ဆရာ စကောလယ်တော၏ နိုင်ငံရေးဖြတ်သန်းမှု – အပိုင်း(၆)

လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။

ဆရာကြီး စကောလယ်တောနှင့် မြောက်ပိုင်း ခရီးစဉ်

၁၉၈၂ ခုနှစ်၊ ဇန္နဝါရီလ (၁၇)ရက်နေ့၊ တနင်္ဂနွေနေ့ဖြစ်ပါတယ်။ ကေအဲန်ယူ ဗဟိုဋ္ဌာနချုပ်မှာ ဆရာကြီး စကောလယ်တောနှင့် ကျနော် စိုးမင်း (ဈာန်ရ)တို့၏ တွေ့ဆုံ မေးမြန်းခန်း ဖြစ်သည်။ နောင်လာ နောက်သားများ သင်ခန်းစာ ယူနိုင်ရေးအတွက် မှတ် တမ်း ပြုလိုက်ပါသည်။

* ဆရာကြီး စကောလယ်တောခင်ဗျား။ ကေအဲန်ယူပါတီ (Karen National United Party) က တရုတ်ပြည်ကို ကိုယ်စားလှယ် စေလွှတ်တဲ့အချိန်က ဗမာပြည် ကွန်မြူနစ် ပါတီ နှင့်လည်း ဆွေးနွေးခဲ့တယ်၊ တရုတ်ပြည် ကွန်မြူနစ်ပါတီ နဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ကြားခဲ့ဖူးပါတယ်။ အဲဒီလို သွားရောက် ဆွေးနွေးတဲ့အခါနှင့် ပတ်သက်ပြီး ဘာကြောင့် သွားရောက် ဆွေးနွေးရပါသလဲ။ ဆွေးနွေးဖို့အတွက် နောက်ခံ အခြေခံ အကြောင်းအရာ တွေက ဘာတွေလဲဆိုတာကို သိပါရစေ ခင်ဗျား။

* ကျနော်တို့ ၁၉၇၀ ခုနှစ်မှာ၊ ကေအဲန်ယူရဲ့ (၇)ကြိမ်မြောက် ညီလာခံ တရပ်ကို ပဲခူးရိုးမမှာ ကျင်းပခဲ့ပါတယ်။ ညီလာခံကျင်းပတဲ့ အချိန်ကာလမှာ၊ ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်များဖြစ်ကြတဲ့ သခင်ဇင်နှင့် သခင်ချစ် တို့လည်း၊ ကျနော်တို့နဲ့ မနီး မဝေးမှာ ရှိနေပါတယ်။ ညီလာခံ မကျင်းပမီမှာ ဗဟို ခေါင်းဆောင် အချင်းချင်းတွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ 

ကျနော်တို့ ကေအဲန်ယူပါတီဟာ တရုတ်ပြည်ကိုသွားဖို့၊  ၁၉၆၈ ခုနှစ် ကတည်းက ကြိုးပမ်းခဲ့ပါတယ်။ ဒီကြိုးပမ်းချက်မှာ ပဏာမ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့တယ်။ ဒီ ပဏာမ ကိုယ်စားလှယ်အဖွဲ့ရဲ့ တရုတ်ပြည် ခရီးဟာ အတော်လေး ကြာခဲ့ပါတယ်။ တရုတ် ပြည်ကိုလည်း ရောက်သွားပါတယ်။ ဒါပေမဲ့ အပြန် ခရီးမှာ အဖွဲ့ခေါင်းဆောင် ဗိုလ်အေးဟန် ကျဆုံးခဲ့ပြီး ရဲဘော်တွေသာ စခန်းကို ပြန်ရောက်ပါတယ်။ ဒီပြန်လာတဲ့ ရဲဘော်တွေရဲ့ တင်ပြချက်အရ ကျနော်တို့ ကေအဲန်ယူပီ ရဲ့ ဗဟိုအာဏာပိုင် အဖွဲ့ကို လာရောက်တွေ့ဆုံဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဗမာပြည် မြောက်ပိုင်းမှာရှိတဲ့၊ ဗမာပြည် ကွန်မြူနစ် ပါတီ ဒုဥက္ကဋ္ဌ သခင်ဖေတင့်ကလည်း လက်ရှိ အမျိုးသား ဒီမိုကရေစီ ညီညွတ်ရေး တပ် ပေါင်းစုလုပ်ငန်း ကြီးထွားရေးအတွက်၊ ကေအဲန်ယူပါတီရဲ့ တင်းပြည့်ပါတီ ကိုယ်စားလှယ် အဖွဲ့ တခု၊ တရုတ်ပြည်ကို သွားရောက် လေ့လာနိုင်ရင် ကောင်းမယ်လို့လဲ အကြံပြုခဲ့ ပါတယ်။ ပဲခူးရိုးမမှာရှိတဲ့ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်များ ဖြစ်ကြတဲ့ သခင်ဇင်၊ သခင်ချစ် တို့ကလည်း သဘောတူ လက်ခံ ခဲ့ပါတယ်။ ဒါကြောင့် ၁၉၇၀ ခုနှစ် ပါတီ ညီလာခံမှာ တရုတ်ပြည်ကို အာဏာပိုင် အဖွဲ့တဖွဲ့ စေလွှတ်ဖို့ ဆုံးဖြတ်ချက်တရပ်ကို ချမှတ်ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အပေါ်မှာ ကိုယ်စားလှယ် စေလွှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

တော်လှန်ရေးတရပ်မှာ မဟာမိတ်လိုပါတယ်။ မဟာမိတ်ဆိုတာ ပြည်တွင်းမှာ သာမက ပြည်ပမှာလည်း တည်ဆောက်ထားဖို့ လိုပါတယ်။ ကမ္ဘာ့ တော်လှန်ရေးသမိုင်းကို ပြန်ပြီး ဆန်းစစ်ကြည့်ရင်၊ ပြည်တွင်း အင်အားစုလောက်နဲ့ မလုံလောက်ပါဘူး။ ပြည်ပ အကူအညီ မဟုတ်သည့်တိုင်အောင် ပြည်ပရဲ့ အားပေး ထောက်ခံမှုကို လိုအပ်တယ်လို့ မြင်ပါတယ်။ ဒီလို အမြင်အပေါ်မှာလည်း လက်ရှိ ပြည်တွင်းမှာဆိုရင် မဟာမိတ် အဖွဲ့ ရှိတယ်။ တပ်ပေါင်းစု မဒညတ ဖွဲ့စည်းထားတာ ရှိတယ်။ ဒါပေမဲ့ ပြည်ပ မဟာမိတ်အဖွဲ့ လိုသေးတယ်လို့ မြင်တယ်။ ၁၉၆၈-၆၉ မှာ တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ သဘောထား အပေါ်မှာ ပီကင်း က တပ်သား လွှတ်တာတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် တရုတ်ပြည် ကွန်မြူနစ်ပါတီဟာ နိုင်ငံတကာ ပစ္စည်းမဲ့ဝါဒအပေါ်မှာ အခြေခံပြီး၊ အဖိနှိပ်ခံ အမျိုးသား များနဲ့ ပစ္စည်းမဲ့တော်လှန်ရေးတွေကို တာဝန်ရှိတယ်ဆိုပြီး သူတို့ ပြည်သူတွေကို ကြေညာ ပါတယ်။ ဒီကြေညာချက်အပေါ်မှာ ကျနော်တို့ ဝမ်းသာ ပါတယ်။

ကျနော်တို့ တရုတ်ပြည်ကိုသွားဖို့ အဓိက အချက်ကတော့၊ နိုင်ငံရေး အဆက် အသွယ် ရဖို့နဲ့၊ ကျနော်တို့ တော်လှန်ရေးကို နိုင်ငံတကာရဲ့ အားပေး ထောက်ခံမှု ရဖို့ ပါဘဲ။ ဒါဟာ အဓိက ပါဘဲ။ တရုတ် ကွန်မြူနစ်ပါတီနဲ့ အဆက် အသွယ်ရရေးဟာ ကျနော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တယ်။ ဒုတိယ အချက်ကတော့ လေ့လာရေးပါဘဲ။ ကျနော်တို့ အဖွဲ့မှာ လူ (၄၀)လောက် ရွေးချယ်ထား ပါတယ်။ နောက်ပိုင်း (၃၅)ယောက် သွားနိုင်ခဲ့ တယ်။ နိုင်ငံရေး၊ စစ်ရေး၊ စည်းရုံးရေး၊ စီးပွားရေး စတဲ့ အဘက်ဘက်က လေ့လာဘို့ ရဲဘော်တွေကို ခေါ်သွားတာ ဖြစ်ပါတယ်။ တရုတ်ပြည်ဟာ စာထဲမှာ ဖတ်ရတာ၊ ကြား ရတာ၊ ဘယ်လောက် မှန်သလဲ၊ ဘယ်လောက် လုပ်နိုင်သလဲ၊ သူတို့ပြောတာ တကယ် ဟုတ်/ မဟုတ် လေ့လာဖို့ပါဘဲ။

နောက်ပြီး လူမျိုးစု ပြဿနာကို ဘယ်လို ဖြေရှင်းကြသလဲ။ စက်ရုံ အလုပ်ရုံ တွေကိုလည်း လက်တွေ့ လေ့လာချင်တယ်။ ဒီ ရည်ရွယ်ချက်နဲ့ သွားတာ ဖြစ်တယ်။ တခ့ျိုက ထင်ချင်ထင်မယ်၊ ကျနော်တို့ တရုတ် ပြည်ကို သွားတာ လက်နက် အကူအညီ ရရေးအတွက် ဖြစ်တယ်။ ကျနော်တို့ဟာ လက်နက်အကူ အညီထက် နိုင်ငံရေး လေ့လာ ရေးပါဘဲ။ ကျနော်တို့ ကေအဲန်ယူပီ က အခွင့် အာဏာ ပေးလိုက်တာ အကူအညီ တောင်း မည့်ကိစ္စ မပါဘူး။ ကျနော်တို့လည်း မတောင်းခဲ့ပါဘူး။

*  ဆရာကြီး စကောလယ်တော ဦးဆောင်ပြီး သွားတဲ့အဖွဲ့ဟာ၊ ဗမာပြည် ကွန်မြူနစ်ပါတီ၊ တရုတ် ကွန်မြူနစ်ပါတီတို့နဲ့ ဆွေးနွေးခဲ့တဲ့ ကိစ္စကို ဆက်လက်ပြီးတော့ ရှင်းပြ စေချင်ပါ တယ်။

*  ကျနော်တို့အဖွဲ့ဟာ အခု ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အရှေ့မြောက်ပိုင်း စစ်ဒေသ၊ သူတို့ရဲ့ ဋ္ဌာနချုပ်ကို ၁၉၇၃ ခုနှစ်၊ အောက်တိုဘာလမှာ ရောက်သွား ပါတယ်။ ရန်သူဟာ လွယ်မော်ဒေသ၊ အက်စ်ယူအေ (S.U.A.) ဋ္ဌာနချုပ်ကို ဝင်တိုက်တော့၊ အရင် သွားနေကြ လမ်းတွေ တခုမှ သွားလို့ မရတော့ဘူး။ ကျနော်တို့ အက်စ်အက်စ်ပီပီ (S.S.P.P.) ဒေသမှာ အတော်ကြာကြာ စောင့်နေရတယ်။ ဗမာပြည် ကွန်မြူနစ်ပါတီ အရှေ့မြောက်ဘက် စစ် ဒေသရဲ့ နိုင်ငံရေးမှူးဟာ ရဲဘော်တင်ရီ ဖြစ်တယ်။ ဒု နိုင်ငံရေးမှူးက ရဲဘော်ခင်မောင်ကြီး ဖြစ်တယ်။ သူတို့ဟာ ဗဟိုမှာ ဦးစီးပြီး အရှေ့မြောက်ဘက် စစ်ဒေသကို ဖွဲ့စည်းတယ်။ အဲဒီစစ်ဒေသဟာ အင်အား အကြီးဆုံး ဖြစ်တယ်။ အဲဒီမှာ ဗကပ ဌာနချုပ်လုပ်ထားတယ်။ အဲဒီကဘဲ တရုတ်ပြည်ကို သွားဘို့ အဆက်အသွယ် လုပ်ရတယ်။ ကျနော်တို့ သွားဖို့ ကိစ္စ သခင်ဗသိန်းတင် ဆီကို က/န ပို့လိုက်တယ်။ ဥက္ကဋ္ဌ သခင်ဇင်နဲ့ သခင်ချစ်တို့ရဲ့ စာလည်းပါတယ်။ ကျနော်တို့ အရှေ့မြောက်ပိုင်း စစ်ဒေသကို ရောက်တော့ ဝမ်းသာ ကြတယ်။ အဆက်အသွယ်ရဖို့လည်း ကြိုးစားကြတယ်။ ဟိုမှာ သွားနိုင်တယ် ဆိုတဲ့ ပြန်ကြားချက်ရဖို့ နှစ်လလောက် ကြာပါတယ်။ တရုတ်ပြည် ကွန်မြူနစ်ပါတီက၊ ပြည်နယ် ကော်မတီဟာ နယ်စပ်မှာဘဲ ရှိတယ်။ အဲဒီ နယ်စပ်အထိ ကားတွေ ရောက်တယ်။ သူတို့က ကျနော်တို့ကို ကားနဲ့ လာကြိုကြတယ်။ ကျနော်တို့ကို လာကြိုတဲ့သူကတော့ ကာနယ်ဖူးစ် ဖြစ်တယ်။ တပ်ရင်းမှူး တယောက် ဖြစ်တယ်။ ပြည်နယ်ကတော့ ယူနန်ပြည်နယ် “စုမောင်”မြို့ကို ရောက်သွားတယ်။ အဲဒီမှာ တော်လှန်ရေး ကော်မတီရဲ့ သဘာပတိ လည်းဖြစ်၊ ပြည်နယ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ရဲဘော်ကျင်ဆိုတာ အကြီးဆုံးဘဲ။ စကားပြန်က တဆင့် ဥက္ကဋ္ဌကြီး ဗသိန်းတင်လည်း တရက် နှစ်ရက်အတွင်း ရောက်လာမယ်ဆိုတာ ကျနော်တို့ကို သူက ပြောပါတယ်။ “စုမောင်”မြို့မှာ နှစ်ရက်ကြာတော့၊ ဥက္ကဋ္ဌကြီး ဗသိန်းတင် ရောက်လာပါတယ်။ ဥက္ကဋ္ဌကြီးရဲ့အဖွဲ့မှာ ရှစ်ယောက် ပါတယ်။ သခင် ဗသိန်းတင်၊ သခင်ဖေတင့်၊ ကိုတိုက်အောင်၊ ကချင်မှ တပ်မှူးတယောက်၊ ဗဟိုကော်မတီ မောင်ဝင်း စသည်တို့ ပါဝင်ပါတယ်။ 

တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ တွေ့ဘို့ကတော့ စုမောင်မြို့ ပါတီကော်မတီ ကိုပဲ တာဝန်ပေးထားပါတယ်။ နိုင်ငံရေးမှူးပေါ့။ တော်လှန်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌဟာ တရုတ် ပြည် ကွန်မြူနစ်ပါတီရဲ့ အရန်ဗဟိုကော်မတီ ဖြစ်တယ်။ သူနဲ့ပဲ တွေ့ဆုံဖို့ တရုတ်ပြည် ကွန်မြူနစ်ပါတီက တာဝန် လွှဲပေးထားတယ်လို့ သိရတယ်။ အဲဒီတော့ ပဋ္ဌမဦးဆုံး တရုတ် ပြည် ကွန်မြူ နစ်ပါတီနဲ့ ဆွေးနွေးပါတယ်။ 

ကျနော်တို့ကို လှိုက်လှိုက်လှဲလှဲ  ကြိုဆိုပွဲလုပ်ပြီး၊ ကျနော်တို့ လာရတဲ့ ကိစ္စကို အားမနာတမ်း ရင်းရင်းနှီးနှီး ပြောစရာရှိတာကို ပြောပြဖို့၊ တင်ပြဖို့ ဖိတ်ကြားခဲ့ပါတယ်။ ကျနော်တို့ကလည်း ကျနော်တို့ စီစဉ်ထားတဲ့ အချက် (၃)ချက်ကို တင်ပြတယ်။ ပထမ အချက်က၊ ကေအဲန်ယူပါတီ ဖွဲ့စည်း ရတဲ့အကြောင်း၊ အဲဒီ ကဏ္ဍမှာ ကေအဲန်ယူပါတီရဲ့ မူဝါဒလမ်းစဉ် တခုလုံးကို ကျနော်တို့ တင်ပြပါတယ်။ နောက်တခုက ဗမာပြည်ရဲ့ လူမျိုးစု ပြဿနာကို တင်ပြတယ်။ ဗမာပြည် တော်လှန်ရေးရဲ့ ထူးခြားချက်မှာ လူမျိုးစုတွေရဲ့ ပြဿနာ ဖြစ်တယ်ဆိုတာကို တင်ပြခဲ့တယ်။ ဗမာပြည်ဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တယ်။ ဒါဟာ ထူးခြားတဲ့ လက္ခဏာတခု ဖြစ်တယ်။ တရုတ်ပြည်နဲ့မတူတဲ့ သီးခြား လက္ခဏာ တခု၊ ဗမာပြည် အခြေအနေနဲ့ ပြည်ထောင်စုပြဿနာ ဒါကို တင်ပြ တယ်။ တတိယ အချက်ကတော့ ဗမာပြည်ရဲ့ တပ်ပေါင်းစု ပြဿနာကို တင်ပြတယ်။ ကေအဲန်ယူပါတီ အနေနဲ့ တပ်ပေါင်းစု ပြဿနာကို တင်ပြတယ်။ ကေအဲန်ယူပါတီ အနေနဲ့ တပ်ပေါင်းစုနဲ့ပဲ အာဏာသိမ်း အောင်ပွဲခံနိုင်မယ်လို့ ယုံကြည်ကြောင်း ဒါကြောင့် တပ် ပေါင်းစု ပြဿနာဟာ အလွန်အရေးကြီးကြောင်း တင်ပြခဲ့တယ်။ နောက် တပ်ပေါင်းစုနဲ့ ပတ်သက်ပြီး ကျနော်တို့ရဲ့အမြင် ခံယူချက်၊ နောက်ပြီး အကြံပေးချက်တခ့ျို ဒါတွေကို သူတို့ နားလည်ဖို့ ကျနော်တို့ တင်ပြ ခဲ့ပါတယ်။ 

နောက်တခု ဆက်စပ်ပြီးတော့ နည်းနည်း ပြောပြချင်တာက ကျနော်တို့ တရုတ် ပြည်ကို သွားတဲ့နေရာမှာ ရှမ်းပြည်မှာ တော်တော်ကြာကြာ စောင့်နေရတယ်။ ခရီးထွက်တဲ့ အခါမှာလည်း အက်စ်အက်စ်ပီပီ (S.S.P.P.) က ကျနော်တို့နဲ့အတူ အဖွဲ့ တဖွဲ့ကိုလည်း စေလွှတ်ခဲ့တယ်။ သူတို့လည်း ကျနော်တို့နည်းတူ၊ နိုင်ငံရေး အဆက်အသွယ် ရရှိဘို့နဲ့ လေ့လာရေး ဦးတည်ချက်အပေါ် တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးတယ်။ ကျနော်တို့ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် တရုတ်ပြည် ကွန်မြူနစ်ပါတီအနေနဲ့ ကျနော်တို့ကို ပြန်ပြီး ရှေ့ဆောင်မှုတွေ ပေးခဲ့ပါတယ်။ သူတို့ပြန်ပြီး ဆွေးနွေးတာကတော့ ပဋ္ဌမ အချက်အနေနဲ့ တော်လှန်ရေးတရပ်မှာ ပစ္စည်းမဲ့ အလုပ်သမား ပါတီတရပ်ရဲ့ ခေါင်း ဆောင်မှုဆိုတာ ရှိရမယ်။ ဒုတိယ အချက်ကတော့ ဒီပစ္စည်းမဲ့ အလုပ်သမား ပါတီဟာ မာက်စ် လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်ကို တိတိကျကျ လက်ခံကျင့်သုံးတဲ့ ပါတီ ဖြစ်ရမယ်။ နောက် တချက်ကတော့၊ ကျနော်တို့ ရှိသမျှ တော်လှန်ရေး အင်အားစုတွေဟာ စုစုစည်းစည်း ညီညီညွတ်ညွတ် ရှိကြဖို့ လိုအပ်ကြောင်း ရန်သူကို စည်းလုံး ညီညွတ်စွာ ရင်ဆိုင် တိုက်ခိုက်ဖို့ စတာတွေကို ပြန်လည် အကြံပေးခဲ့ပါတယ်။

ကျနော်တို့ ပြန်မလာမီ သူတို့က ကျနော်တို့နဲ့ တွေ့ဆုံပြီး၊ ဒီ တွေ့ဆုံ မှုအတွက် ဝမ်းသာကြောင်း ဗမာပြည်ရဲ့ အမျိုးသားဒီမိုကရေစီ တော်လှန်ရေးအင်အားစုကို ထောက်ခံ အားပေးကြောင်း၊ အကူအညီလိုအပ်ရင် ပေးမည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေမှာ နိုင်ငံတကာက တခြားပါတီ အဖွဲ့အစည်းတွေကို ကူညီခဲ့တာရှိကြောင်း၊ အမှန်တကယ် နယ်ခ့ျဲ ပဒေသရာဇ် စံနစ်ကို ပြတ်ပြတ်သာသား ဆန့်ကျင်တိုက်ခိုက် နေတယ်ဆိုရင် လိုအပ်တာကို ပေးမှာဖြစ်ကြောင်း၊ ဒီလို အစီအစဉ်မှာ နိုင်ငံတကာကလည်း ပါဝင်မှာ ဖြစ်ကြောင်း၊ ဗမာပြည်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုတွေဟာ၊ နယ်ခ့ျဲ ပဒေ သရာဇ်စံနစ် ဆန့်ကျင်ရေး ဆိုတော့ သူတို့အနေနဲ့ ပြောက်ကျား ဆင်နွှဲဖို့ လက်နက်တွေ လိုအပ်မှာ ဖြစ်တယ်။ လက်နက်တွေ ကိုလည်း၊ ကူညီဖို့ အဆင်သင့်ရှိကြောင်း၊ ဒါပေမဲ့ ဗကပ မှတဆင့် ကူညီမှာ ဖြစ်ကြောင်း၊ လက်နက်များ လိုအပ်ပါက ဗကပ ကို တင်ပြဖို့ ဖြစ်ကြောင်း၊ ဗကပ မှာ မရှိရင်၊ တရုတ်ပြည် ကွန်မြူနစ်ပါတီကို တင်ပြမည်သာ ဖြစ် ကြောင်း၊ တင်ပြခဲ့ရင် ပေးဖို့ သူတို့ကို ရှင်းလင်း ပြောပြထားပါတယ်။ နောက်ပိုင်း တရုတ် ပြည်ကို လာလည်ချင်ရင်လည်း လာလည်နိုင်ကြောင်း၊ လာမည်ဆိုလျှင် လှိုက်လှိုက် လှဲလှဲ ကြိုဆိုမည်ဖြစ်ကြောင်း၊ လာရင်လည်း ဗကပ မှတဆင့် အကြောင်းကြားပြီး လာဖို့နဲ့၊ ပြန်သွားတဲ့ အခါမှာလည်း ဗမာပြည် ကွန်မြူနစ်ပါတီ နဲ့သာမက ပြည်တွင်းတော်လှန်ရေး အဖွဲ့အားလုံးနဲ့ စည်းလုံးစွာ ရန်သူကို လက်တွဲ တိုက်ခိုက်ဖို့ အစရှိတာတွေကို ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

တရုတ်ပြည် ကွန်မြူနစ်ပါတီနဲ့ ဆွေးနွေးပြီးနောက်ပိုင်းမှာ၊ ဗကပ နဲ့ တွေ့ဆုံ ဆွေးနွေးပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ တရုတ် ကွန်မြူနစ်ပါတီကို တင်ပြတဲ့ စာတမ်း အတိုင်း၊ ဗကပ ကိုလည်း တင်ပြပါတယ်။ ဆွေးနွေးပွဲ မတိုင်မီကတည်းက စာတမ်းကို ကြိုတင် ပေးထားတော့ ဆွေးနွေးပွဲမှာ ကျနော်တို့ တင်ပြထားတဲ့ စာတမ်းနဲ့ ပတ်သက်ပြီး သဘောထားအမြင် ဘယ်လိုရှိကြောင်း မေးမြန်းလိုက်ပါတယ်။ သခင်ဗသိန်းတင် ကိုယ်တိုင် ဗကပ အနေနဲ့ သူတို့ ပြောစရာရှိလျှင် တည့်တည့်နှင့် အားမနာစတမ်း မထိမ် မဝှက် စတမ်းသာ ပြောမည်ဖြစ်ကြောင်း၊ ဒါဟာလည်း သူတို့ပါတီရဲ့ တာဝန်ဖြစ်တယ်လို့ မြင်ကြောင်း၊ ဒါကြောင့် ရှင်းရှင်းပဲ ပြောမှာ ဖြစ်တယ်လို့ ပဏာမ စကားပျိုးပြီး ဆွေးနွေးပွဲ စခဲ့ပါတယ်။ သူ ပထမဆုံး ပြောတာ ကတော့ “ကေအဲန်ယူ ပါတီဟာ၊ အလုပ်သမား ပါတီအနေနဲ့၊ မာက်စ် ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ် စတဲ့၊ ခေါင်းဆောင်မှုနဲ့ ဖွဲ့စည်းထားတာ မသင့်ကြောင်း။ ဒါဟာ ဗကပ နဲ့ စင်ပြိုင်လုပ်တယ်လို့ မြင်တယ်။ ကေအဲန်ယူ ပါတီဟာ အမျိုးသား တိုးတက်ရေးပါတီပဲ ဖြစ်သင့်ကြောင်း၊ ဗကပ နှင့် စင်ပြိုင်မဲ့ သဘောမျိုး ဖွဲ့စည်းတာဆိုရင် လုံးဝ မမှန်ဘူး။ ဗကပ နှင့် စင်ပြိုင် ဖွဲ့စည်းတဲ့ အဖွဲ့မှန်သမျှဟာ၊ ဒီနေ့လည်း ပျက်စီးကုန်တာပဲ ဖြစ်တယ်။ တည်မြဲတာ မရှိဘူး။ ဒါကြောင့် ပွင့်ပွင့်လင်းလင်း အားမနာတမ်း ပြောရမယ်ဆိုရင်၊ ကေအဲန်ယူပါတီ အနေနဲ့ အမျိုးသား တိုးတက်ရေးပါတီ အဖြစ်သာ ဖွဲ့စည်းတာ မှန်တယ်လို့ ဗကပ က သုံးသပ် ဆွေးနွေး ခဲ့ကြပါတယ်။” လို့၊ ဗကပ ကိုယ်စား သခင်ဗသိန်းတင် က ဆွေးနွေးခဲ့ပါတယ်။

နောက်တခုက လူမျိုးစု ပြဿနာနဲ့ ပတ်သက်ပြီး၊ ကျနော်တို့ တင်ပြတဲ့ စာတမ်းအပေါ်မှာ ဗသိန်းတင်ရဲ့ ပြန်လည်ပြောပြချက်မှာ ကေအဲန်ယူ အနေနှင့် မဒညတ လည်းဖွဲ့တယ်။ မဒညတ ဟာ ဗကပ နဲ့လည်း မဟာမိတ်ဖွဲ့တယ်။ တချိန် တည်းမှာ လူမျိုးစု တပ်ဦးကိုလည်း ဖွဲ့တယ်။ ဒါဟာ မလုပ်သင့်တာတွေကို လုပ်တာ ပဲလ့ို မြင်ကြတယ်။ ဒီလိုဖွဲ့စည်းတာ လူမျိုးစု အဖွဲ့အစည်းတွေက မဒညတ ကို စင်ပြိုင်လုပ်ခြင်းဖြစ်ပြီး၊ ဒါဟာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေး အမြင်ဖြစ်တယ်လို့ ကျနော်တို့ကို ပြန်ပြီး ဆွေးနွေးကြ ပါတယ်။ ကျနော်တို့က ပြန်လည်ဆွေးနွေးတဲ့ အခါမှာ ကျနော်တို့ (K.N.U.P.) ဖွဲ့စည်းမှုနဲ့၊ လူမျိုးစုတပ်ဦး ဖွဲ့စည်းမှုဟာ၊ ဗကပ ကို စင်ပြိုင်လုပ်ခြင်း မဟုတ်ပါ။ လက်ရှိ ကျနော်တို့ရဲ့ တောင်းဆိုမှုအရ လိုအပ်တယ်လို့ မြင်တဲ့အပေါ်မှာ ဖွဲ့စည်းတာ ဖြစ်တယ်။ ဒီနေ့ လက်ရှိ ဗမာပြည်ဟာ လူမျိုး ပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ဖြစ်တယ်။ လူမျိုးပေါင်းစုံဟာ ဒီကနေ့ အုပ်စိုးနေတဲ့ ဖဆပလ၊ နောက်ပြီး မဆလ အုပ်စိုးသူတွေဟာ လူမျိုးစုတွေအပေါ်၊ မဟာ လူမျိုးကြီးဝါဒကို ကျင့်သုံးပြီး နည်းမျိုးစုံနဲ့ ဖိနှိပ်တယ်။ လူမျိုးစုတွေဟာ မခံမရပ်နိုင်လို့ လက်နက် စွဲကိုင်ပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲကြတယ်။ လူမျိုးစုတွေ စုစည်း မှသာ လူမျိုးစု ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်။ ဒါကြောင့် လူမျိုးစုတပ်ဦး ဖွဲ့တာဟာ ‘မဒညတ’ ကို စင်ပြိုင်ဖွဲ့တာ မဟုတ်ဘူး။ “မဒညတ” ဖြစ်မြောက်ရေးအတွက် တွန်းအား တခုလို့ ကျနော်တို့ သဘောထားပြီး ဖွဲ့စည်းလုပ်ဆောင်တာဖြစ်တယ်။ တနေ့မှာ ကျနော်တို့ လူမျိုးစု အားလုံးဟာ “မဒညတ” ထဲမှာ ပါဝင်မှာ ဖြစ်တယ်လို့ ရည်ရွယ်ထား ကြတယ်။ သူတို့ကို “မဒညတ” ထဲမှာ တခါတည်း ခေါ်သွင်းဘို့ဆိုတာ သူတို့မှာ အတိတ်က ရင်ဆိုင် ခဲ့ရတဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေလည်း ရှိခဲ့ကြတယ်။ ဒီလို အတိတ်က ခံစားမှုတွေ အပေါ်မှာ စုစည်းဘို့ ဘုံရန်သူကို စုစု စည်းစည်း တိုက်နိုင်ဘို့၊ ပထမ အဆင့် ဖွဲ့စည်းတာ ဖြစ်တယ်။ အဲဒီကတဆင့် ကျယ်ပြန့်တဲ့ တပ်ပေါင်းစုထဲကို ဝင်လာနိုင်ဘို့ ရည်ရွယ်ပြီး ဖွဲ့စည်းတာ ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ပြခဲ့ပါတယ်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect