လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။
ကေဂျီဘီ (K.G.B.) ယာယီ သဘာပတိ ရွေးချယ် ခံရခြင်း
၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့တွင် ဥက္ကဋ္ဌကြီး စောဘဦးကြီး ကျဆုံးပြီး နောက်၊ ဥက္ကဋ္ဌသစ်ရွေးချယ်ရန် ကိစ္စများ ပေါ်ပေါက်လာခဲ့လေသည်။ စောဘဦးကြီး ကျဆုံး ပြီးဖြစ်၍ လစ်လပ်သောနေရာတွင် ဗိုလ်ချုပ်စိုင်းကေအား တင်မြှောက်ရန် အားလုံးက သဘောတူလေသည်။ သို့သော် ဗိုလ်ချုပ်စိုင်းကေ လည်း ဥက္ကဋ္ဌကြီးနှင့်အတူ ကျဆုံးသွား ကြောင်း ဖာပွန်ရှိ စောဘဦးကြီး၏ ဇနီးက ကြေးနန်းပို့လာသဖြင့်၊ ဥက္ကဋ္ဌသစ် အဖြစ် တဦးဦးကို ရွေးချယ်ရန် ကိစ္စရှိလာသည်။ ထို့ကြောင့် တင်မြှောက်ရေး အစည်းအဝေး တရပ်ကို အလျင်အမြန် ခေါ်ယူ ခဲ့ကြသည်။ ထိုအစည်းအဝေးကို မော်ချီးတွင် ခေါ်ယူရာ ဆရာစကောလယ်တော လည်း တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးတွင် ဥက္ကဋ္ဌ အဖြစ် ဦးလှဖေကို တင်မြှောက်ရန်၊ ဦးလှဖေ မလုပ်မှသာ ဂျေဖူးညိုကို ဥက္ကဋ္ဌ တင်ရန် စသည်ဖြင့် တညီတညွတ်တည်း ဆုံးဖြတ်ကြသည်။ ဂျေဖူးညို ကိုယ်တိုင်လည်း အစည်းအဝေးကို တက်ရောက်ခဲ့သည်။ ဆုံးဖြတ်ချက်အရ တောင်ကြီးဘက်သို့ ရောက်နေသော ဦးလှဖေ အား အကျိုးအကြောင်း၊ ကြေးနန်းပို့ရာ ဦးလှဖေမှာ ပအိုဝ်း တော်လှန်ရေးတွင် ကိုယ်တိုင် ဦးဆောင်နေရသဖြင့်၊ ထိုတာဝန်ကို လက်မခံနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။ ဂျေဖူးညို ကလည်း ဥက္ကဋ္ဌ မလုပ်ချင်။ စစ်အုပ်ချုပ်ရေး ချမှတ်ခဲ့စဉ်က လက်နက်ကိုင် တော်လှန် ရေးကာလ၊ မည်သည့် အဖွဲ့အစည်းမှ မဖွဲ့စည်းရဟု သူကိုယ်တိုင် အမိန့်တရပ် ထုတ်ပြန်ခဲ့၍ ဖြစ်သည်။ သို့သော် မလွဲမရှောင်သာ ဥက္ကဋ္ဌ သစ်နေရာ လက်ခံပြီး နှစ်ရက်အကြာတွင် မြစ်ဝကျွန်းပေါ်ရှိ ခေါင်းဆောင်များ၏ကိုယ်စား ဟန်တာသာမွှေးထံမှ ကြေးနန်း တစောင် ရရှိခဲ့သည်။ ကရင့်တော်လှန်ရေး တိုးတက်ခိုင်မာရေးအတွက် ကေအဲန်ယူ အစည်း အရုံးကို ပြန်လည် ဖော်ထုတ်ရန်၊ တောင်းဆိုထားသော ကြေးနန်း ဖြစ်သည်။ ကရင့် တော်လှန် ရေးအတွက် ကေအဲန်ယူ ကို ဖွဲ့စည်းရမည်ဆိုလျှင် သူ ဥက္ကဋ္ဌ မဟုတ်တော့ဟု ဆိုပြီး၊ စောဟန်တာသာမွှေး ထံသို့ ကြေးနန်းပြန်ပို့ လိုက်သည်။ နောက်ဆုံး ဥက္ကဋ္ဌ တာဝန်မှ အပြီး အပိုင် ထွက်သွားခဲ့သည်။
၁၉၅၁ ခုနှစ် ဇန္နဝါရီလ (၉)ရက်နေ့တွင် အစည်းအဝေးကို ပြန်လည် ခေါ်ယူ ရပြန်သည်။ အစည်းအဝေးကို တောင်ငူ ခရိုင်တွင် ခေါ်ယူခဲ့ကြသည်။ ဥက္ကဋ္ဌ သစ် တယောက် ရှာဖို့ဆိုလျှင် အဖွဲ့ငယ်တဖွဲ့ ဖွဲ့ရမည်ဖြစ်သည်။ ထိုအဖွဲ့ကို အမည်အမျိုးမျိုး ပေးကြသည်။ နောက်ပိုင်းတွင် (K.G.B. Kawthooli Governing Body.) ကေဂျီဘီ (ကော်သူးလေ အုပ်ချုပ်ရေး အဖွဲ့) ဟူ၍ အမည်ပေးပြီး၊ ဖွဲ့စည်းရန် ဖြစ်သည်။ ထိုအဖွဲ့၏ ဥက္ကဋ္ဌ ကို ရွေးချယ် ကြရမည်ဖြစ်သည်။ အဖွဲ့ ဖွဲ့ပြီးနောက် သဘာပတိရွေးချယ်ရာတွင် ပြဿနာ ပေါ်လာပြန်သည်။ သဘာပတိ အဖြစ်ဆိုလျှင် ပအိုဝ်း ဦးလှဖေကို ရွေးချယ်ရန် ဆုံးဖြတ်ကြပြန်သည်။ ဒုတိယသဘာပတိ အနေဖြင့် ဗိုလ်ချုပ်မင်းမောင် ကို ရွေးချယ်ရန် ဆုံးဖြတ်ပြီး အဖွဲ့ငယ်များ ဖွဲ့စည်းရာ ဆရာ စကောလယ်တောမှာ မြစ်ဝကျွန်းပေါ် ကိုယ် စားလှယ်အဖြစ် ရွေးချယ် ခံရသည်။ ထိုအစည်းအဝေးတွင် အရေးကိစ္စ အမျိုးမျိုးကို ဆွေးနွေး တင်ပြခဲ့ကြသည်။
တဖန် ဦးလှဖေကို ကြေးနန်းပို့သောအခါ ဦးလှဖေကလည်း၊ သူပြန်မလာ နိုင်ကြောင်း ငြင်းပယ် ပြန်သည်။ ထို့ကြောင့် သဘာပတိအဖြစ် ဗိုလ်ချုပ်မင်းမောင် သာလျှင် လုပ်ရန် ရှိတော့သည်။ ဤသည်မှာ သဘာဝကျပြီး လုပ်ထုံး လုပ်နည်းနှင့် အညီ ဖြစ်လေသည်။ သို့သော် ဗိုလ်ချုပ်မင်းမောင်သည် စင်စစ် နိုင်ငံရေးကို နားမလည်။ တော်လှန်ရေးတွင် မျိုးချစ် တယောက်အဖြစ် ပါဝင်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ မလုပ်တတ်ကြောင်း ရိုးသားစွာပင် ငြင်းပယ်ခဲ့သည်။ သဘာပတိ တင်မြှောက်ရေး ကိစ္စမှာ မပြီးမပြတ် ရှိနေပြန်သည်။ နောက်ဆုံး ဗိုလ်ချုပ်မင်းမောင် ကိုယ်တိုင် မြစ်ဝကျွန်းပေါ်၌ ရှိသော မန်းဘဇန်နှင့် ဟန်တာသာမွှေး တို့ထံ ကြေးနန်း ပို့လေသည်။ “ခင်ဗျားတို့ စခဲ့တဲ့ အလုပ်ဟာ၊ အခု ခေါင်းဆောင်ရွေးတာ ဘယ်သူမှ လက်မခံပါ။ ဒါကြောင့် ခင်ဗျားတို့ တယောက်ယောက် တက်လာ ဥက္ကဋ္ဌ လုပ်ပါ” စသည်ဖြင့် ကြေးနန်းပို့လေသည်။ မုဆိုး ကော်ကဆာက လည်း သူ့အနေဖြင့် (K.G.B.) ဥက္ကဋ္ဌ လုပ်ရန် ဝန်မလေးကြောင်း၊ သို့သော် လောလောဆယ်၌ မြစ်ဝကျွန်းပေါ် စည်းရုံးရေး လုပ်ငန်းများအတွက်၊ အရေးကြီးသော တာဝန်များကို ဆောင်ရွက်နေရသဖြင့် မလာနိုင်သေးကြောင်း၊ သူတက် မလာမီ သူ့ ကိုယ်စား ဆရာထောယေက ဆောင်ရွက်ရန်၊ အားလုံး လက်ခံမည်ဆိုလျှင် သူ့အနေဖြင့် သဘာပတိ တာဝန်ကို လက်ခံမည်ဆိုပြီး ကြေးနန်း ပြန်ပို့ခဲ့သည်။ ဗိုလ်ချုပ်မင်းမောင်မှာ ကြေးနန်းရရချင်း ဆရာစကောလယ်တောအား မှာယူပြီး ကြေးနန်းကို ဖတ်ပြသည်။ ဆရာ စကောလယ်တော ကလည်း ဟန်တာသာမွှေး ထံ ကြေးနန်းပြန်ပို့ပြန်သည်။ “ကျနော့ကို အရူး မလုပ်ပါနဲ့၊ ကျနော် ဘာမှ မလုပ် တတ်ပါ။ ခင်ဗျားကိုယ်တိုင် တက်လာပါ။ ခင်ဗျားကို အားလုံး မျှော်နေပါတယ်။” ဟူ၍ ဖြစ်သည်။
ဟန်တာသာမွှေးက ဆရာစကောလယ်တောအား ပြန်လည် နှစ်သိမ့် သည်မှာ “ခေါင်းဆောင်တယောက် ဆိုသည်မှာ တာဝန်ကို မကြောက်ရဘူး။ ခင်ဗျား လုပ်နိုင်ပါ တယ်။ ခင်ဗျားကို ယုံကြည်ပါတယ်။ လုပ်သာ လုပ်ပါ။ ခင်ဗျားနဲ့ အတူ ရှိသည်။” ဟူသော ကြေးနန်းကို ရလျှင် ဆရာကြီး စကောလယ်တောက အချက်တချက်ကို ဆင်ခြင် သုံးသပ်မိခဲ့သည်။ ၎င်းမှာ ဥက္ကဋ္ဌကြီး ကျဆုံးခဲ့သည်မှာ ၁၉၅၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက် ဖြစ်ရာ၊ ယခု ၁၉၅၁ ခုနှစ် ဧပြီလ သို့တိုင် ရောက်ခဲ့ပြီ ဖြစ်သော်လည်း ဥက္ကဋ္ဌ မရှိသေး။ ကော်သူးလေ ဋ္ဌာနချုပ်ကို ယခင်က မော်ချီးတွင် ထားရာ လုံခြုံမှု မရှိတော့သဖြင့်၊ ဖာပွန်သို့ ပြန်လည် ပြောင်းရွှေ့ခဲ့ရပြီး ဖြစ်သည်။ ဖာပွန်တွင် လူအမြောက်အများရှိပြီး ပြဿနာလည်း အမြောက်အများ ရှိနေသည်။ အခက်အခဲ အကျပ်အတည်းများစွာ ရှိနေသော်လည်း မည်သူမျှ ဝင်ရောက် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း မရှိသေးပေ။ အစည်းအဝေး ထပ်မံ ခေါ်ယူလျှင် အချိန်လည်း ကြာဦးမည်။ ရွေးချယ်မည့်သူများက လုပ်နိုင် မလုပ်နိုင် ဆိုသည် မှာလည်း သေချာလှသည်မဟုတ် ဟူ၍ လက်ရှိ အခြေအနေကို သုံးသပ် မိခဲ့သည်။ ထို့ကြောင့် သူသည် ဖာပွန်သို့တက်ပြီး K.G.B. ယာယီ သဘာပတိအဖြစ် လက်ခံ လိုက်လေသည်။ အခက်အခဲ အကျပ်အတည်း မျိုးစုံ ကြားထဲ၌ပင် အလုပ် စတင် လုပ်ခဲ့ရသည်။ ထိုအချိန်က ဖာပွန်တွင် ကော်သူးလေ အသံလွှင့်ဋ္ဌာနလည်း ရှိသည်။ စစ်ဦးစီး ဋ္ဌာနချုပ်လည်း ရှိသည်။ အင်္ဂလိပ်ကပြား အမျိုးသားများ၊ မြန်မာ အမျိုးသားများ လည်း ရှိသည်။ နဂါးနက်၊ မာဃ၊ ကျွဲချို၊ အစရှိသော အသံလွှင့် ဋ္ဌာနတွင် တာဝန်ယူ ကြသူများလည်း အကျပ်အတည်းများ တွေ့နေကြသည်။ စက်ယန္တယားနှင့် ပတ်သက်သူ များလည်း ရှိသည်။ အားလုံး အကျပ်အတည်းနှင့် ကြုံနေကြရသည်။ ဆရာစကောလယ် တော ဖာပွန်သို့ ရောက်ခဲ့ပြီးနောက် ဘဏ္ဍာရေး ကိစ္စများကို စနစ်တကျရှိရန် ကြိုးပမ်း ဆောင်ရွက်ရာတွင် အောင်မြင်ခဲ့သည်။ ခရိုင်အသီးသီးမှ ဗဟိုသို့ ဘဏ္ဍာငွေများ ပုံမှန် ပြန်ပို့ကြသည်။ ခရိုင်နှင့် ဗဟို ဆက်သွယ်ရေး ကိစ္စများ၊ ဋ္ဌာနဆိုင်ရာ ကိစ္စများလည်း ပုံမှန် လည်ပတ်လာသည်။ ဋ္ဌာနချုပ်စခန်းတွင် အင်အား (၄၀၀)ခန့်ရှိရာ အစားအသောက် ရိက္ခာ အဝတ် အစားနှင့် နေထိုင်ရန် အဆောက်အဦများကိုလည်း ကောင်းမွန်စွာ စီစဉ် ဆောင်ရွက် နိုင်ခဲ့သည်။
ဆရာကြီး စကောလယ်တော ဖာပွန်တွင် (K.G.B.) ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်စဉ် ကာလတွင် ဖာပွန်ရှိ (K.G.B.) ခေါင်းဆောင် အများစုမှာ အသက်ကြီးရင့် သူများ ဖြစ်ကြသည်။ ခရိုင်နှင့် အောက်ခြေတွင် ပြဿနာ တခုခု ဖြစ်လာပါက လွတ်လပ်စွာ မသွားမလာ နိုင်သူက များသည်။ ထို့ကြောင့် ဆရာ စကောလယ်တော သည်သာ အများ ဆုံး သွားလာ ဆောင်ရွက်ရလေသည်။
အရှေ့ဖက်တွင်ရှိသော ခရိုင်ဒေသ အနံှ့အပြားသို့ ရောက်ခဲ့သည်။ ထို့ကြောင့် လူထုတရပ်လုံးနှင့် ထိတွေ့ရင်းနှီးပြီး၊ ပြဿနာများကို ဝိုင်းဝန်းဖြေရှင်း အကြံဉာဏ်များ ပေးခြင်းဖြင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုရခဲ့သည်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသဖြင့်လည်း ညွှန်ကြားချက်များပေးတိုင်း တက်တက်ကြွကြွ အကောင်အထည် ဖော်ကြသည်သာ များသည်။ နောက်ပိုင်းတွင် (K.G.B.) ၌ ဋ္ဌာနဆိုင်ရာ တာဝန်များ ခွဲဝေကြရာ၊ ဆရာစကော လယ်တောမှာ နိုင်ငံခြားရေးဋ္ဌာနကို တာဝန် ယူရလေသည်။ ဆရာ စကောလယ်တော လည်း နိုင်ငံရပ်ခြားသို့ တခါတရံ ရောက်ခဲ့ရာ၊ အတွေ့အကြုံလည်း ပိုမိုရလာခဲ့သည်။ အရှေ့တိုင်း (K.G.B.) ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလတွင် သင်တန်းများလည်း အခါအား လျော်စွာ ပေးခဲ့ရသည်။
၁၉၅၄ ခုနှစ်ကုန်ကာနီးတွင် “မုဆိုးကော်ကဆာ” အရှေ့တိုင်းသို့ ရောက် လာသည်။ ရောက်ရောက်ခြင်း (K.G.B.)ကို ဖျက်သိမ်း လိုက်ပြီး၊ (K.R.C. – Karen Revolutionary Council) “ကရင်တော်လှန်ရေးကောင်စီ”ကို ဖွဲ့စည်းလိုက်သည်။ ထို ကရင် တော်လှန်ရေးကောင်စီတွင် ဆရာစကောလယ်တောမှာ အတွင်းရေးမှူး အဖြစ် တာဝန်ယူရသည်။ မူဆိုးကော်ကဆာ နှင့် ဆရာစကောလယ်တောမှာ ဆရာ တပည့် အရင်းဖြစ်၍ တလေးတစား ဆက်ဆံကြသည်။ အရှေ့တိုင်းတွင် ပြဿနာပေါ်တိုင်း ‘ဆရာစကောလယ်တော’ကိုသာ တာဝန်ပေးလေသည်။ မဟာမိတ် အခန်းကဏ္ဍနှင့် ပတ်သက်၍ အထူးသဖြင့် လူမျိုးစုပြဿနာ ကိစ္စများတွင်လည်း တာဝန်ပေး၍ ယူရပြန် သည်။ အခြားခေါင်းဆောင်များမှာ ဆရာ စကောလယ်တော လောက် စကားပြောဆို ဆက်ဆံရာတွင် မကျွမ်းကျင်ကြ။ ထို အချိန်က ဗမာပြည် ကွန်မြူနစ်ပါတီမှာ ကရင့် တော်လှန်ရေးနှင့် အဆက်အသွယ် ပုံမှန် ရှိခဲ့၍ ကွန်မြူနစ်ခေါင်းဆောင်များနှင့် တွေ့ဆုံ ရမည်ဆိုလျှင် ဆရာ စကောလယ်တော ကိုသာ ရွေးချယ် ဆောင်ရွက် ခဲ့လေသည်။ ဤသို့ဖြင့် ဗမာပြည် ကွန်မြူနစ် ပါတီ ခေါင်းဆောင်များနှင့် ပိုမို ရင်းနှီးလာသည်သာမက ၎င်းတို့ထံမှ အတွေ့အကြုံ များလည်း ရလာသည်။
ကျနော်ရေးသားတင်ပြခဲ့သော “ဆရာကြီးစကောလယ်တော”၏ ကျောင်း သားဘဝ၊ ကျောင်းဆရာ ဘဝ၊ ကျောင်းအုပ်ကြီး ဘဝနှင့် ကရင်အမျိုးသား လက်နက် ကိုင်တော်လှန်ရေးသမားဘဝ အခြေအနေအခ့ျိုသည် “ဆရာကြီး”၏ အတ္ထုပ္ပတ္တိ ပထမ ပိုင်း မျှသာ ဖြစ်ပါသည်။ အဆိုပါ အတ္ထုပ္ပတ္တိ ပထမပိုင်း ကာလနှင့် ယခု ဆက်လက် ဖော်ပြမည့် “မြောက်ပိုင်း ခရီးစဉ်” ကာလသည်၊ နှစ်ပေါင်း (၂၀)ကျော် ကွာခြား ခဲ့ပါသည်။ နှစ်ပေါင်း (၂၀)အတွင်း သူကိုယ်တိုင် ပါဝင်ဆောင်ရွက် ဖြတ်ကျော်ခဲ့ရသော “တော်လှန်ရေး” လှုပ်ရှားမှုနှင့် မြန်မာပြည် နိုင်ငံရေး ဖြစ်စဉ် အတွင်း အချိုးအကွေ့ပေါင်း များစွာရှိခဲ့ပါသည်။
ကေအဲန်ယူ၏ ဒုတိယ လမ်းစဉ်အတွင်း နိုင်ငံရေး ဆိုင်ရာ သဘောတရား ချမှတ်ချက်များ၊ ဖဆပလ ၏ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ထိုးစစ်များ၊ မဟာမိတ် နှင့် တပ်ပေါင်းစု တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှု၊ ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးကာလ အယူအဆဆိုင်ရာ ပဋိပက္ခ၊ အမျိုးသားချင်း လက်နက်ကိုင် ပဋိပက္ခ၊ ကေအဲန်ယူပါတီ၏ နိုင်ငံရေး သဘောတရား ပြုပြင်ပြောင်းလဲမှု၊ အမျိုးသား စည်းလုံး ညီညွတ်ရေး တည်ဆောက်ခြင်း စသော ကိစ္စရပ်ပေါင်းများစွာ အပေါ် အခြေခံသော အချိုး အကွေ့များစွာ ရှိခဲ့လေသည်။ ထိုနိုင်ငံရေး ရပ်တည် လုပ်ဆောင်ချက်များသည် နောင်လာ နောက်သားများအတွက် မှတ်သားစရာများ ဖြစ်မည်ဟု ယုံကြည် မိပါသည်။
“အဆိုပါ နှစ်ပေါင်း(၂၀)ကာလ ကရင့်တော်လှန်ရေးဖြစ်စဉ်နှင့် ဆရာကြီး၏ ပတ်သက်မှုကို ဆရာစကောလယ်တော၏ အတ္ထုပ္ပတ္တိကို ရေးသားမည့်သူများမှ အသေး စိတ်ကို ဆက်လက်ရေးသား ဖော်ပြ သွားကြမည် ဖြစ်ပါသည်။ ကျနော့် အနေဖြင့် ဆရာကြီး နှင့် အခိုက်အတန့်အားဖြင့်၎င်း၊ လုပ်ငန်းတခုခုကို အကြောင်း ပြု၍၎င်း၊ တွေ့ကြုံခဲ့ရသော ကာလ(၃)ခုကို အနည်းငယ်စီ ရေးသား တင်ပြမည် ဖြစ်ပါသည်။”
အဆိုပါ ကာလ(၃)ခုမှာ –
(က) ၁၉၆၃ ခုနှစ်၊ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကာလ။
( ခ) ၁၉၆၈ ခုနှစ်၊ ကေအဲန်ယူ၏ သဘောတရားရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှု ကာလ။
( ၈) ၁၉၇၅ ခုနှစ်၊ အမျိုးသားစည်းလုံးညီညွတ်ရေး ပြန်လည် တည်ဆောက်သော ကာလ ဟူ၍ ဖြစ်သည်။
ထိုကာလများမှာ ကရင့်တော်လှန်ရေး၏ ထူးခြားသော အပြောင်းအလဲ ကာလ များ၌ပါဝင်ပြီး၊ ထိုကာလများအတွင်း ဆရာကြီးနှင့် တွေ့ဆုံခဲ့ရသော အခိုက်အတန့် ကာလ များ ဖြစ်သည်။

ပထမအကြိမ် တွေ့ဆုံခြင်း
ကျနော်သည် ၁၉၆၃ ခုနှစ်၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဆွေးနွေးပွဲကာလတွင် ဆရာကြီးနှင့် (၂)ကြိမ်တိတိ တွေ့ဆုံခွင့် ရခဲ့ပါသည်။ ပထမဆုံး အကြိမ်မှာ ရန်ကုန်မြို့ အလုံမစ်ရှင်လမ်း၊ ဘရေတန် အထက်တန်း ကျောင်း၌ ဖြစ်သည်။ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တော်များဖြစ်သော မွန် ကရင် ကရင်နီ (၃)ပါတီ ကိုယ်စားလှယ်များနှင့်အတူ လာရောက်ပြီး လူထုရှင်းလင်းပွဲ တခု ကျင်းပကြသည်။ အဆိုပါ လူထုရှင်းလင်းပွဲသို့ ရန်ကုန် တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများအား ဖိတ်ကြားသဖြင့် တက်ရောက် ခဲ့ခြင်းဖြစ်သည်။
(၃)ပါတီ ကိုယ်စားလှယ်များမှာ၊ ကေအဲန်ယူပါတီမှ မန်းဘဇန်၊ စကောလယ် တော၊ ဗိုလ်မှူးစံလင်း၊ မွန်ပြည်သစ်ပါတီမှ နိုင်ရွှေကျင်၊ နိုင်ထင်၊ နိုင်ဝေ၊ ကရင်နီ တိုးတက် ရေးပါတီမှ ဥက္ကဋ္ဌကြီး စောမောရယ်နှင့် ကိုယ်စားလှယ်အခ့ျို အသီးသီး တက်ရောက်ခဲ့ ကြသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလဖြစ်၍ ကရင် အမျိုးသားများ အားလုံးက အထူးစိတ်ဝင်စားကြသည်။ ထို့ကြောင့် မဟာရန်ကုန် အတွင်း အင်းစိန်၊ ခဝဲခြံ၊ ဟံသာဝတီ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ကြည့်မြင်တိုင်၊ အလုံ ဝှိုက်ဟော(လ်)၊ အစရှိသည့် ရပ်ကွက်များ အပါအဝင်၊ သံလျင်၊ တွံတေး စသည့် မြို့နယ် ဒေသများရှိ ကရင်အမျိုး သားများကလည်း တက်ရောက်လာကြလေသည်။ ပြည်တွင်းစစ် (၁၀)နှစ်ကျော် ကာလ အတွင်း တောတွင်းမှ အမျိုးသား ခေါင်းဆောင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ နှုတ်ဆက် ကြရမည် ဖြစ်ပြီး၊ ငြိမ်းချမ်းရေး ရတော့မည်ဟူသော မျှော်လင့်ချက် စိတ်ကူးများကလည်း၊ တက်ရောက်လာသော ကရင် အမျိုးသားများအတွက် ဝမ်းမြောက် အားရစရာ ဖြစ်သည်။ လူထု ရှင်းလင်းပွဲတွင် (၃)ပါတီကိုယ်စားလှယ် ခေါင်းဆောင် ဖြစ်သော မန်းဘဇန်က မိန့်ခွန်း ပြောကြားသည်။ ထို့နောက် ကိုယ်စားလှယ်များကလည်း အနည်းငယ်စီ ပြောကြား ခဲ့ကြသည်။ ထိုအချိန် ဆရာကြီး စကောလယ်တော မှာ အသက်အားဖြင့် (၄၀)ပတ် ဝန်းကျင်သာ ရှိသဖြင့် အရပ်အမောင်းမြင့်မြင့် ကိုယ်လုံးကိုယ်ဖန်မှာလည်း သန်စွမ်းသော လက္ခဏာ ရှိသည်။ နဖူးမြင့်ပြီး နှာတန်ပေါ်၍ တည်ငြိမ် ခန့်ညားလျက်ရှိသည်။ မျက်လုံး ပါးစပ်၊ ဖွဲ့စည်းပုံမှာ ထိုင်းတရုတ်မျိုးနွယ်ပုံ ပေါ်လွင်နေသည်။ ကျနော်သည် ဆရာကြီး စကောလယ်တော ကို ပထမ အကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ “ဆရာကြီး စကောလယ်တော ကျားစီးပြီး ခရီးသွားသည်”ဟူသော တင်စားမှုများ ရှိခဲ့သည်ကို အမှတ်ရပြီး သူ့ကို မကြာခဏ အကဲ ခတ်မိသည်။ ထိုလူထု ရှင်းလင်းပွဲအပြီး မရှေးမနှောင်း ရက်ပိုင်း ကာလ အတွင်းမှာပင် အလုံနှင့် ကြည့်မြင်တိုင်ကြား ဝှိုက်ဟော(လ်) ရပ်ကွက်ရှိ ကသစ် လမ်းတွင် ဒုတိယ အကြိမ် ပြန်လည် ဆုံခဲ့သည်။ ထိုအစည်းအဝေးမှာ အေဘီကေအို ရုံး (All Burma Karen Organization.) ၏ အပေါ်ထပ်တွင် ဖြစ်သည်။ (၃)ပါတီ ငြိမ်းချမ်းရေး ကိုယ်စား လှယ်များနှင့် (A.B.K.O.) အဖွဲ့ဝင်များ၏ နှစ်ဖက် တွေ့ဆုံ မိတ်ဆက်ပွဲဖြစ်၍ ငြိမ်းချမ်း ရေးနှင့် ပတ်သက်သော လက်ငင်း အခြေအနေနှင့် နိုင်ငံရေး သဘောထားအမြင်များကို တလှည့်စီ ရှင်းလင်းကြခြင်းများ ပြုလုပ် ကြသည်။ ထိုဆွေးနွေးပွဲတွင် (A.B.K.O.) အဖွဲ့မှ (၁) ဥက္ကဋ္ဌ မန်းမြသီး၊ (၂) မန်းတင်ညွန့်၊ (၃) မန်းစံလှိုင်၊ (၄) စောသာဒင်၊ (၅) မန်းဒါဝိတ်၊ (၆) မန်းအောင်ကြည်၊ (၇) မန်းကျော်အောင်လွင်၊ (၈) မန်းစရွဲမောင်၊ (၉) စ’ ဝင်းသိန်း၊ (၁၀) စောထူး၊ (၁၁) မန်းအောင်ဋ္ဌေး(ကျနော်) စသည်တို့ တက်ရောက် ခဲ့ပါသည်။ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလတလျောက် သူသည် မှတ်တမ်းများကို အဓိက စီစဉ်ရေးသားသူ ဖြစ်သည်။ သူ၏ မှတ်တမ်းများကို အခါ အားလျော်စွာ ဖတ်ခဲ့ရသည်။ ဆရာစကောလယ်တောသည် စာရေးရာတွင်၎င်း၊ စကားပြောရာတွင်၎င်း၊ သွယ်ဝိုက်မှု မရှိ။ ထို့ကြောင့် ရေးသားချက်များသည်လည်း ရှင်းလင်းပြီး အလွယ်တကူ သဘောပေါက်နိုင် ပေသည်။

(နောက်-ဝဲမှယာ) စောဘသင်စိန်၊စောမီသာ၊စောထွန်းအေး၊စောသန်းအောင်၊မန်းအုန်းဖေညွှန့်၊စောလှမောင်၊မန်းဘဇန်၊စောတင်ဦး၊စကောလယ်တော၊စောထိုကြီး၊စောကျော်မြသန်း၊မန်းမြမောင်၊စောကျင်ဖေ၊
(ရှေ့-ဝဲမှယာ) စောဘော်ဒွင်ကြီး၊စောမျိုးသွေး၊မန်းလဖန်း၊စောမောင်မောင်၊စောစံလင်း၊မန်းဘစော
၁၉၆၃ ခုနှစ်ကာလသည် ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေး အတွင်း အယူအဆရေးရာပေါ် အခြေခံကာ ခေါင်းဆောင်ပိုင်း နှစ်ခြမ်းကွဲ ခဲ့ရသော နှစ်ဖြစ်သည်။ ကရင့်တော်လှန်ရေး (၁၀)နှစ်ကျော် ကာလအတွင်း ပထမ အကြိမ် ဖြစ်သည်။ လက်ယာ အင်အားစုကို ပိုမိုအားကိုးလာပြီး၊ လက်နက်နှင့် ငွေရေး ကြေးရေး အကူအညီများကိုလည်း အထူး မျှော်လင့်သော ကာလ ဖြစ်သည်။ လက်ယာအကြိုက် ကို လိုက်ကာ အပေးအယူ လုပ်ခဲ့ကြသည်။ ထိုအချက်ကို အခြေခံပြီး (K.R.C.) နှင့် (K.N.U.P.) တို့ ကွဲခဲ့ရသည်။
လူနည်းစုဖြင့် ခွဲထွက်ခြင်းကို ဦးဆောင်သွားသူမှာ (K.R.C. – Karen Revolutionary Council) ဥက္ကဋ္ဌ မုဆိုးကော်ကဆာ (ခေါ်) စောဟန်တာသာမွှေး ဖြစ် သည်။ စောဟန်တာသာမွှေးသည် ၁၉၅၄ ခုနှစ်တွင် စတင်ဖွဲ့စည်းသော (K.R.C.) ၏ ဥက္ကဋ္ဌ ဖြစ်သည်။ ကေအာစီသည် ကေအဲန်ယူပီ ပါတီ၏ ဦးဆောင်မှုကို ခံယူသော အစိုးရ အဖွဲ့ အစည်းတခု ဖြစ်သည်။ အုပ်ချုပ်ရေး လုပ်ငန်းများကို အဓိကထားပြီး ဆောင်ရွက်သည်။ စောဟန်တာသာမွှေးသည် ၁၉၅၄ ခုနှစ်မှစပြီး၊ မြစ်ဝကျွန်းပေါ်မှ အရှေ့တိုင်းသို့ တက်လာ ပြီးနောက် ကေအာစီကို ဖွဲ့စည်းရာတွင် ကိုယ်တိုင် ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုင်း-မြန်မာ နယ်စပ်တွင် အခြေခံသဖြင့် ထိုင်းနိုင်ငံအတွင်း မကြာခဏ သွားရောက်ရာ လက်ယာ ကွန်မြူနစ်ဆန့်ကျင်ရေး ကိုယ်စားလှယ် အခ့ျိုနှင့် အဆက်အသွယ် ရခဲ့သည်။ လက်ယာ အင်အားစုကို ပိုမို အားကိုးလာသည်။ အထူးသဖြင့် လက်နက်နှင့် ငွေရေး ကြေးရေး အကူအညီများကို အထူး မျှော်လင့်ခဲ့သည်။ လက်ယာအကြိုက်ကို လိုက်ကာ အပေးအယူ လုပ်ပြီး လက်ဝဲယိမ်းသော ကေအဲန်ယူပီကို ဆန့်ကျင်လာသည်။ သူကိုယ်တိုင် ပါဝင်ပြီး ချမှတ်ထားသော ဒုတိယ လမ်းစဉ်ကိုပင် ပြန်လည် ဆန့်ကျင်လာသည်။ ဤသို့ဖြင့် ၁၉၆၃ ခုနှစ် ကွန်ဂရက်တွင် ကေအဲန်ယူပီ၏ လမ်းစဉ်ကို ပြောင်ပြောင်တင်းတင်း ဝေဖန်ပြီး၊ အများစု၏ သဘောထားကို အလေး မထားတော့ဘဲ၊ ခွဲထွက် သွားခဲ့ လေသည်။ ၎င်းနှင့် အတူ အရှေ့တိုင်းမှ ပဒိုဝေသော၊ ပဒိုဖိုးညော၊ ပဒိုဝီရီကျော် စသော ခေါင်းဆောင်များနှင့် ဗိုလ်လင်းထင်၊ ထရူးမင်း၊ မိုးဇက် စသည့် တပ်မှူးများ ပါသွားကြသည်။ ကွန်ဂရက်အပြီး မရှေးမနှောင်း ကာလမှာပင် နေဝင်းစစ် အစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါ်ယူရာ၊ စောဟန်တာသာမွှေး ဦးဆောင်ပြီး (K.R.C.) အဖွဲ့အနေဖြင့် သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ သည်။ ထိုဆွေးနွေးပွဲတွင် အခြားသော လူမျိုးစု လက်နက်ကိုင် တော်လှန်ရေး အသီး သီးနှင့် သဘောတူညီချက် မရဘဲ၊ ဆွေးနွေးပွဲ ပျက်သွားခဲ့သော်လည်း၊ စောဟန်တာ သာမွှေး ဦးဆောင်သည့် ကေအာစီ အဖွဲ့သည် နေဝင်း စစ် အာဏာရှင် တို့နှင့် သဘော တူညီချက် ရယူပြီး ပူးပေါင်း သွားခဲ့လေသည်။
နေဝင်း စစ်အစိုးရသည် ပထမတွင် ကေအာစီကို အထူး အခွင့်အရေးများ ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ကန့်သတ်ချုပ်ချယ်မှုများ လုပ်လာသဖြင့် ဗိုလ်လင်းထင် တို့ ပုန်ကန်ရန် စီစဉ်ကြသည်။ ဗိုလ်နေဝင်း စစ်တပ်မှ အချိန်မီ သိရှိခဲ့ပြီး၊ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ရာ ဗိုလ်လင်းထင် ကျဆုံးသွားသည်။ စောဟန်တာသာမွှေး ကိုလည်း ပထမ တွင် ပညာရေး သုတေသနဋ္ဌာန၌ သုတေသန အရာရှိအဖြစ် ခန့်အပ်ပြီး နောက်ပိုင်း အသက်အရွယ်ကြီးလာသောကြောင့် အနားပေးခဲ့ လေသည်။
စောဟန်တာသာမွှေးသည် ဆရာကြီး စကောလယ်တော၏ ဆရာအရင်း ဖြစ် သည်။ ၁၉၅၄ ခုနှစ် ကေအာစီကို ဖွဲ့စည်းရာ ဆရာ စကောလယ်တောမှာ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ရပြီး၊ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော်လည်း စောဟန်တာသာမွှေး၏ ပြည်ပ မှီခိုရေးဝါဒ၊ အမျိုးသား အကျိုးနှင့် ဆန့်ကျင်သော လုပ်ရပ်များကို အနည်းငယ်မှ လက်ခံ တိမ်းညွှတ်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် စောဟန်တာသာမွှေး ခွဲထွက် သွားသော်လည်း ဆရာစကောလယ်တောမှာ ကေအဲန်ယူပါတီနှင့် ဒုတိယ လမ်းစဉ် အပေါ် တွင် ဆက်လက် ရပ်တည်ခဲ့လေသည်။



Leave a comment