လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။
ကရင်အမျိုးသား တော်လှန်ရေး လှုပ်ရှားမှု
၁၉၄၇ ခုနှစ်၊ ကေအဲန်ယူ (K.N.U.) အစည်းအရုံးနှင့် ကေအဲန်ဒီအို (K.N.D.O.)များကို တနိုင်ငံလုံး ဖွဲ့စည်းခဲ့ရာ၊ သာယာဝတီ မြို့တွင်လည်း၊ ကေအဲန်ယူ (K.N.U.) အစည်းအရုံးနှင့်၊ ကေအဲန်ဒီအို (K.N.D.O.) အဖွဲ့များ ရှိသည်။ ဆရာကြီး ထောယေမှာ ကျောင်းအုပ်အဖြစ် သာယာဝတီတွင် ဆက်လက် နေထိုင်ဆဲ ကာလ ဖြစ်သည်။ ကေအဲန်ယူအစည်းအရုံး ဗဟို ကော်မတီတွင် ပါဝင်သော၊ ဗိုလ်ချုပ် စိုင်းကေမှာ သူနှင့် ကျောင်းနေဖက်များ ဖြစ်သည်။ အခ့ျိုသော ဗဟို ခေါင်းဆောင်များသည်လည်း သူနှင့် တတန်းတည်းသားများ ဖြစ်ကြသည်။ ကျောင်းကိစ္စရှိ၍ ရန်ကုန်သို့ ဆင်းသွားရသည့် အခေါက်တိုင်း၊ ၎င်းတို့နှင့် အမျိုးသားရေးကိစ္စ၊ နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်တွင် ဆရာကြီးထောယေ၏ မိတ်ဆွေများသည် သူ့အား အမျိုးသား နိုင်ငံရေး လောကသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ ကြသည်။ ဆရာကြီးကမူ ပညာရေးကို ပိုမိုစိတ်ဝင်စားသဖြင့် ကျောင်းအုပ် တာဝန်ကိုလည်း လက်မလွှတ်နိုင်။ အစား ထိုးရမည့်သူလည်း မရှိသေး။ ထို့ကြောင့် မိတ်ဆွေများက သူ့အား အချိန်ပိုင်းသာ လုပ်ဆောင်ရန် အကြံပြု ဖိတ်ခေါ် ပြန်သည်။ ဤသို့ဖြင့် သာယာဝတီခရိုင် ကေအဲန်ယူအစည်းအရုံးတွင် သူ ဝင်ရောက် ကူညီခဲ့သည်။ ကေအဲန်ဒီအို တွင်လည်း ကူညီသည်။ ဤသို့ ပါဝင်ခဲ့ရာမှ သူ့ အမည်ကို စကောဘွဲ့ တပ်ကာ “စကောလယ်တော” ဟု ပြောင်းခဲ့လေသည်။ `စကော´ ဆိုသည်မှာ အကြီးအကဲကို ဆိုလိုသည်။ ဗမာ့ လွတ်လပ်ရေး လှုပ်ရှားမှုတွင် နိုင်ငံရေးသမားများကို သခင်တပ်ခေါ်သကဲ့သို့ ကရင် ခေါင်းဆောင်များသည်လည်း မိမိတို့၏ အမည်များကို “စကော” တပ်ပြီး ခေါ်ကြသော ကာလဖြစ်သည်။ ထိုစဉ်က ဗိုလ်ချုပ်စိုင်းကေမှာ (စကော သဝါး)၊ မန်းဘဇန်မှာ (စကောတူရယ်)၊ စောမောင်မောင်သန်းမှာ (စကောမောလေး) စသည်ဖြင့်၊ အသီးသီး “စကော”တပ်၍ အမျိုးသား အမည်များ ခံယူကြလေသည်။ စကော ထောယေ (စကောလယ်တော)သည် သာယာဝတီခရိုင်တွင် ကေအဲန်ယူနှင့် ကေအဲန်ဒီအို လှုပ်ရှားမှုများကို၊ အချိန်ပိုင်း အနေဖြင့် ကူညီနေသော်လည်း လက်နက်ကိုင် တော်လှန်ရေး တွင် ကိုယ်ထိ လက်ရောက် ပါဝင်ရေး၊ မပါဝင်ရေးကိုမူ ယတိပြတ် ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိ သေးချေ။ အမျိုးသားပညာရေး သံယောဇဉ်ကြိုးကိုလည်း ဖြတ်တောက်နိုင်ခြင်း မရှိ သေးချေ။

ထိုကာလတွင် ကေအဲန်ယူ၏ ကရင်ပြည်တောင်းဆိုမှု တိုက်ပွဲသည် အရှိန်မြင့် သည်ထက် မြင့်လာသည်။ အနုနည်းဖြင့် တောင်းဆိုခဲ့သည်မှာ အချည်းနှီး ဖြစ်လာသည်။ ထို့ကြောင့် ကေအဲန်ဒီအို များသည် ရရာလက်နက်များကို လျှို့ဝှက် စုဆောင်းလာ ကြ သည်။ ဤသည်ကို ဖဆပလ ကရိပ်မိပြီး၊ သာယာဝတီရှိ ကရင်ခေါင်းဆောင်များကို ဖမ်းဆီး ရာ ဆရာစကောလယ်တော သည်လည်း အဖမ်း ခံခဲ့ရသည်။ လက်နက်ပုန်းများကိုကား မမိ။ သာယာဝတီ အရေးပိုင်က သူ့အား အာမခံသဖြင့် ချမ်းသာရာ ရခဲ့သည်။
ကရင်အမျိုးသား လက်နက်ကိုင် တော်လှန်ရေးမစမီ သာယာဝတီတွင် ဗိုလ်ချင်း၊ ဗိုလ်စိန်မှန်တို့ ဖွဲ့စည်းထားသော တပ်များနှင့် ပြည်ထောင်စု စစ်ရဲ တပ်ဖွဲ့များသည် သာယာ ဝတီတဝိုက် ဓါးပြတိုက်ကြသည်။ နေ့လည်ဘက်တွင် အလည်အပတ် သဘောမျိုးဖြင့် အိမ်များသို့လည်ပတ်ပြီး၊ ညဘက်တွင် ဓါးပြ ဝင်တိုက်လေသည်။ ထို ဓါးပြများသည် ဆရာစကောလယ်တော၏ ခေါင်းကိုပင် ခြေထောက်နှင့် ကန်ကြသည်။ ထိုသို့ ခံရသည့် တိုင် ဒေါသ မဖြစ်ခဲ့။ နောက်ပိုင်းတွင် ဓါးပြများသည် တဆင့်ထက် တဆင့် တိုးလာသည်။ (A.B.M.) ကျောင်းကို ဝိုင်းကာ သူ၏ ကျောင်းသူနှစ်ယောက်ကို အကြမ်းဖက် ခေါ်ဆောင် သွားပြီး၊ အဓမ္မ ပြုကျင့် ခဲ့ကြလေသည်။ ဆရာကြီးစကောလယ်တောမှာ၊ ထိုကိစ္စအတွက် အလွန်ပင် စိတ်ထိခိုက်ခဲ့သည်။ မိမိသည် အေးချမ်းစွာ နေထိုင် ပေါင်းသင်းလိုသည်။ သို့သော် အခြေအနေကား မပေးအပ်ခဲ့။ မတရားမှုကို ခုခံ တော်လှန်ရမည်ဟူသော စိတ်ကူး ပေါက်လာသည်။
ဤသည်မှာ သူ့အား လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိ စေခဲ့သည့် အစဦးဆုံး စိတ်ကူး ဖြစ်လေသည်။ ထို စိတ်ကူးမှနေ၍ သူ့တွင် အတွေး အခေါ်တခု ပေါ်ပေါက်လာသည်။ ကရင်လူမျိုးကို သူ အလွန်ချစ်ခင်သည်။ မိမိ၏ ကရင် လူမျိုး တိုးတက် ကြီးပွားသည်ကို မြင်တွေ့လိုသည်။ ကရင်ကို အမှန်တကယ် ချစ်လျှင်၊ ကရင်တို့ကို ဖိနှိပ် ညှဉ်းဆဲသော ရန်သူအား ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ခိုက် ရမည်ဟု တွေးခေါ်သည်။ သို့မှသာ မျိုးချစ် ပီသမည်။ ဤသို့ဖြင့် ဆရာကြီး စကောလယ်တောသည် ရဲရင့်သော အဘိဓမ္မာကို ထူထောင်ပြီး လက်နက်ကိုင် တော် လှန်ရေး၌ ကိုယ်ထိလက်ရောက် ပါဝင်ရန် ဆုံးဖြတ်ချက် ချခဲ့လေသည်။
တော်လှန်ရေး “ပထမ လမ်းစဉ်”နှင့် ဆရာကြီး စကောလယ်တော
ဆရာစကောလယ်တော အခြေခံသော သာယာဝတီခရိုင်သည် ကရင် အမျိုးသား များ ထူထပ်စွာ နေထိုင်သော ခရိုင်တခုဖြစ်သည်။ လက်နက်ကိုင် တော်လှန်ရေး စတင် တော့မည်ဖြစ်၍ ဆရာစကောလယ်တော လည်း သာယာဝတီ တောင်ပိုင်းတွင် ဖွဲ့စည်းထား သော K.N.D.O. ကေအဲန်ဒီအို များရှိရာ၊ ကုမ္မနဲဘက်သို့ ပြောင်းရွှေ့ သွားခဲ့သည်။ ထို ဒေသတွင် ကေအဲန်ဒီအို တပ်ခွဲတခွဲ ဖွဲ့စည်းထားသည်။ ထိုတပ်ခွဲ၌ ဆရာကြီး စကော လယ်တော အား ဒု-ခွဲမှူးအဖြစ် တာဝန်ပေး ခဲ့သည်။ နောက်ပိုင်းတွင် တပ်ခွဲမှူး အဖြစ် တာဝန်ပေးသည်။ ဒေသတခွင်တွင် ဖဆပလ တပ်များနှင့် ရင်ဆိုင်တိုက်ခဲ့ရသော အကြိမ် မှာ သိပ်မရှိလှပေ။ ထိုဒေသ၌ အလံနီပါတီ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်များ စုပေါင်း နေထိုင်သည့် အခြေခံဒေသ နယ်မြေ ဖြစ်သည်။ ကွန်မြူနစ်ပါတီ တပ်အင်အားမှာ သိပ်မများ လှပေ။ အဖျောက်၊ ဇကာကြီး၊ ရေလဲတို့တွင် ပြည်သူ့ ရဲဘော် အများအပြား ရှိသည်။ ပထမတွင် ကေအဲန်ဒီအိုနှင့် နားလည်မှုအပြည့်အဝရှိကြသည်။ နောက်ပိုင်းတွင် ကေအဲန်ဒီအို ကို ဆန့်ကျင် တိုက်ခိုက်လာသဖြင့်၊ အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားရသည်။ ဆရာ စကောလယ်တောသည် ထို ကေအဲန်ဒီအို တပ်ခွဲနှင့်အတူ သူကိုယ်တိုင် ပါဝင် တိုက်ခိုက် ခဲ့လေသည်။ မြစ်ကျိုး၊ အဖျောက်၊ ရေလဲ၊ ဇကာကြီး တဝိုက်တွင် ဖဆပလ ကို၊ ဆန့်ကျင်သည့် အင်အားစု အချင်းချင်း တိုက်ခိုက်နေရသော ကာလ ဖြစ်သည်။ နောက်ပိုင်းတွင် ဒေသတွင်း အုပ်ချုပ်ရေးကို စစ်အုပ်ချုပ် ရေးသို့ ချမှတ်လိုက်သည်။ ဒုတိယ ကမ္ဘာစစ်အပြီး ဗြိတိသျှအစိုးရက ဗမာပြည်ကို ဒုတိယ အကြိမ် ပြန်လည်ဝင်ရောက်လာစဉ် ချမှတ်ခဲ့သော အုပ်ချုပ်ရေးစနစ်မျိုး ဖြစ်သည်။ ဆရာ စကောလယ်တောမှာ ခရိုင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ရပြန်လေသည်။ {SCAO – Senior Civil Affair Officer} မြို့ပြ အုပ်ချုပ်ရေးအရာရှိ ဖြစ်လေသည်။ နောက်ပိုင်း ဖဆပလ သည် ရန်ကုန်၊ အင်းစိန်မှ တောင်ငူအထိ ပြန်လည် သိမ်းပိုက်လိုက်သောအခါ တောင်ငူ ဋ္ဌာနချုပ်မှာ တောတွင်းသို့ ဝင်ရောက် ခဲ့ကြရ လေသည်။
လက်နက်ကိုင် တော်လှန်ရေး အစပြုကာလမှာပင် စောဘဦးကြီးသည် အရှေ့ တိုင်းမှ နေ၍ သူ၏ လုပ်ဖော်ကိုင်ဘက် တဦးဖြစ်သော ဗိုလ်ချုပ်စိုင်းကေ အား အကူအညီ လိုသောကြောင့် မှာယူသည်။ ထိုအချိန်က ဗိုလ်ချုပ်စိုင်းကေမှာ မန်းဘဇန်၊ ဟန်တာသာ မွှေး တို့နှင့်အတူ ရှိသည်။ မြစ်ဝကျွန်းပေါ် ကေအဲန်ယူကို ပြန်လည် တည်ဆောက်ရာ၌ အဓိက အခန်းမှ ပါဝင်ဆောင်ရွက်နေသော ကာလ ဖြစ်သည်။
ဥက္ကဋ္ဌကြီး၏ မှာကြားချက်အရ ဗိုလ်ချုပ်စိုင်းကေသည် အရှေ့တိုင်းသို့ ထွက်လာ ရာတွင် သူ၏ ကျောင်းနေဘက် တဦးဖြစ်သူ ဆရာစကောလယ်တော အားလည်း အတူ တကွ ခေါ်ဆောင်လာခဲ့သည်။ ဆရာ စကောလယ်တောသည် အရှေ့တိုင်းသို့ ရောက် သည်နှင့် ကေအဲန်ယူကို ပြန်လည်ဖွဲ့စည်းရန်အတွက် စည်းရုံးရေးလုပ်ငန်းများ စတင် ဆောင်ရွက်လေသည်။ လောလောဆယ်အားဖြင့် အရှေ့ဘက်၊ ညောင်လေးပင် ခရိုင် ဖြစ်သော ရွှေကျင်၊ ကျောက်ကြီး၊ မုန်း စသည့် နယ်မြေနှင့် ပဲခူး၊ အင်းစိန်၊ ဝေါ၊ ထုံးကြီး တို့မှ ပြောင်းလာသော စစ်ပြေး ဒုက္ခသည် များအတွက် နေရာချထားရေးနှင့် ရိက္ခာများ ရရှိရေးကို အတတ်နိုင်ဆုံး အကူအညီ ပေးခဲ့လေသည်။



Leave a comment