ဆရာ စကောလယ်တော၏ နိုင်ငံရေးဖြတ်သန်းမှု – အပိုင်း(၁)

လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။

ကျောင်းသားဘဝ

`ဆရာကြီး စကောလယ်တော´၏ ဇာတိကျေးရွာမှာ တောင်ငူခရိုင် ကျောက်ဖျာ ကျေးရွာဖြစ်သည်။ ကျောက်ဖျာရွာသည် တောင်ငူနှင့် မိုင်(၄၀)မျှ ကွာဝေးသော တောင် ပေါ်ရွာ တရွာဖြစ်သည်။ သူ့ဖခင်မှာ ကျေးရွာသူကြီး တဦးဖြစ်သည်။ အင်္ဂလိပ်ခေတ် သူကြီးဖြစ်၍ သြဇာ အရှိန်အဝါ အတော်အတန် ရှိလေသည်။ မိဘများမှာ အစဉ်အလာ အားဖြင့် တောင်ယာ လုပ်ကိုင် စားသောက် လာခဲ့သူများ ဖြစ်သည်။ ကျေးရွာလူကြီး တဦး၏ အိမ်ထောင်စုပင် ဖြစ်သော်လည်း ချို့ချို့တဲ့တဲ့ နေထိုင်ခဲ့ကြရသည်။

ဆရာကြီး စကောလယ်တော၏ ငယ်အမည်မှာ “စောထောယေ” ဖြစ်သည်။ (၆)နှစ်သား အရွယ်တွင် ကျောက်ဖျာရွာရှိ မူလတန်းကျောင်း၌ စတင် ကျောင်းတက်သည်။ ကရင်အမျိုးသားကျောင်းဖြစ်၍ ကရင်စာပေကို အဓိကထား သင်သည်။ စာသင်နှစ်ကုန်ခါနီး နေ့တနေ့တွင် ပညာအုပ် တဦးက ထိုဒေသရှိ ကျောင်းများကို လိုက်လံ စစ်ဆေးရာတွင် ကျောက်ဖျာရွာသို့လည်း ဝင်ရောက်ခဲ့ လေသည်။ ပညာအုပ်ဖြစ်၍ ရပ်ရွာလူကြီးက မြင်း များဖြင့် တခမ်းတနား လိုက်လံ ပို့ဆောင်ကြသည်။ ဟင်းပေါင်းစုံဖြင့်လည်း ဧည့်ခံ ကျွေးမွေး ကြသည်။ လူတိုင်းက ဂရုတစိုက် ဧည့်ခံ ကျွေးမွေးသည်ကို က‌လေးအရွယ်သာရှိသည့် စောထောယေ သည် အလွန်အားကျမိသည်။ ထို့ကြောင့် ရွာသားတဦးကို ချဉ်းကပ်ပြီး၊ ဤသို့ ဧည့်ခံ ပြုစု ခံရသူမှာ ဘယ်နှစ်တန်း အောင်သလဲဟု မေးမြန်းခဲ့သည်။ ထိုလူကြီးက ဘီအေ အောင်တယ်ဟု ပြောပြလိုက်သောအခါ ငယ်ရွယ်သေးသော စောထောယေသည် သူလည်းတနေ့တွင် ဘီအေ အောင်ရမည်ဟု စိတ်ဆုံးဖြတ် ခဲ့လေသည်။

ငယ်ရွယ်သူပီပီ အရာရာကို အားကျတတ်သည်မှာ ကလေးများ၏ သဘာဝ စိတ်ဖြစ်သည်။ ကလေးသဘာဝတွင် မေ့လွယ် ပျောက်လွယ် ဖြစ်တတ်သော်လည်း စော ထောယေ ၌မူ စွဲစွဲမြဲမြဲပင် ရှိနေခဲ့ပေသည်။

ကျောက်ဖျာ မူလတန်းကျောင်းတွင် မူလတန်းအောင်ပြီးနောက်၊ အင်္ဂလိပ်စာ သင်ကြားသောကျောင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ရာ၊ စောထောယေ၏ မိသားစုမှာ ငွေကြေးချို့တဲ့သဖြင့် သူ့ကို အင်္ဂလိပ်ကျောင်းသို့ ပို့နိုင်စွမ်း မရှိခဲ့ကြပေ။ သို့သော် ဦးလေးတဦး၏ စီစဉ်ပေးချက်အရ ရွှေကျင်မြို့တွင် အလယ်တန်း ပညာကို ဆက်လက် သင်ကြားခွင့် ရခဲ့လေသည်။ ရွှေကျင်မြို့၌ပင် (၇)တန်း စာမေးပွဲကို အောင်မြင်ခဲ့၍၊ စောထောယေသည် အထက်တန်းကျောင်းသို့ ဆက်တက် ရမည်ဖြစ်သည်။ သူ့အား ကူညီခဲ့သော ဦးလေးမှာ ကွယ်လွန်သွားပြီ ဖြစ်သဖြင့် ရှေ့ဆက် ပညာသင်ကြား ရေးအတွက် အခက် ကြုံရပြန် သည်။ ပညာရေး တပိုင်းတစဖြင့် ကျောင်းမထွက်လို။ သူ့ အဓိဋ္ဌာန်ကိုလည်း သူမဖျက်နိုင်။ ဤသို့ အခက် ကြုံနေခိုက် ကံအားလျော်စွာပင် သူ့အစ်ကို ဝမ်းကွဲတော်သူတဦး၏ ထောက်မ ကူညီမှုဖြင့် (၈)တန်းကို တက်ရောက် ဖြေဆို အောင်မြင်ခဲ့သည်။ စောထောယေ (၈)တန်း အောင်မြင်သောနှစ်သည် ၁၉၃၀ ခုနှစ် ဖြစ်သည်။ ကမ္ဘာ့ စီးပွားပျက် ကပ်ကြီး ဆိုက်ရောက် ခဲ့ပြီး၊ ပြည်တွင်းတွင် တောင်သူလယ်သမား အရေးတော်ပုံ ကဲ့သို့သော၊ ကိုလိုနီ အုပ်ချုပ်ရေး ဆန့်ကျင်သည့် တိုက်ပွဲများ ပြင်းထန်လာသော အချိန်လည်း ဖြစ် သည်။ ပြည်သူတိုင်း အခက်အခဲ ကြုံတွေ့ နေကြရသည်။ စောထောယေ၏ အစ်ကို ဝမ်းကွဲသည်လည်း အများနည်းတူ ဆင်းရဲခြင်းကပ်ကို ကြုံတွေ့နေရသဖြင့် သူ၏ ပညာရေး ကို ဆက်လက်ကူညီရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် စောထောယေ သည် ဇာတိရွာသို့ ပြန်လည်ပြီး နေထိုင် ခဲ့ရလေသည်။ 

တနေ့တွင် ကျောက်ဖျာရွာမှ မိုင်(၄၀)ခန့်ဝေးသော တောင်ငူမြို့သို့ စောထော ယေ တယောက်၊ တကိုယ်တည်း ခြေလျင်ခရီး ထွက်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ပညာသင်ကြားရန်သာဖြစ်သည်။ သို့သော် မည်သည့်နည်းဖြင့် ပညာသင်ကြားရမည် ကိုကား သူမသိသေး။

သူ့တွင် ကျောင်းစရိတ်အတွက် ငွေ တပြားမှ မပါခဲ့ပေ။ သူသည် ကျောင်းအုပ် ကြီး ထံသို့ သွားပြီး၊ ကျောင်းနေခွင့် တောင်းခံ ခဲ့သည်။ သူ ကံကောင်းသည်မှာ ထိုစဉ်က တောင်ငူ အထက်တန်းကျောင်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ စတင်ဖွင့်လှစ်သော နှစ် ဖြစ် သည်။ ကျောင်းလခအတွက် စိုက်ပျိုးရေး လုပ်သားအဖြစ် လုပ်ကိုင်ခြင်းဖြင့် ကျောင်းလခ ပေးသွင်းရန် ကျောင်းအုပ်ဆရာကြီးနှင့် အပေးအယူ တည့်ခဲ့သည်။

ထိုအချိန်က ကျောင်းစိုက်ပျိုးရေးတွင် ပါဝင်လုပ်ကိုင်ကြသော ကျောင်းသား (၂၀)ခန့် ရှိသည်။ ထိုကျောင်းသား အားလုံးတွင် စောထောယေ သည် အများထက် လုံ့လ ဝီရိယ အကောင်းဆုံး၊ အတက်ကြွဆုံး လုပ်ကိုင်ခဲ့သည်။ သူ၏ ဝီရိယ ရှိမှုကြောင့် တနေ့လျှင် တစ်မူး၊ တစ်မတ်မှ တခါ တရံ ငါးမူးအထိ ဝင်ငွေ ရရှိသော နေ့လည်းရှိခဲ့သည်။

ဤဝင်ငွေဖြင့် ကျောင်းလခများကို ပေးသွင်းခဲ့သည်။ ဝက်ငယ်များကို မွေး၍ ဝင်ငွေရှာလိုက်သေးသည်။ စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် ဆရာ၊ ဆရာမ များအိမ်သို့ သွားရောက်ပြီး၊ ကူညီလုပ်ကိုင် ပေးခဲ့သေးသည်။ အိမ် ပတ်ဝန်းကျင် သန့်ရှင်းပေးခြင်း၊ အိမ်သာကျင်းတူးခြင်း စသည့် တောက်တိုမယ်ရ အလုပ်များ ကိုလည်း မပျင်းမရိ လိုက်လံ ဆောင်ရွက်ပေးတတ်သည်။ ထို့ကြောင့် ဆရာ၊ ဆရာမများက သူ့ကို ခင်တွယ်ပြီး အစား အသောက်များ ပေးကမ်းကြသည်။ စောထောယေ၏ အထက်တန်း ကျောင်းသားဘဝ သည်၊ လူအများ၏ ခင်မင်မှုကို ခံခဲ့ရသော ဘဝဖြစ်သည်။ 

ဤသို့ဖြင့် (၁၀)တန်းစာမေးပွဲကို အောင်မြင်ခဲ့သည်။ (၁၀)တန်း အောင်ပြီး ဖြစ်၍ တက္ကသိုလ် ဆက်တက်ရမည်သာဖြစ်သည်။ သို့သော် တက္ကသိုလ်ကျောင်း ဖွင့်ခါနီး အချိန် အထိ သူ့ကို ကူညီမည့်သူ တဦးမျှ မတွေ့သေးပေ။ သူသည် နေ့စဉ် ဆုတောင်းပြီး ကူညီမည့်သူကို မျှော်လင့်တမ်းတနေမိသည်။ ဘီအေ အောင်ရမည် ဟူသော ရည်မှန်းချက် ကလည်း၊ သူ့တွင် ခိုင်ခိုင်မာမာ ရှိနေလျက်ပင် ဖြစ်သည်။ ကျောင်းဖွင့်ရန် ရက်အနည်းငယ် အလိုတွင် နီးစပ်သူများပေးကမ်းသော ငွေ (၇)ကျပ်နှင့် (၃)မူးကို ယူပြီး၊ အိမ်မှ စထွက် ခဲ့လေသည်။ သူ့ကို ကူညီခဲ့သော အကိုဝမ်းကွဲထံသို့ ချဉ်းကပ်ပြီး အကူအညီတောင်းရာ ကူညီငွေ (၂၀)ကျပ် ရခဲ့သည်။ ထိုငွေ (၂၇)ကျပ် (၃) မူးနှင့်ပင် ရန်ကုန်သို့ မီးရထားဖြင့် စတင် ထွက်ခဲ့သည်။ တောင်ငူနှင့် ရန်ကုန် မီးရထားခ (၃)ကျပ်တမတ်ဖြစ်ပြီး၊ ရန်ကုန် ဘူတာကြီးမှ တက္ကသိုလ်ကျောင်းသို့ အငှားကားခ မှာ(၁)ကျပ်၊ ထမင်းစားပြီးနောက် အခြား တိုလီမိုလီများကို ဝယ်ရာ လက်ထဲတွင် ငွေ (၁၀)ကျပ် တိတိသာ ကျန်တော့သည်။

ပညာရေးအတွက် စောထောယေ၏ ပထမဦးဆုံး လှုပ်ရှားမှုမှာ တက္ကသိုလ် ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ တည့်တည့်မတ်မတ်သွားပြီး၊ သူ၏ အခြေအနေနှင့် အခက်အခဲကို တင်ပြခြင်းပင်ဖြစ်သည်။ ကျောင်းစရိတ်အတွက် အလုပ်တခု စီစဉ်ပေးရန် တောင်းပန် ပြောဆိုခဲ့သည်။ ကျောင်းအုပ်ကြီးကလည်း စေတနာ အပြည့်ဖြင့် တက္ကသိုလ် ဆိုသည်မှာ စာကို အမြောက်အများ ဖတ်ရကြောင်း၊ ကျောင်းတဖက် အလုပ်တဖက်ဆိုလျှင် စာမေးပွဲအောင်ရန် လွယ်ကူမည် မဟုတ်ကြောင်း ပြန်လည် ရှင်းလင်း ပြောပြခဲ့သည်။ စောထောယေကလည်း ကိစ္စမရှိကြောင်း၊ စာကျက်မှတ်ရန်မှာ မိမိတာဝန်သာဖြစ်ကြောင်း၊ မိမိကြိုးစားနိုင်ကြောင်း ပြန်လည်ပြောကြားရာ ကျောင်းအုပ် ဆရာကြီးကလည်း သူ့ကို သနားသဖြင့် ထမင်းရုံတွင် အလုပ်တခု ပေးခဲ့သည်။ ထိုအလုပ်မှ ရသော အခကြေးငွေဖြင့် ကျောင်းစရိတ်ကို ပေးခဲ့သည်။ သို့သော် ထိုငွေကြေးမှာ ကျောင်းစရိတ်အတွက် မလုံ မလောက် ဖြစ်နေပြန်သည်။ ထို့ကြောင့် ကျောင်းအုပ်ကြီးထံသို့ တဖန် ချဉ်းကပ်ပြီး၊ အခြားအလုပ်တခု ထပ်မံပြီး စီစဉ်ပေးရန် တောင်းပန် ပြောဆိုရာ၊ ကျောင်းစာကြည့်တိုက်၌ အလုပ်တခု ထပ်မံ စီစဉ်ပေးခဲ့ ပြန်သည်။ ထို အလုပ်မှာ တနှစ်လုံးအတွက် (၁၀၀)ကျပ်သာ ရခဲ့သည်။ ကျောင်းလခ အတွက် ထက်ဝက်သာ ပေးသွင်းရသည်။ သို့သော် ကျန် အသုံးစရိတ်များ အတွက် လည်း လုံလောက်သည့် အဆင့်သို့ မရောက်ခဲ့ပြန်ပေ။

ထိုသို့ မလောက်မင ပြဿနာကို ဖြေရှင်းရန်အတွက် အခြားသော အချိန်ပိုင်း အလုပ်များကို ရှာဖွေ ကြည့်ပြန်သည်။ ထိုအချိန်ကာလ ဂျပ်ဆင် ကောလိပ်တွင် ကျေးလက်တောရွာ ပြုပြင်ရေးအဖွဲ့များ ဖွဲ့စည်းလာသော ကာလ ဖြစ်သည်။ ထိုအဖွဲ့အစည်း များသည် ကျောင်းအားရက်များ၌ ဒညင်းကုန်း၊ လှော်ကား၊ မှော်ဘီ၊ ဝါးနက်ချောင်းနှင့် ရန်ကုန် တဖက်ကမ်း တွံတေး၊ နတ်စင်ကုန်း စသည်တို့သို့ သွားရောက်ပြီး ကျေးရွာများကို အကူအညီအမျိုးမျိုး ပေးခဲ့ကြသည်။ ရွာသန့်ရှင်းရေး၊ အိမ်သာဆောက်၊ ရေတွင်းတူး စသည်များကို ကျေးရွာများအား ကူညီရာတွင် ကျေးရွာအသီးသီးကလည်း အပြန်အလှန် ငွေကြေး အကူအညီများ ပေးခဲ့ကြသည်။ စောထောယေသည် ထိုအဖွဲ့ အစည်း ထဲတွင် ဝင်ရောက် လုပ်ကိုင်သောကြောင့် စရိတ်စက အချို့ ရရှိခဲ့သည်။

ဤသို့ ခ့ျိုခ့ျိုတဲ့တဲ့ဖြင့် တက္ကသိုလ်ပညာကို သင်ကြားရာ ပထမ နှစ်ကို အလွယ်တကူပင် အောင်မြင်ခဲ့ သည်။ တနေ့တွင် ခရစ္စမတ် ကျောင်းပိတ်၍ ရွာသို့ ပြန်ခဲ့ရာ၊ ရန်ကုန်အပြန် ခရီးအတွက် ခရီးစရိတ်ကို မိဘများက မပေးနိုင်ဘဲ ရှိနေသည်။ သူ့မှာလည်း ငွေ (၅)မတ်သာ ကျန်တော့သည်။ ရန်ကုန် အရောက်ဆိုလျှင် ငွေ (၅)ကျပ် တိတိ လိုနေသည်။ မည်သူ့ထံမှလည်း မျှော်လင့်၍ မရနိုင်။ သို့သော် ဘီအေ အောင်ရမည် ဟူသော မူလ ရည်ရွယ်ချက်ကြီးကိုကား အပျောက်မခံနိုင်။ ငွေ (၅)မတ်နှင့်ပင် အိမ်မှ ထွက်ခဲ့ လေသည်။

စောထောယေသည် လမ်းခရီးတွင် မောပန်းသဖြင့် ကျောက်တုံး တတုံးပေါ် ထိုင်၍ နားနေရင်း၊ ချွေးများနှင့်အတူ မျက်ရည်များလည်း စီးကျနေစဉ် သူ့ဘဝကို သူစဉ်းစားကြည့်မိသည်။ အခ့ျိုသူများမှာ တက္ကသိုလ် ကျောင်းတက်ရာတွင် ကားစီး၍ လာကြသည်။ ဝတ်ကောင်း စားလှများလည်း ဝတ်ဆင်နိုင်ကြသည်။ ကျောင်းလခလည်း ပူပင်စရာ မလိုခဲ့ပေ။

ငွေကို လိုအပ်သလို သုံးစွဲနိုင်ခဲ့ကြသည်။ မိမိဘဝမှာမူ အဝတ်အစား ကောင်း ကောင်းဝတ်ပြီး ငွေရေး ကြေးရေး ဖောဖောသီသီ သုံးနိုင်ဖို့ အပထား၊ ကျောင်းသွားဖို့ကိုပင် ခရီးစရိတ် မရှိခဲ့ပေ။ ကျောင်းဆက်လက် တက်နိုင်မည့် အလားအလာမှ ရှိပါ့မလား။ ကျောင်းထွက်လျှင် ကောင်းမလား စသည်ဖြင့် အမျိုးမျိုး စဉ်းစားရင်း စိတ်ရှုပ်ထွေး ခဲ့ရသည်။ 

သို့သော် နောက်ဆုံး၌ တက္ကသိုလ် အောင်ရမည်ဟူသော မူလ အဓိဋ္ဌာန်ဖြင့် လက်တွင်ရှိသော ငွေ(၅)မတ်နှင့်ပင် လမ်းဆက်လျှောက်ရန် ဆုံးဖြတ်ခဲ့သည်။ (၄)ပတ်ခန့် လျှောက်လျှင် ရန်ကုန်ကျောင်းသို့ ရောက်မည်ဟု သူခန့်မှန်းသည်။ ဤသို့ဖြင့် ခြေလျင် ခရီးကို စတင်ထွက်ခဲ့သည်။ ထိုနေ့မှာပင် သူနှင့် အဘွားတော်စပ်သူ ရှိရာရွာသို့ ရောက်ရှိပြီး ထိုအိမ်တွင် ဝင်ရောက် တည်းခို ခဲ့သည်။ 

အဘွားသည် သူ၏ မြေးကိုကြည့်ပြီး သနားမိသော်လည်း သူ့အခြေ အနေသည် မြေးဖြစ်သူအား မကူညီနိုင်ခဲ့ပေ။ သို့သော် သူ့အိမ်တွင် တည်းခိုနေသော ရှမ်း တယောက် ကို အဖြစ်မှန်ပြောပြပြီး အကူအညီ တောင်းခဲ့လေသည်။ သူ၏ မြေးသည် ပညာ သင်ကြားရန် ဆန္ဒပြင်းပြသူဖြစ်သည်။ စာလည်း အတော်အတန် ရသည်။ သို့သော် ဆင်းရဲသဖြင့် ကျောင်းစရိတ် မရှိ၊ ကိုယ်တိုင်ရှာဖွေရင်း ကျောင်းတက်ရကြောင်းကို ပြောပြ သည်။ ရှမ်းအဘိုးကြီးကလည်း “စောထောယေ” ကို ကြည့်ရင်း သနားသဖြင့် ငွေ (၅)ကျပ် ထုတ်ပေးခဲ့သည်။ ဤငွေဖြင့် ရန်ကုန် တက္ကသိုလ်ကျောင်းသို့ ပြန်လည် ရောက်ရှိပြီး၊ ထိုနှစ်မှာပင် ဒုတိယနှစ်ကို နှစ်ချင်းပေါက် အောင်မြင်ခဲ့ပြန်သည်။ စောထောယေ သည် ဆက်လက်ပြီး၊ တက္ကသိုလ် ပညာကို (၄)နှစ်လုံးလုံး အလုပ်လုပ်ရင်း ကြိုးပမ်း သင်ကြား ခဲ့ရာ၊ နောက်ဆုံးတွင် ဘီအေ ဘွဲ့ကို ဆွတ်ခူးရရှိခဲ့လေသည်။ သူ၏ အဓိဋ္ဌာန်လည်း ပြည့် မြောက်ခဲ့ပြီ ဖြစ်သည်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect