လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း

ဗမာပြည် လူမျိုးစုများ ပြဿနာ စာတမ်း

(မန်းရှာလားဖန်း တင်ပြသည်။)

မျက်မှောက် ဗမာပြည်၏ နှစ်(၂၀)ကျော်ကြာ ပြည်တွင်းတော်လှန်ရေး စစ်ပွဲကို ကြည့်လျှင် ပစ္စည်းမဲ့လူတန်းစား အမှူးပြုသော အလုပ်သမား၊ လယ်သမား မဟာမိတ်ကို အခြေခံသော ဒီမိုကရေစီ လိုလားသည့် တော်လှန်သော လူတန်းစားများ လူမှုရေး အဖွဲ့အစည်းများပါဝင်သော ဒီမိုကရေစီ တော်လှန်ရေး၏ အခြေခံ အင်အားစု တရပ်ကို တွေ့ရပေသည်။

တချိန်တည်းတွင် ယင်းတော်လှန်ရေး၏ ဘေးပတ်ဝန်းကျင် အနံှ့အပြားတွင် အဖိနှိပ်ခံ လူမျိုးစု အသီးသီး၏ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကို ပေါ်လွင်ထင်ရှားစွာပင် တွေ့မြင်ရပေသည်။ ဤအချင်းအရာသည် ပကတိ လက်တွေ့ ဖြစ်ရပ်ဖြစ်၍ ဗမာပြည် တော်လှန်ရေး ပြဿနာကြီးထဲတွင် လေးနက် စေ့စပ်စွာ ထည့်သွင်း စဉ်းစားခြင်း မပြုဘဲ နေ၍ မဖြစ်နိုင်ပေ။ ဤအကြောင်းမှာ ဤပြဿနာကို နားမလည်လျှင် ဗမာပြည် တော်လှန်ရေး တရပ်လုံးကို နားလည်နိုင်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

ဆိုးယုတ် ပက်စက်သည့် အုပ်စိုးသူ လူတန်းစား ဖောက်ပြန်ရေးသမား အဆက်ဆက်၏ နိုင်ငံရေးအရ ဖိနှိပ်ခြင်း၊ စီးပွားရေးအရ သွေးစုတ်ခြင်း၊ ယဉ်ကျေးမှုအရ ခေတ်နောက်ကျအောင် လုပ်ခြင်းနှင့် လူမျိုးရေးအရ ကျွန်ဇာတ်သွင်းခြင်းများကို လူမျိုးစု များ အနေနှင့် ခါးသီးစွာ ရေရှည်ခံစားလာခဲ့ရပေသည်။ လူမျိုးစုများသည် မျက်မှောက်တွင် နိုးကြား ထကြွလာပြီး မိမိတို့၏ အမျိုးသားကံကြမ္မာကို ဆုပ်ကိုင်လာကြခြင်း၊ လက်နက် ကိုင်စွဲလာကြခြင်း၊ ထကြွတိုက်ပွဲဆင် တော်လှန်လာကြခြင်းသည် အလွန်ပင် တရားနည်း လမ်း ကျလှ၏။ အလွန်ပင် ကောင်းလှ၏။ အလွန်ပင် လိုအပ်၍ အချိန်လည်း မီလှ၏။

တရားနည်းလမ်းကျသည် ဆိုခြင်းမှာ ၎င်းတို့၏ တိုက်ပွဲသည် “သူများက ကြာမြင့်စွာ လုယူထားသော မိမိတို့၏ ကိုယ်ပိုင်ပစ္စည်း”ကို ပြန်လည်၍ တိုက်ခိုက် သိမ်းယူနေသောကြောင့် ဖြစ်သည်။ အလွန်ကောင်းသည်ဟု ဆိုခြင်းမှာ ယင်း တိုက်ပွဲ များသည် တော်လှန်သောဘက်မှနေ၍ ဖောက်ပြန်ရေးသမားများကို ထိရောက်စွာပင် တိုက်ဖျက်နိုင်စွမ်း ရှိနေခြင်းကြောင့်ဖြစ်၏။ အလွန်လိုအပ်၍ အချိန်မီ သည်ဟု ဆိုခြင်းမှာ ၎င်းတို့ရွေးချယ်လိုက်သော လက်နက်ကိုင် တိုက်ပွဲအသွင်သည် အခြေအနေ၏ ပြီးပြည့် စုံသော ပြဋ္ဌာန်းမှု ဖြစ်ခြင်းကြောင့်သာ မဟုတ်သေးဘဲ ယင်းတိုက်ပွဲများသည် ဖောက် ပြန်ရေးသမားများ စတင်ကျဆုံးချိန်နှင့် မိမိ အင်အားစုများ နိုးကြား ထကြွလာမှု တစုံ တရာ ရင့်မှည့်လာချိန်တွင် စတင်လိုက်သောကြောင့် ဖြစ်သည်။ 

မျက်မှောက် သမိုင်းကာလသည် လူ့သမိုင်းတွင် လူတန်းစားရှိသော လူ့ အဖွဲ့အစည်းမှ လူတန်းစားမဲ့သော လူ့အဖွဲ့အစည်းသို့ ကူးပြောင်းနေသော မဟာ တော် လှန်ရေးကြီး၏ ကာလပိုင်း တခုဖြစ်၏။ သမိုင်းတွင် အသစ်လွင်ဆုံး ကုန်လုပ်စွမ်း အားစုကို ကိုယ်စားပြုသော အလုပ်သမား လူတန်းစားတရပ် ပေါ်ထွန်းလာပြီး လူ့အဖွဲ့ အစည်းနှင့် သဘာဝ‌လောက၏ ဖြစ်ရိုးဖြစ်စဉ် အခြေခံတရား တစုံလုံးကို ဂုဏ်ရောင် ပြောင်စွာ ရှာဖွေ တွေ့ရှိလိုက်သော မဟာ ခေတ်ကြီးဖြစ်၏။ 

ပစ္စည်းမဲ့ အလုပ်သမား လူတန်းစားအနေနှင့် မိမိတို့ ရှာဖွေ တွေ့ရှိလိုက်သော ယင်းပစ္စည်းမဲ့ ကမ္ဘာ့အမြင်ကို စွဲမြဲစွာ အခြေခံကာ လူ့အဖွဲ့အစည်းနှင့် သဘာဝ လောကကို ကိုယ်ပိုင်အသိရှိရှိဖြင့် တက်ကြွစွာပြုပြင်ပြောင်းလဲပစ်နေသော မဟာတော်လှန်ရေး ခေတ် ကြီးလည်းဖြစ်ပေသည်။ တနည်းအားဖြင့် သမိုင်းတွင် အသစ်လွင် အတိုးတက်ဆုံးဖြစ်သော အလုပ်သမား လူတန်းစားသည် မိမိတို့၏ ကမ္ဘာ့အမြင် ဖြစ်သော မာ့စ်၊ လီနင်ဝါဒ အခြေခံ သဘောတရားကို စွဲမြဲစွာ ဆုပ်ကိုင်၍ လူတန်းစားနှင့် လူတန်းစား ဖိနှိပ်မှုကို ခြေမှုန်း ပစ်ရန်အတွက် လူ့အဖွဲ့အစည်းနှင့် သဘာဝ လောကကို မှောက်လှန် ပြောင်းလဲပစ်နေသော မဟာ တော်လှန်ရေးကာလ ဖြစ်သည်။

အတိအကျအားဖြင့်ပြောမည်ဆိုလျှင် “ခုအချိန်ဟာ တကမ္ဘာလုံးက အ ရင်းရှင်နဲ့ နယ်ခ့ျဲစနစ်တို့ ကျေပြုန်း ပျက်စီးရာသို့ ဦးတည်သွားနေပြီး တကမ္ဘာလုံးက ဆိုရှယ်လစ် စနစ်နှင့် ပြည်သူ့ ဒီမိုကရေစီ စနစ်တို့က အောင်ပွဲဆီသို့ ရှေ့ရှု ချီတက်နေတဲ့ သမိုင်းခေတ်” ယင်းခေတ်၏ မာ့စ်၊ လီနင်ဝါဒဖြစ်သော မော်စီတုန်း အတွေးအခေါ်နှင့် ကမ္ဘာလောကကို အမြင့်မားဆုံး ကိုယ်ပိုင်အသိဖြင့် အတက်ကြွဆုံး ပြုပြင်ပြောင်းလဲနေသော မဟာ တော်လှန်ရေး ခေတ်ကြီးဖြစ်ပေသည်။

မျက်မှောက်ခေတ်တွင် မည်သည့် တော်လှန်ရေးအဖွဲ့အစည်း၏ လှုပ်ရှားမှုပင် ဖြစ်စေ ယင်းလှုပ်ရှားမှုအနေနှင့် တရားနည်းလမ်းကျရုံ၊ လက်တွေ့လိုအပ်သော အပြုအမူ ဖြစ်ရုံ၊ အချိန်မှီရုံနှင့် အောင်ပွဲမရနိုင်ပေ။ သို့မဟုတ် ယာယီနှင့် တစိတ် တပိုင်း အောင်ပွဲကိုသာ ရနိုင်ပြီး ထာဝရနှင့် ပြီးပြည့်စုံသော အောင်ပွဲကို မရနိုင်ပေ။ ဤသို့ ဖြစ်ရသည့်အကြောင်းမှာ ကမ္ဘာလောက တခုလုံးကို ကိုယ်ပိုင် အသိရှိရှိဖြင့် ဝိဇ္ဇာနည်းကျ ပြုပြင်ပြောင်းလဲနေသော မဟာတော်လှန်ရေး ခေတ်ကာလထဲသို့ ကျနော်တို့အားလုံး လူသားတရပ်လုံး ရောက်ရှိနေသောကြောင့် ဖြစ်၏။ ကြီးမြတ်သော မာ့စ် နှင့် အိန်ဂျယ် တို့သည် ကမ္ဘာလောကကို အကန်းလို ပြုပြင် ပြောင်းလဲ ခဲ့ရသော လူသားတို့၏ မိုက်မှောင်သော ခေတ်ကာလကို စောစွာကတည်းကပင် ဂုဏ်ပြောင်စွာ အဆုံးသတ် ပစ်လိုက်ပြီ ဖြစ်သောကြောင့်တည်း။ 

မျက်မှောက် ဗမာပြည်လူမျိုးစုများ လှုပ်ရှားမှုသည် ကျယ်ပြန့်လာနေ၏။ နက်နဲနေ၏။ ထို့ကြောင့် ဗမာပြည် ပစ္စည်းမဲ့ လူတန်းစားအနေနှင့် ယင်းပြဿနာကို သိမြင် ဖြေရှင်းနိုင်ရေးနှင့် လူမျိုးစုများ လှုပ်ရှားမှုကိုယ်၌က တိကျ မှန်ကန်သော ဦး တည်ချက်နှင့် လက်ငင်းလုပ်ငန်းတာဝန်များကို ချမှတ်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးကိစ္စ ဖြစ်နေပေသည်။ ယင်းပြဿနာများကို နားလည် ဖြေရှင်းနိုင်ရန်မှာ လည်း မာ့စ်၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်၏ ရပ်တည်မှု၊ အမြင်၊ နည်းနာ တို့ကသာ တတ်စွမ်းနိုင် ပေသည်။

ဤအကြောင်းမှာ ယင်းဝါဒသဘောတရားသည် ကမ္ဘာလောကကို မှန်ကန်စွာ မြင်နိုင်၍ အောင်မြင်စွာ ပြုပြင်နိုင်သည့် တခုတည်းသော အမှန်ဆုံး ဝိဇ္ဇာပညာ ဖြစ်သော ကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ဗမာပြည် လူမျိုးစုများ ပြဿနာကို မာ့စ် ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်၏ ရပ်တည်မှု၊ အမြင် နည်းနာတို့ဖြင့် စူးစမ်း လေ့လာရေး၊ ကိုင်တွယ် ဖြေရှင်းရေးဟူသော မဟာတာဝန်ကြီးသည် ဗမာပြည် ပစ္စည်းမဲ့များ၏ ပခုံး ပေါ်သို့ ကျရောက်နေပေသည်။ 

ထို့ကြောင့် ယင်းပြဿနာကို မာ့စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအ ခေါ်၏ ရပ်တည်မှု၊ အမြင်၊ နည်းနာတို့ဖြင့် လက်လှမ်းမီသမျှ လေ့လာ စူးစမ်း တင်ပြ ဆွေးနွေး ရခြင်း ဖြစ်ပေသည်။

ဗမာပြည်လူမျိုးစု ပြဿနာကို ဘာ့ကြောင့် တင်ပြရပါသနည်း။ လူမျိုးစု ပြဿနာ ကို အရေးကြီး တင်ပြရသည့် အကြောင်းမှာ “ဗမာပြည် လူမျိုးစု ပြဿနာသည်၊ ကိုလိုနီ တပိုင်း၊ ပဒေသရာဇ်တပိုင်း ဗမာပြည်၏ ထူးခြားချက် ဖြစ်သောကြောင့် ဖြစ်၏။”

ဤအချက်နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာတွင် ပိုမို ရှင်းလင်း လွယ်ကူ စေရန် အတွက် အကြောင်းအရာ (၄)ရပ်ကို ဆွဲ၍ ဆွေးနွေး တင်ပြဖို့ လိုပေမည်။ 

၎င်းတို့မှာ၊ –

(၁) ဗမာပြည် လူမျိုးစုများ လှုပ်ရှားမှုအား ကိုလိုနီတပိုင်း၊ ပဒေသရာဇ် တပိုင်း၊ ဗမာပြည်၏ ထူးခြားချက်ကို ပြဋ္ဌာန်း လိုက်သည့် ရုပ်ပိုင်း အခြေခံ၊

(၂) ဗမာပြည် လူမျိုးစုများ လှုပ်ရှားမှု၏ အရေးပါမှု၊

(၃) လူမျိုးစုများ လှုပ်ရှားမှုက ဗမာပြည် တော်လှန်ရေးအတွင်း အဓိက ပြဿနာ အဆင့် အတန်းသို့ တက်လှမ်းလာပုံ၊

(၄) ဗမာပြည်တော်လှန်ရေး၏ ထူးခြားသော လက်နက်ကိုင် တပ်ပေါင်းစု ပြဿနာ စသည့် အကြောင်းအရာ (၄)ရပ် ဖြစ်ပေသည်။ 

၁။ ဗမာပြည် လူမျိုးစုများ လှုပ်ရှားမှုအား ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း ဗမာ ပြည်၏ ထူးခြားချက်ကိုပြဋ္ဌာန်းလိုက်သည့် ရုပ်ပိုင်း အခြေခံ၊ 

ဗမာပြည်သည် လူမျိုးများစွာ ရောပြွန်းနေထိုင်သော လူမျိုးပြွန်းနိုင်ငံ ဖြစ်ခြင်း၊ လူမျိုးကြီးက လူမျိုးငယ်များကို ရေရှည် ဖိနှိပ်အုပ်ချုပ်လာခဲ့ခြင်း၊ လူမျိုးငယ်များက လူမျိုးကြီးများကို ယုံကြည်အားကိုးမှု ကင်းမဲ့လာခြင်း၊ အမျိုးသားရေး ပဋိပက္ခ ကြီးမား လှခြင်း၊ လူမျိုးကြီးက တိုးတက်၍ လူမျိုးငယ်များက ခေတ်နောက်ကျခြင်း၊ လူမျိုးအားလုံး တနိုင်ငံတည်းတွင် ကာလကြာမြင့်စွာ သမိုင်းတလျှောက် အတူတကွ ရောနှော နေထိုင် လာကြခြင်း စသည့်အချက်များသည် လူမျိုးစုများ ပြဿနာကို ကိုလိုနီတပိုင်း၊ ပဒေသရာဇ် တပိုင်း ဗမာပြည်၏ ထူးခြားချက်ကို ပြဋ္ဌာန်းလိုက်သော ရုပ်ပိုင်း အခြေခံများဖြစ်သည်ဟု ကျနော်တို့ မယူဆပေ။ အကြောင်းမှာ အလားတူ အခြေအနေမျိုးကို ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း တရုတ်ပြည်တွင် ဖြစ်စေ၊ အခြား အခ့ျိုသော နိုင်ငံများတွင်ဖြစ်စေ အနည်းနှင့်အများ ဆိုသလို တွေ့နေကျ ကိစ္စ ဖြစ်နေသောကြောင့် ဖြစ်၏။

ဤသို့ဆိုလျှင် ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း ဗမာပြည်၏ ထူးခြားချက် ပြဋ္ဌာန်း လိုက်သော ရုပ်ပိုင်းအခြေခံဆိုသည်မှာ ဘာကို ဆိုလိုတာလဲ။ ဦးစွာ အားဖြင့် လူမျိုးစုများ၏ ဦးရေသည် များပြား၍ လယ်သမား လူတန်းစား အများစုမှာ လူမျိုးစုများ ဖြစ်နေခြင်းပင် ဖြစ်သည်။

ဗမာပြည်ရှိ လူမျိုးစုများ၏ ဦးရေသည် တပြည်လုံး လူဦးရေ စုစုပေါင်း၏ တဝက်ကျော် ရှိပေသည်။ တပြည်လုံးရှိ လယ်သမား လူတန်းစား တဝက်ကျော်သည် လူမျိုးစုများ ဖြစ်နေပေသည်။ ထို့ကြောင့် ဗမာပြည်တွင် လယ်သမားအရေးနှင့် လူမျိုးစုများ အရေးသည် ဆက်စပ်မှု အတိုင်းအတာ ပိုမို၍ ကြီးမားနေပေသည်။ ယင်းဧရာမ လူမျိုးစုများ လယ်သမားများသည် ဗမာပြည် လူ့အဖွဲ့အစည်းတွင် ခေတ် အနောက်ကျဆုံးဖြစ်၏။ ဤ အလုပ်သမား လူတန်းစားပြီးလျှင် တော်လှန်ရေးတွင် အတက်ကြွဆုံး ဖြစ်၏။ အင်အား အကြီးဆုံး တော်လှန်ရေး တွန်းအားများ ဖြစ်၏။ 

လူမျိုးစုများ အင်အားကြီးသည်ဟု ဆိုလိုက်သည့် ရုပ်အခြေခံမှာလည်း ၎င်းတို့၏ ပြဿနာသည် လယ်သမားလူတန်းစား ပြဿနာနှင့် ခွဲမရအောင် ဆက်စပ် နေသော ကြောင့်လည်း ဖြစ်ပေသည်။ ဗမာပြည် တော်လှန်ရေး၏ ရှေ့တန်း တိုက်ပွဲ စစ်မျက်နှာမှ စစ်သည်တော် အများစုမှာ လူမျိုးစုများ ဖြစ်၏။ လယ်သမားများဖြစ်၏။

ဗမာပြည်တော်လှန်ရေး၏ အလုပ်သမား လယ်သမား အခြေခံ မဟာမိတ် သည် လူမျိုးစု လယ်သမားများနှင့် ကင်းကွာလျှင် လက်တွေ့တွင် အရာရောက်လှမည် မဟုတ် ချေ။ လယ်လုပ်သူ လယ်ပိုင်ရေး ပေါ်လစီသည်၎င်း၊ အလုပ်သမား ခေါင်းဆောင်သော လယ်သမား ပြောက်ကျားစစ် ဆိုသည့် အချက်သည်၎င်း၊ ကျေးလက် မီးရှုးတန်ဆောင် ဆိုသည့် အချက်သည်၎င်း၊ ခေတ်မီ တိုးတက်သော ယဉ်ကျေးမှု ထွန်းကားရေးဟူသော လယ်သမားလူတန်းစား၏ ဦးဆုံး လိုအပ်ချက်သည်၎င်း လူမျိုးစုများနှင့် ကင်းကွာလျှင် လက်တွေ့တွင် အရာရောက်လှမည် မဟုတ်ချေ။

ဤ အချက်အလက်များကိုကြည့်လျှင် ဗမာပြည် လူမျိုးစုများ ဦးရေများ ပြားမှုနှင့် လယ်သမား အများစုမှာ လူမျိုးစုများ ဖြစ်နေခြင်း ဟူသောအချက်ကို ရှင်းလင်းစွာပင် တွေ့ရပေသည်။ ယင်းသို့သော ရုပ်ပိုင်း အခြေအမြစ်မျိုးကို ကိုလိုနီ တပိုင်း၊ ပဒေသရာဇ် တပိုင်း တရုတ်ပြည်တွင် မတွေ့ရဘဲ (ဝါ) အတိုင်းအတာ ကြီးမားစွာ မတွေ့ရဘဲ လက်ရှိ ဗမာပြည်တွင် တွေ့နေရကြောင်း မည်သူမဆို လွယ်ကူစွာ မြင်နိုင်ပေသည်။ ဤ အချက်မှနေ၍ ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း ဗမာပြည်တွင် ထူးခြားသော ရုပ်ပိုင်း အခြေခံများလည်း ရှိနေကြောင်း လွယ်ကူစွာပင်  နားလည် နိုင်ပေသည်။

ဒုတိယအားဖြင့် ဗမာပြည် လူမျိုးစုများ နေထိုင်ရာ ဒေသများ၏ အကျယ် အဝန်းနှင့် တည်နေရာ နေရာအနေအထားကို ကြည့်၍ ပြောခြင်း ဖြစ်သည်။ ဗမာ ပြည် လူမျိုးစုများ နေထိုင်ရာ ဒေသများကို ကြည့်လျှင် ဗမာပြည်၏ အရှေ့ အနောက် တောင် မြောက် လေးဘက် လေးတန်မှ ကျယ်ဝန်း ရှည်လျားသော နယ်စပ်ဒေသ တလျောက် ဝိုင်းပတ် တည်ရှိနေသည်ကို တွေ့ရပေသည်။ လူမျိုးစုဒေသများ၏ အကျယ်အဝန်းမှာ တပြည်လုံး အကျယ်အဝန်း၏ (၅)ပုံ (၃)ပုံမျှ ကျယ်ဝန်း ပေသည်။ 

လူမျိုးစုများသည် တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး အလွန် ညံ့ဖျင်းကာ သွားရ လာရ အလွန်မှ ခက်ခဲလှ၏။ တပြည်လုံးမှ အရေးကြီး ထွက်ကုန်များ အထူးသဖြင့် သတ္တု တူးဖော်ရေး လုပ်ငန်းများတွင် အရေးကြီးလှသော ဒေသများဖြစ်၏။ ရန်သူ့ဒေသနှင့် အဝေးဆုံး၊ ရန်သူ အရောက်အပေါက် အနည်းဆုံး၊ ရန်သူ့ သြဇာ အမှေး မှိန်ဆုံး ခေတ်နောက် အကျဆုံး ဒေသများ ဖြစ်၏။ 

ဤဒေသမျိုးသည် ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း တော်လှန်ရေး၏ သေနင်္ဂဗျူဟာ ကျေးလက် အခြေခံဒေသ တည်ဆောက်ရေး ပြဿနာတွင် ပထမ တန်းစား အရေးကြီးသော ဒေသများဖြစ်၏။ အကယ်၍ ဤသို့သော ဒေသမျိုး အ တော်များများသည် လူမျိုးစုများ နေထိုင်ရာ ဒေသ မဟုတ်ဘဲ ရှိနေလျှင် ဓမ္မတာပင် လူမျိုးစုများ ပြဿနာ၏ အရေးကြီးမှုကို အားပျော့သွားစေလိမ့်မည် ဖြစ်သည်။ သို့သော် ဗမာပြည်တွင် ဤသို့သော ဒေသ အားလုံးလိုလိုပင် လူမျိုးစုများနေထိုင်ရာ ဒေသများ ဖြစ်နေသည်ကို တွေ့ရပေသည်။ ဤသို့သော အခြေအနေမျိုးသည် ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း တရုတ်ပြည်နှင့် နှိုင်းယှဉ်ကြည့်လျှင် ထပ်တူ ထပ်မျှ မဟုတ်ဘဲ ထူးခြားမှု ရှိနေကြောင်းကို မည်သူမဆို လွယ်ကူစွာ မြင်နိုင် ပေသည်။ 

တတိယအားဖြင့် နယ်ခ့ျဲဆန့်ကျင်ရေးတိုက်ပွဲ၊ ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲ၊ လူမျိုးရေး အနိုင်ကျင့်မှု ဆန့်ကျင်ရေး တိုက်ပွဲများကို လက်နက်ကိုင် တိုက်ပွဲ အသွင်နှင့် ဖြစ်စေ လူထု တိုက်ပွဲအသွင်နှင့်ဖြစ်စေ၊ ဗမာပြည်၏ သမိုင်းဝင် တော်လှန်ရေးများတွင် ပါဝင်ခဲ့ကြယုံမက၊ မျက်မှောက် နှစ်(၂၀)ကျော်ကြာ လွတ်မြောက်ရေး စစ်ပွဲအတွင်း လူမျိုးစု များ၏ မိမိတို့၏ ကိုယ်ပိုင် နိုးကြားမှုနှင့် မိမိတို့ဖာသာ လက်နက်စွဲကိုင်ပြီး အမှီအခိုကင်းစွာ ရပ်တည် တော်လှန်ခဲ့ကြခြင်းပင် ဖြစ်၏။ ဤသို့ဖြင့် ရန်သူဒေသဖြူကို လက်နက်ကိုင် တိုက်ပွဲအသွင်ဖြင့် ဝိုင်းရံ ထားလိုက်သည်ကို ထူးခြားစွာ တွေ့ရပေသည်။ 

ဗမာပြည်၏ သမိုင်းဝင် တော်လှန်ရေး ခရီးကြမ်းကို ပြန်လည် လေ့လာ ကြည့်လျှင် နယ်ခ့ျဲဆန့်ကျင်ရေးတွင်၎င်း၊ ဖက်ဆစ်ဆန့်ကျင်ရေးတွင်၎င်း၊ လူမျိုးကြီး  ဝါဒနှင့် အမျိုးသားရေး အနိုင်ကျင့်မှု ဆန့်ကျင်ရေးတွင်၎င်း၊ လူမျိုးစုများက ရှေ့တန်း စစ်မျက်နှာ များတွင် ရဲရဲတောက် ချီတက် တိုက်ခိုက်ခဲ့ကြသည်ကို တွေ့ရပေသည်။ မျက်မှောက် နှစ်(၂၀)ကျော်ကြာ လွတ်မြောက်ရေး စစ်ပွဲကို ကြည့်လျှင်လည်း လူမျိုးစု အားလုံးလိုလိုပင် မိမိတို့၏ ကိုယ်ပိုင်နိုးကြားမှု ရေချိန်အလိုက် လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်း ပေါ်သို့ ဆင့်ကဲ ဆင့်ကဲ ရောက်ရှိလာခြင်း၊ ခက်ခဲလှသည့် အခြေအနေတွင် မိမိတို့၏ ခြေနှစ်ဖက်ဖြင့် မြဲမြံစွာ ရပ်တည် တိုက်ပွဲဝင်လာခဲ့ ကြခြင်း၊ မိမိတို့၏ လိုအပ်ချက်များကို မိမိတို့၏ လက်နှစ်ဖက်ဖြင့် ဖန်တီးကြကာ အမှီအခို ကင်းစွာ ရပ်တည်လာခဲ့ကြခြင်း၊ ပစ္စည်းမဲ့ လူတန်းစား၏ တိုက်ရိုက် ကူညီဖေးမမှုကို မရရှိသည့် အခြေအနေတွင် နိုင်ငံရေး အရ၊ စစ်ရေး အရ၊ စီးပွားရေးနှင့် အတွေး အခေါ်အရ အမှီအခိုကင်းစွာ ရပ်တည် တိုက်ခိုက်လာ ကြခြင်း၊ မိမိတို့၏ ကိုယ်ပိုင် တိုက်ပွဲ အတွေ့အကြုံအမျိုးမျိုးကို သုံးသပ် ပေါင်းချုပ်ကာ တိုးတက်မှုကို တဆင့်ပြီး တဆင့်  ရှာကြံ လှမ်းတက် လာခဲ့ကြခြင်းများကို တွေ့ရပေသည်။

လူမျိုးစုများ၏ အဆင့်ဆင့် တိုက်ပွဲဝင် တော်လှန်မှုနှင့် ပတ်သက်၍ အရေး ကြီးသည့် အချက်အလက်မှာ လူမျိုးစုများသည် ယေဘူယျအားဖြင့် မိမိတို့၏ လှုပ်ရှားမှု အဆင့်တိုင်းတွင် မိမိတို့၏ လူမျိုးစုဆိုင်ရာ လက္ခဏာနှင့် လယ်သမား လှုပ်ရှားမှု လက္ခဏာကို ဆက်စပ် ဖော်ပြခဲ့ခြင်းပင် ဖြစ်ပေသည်။

ဤအချက်တွင်လည်း ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း ဗမာပြည် တော် လှန်ရေးပြဿနာသည် ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း တရုပ်ပြည်နှင့် ထပ်တူ မဟုတ်ဘဲ သူ့ကိုယ်ပိုင် ထူးခြားချက်ကို ပြဋ္ဌာန်းသော ရုပ် အခြေခံအားများလည်း ရှိ သေးကြောင်း လွယ်ကူစွာ မြင်နိုင်ပေသည်။ အထက်ဖော်ပြပါ လူမျိုးစုများ၏ ဦးရေ များပြား၍ လယ်သမား တဝက်ကျော်မှာ လူမျိုးစုများဖြစ်ခြင်း၊ ဗမာပြည်ရှိ လူမျိုးစုများ နေထိုင်ရာ ဒေသ၏ တည်နေရာ အနေအထားနှင့် အကျယ်အဝန်း ဗမာပြည် သမိုင်းဝင် တော်လှန်ရေးများတွင် တက်ကြွစွာ ပါဝင်ခဲ့ယုံမက၊ မျက်မှောက် လွတ်မြောက်ရေး စစ်ပွဲတွင်လည်း မိမိတို့၏ ကိုယ်ပိုင် နိုးကြားမှုဖြင့် အမှီအခိုကင်းစွာ ထကြွ ပုန်ကန် လာကြကာ ရန်သူ့ ဒေသဖြူကို လက်နက်ကိုင် တိုက်ပွဲအသွင်ဖြင့် ဝိုင်းရံ ထားကြခြင်း ဟူသော အချက်ကြီး (၃)ချက်သည် ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း ဗမာပြည်၏ ထူးခြားချက်ကို ပြဋ္ဌာန်းသော ရုပ်ပိုင်း အခြေခံ ဖြစ် ပေသည်။ 

သို့သော်လည်း ရုပ်ပိုင်း အခြေခံသည် ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း ဗမာပြည်၏ ထူးခြားချက်ကို ဖော်ပြသော အလုံးစုံသော သဏ္ဌာန် မဟုတ်သေးပေ။ အလုံးစုံသော သဏ္ဌာန် ၏ ရုပ်ပိုင်းအခြေခံ (ဝါ) ရုပ်ပိုင်း အခြေအနေ (ဝါ) အစပြု ချက်မျှသာ ဖြစ်ပေသည်။ သို့သော် ယင်း အလုံးစုံသော ထူးခြားချက်တို့၏ အစပြု ချက်ဖြစ်သည့် ယင်း ရုပ်ပိုင်း အခြေခံ (ဝါ) ရုပ်ပိုင်း အခြေအမြစ်ကို ရှင်းလင်းစွာ မြင်မထားပါက အခြားသော ထူးခြားချက်များကိုလည်း ရှင်းလင်းစွာ နားလည် နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ပြဿနာ၏ အစပြုချက်ကို သိမြင် နားလည်ခြင်း မရှိသောကြောင့် ဖြစ်ပေသည်။ 

၂။ ဗမာပြည် လူမျိုးစုများ လှုပ်ရှားမှု၏ အရေးပါမှု၊

ဗမာပြည်တော်လှန်ရေးတွင် လူမျိုးစုများ၏ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲမှု အတိုင်းအတာသည် သိပ် မသေးငယ်လှပေ။ သူတို့သည် တပြည်လုံး၏ နယ်မြေ (၅)ပုံ (၃)ပုံပေါ်ရှိ လူမျိုးစုဒေသများတွင် လက်နက်ကိုင်တိုက်ပွဲ အသွင်ဖြင့် စည်းရုံးလှုပ်ရှား ကြပြီး ရန်သူအား ဘက်စုံ ထိရောက်စွာ ထိုးနှက် တိုက်ခိုက်နေသည်ကို တွေ့ရပေသည်။ ဤအချက်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ခွဲခြား မြင်နိုင်ပေသည်။ 

နိုင်ငံရေးအရ ။ ။ လူမျိုးစုများ၏ လက်နက်ကိုင် တော်လှန်ရေးသည် ရန်သူ လူတန်း စားကို နိုင်ငံရေးအရ အကြီးအကျယ်ပင် တကောင်ကြွက်ဘဝသို့ ရောက်စေပေသည်။ ဤ အချက်နှင့်ပတ်သက်၍ ရန်သူများက “အမျိုးသား စည်းလုံး ညီညွတ်ရေး” “ပြည် ထောင်စု ကြီး စည်းလုံးခိုင်မာရေး”ဟူသော နိုင်ငံရေး လှုံ့ဆော်မှုများကို မပြတ်မလပ် လုပ်နေရ ခြင်းက ပေါ်လွင်စေခဲ့ပေသည်။ ဤ အချက်ကို ကြည့်လျှင် လူမျိုးစုများ၏ လက်နက်ကိုင် တိုက်ပွဲသည် နိုင်ငံရေးအရ ရန်သူအား တကောင်ကြွက် ဖြစ်ရန်အတွက် မည်မျှ အရေး ကြီးသော စွမ်းဆောင်မှု ဖြစ်ကြောင်းကို လွယ်ကူစွာ မြင်တွေ့နိုင်ပေသည်။ ဤကိစ္စသည် လူမျိုးစုများအနေနှင့် ဗမာပြည် တော်လှန်ရေးတွင် အကြီးကျယ်ဆုံး စွမ်းဆောင်မှု ဖြစ်၏။ လူမျိုးစုံ ပြည်သူများ၏ တောင်းဆိုချက်နှင့် ကိုက်ညီ၍ တော်လှန် ရေး၏ လိုအပ်ချက်လည်း ဖြစ်၏။ ဗမာပြည် ပစ္စည်းမဲ့လူတန်းစား လှုပ်ရှားမှုကို အကြီးမားဆုံး ကောင်းမှု ပြုလိုက်ခြင်း လည်း ဖြစ်၏။

စစ်ရေးအရ ။ ။ လူမျိုးစု တော်လှန်ရေးများသည် လက်နက်ကိုင် တိုက်ပွဲ အသွင်ဖြင့် ရန်သူ၏ ဒေသဖြူကို ဝိုင်းရံထားလျက်ရှိ၏။ ထို့နောက် အခြေခံအားဖြင့် ပြောက်ကျား စစ်ပွဲကို ဆင်၊ လှုပ်ရှားစစ်ကို ရှေ့ဆောင်အဖြစ်ထားကာ ရန်သူ၏ လက်ရှိ အင်အား များကို သုတ်သင်ချေမှုန်းလျက် ရှိကြ၏။ ထို့ပြင် ရန်သူ၏ သေနင်္ဂဗျူဟာ အခြေခံ စခန်းများ၊ ဆက် သွယ်ရေးနှင့်ထောက်ပံ့ရေး လမ်းကြောင်းများကို တိုက်ခိုက်ဖျက်ဆီးပစ်ခြင်း၊ ဆုပ်ငင်ထား ခြင်း၊ ခြိမ်းခြောက်နေခြင်း စသည့် စစ်ရေးဆောင်ရွက်ချက်များကို ထိရောက်စွာပင် လုပ် ဆောင်လျက် ရှိနေကြပေသည်။ စစ်ရေးနှင့် ပတ်သက်၍ လူမျိုးစု တော်လှန်ရေးများ၏ အကြီးမားဆုံး စွမ်းဆောင်ချက်မှာ ရန်သူ၏ လက်ရှိအင်အားနှင့် ရုပ်ဝတ္ထုပစ္စည်းအင်အားကို အကြီးအကျယ် ကုန်ခမ်းစေသည့်အပြင် ရှည်လျား ကျယ်ပြောသော ဒေသတလျောက် အင်အားကြီးမားသော ရန်သူတပ်များကို အင်အားသေးသွားအောင် ဖြန့်ခွဲ ပစ်နိုင်စွမ်း ရှိခြင်းပင် ဖြစ်လေသည်။

ဤအချက်သည် စစ်ရေးဘက်တွင် ဗမာပြည်တော်လှန်ရေးကို အကောင်းဆုံး အလုပ်အကျွေးပြု စွမ်းဆောင်နိုင်သည့် အချက်ဖြစ်၏။

စီးပွားရေးအရ ။ ။ လူမျိုးစု တော်လှန်ရေးများသည် ရန်သူ၏ ဆန် စပါး၊ သစ်တော၊ ရေနံနှင့် သတ္တု၊ ရေထွက်ပစ္စည်း စသည့် နိုင်ငံတော်၏ အရေးကြီး ကုန်ပစ္စည်း အခြေခံ အရင်းအမြစ်များကို သိမ်းပိုက်ထားပြီး တိုက်ခိုက်ဖျက်ဆီးပစ်ခြင်း၊ ရပ်ဆိုင်းသွား အောင် လုပ်ခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် လက်တွေ့လုပ်ရပ်တို့ဖြင့် ရန်သူ၏ စီးပွားရေး လုပ်ငန်းအရပ်ရပ်ကို အကြီးအကျယ် ထိခိုက်စေကာ စီးပွားရေး အကျပ်အတည်းဟူသော ချောက်ကမ်းပါးထဲသို့ ရန်သူအား အားကောင်းကောင်းနှင့် တွန်းပို့လျက်ရှိနေပေသည်။ ရန်သူ၏ ဘဏ္ဍာရေးအင်အားကို ခြောက်ခန်းစေလျက် ရှိနေပေသည်။ ဤအချက်သည် လည်း လူမျိုးစု တော်လှန်ရေးများ၏ ကြီးမားသော ကောင်းမှု ပြုချက်ပင် ဖြစ်ပေသည်။ 

ယဉ်ကျေးမှုအရ ။ ။ လူမျိုးစု တော်လှန်ရေးအင်အားစုများသည် ရန်သူ၏ ယဉ်ကျေးမှုနှင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများကို ကျယ်ပြန့်သော ကျေးလက်ဒေသများအတွင်း တိုက်ဖျက် နှောက်ယှက် ပစ်နိုင်ကြ၏။ ဤမျှသာ မဟုတ်သေးဘဲ ကျယ်ပြန့်သော ကျေးလက် လူမျိုးစု ဒေသများတွင် ရန်သူအား ဆန့်ကျင်ထားသည့် မိမိတို့ အမျိုးသား စာပေ ယဉ်ကျေးမှုနှင့် ပညာရေးလုပ်ငန်းများကို အင်အားရှိသမျှ ကြိုးစားပမ်းစား ထူထောင်နေကြသည်ကို တွေ့ရပေသည်။ ဤသို့ဖြင့် ရန်သူ လူတန်းစား၏ ယဉ်ကျေးမှုအဟောင်းကို တိုက်ဖျက် ကြကာ ပိုမိုပြီး ဒီမိုကရေစီကျသည့် အမျိုးသား စာပေ၊ ယဉ်ကျေးမှုများကို ထူထောင်ကြ လေသည်။ ဤအချက်သည်လည်း လူမျိုးစုများ၏ မသေးငယ်လှသော စွမ်းဆောင်မှုများ အဖြစ် မြင်နေ ရပေသည်။ 

ဤ အထက်ပါ အချက်အလက်များကိုကြည့်လျှင် လူမျိုးစုများ၏ လက်နက် ကိုင် တော်လှန်ရေးသည် ရန်သူအား နိုင်ငံရေးအရ မည်မျှ တကောင်ကြွက် ဖြစ်စေ ကြောင်း၊ စစ်ရေးအရ ရန်သူကို ဖြိုခွဲပစ်ပြီး အားသေးသွားအောင် လုပ်နိုင်သည့်အပြင် ရန်သူ့ လက်ရှိ အင်အားနှင့် ရုပ်ဝတ္ထုအင်အားကို မည်မျှ ကုန်ခမ်း သွားစေကြောင်း၊ စီးပွားရေးအရ ရန်သူကို မည်မျှ အကျပ်အတည်း ဆိုက်ရောက် နေစေကြောင်း၊ ယဉ်ကျေးမှုအရ ရန်သူ၏ စည်းရုံးဝါဒဖြန့်မှုကို မည်မျှ တိုက်ဖျက် နိုင်ကြောင်းကို လွယ် ကူစွာ တွေ့မြင်နိုင်ပေသည်။

ဤစွမ်းဆောင်မှုများကိုကြည့်လျှင် ဗမာပြည်လူမျိုးစုများ၏ လှုပ်ရှားမှုများသည် တော်လှန်ရေးစစ်ပွဲ၏ အရေးကြီးအဆင့်သို့ စောစွာကတည်းကပင် ရောက်ရှိ နေခဲ့ပြီး ဖြစ်ကြောင်း တွေ့ရလေသည်။ တနည်းအားဖြင့် လူမျိုးစုများ၏ ထူးခြားသော ရုပ်ပိုင်း အခြေခံပေါ်တွင် ယင်းတို့၏ လှုပ်ရှားမှု အတိုင်းအတာနှင့် သဏ္ဌာန်သည် ယင်း လှုပ်ရှားမှု၏ အရေးကြီးမှုကို အတိအကျ အကောင်အထည် ရှိရှိ ဖော်ပြလိုက်ခြင်း ဖြစ်ပေ သည်။ ဤသည်ပင် ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း ဗမာပြည်၏ ပင်ကိုယ် ထူးခြား ချက်ကို ညွှန်ပြလိုက်ခြင်းလည်း ဖြစ်ပေသည်။ 

၃။ လူမျိုးစုများ လှုပ်ရှားမှုက ဗမာပြည် တော်လှန်ရေးအတွင်း အဓိက ပြဿနာ အဆင့်အတန်းသို့ တက်လှမ်းလာပုံ၊

ဗမာပြည် လူမျိုးစုများ လှုပ်ရှားမှုက ကိုလိုနီတပိုင်း ပဒေသရာဇ် တပိုင်း ဗမာပြည်၏ ထူးခြားချက်ကို ဖန်တီးလိုက်သည့် အချက်များအဖြစ် ကြည့်ရာတွင် ဗမာပြည် လူမျိုးစုများ လှုပ်ရှားမှု၏ ကြံ့ခိုင်သော တော်လှန်သည့် လက္ခဏာနှင့် ယင်း၏ အဆက်မပြတ် ဖြစ်ပေါ်တိုးတက်မှုသည် ပို၍ အရေးကြီးသော အကြောင်းအချက် တရပ် အဖြစ် တွေ့ရပေသည်။

ဤ အချက်နှင့်ပတ်သက်၍ ဦးစွာအားဖြင့် ရှည်လျား ကြမ်းတမ်း ပြင်းထန် လှသည့် လက်နက်ကိုင် တိုက်ပွဲကို ကိုယ့်အားကိုယ်ကိုး၊ ရေရှည်ဇွဲဖြင့် ကြံ့ကြံ့ခံ ဆင်နွှဲရင်း ကြွယ်ဝ‌သော စစ်ရေး နိုင်ငံရေး စည်းရုံးရေး အတွေ့အကြုံများကို မိမိတို့၏ လက်တွေ့ တိုက်ပွဲများ အတွင်းမှ ရရှိခဲ့ကြ၏။

လူထုတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲနှင့် နိုင်ငံရေးတိုက်ပွဲ၊ ရှေ့တန်းစစ်မျက်နှာ လုပ်ငန်း နှင့် စစ်နောက်ပိုင်း လုပ်ငန်း၊ ဒေသဖြူ လုပ်ငန်းနှင့် ဒေသနီ လုပ်ငန်း၊ ပါတီတွင်းလုပ်ငန်းနှင့် ပါတီပ လုပ်ငန်း၊ တပ်တွင်းလုပ်ငန်းနှင့် တပ်ပြင် လုပ်ငန်း၊ စစ်ရေး လုပ်ငန်းနှင့် နိုင်ငံရေး လုပ်ငန်း၊ တော်လှန်ရေး လုပ်ငန်းနှင့် ပြုပြင်ရေး လုပ်ငန်း၊ ဗြောင်ကျသော တိုက်ပွဲနှင့် မသဲ ကွဲသော တိုက်ပွဲ၊ ကြမ်းတမ်းသော တိုက်ပွဲနှင့် သိမ်မွေ့ ရှုပ်ထွေးသော တိုက်ပွဲ၊ ရန်ဘက် ပဋိပက္ခနှင့် ပြည်သူတွင်း ပဋိပက္ခ၊ စီးပွားရေး လုပ်ငန်းနှင် ဘဏ္ဍာရေး လုပ်ငန်း၊ အတွေးအခေါ် လုပ်ငန်းနှင့် ယဉ်ကျေးမှု လုပ်ငန်း၊ ပါတီ တပ်မတော်နှင့် တပ်ပေါင်းစု တည်ဆောက်ရေး လုပ်ငန်း စသည့် အထွေထွေ လုပ်ငန်းများကို တခုချင်း ဆောင်ရွက် သည့် အတွေ့အကြုံ ဆက်စပ် တွဲဖက် ဆောင်ရွက်သည့် အတွေ့အကြုံများကို အမှန် ဘက်နှင့် ဆန့်ကျင်ဘက်များ ရရှိခဲ့ ကြပေသည်။ (သဘောတရားရေး၏ အခြေခံသည် လက်တွေ့ဖြစ်၍ ခံယူမှုကို အတွေ့အကြုံက ပြဋ္ဌာန်းသည်ဟူသော မာ့စ်ဝါဒ အမြင်အရ ကြည့်လျှင် ယင်း လူမျိုးစု လက်နက်ကိုင် တိုက်ပွဲများ၏ ရှည်လျားကြွယ်ဝသော အတွေ့ အကြုံများသည် အလွန်တရာမှပင် အဖိုးထိုက်တန်ကြောင်း မာ့စ်ဝါဒီတိုင်း လွယ်ကူစွာ နားလည် နိုင်ပေသည်။

ဒုတိယ အားဖြင့် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အတော် များများသည် မိမိတို့၏ ကိုယ်ပိုင် နိုးကြားမှု၊ ကိုယ်ပိုင်တိုက်ပွဲ အတွေ့အကြုံများမှတဆင့် ပိုမို မြင့်မားသော နိုင်ငံရေး ခံယူမှုအဆင့်သို့ တလှမ်းပြီး တလှမ်း ခြေလှမ်း မှန်မှန်ဖြင့် လှုပ်ရှား တက်ကြွစွာ လှမ်းလာနေခြင်းပင် ဖြစ်သည်။ 

ယနေ့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအင်အားစုအခ့ျိုသည် မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်၏ သဘောတရားရေး လမ်းညွှန်မှုကိုခံယူကာ ယင်းသဘောတရားရေး လမ်းညွှန်မှုအရ ပါတီ၊ တပ်မတော်၊ တပ်ပေါင်းစုကို တည် ဆောက်ပြီး မိမိတို့၏ စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး လုပ်ငန်းများကို မြင့်မားသော အသိစိတ်ဓါတ်နှင့် တည်ဆောက်နေကြပေသည်။ အခ့ျိုသော အဖွဲ့အစည်းများမှာ ခံယူ နိုင်သော အဆင့်မှနေ၍ စတင် ခံယူ ကျင့်သုံးလာနေကြ၏။ အခ့ျိုမှာ ယင်း ဝါဒ သဘောတရားကို ခံယူကျင့်သုံးရန် လိုအပ်ကြောင်းကို မိမိတို့၏ ကိုယ်ပိုင် အတွေ့အကြုံ များမှ တစတစ သဘောပေါက်စ ပြုလာကြပြီ ဖြစ်သည်။

လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ၏ ရှေ့သို့ ချီတက်ခဲ့သည့် ဖြစ်စဉ်၊ မာ့စ် လီနင်ဝါဒကို ခံယူ ကျင့်သုံးသည့် ဖြစ်စဉ် တိုက်ပွဲခရီးကို ဖြတ်သန်း၍ တရွေ့ ရွေ့ ချီတက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပေသည်။ အကြောင်းမှာရှေ့သို့ဆက်လက်ချီ တက်မှု၊ မာ့စ် လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်ခံယူကျင့်သုံးမှုသည် အဖွဲ့အစည်းအတွင်း ပါတီတွင်း တိုက်ပွဲအရသာ ဖြစ်ထွန်းလာသောကြောင့် ဖြစ်ပေသည်။ မိမိတို့၏ အတွင်းပိုင်း နိုးကြားမှု၊ လူတန်းစား တိုက်ပွဲဆင်မှုအရသာ ဖြစ်ထွန်းလာသောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ခြေလှမ်းမှန်မှန်ဖြင့်သာ တရွေ့ရွေ့ ချီတက်လာ သည်ကို တွေ့ရပေသည်။

ဤ အချက်အလက်များသည် လက်တွေ့ ပကတိ ဖြစ်ရပ်ဖြစ်၍ အသိအမှတ် မပြု၍မဖြစ်ချေ။ မာ့စ် လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်၏ အခြေခံ အမြင်အရ ဆိုလျှင် သဘောတရား၏ အခြေခံသည် လက်တွေ့ ဖြစ်ပေသည်။ လူတို့၏ လူမှုရေး အသိ၏ အခြေခံသည် လူတို့၏ လူမှုရေးလက်တွေ့ ဖြစ်ပေသည်။ အရာ ကိစ္စတခု၏ လှုပ်ရှားပြောင်းလဲမှု တိုးတက်မှု၏ အခြေခံ အကြောင်းအရင်းသည် ယင်းကိစ္စ၏ အတွင်းပိုင်း ပဋိပက္ခကြောင့် ဖြစ်၏။

တော်လှန်ရေးကို ပြင်ပမှ တင်သွင်း၍ မရဟူသော ရုပ်ဝါဒအရဆိုလျှင် လူမျိုးစုများ အနေနှင့် မိမိတို့ဘာသာ မိမိတို့၏ အတွင်းပိုင်း တိုက်ပွဲအရ မိမိတို့၏ ကိုယ်ပိုင် နိုးကြားမှုအရ၊ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲပြီး လွတ်မြောက် ရေးကို ရှာကြံကြခြင်း၊ မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်ကို တစတစ ခံယူ ကျင့်သုံးလျက် ရှေ့သို့ ခြေလှမ်းမှန်မှန်ဖြင့် ချီတက်ခဲ့ခြင်းဟူသော လက်တွေ့ ဖြစ်ရပ်များသည် ဗမာပြည် တော်လှန်ရေးအတွက် ဗမာပြည် ပစ္စည်းမဲ့ အရေးတော်ပုံနှင့် ကမ္ဘာ့တော်လှန်ရေးနှင့် ကမ္ဘာ့ပစ္စည်းမဲ့ အရေးတော်ပုံအတွက် အလွန်တရာမှပင် အဖိုး ထိုက်တန် လှပေသည်။ (ဗမာပြည် တော်လှန်ရေး၏ ကြီးမားသော သာလွန်ချက်လည်း ဖြစ်ပေသည်။)

“တနည်းအားဖြင့် ပြောလျင် ဘဝနှင့် ယှဉ်သော အသိ၊ လက်တွေ့နှင့် ယှဉ် သော သဘောတရား၊ ခံစားချက်နှင့် ယှဉ်သော ခံယူကျင့်သုံးမှု၊ အတွင်းပိုင်း နိုးကြား တိုက်ပွဲဆင်မှုနှင့် ယှဉ်သော ပြင်ပ တွန်းအားများသည်သာလျှင် ထိရောက် ခိုင်မြဲ  နိုင်ပေသည်။” (ထို့ကြောင့် လူမျိုးစုများ၏ လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်မှု မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်ကို တစတစ ဆုပ်ကိုင် ကျင့်သုံးရင်း ရှေ့သို့ တက်လှမ်း ချီတက်နေမှုဟူသော အချင်းအရာသည် ဗမာပြည် တော်လှန်ရေး၏ သာလွန်ချက် ဖြစ်၏။ လူမျိုးစုပြဿနာကို တော်လှန်ရေးပြဿနာ၏ အရေးကြီးဆုံး အဆင့်သို့ တွန်းတင်ထားသော အချက်ဖြစ်သည်။) (အကယ်၍ လူမျိုးစုများ လှုပ်ရှား မှုတွင် ထူးခြားသော ရုပ်ပိုင်း အခြေခံ၊ ယင်း၏ အတိုင်းအတာ ကြီးမားမှု ရှိသော်လည်း ယင်းလှုပ်ရှားမှုကိုယ်၌က တော်လှန်သောလက္ခဏာနှင့် တိုးတက်မှု လက္ခဏာမရှိလျှင် ဤပြဿနာသည် ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း ဗမာပြည်အား ထူးခြားမှုကို အနည်းငယ်မျှပင် ဖြစ်စေနိုင်မည် မဟုတ်ချေ။ အကြောင်းမှာ မာ့စ် လီနင်ဝါဒသည် အရာကိစ္စတရပ်ကို ကြည့်ရှု အကဲဖြတ်ရာတွင် ယင်းအရာ ကိစ္စ၏ လက်တွေ့ကျသော တော်လှန်သည့် လက္ခဏာနှင့် တိုးတက်သော  ဦးတည်ချက်ကို အခြေခံ၍ အကဲဖြတ် လေ့ ရှိသောကြောင့် ဖြစ်ပေသည်။)

ဤ အချင်းအရာကို ကြည့်လျှင် ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း ဗမာ ပြည်သည် ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း တရုတ်ပြည်နှင့် ယေဘူယျ တူညီချက် များ ရှိနေသည့်တချိန်တည်းတွင် မိမိတို့၏ ကိုယ်ပိုင် ထူးခြားချက်ကလည်း ရှိနေ ကြောင်းကို မာ့စ်ဝါဒ အမြင်အရ ရိုးရိုးလွယ်လွယ်နှင့်ပင် မြင်နိုင်ပေသည်။ 

၄။ ဗမာပြည်တော်လှန်ရေး၏ ထူးခြားသော လက်နက်ကိုင် တပ်ပေါင်းစုပြဿနာ

သမိုင်းတွင် အဆက်မပြတ် ပေါ်ပေါက်ခဲ့သော တော်လှန်ရေးများတွင် မိတ် ဆွေ (ဝါ) မဟာမိတ်မရှိဘဲ အောင်ပွဲ မဆင်နိုင်ခဲ့ဟူသော ကောက်ချက်သည်၊ မာ့စ် လီနင်ဝါဒ မော်စီတုန်းအတွေးအခေါ်၏ အရေးကြီး အချက်တချက်ဖြစ်ကြောင်း ကျနော် တို့ လက်ခံထားကြပေသည်။ တစုံတရာသော နိုင်ငံတကာ အခြေအနေနှင့် တစုံတရာ သော ပြည်တွင်းအခြေအနေက ပြဋ္ဌာန်းလိုက်သော တပ်ပေါင်းစု (ဝါ) ကျင့်သုံးသော ပြည်သူ့ တရုတ်ပြည်ကို မွေးထုတ်ခဲ့ပေသည်။ ပစ္စည်းမဲ့ အာဏာရှင် စံနစ် ကျင့်သုံးသော ဆိုရှယ်လစ်စနစ် တည်ဆောက်ရန်အတွက် ရှေးဦး လိုအပ်ချက်ကို ဖန်တီးခဲ့၏။ ကျနော်တို့၏ တော်လှန်ရေးတွင် ပစ္စည်းမဲ့ လူတန်းစား အမှူးပြုသော တပ်ပေါင်းစုနှင့်သာ အောင်ပွဲခံနိုင်မည်ဟူသော အချက်ကို နိုင်ငံတကာ တော်လှန်ရေး အတွေ့အကြုံများနှင့် ကျနော်တို့၏ ကိုယ်ပိုင် အတွေ့ အကြုံများက ကျနော်တို့အား ပြသခဲ့ပြီး ဖြစ်ပေသည်။

သို့သော် တပ်ပေါင်းစု ပြဿနာနှင့်ပတ်သက်၍ ကျနော်တို့ မျက်မှောက်ပြု နေရသော အခြေအနေသည် ပဒေသရာဇ် နယ်ခ့ျဲ ရုရှားနှင့် တူပါသလော။ ကျနော် တို့၏ အဖြေမှာ မတူဟူ၍ ဖြစ်၏။ အကြောင်းမှာ ကျနော်တို့ တိုင်းပြည်၏ လူ့အဖွဲ့ အစည်းလက္ခဏာမှာ ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း လူ့အဖွဲ့အစည်း ဖြစ်သော ကြောင့် ဖြစ်၏။ ဤသို့ဆိုလျှင် တပ်ပေါင်းစု ပြဿနာတွင် ကိုလိုနီတပိုင်း၊ ပဒေသ ရာဇ်တပိုင်း တရုတ်ပြည်နှင့် တူပါသလော။ ကျနော်တို့၏ အဖြေမှာ ထပ်တူ ထပ်မျှ လည်း မဟုတ်သေးဟူ၍ ဖြစ်၏။ တရုတ်ပြည်နှင့် ဗမာပြည်သည် လူ့အဖွဲ့အစည်း လက္ခဏာခြင်း တူညီလေသည်။ ယေဘူယျ တပ်ပေါင်းစု လက္ခဏာသည် တူညီ ပေသည်။ သို့သော် ကျနော်တို့အတွက် တရုတ်ပြည်နှင့် တူညီသော အခြေခံပေါ်တွင် ကိုယ့်ကိုယ်ပိုင် ထူးခြားချက် အခ့ျိုလည်း ရှိပေသေးသည်။ ဤ ထူးခြားချက်ကို ကျနော်တို့ နိုင်ငံ၏ ထူးခြားသော ရုပ်ပိုင်း အခြေခံနှင့် ယင်းရုပ်ပိုင်း အခြေခံ၏ တည်ရှိမှု သဏ္ဌာန်က ပြဋ္ဌာန်း လိုက်လေသည်။

ဤ အချက်နှင့် ပတ်သက်၍ ဖော်ပြရာတွင် ဦးစွာအားဖြင့် အလုပ်သမား လယ်သမား အခြေခံ မဟာမိတ် ပြဿနာမှ စတင် ခွဲခြမ်းစိတ်ဖြာရမည် ဖြစ်ပေသည်။ ဗမာပြည် အလုပ်သမားလူတန်းစား၏ အခြေခံမဟာမိတ်ဖြစ်သော လယ်သမား လူတန်း စားသည် တရုတ်လယ်သမားလူတန်းစားနှင့် ထပ်တူ ထပ်မျှ မဟုတ်ပေ။ အကြောင်းမှာ ဗမာပြည် လယ်သမားအများစုမှာ လူမျိုးစုများ ဖြစ်နေသောကြောင့် ဖြစ်သည့်အပြင်၊ ယင်း လယ်သမား အတော်များများကို သက်ဆိုင်ရာ လူမျိုးစု တော်လှန်ရေး အဖွဲ့ အစည်းများက စည်းရုံးထားသောကြောင့် ဖြစ်ပေသည်။ ယင်း လူမျိုးစု လယ်သမား များသည် လယ်သမားလူတန်းစား အသိအမြင် နယ်ခ့ျဲဆန့်ကျင်ရေးဟူသော ယေဘုယျ အမျိုးသား ရှိနေသောကြောင့် ဖြစ်၏။ သို့မဟုတ် ယင်းအသိမျိုးရှိသော လယ်သမား လူတန်းစား၏ ထုထည်မှာ တရုတ်ပြည်ထက် အတိုင်းအတာ ပိုကြီးနေသောကြောင့် ဖြစ်၏။ 

ဤအချက်ကိုကြည့်လျှင် တရုတ်လယ်သမားနှင့် ဗမာလယ်သမား တရုတ် အလုပ်သမား လယ်သမား အခြေခံ မဟာမိတ်၏ နိုင်ငံရေးမျှော်မှန်းချက်နှင့် ဗမာပြည် အလုပ်သမား လယ်သမား အခြေခံ မဟာမိတ်၏ နိုင်ငံရေး မျှော်မှန်းချက်တို့သည် ယေဘုယျ တူညီသည်မှာ ထပ်တူ ထပ်မျှ မဟုတ်နိုင်ကြောင်းကို လွယ်ကူစွာ နားလည် နိုင်ပေသည်။

ဒုတိယအားဖြင့် လက်နက်ကိုင် တော်လှန်ရေး တပ်ပေါင်းစု ပြဿနာ ဖြစ်၏။ တရုတ်ပြည်တော်လှန်ရေးတွင် တရုတ် အလုပ်သမား လူတန်းစားက မဟာမိတ် လက်နက်ကိုင် တော်လှန်ရေး တပ်ပေါင်းစုကို ဖွဲ့စည်းရန် ရှာဖွေရာတွင် လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနှင့် မကြုံတွေ့ခဲ့ရပေ။ (ဝါ) အတိုင်းအတာ မကြီးမားခဲ့ပေ။

ထို့ကြောင့် ဗမာပြည်တော်လှန်ရေး၏ လက်နက်ကိုင်တော်လှန်ရေး တပ်ပေါင်း စု၏ အခြေခံ နိုင်ငံရေးရည်ရွယ်ချက်မှာလည်း တရုတ်ပြည်နှင့် တူညီသော အခြေခံ ရှိသည်မှအပ၊ လုံးဝ ထပ်တူထပ်မျှ မဖြစ်နိုင်ကြောင်းကို လွယ်ကူစွာပင် နားလည် နိုင်ပေသည်။

တတိယအားဖြင့် လက်နက်ကိုင်တော်လှန်ရေး တပ်ပေါင်းစုကို ဖွဲ့စည်းရာတွင် ထပ်တူ မဖြစ်သည့် အချက်ဖြစ်၏။ ဗမာပြည် တော်လှန်ရေး လက်နက်ကိုင် တော်လှန်ရေး တပ်ပေါင်းစုကို စည်းရုံးရာတွင် မဟာမိတ်ပြု စည်းရုံးရမည့် အင်အားစု များသည် အမှီအခိုကင်းစွာ လက်နက်ကိုင် တိုက်ပွဲဆင်နေသော၊ လူမျိုးစု တော် လှန်ရေးများ ဖြစ်သည့်အပြင် အလုပ်သမား လူတန်းစား ပါတီအနေနှင့် ယင်း အဖွဲ့ အစည်းအခ့ျိုနှင့် ယခင်က လက်နက်ကိုင် ပဋိပက္ခ အတော်ကြီးကြီးမားမား ဖြစ်ခဲ့ ဖူးသော အချက်ကို တွေ့ရပေသည်။ ဤ အချက်မှနေ၍ လက်နက်ကိုင် တော်လှန်ရေးတပ်ပေါင်းစုကို စည်းရုံး ရာတွင်၎င်း၊ အခက်အခဲ ပိုများ၍ ပိုမို နှေးကွေးမည်မှာ သေချာပေသည်။ သမိုင်းကလည်း ဤအချက်ကို ပြသခဲ့၏။ ထို့ကြောင့် လက်နက်ကိုင် တော်လှန်ရေး တပ်ပေါင်းစု ဖွဲ့စည်းရာတွင်၎င်း၊ ယင်းတပ်ပေါင်းစုအပေါ် အလုပ်သမား လူတန်းစား ဦးဆောင်မှု ထူထောင်ရာတွင်၎င်း၊ ဗမာပြည် တော်လှန်ရေးနှင့် တရုတ်ပြည် တော်လှန်ရေးအတွင်း ကျင့်သုံးသည့် နည်းပရိယာယ်မှာလည်း ယေဘူယျ တူညီချက် မှအပ လုံးဝ ထပ်တူထပ်မျှ မဖြစ်နိုင်ကြောင်းကို လွယ်ကူစွာ နားလည်နိုင်ပေသည်။ ဗမာပြည် တော်လှန်ရေးအဖို့ ထူးခြားချက် အခ့ျိုကို မျက်မှောက်ပြုနေရကြောင်း သမိုင်း ကလည်း ပြသခဲ့ပြီး ဖြစ်သည်။

တပ်ပေါင်းစု ပြဿနာဆိုင်ရာ အထက်ပါ အချက် (၃)ချက်ကို ချုပ်လိုက်လျှင် (၁) တပ်ပေါင်းစု ပြဿနာတွင် ဗမာပစ္စည်းမဲ့လူတန်းစားသည် မာ့စ် လီနင် တို့၏ တပ်ပေါင်းစုဆိုင်ရာ အရင်းခံ အကျဆုံး“မူ”ကို ဆုပ်ကိုင်၍ ကိုလိုနီတပိုင်း၊ ပဒေသရာဇ် တပိုင်း တရုတ်ပြည်၏ “တပ်ပေါင်းစုမူ”ကို နီးကပ်စွာ အခြေခံကာ ယင်း အခြေခံနှင့် ကိုယ့်လက်တွေ့ တပ်ပေါင်းစု ဖွဲ့စည်းမှုဆိုင်ရာ ထူးခြားချက်နှင့် သိပ်သီးစွာ ပေါင်း စပ်ရမည်။ ဤအချက်မှနေ၍ တပ်ပေါင်းစုဆိုင်ရာ မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်၏ သဘောတရားရေး သဏ္ဌာန် တပ်ကို လက်နက်သစ်များ ဖြည့်ဆည်း ပေးရမည် (ဝါ) ရှင်သန်စေရမည်။

ဤသည် ပစ္စည်းမဲ့ လူတန်းစား တရပ်လုံး၏ မွန်မြတ် ဂုဏ်ယူဖွယ်ရာသော မဟာတာဝန် ဖြစ်ပေသည်။ (၂) ဗမာပြည် လယ်သမား အလုပ်သမား အခြေခံ မဟာမိတ်ပင် ဖြစ်စေ၊ လက်နက်ကိုင် တော်လှန်ရေး တပ်ပေါင်းစုပင် ဖြစ်စေ၊ အမျိုး သားရေး သဏ္ဌာန်အခ့ျို မုချ ပါဝင်မည် သို့မဟုတ် တရုတ်ပြည်မှာထက် အမျိုးသားရေး သဏ္ဌာန် ပေါ်လွင်မည်မှာ သံသယ ဖြစ်စရာ မရှိပေ။ ဤအချက်နှင့် ပတ်သက်၍ မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်၏ အခြေခံ ရပ်တည်မှုအဖြစ် နည်းနာများကလည်း ခွင့်ပြုပေသည်။ (၃) တပ်ပေါင်းစု ဖွဲ့စည်းရာတွင် တရုတ်ပြည်ထက် ပိုမို ရှုပ်ထွေး ခက်ခဲ၍ ပိုမိုရှည်သည့်အပြင် ယင်းတပ်ပေါင်းစုကို အလုပ်သမား လူတန်းစား ဦးဆောင်မှုဟူသော ရှေ့ဆောင် အမြုတေကို အခိုင်အမာ သွတ်သွင်းရာတွင်လည်း မုချပင် ပိုမို ရှည်ကြာမည် ဖြစ်သည်။ နှစ်(၅၀)ကျော်ကြာ တိုက်ပွဲသမိုင်းကလည်း ဤအချက်ကို ညွှန်ပြခဲ့ပြီး ဖြစ်သည်။

အထက်ပါ အချက်အလက် အားလုံးကိုကြည့်လျှင် လူမျိုးစု ပြဿနာသည် ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း ဗမာပြည်၏ ထူးခြားချက်ဖြစ်ကြောင်းကို ခြုံ၍ အောက်ပါအတိုင်း နိဂုံးချုပ်ချက် အခ့ျိုကို ရရှိပေသည်။

(၁) ဗမာပြည် လူမျိုးစုများ လှုပ်ရှားမှုအား ကိုလိုနီတပိုင်း ပဒေသရာဇ်တပိုင်း ဗမာပြည်၏ ထူးခြားချက်ကို ပြဋ္ဌာန်းလိုက်သည့် ရုပ်ပိုင်း အခြေခံ ဗမာပြည် လူမျိုးစုများ လှုပ်ရှားမှု၏ အရေးပါမှု၊ လူမျိုးစုများ လှုပ်ရှားမှုက ဗမာပြည် တော်လှန် ရေးအတွင်း အဓိက ပြဿနာ အဆင့်အတန်းသို့ တက်လှမ်းလာပုံ၊ ဗမာပြည် တော်လှန်ရေး၏ ထူးခြားသော တပ်ပေါင်းစု ပြဿနာဟူသော အချက် (၄)ချက်၏ တည်ရှိနေမှုကို ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း ဗမာပြည်၏ ထူးခြားချက်အဖြစ် ကျနော်တို့ မုချ အသိအမှတ်ပြုရမည်။

(၂) ဗမာပြည်၏ ထူးခြားသော လူမျိုးစု ပြဿနာကို ကြည့်ရာတွင် ယင်းပြဿ နာထူးကို ပြဋ္ဌာန်းလိုက်သည့် ရုပ်ပိုင်းအခြေခံကို အခြေစိုက်၍ လေ့လာ ဆန်းစစ်ရမည်။ ယင်း ရုပ်ပိုင်း အခြေခံအပေါ်မှနေ၍ ဖြစ်ပေါ်လာသော ယင်းလှုပ်ရှားမှု၏ အတိုင်း အတာနှင့် အရေးပါမှုကို လေ့လာရမည်။ ထို့နောက် ဗမာပြည် တော်လှန်ရေး၏ တပ်ပေါင်းစု ပြဿနာကို ယင်းပြဿနာထူး၏ ရုပ်ပိုင်း အခြေခံမှ ဖြစ်ပေါ်လာသော ယင်းလှုပ်ရှားမှု၏ အတိုင်းအတာနှင့် အရေးပါမှု၏ အတိအကျ ဖော်ပြချက် အဖြစ် သဘောထား ရှုမြင်ရမည် ဖြစ်သည်။

(၃) တတိယ အားဖြင့် ဗမာပြည်တော်လှန်ရေး၏ ထူးခြားချက်သည် ဗမာပြည် တော်လှန်ရေး၏ သာလွန်ချက်ဖြစ်သည်။ ဗမာပြည် တော်လှန်ရေး၏ ပြဿနာသစ် ဖြစ်မည့် ဗမာပြည် တော်လှန်ရေးအတွင်း ပစ္စည်းမဲ့ လူတန်းစား၏ ကိုယ်ပိုင် ရတနာ ဖြစ်သည်။ ထို့ကြောင့် ဤပြဿနာအပေါ် ချစ်မြတ်နိုးရမည်။ တန်ဖိုးထားရမည်။ အလေးထား ဂရုစိုက်ရမည်။ ဤပြသနာအပေါ် မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေး အခေါ်၏ ရပ်တည်မှု အမြင်တို့ဖြင့် သေချာစွာ ဆန်းစစ်လေ့လာပြီး မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်၏ ရပ်တည်မှု အမြင်တို့ဖြင့် သေချာစွာ ဆန်း စစ်လေ့လာပြီး မာ့စ်ဝါဒ နည်းအတိုင်း ကိုယ်တွယ်ရမည် ဟူသော အချက်ကို ကျနော်တို့ ရရှိပေသည်။

(၄) စတုတ္ထအနေဖြင့် ဗမာပြည်၏ ထူးခြားချက်ကို နားမလည်သူ သို့မဟုတ် နားလည်လိုစိတ် မရှိသူသည် စင်စစ် ဗမာပြည် တော်လှန်ရေးကို အနည်းငယ်မျှပင် နားမလည်နိုင်ချေ။ မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်၏ အင်အားနှင့် အဆီအနှစ်ကိုလည်း နားမလည်နိုင်ချေ။ သို့မဟုတ် မကျင့်သုံးနိုင်ချေ။ အကြောင်း မှာ လီနင် သင်ကြားသည့် “မာ့စ် ဝါဒ၏ အနှစ်သာရ အကျဆုံးအရာ မာ့စ်ဝါဒ၏ အသက် ပါသည့် ဝိဉာဉ်မှာ တိကျသည့် အခြေအနေကို တိတိကျကျ ခွဲခြမ်း စိတ်ဖြာ ခြင်းဟူသည့် အချက်တွင် တည်သည်” ဟူသော မူနှင့် ဆန့်ကျင် နေသောကြောင့် ဖြစ်၏။

ရဲဘော် မော်စီတုန်း ညွှန်ပြသည့် “မည်သည့် ပြဿနာတွင်မဆို ကြည့်ရာတွင် ယင်းပြဿနာ၏ ယေဘူယျ လက္ခဏာနှင့် သီးခြား လက္ခဏာကို မတွေ့ တွေ့အောင် ရှာရမည်” ဟူသော အချက်နှင့်၎င်း၊ “အများဆိုင်ရာ လက္ခဏာနှင့် တခုချင်း လက္ခဏာ၊ အကြွင်းမဲ့ လက္ခဏာနှင့် နှိုင်းယှဉ်မှု လက္ခဏာဟူသည့် တရားသည့် အရာစ္စများ၏ ပဋိပက္ခ ပြဿနာနှင့် ပတ်သက်သည့် အဆီအနှစ်များ ဖြစ်ရာ ၎င်းကို နားမလည်လျှင် အနုပဋိလောမကို စွန့်ပယ်သည်နှင့် တူပေသည်”ဟူသော အချက်ကို ဆန့်ကျင်ရာ ကျသောကြောင့် ဖြစ်ပေသည်။

တွေးခေါ်ခံစားမှုနှင့် လုပ်ဟန်အရ အရိုးသားဆုံး အသန့်ရှင်းဆုံးသော မာ့စ်ဝါဒီ များတွင် အကြီးမားဆုံးသော ထူးခြားချက် တရပ်ရှိပေသည်။ ၎င်းမှာ တလောကလုံးရှိ အရာအားလုံးထက် ပြဿနာသစ် တိုက်ပွဲသစ်ကို အချစ်မြတ်နိုးဆုံး ဖြစ်ခြင်းပင် ဖြစ်၏။ ဤသို့ ဖြစ်ရသည့် အကြောင်းမှာ မာ့စ် လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ်၏ အသက် ဝိဉာဉ်သည်၎င်း၊ လူသားတို့၏ တည်ရှိမှုဆိုင်ရာ အသက် ဝိဉာဉ်သည်၎င်း၊ ယင်း ပြဿနာသစ် တိုက်ပွဲသစ်ထဲတွင် ကိန်းအောင်းနေသောကြောင့် ဖြစ်၏။ လူသား တရပ် လုံး၏ တည်ရှိမှုနှင့် ဖြစ်ပေါ် တိုးတက်မှုသည် ယင်း၏ အထွေထွေ တိုက်ပွဲက အဆုံးအဖြတ် ပေးနေခြင်းကြောင့် ဖြစ်၏။ 

အထက်ပါ အကြောင်းအချက်အားလုံးနှင့် ကောက်ချက်များသည် လူမျိုးစု ပြဿနာကို တင်ပြရသည့် အကြောင်းအရင်း ဖြစ်ပေသည်။

ရဲဘော်ဖန်း (၂၇၊ ၇၊ ၁၉၇၂)။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect

Recent posts