ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၁၅)

(စတက်နေ-ပန်းတနော်)

(၂၇)

KNU အတွင်းရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း သေနတ်သမား (၂)ဦး၏လက်ချက်ဖြင့် ကျဆုံးရခြင်း ။

၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့ Valentine Day (ချစ်သူများနေ့) ညနေ (၄) နာရီကျော်တွင် ပဒိုမန်း ရှာလားဖန်း သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ KNU အတွင်းရေးမှူးချုပ်၏ ရုံးတွင် သေနတ်သမား (၂) ဦး၏ လက်ချက်ဖြင့် ကျဆုံးရသည်။

ထိုအချိန်က သူသည် KNU အတွင်းရေးမှူးချုပ်ရုံးတွင် ရှိနေသည်။ အကြောင်းမှာ KNU ဖာအံခရိုင် (အမှတ်-၇ တပ်မဟာ) နယ်မြေတွင်းရှိ “သေဘေထာ” စခန်းတွင် ပြုလုပ်ကျင်းပသော ဖယ်ဒရယ်ဖွဲ့စည်းပုံ ဒုတိယမူ ကြမ်းနှင့်ဆိုင်သော အစည်းအဝေးတွင် KNU ကိုယ်စားလှယ်အဖြစ်တက်ရောက်ရန် ပဒိုမန်းရှာလားဖန်း မှ သူ့အားတာဝန်ပေးသောကြောင့် အစည်းအဝေးပြီး၍ အတွင်းရေးမှူးချုပ်ရုံးသို့ ပြန်လည်ရောက်ရှိနေချိန် ဖြစ်သည်။ ထို့ကြောင့် သူ့အား အတွင်းရေးမှူးချုပ်ရုံး၏ အောက်ထပ်တွင် နေရာချပေးထားသည်။ ဖေဖေါ်ဝါ ရီလ (၁၄) ရက်နေ့ ညနေ (၄) နာရီခန့်တွင် ပဒိုမန်းရှာလားဖန်း သည် ရုံး၏အပေါ်ထပ်မှဆင်းလာကာ သူနေ သောအခန်းသို့လာပြီး ထမင်းစားရန် ခေါ်သည်။ ထို့ကြောင့် ပဒိုမန်းရှာလားဖန်းနှင့်အတူ ထမင်းစားခန်းသို့ လိုက်သွားသည်။ ထမင်းစားခန်းမှာ မီးဖိုခန်းနှင့် တွဲ၍ထားသည်ကို မြင်ရသည်။ မီးဖိုခန်းတွင် နေ့စဉ် ရုံးအတွက် ချက်ပြုတ်ရန် တာဝန်ယူထားသည့် ဖီးသူး တဦးသာတွေ့ရသည်။

ထို့နောက် သူတို့နှစ်ယောက်သည် အရံသင့်ပြင်ဆင်ခင်းကျင်းထားသော စားပွဲဆီသို့ သွား၍ထိုင်ကြသည်။ သူ တို့သည် ထမင်းစားနေရင်း သူက “KNU ခေါင်းဆောင်တဦးဖြစ်သော ပဒိုဒေးဗစ်ထော က သူလုပ်နေတာ KNU အတွက်မဟုတ်၊ ကရင်လူမျိုးအတွက်ဖြစ်ကြောင်း လိုက်၍ပြောနေသဖြင့် KNU နှင့် ကရင်လူမျိုးတို့ အကြား သွေးခွဲသည့်သဘောသက်ရောက်ကြောင်း၊ KNU ဗဟိုအနေနှင့် တစုံတရာဆောင်ရွက်ရန် သဘော ထားရှိ၊ မရှိ” ဟု မေးလိုက်သည်။ ပဒိုမန်းရှာလားဖန်း က “ဒီလူ…ကျနော့ကို အစည်းအဝေးအတွင်းမှာလည်း သိက္ခာချတယ်၊ အစည်းအဝေးအပြင်မှာလည်း သိက္ခာချတယ်၊ ကျနော်ခံစားရတာမကောင်းဘူး” ဟု ပြော သည်။ ထို့နောက် ပဒိုမန်းရှာလားဖန်းကဆက်လက်ပြီး “တော်လှန်ရေးထဲက ခေါင်းဆောင်တချို့ဟာ လေး စားအသိအမှတ်ပြုလောက်တဲ့ ဖြတ်သန်းမှု ဘာတခုမှမရှိဘဲနဲ့ ခေါင်းဆောင်ဖြစ်နေသူတွေရှိတယ်” ဟု ပြောသည်။

ပဒိုမန်းရှာလားဖန်း သည် ထမင်းစားနေသော်လည်း ခံတွင်းတွေ့ပုံမပေါ်လှ၊ နည်းနည်းစီသာစားသည်ကို သူက သတိပြုမိသည်။ ထို့နောက် ဟင်းခွက်တခွက်ကို သူ့ရှေ့သို့တိုးပေးကာ “ဒီ ငါးဟင်းက ဦးသန်းထွဋ် NLD (LA) လာပေးတာ” ဟု ပြောပြီး၊ အနည်းငယ်မြည်းကြည့်ပြီးနောက် ဆားအနည်းငယ်ထပ်ထည့်လိုက်သည်။ သို့သော် ပဒိုမန်းရှာလားဖန်း က အနည်းငယ်သာဆက်စားပြီးနောက် ထမင်းစားပွဲမှထကာ ပုဂံနှင့် လက်ကို ဆေးပြီး အပြင်သို့ထွက်သွားသည်။

ထမင်းစားခန်းတွင် သူနှင့် ဖီးသူး သာ ကျန်ရစ်ခဲ့သည်။ သူက ထမင်းကို ဆက်စားနေသည်။ ခဏအကြာတွင် ကျယ်လောင်သော အသံကြီးတခု ထွက်ပေါ်လာသည်။ ထိုအခါ သူနှင့် ဖီးသူး တို့က တယောက်ကို တ ယောက် ကြည့်ပြီး “ဘာသံလဲ” ဟု ဝေခွဲနေကြသည်။ ထိုကာလတွင် အတွင်းရေးမှူးချုပ်ရုံး၏ အနီးတွင် တိုက် သစ်တလုံးဆောက်နေသည်။ ထိုတိုက်သစ်မှ ထွက်လာသော “အသံလား” ဟု ဇဝေဇဝါ ဖြစ်နေကြသည်။ ထို့ နောက် အလားတူအသံကြီး ဒုတိယအကြိမ်ထွက်ပေါ်လာပြီးနောက် မရှေးမနှောင်းပင် ရုံး၏အပေါ်ထပ်မှ ငိုသံများလည်း ထွက်ပေါ်လာသည်။ ထိုအခါ သူက လက်ဆေးရန်ပင် သတိမထားမိတော့ဘဲ ကမန်းကတန်း နှင့် ထမင်းစားခန်းထဲမှ ပြေးထွက်လိုက်သည်။ ရုံး၏အောက်ထပ်တွင် ရဲဘော် ဖထော နှင့် ဆုံသည်။ ရဲဘော် ဖထော သည် ရုံးအပေါ်ထပ်မှ ဆင်းလာသူဖြစ်သည်။ ရဲဘော် ဖထော က အဖိုးကြီးလုပ်ကြံခံရကြောင်းနှင့် ရဲဘော်စေးစေး မှ ကိုအေးလွင်၊ နော်ဖေါလွဲ တို့ကို ဖုံးဖြင့်ဆက်သွယ်အကြောင်းကြားရန်ပြောသည်ဟု ဆိုကာ ဆက်ထွက်သွားပါသည်။

ထိုအခါ သူလည်း ရုံးအပေါ်ထပ်သို့တက်ရန် လှေခါးရှိရာသို့ ဆက်သွားသည်။ လှေခါးသို့ရောက်သောအခါ အပေါ်ကို မော့ကြည့်လိုက်သည်။ ထိုအခါ ကုလားထိုင်ပေါ်တွင် ထိုင်လျက်သားနှင့်ရှိနေသော ပဒိုမန်းရှာလား ဖန်း ၏ ခန္ဓာကိုယ်ကို ရဲဘော်စောစေးစေး မှ ဖက်ထားသည်ကို တွေ့ရသည်။ ရဲဘော်စောစေးစေး မှ “အဖိုးကြီးမရှိတော့ဘူး” ဟု သူ့အား ပြောလိုက်သည်။ ထိုအခါ သူသည် ထူပူကာ ဘယ်က ဘယ်လို လုပ်ရ မှန်း ကိုယ်တိုင်မသိတော့ပေ။ ထို့ကြောင့် အိမ်နီးနားတွင်ရှိနေသော ကိုသန်းထွဋ် (NLD-LA) ကို လှမ်းခေါ် လိုက်မိသည်။ သိပ်မကြာပါ။ ကိုအေးလွင် နှင့်အတူ ထိုင်းပုလိပ်များ ရောက်လာကြသည်။ မဟာမိတ်ခေါင်း ဆောင်များနှင့် KNU ခေါင်းဆောင်များလည်း ရှေ့ဆင့်နောက်ဆင့် အသီးသီး ရောက်လာကြသည်။

ထိုင်းပုလိပ်များက အလောင်းကို စစ်ဆေးပြီးသောအခါ သေနတ်ကျည်ခွံများကို ဝိုင်း၍ရှာကြသည်။ (9 မမ) ကျည်ခွံတခုသာ တွေ့သည်။ ထို့နောက် မျက်မြင်တွေ့ရှိသူများကို ရုံးအောက်ထပ်တွင် ခေါ်စုပြီး မေးမြန်း သည်။ မျက်မြင်တွေ့ ရှိသူများမှာ ရဲဘော်စောနောင်၊ ရဲဘော်ဒူဂေါ် နှင့် နန့်ဒူးဒူ တို့ ဖြစ်ကြသည်။ ရဲဘော် စောနောင် နှင့် ရဲဘော်ဒူဂေါ် တို့က အိမ်ရှေ့ပန်းအိုးထဲမှ ပန်းပင်များကို ရေလောင်းနေသည်။ နန့်ဒူးဒူ က ပဒိုမန်းရှာလားဖန်း ၏ အနီးတွင်ရပ်ပြီး ပဒိုမန်းရှာလားဖန်း နှင့် စကားပြောနေသည်။ နန့်ဒူးဒူ ပြောကြား ချက်အရ “ပဒိုမန်းရှာလားဖန်း သည် ထမင်းစားပြီးသောအ ခါ အပေါ်ထပ်သို့ တက်လာကြောင်း၊ ထို့နောက် ရေချိုးခန်းသို့ဝင်ပြီးနောက် ရေခဲသေတ္တာအတွင်းမှ ပန်းသီးတလုံးကို ထုတ်ယူပြီး ပန်းသီးလှီးဓါးတချောင်း ကိုယူကာ ရုံးအပေါ်ထပ်ရှိ ၀ရံတာတွင်ရှိသော ကုလားထိုင်သို့ သွားရောက်ထိုင်ကာ သူမနှင့်အတူ စကား ပြောနေကြောင်း၊ သူမက ပဒိုမန်းရှာလားဖန်း ၏ အနီးတွင် ရပ်နေကြောင်း၊ အနက်ရောင်ကားတစီးက အိမ်ခြံ တံခါး၀သို့ ဆိုက်ရောက်လာပြီး ထိုကားပေါ်မှ လူနှစ်ဦးဆင်းလာကြောင်း၊ ထိုနှစ်ဦးထဲတွင် တဦး၏လက်တွင်း ၌ ပန်းသီးခြင်းတခြင်းကို ကိုင်ထားကြောင်း၊ ပန်းသီးခြင်းကိုင်ထားသူသည် အသားညိုညို အရပ်မနိမ့်မမြင့်၊ လက်တွင် ဆေးမှင်ကြောင်များ ထိုးထားကြောင်း၊ ဘောင်းဘီရှည်ဝတ်ဆင်ထားကြောင်း၊ ဒုတိယလူမှာ အရပ် မြင့်မြင့်နှင့် အသားဖြူပြီး ဘောင်းဘီတိုဝတ်ဆင်ထားကြောင်း၊ သူတို့နှစ်ဦးထဲမှ ပထမလူ က ပဒိုမန်းရှာလား ဖန်း ထိုင်နေသော လှေခါးထိပ်၀အထိ တက်လာပြီး ‘တီးဟားလဲအဂေး’ ဟု ကရင်လိုနှုတ်ဆက်ပြီးနောက် ခါးကြားတွင်ဝှက်ပြီးယူလာသော မဲမဲနှင့်ရှည်ရှည်သေနတ်ကို ထုတ်ပြီး ပဒိုမန်းရှာလားဖန်း ၏ ရင်ဘတ်သို့ ချိန်ရွယ်လိုက်ကြောင်း၊ ထိုသို့ချိန်ရွယ်စဉ် ပဒိုမန်းရှာလားဖန်း မှ ပန်းသီးလှီးသောဓါးဖြင့် ခုခံရန် ကြိုးစား ကြောင်း၊ သို့သော် ခုခံကာကွယ်ခြင်းမပြုနိုင်မှီ ပထမလူ သေနတ်သမားက လက်ဦးမှုရရှိပြီး ပစ်လိုက် ကြောင်း၊ ‘အင့်’ ကနဲဟု အသံထွက်လာကာ လက်တဖက်ဖြင့် ရင်ဘတ်ကို ဖိထားလိုက်ကြောင်း၊ ထို့နောက် ပထမလူ သေနတ်သမားက အောက်သို့ပြန်ဆင်းသွားကြောင်း၊ ထို့နောက် လှေခါးအောက်ထစ်မှ အသင့်ရပ် စောင့်နေသူ ဒုတိယသေနတ်သမားတဦးက လှေခါးအောက်ထစ်မှနေပြီး ပဒိုမန်းရှာလားဖန်း ကို ဆက်၍ ပစ် လိုက်ကြောင်း၊ ထိုလူသတ်သမားနှစ်ဦးသည် ခပ်သုတ်သုတ်ထွက်သွားပြီး ကားပေါ်သို့ ပြန်တက်ကာ ကားကို အရှိန်ဖြင့် မောင်း၍ထွက်သွားကြောင်း” ရှင်းပြသည်။

စောစေးစေး သည် ရုံး၏အောက်ထပ်တွင် အိပ်ပျော်နေရာမှ သေနတ်သံကြောင့် လန့်နိုးကာ ကားတစီးထွက် သွားသောအသံကြားရသဖြင့် အိပ်ယာမှ ကမန်းကတန်းထပြီး ထွက်သွားသောကားနောက်သို့လိုက်ကာ ကား ၏ နံပါတ်ကို မှတ်ထားနိုင်ခဲ့သည်။ ထို့နောက် စောစေးစေး က ပဒိုမန်းရှာလားဖန်း ၏ ခန္ဓာကိုယ် ကုလားထိုင် ပေါ်မှ အောက်သို့ ပြုတ်ကျမသွားစေရန် ဖက်ထားလိုက်ခြင်းဖြစ်သည်။

သူက ထမင်းစားနေစဉ် ကြားရသော သေနတ်သံမှာ (၂) ချက်ဖြစ်သည်။ သို့သော် (9မမ) ကျည်တခုသာ ရှာ၍ တွေ့သည်။ ပထမဦးဆုံး ပဒိုမန်းရှာလားဖန်း ကို အနီးကပ်ပစ်သော သေနတ်သည် မဲမဲရှည်ရှည်ဟုဆိုသဖြင့် အသံတိတ်ကရိယာတပ်ထားသော ပစ္စတိုသေနတ်ဖြစ်နိုင်သည်။ ပစ္စတိုသေနတ်သည် ကျည်ခွံ၊ ထွက်ကျကျန် ခဲ့သော သေနတ်အမျိုးအစားဖြစ်သည်။ သူကြားသော သေနတ်သံ (၂) ချက်အတွက် ကျည်ခွံမတွေ့သဖြင့် ခြောက်လုံးပြူး (Revolver) သေနတ် ဖြစ်နိုင်သည်။ တချို့ကလည်း သေနတ်အမျိုးအစား (၂) မျိုး ဖြစ်နိုင် သည်ဟု မှတ်ချက်ချ ပြောဆိုကြသည်။

ထိုင်းပုလိပ်များသည် ကွန်ပြူတာကိုဖွင့်ပြီး လူသတ်သမား (၂) ဦး၏ ပုံပန်းသဏ္ဍာန်နှင့် နီးစပ်သူ (၂) ဦး၏ လှုပ်ရှားနေသော ရုပ်ပုံကို ဖွင့်ပြသည်။ CCTV ကင်မရာနှင့် ရိုက်ယူထားသော ပုံများလည်း ဖြစ်နိုင်သည်။ တဦးက အသားညိုညိုနှင့် အရပ်မနိမ့်မမြင့် ဖြစ်ပြီး ဂျင်းဘောင်းဘီအရှည်၊ ဂျင်းဂျာကင် အင်္ကျီဝတ်ဆင်ထားသည်။ တဦးက အရပ်မြင့်မြင့် အသားဖြူဖြူနှင့် ဘောင်းဘီအတို ဝတ်ဆင်ထားသည်။ တွေ့မြင်သူများကို ဟုတ်၊ မဟုတ် မေးမြန်းသောအခါ လူအုပ်ထဲမှတဦးက “မသေချာဘဲ အရမ်းမပြော” နှင့် ဟု ဟန့်တားသံ ကြားရသည်။ သူ့အထင်အရပြောရလျှင် အတော်လေးနီးစပ်သည်ဟု ဆိုရမည်။ ဂျင်းဂျာကင်ဝတ်ထားသော သူသည် ပဒိုမန်းရှာလားဖန်း ကို အနီးကပ်ပစ်သတ်သူ၊ ဘောင်းဘီတိုဝတ်ထာသောလူသည် လှေခါးထစ်မှ ရပ်ပြီး ပစ်ခတ်သူ ဖြစ်နိုင်သည်။ သို့သော် မြင်တွေ့သူများမှ အတည်ပြုချက်မပေးနိုင်။

ပဒိုဇော်နောင် ၏ သုံးသပ်ချက် ။

ပဒိုမန်းရှာလားဖန်း ကို အနီးကပ်ပစ်သတ်သူသည် ကရင်စကားနှင့် နှုတ်ဆက်သဖြင့် ကရင်လူမျိုး ဖြစ်နိုင်သည်။ သို့သော် ပဒိုမန်းရှာလားဖန်း အား လုပ်ကြံခြင်းနှင့်ပတ်သက်၍ ဗမာစစ်တပ်မှ မြထွန်းဦး ၏ အစီအစဉ်ဟု တချို့က ဆိုကြသည်။ ပဒိုမန်းရှာလားဖန်း ကို လက်တွေ့လာရောက်ပစ်သတ်သူများမှာ DKBA ဗိုလ်ဆံပြုတ် တို့ အဖွဲ့ဟု ဆိုကြသည်။ ဗိုလ်ဆံပြုတ် သေပြီဖြစ်သည်။ နှုတ်ပိတ်ခံရခြင်း ဖြစ်နိုင်သည်။ ကွင်းဆက်ကို ကောက်ကြောင်းလိုက်လျှင်လည်း ဗိုလ်ဆံပြုတ်ထံတွင်သာ အဆုံးသတ်သွားသည်က များသည်။

ပဒိုမန်းရှာလားဖန်း လုပ်ကြံသတ်ဖြတ်ခြင်းခံရသဖြင့် ကရင်လူမျိုးနှင့် ကရင့်တော်လှန်ရေးအတွက် ကြီးမား သော ဆုံးရှုံးမှုဖြစ်သည်။ ပဒိုမန်းရှာလားဖန်း မရှိတော့သည့်နောက်ပိုင်းတွင် ကရင့်တော်လှန်ရေးမှာ နိုင်ငံရေးအရ သိသိသာသာကြီး အားနည်းသွားသည်ကို တွေ့မြင်ရသည်။

ရန်သူ၏ အစီအစဉ်ကြောင့်ဟု ဆိုလျှင်လည်း မိမိတို့ ကရင့်တော်လှန်ရေး၏ အညှာကိုကိုင်ပြီး ချွေချခြင်း ခံရသည်ဟု ဆိုရမည်။ ကရင်လူမျိုးအတွင်းက လောက်ကောင်၊ သစ္စာဖေါက်များကြောင့်ဟု ဆိုလျှင်လည်း ကရင်လူမျိုးများအတွက် မကောင်းသောအစဉ်အလာကို ယူဆောင်လာသလိုဖြစ်ပြီး ယနေ့မှစပြီး အဆုံးသတ်သင့်ပြီဟု သူက ပြောသည်။

ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်းသည် ကရင့်တော်လှန်ရေးနှင့် ကရင်လူမျိုးများအတွက် ကြီးမားသော ဆုံးရှုံးမှု တခုဖြစ်၍ နောင်လာနောက်သားများ သင်္ခန်းစာယူနိုင်ရန်အတွက် ကရင်လူမျိုးအတွင်းရှိ အဖြစ်မှန်ကို သိရှိသူ များမှ ဖေါ်ထုတ်နိုင်ရန်နှင့် သေတမ်းစာ ချန်ထားသင့်ကြောင်း သူက မျှော်လင့်တိုက်တွန်းသည်။

ပဒိုမန်းရှာလားဖန်း ကွယ်လွန်ပြီးနောက် “ပဒိုမန်းရှာလားဖန်း နောက်ဆုံးပြောခဲ့သောစကားက ဘာလဲ” ဟု သူ့ကို ဝိုင်း၍မေးမြန်းကြသည်။ သူက “ပဒိုဒေးဗစ်ထော နှင့် ပတ်သက်သော ထမင်းစားခန်းတွင် ပြောသောစကား” ကို ပြန်ပြောပြသည်။

(၂၈)

(၁၄) ကြိမ်မြောက် KNU ကွန်ကရက် (ညီလာခံ) ။

———————————————

၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့ KNU ဖာပွန်ခရိုင်ရှိ “သိကော်ထာ (သံးကီၫ်ထၣ်)” တွင် (၁၄) ကြိမ် မြောက် KNU ကွန်ကရက်ကို ကျင်းပပြုလုပ်ခဲ့သည်။ ကွန်ကရက်မစတင်မီအတောအတွင်း ပြည်တွင်းရှိ ကရင်လူထုမှ ကွန်ကရက်သို့ စာတစောင်ပို့ပေးခဲ့သည်။ အဆိုပါစာ၏ အနှစ်ချုပ်မှာ “(၁၄)ကြိမ်မြောက် KNU ကွန်ကရက်သို့ တက်ရောက်လာကြသော မဲဆန္ဒရှင်များမှ တော်လှန်ရေးအပေါ် ရပ်တည်ချက်ခိုင်မာသော ခေါင်းဆောင်များကိုသာ ရွေးချယ်တာဝန်ပေးရန်” ဟု တိုက်တွန်းမေတ္တာရပ်ခံထားသော စာဖြစ်သည်။ ထိုအ တောအတွင်းမှာပင် ဗိုလ်ချုပ်မူတူးစေးဖိုး၊ ပဒိုကွယ်ထူးဝင်း တို့၏ အုပ်စုမှလည်း မဲအနိုင်ရရှိရေးအတွက် သူတို့ဖြစ်ချင်သော ခေါင်းဆောင်များ၏ အမည်များကို စာရွက်ပေါ်တွင် ရေးသားထားပြီး မဲဆွယ်စည်း ရုံးနေကြသည်ကို ပဒိုမန်းငြိမ်းမောင် က သူ့ကို ပြောပြသည်။

အဆိုပါ ကွန်ကရက်တွင် ပဒိုအောင်ရွှေ (သထုံခရိုင်ဥက္ကဌ)၊ ပဒိုထူးထူးလေး နှင့် ပဒိုဇော်နောင် တို့ (၃) ဦးက ကျန်းမာရေးမကောင်းသဖြင့် အနားယူရန် စာတင်လိုက်ကြသည်။ အလားတူပင် ဗိုလ်မှူးလှရွှေ (ဖာပွန်ခ ရိုင်ဥက္ကဌ) သည်လည်း အသက်အရွယ်အိုမင်းကာ ကျန်းမာရေးမကောင်းကြောင်း တင်ပြထားသည်။ ထို့ ကြောင့် သူတို့ (၄) ဦးစလုံးကို ကွန်ကရက်မှ စီစစ်ပြီးနောက် အနားယူခွင့်ပေးလိုက်သည်။

ကွန်ကရက်ကျင်းပသောအခါ ကိုယ်စားလှယ်များက KNU ၏ ထိပ်ပိုင်းခေါင်းဆောင် (၅) ဦးကို အောက်ပါအ တိုင်း လျှို့ဝှက်မဲစနစ်ဖြင့် တင်မြှောက်လိုက်ကြသည်။

၁။ ဗိုလ်ချုပ်ကြီးတာမလာဘော (ဥက္ကဌ) ။

၂။ ပဒိုဒေးဗစ်သာကပေါ် (ဒု-ဥက္ကဌ) ။

၃။ ဆရာမနော်စီပိုးရာစိန် (အတွင်းရေးမှူးချုပ်) ။

၄။ ဗိုလ်မှူးစောလှငွေ (တွဲဘက်အတွင်းရေးမှူး-၁) ။

၅။ ပဒိုဒေါ့လေးမူ (တွဲဘက်အတွင်းရေးမှူး-၂) ။

မဲဆွယ်သူများက အနိုင်မရရှိဘဲ မဲမဆွယ်သူများက အနိုင်ရရှိသွားကြသည်။ ဆရာမစီပိုးရာစိန် ကိုယ်တိုင်က မထင်မှတ်ထားသဖြင့် အနည်းငယ်တုန်လှုပ်သွားသည်ကို သူက သတိပြုမိသည်။

ကွန်ကရက်ပြီးသောအခါ ပဒိုဒေးဗစ်ထော၊ ပဒိုရောဂျာခင်၊ ဗိုလ်ကြီးဒိုစိုး (ဆရာဘရီး တပ်မဟာ-၆) နှင့် ပဒို ဇော်နောင် အပါအဝင် (၄) ဦးတို့သည် စက်လှေတစီးနှင့် အတူပြန်လာခဲ့ကြသည်။ စက်လှေစီးနေရင်း ဗိုလ် ကြီးဒိုစိုး မှ ပဒိုဒေးဗစ်ထော အား “ခင်ဗျားတို့အနိုင်ရဘို့ ဒီလောက်တောင် ပြင်ဆင်ထားတာ ဘာကြောင့် အနိုင်မရသလဲ”ဟု မေးလိုက်သည်။ ပဒိုဒေးဗစ်ထော က “ဗိုလ်ချုပ်ကစယ်ဒို ကို အရွေးမခံရန် ကြိုတင်ညှိနှိုင်း ထားကြောင်း၊ ဗိုလ်ချုပ်ကစယ်ဒို က လက်ခံကြောင်း၊ သို့သော် ရွေးကောက်ပွဲအစီအစဉ်ရောက်သောအခါ ဗိုလ်ချုပ်ကစယ်ဒို က ဝင်ရောက်အရွေးခံလိုက်သဖြင့် သူတို့၏ အစီအစဉ်များ ပျက်သွားရကြောင်း၊ အကယ် ၍ ဗိုလ်ချုပ်ကစယ်ဒို မှ ဝင်ရောက်အရွေးမခံပါက အသက်ကြီးသူများကို တပါတည်း ဖယ်ထုတ်နိုင်ကြောင်း” ဟူ၍ ရှင်းပြသည်။

ပဒိုဒေးဗစ်ထော သည် ဗိုလ်ချုပ်ကြီးတာမလာဘော တို့ကဲ့သို့သော အသက်အရွယ်ကြီးပြီး ဩဇာအရှိန်အဝါ ကြီးသူများကို ဖယ်ထုတ်နိုင်လျှင် သူတို့ဆင်ထားသောအကွက်ထဲသို့ ဝင်နိုင်မည်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ် သည်။

နောက်ကိစ္စတခုမှာ ဘိတ်-ထားဝယ်ခရိုင်ကိုယ်စားလှယ်အဖြစ် တက်ရောက်လာသော နော်မေဦး ၏ ဆွေး နွေးချက်တွင် “ဗဟိုအာဏာလျှော့ချရေး” နှင့်ပတ်သက်သော တင်ပြချက်အပေါ် ကိုယ်စားလှယ်တချို့က ဘဝင်မကျကြောင်း ပြောဆိုသံများကို သူက ကြားရသဖြင့် အကြောင်းတခုအနေနှင့် ပါဝင်ပတ်သက်လိမ့် မည်ဟု သူက ထင်သည်။

ဗိုလ်ချုပ်မူတူးစေးဖိုး၊ ပဒိုကွယ်ထူးဝင်း တို့၏ အုပ်စုကလည်း ပြီးခဲ့သည့် (၁၄) မြောက် ကွန်ကရက်တွင် ရှုံးနိမ့် ခဲ့သည့်အတွက် ၎င်းတို့၏ အားနည်းချက်ကို ပြန်လည်သုံးသပ်ပြီး လာမည့် ကွန်ကရက်များတွင် အနိုင်ရရှိ ဘို့နှင့် ဆက်လက်အာဏာတည်မြဲရေးအတွက် စနစ်တကျအစီအစဉ်ချပြီး အစဉ်တစိုက် ကြိုးပမ်းနေကြ သည်ဟု သူက ယူဆသည်။

ကွန်ကရက်ပြီးသည့်နောက် ဒီဇင်ဘာလအတွင်းတွင် ဆရာမကြီးနော်စီပိုးရာစိန် (KNU အတွင်းရေးမှူးချုပ်) မှ သူ့အား အမျိုးသမီးခေါင်းဆောင်သင်တန်းတွင် ကရင့်တော်လှန်ရေး၏ အခြေခံနိုင်ငံရေးလမ်းစဉ်နှင့် လုပ်ငန်း စဉ်များကို ပို့ချပေးရန်ပြောသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ မဲ့စရင်း မြို့တွင် ပြုလုပ်သော သင်တန်းသို့ သူက သွားရောက်သင်တန်းပို့ချပေးရသည်။

ထို့နောက် ၅/၇/၂၀၀၈ မှ ၁၁/၉/၂၀၀၉ အထိ တပ်မဟာ (၇) နယ်မြေ “သေဘေထာ” စခန်းတွင် KNLA စစ်ဦး စီးဌာနချုပ်မှ ဦးစီးဖွင့်လှစ်သော အပတ်စဉ် (၄) ဗိုလ်လောင်းသင်တန်းတွင် ဗိုလ်မှူးစောလှငွေ ၏ တာဝန်ပေးချက်အရ ကရင့်တော်လှန်ရေး၏ အခြေခံနိုင်ငံရေးလမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို ပို့ချပေးခဲ့သည်။ ဗိုလ်လောင်းသင်တန်းကျောင်းအုပ်မှာ ဗိုလ်မှူးချုပ်ရှားမင်း ဖြစ်ပြီး ဒုတိယကျောင်းအုပ်မှာ ဗိုလ်မှူးကြီးဇော်ဒူး ဖြစ်သည်။ ထို ဗိုလ်လောင်းသင်တန်းတွင် စုစုပေါင်း သင်တန်းသား ဗိုလ်လောင်း (၄၈) ဦး ဖြစ်သည်။

ထို့နောက် ၂၉/၁/၂၀၀၉ မှ ၃၀/၁/၂၀၀၉ အထိ တပ်မဟာ (၇) နယ်မြေ၊ “သေဘေထာ” စခန်းတွင် ပြုလုပ် သော အနှစ် (၆၀) ပြည့် “ကရင့်တော်လှန်ရေးခရီး ပြန်လည်သုံးသပ်ခြင်း” အစီအစဉ်တွင် ဦးဆောင်ဆွေးနွေးခဲ့သည်။

(၁) ပဒိုဇော်နောင် (မြန်မာပြည်ရှိ ကရင်လူမျိုးတို့၏ ဇစ်မြစ်မှ ဂျပန်ခေတ်အထိ) ။

(၂) ပဒိုဒေးဗစ်သာကပေါ် (ဂျပန်ခေတ်မှ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းသည်အထိ) ။

(၃) ပဒိုသမိန်ထွန်း (၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ) ။

(၄) ပဒိုဒေါ့လေးမူ (၁၉၈၈ ခုနှစ်မှ ယနေ့အချိန်အထိ) ။ တို့ ဖြစ်သည်။

ပြည်တွင်းရှိကရင်များနှင့် နိုင်ငံတကာရောက်ကရင်များလည်း တက်ရောက်လာကြသည်။

ပဒိုဇော်နောင် သည် KNU မှ တရားဝင် အနားယူပြီးသည့်နောက် ဇူလိုင်လ (၂၃) ရက်၊ ၂၀၀၉ ခုနှစ်တွင် မိသားစုနှင့်အတူနေထိုင်ရန် ထိုင်းနိုင်ငံမှတဆင့် နော်ဝေးနိုင်ငံသို့ ထွက်ခွာသွားခဲ့ပါသည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect