ဆရာ စကောလယ်တော၏ နိုင်ငံရေးဖြတ်သန်းမှု – အပိုင်း(၂)

လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။

ကျောင်းဆရာဘဝ

ဘီအေ အောင်ပြီးနောက် ရန်ကုန်ရှိ (A.B.M. Press) American Baptist Mission Press တွင် အလုပ်ဝင်ခဲ့သည်။ A.B.M. Press သည် ထိုအချိန်က အကြီးဆုံး ပုံနှိပ်စက် တခုဖြစ်ပြီး၊ Morning Star သတင်းစာကို၊ ကရင်လို ထုတ်ဝေ ဖြန့်ချိလျက် ရှိသော သတင်းစာ တစောင်လည်း ဖြစ်သည်။ ထိုသတင်းစာတွင် တွဲဖက်အယ်ဒီတာ အဖြစ် စောထောယေ တာဝန် ယူရသည်။ A.B.M. Press တွင် အလုပ်လုပ်နေစဉ် သာယာဝတီ A.B.M. အထက်တန်းကျောင်း ကျောင်းအုပ် ဆရာကြီး ဂျိမ်းတာပ က သူ၏ ကျောင်းတွင် အထက်တန်းပြဆရာ လိုသဖြင့် လာရောက် ခေါ်ယူသည်။ စောထောယေ ကလည်း သူ၏ ပုံနှိပ်စက် မန်နေဂျာဖြစ်သူ မစ္စတာစမစ်နှင့် သူဆွေးနွေး မည်ဖြစ်ကြောင်း၊ အကယ်၍ မစ္စတာစမစ် ခွင့်ပြုပါက သွားရောက် ကူညီမည်ဟု ကတိပေးလေသည်။ မစ္စတာစမစ်သည် စောထောယေ အား ခွင့်ပြုချင်ပုံမရပေ။ မောနင်းစတား သတင်းစာမှာ မြန်မာပြည်တွင် တိုင်းရင်းသား ဘာသာဖြင့်ထုတ်ဝေ‌သော တခုတည်းသော သတင်းစာ လည်း ဖြစ်သည်။ ၁၉၄၁ ခုနှစ်မှာပင် စတင်ထုတ်ဝေခဲ့ပြီး၊ ဆက်လက် တည်တံ့ ခိုင်မြဲ နိုင်ဖို့ရန် မှာလည်း၊ ပညာရှင် အများအပြား လိုအပ် နေသေးကြောင်း သူ့ကို ရှင်းပြခဲ့သည်။ စောထောယေ လည်း ဆရာကြီး ဂျိမ်းတာပ နှင့် မစ္စတာစမစ်တို့ တွေ့ဆုံညှိနှိုင်းပြီးမှ မစ္စတာစမစ် ကိုယ်တိုင် သွားခွင့်ပြုမှသာ သွားမည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ သည်။ ထိုစဉ်က သာယာဝတီ A.B.M. အထက်တန်းကျောင်းသည်လည်း နှစ်ခြင်း သာသနာ အဖွဲ့ကြီး၏ အုပ်ချုပ်မှု အောက်တွင်ရှိရာ၊ ကျောင်း၏ လိုအပ်ချက်နှင့် ပတ်သက်၍ A.B.M. Press တွင်လည်း တာဝန်ရှိသဖြင့် အမှန်တကယ် လိုအပ်ပါက မစ္စတာစမစ် အနေဖြင့် မလွဲမရှောင်သာ ခွင့်ပြု ရမည်သာ ဖြစ်သည်။ ဆရာ ဂျိမ်းကလည်း အမှန်တကယ် လိုအပ်နေသဖြင့် စောထောယေ ကို လာရောက် ဖိတ်ခေါ်ရခြင်းဖြစ်သည်။ ဤသို့ဖြင့် စောထောယေသည် သာယာဝတီ A.B.M. အထက်တန်းကျောင်း၏ အထက်တန်းပြ ကျောင်းဆရာ Senior Master တယောက် ဖြစ်ခဲ့ရလေသည်။ ကျောင်းဆရာလုပ်ရင်း ကရင်လူငယ်များ၏ ပညာရေးကို တဖြည်းဖြည်း စိတ်ဝင်စားလာမိသည်။ ပညာရေး ကဏ္ဍတွင် တသက်တာ ဆောင်ရွက်ရန်ကိုလည်း ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် B.Ed (Bachelor of Education)ကို တက်ရောက် သင်ကြားရန် အစမ်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့ပြန်သည်။ အစမ်းစာ မေးပွဲ အောင်မြင်ပြီး B.Ed သင်တန်းကို တက်ရောက် သင်ကြားခဲ့ရာ အောင်မြင်ခဲ့သည်။  ထို့နောက် ယခင် သာယာဝတီ A.B.M. အထက်တန်း ကျောင်း၌ပင် ကျောင်းအုပ် ဆရာအဖြစ် ပြန်လည် အမှုထမ်းလေသည်။ ကျောင်းအုပ်ဆရာ အဖြစ် တနှစ် ပြည့်ပြီးသော အခါ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ပြီး ဂျပန်ဝင်လာရာ မိမိ ဇာတိရွာတွင် ပြန်လည် နေထိုင် ခဲ့ရလေသည်။

ဂျပန်ဆန့်ကျင်ရေး “တော်လှန်ရေးသမားဘဝ”

ဂျပန်ခေတ်တွင် ကျောက်ဖျာ၌ ပြန်လည်နေထိုင်သည်ဟု ဆိုသော်လည်း ဂျပန် ဆန့်ကျင်ရေး ကာလအတွင်း လက်နက်ကိုင် တော်လှန်ရေးတွင် တပ်ခွဲမှူးအဖြစ် တိုက်ခိုက် ရေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ် တက်နေစဉ် အချိန်က တက္ကသိုလ် အရံ တပ်ရင်းတွင် ပါဝင်ခဲ့သဖြင့် စစ်ပညာကို အတော်အတန် လေ့လာ သင်ကြားခဲ့ရသော အကျိုးကျေးဇူးပင် ဖြစ်သည်။

ဆရာထောယေ၏ တပ်ဖွဲ့သည် ဖို့စ် (၁၃၆)၏ လက်အောက်ခံ ပြောက်ကျား တပ်ဖွဲ့ (Spider Guerilla Force) ဟု ခေါ်သည်။ ပင့်ကူ ပြောက်ကျားတပ်ဖွဲ့ကို စတင် အုဋ်မြစ်ချခဲ့သူမှာ `မေဂျာစီးဂရင်း´ဖြစ်သည်။ စီးဂရင်းသည် ၁၉၃၉ ခုနှစ်၊ ဗြိတိသျှ တပ်ဖွဲ့များ အိန္ဒိယသို့ ဆုတ်ခွာခဲ့ရာတွင် လိုက်ပါမသွားဘဲ၊ ဖာပွန်၌ တိတ်တဆိတ် ပြောင်း ရွှေ့နေထိုင်ခဲ့ပြီး၊ ဂျပန်ဆန့်ကျင်ရေး မြေအောက် လှုပ်ရှားမှုများအတွက် ထိုဒေသရှိ ကရင် အမျိုးသားများကို စည်းရုံးသိမ်းသွင်းခဲ့သည်။

နောက်ပိုင်း ဖို့စ် (၁၃၆)နှင့် အဆက်အသွယ်ရပြီး၊ လေထီးသမားများ ဆင်းသက်ကာ၊ ပြောက်ကျားအဖွဲ့များကို ဖွဲ့စည်းခဲ့ကြသည်။ “မေဂျာ စီးဂရင်း”မှာ မြေ အောက် လှုပ်ရှားမှုများကို ဆောင်ရွက်ဆဲတွင် ဂျပန်များ ဖမ်းမိပြီး၊ သေဒဏ်ပေး ခြင်းကို ခံခဲ့ရလေသည်။ ၎င်းနှင့်အတူ ကရင်အမျိုးသားအခ့ျိုလည်း၊ ပါဝင်ခဲ့လေသည်။ ဖို့စ် (၁၃၆) ၏ လက်အောက်ခံ ပြောက်ကျားအဖွဲ့များသည် ပဲခူးရိုးမတွင်လည်း ဖွဲ့စည်းခဲ့ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ရိက္ခာများကို စီစဉ် ဆောင်ရွက် ပေးသည်။ ဆရာကြီး ထောယေသည် ကျောင်းဆရာဘဝမှ တိုက်ခိုက်ရေးသမား၊ ပြောက်ကျားဗိုလ်ဘဝဖြင့် မုန်းမြို့နယ်၊ မုန်းချောင်းနှင့် ထန်းတပင်မြို့နယ် တဝိုက်တွင် ပါဝင်လှုပ်ရှား ခဲ့ရသည်။ ထို ဒေသတဝိုက်ကို  တာဝန်ယူရသော အင်္ဂလိပ်တပ်မှူး အမည်မှာ ကပ္ပတိန်ဟော့စ်မန် ဖြစ်သည်။ ဗိုလ်ထောယေမှာ သူ့ လက်အောက်တွင် ဒု-ခွဲမှူး တာဝန်ယူရသည်။ ကပ္ပတိန် ဟော့စ်မန်နှင့် ဗိုလ်ထောယေတို့၏ တပ်ဖွဲ့များသည် စစ်တောင်းမြစ်ကို ဖြတ်ကျော်လာသော ဂျပန် များကို ရင်ဆိုင်တိုက်ခိုက်ရန် တာဝန်ယူရသည်။ ထိုဒေသတွင် တိုက်ပွဲများ အပြင်း အထန် ဖြစ်ခဲ့သည်။ ဗိုလ်ထောယေ ဦးစီးသော တပ်ဖွဲ့သည် မိုင်းဗုံး စစ်ဆင်ရေးနှင့် ခြုံခို တိုက်ခိုက်ရသော ရွေ့လျားတပ်ဖွဲ့ဖြစ်ပြီး အင်အား (၅၀)ခန့် ရှိသည်။ အင်အား (၂၀၀)ခန့် ရှိသော ဂျပန်တပ်များကို သုတ်သင်နိုင်ခဲ့သည်ဟု ဗိုလ်ထောယေ ကိုယ်တိုင် ဝန်ခံ လေသည်။

ဒုတိယ ကမ္ဘာစစ်အပြီး “ကျောင်းအုပ်ဘဝ”

ဒုတိယ ကမ္ဘာစစ်ပြီးဆုံးပြီးနောက် သာယာဝတီ (A.B.M.) အထက်တန်း ကျောင်း ကျောင်းကော်မတီမှ ဆရာထောယေအား ကျောင်းအုပ်အဖြစ် တဖန် ပြန်လည်လုပ်ကိုင်ရန် ဖိတ်ခေါ်ပြန်သဖြင့် ယ္ခင်ကလည်း ပညာရေးတွင် ဝါသနာ အထုံပါခဲ့သည့်အလျောက် ပြန်လည် လက်ခံခဲ့သည်။ ဤ အကြိမ်တွင် ကျောင်းအုပ် အဖြစ် ပြန်လည်လုပ်ကိုင်ရာ သူ့တွင် အကျပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင် ခဲ့ရသည်။ ကျောင်းတွင် ဘဏ္ဍာငွေ လုံးဝမရှိ။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက အစိုးရ ထောက်ပံ့ကြေး တနှစ်လျှင် (၂)သောင်းခန့် ရရှိခဲ့သည်။ ယခုတော့ ထို ထောက်ပံ့ကြေးများကို ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်သည်။ ကျောင်း ဆရာလည်း တယောက်မျှ မရှိ။ သို့သော် ယခင်ထဲက အလုပ်တခုကို လုပ်ရန် ဆုံးဖြတ်ချက် ချပြီးလျှင် ဖြစ်မြောက် အောင်မြင်အောင် လုပ်တတ်သော အလေ့အထရှိသဖြင့် မလျော့တမ်း ကြိုးပမ်း ခဲ့လေသည်။ ကျောင်းစဖွင့်သော ရက်ပိုင်းကာလ၌ဆိုလျှင် သန့်ရှင်း ရေး လုပ်မည့်သူပင် မရှိဖြစ်ရာ ကျောင်းအုပ်ကြီး ကိုယ်တိုင်ပင် သန့်ရှင်းရေး လုပ်ရသည်။ ဆရာ ဆရာမ မလုံလောက်မှုကြောင့် တနှစ်လုံးပင် မနားမနေ အားလပ်ချိန်မရှိ စာသင် ခဲ့ရလေသည်။ 

ငွေကြေးအထောက်အပံ့ မရသောကြောင့် ကိုယ်ထူကိုယ်ထ စံနစ်ဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ရာ ကျောင်းအုပ်ချုပ်ရေး စည်းကမ်းနှင့် အောင်နှုန်း ကောင်းအောင် ကြိုးပမ်းရမည် ဖြစ်သည်။ အောင်ချက်ကောင်းလျှင် ကျောင်းသားဦးရေ များလာမည်။ ကျောင်းသားဦးရေ များလာလျှင် ကျောင်းဝင်ငွေလည်း တိုးလာမည်ဖြစ်ပြီး၊ ဆရာ ဆရာမ တို့၏ လစာနှုန်းနှင့် ကျောင်းကိစ္စများကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်သည်။ ကြိုးပမ်းချက် အတိုင်းပင် ပထမနှစ်တွင် အောင်ချက် ကောင်းခဲ့သည်။ အထက်တန်း ကျောင်းထွက် လက်မှတ်ရ (S.L.C.) စာမေးပွဲတွင် ၈၀% အောင်မြင်ပြီး၊ တက္ကသိုလ် ဝင်တန်းတွင် ၆၀% အောင်မြင်လေသည်။

ကျောင်း စည်းကမ်း၌လည်း ကောင်းသဖြင့် ကျောင်းသားဦးရေ တိုးများ လာသည်။ ထို့ကြောင့် ကျောင်းဆရာ၊ ဆရာမများကိုလည်း၊ လစာ ကောင်းကောင်း စီစဉ် ပေးနိုင်ခဲ့သည်။ နယ်ကျောင်းသားများလည်း (A.B.M.)ကျောင်းတွင် လာရောက် ပညာ သင်ခဲ့ရာ၊ ကျောင်းအုပ်ချုပ်ရေး ကော်မတီက ဘော်ဒါဆောင် ထားရန် ဆုံးဖြတ်သည့်အပြင်၊ ကျောင်းသားတယောက် တနှစ် (၆၀)ကျပ်ဖြင့် လက်ခံ မည်ဖြစ်သည်။ ကုန်ဈေးနှုန်းများ ကြီးမြင့်သဖြင့် (၆၀)ကျပ်မှာ လုံလောက်မည် မဟုတ်ပေ။ ယခင်က (၂၅)ကျပ်နှင့်ပင် လက်ခံ နိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေ အကောင်အထည် ဖော်ရမည်ဖြစ်ရာ၊ ဆရာကြီး ထောယေ ကိုယ်တိုင် ဘော်ဒါဆောင် ကိစ္စ၊ ငွေကြေး လုံ လောက်နိုင်ရေးအတွက် ကျောင်းစိုက်ပျိုးရေး စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ရသည်။ ကိုယ်တိုင်လည်း နွားချေး ထမ်းရသည့်အခါလည်း ရှိသည်။ နွားလှည်းရသည့်အခါ နွားလှည်းနှင့် သယ်ဆောင်ရသည်။ ကျောင်းဆင်းလျှင် ပေါက်တူး တလက်ဖြင့် ခါးတောင်း မြှောင်အောင်ကျိုက်ပြီး၊ စိုက်ခင်းထဲ၌သာ တနေကုန်သည်အထိ အလုပ်လုပ်နေ လေသည်။ ပထမ နှစ် ဘော်ဒါဆောင်တွင် ကျောင်းသား (၇၀)ခန့် ရှိရာ၊ အသီးအနှံများကို လုံလုံ လောက်လောက် စားရသည့်အပြင် နှစ်ကုန်တွင်လည်း အမြတ်ငွေ (၂,၁၃၀ိ/-) ကျန်ခဲ့လေသည်။ ဆရာကြီး၏ ကြိုးပမ်းချက်ကြောင့် ဒုတိယနှစ်တွင် ဘော်ဒါဆောင် ကျောင်းသားများသည် ထမင်းဟင်း ကောင်းကောင်း စားလာနိုင် ကြသည့်အပြင်၊ ကျောင်းသား အများအပြားပင် စိုက်ပျိုးရေးပညာ တတ်မြောက် လာကြသည်။ ကျောင်း စရိတ် မတတ်နိုင်သော ကျောင်းသားများသည်ပင် စိုက်ပျိုးရေးလုပ်ပြီး ဝင်ငွေရှာရာမှ စရိတ်စကများ ရလာကြသည်။ ဆရာကြီးသည် သူ အထက်တန်း ကျောင်းသားဘဝက ကျောင်းစရိတ် ရှာခဲ့သည့် နမူနာအတိုင်း အစီအစဉ်များ ချမှတ်ပေးခဲ့သည်။ 

၁၉၄၉ ခုနှစ်၊ ကရင်လက်နက်ကိုင် တော်လှန်ရေးကြီး စတင်ခဲ့သည့် အထိ ဆရာကြီး ထောယေသည် ကျောင်းအုပ်ဆရာကြီး ဘဝဖြင့်၊ ကျောင်းရန်ပုံငွေ (၁၂,၀၀၀ိ/-) တသောင်း နှစ်ထောင်ကျပ်တိတိ စုဆောင်းနိုင်ခဲ့သည်။ ရန်ပုံငွေ စုဆောင်းရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းကြီးကို အဆင့်အတန်း မြှင့်တင်နိုင်ရန် ဖြစ်သည်။ လက်နက်ကိုင် တော်လှန်ရေး စတင်ခဲ့သည်တွင် ဆရာကြီးသည် အဆိုပါ ရန်ပုံငွေများကို ကျောင်းကော် မတီ ထံသို့ စနစ်တကျ အပ်နှံခဲ့လေသည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect