လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။
ဒုတိယအကြိမ် တွေ့ဆုံခြင်း
၁၉၆၈ ခုနှစ် ဆရာကြီးစကောလယ်တောနှင့် နောက်ထပ် တွေ့ဆုံ သည်မှာ အရှေ့တိုင်း ကရင်နီနယ်စပ် တောင်ပေါ်ရွာ တရွာတွင် ဖြစ်သည်။ ကျနော် တက္ကသိုလ် အောင်ပြီးစ ကျောင်းဆရာ ဘဝ ဖြစ်ပါသည်။ ကေအဲန်ယူ ပါတီ၏ စီမံချက်အရ အရှေ့တိုင်း တွင် မူလတန်း သင်တန်းတစ်ခုကို ဖွင့်လှစ် မည်ဖြစ်ရာ ထိုသင်တန်းတွင် အကူအညီ ပေးရန် ဖြစ်သည်။ ဆရာကြီးစကောလယ်တောသည် ထိုသင်တန်းတွင် ကျောင်းအုပ်အဖြစ် တာဝန်ယူမည် ဖြစ်သည်ကိုလည်း ကြိုတင် သိရှိထားသည်။ ကျနော်နှင့်အတူ တက္ကသိုလ်မှ မိတ်ဆွေ အခ့ျိုလည်း စိတ်အားထက်သန်စွာ လိုက်ပါ ကူညီခဲ့ကြသည်။ ကျနော်တို့ ခရီး စဉ်သည် ပထမ အဆင့်အနေဖြင့် ပဲခူးရိုးမရှိ ကေအဲန်ယူပီ စစ်ဦးစီး ဋ္ဌာနချုပ်သို့ ရောက်ခဲ့ ပါသည်။ ထိုမှတဆင့် ဖြူး၊ တောင်ငူမြို့နယ်ရှိ ပါတီဋ္ဌာနချုပ်ရှိရာ “ဖလေးဆာလို” တောင် ပေါ် ကျေးရွာသို့ ရောက်ခဲ့သည်။ သင်တန်းဖွင့်လှစ်မည့် “ဖခါလေးခို” ကျေးရွာသည်၊ ဋ္ဌာနချုပ်နှင့် (၃)ရက် ခရီးခန့်မျှရှိ ကရင်နီဒေသနှင့် နီးသည်။ “ဖခါလေးခို” ကျေးရွာသည် တောင်ထိပ်ပေါ်တွင် တည်ဆောက်ထားသော ကျေးရွာတရွာ ဖြစ်သည်။ ဆရာကြီး စကောလယ်တော သည် ထိုရွာ၌ ကျနော်တို့ကို စောင့်ကြိုနေပါသည်။ ထို မူလတန်း ကျောင်းဆရာ သင်တန်းကို အရှေ့တိုင်းရှိ ကျောက်ကြီး၊ ဘောဂလိ၊ သံတောင်၊ တောင်ငူ၊ ထန်းတပင် မြို့နယ်နှင့် ကရင်နီဒေသမှ ကျောင်းဆရာ ဆရာမ (၄၀)ခန့် တက်ရောက် သင်ကြား ခဲ့ကြသည်။ “ဖခါလေးခို” ကျေးရွာသည် တောင်ပေါ်ရွာသာ ဖြစ်သော်လည်း သေသေသပ်သပ် တည်ဆောက်ထားသော ရွာဖြစ်သည်။ ဆရာကြီးသည် ကျောင်းဆရာ တဦး ဖြစ်ခဲ့သဖြင့်၊ သူ၏ သင်ကြားချက်များသည် အဆင့်မြင့်ပြီး အလွယ်တကူ နားလည် နိုင်သော နည်းနာများဖြင့် သင်ကြားသည်ကို တွေ့မြင်ခဲ့ရသည်။
အထူးသဖြင့် သင်ခန်းစာများကို ပုံစံများ၊ ဇယားများ၊ ရုပ်ပုံများ ရေးဆွဲပြီး သင်ကြားလေ့ရှိသည်။ တိုတို တုတ်တုတ် ရှင်းလင်း တတ်သည်။ ရယ်စရာများ ပြောလေ့ မရှိသော်လည်း၊ အလွန်ရင်းနှီးပြီး စေတနာပါသော အမူအရာများကို တွေ့ရသည်။ ပျင်းရိစရာ အချိန်များတွင် တပည့်များအား မတ်တပ်ရပ်ခိုင်းပြီး သီချင်းဆိုခိုင်းသည်။ နံနက်တိုင်း သင်တန်းမစမီ တပည့်များအား အမြဲဆိုခိုင်းသော သီချင်းတပုဒ်မှာ “သာယာ လှပသော၊ ကျုပ်တို့ နယ်မြေ” သီချင်းဖြစ်သည်။ တောင်ပေါ်ဒေသ၏ လှပပုံနှင့် တောင်ပေါ်သား တဦး၏ ဘဝကို ကျူးရင့် သီဆို ထားသော သီချင်းတပုဒ် ဖြစ်သည်။ ဆရာကြီးသည် တောင်ပေါ်ဒေသ၏ သဘာဝကို အထူးချစ်မြတ်နိုးသူ တဦးဖြစ်သည်။ ဆရာ ဆရာမများသည် တက်တက် ကြွကြွဖြင့် ဂရုတစိုက် သင်ကြားကြ၍ ပျော်စရာ သင်တန်းတခု ဖြစ်ခဲ့သည်။ သို့သော် သင်တန်းပြီးဆုံးရန် ရက်ပိုင်းအလိုတွင် မြန်မာ့ တပ်မတော်၏ စစ်ကြောင်း တကြောင်း ချဉ်းကပ်လာသဖြင့် သင်တန်းကို အလျင်အမြန် လက်စသတ်လိုက် ရသည်။ ကျနော်တို့အဖွဲ့လည်း ဆရာကြီးကို နှုတ်ဆက်ပြီး ပြန်လည် ထွက်ခွာ ခဲ့ကြသည်။
၁၉၆၈ ခုနှစ် ကာလသည် ကေအဲန်ယူပါတီအတွင်း အယူအဆ ရေးရာ ပြောင်းလဲ မှု တခုကို ဦးတည်နေလျက် ရှိသည်။ ပါတီအား အမျိုးသား တိုးတက် ရေးပါတီမှ အလုပ်သမားပါတီသို့ ကူးပြောင်းရန် ပါတီဝင်များက ကြိုးပမ်းလာကြသည်။ ထိပ်ပိုင်း ခေါင်းဆောင်များအတွင်း အယူဝါဒရေးရာ ကွဲပြားမှုများ ပေါ်ပေါက် လာလေသည်။ နောင်နှစ်အနည်းငယ်အတွင်း ပါတီ၏ လက်ဝဲစွန်းကျမှုကို ဝေဖန် တိုက်ခိုက်ရင်း၊ ကရင့် တော်လှန်ရေး နှစ်ခြမ်းကွဲကာ လက်နက်ကိုင် ပဋိပက္ခ အဆင့်သို့ပင် ရောက်ခဲ့သည့် အတွက် ကရင် အမျိုးသားအခ့ျို အသက် ဆုံးရှုံးခဲ့ကြ ရလေသည်။
ကေအဲန်ယူပါတီ၏ မဟာမိတ်၊ တိုက်ဖော် တိုက်ဖက်များဖြစ်သော ကွန်မြူနစ် ပါတီအတွင်း၌လည်း ပြန်လည် ပြင်ဆင်ရေးသမားများအား သုတ်သင် ရှင်းလင်း နေသော ကာလဖြစ်သည်။ ဆင့်ကဲဆင့်ကဲ သုတ်သင်ကြသည်။ နောက်နှစ် အတွင်း၌ပင် ကေအဲန်ယူပီ ဥက္ကဋ္ဌ မန်းဘဇန်မှာ ပါတီမှ နုတ်ထွက်ပြီး၊ အရှေ့တိုင်း ကေအဲန်ယူပါတီ၏ ဂိုဏ်းခွဲ၊ ဗိုလ်မြ ဦးဆောင်သော ကရင်အမျိုးသား လက်နက် ကိုင်အဖွဲ့နှင့် ပူးပေါင်း သွားခဲ့သည်။ မန်းဘဇန်နေရာတွင် ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ် ကော်ထူးက၎င်း၊ အတွင်းရေးမှူး အဖြစ် ဗိုလ်ချုပ်ကျင်ဖေက၎င်း တာဝန်ယူခဲ့သည်။ ထိုအချိန်က ဆရာစကောလယ်တော သည် ပါတီဗဟိုကော်မတီဝင်နှင့် နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင်အဖြစ် ကျန်ခဲ့သည်။
တတိယအကြိမ် တွေ့ဆုံခြင်း
၁၉၇၅ ခုနှစ်။ ဆရာကြီးစကောလယ်တောနှင့် ပြန်လည် တွေ့ဆုံခဲ့ ရသော နှစ်သည်၊ ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးအတွင်း၊ ၁၉၆၉-၇၀ ခုနှစ်တွင် စတင်ခဲ့သော လက်နက်ကိုင် ပဋိပက္ခကို အပြီးအပိုင် ရပ်ဆိုင်းလိုက်ကြပြီး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ပြန်လည် တည်ဆောက်သော ကာလဖြစ်သည်။ နေဝင်း စစ်အစိုးရ သည်၊ မြစ်ဝကျွန်းပေါ်ကို ပိတ်ဆို့ပြီး စစ်ဆင်ရေး လုပ်ခဲ့ရာ၊ ကေအဲန်ယူပါတီ (K.N.U.P.) သည် မြစ်ဝကျွန်းပေါ်တိုင်း တော်လှန်ရေး အခြေစိုက်စခန်းများကို လက်လွှတ် ဆုံးရှုံးနေ ရသော ကာလ ဖြစ်သကဲ့သို့ ပဲခူးရိုးမတွင်လည်း နေဝင်း စစ်အစိုးရ၏ ထိုးစစ်ကြီးများနှင့် ရင်ဆိုင်နေရသော ကာလဖြစ်သည်။ ကေအဲန်ယူပါတီမှ အမြဲတမ်းတပ်များနှင့် ပြောက်ကျား တပ်များဘက်တွင် အကျအဆုံး များလာသဖြင့်၊ နောက်ဆုံး ပဲခူးရိုးမကို လက်လွှတ်ရ တော့မည့် အခြေ အနေတွင် ရှိနေသည်။
ဗမာပြည် ကွန်မြူနစ်ပါတီမှ ခေါင်းဆောင်များဖြစ်ကြသော၊ သခင်သန်းထွန်း၊ သခင်ဇင်၊ သခင်ချစ် စသော ခေါင်းဆောင်များလည်း ပုံစံအမျိုးမျိုးဖြင့် ကျဆုံး ခဲ့ကြသည်။ စခန်းများ တခုပြီး တခု၊ သုတ်သင် ရှင်းလင်း ခံရပြီး၊ အများအပြား ကျဆုံးခြင်း၊ လက်နက် ချခြင်းများ၊ အဖမ်းခံရခြင်းများဖြင့် အကျပ်အတည်း ကာလ ဖြစ်သည်။ ဤအခြေအနေတွင် ကေအဲန်ယူပါတီ သည် ကြွင်းကျန်သမျှသော အင်အားကို စုစည်းပြီး၊ အရှေ့တိုင်းသို့ ချီတက်ခဲ့လေသည်။ အရှေ့ ကော်သူးလေ တွင် ၁၉၇၀ ခုနှစ်၊ ကေအဲန်ယူ ကွန်ဂရက်မှ အမျိုးသားချင်း ပြန်လည်ပေါင်းစည်း ရေးဟူသော ဆုံးဖြတ်ချက်များ ချထားပြီးလည်း ဖြစ် လေသည်။
၁၉၇၅ ခုနှစ် သီတင်းကျွတ်လတွင် ပဲခူးရိုးမမှ ကေအဲန်ယူပါတီ ခေါင်းဆောင်များ ရဲဘော်များနှင့် ၁၉၇၃ ခုနှစ်က မြောက်ပိုင်း ခရီးစဉ်သို့ ချီတက်ပြီး ပြန်လည်ရောက်ရှိ လာသော ရဲဘော်များသည်၊ “ဒူးဒါးဂေး” (ဖာပွန်ခရိုင်) ကျေးရွာတွင် တွေ့ဆုံပြီး၊ ကွန်ဂရက် ကျင်းပရန် ပြင်ဆင်ကြ လေသည်။ ထိုကွန်ဂရက်သည် ကေအဲန်ယူပါတီ၏ အဋ္ဌမ အကြိမ်မြောက် ကွန်ဂရက်ဖြစ်သကဲ့သို့ နောက်ဆုံး ကွန်ဂရက်လည်း ဖြစ်သည်။ ကွန်ဂရက်၌ မြစ်ဝကျွန်းပေါ်တိုင်း၊ ပဲခူးတိုင်း၊ အရှေ့တိုင်း စသည့်တိုက်ကွက်များ သတ်မှတ် ပြီး ကျင်းပမည်ဖြစ်ရာ၊ ကျနော့်အနေဖြင့် မြေပေါ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခွင့် ရခဲ့လေသည်။ ထိုညီလာခံမှ အမျိုးသားစည်းလုံး ညီညွတ်ရေးအတွက် ကေအဲန်ယူပီ K.N.U.P. ကို ဖျက်သိမ်းပြီး အရှေ့တိုင်း ကေအဲန်ယူတွင် တပေါင်းတစည်းတည်း ပူးတွဲ လုပ်ဆောင်ရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြသည်။ ပါတီဖျက်သိမ်းရေးကို ဆန့်ကျင်သော ရဲဘော် တခ့ျိုသာ ခွဲထွက် သွားခဲ့ပါသည်။
၁၉၇၅ ခုနှစ်၊ ကရင်အမျိုးသားချင်း ပြန်လည် ပေါင်းစည်းခြင်းနှင့် ပတ်သက်၍ ဆရာစကောလယ်တောသည် သူရေးသားခဲ့သော ကရင့်တော်လှန်ရေးသမိုင်း မှတ်စုတွင်၊ “မြန်မာနိုင်ငံအတွင်း လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သော လူမျိုးစုများအတွင်း သွေးကွဲခဲ့သည့် သမိုင်းဖြစ်စဉ်များအနက် ယခုကဲ့သို့ အမျိုးသားချင်း ပြန်လည် ပေါင်းစည်း နိုင်သည်မှာ ဤ အကြိမ်သည် ပထမ ဦးဆုံးသော အကြိမ် ဖြစ်သည်ဟုလည်း မှတ်ချက် ချခဲ့ လေသည်။”
ဆရာကြီး စကောလယ်တောသည် ကရင်အမျိုးသားများကို အမှန် တကယ် ချစ်သော အမျိုးချစ် တယောက်ဖြစ်သည်။ အမျိုးသားကို ချစ်လျှင် အမျိုးသားရန်သူများကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဟူသော အဘိဓမ္မာကို ခံယူလျက် ကျောင်းဆရာ ဘဝကို စွန့်လွှတ်ပြီး လက်နက်ကိုင် လမ်းစဉ်ကို ပြတ်ပြတ်သားသား ဆင်နွှဲခဲ့သူဖြစ်သည်။ သူ ခံယူသော အဘိဓမ္မာအပေါ်တွင်လည်း သစ္စာရှိလေသည်။ ခေါင်းဆောင်တခ့ျိုသည် အမျိုးသားကို အကျိုးပြုရန် သစ္စာ ဆိုကြသော်လည်း နောက်ပိုင်းတွင် ကိုယ်ကျိုးအတွက် ရန်သူ့ထံ ဒူးထောက် အလျော့ပေးကာ ရန်သူနှင့် ပူးပေါင်း လုပ်ဆောင်သွားကြပြီး၊ အမျိုးသားထုအပေါ် သစ္စာမဲ့စွာ ကျောခိုင်း သွားခဲ့ကြသည့် သာဓကပေါင်း များစွာ ရှိသည်။
ဆရာစကောလယ်တောမှာ သစ္စာတရား ကြီးမားလှပြီး၊ စိတ် ပြဋ္ဌာန်းလျှင် စွဲစွဲမြဲမြဲ ရှိလှသည်။ ကိုယ့်ဒူး ကိုယ်ချွန်ပြီး၊ ဆင်းတောင့် ဆင်းရဲဖြင့် တက္ကသိုလ် ဘွဲ့ကို ရယူခဲ့ပြီး၊ ထိုပညာရပ်ကိုလည်း သူအလွန် တန်ဖိုးထားသည်။ ထိုပညာဖြင့် အမျိုးသားကို အလုပ် အကျွေး ပြုရန်လည်း ဆုံးဖြတ်ခဲ့သည်။ ကျောင်း ဆရာဘဝဖြင့် ဘဝ တသက်တာကို မြှုပ်နှံရန် ပြင်ဆင်ခဲ့သည်။ အနစ်နာလည်း ခံသည်။ သူကိုယ်တိုင် ကျောင်း၏ ဝေယျာ ဝစ္စများကို ဆောင်ရွက်ရင်း ပညာရေး အတွက် စိုက်ပျိုးရေးလုပ် ခြံစိုက်ပြီး ကျောင်းရံပုံငွေ ရှာခဲ့သည်သာမက ကျောင်း ဆရာ ဆရာမ များကိုလည်း ကူညီ နိုင်သည်အထိ ကြိုးပမ်း ခဲ့သည်။
ခေါင်းဆောင်တခ့ျိုမှာ ပြည်သူ့ဘဏ္ဍာကို အလေးမထားဘဲ၊ လက်ဖွာရေး ကျကြသည်။ ကိုယ်ကျိုးသုံးကြသည်။ ဆရာစကောလယ်တောသည် အထက်တန်း ကျောင်း ကျောင်းဆရာဘဝက ကိုယ်တိုင် စိုက်ပျိုးရင်း၊ ရှာဖွေခဲ့သော ကျောင်း ရံပုံငွေ (၁၂,၀၀၀ိ/-) တစ်သောင်း နှစ်ထောင်ကို ကျောင်းကော်မတီထံ အပ်နှံပြီးမှ တော်လှန်ရေး သို့ ဝင်ရောက်ခဲ့သည်။ တော်လှန်ရေး တလျောက်လုံး ငွေရေး ကြေးရေးတွင် အလွန် စေ့စပ် သေချာပြီး၊ သူ့ ငွေကြေးကို အလွန် ဂရုစိုက်တတ်သည်။
သူသည် ခရစ်ယာန်ဘာသာကို အလွန်ကိုင်းရှိုင်းသူ တဦးဖြစ်သည်။ ခရစ်ယာန် တဦး လိုက်နာ စောင့်ရှောက်ရမည့် ဝတ္တရားနှင့် ကျင့်ကြံမှု အားလုံး ကိုလည်း မပျက်မကွက် စောင့်ထိန်းခဲ့သူ တဦးဖြစ်သည်။ သူ၏ ဘဝတွင် ခရစ်တော်ကို လေးလေးနက်နက် ယုံကြသည်ဟု ဝန်ခံခဲ့သည်။ သမ္မာကျမ်းစာအရ ခရစ်ယာန် တယောက်ဖြစ်လျှင် ဆင်းရဲသားကို ချစ်ရမည်။ အလုပ်အကျွေး ပြုရမည်ဟု ခံယူထားသည်။ ထို့ကြောင့် ဘဝ တလျောက် ဆင်းရဲသားများကို ကူညီခဲ့သည်။ ဤသို့ ကူညီခြင်းသည် ခရစ်တော်၏ သစ္စာ ရှိသော တပည့်ဖြစ်သည်ဟု ခံယူသည်။
သူ၏ ဘာသာရေး ယုံကြည်ချက်နှင့်ပတ်သက်၍ ဘုရားမဲ့ဝါဒီ၊ ကွန်မြူနစ် ခေါင်း ဆောင်အခ့ျိုနှင့် လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရာတွင် မည်သည့် ပြဿနာ တစုံ တရာမျှ မရှိခဲ့ပါ။ သူ့အားဝေဖန် ထောက်ပြစရာပင် မရှိခဲ့ပါ။ ခေါင်းဆောင်အခ့ျိုသည် ကွန်မြူနစ်ဝါဒီများကို ဆန့်ကျင်သည်။ များသောအားဖြင့် ဘုရားမဲ့ ဝါဒီများဖြစ်၍ ၎င်းတို့နှင့် လက်တွဲ ဆောင်ရွက်ရန် ငြင်းဆိုကြသည်။ ဆရာကြီး စကောလယ်တောသည် ကွန်မြူနစ် များနှင့် ပူးပေါင်းရာတွင်၊ အလုပ်သမား လယ်သမား တည်းဟူသော ဆင်းရဲသားများ အတွက် အကျိုးပြု လုပ်ငန်းများ ဖြစ်သည်ဟူသော၊ အခြေခံဦးတည်ချက် တခုတည်းနှင့် ညီညွတ်စွာ ဆောင်ရွက် နိုင်ခဲ့သည်။ သူသည် ခရစ်ယာန်တဦးလည်း ဖြစ်ပြီး လက်ဝဲဝါဒီ တဦးလည်း ဖြစ်သည်။ ကေအဲန်ယူပါတီ အနေဖြင့် အလုပ်သမား ပါတီတရပ် ထူ ထောင်ရေးတွင် သူသည် ဗဟို ကော်မတီဝင်လည်းဖြစ် နိုင်ငံရေး ဦးဆောင်အဖွဲ့လည်း ဖြစ်၍ ထိုအယူအဆကို တာဝန်ခံရန် အဆင်သင့်ရှိခဲ့သည်။
သူသည် ကျောင်းသားဘဝက ရောဘတ်အိုဝင်၏ လူမှု တော်လှန်ရေးကို အလွန် နှစ်သက်သည်။ တက္ကသိုလ်ကျောင်း တက်နေစဉ်၊ ကျေးရွာများသို့ ဆင်းပြီး၊ ကျေးလက် ပြုပြင်ရေးအဖွဲ့တွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ နောင်တွင် ကရင် အမျိုးသားများ အတွက် ဆိုရှယ်လစ် စီးပွားရေးစံနစ်သည် အသင့်တော်ဆုံး ဖြစ်သည်ဟု ယူဆခဲ့သည်။ ကွန်မြူနစ်နိုင်ငံကဲ့သို့ မဟုတ်ဘဲ၊ ပုဂ္ဂလိကပိုင်ဆိုင်မှု စံနစ်ရှိသည်ဟု ခံယူထားသည်။ ကရင်များသည် ရှေးမဆွကပင် စုပေါင်း လုပ်ကိုင် ခြင်း၊ စုပေါင်း စားသုံးခြင်း စနစ်ကို အစဉ် အလာအရ ကျင့်သုံးခဲ့သူများ ဖြစ်ရာ ဆိုရှယ်လစ် စီးပွားရေးစံနစ်ကို ထူထောင်ဖို့ရန် သင့်လျော်သည်ဟု ခံယူထား လေသည်။
ဆရာကြီး စကောလယ်တောနှင့် ဥက္ကဋ္ဌကြီး မန်းဘဇန်တို့၏ တူညီချက်နှင့် ခြားနားချက်အခ့ျိုကို ကျနော်စစ်ကြောမိပါသည်။ ဥက္ကဋ္ဌကြီး မန်းဘဇန် သည် ခရစ်တော်ကို ယုံကြည်သည်။ တိုးတက်သော အမျိုးသားရေးဝါဒီ အဖြစ် ခံယူသည်။ ဤအချက်သည် သူတို့နှစ်ဦးတွင် တူညီကြသည်။ သို့သော် မန်းဘဇန်သည် အမျိုးသားပါတီ တရပ်အနေဖြင့် အလုပ်သမားပါတီအဖြစ် ခံယူ လုပ်ဆာင် ရန်ကိုကား အာမခံနိုင်ခြင်း မရှိခဲ့ပေ။ ဤကိစ္စ သည် ဥက္ကဋ္ဌကြီး မန်းဘဇန် အနေဖြင့် ကေအဲန်ယူပါတီအား မလွဲမရှောင်သာ လမ်းခွဲခဲ့ ရသော ကိစ္စဖြစ်လေသည်။
ဆရာကြီးသည် ဆင်းရဲသားဘဝကို ခံယူပြီး ပစ္စည်းမဲ့ လူတန်းစားဘဝ လွတ် မြောက်ရေး တိုက်ပွဲများကို ထောက်ခံသည်။ လက်တွေ့တွင်လည်း အားပေး ဆောင်ရွက် သည်။ ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒကို ဆန့်ကျင်သည်။ ဆရာကြီးသည် သူ့ ကိုယ်သူ ကွန်မြူနစ်ဟု မကြေညာသော်လည်း ကွန်မြူနစ် ဆိုသူများထက်ပင် ဆင်းရဲသား ဘဝကို လက်တွေ့ကျကျ ခံယူကျင့်သုံးသည်။ သူ၏ ဘဝ တလျောက်လုံး၊ ခြိုးခြံစွာ စည်းကမ်းရှိစွာ နေထိုင်ခဲ့သည်။ အဆောင်အယောင် မရှိသော သူ၏ တဲငယ်တွင် တင့်တယ်စွာ နေထိုင်တတ်သည်။ အမျိုးသား အတွက်၎င်း၊ မည်သည့် ဆင်းရဲသားများ အတွက်သော်၎င်း၊ ဆောင်ရွက်ရန် အသင့်ရှိသည်။ ၁၉၇၅ ခုနှစ်မှစ၍ ကေအဲန်ယူတွင် ပူးပေါင်းလုပ်ဆောင်စဉ် ကာလအတွင်း၊ အဖွဲ့အစည်းအတွင်း လိုအပ်သော စာပေရေးရာ ကိစ္စအဝဝကို အောင်မြင်စွာ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ဆရာကြီး စကောလယ်တောသည် သူ၏ နောက်ဆုံး တသက်တာတွင် ကေအဲန်ယူ အစည်းအရုံး၏ တာဝန်ကို ထမ်းဆောင်ရင်း၊
(၁) သနူးထူး စာစောင်ကို ကိုယ်တိုင် ဦးဆောင် ထုတ်ဝေခဲ့သည်။
(၂) K.N.U. Bullintin ကို ထုတ်ဝေခဲ့သည်။
(၃) ကရင့်တော်လှန်ရေး သမိုင်းတစောင်ကို ပြုစုထားခဲ့သည်။
ဆရာကြီးသည် ၁၉၈၉ ခုနှစ် မတ်လ(၇)ရက်နေ့တွင် ကွယ်လွန် သွားသည်။ ကွယ်လွန်စဉ်က အသက် (၇၄)နှစ်ဖြစ်သည်။ ပင်ပန်း ဆင်းရဲစွာဖြင့် သင်ကြား တတ် မြောက် ခဲ့ရသော ပညာကို၊ မိမိ၏ ကရင်အမျိုးသားများနှင့် ဆင်းရဲသား လူတန်းစား များအတွက်၊ ဘဝ တသက်တာ အကျိုးပြုခဲ့သော ခေါင်းဆောင် တဦးအဖြစ် တလေးတစား ဦးညွှတ် မှတ်တမ်းတင် အပ်ပါသည်။

ကရင့်တော်လှန်ရေး သမိုင်း




Leave a comment