ဝင်းဝင်းကြည် နှင့် ဒူးပလာယာခရိုင်ရုံးတွင် ခရစ်ယာန်ဘာသာဝင် တို့၏ ထုံးတမ်းစဉ်လာ နှင့်အညီ လက်ထပ်ကြသည်။ သူတို့၏ လက်ထပ်ပွဲကို ဦးဆောင်သူမှာ ကမားခလယ်ကျေးရွာမှ လက်တင် ဆရာကြီးစောမူးဂေ က ဦးဆောင်ဦးရွက်ပြုပါသည်။ သတိုးသား၏ ဖခင်အဖြစ် ခရိုင်အတွင်းရေးမှူး ပဒို ငွေတင် က တာဝန်ယူ လက်မှတ်ထိုးပေးပါသည်။ သတို့သမီးဘက်တွင် သူမ၏ ဖခင်ဖြစ်သော ပဒို ဖိုးသာ ထူး ကိုယ်တိုင် တာဝန်ယူ လက်မှတ်ထိုးပါသည်။ အကြောင်းအရာ ဆက်စပ်၍ ဖေါ်ပြလိုသည်မှာ သူတို့ မင်္ဂလာမဆောင်သေးခင် သူ့၏ ကြင်ဖေါ်မှ လက်ထပ်လက်စွပ်တကွင်းအတွက် တာဝန်ယူပေးပါရန် ပြော သဖြင့် သူ့မှာ အခက်ကြုံရသည်။ ထိုအချိန်က သူ့တွင် ငွေတပြားမျှမရှိ။ သို့သော် ထိုကာလတွင် ရဲဘော် တဦး၏ ခံစားခွင့်မှာ တနှစ်လျှင် ယူနီဖေါင်းတစုံ နှင့် ရိုးရိုးအဝတ်အစားဘိုးအတွက် ဗမာငွေ (၂၅၀)ကျပ် ဖြစ်သည်။ ထို့ကြောင့် ခရိုင်အတွင်းရေးမှူး ပဒိုငွေတင် နှင့် တိုင်ပင်ပြီး “ယခုနှစ်အတွက် ရမည့်အဝတ်အ စားဘိုး (၂၅၀)ကျပ် နှင့် နှောင်နှစ်အတွက် ရမည့် (၂၅၀)ကျပ် ကိုပါ ပေါင်းပြီး ထုတ်ပေးပါ”ဟု ပြောသော အခါ ခရိုင်အတွင်းရေးမှူးက သဘောတူသည်။ အားလုံးပေါင်း (၅၀၀)ကျပ် ရမည်ဖြစ်သည်။ ကျိုက်ဒုံကျေး ရွာတွင်ရှိသော ပန်းတိမ်ဆိုင်သို့ သွားရောက်စုံစမ်းရာတွင် လက်စွပ် “တမတ်သား”လျှင် (၆၀၀)ကျပ် ကျော်နေပါသည်။ ငွေက လက်ထပ်လက်စွပ်တကွင်းဘိုးအတွက် မပြည့်သေးပါ။ အခက်ကြုံရပြန်သည်။ အဆိုပါ အခြေအနေကို ဆရာမ၏ ဦးတော်စပ်သူ အားတီ ဘိုဟိန် ကို ပြောပြရာ ကျန်သောငွေအတွက် အားတီ ဘိုဟိန် မှ တာဝန်ယူပေးမည် ပြော၍ သူ့ ခမျာ ပျော်သွားရသည်။
သူတို့ လက်ထပ်သည့် အချိန်တွင် ခရိုင်ရုံးတွင် ခေါ်ထားသော တလာကူ ဘာသာဝင်များကို ပြန်လွှတ်ပေး ခြင်း မပြုရသေးပါ။ ဆရာမ၏ မိဘများမှ မွေးထားသော ဝက်ကို ထုတ်ပြီး ကျွေးမွေးဧည့်ခံပါသည်။ ပထမ ဝက်တကောင် ထုတ်ပေးရာ မလုံလောက်သဖြင့် နောက်ထပ် (၂)ကောင် ပေါင်း ၀က် (၃)ကောင်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။ စားဖိုမှူးများမှာ တလာကူ ဘာသာဝင်များမှ တာဝန်ယူချက်ပြုတ်ပါသည်။ ဆရာမဘက်မှ သူမ၏ တပည့်များနှင့် မိဘများလည်း မင်္ဂလာလက်ထပ်ပွဲသို့ လာရောက် အားပေးကြပါသည်။
သူသည် လက်ထပ်ပြီးနောက် သူတို့ ဇနီးမောင်နှံမှာ အိမ်တွင် ညမအိပ်ရဘဲ တောထဲတွင်သာ အိပ်ကြရသည်။ အကြောင်းမှာ တလာကူ အရေးအခင်းက ပြီးခါစဖြစ်၍ စိတ်ချ၍ မရသောကြောင့် ဖြစ်သည်။







(၇)
မာနယ်ပလောသို့ ဒုတိယအကြိမ်ပြန်လည်ရောက်ရှိခြင်း။
၁၉၈၁ ခုနှစ် သို့ ရောက်သောအခါ ခရိုင်အတွင်းရေးမှူး ပဒိုငွေတင် မှ ကေဒါ သင်တန်းဟုဆိုကာ မာနယ်ပ လော သို့ (၃)လကြာ သင်တန်းတက်ရမည် ဖြစ်ကြောင်း ပြောပါသည်။ သင်တန်းတက်မည့် သူများကို ခရိုင်အတွင်းရေးမှူးမှ စီစဉ်ပေးပြီး အောက်ပါအတိုင်း ဖွဲ့စည်းပေးပါသည်။
(၁) ဆရာမနော်ဖေါဘော (ခရိုင်ရုံး-အဖွဲ့ခေါင်းဆောင်)။
(၂) မန်းထီးဖေါင် (ခရိုင်ရုံး)။
(၃) စောလယ်ဂေ (ခရိုင်ရုံး)။
(၄) စောဇော်နောင် (ခရိုင်ရုံး)။
(၅) စောမူဝါး (ခရိုင်ရုံး)။
(၆) ပဒိုလှတင် (ဝင်းရေးမြို့နယ်) တို့ ဖြစ်ကြသည်။
မာနယ်ပလော သို့ ရောက်သောအခါ အောက်ဖေါ်ပြပါ ဗဟိုခေါင်းဆောင်ကြီးများထံမှ တဦးလျှင် ရက် သတ္တ တပတ်စီဖြင့် ခေါင်းဆောင်ကြီးများ၏ ရှေ့ဆောင်ပညာပေးခြင်း၊ ဩဝါဒပေးခြင်းများကို ခံယူရပါ သည်။
(၁) ဗိုလ်ချုပ်မြမောင် (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးလမ်းစဉ်နှင့် တိုက်ပွဲလမ်း ညွှန်ဆိုင်ရာများ) ဆည်းပူးလေ့လာရသည်။
(၂) ဖူးစကောလယ်တော (နိုင်ငံရေးဝေါဟာရ နှင့် အဓိပ္ပါယ်များ) ဆည်းပူးလေ့လာရသည်။
(၃) ဗိုလ်မှူးပဒိုစံလင်း -KNU တွဲဘက်အတွင်းရေးမှူး-၂ (မှန်ကန်သော မျိုးချစ်စိတ်ဓါတ်ထားရှိရေး၊ ဝေ ဖန်ရေးနှင့် မိမိကိုယ်ကို ဝေဖန်ရေး ဆိုင်ရာ လမ်းညွှန်ချက်များ) လေ့လာဆည်းပူးရသည်။ ဥပမာ အနေဖြင့် ကရင်လေးတယောက် ပစ္စည်းခိုးယူသဖြင့် အများက ဝိုင်းလိုက်နေသည်ကို တွေ့ပါက မျိုးချစ် တယောက်အနေနှင့် ရှောင်မသွားသင့်။ ဝိုင်းလိုက်သူများကို ဖြောင့်ဖျပြီး ဥပဒေကြောင်းအရ အရေးယူ နိုင်ရန်အတွက် လိုက်လံ ဆောင်ရွက်ပေးရန် လိုအပ်သည်ဟု ရှေ့ဆောင်သွားသည်။
(၄) ဗိုလ်မှူး ပဒိုသန်းအောင် -KNU အတွင်းရေးမှူးချုပ် (တော်လှန်သော သဘောတရား နှင့် အမျိုးသားဒီမို ကရေစီနိုင်ငံရေးလမ်းစဉ်ဆိုင်ရာများ) လေ့လာဆည်းပူးရသည်။ ဥပမာအနေဖြင့် ယခုခေတ် လူငယ် များ ကံကောင်းကြောင်း၊ တော်လှန်ရေးကာလတွင် ကြီးပြင်းလာသဖြင့် မတရားမှု နှင့် အဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်ရေးအတွက် လုပ်ဆောင်နိုင်ပြီး အမျိုးသားသူရဲကောင်းနှင့် အမျိုးသား အာဇာနည်များ ဖြစ်နိုင်ရန် အခွင့်အခါကောင်း ဖြစ်ကြောင်း ရှေ့ဆောင်သည်။
(၅) ဦးစိုးအောင် -KNU လယ်ယာနှင့် စိုက်ပျိုးရေးဌာနတာဝန်ခံ (KNU ၏ မြေယာလမ်းစဉ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲတွင် သူတို့ကို တက်ရောက် လေ့လာခွင့်ပြုသည်။ KNU ၏ မြေယာမူဖြစ်သော “လက်ငုတ်လယ် လက်မလွတ်ရေး နှင့် လက်ငုတ်နှင့် လက်ရင်း” ပြဿနာကို အကျေအလည် ဆွေးနွေးကြသည်။ ထို့အပြင် ဦးစိုး အောင်မှ မိမိအဖွဲ့အစည်းတွင်း ပြဿနာများ ရှိလာပါက ရန်သူ၏ ပယောဂ ပါဝင်မှုကို သတိချပ်သင့် ကြောင်း ရှေ့ဆောင်သည်။ ထိုကာလတွင် ပဒိုမန်းရှာလားဖန်း သည် KNU လယ်ယာစိုက်ပျိုးရေးဌာ န၏ အတွင်းရေးမှူး ဖြစ်သည်။
(၆) ပဒိုဘောယူဖေါ -KNU တရားစီရင်ရေးဌာနတာဝန်ခံ (သူတို့အား KNU ၏ တရားစီရင်ရေးဥပဒေနှီး နှောဖလှယ်ပွဲတွင် တက်ရောက်လေ့လာခွင့်ပြုသည်)။ အဆိုပါ နှီးနှောဖလှယ်ပွဲတွင် တပ်မဟာ (၆)မှ ဗိုလ်မှူးထောဂေ၊ ပဒိုသာလော တို့ တက်ရောက်ကြသည်။ အဆိုပါ နှီးနှောဖလှယ်ပွဲတွင် မှတ်မှတ်ရရ အဖြစ်တ ခုမှာ လူသတ်မှုနှင့် ပတ်သက်ပြီး ပြစ်ဒါဏ်သတ်မှတ်ရေး ဆွေးနွေးရာတွင် အစည်းအဝေး၏ မနက်ပိုင်း အစီအစဉ်တခုလုံး ကုန်ဆုံးခါနီးအထိ သဘောတူအတည်ပြုချက် မလုပ်နိုင်သေးဘဲ ဖြစ်နေ ရာ ဗိုလ်ချုပ်မြ မှ “ခင်ဗျားတို့ အခု စီရင်ချက်ချမှတ်မှာက လူကောင်းအတွက်လား၊ လူဆိုးအတွက် လား” ဆိုကာ အဖြေသဘောပါသော မေးခွန်းကို ထပြောလိုက်သဖြင့် ကိုယ်စားလှယ်အားလုံး “ဟာ”က နဲ ဆိုပြီး ကိုယ်စားလှယ်အားလုံးအတွက် တစ်ဆို့နေမှုမှ ထွက်ပေါက်ရသလို ဖြစ်သွားပါတော့သည်။
(၇) ပဒိုအောင်ဆန်း -KNU သစ်တောဌာနတာဝန်ခံ (ရုံးလုပ်ငန်းဆိုင်ရာ) ပို့ချပေးသည်။
ကေဒါသင်တန်း ပြီးဆုံးသောအခါ သူတို့တတွေ ဒူးပလာယာခရိုင် သို့ ပြန်လာခဲ့သည်။ သူသည် အဖေါ်များ နှင့် တိုင်ပင်ကာ ဝမ်းခါသစ်စခန်းရှိ ဆွေမျိုးများဖြစ်ကြသော (မချယ်ရီ၊ ကိုဝင်းအောင်) ရှိရာသို့ အလည် သွားလိုကြောင်းနှင့် ဝေါ်လေရွာတွင် စောင့်ပေးရန် မှာကြားလိုက်သည်။ ဝမ်းခါသို့ ရောက်သောအခါ ဥက္ကဌကြီးမန်းဘဇန် ရှိကြောင်း သိရသဖြင့် ဥက္ကဌကြီးမန်းဘဇန် ထံသို့ အလည်သွားသည်။ ထိုအချိန်က ဥက္ကဌကြီးမန်းဘဇန်သည် သမီးထွေး ကေသီဇန် နေအိမ်တွင် တည်းခိုနေသည်။ သူ ရောက်သွား သောအခါ ဥက္ကဌကြီးကတော် ဒေါ်ကြည်ကြည်က “ငါတို့ဆီက ထွက်သွားတဲ့ သူတွေထဲမှာ နင်က အညံ့ဆုံးဘဲ” ဟု ပြောလိုက်သောအခါ ဥက္ကဌကြီးက ချက်ချင်း ကောက်ကာငင်ကာ “ငါတို့ဆီက ထွက်သွားတဲ့ လူတွေထဲမှာ မင်းက လမ်းဖြောင့်ဖြောင့် လျှောက်တဲ့သူ”ဟု ပြန်ပြောလိုက်သည်။ ထိုအချိန်က ဥက္ကဌကြီး မှာ မျက်စိ နှစ်ဖက် ကောင်းစွာ မမြင်ရတော့ပါ။ ဥက္ကဌကြီးက “မင်းအသံကို ငါမှတ်မိတယ်၊ မင်းကိုတော့ မမြင်ရဘူး”ဟု ပြောပြီး သူနှင့်အတူ ထမင်းစားဖို့ ပြောပါသည်။ ဥက္ကဌကြီးကတော် နှင့် ဥက္ကဌကြီးတို့က သူ့အပေါ်ပေးသော မှတ်ချက်များမှာ တယောက်တမျိုးစီ ဖြစ်နေကြသည်။ ထိုအချိန်က သူ့အဝတ်အစား ဟောင်းနွမ်း စုတ်ပြဲနေသည့်အပေါ် ဥက္ကဌကြီးကတော်က ဆိုလိုဟန်ရှိသည်။ ဥက္ကဌကြီးက သူ့ကို ကောင်း စွာ မမြင်ရသော်လည်း အခြေအနေကို သဘောပေါက်ပုံပေါ်သည်။ ထို့ကြောင့် သူ့ ကတော်၏ ဆန့်ကျင် ဘက်ကနေ မှတ်ချက်ပေးသည်ဟု သူက နားလည်သည်။ ထိုအချိန်က သူသည် ဥက္ကဌကြီးမန်းဘဇံ နှင့် နောက်ဆုံးတွေ့ရခြင်း ဖြစ်သည်ကို နောက်ပိုင်းမှ သိလိုက်ရတော့သည်။ သူ သည် အဖေါ်များကို ပြောထား သည့်အတိုင်း ဝေါ်လေရွာ သို့ အချိန်မှီ ပြန်လာခဲ့ရသည်။ ဝေါ်လေရွာ မှ တဆင့် အဇင်းကျေးရွာသို့ ခြေ လျင်ဖြင့် ဆက်သွားရသည်။ အဇင်း သို့ ရောက်သောအခါ သူ၏ ဇနီးမှ သမီးဦးလေးကို မွေးဖွားထားပြီး ဖြစ်ကြောင်း သိလိုက်ရသည်။ သမီးဦးမှာ (၇)လ နှင့် မွေး ဖွားခြင်း ဖြစ်သည်။
(၈)
ခရိုင်-အခြေခံဒေသ အလုပ်အမှုဆောင်ကော်မတီသစ် ဖွဲ့စည်းခြင်း။
သူ တို့တတွေ မာနယ်ပလောမှ ခရိုင်ရုံးသို့ ပြန်ရောက်လာသောအခါ ခရိုင်အလုပ်အမှုဆောင်ကော်မတီ များမှ ခရိုင်-အခြေခံဒေသအား တိုက်ရိုက်ဦးစီး လုပ်ကိုင်ခြင်းမပြုတော့ပါ။ ထို့ကြောင့် ခရိုင်-အခြေခံဒေသ အလုပ်မှုဆောင်ကော်မတီသစ်တရပ်ကို အောက်ပါအတိုင်း ဖွဲ့စည်းပေးလိုက်သည်။
၁။ ဖူးလောကွား (ခရိုင်-အခြေခံဒေသတာဝန်ခံ)။
၂။ ပဒိုနော်ဖေါဘော (ရုံးတာဝန်ခံ)။
၃။ ပဒိုဇော်နောင် (လယ်ယာနှင့်စိုက်ပျိုးရေးဌာနတာဝန်ခံ/ စည်းရုံးရေးဌာနတာဝန်ခံ/ ငါးဖမ်းနှင့်မွေးမြူရေး ဌာနတာဝန်ခံ)။
၄။ ပဒိုမန်းဂျွန်ဆင် (ပညာပေးရေးနှင့်အသင်းအဖွဲ့ဖွဲ့စည်းရေးဌာနတာဝန်ခံ/လယ်အုပ်(ခရိုင်-အခြေခံဒေသ လယ်ယာနှင့်စိုက်ပျိုးရေးဌာန)။
၅။ ပဒိုမူဝါး (လုံခြုံရေးဌာနတာဝန်ခံ)။
၆။ ပဒိုလယ်ဂေ (ပညာရေးနှင့်ယဉ်ကျေးမှုဌာနတာဝန်ခံ)။
၇။ မန်းထီးဖေါင် (ကျမ္မာရေးနှင့်ကယ်ဆယ်ရေးဌာနတာဝန်ခံ)။
၈။ ပဒိုဆာဒို (လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဌာနတာဝန်ခံ)။
ခရိုင်-အခြေခံဒေသရုံးကိုလည်း ခရိုင်ရုံးမှ ခွဲထုတ်လိုက်ပြီး သီးခြားတနေရာတွင် တည်ဆောက်လိုက် သည်။ ဖူးလောကွားမှ သူ့အား “မင်းကို အခုလို တာဝန်ပေးရတာ တာဝန်ယူနိုင်မယ်လို့ ယုံကြည်လို့ ပေး တာဖြစ်ကြောင်း”ပြောသည်။ စည်းရုံးရေးဌာနလုပ်ငန်းဖြစ်စေ၊ လယ်ယာ/စိုက်ပျိုးရေးဌာနဖြစ်စေ၊ လက် တွေ့ အကောင်အထည်ဖေါ်ရာတွင် ပဒိုမန်းဂျွန်ဆင် နှင့်အတူ တာဝန်များ ခွဲဝေလုပ်ကိုင်ရာတွင် လက်ကျညီမှု ရှိသည်။ ထို့အပြင် လယ်/ခြံ/တောင်ယာ မြေလွတ်မြေရိုင်း စာရင်းများကို စနစ်တကျ မှတ်ပုံတင်နိုင်ခဲ့သည်။ နှစ်စဉ် ပြေစာ များကိုလည်း ထုတ်ပေးနိုင်ခဲ့သည်။
(ဆက်လက်ဖေါ်ပြပါမည်)






Leave a comment