(စတက်နေ-ပန်းတနော်)
အပိုင်း (၄)
(၄)
ဒူးပလာယာခရိုင် (တပ်မဟာ-၆) သို့…။
၁၉၇၇ ခုနှစ်၊ ဆောင်းရာသီ…၊ ဖလူးဂိတ်မှူး ဗိုလ်ဝါးလယ် သည် မာနယ်ပလော သို့ ပြန်ရောက်လာသည်။ ဗိုလ်ဝါးလယ် နှင့် တိုင်ပင်ပြီး ၎င်း၏ အစီအစဉ်နှင့် ဖလူးစခန်း သို့ လိုက်လာခဲ့သည်။ ဖလူးစခန်းသို့ ရောက် သောအခါ မည်သည့်နေရာတွင် တည်းခိုရမည်ကို စဉ်းစားမရ ဖြစ်ရသည်။ သူ၏ မူလရည်ရွယ် ချက်မှာ တပ်မဟာ (၆)နယ်မြေတွင် နယ်မြေအတွေ့အကြုံယူရန် ဖြစ်သည်။ ဗဟိုဂိတ်အဖွဲ့ဝင်များကို ကြည့်လိုက်သောအခါ သူက ဘဝင်မကျ၊ တချို့မှာ ဘ၀မေ့ပြီး အောက်ခြေလွတ်နေသည်ကို တွေ့ရသည်။ ဖလူးစခန်းဘက်ကို လေ့လာသောအခါ စခန်းတာဝန်ခံမှာ ဗိုလ်ကြီးလားကပေါ် ဖြစ်သည်။ ဗိုလ်ကြီးလား ကပေါ် မှာ ၁၉၇၆ ခုနှစ် မယ်လတွင် ဖွင့်လှစ်ခဲ့သော နိုင်ငံရေးသင်တန်းတွင် သူနှင့် ရင်းနှီးသိကျွမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ကြီးလားကပေါ် ထံသို့ သွားရောက်တွေ့ဆုံသည်။ ဗိုလ်ကြီးလားကပေါ် မှ သူ့အား ဖေါ်ရွေစွာနှင့် ဆီးကြိုလက်ခံတွေ့ဆုံသည်။ သူလည်း သူ့…ခရီးစဉ်နှင့် ပတ်သက်သော အကြောင်း အရာများကို ပြောပြလိုက်သည်။ ထိုအခါ ဗိုလ်ကြီးလားကပေါ် မှ “ကိုဇော်ရေ…ဒီလိုဆိုရင် ဗဟိုကို မပြန်နဲ့ တော့…ကျနော်တို့နဲ့ဘဲ အလုပ်အတူလုပ်ပါ” ဟု ပြန်ပြောသည်။ နောက်တနေ့တွင် ဗိုလ်ကြီးလားကပေါ် မှ ဗိုလ်ကြီးဒိုစိုး (ဆရာဘရီး)ကို ခေါ်ပြီး မဲဆောက်ရှိ မောင်ဖက်ထူး ဆေးခန်းသို့ ခေါ်သွားသည်။ ဆေးခန်းမှ လိုအပ်သည့် ဆေးဝါးများကို ပေးလိုက်သည်။
နောက်သုံးလေးရက်ကြာသောအခါ သူငယ်ချင်း အဂ္ဂဖိုးချစ် ဖလူးသို့ရောက်လာပြီး ဖလူး ကော်သူးလေ အထက်တန်းကျောင်းမှ ကျောင်းဆရာများဖြစ်ကြသော ဆရာထူးလို၊ ဆရာမန်းချစ်စိန် တို့နှင့် သူ့အား မိတ်ဆက်ပေးသည်။ သူသည် ဖလူးသို့ ရောက်ရှိချိန်တွင် လာမည့်နှစ် (၁၉၇၈)တွင် ကရင်နှစ်သစ် ကူးပွဲတော်အား ခရိုင်အခြေခံဒေသရှိ အဇင်းကျေးရွာတွင် ပြုလုပ်ကျင်းပမည်ဖြစ်ကြောင်း၊ ဖလူး ကော် သူးလေ အထက်တန်းကျောင်းမှ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများလည်း သွားကြမည် ဖြစ်ကြောင်း သိလိုက်ရသည်။ သို့ဖြစ်ပါ ၍ ဗိုလ်ကြီးလားကပေါ် က ဖလူး အထက်တန်းကျောင်းအဖွဲ့နှင့် အတူ လိုက်သွားရန်နှင့် အဇင်းဘက်တွင် ဖူးလောကွား လည်း ရှိကြောင်း သူ့ကို ပြောသည်။ (ဖူးလောကွား ခေါ် ဗိုလ်မှူးချုပ်၀ရဇိန် သည် ပဲခူးရိုးမတိုင်းတွင် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မာနယ်ပလော တွင် သူနှင့် ရင်းနှီး သိကျွမ်းခဲ့သူ ဖြစ်သည်)။ အဇင်းသို့ ခရီးမထွက်မီ ကာလအတွင်း ဖလူး ရှိ ဆရာထူးလို နေအိမ်တွင် ယာယီ တည်းခိုသည်။
မှတ်ချက်။ ။ ၁၉၇၇ ခုနှစ် ကာလတွင် ဒူးပလာယာခရိုင် (တပ်မဟာ-၆) နယ်မြေသည် မြ၀တီမြို့မှ ကော့ကရိတ်မြို့သို့ ဆက်သွယ်သော ကားလမ်းဟောင်း၏ တောင်ဘက်မှစပြီး ရေး၊ လမိုင်း နယ်မြေအထိ ကျယ်ဝန်းသည်။ KNU ဘက်မှ ထိုနယ်မြေအား မြို့နယ် (၅) မြို့နယ်တို့ဖြင့် ဖွဲ့စည်းပြီး အုပ်ချုပ်သည်။
အဆိုပါမြို့နယ်များမှာ…
(၁) ကော့ကရိတ်မြို့နယ်။
(၂) ကျုံဒိုးမြို့နယ်။
(၃) ကြာအင်းမြို့နယ်။
(၄) ဝင်းရေးမြို့နယ်။
(၅) ခရိုင်-အခြေခံဒေသ တို့ ဖြစ်သည်။ ခရိုင်-အခြေခံဒေသမှာ KNU ၏ မြို့နယ်ဖွဲ့စည်းပုံနှင့် အညီ ဖွဲ့စည်း ထားခြင်းမျိုးမဟုတ်။ ခရိုင်အလုပ်အမှုဆောင်များက တိုက်ရိုက် စီမံခန့်ခွဲ လုပ်ကိုင်သည်။ အထက်ဖေါ်ပြပါ မြို့နယ် (၅) မြို့နယ် ပါဝင်သော နယ်မြေကို နိုင်ငံရေး၊ အုပ်ချုပ်ရေးအရ ဒူးပလာယာခရိုင် ဟု ခေါ်ဝေါ်ပြီး ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်နယ်မြေအရ၊ အမှတ် (၆) တပ်မဟာ ဟု ခေါ်ဆိုသည်။ ဖလူးစခန်းသည် ကော့ကရိတ်မြို့နယ် အတွင်း၌ တည်ရှိသည်။
(၅)
ခရိုင်အခြေခံဒေသသို့…။
၁၉၇၈ ခုနှစ်၊ ခရိုင်အခြေခံဒေသရှိ အဇင်းရွာတွင် ကျင်းပသော ကရင်နှစ်သစ်ကူးပွဲတော်သို့ ဖလူး ကော်သူးလေ အစိုးရအထက်တန်းကျောင်း၏ ကျောင်းဆ ရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် အတူ လိုက်ပါသွားခဲ့သည်။ သူငယ်ချင်း အဂ္ဂဖိုးချစ် လည်းပါသည်။
အဆိုပါ ကရင်နှစ်သစ်ကူးပွဲတော်တွင် သူ့အား မှတ်မှတ်ရရ အဖြစ်အပျက်တခု ရှိစေခဲ့သည်။ ထိုအဖြစ်အ ပျက်မှာ သူ၊ ဆရာထူးလို၊ အဂ္ဂဖိုးချစ် တို့နှင့်အတူ ပွဲခင်းထဲတွင် ထိပ်တုံး ခတ်ခံရသောကြောင့် ဖြစ်သည်။ နှစ်သစ်ကူးပွဲတော်ကျင်းပသော ပွဲခင်းနေရာသည် ဟောင်သရောချောင်း နှင့် နီးသည်။ ပွဲတော်ကာလ တရက် တွင် အဂ္ဂဖိုးချစ်၊ ဆရာထူးလို၊ ဆရာမ နန့်လှခင် (ဆရာထူးလိုဇနီး)နှင့် သူတို့တတွေ ပွဲခင်းထဲ လည်ပတ်ကြရင်း ဟောင်သရော ကမ်းစပ်ဆီသို့ ရောက်သွားသည်။ ဟောင်သရော ချောင်းသည် ရေကြည်ပြီး ချောင်းရေထဲတွင် အုပ်လိုက်၊ အုပ်လိုက် သွားလာနေကြသော ငါးများကို ကမ်း စပ်မှအထင်းသား မြင်တွေ့နေရသည်။ ထိုအခါ အဂ္ဂဖိုးချစ်သည် သူ့တွင် ပါလာသော ခြောက်လုံးပြူးသေနတ်ဖြင့် ရေထဲရှိ ငါးအုပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သေနတ်သံကြောင့် ပွဲခင်းလုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ သူတို့အား ဖမ်းဆီးခေါ်ဆောင်ပြီး ပွဲခင်းထဲရှိ ထိပ်တုံးတွင် ထည့်သွင်းခံလိုက်ကြရသည်။ ထိုကဲ့သို့ မကြုံဘူးသောအဖြစ်အပျက်တခုကြောင့် ယနေ့ထက်တိုင် မမေ့နိုင်ပေ။ ပွဲခင်း၏ လုံခြုံရေးတာဝန်ခံမှာ ဗိုလ်ကြီးကျော်ကော့ ဖြစ်သည်။ ဗိုလ်ကြီး ကျော်ကော့ သည် ၁၉၇၆ ခုနှစ်၊ မယ်လတွင် ဖွင့်လှစ်သော နိုင်ငံရေးသင်တန်းကျောင်းတွင် တွေ့ကြုံသိကျွမ်း ခဲ့သူ ဖြစ်သည်။ ဗိုလ်ကြီးကျော်ကော့ ၏ လုံခြုံရေးတပ်သားများက “ဒီကောင်တွေ ဗဟိုကလာတာ၊ ထိပ်တုံးခပ်လိုက်”ဟု ပြောဆို နေကြသံကို သူတို့ ကြားရသည်။ (ထိုကာလတွင် ဗဟိုဘဏ္ဍာရေးဌာနမှ ဖလူးဂိတ် အား သိမ်းပိုက်လိုက်သဖြင့် တပ်မဟာ (၆)မှ ရဲဘော်၊ ခေါင်းဆောင်တချို့ မကြေမနပ် ဖြစ်နေ ကြသည်)။ “ယုန်ထောင်ကြောင်မိ” ဖြစ်နေသည်။ ထိုနှစ်၊ နှစ်သစ်ကူးပွဲသို့ လာရောက်ကြသော ပရိသတ်များမှာ သောင်းချီရှိသည်ဟု သူက ထင်သည်။ ဆရာမ နန့်လှခင် ကိုတော့ ထိပ်တုံးထဲ မထည့်ပါ။ သူတို့ (၃)ယောက်ထဲတွင် ကျောင်းဆရာ တဦး ပါဝင်နေသဖြင့် သူတို့ အားမငယ်စေရန် ဖလူးဘက်မှ လာသူ တချို့က ထိပ်တုံးအနီးတွင် ဝိုင်းထိုင်ပေးကြသည်။ ထို့နောက် ပွဲတော်ဖြစ်မြောက်ရေးတာဝန်ခံ ဗိုလ်မှူးကုလ ရောက် ရှိလာပြီး သူတို့အား ထိပ်တုံးတွင်းမှ ထုတ်လိုက်သည်။ ဗိုလ်မှူးကုလ သည် သမာသမတ်ကျကျ ဆုံးဖြတ်သည် ကို တွေ့ရသည်။ ဗိုလ်မှူးကုလ မှ…”ကျနော်တို့လည်း ပွဲတော်တခုလုံးကို ပြုလုပ်ကျင်းပပေမဲ့ ပွဲတော်နဲ့ဆိုင်တဲ့ စည်းကမ်းချက်တွေကို မထုတ်မိတဲ့အတွက် ကျနော်တို့ဘက်က အားနည်းချက် ဖြစ်တယ်။ ခင်ဗျားတို့လည်း ဗဟိုကနေ လာတဲ့လူတွေဖြစ်တယ်၊ ဒီလိုပွဲတော်အနီးမှာ သေနတ်ဖေါက်တာတွေ မလုပ်ရဘူးဆိုတာ သိထား သင့်တယ်၊ ဒါက ခင်ဗျားတို့ဘက်က အားနည်းချက်ဘဲ” ဟု စကားကို သိမ်မွေ့သော လေသံနှင့် ပြောသွားသည်။ သူတို့ (၃)ဦးထဲတွင် အဂ္ဂဖိုးချစ် သည် ပန်းချီရေးဆွဲခြင်း၊ ပိုစတာရေးသားခြင်း ကျွမ်းကျင်ကြောင်း ဗိုလ်မှူး ကုလ က သိလိုက်ရသောအခါ ပွဲခင်းဆိုင်ရာ စည်းကမ်းချက်များ ရေးသားပေးဘို့ အကူအညီ တောင်းသည်။ ထူးခြားချက် တခုအနေဖြင့် အဂ္ဂဖိုးချစ်က သူတို့ (၃)ဦး ထိပ်တုံးကျခဲ့ပုံကို ရုပ်ပြောင် ကာတွန်း တကွက်ဖြင့် ထိမိစွာ ရေးဆွဲလိုက်သည်။ ထိုရုပ်ပြောင်ကာတွန်းထဲတွင် “ဤသို့ပြုလျှင် ဤသို့ခံရမည်”ဟူ၍ စာသားပါရှိ သည်။ (ထိုနှစ်၊ နှစ်သစ်ကူးတွင် ဗဟိုခေါင်းဆောင်အထူးဧည့်သည်အဖြစ် ဖူးစကောလယ်တော ကို ဖိတ်ကြား သည်။ ဗဟိုမှလာသော ရဲဘော်များ ပွဲခင်းထဲတွင် ထိပ်တုံးခတ်ခံရသည်ကို သိရှိရသောကြောင့် သူတို့အား လာရောက်ကြည့်ရှုသေးသည်)။ ဒုတိယအဖြစ်အပျက်တခုမှာ အမျိုသမီးတဦးသည် ဓါးဒါဏ်ရာဖြင့် ပွဲခင်းထဲတွင် သေဆုံးနေသည်ကို တွေ့ရသည်။ အကြောင်းမှာ ထိုဒေသ၏ အစဉ်အလာအရ၊ ခလေးမိခင်များသည် အပြင်သို့ ထွက်သောအခါ ဓါးများကို ဆောင်ပြီးသွားတတ်သည်။ ယင်းအမျိုးသမီးမှာ ညအချိန် ခလေးချီပိုးရင်း ပွဲကွင်းတွင်း ကံသင်းဖြတ်ကူးစဉ် ခြေခေါက်ပြီး ချော်လှဲသွားသဖြင့် သူမ၏ ဓါးနှင့်ပင် နှစ်လုံးတည့်တည့်တွင် ထိုးသွင်းခံလိုက်ရ၍ သေဆုံးသွားသည်ကို တွေ့ရသည်။ နှစ်သစ်ကူးပွဲတော် ပြီးဆုံးသောအခါ ခရိုင်ရုံးတွင် ဖူးစကောလယ်တော နှင့် ခရိုင် ခေါင်းဆောင်တချို့ တွေ့ဆုံပွဲတခု ပြုလုပ်ခဲ့သည်။ ထိုတွေ့ဆုံ ဆွေးနွေးပွဲတွင် ခရိုင်ကော်မတီများမှ ဖူးစကောလယ်တော အား သိလိုသည်များကို မေးသည်။ ခရိုင်ကော်မတီတဦးက… “အဖူးရေ…ကရင့်တော်လှန်ရေး ဘယ်တော့ အောင်မလဲ”ဟု မေးမြန်းရာတွင် ဖူးစကောလယ်တော မှ… ”အမှားတွေ နောက် ထပ်မကျူးလွန် တော့ဘူးဆိုလျှင် နောက်နှစ်နှစ် သုံးနှစ် အတွင်းမှာပင် အောင်ပွဲခံနိုင်ပါသည်”ဟု ပြန်လည်ဖြေ ကြားခဲ့သည်ကို သူ…ယခုထိ မှတ်မိနေသေးသည်။
ကရင်နှစ်သစ်ကူးပွဲတော် ပြီးသောအခါတွင် ဆရာထူးလို တို့၏ ဇနီးမောင်နှံ နှင့် အဂ္ဂဖိုးချစ်တို့က ဖလူးဘက်သို့ ပြန်သွားကြသည်။ ဖူးလောကွားမှ ၎င်းနှင့်နေရန် ပြောထားသောကြောင့် သူ…ကျန်ရစ်ခဲ့သည်။ ထိုကာလတွင် ဖူးလောကွား မှာ ခရိုင်ရုံးတွင် နေထိုင်ပြီး အကြံပေးသူ တဦးကဲ့သို့ ဖြစ်နေသည်။ သိပ်မကြာပါ။ ခရိုင်အတွင်းရေးမှူး ပဒိုငွေတင်နှင့် ဖူးလောကွား တို့က တိုင်ပင်ကြပြီးနောက် သူ့အား “လေးဖိုးခီး” ဂိတ်တွင် ယာယီဂိတ်မှူးတာဝန်ယူရန်၊ ရဲဘော်စိုးလွင် (ပဲခူးရိုးမဘက်မှလာသူ) နှင့် အတူ တာဝန်ပေးလိုက်သည်။ (ရဲဘော် စိုးလွင်သည် ငယ်စဉ်ကတည်းက မိဘနှင့် တော်လှန်ရေးစခန်းတခုတွင် အတူနေရင်း ရန်သူမှ ထိုစခန်းကို ဝင်စီးချိန်တွင် ခြေထောက်တဖက်ကို သေနတ်ထိမှန်သောကြောင့် ခြေတဖက်မသန် ဖြစ်ကာ လမ်းလျှောက် တိုင်း ထော့နဲ့ထော့နဲ့ ဖြစ်သည်။ သူ၏ မိဘများမှာလည်း တော်လှန်ရေးသမားများဖြစ်သည်)။ “လေးဖိုးခီး” ဂိတ်မှာ ဖားဝီးဖိုးတောင်ခြေရှိ ဂိတ်ငယ်လေးတခု ဖြစ်သည်။





လေးဖိုးခီးဂိတ်တွင် (၆)လခန့် တာဝန်ယူခဲ့ရသည်။ ခွေးပျက် (ထွံၣ်ဟးဂီၤ)ဆိုပြီး အနီးရှိ ရွာတချို့မှ တောင် ပေါ်ကရင်များက သူတို့ မွေးထားသော ခွေးများ…အချိန်မတော်အူခြင်း၊ အိမ်မွေးကြက်များကို ကိုက်စားခြင်း စသော ခွေးများကို ဂိတ်သို့ လာပို့ပေးကြသည်။ ရဲဘော်စိုးလွင် မှာ ဟင်းချက်ကောင်းသဖြင့် တချို့ကို ကြပ်တင်၊ တချို့ကို အခြောက်လှမ်းပြီး ပုံစံအမျိုးမျိုးစုံဖြင့် ချက်ကြွေးခြင်းကြောင့်…။ အစပိုင်းတွင် မစားဝံ့ သော်လည်း နောက်ပိုင်းတွင် လျှာရေလည်သွားရသည်။ တခါတရံ ကျိုက်ဒုံရွာဘက်မှလာသော မွတ်ဆလင် ကုန်သည်တချို့က ကိုယ်တိုင်ဝင်ချက်ပြုတ်ပြီး သူတို့နှင့် အတူစားကြသည်။ (၆)လအတွင်း ခွေး (၆)ကောင် သား စားခဲ့ရပြီး ဖြစ်သည်။ တရက်တွင် ကျေးရွာကာကွယ်ရေးက နွားသူခိုး ဆိုသူအား ဂိတ် သို့ လာအပ်သည်။ ခရိုင်ရုံးသို့ အကြောင်းကြားလိုက်သောအခါ ခရိုင်ရုံး သို့ ပို့ပေးရန်နှင့် လူဆိုးစာရင်းတွင် ပါဝင်သူ ဖြစ်ကြောင်း လည်း ပြောပြသည်။ မိုးချုပ်ခါနီးဖြစ်၍ ခရိုင်ရုံးသို့ ချက်ချင်းပို့ရန် အချိန်မရှိတော့ပါ။ ထို့ကြောင့် ထို နွားသူခိုးအား ရဲဘော်စိုးလွင် နှင့် အပ်ထားလိုက်သည်။
အနားယူ ညအိပ် ချက်ပြုတ်စားသောက်သည့် အိမ်နှင့် အကောက်ဂိတ်မှာ အနည်းငယ် အလှမ်းဝေးသည်။ အဆိုပါ နွားသူခိုးအား နောက်တမနက်တွင် ခရိုင်ရုံးသို့ ပို့မည်ဟု အသိပေးထားလိုက်သည်။ တညလုံး သူတို့နှင့် အတူရှိနေကြသည်။ မိုးလင်းသောအခါ သူက အကောက်ဂိတ်သို့ သွားပြီး ထုံးစံအတိုင်း နေ့စဉ်လုပ်ငန်းများကို လုပ်ကိုင်နေသည်။ နွားသူခိုးနှင့် ရဲဘော်စိုးလွင် တို့ နှစ်ဦးသာ ကျန်ခဲ့သည်။ သိပ်မကြာခင် ရဲဘော်စိုးလွင် သူ့ထံရောက်လာပြီး နွားသူခိုး မရှိတော့ကြောင်း ပြောသည်။ သူက “ဒီမနက်ခရိုင်ရုံးကို ပို့ပေးမယ်လို့ ပြော ထားပြီးပြီ၊ လိုက်ရှာပါ”ဟု ရဲဘော်စိုးလွင်ကို ပြောသည်။ ရဲဘော်စိုးလွင် ထွက်ခွာသွားသည်။ ၁/၂ နာရီခန့် ခြားမည်ထင်သည်။ ရဲဘော်စိုးလွင် ပြန်ရောက်လာသည်။
“တနေရာမှာ နွားသူခိုးနှင့် တွေ့ခဲ့ကြောင်း၊ နွားသူခိုး က သူ့ကိုတွေ့တော့ ထွက်ပြေးကြောင်း၊ ဆက်မပြေးရန် ပြောသော်လည်း ဆက်ပြေးကြောင်း၊ ထို့ကြောင့် သူ့တွင်ပါလာသော ကာဘိုင်သေနတ်နှင့် ပစ်ရာ သေနတ်ထိမှန် သေဆုံးသွားကြောင်း” ပြန်ပြောပြသည်။ ထို့ကြောင့် သူက ခရိုင်ရုံးသို့ ချက်ချင်းပြန်တက်ပြီး ခရိုင်အတွင်းရေးမှူးကို လူကိုယ်တိုင် အစီရင်ခံလိုက်ရ သည်။ အဆိုပါ နွားသူခိုးသည် ပြစ်မှု မည်၍ မည်မျှ ရှိခဲ့ကြောင်း သူက မသိ။ သို့သော် ခရိုင်ရုံးသို့ ရောက်သော အခါ ခရိုင်ရုံးမှ အလိုရှိနေသူ တဦးဖြစ်ကြောင်း သိလိုက်ရသည်။ (ချက်ပြုတ်စားသောက် ညအိပ်သောအိမ် တွင် ထိုတရားခံအား ချုပ်နှောင်ထားပြီး တညလုံး အတူရှိနေသော်လည်း သူတို့ကို ပြဿနာ ဘာတခုမပေး၍ သာ တော်သေးသည်ဟု ဆိုရမည်)။
ထို့နောက် ဂိတ်တွင် တာဝန်ပြီးဆုံး၍ ခရိုင်ရုံးသို့ ပြန်ရောက်လာသောအခါ ခရိုင်အတွင်းရေးမှူး ပဒိုငွေတင် က “ဒူးပလာယာခရိုင်တွင် ဆက်လက် တာဝန်ယူရန်အတွက် နာယကကြီးမန်းဘဇန် ထံ ကြေးနန်းနှင့် အကြောင်း ကြားခဲ့ကြောင်း၊ နာယကကြီးမှ ဒူးပလာယာခရိုင်တွင် ဆက်လက်ပြီး တာဝန်ထမ်းဆောင်ရန် သဘောတူ ကြောင်းကို ပြန်ကြားထားပြီဖြစ်ကြောင်း” သူ့ကို ပြောပြလိုက်သည်။
၁၉၇၉ ခုနှစ် နှစ်ဦးပိုင်းတွင် ခရိုင်-အခြေခံဒေသ တာဝန်ခံ ပဒိုခလီစေးမှ မကြာမီ ဖွင့်လှစ်မည့် တပ်သားသစ် အခြေခံစစ်သင်တန်းတွင် နိုင်ငံရေးဘာသာရပ်ကို ပို့ချပေးရန် တာဝန်ပေးသည်။ တဆက်တည်း ၁၉၇၄ ခုနှစ် KNU ၏လမ်းစဉ်စာအုပ်တအုပ်ကိုလည်း သူ့အား ထုတ်ပေးလိုက်သည်။
ထို့ကြောင့် သူသည် “ကျောက်ခွရွာ” အနီးရှိ လေးဘလားစခန်းသို့ ထွက်ခွာသွားရသည်။ လေးဘလားစခန်းသို့ ရောက်သောအခါ စစ်သင်တန်းကျောင်းအုပ်ကြီး ဗိုလ်ကြီးကြည်ရွှေ နှင့် တွေ့သည်။ ဗိုလ်ကြီးကြည်ရွှေမှာ ၁၉၇၆ ခုနှစ် မယ်လတွင် ဖွင့်လှစ်သော နိုင်ငံရေးသင်တန်းတွင် သူနှင့် ရင်းနှီးခဲ့သူဖြစ်သည်။ သူ့အားလည်း ဖေါ်ရွေစွာ ကြိုဆိုသည်။ သင်တန်းဆရာများဖြစ်ကြသော သင်တန်း ဒု-တာဝန်ခံ ဒု-ဗိုလ်မာဆလိုက် နှင့် ဆရာကြီးထေဖိုးတို တို့အပြင် အခြားသော သင်တန်းဆရာများနှင့်လည်း မိတ်ဆက်ပေးသည်။ သင်တန်းဖွင့် အမှာစကားအား ဗိုလ်ကြီးကြည်ရွှေ မှ သူ့အား ပြောစေသည်။ တပ်သားသစ် သင်တန်းသား (၉၀)ဝန်းကျင် ခန့်ရှိသည်။ (အတိအကျ မမှတ်မိတော့ပါ)။ သင်တန်းကာလမှာ (၃)လ ဖြစ်သည်။
သင်တန်းသားများထဲတွင် ပီတာမိုးဟိန်း ဆိုသူတဦး ပါဝင်သည်။ မြောင်းမြ နယ်ဘက်ကဖြစ်ပြီး၊ အလယ် တန်းပြကျောင်းဆရာဟု သိရသည်။ တရက်မှာ သင်တန်း နားနေစဉ် ပီတာမိုးဟိန်းမှ သူ့ဆီလာပြီး “ဆရာ့ ကိုကြည့်ရတာ ဖြူဖတ်ဖြူယော်နဲ့ နေထိုင်မကောင်းသလိုဘဲ” ဟု ပြောသည်။ သူက “အစာအိမ်မကောင်း၍ အစာရှောင်နေရကြောင်း”ပြောပြသည်။ ထိုအခါ ပီတာမိုးဟိန်းမှ “ သူ့တွင် သူငယ်ချင်းတဦး ရှိခဲ့ကြောင်း၊ အဆိုပါ သူငယ်ချင်းမှာ မိဘများ ချမ်းသာသဖြင့် နာမည်ကြီး ဆေးရုံများတွင် ပြသ၍ ကုသခဲ့သော်လည်း သူ၏ အစာအိမ်ရောဂါမှာ သက်သာမှုမရှိကြောင်း၊ အခြားလူတဦး၏ အကြံပြုချက်အရ နနွင်းမှုန့်စစ်စစ် ကို ရေဖျော်ပြီး တနေ့လျှင် တခွက်သောက်ရာ နောက်ဆုံးတွင် သက်သာ ပျောက်ကင်းသွားကြောင်း” ပြောပြ သည်။ ထို့ကြောင့် သူက စမ်းသပ်လို၍ စခန်းအနီးရှိ ကျောက်ခွရွာသို့ နနွင်းမှုန့် အရှာ ထွက်ခဲ့သည်။ သို့သော် နနွင်းမှုန့်မရ…၊ နနွင်းတက်သာ ရခဲ့သည်။ နနွင်းတက်ကို မီးဖုတ်၍သော်၎င်း၊ အစိမ်းလိုက်သော်၎င်း၊ ထမင်းစား သည့်အခါတိုင်း ဟင်းရွက်ကဲ့သို့ တို့စားလိုက်သည်။ တပတ်ကျော်ကျော်ခန့်အကြာတွင် သူ့ခန္ဓာကိုယ်တွင် အပြောင်းအလဲ ဖြစ်လာသည်ဟု ခံစားရသည်။ အရင်ကဆိုလျှင် ရာသီဥတုပူပြင်းသော်လည်း ခြေဖျားလက် ဖျားအေးခြင်း၊ ရေမချိုးမရဲခြင်း အဖြစ်မှ ခြေဖျား လက်ဖျား မအေးတော့ဘဲ ရေချိုးရဲလာသည်။ ထိုဖြစ်ရပ်ကို သင်တန်းတွင် ပြောပြလိုက်ခြင်းကြောင့် အခြေခံစစ်သင်တန်းတခုလုံးတွင် နနွင်းတက် ခေတ်စားသွားရသည်။ ထိုအချိန်မှစပြီး ခရီးသွားတိုင်း နနွင်းတက်ကို ကျောပိုးအိတ်ထဲထည့်လွယ်ကာ ထမင်းစားတိုင်း တို့စားသဖြင့် နောက်ပိုင်းတွင် အစာအိမ်ရောဂါ လုံး၀ ပျောက်ကင်းသွားသည်။ နနွင်းတက်ကို နှစ်နှင့် ချီပြီး စားခဲ့သည်။ ပီတာမိုးဟိန်း၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်။ (စာဖတ်ပရိသတ်များ စမ်းသပ်လိုလျှင် အသုံးပြုနိုင်ပါသည်)။
သင်တန်းပြီးဆုံးသောအခါ ခရိုင်ရုံးသို့ ပြန်လာခဲ့သည်။ ခရိုင်ရုံးသို့ ပြန်ရောက်သောအခါ အခြေအနေ တစုံတရာ ထူးခြားသည်ကို သူ တွေ့မြင်ရသည်။ “မယ်သရောထာ” ကျေးရွာဥက္ကဌ ဖါးတီ ဦးအောင်သိန်း နှင့် ကွီးခလယ် ကျေးရွာလူကြီး ဖါးတီမောင်ထွန်းလင်း တို့သည် ဖူးလောကွား နှင့် တိုးတိုးတိတ်တိတ် လာရောက် ဆွေးနွေးကာ မျက်စိမျက်နှာလည်း သိပ်မကောင်းကြ၊ မကြာခဏလည်း သုတ်သုတ်ပြာပြာနှင့် လာ ရောက် တတ်ကြသည်။ သိပ်မကြာပါ။
သတင်းအစအနများထွက်လာကာ တလာကူ ဘာသာဝင်တချို့ ပုန်ကန်ခြားနား လိမ့်မည် ဟူသော သတင်းပင်ဖြစ်သည်။ တနေ့တွင် ဖူးလောကွား မှ တလာကူ ဘာသာဝင်များ နေထိုင်သော ကျေးရွာများမှ ကျေးရွာလူကြီးများကို ခရိုင်ရုံးတွင် ခေါ်စုလိုက်သည်။ ထိုအစည်းအဝေးတွင် ဖူးလောကွား မှ အခြေအနေမှန်ကို သိနိုင်ရန် ရဲဘော်ဇော်နောင်ကို လွတ်ပြီး လေ့လာခိုင်းမည်ဖြစ်ကြောင်း၊ သူ့၏ ပြန်လည် အစီရင်ခံချက်အပေါ်တွင် မူတည်ကြောင်း၊ အခြေအနေအမှန်တကယ် မကောင်းကြောင်း အစီရင်ခံလာပါက ပြတ်သားစွာအရေးယူမည်ဖြစ်ကြောင်း အစည်းအဝေးတွင် ပြောလိုက်သည်။
အခြေအနေသည် မမျှော်လင့်ဘဲ ပြောင်းလဲသွားခဲ့သည်။ ခရိုင်အခြေခံဒေသ တာဝန်ခံ ပဒိုခလီစေး က သူ့ အား ဖလူး တွင် ပြုလုပ်ကျင်းပမည့် ခရိုင်အမြဲတမ်းကော်မတီအစည်းအဝေးသို့ တက်ရောက်ရန်အတွက် လိုက်ခဲ့ ရန် ပြောသည်။ ထို့ကြောင့် ဖူးလောကွား ပေးထားသည့် တာဝန်ကို မလုပ်ဖြစ်တော့ပါ။ ဖလူးသို့ အစည်းအဝေး တက်ရန်ကိုသာ စီစဉ်ရပါတော့သည်။
ထိုကာလတွင် ခရိုင်-အခြေခံဒေသတွင် ပူးတွဲ တာဝန်ယူကြသော ခရိုင်အလုပ်အမှုဆောင်များမှာ…၊
၁။ ဗိုလ်မှူးချုပ်ရွှေဆိုင်း (ခရိုင်ဥက္ကဌ/အမှတ်-၆ တပ်မဟာမှူး)၊ ခရိုင်-အခြေခံ ဒေသအကြံပေး။
၂။ ပဒိုငွေတင် (ခရိုင်အတွင်းရေးမှူး)၊ ခရိုင်-အခြေခံဒေသ ဘဏ္ဍာရေးတာဝန်ခံ။
၃။ ပဒိုခလီစေး (ခရိုင်တွဲဘက်အတွင်းရေးမှူး/ခရိုင်စည်းရုံးဌာနတာဝန်ခံ) ခရိုင်-အခြေခံဒေသတာဝန်ခံ။
၄။ ပဒိုမန်းချယ် (ခရိုင်ပညာပေးရေးနှင့် အသင်းအဖွဲ့ ဖွဲ့စည်းရေးဌာနတာဝန်ခံ/ခရိုင်-အခြေခံဒေသအပါအဝင်)။
၅။ ပဒိုအောင်ရင် (ခရိုင်သစ်တောဌာနတာဝန်ခံ/ခရိုင်-အခြေခံဒေသအပါအဝင်)။
၆။ ပဒိုစကောလေး (ခရိုင်ပညာရေးနှင့်ယဉ်ကျေးမှုဌာနတာဝန်ခံ/ခရိုင်-အခြေခံဒေသအပါအဝင်)။
၇။ ပဒိုဖိုးသာထူး (ခရိုင်ကျန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနတာဝန်ခံ/ခရိုင်ငါးဖမ်းနှင့်မွေးမြူရေးဌာနတာဝန်ခံ/ ခရိုင်အခြေခံဒေသလုံခြုံရေးတာဝန်ခံ)။
၈။ ပဒိုမောင်မြင့် (ခရိုင်လယ်ယာနှင့် စိုက်ပျိုးရေးဌာနတာဝန်ခံ/ခရိုင်-အခြေခံဒေသအပါအဝင်)။
၉။ ပဒိုသာလော (တရားရေးဌာနတာဝန်ခံ/ခရိုင်တရားသူကြီး/ခရိုင်-အခြေခံဒေသအပါအဝင်)။
၁၀။ ပဒိုကျော်ဒင် (သတ္တုနှင့်မိုင်းဌာနတာဝန်ခံ/ခရိုင်-အခြေခံဒေသအပါအဝင်)။
၁၁။ ဗိုလ်မှူးကုလ (ခရိုင်လမ်းပမ်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဌာနတာဝန်ခံ/ခရိုင်-အခြေခံဒေသ အပါအဝင်)။
၁၂။ ဗိုလ်မှူးမူတူး (ခရိုင်အခွန်တော်နှင့်ဘဏ္ဍာရေးဌာနတာဝန်ခံ/ခရိုင်ငွေထိမ်းမှူး)။
နိုဝင်ဘာလ သို့ ရောက်သောအခါ ခရိုင်အစည်းအဝေးသို့ တက်ရောက်ရန် ပဒိုခလီစေး နှင့်အတူ ဖလူးသို့ သွားရသည်။ အစည်းအဝေးကျင်းပနေစဉ်အတွင်း ဗိုလ်မှူးချုပ်ရွှေဆိုင်း မှ အရေးပေါ် ကြေးနန်းတစောင်အား ကိုယ်တိုင်ဖတ်ပြသွားသည်။ (နေ့စွဲမမှတ်မိတော့ပါ)။ ကြေးနန်းပါ အကြောင်းအရာများမှာ အောက်ပါအတိုင်း အကျဉ်းချုပ်ဖေါ်ပြပါမည်။
နံနက် ဝေလီဝေလင်း ၅ နာရီ အချိန်ခန့်တွင် တလာကူ ဘာသာဝင် အချို့က ခရိုင်-အခြေခံဒေသရှိ စခန်း (၃)ခု ကို တချိန်တည်း တပြိုင်တည်း ဝင်ရောက် စီးနင်းတိုက်ခိုက်ကြောင်း။
• စစ်သင်တန်းတခုဖြစ်သော ကျောက်ခွရွာအနီးရှိ “လေးဘလား” စခန်းအား ဝင်ရောက်တိုက်ခိုက်ရာ မိမိတို့ဘက်မှ လက်နက်နှင့် ခဲယမ်းမီးကျောက်အချို့ သိမ်းဆည်းခံရကြောင်း၊ မိမိတို့ဘက်မှ တဦး ဒဏ်ရာရရှိပြီး တလာကူများဘက်မှ အဖွဲ့ခေါင်းဆောင် ကျဆုံးသွားကြောင်းတို့ဖြစ်သည်။
ထိုအချိန်က “လေးဘလား” စခန်းတွင် စစ်သင်တန်းများ ပိတ်ထားချိန် ဖြစ်ပြီး (ဘားတိုက်)များ လှစ်လှပ်နေပါသည်။ ထိုအချိန်တွင် ရှေ့တန်းမှ ပြန်ရောက်လာသော ချေမှုန်းရေးတပ်ဖွဲ့ ဗိုလ်ကြီး အောင်ဘ ဦးစီးသော တပ်ခွဲမှ ပြန်လည်အနားယူချိန် ဖြစ်သည်။ နောက်တန်းစခန်းသို့ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်၍ သတိပေါ့ဆကြရာမှ ထိုကဲ့သို့ အလစ်အငိုက် အတိုက်ခံရခြင်း ဖြစ်သည်။
• ထောဝါးလော်တောင်ခြေစခန်း- ထိုစခန်းအား ခရိုင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန ဒု-တာဝန်ခံ ပဒိုကော်သဝါး (ဝါ) ဆရာစဲမစယ် မှ ဦးစီးပြီး ပညာရေး နှင့် စိုက်ပျိုးရေး သင်တန်းအား ဖွင့်လှစ်ထားချိန်ဖြစ်သည်။ ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရချိန်တွင် ပဒိုကော်သဝါး ကိုယ်တိုင် ကျဆုံးသွားပြီး တလာကူ တဦးလည်း ကျဆုံးသွားကြောင်းတို့ ဖြစ်သည်။
•ခရိုင်ရုံးစခန်း- ခရိုင်ရုံးအား စီးနင်းတိုက်ခိုက်ခြင်း မပြုနိုင်။ (ထိုအချိန်က ခရိုင်ခေါင်းဆောင်များမှာ ဖလူးတွင် ပြုလုပ်သော အစည်းအဝေးသို့ တက်ရောက်နေကြသဖြင့် ခရိုင်ရုံးတွင် ဖူးလောကွား ဦးစီး ပြီး ကျန်ရစ်ခဲ့သည်)။ ဖူးလောကွားသည် တိုက်ပွဲအတွေ့အကြုံရှိထားသော တပ်မှူးကြီး တဦးဖြစ်ခဲ့၍ သန်းခေါင်ယံကျော်လွန်သောအခါ အတွေ့အကြုံ ရှိသူ ရဲဘော်ဟောင်းများကို ကင်းစောင့်စေပါသည်။ တလာကူများ ဝင်ရောက်လာချိန်တွင် ဆရာလွန်းမောင် (ပဲခူးရိုးမမှလာသောရဲဘော်ဟောင်း) ကင်းအလှည့်ကျစဉ် အချိန်ဖြစ်သည်။ ဆရာလွန်းမောင်မှ လက်ဦးမှုယူပြီး စတင်ပစ်ခတ်လိုက်သဖြင့် တ လာကူများ ဆုတ်ခွာထွက်ပြေးသွားရသည်။ အထူးသဖြင့် တလာကူများ ကိုင်ဆောင်သော လက်နက် များမှာ ဓါး နှင့် တူမီး သေနတ်များသာ ဖြစ်သည်။
အစည်းအဝေးပြီးသောအခါ သူသည် ခရိုင်ရုံးသို့ ပြန်လာခဲ့သည်။ ခရိုင်ရုံးသို့ ရောက်သောအခါ ခရိုင်ရုံးတွင် ကျေးရွာတွင်း မနေဝံ့သော လူထုအချို့ နှင့် သံသယဖြင့် ခေါ်ယူ ထိမ်းသိမ်းခြင်းခံရသူ အချို့တို့ကို တွေ့မြင် ရသည်။ အခြေခံဒေသ နေရာအချို့တွင် တလာကူများဘက်မှ ခြုံခိုတိုက်ခြင်းများ ဆက်လက်ရှိနေဆဲ ဖြစ် သည်။ ထို့ကြောင့် အဆိုပါ တလာကူ များ၏ တော်လှန်ပုန်ကန်မှုအား အနီးကပ် ကိုင်တွယ် ဖြေရှင်းရန်အတွက် ဗိုလ်မှူးချုပ်ရွှေဆိုင်း ကိုယ်တိုင် ခရိုင်-အခြေခံဒေသ သို့ ရောက်ရှိလာသည်။ သို့ဖြင့် ဗိုလ်မှူးချုပ်ရွှေဆိုင်း မှ တဖက်ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသော တလာကူ ခေါင်းဆောင်များအရေးနှင့် ပတ်သက်ပြီး ထိုင်း ကွန်မြူနစ်ပါတီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ပုန်ကန်မှုမပြုသော တလာကူဘာသာဝင် များကို စည်းရုံးခြင်းတို့ကြောင့် ၁၉၈၀ ခုနှစ် နိုဝင်ဘာလ သို့ ရောက်သောအခါ အခြေအနေသည် အေးချမ်း တည်ငြိမ်သည့်အဆင့်သို့ ရောက်ရှိသွားသည်။
မှတ်ချက်။
တလာကူ တို့၏ ပုန်ကန်မှု ဖြစ်ရခြင်း၏ အကြောင်းရင်းခံမှာ ခရိုင်-အခြေခံဒေသတွင်း နေထိုင်ကြသော ယောကျ်ားလေးများတိုင်း အသက် (၁၆) နှစ်ပြည့်လျှင် စစ်မှု (၃) နှစ် ထမ်းဆောင်ရမည်ဟု သတ်မှတ်လိုက် ခြင်းမှ စတင်ကြောင်း သူက ပြောသည်။
(ဆက်လက်ဖေါ်ပြပါမည်)







Leave a comment