ပဒိုစောဇော်နောင် နှင့် တော်လှန်ရေးအတွေ့အကြုံများအပိုင်း (၃)

(စတက်နေ-ပန်းတနော်)

အပိုင်း (၃)

(၃)

KNU ဌာနချုပ်သို့ရောက်ရှိခြင်း။

သူတို့ (၃)ဦးကို ဝမ်းခါမှ တဆင့် မယ်လ သို့ ကားဖြင့်..။ မယ်လ မှ တဆင့် စက်လှေဖြင့် KNU ဗဟိုဌာန ချုပ်ရှိရာသို့ ပို့ဆောင်ပေးလိုက်သည်။ ထိုအချိန်က KNU ဗဟိုဌာနချုပ်သည် သောင်ရင်းမြစ်တဖက်ကမ်းရှိ ထိုင်းနိုင်ငံတွင် ရှိသည်။ KNU ဗဟိုဌာနချုပ်ကို SHQ ဟု ခေါ်ကြပြီး စစ်ဦးစီးဌာနချုပ်ကို GHQ ဟု ခေါ်သည်။ နောက်ပိုင်း လုံခြုံရေးကြောင့်ဟုဆိုကာ SHQ ကို “ပဟီလူ” ဟု ပြောင်းခေါ်ပြီး GHQ ကို “ထူးဝါးလူ” ဟု ပြောင်းခေါ်လိုက်ကြသည်။ ဥက္ကဌကြီးမန်းဘဇန် နေသည့်နေရာကို “ဥက္ကဌကုန်း” ဟု ခေါ်သည်။ SHQ နှင့် GHQ အကြားတွင် ရှိသည်။ သူတို့ (၃)ဦး ကို “ဥက္ကဌကုန်း” တွင် နေစေသည်။ မာနယ်ပလော စခန်းပင် မရှိသေးပါ။

(၃)လ ခန့် ကြာသောအခါ သူတို့ (၃)ဦးစလုံး ငှက်ဖျားဝေဒနာဒါဏ် ခံစားရသည်။ ယခင်က တခါမျှ မကြုံ ဘူးခဲ့၍ ထိုကြုံရသော ဝေဒနာကို ခံစားရလာသဖြင့် အိမ်ကို လွမ်းလာမိသည်။ ထို့အတူ ထိုရောဂါ ခံစားနေရ…၊အိမ်ကို လွမ်းနေမိသော်လည်း ဆေးဆရာမများ၏ ပြုစုစောင့်ရှောက်မှုကြောင့် အိမ်လွမ်း စိတ်မှ…သက်သာရာရခဲ့သည်။ ရေ၊ မြေ အပြောင်းအလဲ ဟုလည်း ဖြစ်နိုင်သည်။ အထူးသဖြင့် သူ နှင့် မြင့်စိန် မှာ ငှက်ဖျားဒါဏ် အလူးအလဲခံရသည်။ ငှက်ဖျားရောဂါ ကုသရန် SHQ ရှိ ဆရာမကြီး ဒေါ်အေမီကြိုင် အိမ်သို့ သွားရောက် ကုသရသည်။ ဆရာမကြီး၏ အိမ်အား ဆေးရုံကဲ့သို့ ထားသည်။ မြင့်စိန် မှာ ငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်သွားသဖြင့် အခြေအနေမကောင်း၍ ပြည်တွင်းသို့ ပြန်ပို့ပေးလိုက်ရသည်။ သူ..လည်း ငှက်ဖျားအပြင် တိုက်ဖွိုက်ရောဂါပါ ရရှိသွားသဖြင့် အတန်ကြာ ဆေးရုံတက်ရသည်။ တနေ့ ဆေးဆရာမ တဦးက “နေဝင်း၊ စန်းယု”ဟု ရုတ်တရက် ပြောလိုက်သဖြင့် သူ့ကို အံ့အားသင့်စေသည်။ အကြောင်းမှာ ဆရာမကြီး မွေးထားသော ဝက် (၂)ကောင်ကို…နေဝင်း၊ စန်းယု ဟု အမည်ပေးထား၍…၊ အစာစားရန် ပြန်လာသော ထိုဝက် (၂)ကောင်ကို ခေါ်လိုက်ခြင်းဖြစ်သည်။ သူ့အတွက် ထူးဆန်းရသည်။ သူ သည် SHQ တွင် ရှိနေစဉ် တော်လှန်ရေးနေ့အခန်းအနားနှင့် ဆုံခဲ့သည်။ ထိုအခန်းအနားသို့ ဗိုလ်ချုပ်ကြီးဘိုမြ ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောသည်။ ဗိုလ်ချုပ်ကြီးဘိုမြ သည် အသားညိုညို၊ အရပ်မနိမ့်မမြင့်၊ ခန္တာကိုယ်ကြံ့ခိုင် သည်။ အသံဩဇာလည်းရှိသည်။ ယခုမှ လူကို မြင်ဘူးခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဘိုမြက သူ့မိန့်ခွန်းတွင် “တော်လှန်ရေးအောင်ပွဲခံပြီးမှ မိန်းမယူမည်ဟု သဘောထားခဲ့ကြောင်း၊ နောက်ပိုင်း ပြန်စဉ်းစားကြည့်ရာ တော်လှန်ရေးအောင်ပွဲခံပြီးမှ မိန်းမယူမည်ဆိုလျှင် မိန်းမရတော့မည်မဟုတ် ကြောင်းသဘောပေါက်နားလည်လာသဖြင့် ယင်း၏ သဘောထားကို ပြောင်းလဲလိုက်ရကြောင်း” ပြောလိုက် သဖြင့် ပရိတ်သတ်များ ဝါးကနဲ ဖြစ်သွားသည်ကို သူက အမှတ်တရဖြစ်ရသည်။

သူသည် ဆေးရုံမှ ဆင်းသောအခါ ဗိုလ်ဘော်ဒွင် (ဥက္ကဌမန်းဘဇန်၏သားအငယ်)က ဥက္ကဌကြီးတွင် ကြေး နန်းဆက်သွယ်ရေးသမား စောဖိုးသောင်း ရှိနေသော်ငြားလည်း အခြားတယောက် ထပ်မံလိုအပ်ကြောင်း သူ့ကို ဆွေးနွေးသည်။ နောက်ဆုံး သူက သဘောတူလိုက်ခံလိုက်သည်။ ကြေးနန်းဆက်သွယ်ရေး သင်တန်းကို ထိုင်းနိုင်ငံ သီးသန့်တနေရာတွင် တက်ရမည်ဖြစ်သည်။

သင်တန်းပေးမည့်သူမှာ ဗိုလ်မှူးလေးဒိုမူး ဖြစ်သည်။ သူ အပါအဝင် အခြားတဦးသာ ရှိသည်။ လိုအပ်ချက်အရ သီးသန့် စီစဉ်ခြင်း ဖြစ်မည်ဟု သူက ထင်သည်။ သင်တန်းပြီးသောအခါ ဥက္ကဌကုန်းသို့ ပြန်လာကာ စောဖိုးသောင်း နှင့်အတူ တွဲပြီး အလုပ်လုပ်ရသည်။ အထူးသဖြင့် ဆက်သွယ်ရသော အဖွဲ့အစည်းများမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) နှင့် ပြည်သူ့ပြည်ချစ်ပါတီ (PPP) တို့ ဖြစ်သည်။

သူ့ကို ဗဟိုကြေးနန်းဌာနမှ ဗိုလ်ကြီးဘရိုက် က ခေါ်ယူပြီး ကိုယ်ရေးအချက်အလက်များကို မေးမြန်းရေးမှတ် ပြီးနောက် ကိုယ်ပိုင်နံပါတ်ပေးလိုက်သည်။ သူ၏ ကိုယ်ပိုင်နံပါတ်မှာ-၀၀၃၅၀ ဖြစ်သည်။

မှတ်ချက်။ ။ (ထိုခေတ်တွင် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းကို Key နှင့် International Morse Code ကိုသာ သုံးစွဲကြသည်) ။

၁၉၇၅ ခုနှစ် အတွင်း KNUP မှ KNU နှင့် လာရောက် ပူးပေါင်းသည်။ KNUP ခေါင်းဆောင်များက ၁၉၇၄ နိုင်ငံရေးလမ်းစဉ်အရ လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုအချိန်တွင် “ဥက္ကဌကုန်း” တွင် ဗိုလ်ချုပ်မြမောင် မှ ၎င်းကိုယ်တိုင်နေထိုင်ရန်အတွက် အိမ်တလုံး ဆောက်ထားသည်။ တညနေ ဗိုလ်ချုပ်မြ မောင် မှ ဥက္ကဌကြီးမန်းဘဇန် ၏ အိမ်သို့ အလည်လာသည်။ သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် “ပါတီ ကကောင်တွေ ကွန်မြူနစ် လီးစုတ်ချင်တယ်” ဟု ဥက္ကဌကြီး မန်းဘဇန် ၏ အသံကျယ်လောင်စွာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအခါ သူတို့လည်း အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ဗိုလ်ချုပ်မြမောင် က အိမ်ပေါ်မှ ဆင်းလာပြီး သူတို့ဆီသို့ လာနေသည်။ ဗိုလ်ချုပ်မြမောင် မှာ ခပ်နွမ်းနွမ်း အဖြူရောင် တီရှပ်ကို ဝတ်ဆင်ထားကာ မျက်နှာနှင့် လည်ပင်းနှင့် ရင်ဘတ်မှာ နီမြန်းနေ၍ ဒေါသဖြစ်နေမှန်း သိသာသည်။

ထို့ကြောင့် သူတို့ (ရဲဘော်)တတွေမှာ စိုးရိမ်စွာနှင့် ကြည့်နေသည်။ ဗိုလ်ချုပ်မြ‌မောင် မှ သူတို့အနား ရောက်လာ သောအခါ ဘာမှမပြောဘဲ ပြန်လှည့်ထွက်သွားပြီး လမ်းပေါ်တွင်လည်း ခေါက်တုံ့ ခေါက်ပြန် လျှောက်နေ သည်။ ဗိုလ်ချုပ်မြမောင် က သူ့စိတ်ကို ထိန်းချုပ်နေသည်ဟု သူတို့က ထင်ကြသည်။

မာနယ်ပလောစခန်း တည်ဆောက်ပြီးသောအခါ KNU ဥက္ကဌ၏ရုံးကို မာနယ်ပလောသို့ ရွှေ့လိုက်သည်။ ထိုအချိန်တွင် ပျဉ်ထောင်သွပ်မိုးအိမ်ဟူ၍ ဥက္ကဌရုံး နှင့် ဗိုလ်ချုပ်မြ (စစ်ဦးစီးချုပ်)ရုံးသာ ရှိသေးသည်။ ဗိုလ်ချုပ်မြရုံးကို အစိမ်းရောင်ဆေးဖြင့် သွပ်မိုးအား သုတ်လိမ်းထားသည်။ အခြား ဌာနဆိုင်ရာရုံးများမှာ သစ်အကြမ်းထည်နှင့် ဝါးများဖြင့်သာ ဆောက်လုပ်ထားကြသည်။ KNU အတွင်းရေးမှူးချုပ်ရုံးသည် KNU ဥက္ကဌရုံး နှင့် မျက်စောင်းထိုးခန့်တွင် ရှိသည်။ ထိုကာလတွင် KNU အတွင်းရေးမှူးချုပ်မှာ ပဒိုသန်းအောင် ဖြစ်သည်။ အတွင်းရေးမှူးချုပ်ရုံးတွင် ဆရာဂျက်ကော့(စောကိုဦး) နှင့် အဂ္ဂဖိုးချစ် (ဂွန်ရှင်မန်း)တို့ နေထိုင်ကြသည်။

ဆောင်းရာသီ ဒီဇင်ဘာလ တညတွင် ဗိုလ်ချုပ်မြမောင် မှ ဥက္ကဌကြီးမန်းဘဇန် အိမ်သို့ အလည်လာသည်။ ဥက္ကဌကြီးကတော် ဒေါ်ကြည်ကြည် မှ “သာဂူ” ဖြင့် ဧည့်ခံ၏။ ခေါင်းဆောင်ကြီးနှစ်ဦး စကားပြောနေကြစဉ် ဥက္ကဌကြီးမန်းဘဇန် မှ “ဗိုလ်ချုပ်…၊ ခင်ဗျား ကျနော့ကို ဘယ်လိုမြင်လဲ” ဟု မေးလိုက်ရာ ဗိုလ်ချုပ်မြမောင်မှ “ဥက္ကဌကြီး က အရင်အတိုင်း ခေတ်ပညာတတ် ဓနရှင်ပေါက်စတဦး”ဟု မြင်ကြောင်း ပြောလိုက်သည်။ ထို့ နောက် “ဘာများဆက်ပြောမလဲ”ဟု သူက စိတ်ဝင်စားစွာဖြင့် အာရုံစိုက်နားထောင်နေသော်လည်း ခေါင်း ဆောင်နှစ်ဦးစလုံးမှာ ဘာမှ ဆက်မပြောကြတော့ပေ။ “သာဂူ” ကိုသာ ဆက်သောက်နေကြတော့သည်။

သူသည် တော်လှန်ရေးရောက်ခါစ လူငယ်တဦးဖြစ်သော်လည်း နိုင်ငံရေးလေ့လာလို၍ အားလပ်သည့် အခါတိုင်းတွင် KNUP မှ ညနေတိုင်း ပြုလုပ်နေကျ နိုင်ငံရေးဆွေးနွေးပွဲ…၊ သုံးသပ်ပွဲသို့ သွားရောက်နား ထောင်လေ့ရှိသည်။ ထို့အပြင် KNUP မှ ခေါင်းဆောင်၊ ရဲဘော်များနှင့် ရင်းနှီးနိုင်ရန်အတွက်လည်း ဖြစ်သည်။

၁၉၇၆ ခုနှစ်၊ “မယ်လ” ရွာတွင် KNU ဗဟိုစည်းရုံးရေးဌာနမှ ဦးစီး ဖွင့်လှစ်သော “ဗဟို နိုင်ငံရေးသင်တန်း ကျောင်း”သို့ ဥက္ကဌကြီးမန်းဘဇန် ၏ ခွင့်ပြုချက်ဖြင့် (၃)လကြာ တက်ရောက်သင်ယူခဲ့သည်။ သင်တန်း ကျောင်းအုပ်မှာ ဗိုလ်ချုပ်မောင်မောင် ဖြစ်သည်။ ထိုသင်တန်းတွင် ပဒိုလိလေး အပါအဝင် တပ်မဟာ (၆)မှ ရဲဘော်များနှင့်လည်း ရင်းနှီးခဲ့သည်။ သင်တန်းအပြီးတွင် သင်တန်းစာစောင် ထုတ်ဝေကြသည်။ ထို စာစောင် တွင် “ကရင်လူထုတော်လှန်ရေး” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစောင်ကို သူက ရေးခဲ့သည်။ သူ၏ ဆောင်းပါးရည်ရွယ်ချက်မှာ “ကရင့်တော်လှန်ရေးသည် ကရင်ပြည်သူလူထုကသာ ပိုင်ဆိုင်ကြောင်း၊ အခွင့်ထူး ခံလူတစု၊ ခေါင်းဆောင်တစုနှင့် သက်ဆိုင်မှုမရှိကြောင်း” စသည်ဖြင့် အဓိကထား ရေးသားခဲ့သည်။ စာစောင် စီစစ်တည်းဖြတ်သူများမှာ ပဒိုလိလေး၊ ဗိုလ်မင်းသိန်း (ဗိုလ်ချုပ်မောင်မောင် ၏ ညီ) တို့ ဖြစ်သည်။

သူသည် သင်တန်းပြီးသောအခါ မာနယ်ပလော သို့ ပြန်ရန် စက်လှေစောင့်ဆိုင်းရသည်။ တနေ့တွင် စက် လှေတစီး အထက်ဘက်မှ ဆင်းလာသဖြင့် ဗိုလ်ချုပ်မောင်မောင် က လက်ယပ် ခေါ်ယူလိုက်သည်။ အနား ရောက်လာသောအခါ KNU အတွင်းရေးမှူးချုပ် ပဒိုသန်းအောင် စီးလာသော စက်လှေ ဖြစ်နေသည်။ ဗိုလ်ချုပ် မောင်မောင်က “ရဲဘော်ဇော်နောင် မာနယ်ပလော ပြန်မှာဖြစ်လို့ ခေါ်သွားပါ” ဟု ပြောလိုက်သည်။ ပဒိုသန်း အောင် က “သူ့ ဖာသာ သူ လာတာ၊ သူ့ ဖာသာ သူ ပြန်ပစေပေါ့”ဟု ပြန်ပြောလိုက်သည်။ ဗိုလ်ချုပ် မောင်မောင် က “သူက သင်တန်းလာတက်တာ၊ သင်တန်းပြီးလို့ မာနယ်ပလော ကို ပြန်ဘို့ လှေကြုံစောင့်နေတာ” ဟု ပြောလိုက်သော်လည်း ပဒိုသန်းအောင် က ဘာမှ ပြန်မပြောတော့ဘဲ စက်လှေမောင်းသမားကို စက်နှိုးစေပြီး မောင်းထွက်သွားပါတော့သည်။ စက်လှေပေါ်တွင် လှေမောင်းသမားတဦးနှင့် ပဒိုသန်းအောင် တို့ နှစ်ဦးသာ ပါရှိသည်။ “ဘယ်လိုခေါင်းဆောင်ပါလိမ့်” ဟု သူ့၏ စိတ်ထဲ တွေးထင်နေမိခဲ့သည်။ ထို့ကြောင့် သူက စက်လှေ ဆက်စောင့်ရပြန်ပါသည်။

မာနယ်ပလော သို့ ပြန်ရောက်သောအခါ ကြေးနန်းဆက်သွယ်ရေးလုပ်ငန်းကို ယခင်အတိုင်း ဆက်လက် လုပ်ကိုင်သည်။ တနေ့…ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ ခေါင်းဆောင်များ မရှိခိုက်၊ ညသန်းခေါင်ယံခန့်တွင် အတွင်းရေးမှူးချုပ်ရုံး မှ ဆရာဂျက်ကော့ (စောကိုဦး) က International Song (ကမ္ဘာ့ပစ္စည်းမဲ့တော်လှန်ရေး သီချင်း)ကို အင်္ဂလိပ်လို ကျယ်လောင်စွာ အော်ဟစ်သီဆိုလိုက်သံကို သူက ကြားလိုက်ရ၍ တအံ့တဩ ဖြစ် သွားသည်။ ထိုသို့ သီဆိုရခြင်းမှာ စာတန်းပြုစုရန် ရောက်လာသော အမေရိကန်နိုင်ငံသား ကျောင်းသားတဦး Peter White ကို ဆိုပြခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် သိရသည်။ Peter White မှာ သူတို့နှင့်အတူ နေလာခဲ့သည်မှာ တပတ်ကျော်ကျော်ခန့် ရှိနေသဖြင့် တဦး နှင့် တဦး အတော်အတန်ပင် ရင်းနှီးနေပြီဖြစ်သည်။ တောင်ယာခုတ်သော အခါတွင်လည်း ခေါ်သွားသည်။ မျောက်ချေးခါးဟင်း ချက်စားသည့်အခါတွင်လည်း ကျွေးသည်။ Peter White မှာ နှာခေါင်းကို လက်နှင့် ပိတ်ပြီး မျိုချရသည်ကို ရယ်ကာမောကာဖြင့် အကြောင်း စုံကို သူ့ အား ပြောကြ၏။

နောက် သုံးလေးရက်တွင် ဗိုလ်ချုပ်မြ သည် ထူးဝါးလူ မှ မာနယ်ပလောသို့ ပြန်ရောက်လာပြီး ဥက္ကဌ မန်းဘဇန် ကို GHQ ရုံးတွင် ၎င်းနှင့် တွေ့ရန် အကြောင်းကြားလိုက်သည်။ ထို့ကြောင့် ဥက္ကဌကြီးမန်းဘဇန်သည် အဖေါ်အဖြစ်လိုက်ရန် သူ့ကို ခေါ်သည်။ GHQ ရုံး၏ ဖိနပ်ချွတ်သည့်နေရာတွင် သူက ထိုင်စောင့်နေလိုက် သည်။ ရုံးအတွင်းရှိ စားပွဲတွင် ထိုင်နေသူများမှာ ဥက္ကဌကြီးမန်းဘဇန်၊ ဗိုလ်ချုပ်ကြီးဘိုမြ၊ ဗိုလ်မှူးချုပ်လှထူး (AG)၊ ဗိုလ်မှူးမားဘယ်(G1)၊ ပဒိုသန်းအောင် (အတွင်းရေးမှူးချုပ်)တို့ ဖြစ်ကြသည်။ ဗိုလ်ချုပ်ကြီးဘိုမြသည် အစည်းအဝေး စစချင်း ဒေါသတကြီးဖြင့် ဆရာဂျက်ကော့ သီချင်းသီဆိုခဲ့သော ကိစ္စကို ပြောပြီး “ဒီလိုလူစား မျိုးကို သတ်ပစ်ရမယ်” ဟု ထပ်ခါထပ်ခါ ကရင်လို ပြောဆိုနေသည်။ (ထိုအချိန်တွင် ဆရာဂျက်ကော့ မှာ လက်ဝဲနိုင်ငံရေးကို လေ့လာစဖြစ်ပြီး တက်ကြွနေသော အချိန်လည်းဖြစ်သည်)။ ထိုအခါ ဥက္ကဌကြီး မန်းဘ ဇန် မှ နိုင်ငံရေးသဘောထားချင်း မတိုက်ဆိုင်သူများကို သတ်၍ မရကြောင်း၊ KNU ၏ မူနှင့် မကိုက်ညီသူများ ကို အဖွဲ့အစည်းမှ ထုတ်ပယ်နိုင်ကြောင်း မူအပေါ် အခိုင်အမာ ရပ်တည်ပြီး ရှေ့ဆောင်သည်။ အခြားသူများက ဘာမျှ ဝင်၍မပြောကြပါ။ အတန်ကြာအောင် ဥက္ကဌမန်းဘဇန် နှင့် ဗိုလ်ချုပ်ကြီးဘိုမြ တို့မှ အပြန်အလှန်ပြောဆိုကြပြီးနောက် “ပြည်နှင်ဒါဏ်” ပေးရန် သဘောတူလိုက်ကြသည်။

(ဆရာဂျက်ကော့ မကွယ်လွန်မီ တနှစ်ခန့်တွင် သူသည် ထိုကိစ္စ နှင့် ပတ်သက်ပြီး ဖုန်း နှင့် ဆက်သွယ်ပြောပြ သောအခါ ဆရာဂျက်ကော့မှ မသိခဲ့ရကြောင်း ပြန်ပြောသည်) ။

တနေ့တွင် GHQ ရုံးမှ မာနယ်ပလောစခန်းကို ရန်သူများ ထိုးစစ်ဆင်လာမည်ဟု သတင်းပေးလာသဖြင့် ဥက္ကဌကြီး၏ ရုံးအဖွဲ့သားများ “ဥက္ကဌကုန်း” သို့ ပြောင်းရွှေ့ကြရ၏။ ထိုကာလတွင် VOA, BBC သတင်းဌာန များမှ ကရင့်တော်လှန်ရေးနှင့် ဥက္ကဌကြီးမန်းဘဇန်၏ ခေါင်းဆောင်မှုများကို ဝေဖန်သုံးသပ်သော ဆောင်းပါး များကို ထုတ်လွှင့်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အဆိုပါဆောင်းပါးများတွင်…၊ ဥက္ကဌကြီး မန်းဘဇန်သည် မြန်မာပြည်၌ ထိပ်သီး နိုင်ငံရေးသမား (၄)ယောက်ထဲတွင် တဦးအပါအဝင်ဖြစ်ကြောင်း၊ တိုင်းရင်းသားတော် လှန်ရေး အဖွဲ့အစည်းများကို စည်းရုံးနိုင်ကြောင်းနှင့် ကွန်မြူနစ်လိုလားသူဖြစ်ကြောင်း…၊ စသည်ဖြင့် ထုတ် လွှင့်သည်။ ထို့အပြင် ထိုင်းစစ်တပ်မှလည်း ဥက္ကဌကြီးမန်းဘဇန်ကို ဝင်ရောက်ဖမ်းဆီးမည်ဟု ကောလဟာလ သတင်းများလည်း ထွက်ပေါ်လာသည်။ ထို့ကြောင့် ဥက္ကဌကြီး၏ လုံခြုံရေးအတွက် တာဝန်ယူထားသော ရဲဘော်များမှ ညပိုင်းတွင် ကင်းစောင့်ကြရသည်။ ဥက္ကဌကြီး မှ “လာဖမ်းမယ်ဆို..ပစ်”ဟု အမိန့်ပေးသည်။

ထိုနှစ် မိုးရာသီခန့်တွင် KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကို “ထူးဝါးလူ” တွင် ပြုလုပ်သည်။ ထို အစည်းအဝေးတွင် KNU ၏ နိုင်ငံရေးလမ်းစဉ်ဆိုင်ရာများကို ဆွေးနွေးကြကြောင်း၊ ပထမပိုင်း ဆွေးနွေးရာ တွင် လမ်းစဉ် ပြောင်းလဲရန်မလိုကြောင်း၊ အားလုံးလည်း သဘောတူကြကြောင်း သိရသည်။ ထို့နောက်တွင် ဗိုလ်ချုပ်မောင်မောင် မှ စပြီး ထပ်မံဆွေးနွေးရာတွင် ဗိုလ်ချုပ်ကြီးဘိုမြမှ “ခင်ဗျားတို့ ပြောနေကြတာ ကျနော် နားမလည်ဘူး၊ ကျနော်အနားယူလိုက်မယ်”ဟု ပြောလိုက်သည်။ ထိုအခါ ဥက္ကဌကြီးမန်းဘဇန်မှ “ဗိုလ်ချုပ် အနားမယူပါနဲ့၊ ကျနော်ဘဲအနားယူမယ်”ဟု ပြောလိုက်သောအခါမှသာ အစည်းအဝေးက အဆင်ပြေသွား သည်ဟု သိရသည်။

ထိုအစည်းအဝေးတွင် ဥက္ကဌကြီးမန်းဘဇန်ကို နာယကကြီးအဖြစ်၊ ဗိုလ်ချုပ်ကြီးဘိုမြကို KNU ဥက္ကဌအဖြစ်၊ ဗိုလ်ချုပ်မောင်မောင်ကို KNU အတွင်းရေးမှူးချုပ်အဖြစ်၊ ပဒိုသန်းအောင်ကို KNU တွဲဘက်အတွင်းရေးမှူး အဖြစ် တာဝန်လွှဲပြောင်းပေးလိုက်ကြသည်။ ထို့အပြင် KNU ၏ (၇၄) နိုင်ငံရေးလမ်းစဉ်အစား (၇၆)ခုနှစ် ကြားကာလလမ်းစဉ်အဖြစ် အသစ်ရေးဆွဲရန် သဘောတူကြသည်။ (၇၆) ကြားကာလ လမ်းစဉ်ကို တာဝန်မခံ နိုင်ဟုဆိုကာ ဗိုလ်မှူးဘလုံ နှင့် ဗိုလ်မှူးမီးသ တို့က ထိုအစည်းအဝေးတွင် KNU မှ တရားဝင် နှုတ်ထွက်လိုက် ကြသည်။ (နောက်ပိုင်းတွင် (၇၆)ခုနှစ် ကြားကာလ လမ်းစဉ်သည် အသက်ဝင်မှု မရှိသည် ကို တွေ့ရသည်)။

ဥက္ကဌကြီးမန်းဘဇန်သည် အစည်းအဝေးပြီး၍ ဥက္ကဌကုန်းသို့ ပြန်ရောက်သောအခါ ရဲဘော်များက ဝိုင်းမေး ကြသည်။ ဥက္ကဌကြီးက “ဗိုလ်ချုပ်မြ အနားယူမယ်ဆိုရင် တပ်မဟာ (၇) တခုလုံး ပါသွားမယ်၊ ဒါဆိုရင် ကရင့် တော်လှန်ရေး နှစ်ခြမ်း ထပ်ကွဲသွားမယ်၊ ဒီတခါ ကွဲမယ်ဆိုရင် ကရင့်တော်လှန်ရေးမျက်နှာကို ကရင်လူထုက ကြည့်ချင်တော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ဗိုလ်ချုပ်မြ အနားယူမဲ့အစား ငါအနားယူမယ်”ဟု ပြောရခြင်း ဖြစ် ကြောင်း ရှင်းပြသည်။ (ထိုကာလတွင် တပ်မဟာ (၇)သည် ကရင့်တော်လှန်ရေးတွင် စစ်အင်အား အတောင့် တင်းဆုံးဖြစ်သည်)။

သုံးသပ်ချက်။

(ထိုကာလတွင် ထိုင်းကွန်မြူနစ်ပါတီမှ ထိုင်းအစိုးရအား တော်လှန်နေသည်။ KNU ခေါင်းဆောင်မှုအတွင်း၌ ကမ္ဘာလုံးဆိုင်ရာ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့၏ အဖွဲ့ဝင်များရှိနေသည်။ KNUP မှ KNU သို့ အစောပိုင်း ဝင်ရောက်နေကြသော ခေါင်းဆောင်တချို့တွင် နေရာရရှိရေးအတွက် ကြိုးပမ်းနေသည်ကို တွေ့နေရသည်။ အထက်ဖေါ် ပြပါ အခြေအနေများကြောင့် KNUP မှ KNU သို့ လာရောက် ပူးပေါင်းခြင်းဖြင့် KNU တွင် လက်ဝဲ နိုင်ငံရေးသမားများ အားကောင်းလာပြီး ကွန်မြူနစ်လမ်းကြောင်းပေါ်သို့ ရောက်သွားမည်ကို ထိုင်းအစိုးရနှင့် KNU တွင်း ကွန်မြူနစ်ဆန့်ကျင်ရေးသမားများက အထူးစိုးရိမ်လာသည်။ ထို့ကြောင့် တချိန်က KNUP ကို ဦးဆောင် ဖွဲ့စည်းခဲ့သော ဥက္ကဌကြီးမန်းဘဇန် အား KNU ဥက္ကဌ နေရာမှ ဖယ်ရှားရန် အတွင်း/အပြင် နှစ်ဘက် ညှပ်ပြီး တိုက်ထုတ်လိုက်ခြင်း ဖြစ်သည်။ အထူးသဖြင့် CIA ၏ ပါဝင်ပတ်သက်မှုသည် အဓိက ဖြစ်သည်)။

အစည်းအဝေးပြီးသောအခါ ဗိုလ်မှူးမီးသ သူတို့ရှိရာ “ဥက္ကဌကြီးကုန်း”သို့ အလည်လာသည်။ ဗိုလ်မှူးမီးသ က သူ… နှုတ်ထွက်ရခြင်း အကြောင်းကို ပုံပြင်ဖြင့် ဥပမာပေးပြီး အောက်ပါအတိုင်း ပြောသွားခဲ့သည်။

“တရံရောအခါက လူအဖြစ် ယောင်ဆောင်တတ်သော မြွေမင်းသားလေး ရှိခဲ့ဘူး၏။ ထို..မြွေမင်းသားလေး သည် နေ့အခါတွင် လူကဲ့သို့ ယောင်ဆောင်တတ်ပြီး ညအခါတွင် သူ၏ မူလဗီဇအတိုင်း မြွေပြန်ဖြစ်၏။ ထိုမြွေမင်းသားလေး၏ ကျင်းနှင့် မနီးမဝေးတွင် မုဆိုးမ သားအမိနှစ်ဦး နေထိုင်၏။ ထို…လူယောင် ဆောင် တတ်သော မြွေသည် နေ့အခါတွင် မင်းသားလေး တပါးကဲ့သို့ ယောင်ဆောင်ပြီး မုဆိုးမ သားအမိအိမ်သို့ သွားကာ အပျိုလှည့်၏။ ရက်ကြာလာသောအခါ မုဆိုးမ၏ သမီးနှင့် ချစ်ကြိုက်သွားကြ၏။ အဆိုပါ မုဆိုးမ လည်း သဘောတူ၏။ မုဆိုးမ နှင့် သမီးဖြစ်သူ နှစ်ယောက်စလုံးက မြွေမင်းသားလေးအား လူ…အစစ်ဟု ထင်မှတ်ကြ၏။ ထို့ကြောင့် မြွေမင်းသားလေး ရောက်လာသောအခါ သမီးဖြစ်သူနှင့် လွတ်လွတ်လပ်လပ် ရှိစေရန် ဟု သဘောထားကာ မီးဖိုချောင်ထဲ ဝင်၍ လုပ်စရာရှိသည်များကို လုပ်ကိုင်၏။ တနေ့တွင် မင်းသားလေးမှ မိုးမချုပ်ခင် ပြန်ရမည်ကို သတိမထားမိတော့၍ မိုးချုပ်သွား၏။ သို့ဖြစ်၍ သူ၏ မြွေဗီဇသို့ ပြောင်းသွားပြီး မိန်းခလေးကို ရစ်ပတ်ပါတော့၏။ ထိုအခါ မိန်းခလေးမှ ကြောက်လန့်ပြီး မိခင်ဖြစ်သူကို အော်ပြောလိုက်၏။ မိန်းခလေးက “အမေ… မြွေကြီးသမီးကိုရစ်ပတ်နေပြီ” ဟုပြောလိုက်သောအခါ အမေဖြစ် သူက “သမီးကိုချစ်လို့ပါ” ဟု မီးဖိုချောင်မှနေပြီး ပြန်ပြောလိုက်၏။ နောက်တဖန် သမီးဖြစ်သူက သူမ၏ ခြေထောက်ကို ရစ်ပတ်နေကြောင်း ပြောသောအခါ “သမီးကိုချစ်လို့ပါ”ဟု မီးဖို ချောင်ထဲမှ ပြန်ပြောပြန်၏။ သမီးက ရင်ဘတ်အထိ ရစ်ပတ်နေပြီး..ဟု အော်ပြောသော်လည်း “သမီးကို ချစ်လို့ပါ”ဟု ပြန်ပြောပြန်သည်။ အတန်ကြာသောအခါ သမီး၏အသံ မကြားတော့၍ မီးဖိုချောင်မှ ထွက်ပြီး ကြည့်လိုက်ရာ မြွေကြီးက သူ့သမီးကို မြိုလိုက်ပြီးဖြစ်၍ သမီးကို ကယ်တင်ရန် အချိန်နှောင်းသွားကြောင်း” စသည်ဖြင့် ပုံပြင်ကို အဆုံးသတ်လိုက်၏။ ဗိုလ်မှူးမီးသ မှ ထိုပုံပြင်ကဲ့သို့ မဖြစ်လို၍ KNU မှ နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း သူတို့ကို ပြောပြသွားသည်။

ဥက္ကဌကြီးမန်းဘဇန်မှာ နာယကကြီးအဖြစ် ပြောင်းလဲခြင်းခံရပြီးနောက် “ငါ..KNU ဥက္ကဌ မဖြစ်ရပေမဲ့ မဒတ တပ်ပေါင်းစုမှာ ဥက္ကဌအဖြစ် ရှိနေသေးတယ်၊ ငါ့လူမျိုးအတွက် တပ်ပေါင်းစုက တဆင့်လုပ်လို့ရသေးတယ်” ဟု ပြောသည်။ ထို ၁၉၇၆ ခုနှစ် အတွင်းမှာပင် မဒတ တပ်ပေါင်းစု အစည်းအဝေးကြီး မာနယ်ပလောတွင် ကျင်းပခဲ့သည်။ မဒတ အစည်းအဝေးကျင်းပသောအခါ ဥက္ကဌမန်းဘဇန်နှင့် အတူ မာနယ်ပလောသို့ သွားခဲ့၏။ မာနယ်ပလောရှိ ပဒိုဘောယူဖေါရုံးတွင် တည်း၏။ မဒတ အစည်းအဝေးကျင်းပသောအခါ ဥက္ကဌကြီးမန်းဘ ဇန်သည် မဒတ ဥက္ကဌ ဖြစ်သည့်အလျောက် သဘာပတိ တာဝန်ယူရသည်။ အစည်းအဝေးတွင် အစီအစဉ်အ တိုင်း ဆွေးနွေးကြသည်။ အစီအစဉ်တခုကို ရောက်သောအခါ ပဒိုသန်းအောင် (KNU တွဲဘက်အတွင်းရေးမှူး) မှ မဒတ ၏ ဥက္ကဌ မှာ KNU ဥက္ကဌ ဖြစ်ကြောင်း၊ KNU တွင် ဥက္ကဌအပြောင်းအလဲ ဖြစ်သွားသဖြင့် လက်ရှိ KNU ဥက္ကဌသည် ဗိုလ်ချုပ်ကြီးဘိုမြ ဖြစ်ကြောင်း ပြောလိုက်သဖြင့် သဘာပတိထိုင်ခုံတွင် ထိုင်နေသော ဥက္ကဌကြီး မန်းဘဇန်မှ ခေါင်းငိုက်စိုက်သွားသည်ကို သူက သတိပြုလိုက်မိသည်။ တရက်တာ အစည်းအဝေး ပြီးသွားသောအခါ ပဒိုဘောယူဖေါ ရုံးသို့ ပြန်လာခဲ့သည်။ ပဒိုဘောယူဖေါ ရုံးသို့ ပြန်ရောက်လျှင် ရောက်ချင်း ဥက္ကဌကြီးမန်းဘဇန်မှ “သွားပြီ” ဆိုသော စကားတခွန်းသာ ပြောလိုက်သည်။ သူ၏ စကားသံမှာ သူ၏ မျှော် လင့်ချက် လက်လွတ်ဆုံးရှုံးလိုက်ရသော အသံမျိုးဖြစ်သည်။ အစည်းအဝေးတခုလုံးပြီးသောအခါ မာနယ်ပ လောမှတဆင့် ဥက္ကဌကုန်းသို့ ပြန်ရာတွင် သူတို့ စက်လှေနှင့်အတူ ကရင်နီခေါင်းဆောင်များ ဖြစ်ကြသော စိုင်း၀ဏ္ဏ နှင့် ဗိုလ်ချုပ်စောမွန်နား တို့ လိုက်ပါလာသည်။ ဥက္ကဌကြီးမန်းဘဇန်အား အားပေးစကားများ ပြော သွားကြသည့်အပြင် ၎င်းတို့၏ မျက်နှာများတွင်လည်း စိတ်မကောင်းကြောင်း ပေါ်လွင်နေသည်ကို တွေ့ရသည်။

မဒတ အစည်းအဝေးပြီးသောအခါ ဥက္ကဌကြီးမန်းဘဇန် မှ “ငါ..သင်တန်းပေးလို့ ရပါသေးတယ်၊ တပ်မဟာ (၆)မှာ ဗိုလ်ခလီစေး၊ ဗိုလ်ရွှေဆိုင်းတို့နဲ့ဆိုရင် အဆင်ပြေနိုင်တယ်”ဟု ပြောပြီး ကြေးနန်းရေးကာ ဗိုလ်မှူးချုပ် ရွှေဆိုင်းထံသို့ ကြေးနန်းပို့ခိုင်းသည်။ ကြေးနန်းပို့ပြီး ၂/၃ ရက် အကြာတွင် ဗိုလ်မှူးချုပ်ရွှေဆိုင်း ထံမှ ကြေးနန်း ပြန်ရောက်လာပါသည်။ ကြေးနန်းစာထဲတွင် “ဥက္ကဌကြီးလာပါ၊ ဥက္ကဌကြီးရဲ့ သားကြီးအား ခေါ်မလာပါရန်”တို့ ပါရှိသည်။ ဥက္ကဌကြီးက ကြေးနန်းစာကို ဖတ်ပြီးနောက် ဘာမှ ဆက်မပြောတော့ပါ။

ဥက္ကဌကြီးမန်းဘဇန်သည် KNU ဥက္ကဌ အဖြစ်မှ KNU နာယကကြီးအဖြစ် ပြောင်းလဲခြင်းခံရပြီးသည့်နောက် ဥက္ကဌရုံးတွင် တာဝန်ယူနေကြရသော ဌာနဆိုင်ရာ အမှုထမ်းများအားလုံး သက်ဆိုင်ရာ မိခင်ဌာနများဆီသို့ ပြောင်းရွှေ့သွားရမည်ဖြစ်သည်။ သူသည်လည်း ကြေးနန်းဆက်သွယ်ရေးဌာနသို့ ပြန်သွားရမည်။ ထိုအခါ ဥက္ကဌကြီးက သူ့၏ သဘောထားကို မေးလိုက်သောအခါ သူက “ဖြစ်နိုင်လျှင် ဥက္ကဌကြီး ထံတွင် ဆက်လက် ပြီး နိုင်ငံရေးကို လေ့လာလိုကြောင်း ပြောလိုက်သည်။ ထို့ကြောင့် ဥက္ကဌကြီးလည်း ဗိုလ်ချုပ်မြအား ရဲဘော် ဇော်နောင် ကို ၎င်းနှင့်ထားခဲ့ရန် အသိပေးလိုက်သည်။ ထို့ကြောင့် ဗိုလ်ချုပ်မြမှ ကြေးနန်း ဆက်သွယ်ရေးဌာန တာဝန်ခံသို့ ဆက်လက်ညွှန်ကြားလိုက်ကြောင်း သိလိုက်ရသည်။

ထို့နောက် နာယကကြီး၏ လုံခြုံရေးအတွက် ဗိုလ်ဘော်ဒွင် ဦးစီးသော တပ်ဖွဲ့တဖွဲ့ ထားခွင့်ပေး၏။ သူ သည် ထိုတပ်ဖွဲ့ထဲတွင် တပ်ဖွဲ့ဝင် တဦးအဖြစ် ပါဝင်ခဲ့သည်။ ဥက္ကဌကြီးမန်းဘဇန်မှ နာယကကြီး ဖြစ်သွားသော ကြောင့် လုပ်ငန်းတာဝန်များ လျော့နည်းသွားလေသည်။ ထို့ကြောင့် နာယကကြီးနှင့် အတူရှိကြသော လုံခြုံ ရေးတပ်ဖွဲ့ဝင်များအပြင် နာယကကြီး၏ သားသမီးများပါ ပါဝင်သော နိုင်ငံရေးသင်တန်းတခု ပို့ချရန် စီစဉ် လိုက်သည်။ ထိုသင်တန်းတွင် သူလည်း တက်ရောက်ခဲ့သည်။ ထိုသင်တန်းအား နာယကကြီး မှ စနစ်တကျ အချိန်ပေးပြီး ပို့ချပေးသည်။ ထိုသင်တန်းတွင် နာယကကြီးမှ သူ၏ (၇၄ လမ်းစဉ်) ကို အကျယ်တဝင့် ပို့ချ ပေးသည်။ ၇၄ လမ်းစဉ်တွင် ကရင့်တော်လှန်ရေး၏ ဦးဆောင်မှုအခန်းအား တော်လှန်သော မျိုးချစ်များက ဦးဆောင်ရမည်ဖြစ်ကြောင်း၊ တော်လှန်သောမျိုးချစ်များ၏ လက္ခဏာများနှင့် တာဝန်၀တ္တရားများကို သတ် မှတ်ပေးထားကြောင်း။ အလုပ်သမား၊ လယ်သမား၊ ပညာတတ်ဓနရှင်ပေါက်စ နှင့် အမျိုးသားဓနရှင်များ၏ အကျိုးကို အကာအကွယ်ပေးကြောင်း။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ် ရေးတို့အား အကောင်အထည်ဖေါ်ဆောင်မည်ဖြစ်ကြောင်း။ လက်ဝါးကြီးအုပ် အရင်းရှင်စနစ်နှင့် မြေရှင်ပဒေ သရာဇ်စနစ်တို့ကို ဆန့်ကျင်ကြောင်း။ ဗမာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို ကိုယ်တိုင် ကျင့်သုံးကိုင်စွဲသော နေဝင်းအစိုးရကို တိုက်ထုတ်မည်ရဖြစ်ကြောင်း။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု၊ ဖယ်ဒရယ်ပြည်ထောင်စု သမတနိုင်ငံတော်ကို တည်ဆောက် မည်ဖြစ်ကြောင်း။ ၇၄ လမ်းစဉ်အား အမျိုးသားရေးနှင့် ဒီမိုကရေစီရေးကို တချိန်တည်း လုပ်ဆောင်ရသဖြင့် “အမျိုးသားဒီမိုကရေစီ”လမ်းစဉ်ဟု ခေါ်ကြောင်း။ အရောင်သဘောနှင့် ပြောရလျှင် အနီမဟုတ်၊ အဖြူလည်း မဟုတ်၊ ပန်းရောင်သာဖြစ်ကြောင်း။ လက်ဝဲနိုင်ငံရေးသမားရော၊ လက်ယာနိုင်ငံရေးသမားများကပါ လက်ခံ နိုင်အောင် ရေးဆွဲထားကြောင်း ရှင်းပြသည်။ လူ့ဖြစ်စဉ်သမိုင်းကို သင်ကြားပြီးသော အခါ နာယကကြီး က “ငါတော့…ဘုရားကိုယုံတယ်၊ မင်းတို့တော့…ဘုရားကိုယုံတယ်၊ မယုံဘူးဆိုတာ…မင်းတို့ ကိုယ်တိုင်ဘဲ ဆုံးဖြတ် ကြပါ…၊ ”ဟု ပြောသည်။ နာယကကြီးသည် အိပ်ယာဝင်ခါနီး ဘုရားဝတ်ပြုဆုတောင်းချိန်တွင် တလေးတစား ဖြင့် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပေးလေ့ရှိသည်။

သင်တန်းပြီးဆုံးသွားသောအခါ နာယကကြီးမှ ကရင်သမိုင်းနှင့် ဆိုင်သည်များကို နှုတ်ဖြင့်ပြောပြပြီး သူ့ အား ရေးမှတ်ခိုင်း၏။ တခါတရံ သူသည် နာယကကြီးနှင့် နိုင်ငံရေးဆိုင်ရာ သိလိုသည့် ကိစ္စများကို ဆွေးနွေး၏။ ထို့အပြင် နယ်မြေအတွေ့အကြုံလိုအပ်ကြောင်း၊ ဗဟိုမှာ နေရသည်မှာ ငြီးငွေ့လာကြောင်း၊ တရုတ်ပြည်တော် လှန်ရေးအကြောင်း၊ ဗီယက်နမ်တော်လှန်ရေးအကြောင်းနှင့် ကျူးဘားတော်လှန်ရေးအကြောင်း စသည်ဖြင့် ဖတ်ရှုခဲ့ရသော စာအုပ်များနှင့် ယခု ကရင့်တော်လှန်ရေး၏ လက်ရှိအခြေအနေမှာ ကွာခြားနေကြောင်း နာယ ကကြီးကို ပြောပြသော် နာယကကြီးမှ “ဒီကိစ္စကို သိပ်မစဉ်းစားပါနဲ့၊ ကျန်းမာရေးကိုဘဲ ဂရုစိုက်ပါ“ဟု ပြန် ပြောသည်။ စိတ်ဓါတ်နှင့် ဆိုင်မည်ထင်သည်။ တဖြေးဖြေးနှင့် ကျန်းမာရေး ကျဆင်းလာ၏။ ထိုအခါ နာယက ကြီးက “လူတယောက် မကျန်းမာတာ စိတ်ပိုင်းဆိုင်ရာက (၈၀) ရာခိုင်နှုန်းရှိပြီး ရုပ်ပိုင်းဆိုင်ရာက (၂၀)ရာခိုင် နှုန်းသာ ရှိကြောင်း” သူ့ ကို ပြော၏။

တနေ့…ကိစ္စတခုကြောင့် သောင်ရင်းမြစ်စပ်သို့ အစည်းအဝေးတက်ဘို့ ဆင်းသွားစဉ် သောင်ရင်းမြစ်ထဲမှ စက်လှေတစီးသည် အရှိန်နှင့် မောင်းနှင်လာကာ နာယကကြီး အနားရောက်လာသောခါ စက်ရှိန်လျှော့လိုက် ပြီး ဗိုလ်ချုပ်ကြီးဘိုမြမှ စက်လှေပေါ်တွင် မတ်တတ်ရပ်ကာ နာယကကြီးအား “ဥက္ကဌကြီး”ဟု အသံပြုကာ အလေးပြုလိုက်သည်။ စက်လှေအရှိန်လျော့သွားသော်လည်း ဖြေးဖြေးချင်း ဆက်သွားနေသေးသဖြင့် နာယကကြီး က “ဘယ်သူလဲ” ဟု သူ့ကို လှမ်းမေးလိုက်ရာ ဗိုလ်ချုပ်မြ ဖြစ်ကြောင်းပြောပြသည်။ နာယက ကြီးမှာ မျက်စိအလင်း သိပ်မကောင်းသဖြင့် ဘယ်သူဘယ်ဝါမှန်း ထင်ထင်ရှားရှား မမြင်နိုင်သောကြောင့် ဖြစ် ၏။ ဗိုလ်ချုပ်ကြီးဘိုမြသည် KNU ဥက္ကဌဖြစ်သွားသော်လည်း နာယကကြီးအပေါ်တွင် ဆက်လက် လေးစား ကြည်ညိုဆဲ ရှိနေကြောင်း သူ့…စိတ်တွင် တွေးထင်မိခဲ့သည်။

သူငယ်ချင်း အဂ္ဂဖိုးချစ် (ဂွန်ရှင်မန်း)သည် ဖလူးမှ မာနယ်ကလောသို့ ပြန်ရောက်လာသောအခါ သူ့အား “နယ်မြေအတွေ့အကြုံ လိုချင်ရင်..တပ်မဟာ (၆)ဘက်မှာ ပိုသင့်တော်တယ်၊ တပ်မဟာ (၆)မှာ လူထုများ တယ်၊ တော်လှန်ရေးလုပ်မယ်ဆိုရင် လူထုများတဲ့နေရာမှာ လုပ်သင့်တယ်” ဟု အကြံပေးခဲ့၏။

ထို့ကြောင့် တပ်မဟာ (၆)တွင် နယ်မြေအတွေ့အကြုံယူလိုကြောင်း နာယကကြီးအား တင်ပြရာ…နာယက ကြီးလည်း သဘောတူသည်။ ခရီးမထွက်ခင် နာယကကြီးက “ကရင်တော်လှန်ရေးကို သစ္စာမဖေါက်နဲ့၊ ကရင်လူမျိုးကို သစ္စာမဖေါက်နှင့်၊ ရောက်တဲ့နေရာတွင် တော်လှန်ရေးကို အကျိုးပြု” ဟု မှာလိုက်သည်။ ထို့အပြင် KNU အတွင်းရေးမှူးချုပ်ဗိုလ်ချုပ်မောင်မောင် ထံ စာတစောင်ရေးပေးသည်။ ဗိုလ်ချုပ်မောင်မောင် မှ စာကို ဖတ်ပြီးနောက် သူ့အား ခရီးစရိတ်အဖြစ် ဘတ်ငွေ (၅၀၀)ထုတ်ပေးလိုက်သည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect