လွတ်လပ်သောကရင့်သမိုင်းသုတေသနအသင်း မှ ထုတ်ဝေသည့် “ကရင့်တော်လှန်ရေး ဒုတိယလမ်းစဥ်”စာအုပ်မှ ကူးယူဖော်ပြပါသည်။
ကျနော်တို့ ဥက္ကဋ္ဌဗသိန်းတင်ကို ဆက်လက်ဆွေးနွေးတာက (K.N.U.P.) ပါတီကို ဖွဲ့စည်းတာနှင့် ပတ်သက်လို့ရော လူမျိုးစု ညီညွတ်ရေးတပ်ဦး ဖွဲ့စည်းတာနှင့် ပတ်သက်လို့ ရော ပဲခူးမှာရှိတဲ့ ဥက္ကဋ္ဌသခင်ဇင်နဲ့လည်း ကျနော်တို့ ဆွေးနွေးခဲ့ကြတယ်။ ဆွေးနွေးပြီးမှ အခြေအနေ အရပ်ရပ်အပေါ်မှာ တွက်ချက်ပြီး၊ ဖွဲ့စည်း တာဖြစ်တယ်။ ဥက္ကဋ္ဌ သခင်ဇင် နဲ့ သခင်ချစ် တို့က ဒီအခြေခံသဘောမျိုးနဲ့ ဖွဲ့စည်းတာကို လက်ခံကြတယ်။ တခုတည်းသော တပ်ပေါင်းစုဖြစ်ရေး ကြိုးစားတာကိုလည်း သူတို့ နားလည်တယ်။ နောက်ပြီးတော့ ဒီနေ့ အမျိုးသားရေးပေါ်လစီနဲ့ ပတ်သက်တာ ကျနော်တို့ တလျောက်လုံး တင်ပြထားတဲ့ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် နောက်ပြီး ဗမာပြည်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတည် ဆောက်ရေးနှင့် ပတ်သက်တာတွေကို ဥက္ကဋ္ဌ သခင်ဇင်၊ သခင်ချစ်တို့ က လက်ခံ ခဲ့ကြတယ်။

(ရှေ့- ဝဲမှ ယာ) ပဒိုသာပြည့်၊ ဖူးစကောလယ်တော၊ ဗိုလ်ချုပ်မြမောင်၊ စောဘိုမြ (ဗိုလ်မြ)၊
၁၉၇၅ ခုနှစ်၊ မာနယ်ပလော။
ဘယ်အထိ လက်ခံသလဲဆိုရင် ဗမာပြည်မှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံး လူမျိုးတွေအားလုံး တန်းတူရည်တူမှုအပေါ်မှာ ပြည်နယ်အသီးသီး ရရှိပြီးတော့ ဒီပြည်နယ် တွေနဲ့ စုစည်းထားတဲ့ ပြည်သူ့ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စု သမ္မတနိုင်ငံ တည် ဆောက်ရေးအတွက် မြန်မာ အမျိုးသားများ အနေနဲ့လည်း တင့်တင့်တယ်တယ် ရှိရမယ်။ ဒါကိုလည်း သခင်ဇင်၊ သခင်ချစ်တို့က လက်ခံ ခဲ့ပါတယ်။ ဒါတင်မက ဒီ ဖွဲ့စည်းတဲ့ ပြည်ထောင်စုသစ်ကို အများကြိုက် အမည်တခုပေးမယ်။ လာမဲ့ အမျိုးသား ညီလာခံ တရပ်မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ် အားလုံးနှင့်တကွ၊ အများဆန္ဒအတိုင်း ဖြစ်ရမယ်ဆိုတာ သဘောတူ လက်ခံကြတယ်။ ဒါဟာ သခင်ဇင် နဲ့ သခင်ချစ် တို့ရဲ့ အမျိုးသား ပေါ်လစီနဲ့ ပတ်သက်တာ။ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ နောက်ဆုံး ထုတ်ပြန် ထားတဲ့ သဘောထား ဖြစ်တယ်။ ဒါလည်း သခင်သန်းထွန်း ရှိစဉ်ကတည်းက လက်ခံ သွားခဲ့ပါတယ်။ ဒါပေမဲ့ သူကျဆုံးသွားပြီးတဲ့နောက်၊ ၁၉၆၉ မှာမှ ပြည်တွင်းရှိ ဗကပ ဗဟိုကနေပြီး ဒါကို အတည်ပြုခဲ့တယ်။ ဒါဟာ ၁၉၆၉ ခုနှစ်၊ ဗကပ ရဲ့ အမျိုးသား ပေါ်လစီနှင့် ပတ်သက်တာ ဖြစ်တယ်။ ကျနော် အဲဒီအတိုင်း သခင်ဗသိန်းတင်ကို ဆွေးနွေးတဲ့အခါ သူက ဇင်-ချစ် ဟာ ပြည်တွင်းမှာနေပြီး၊ နောက်ဆုံး နိုင်ငံတကာ အခြေ အနေနှင့် ပတ်သက်တာတွေ အပိုင်းမှာ တို့လောက် မပြည့်စုံဘူး ဆိုပြီး၊ ဒါကို သူတို့ တာဝန်ယူတယ်။
ဗမာပြည် အခြေအနေနှင့် ဖြစ်သင့်တာကတော့ တရုတ်ပြည် ပုံစံအတိုင်း၊ တပြည်ထောင်စံနစ်ပဲ ဖြစ်တယ်။ ပြည်နယ်တွေဆိုရင် ကိုယ်ပိုင် အုပ်ချုပ်ရေး အခွင့်အရေး ဖြစ်တယ်။ ဒီမူဟာ ဗမာပြည်နှင့် အသင့်တော် ဆုံး ဖြစ်တယ်။ ဒီမူအရ လုပ်သင့်တယ်။ ဒီလို ဖြစ်ရေးအတွက် ဇင် + ချစ် တို့နှင့်၊ ဒီ အမြင်အပေါ်မှာ ကွဲလွဲတာကို သူတို့ တာဝန်ယူ တယ်လို့ သခင်ဗသိန်းတင်က ဆွေးနွေးပြပါတယ်။
ကျနော်တို့ သခင်ဗသိန်းတင် အဖွဲ့နဲ့ ဆွေးနွေးကြတဲ့အခါမှာတော့ သူတို့ အမြင် ရှိသလို ပြတ်ပြတ်သားသား၊ ရင်းရင်းနှီးနှီး အားမနာတမ်းဘဲ ပြောစရာ ရှိတာကို ပြောမယ်ဆိုပြီး အထက်က ပြောသလို ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ပ ဗကပ ခေါင်းဆောင် တွေနဲ့ ပြည်တွင်းမှာရှိတဲ့၊ ဗကပ ဗဟိုကြားမှာ အမြင်သဘောချင်း မတူညီမှု ရှိတာကတော့ သေချာနေပါတယ်။ အဲဒီအချိန်တုန်းက ၁၉၇၃ ခုနှစ် ဆိုတော့ ဇင် + ချစ် တို့ ပြည်တွင်းမှာ အသက်ရှင်တုန်း ကာလ ဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဗသိန်းတင်ဟာ စကားပြော အလွန်ကောင်းပြီး အပြင်မှာ ဖော်ရွေ ရင်းနှီးတတ်သူ တယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ မူပိုင်း အမြင်နှင့် သဘောထား အမြင်ကို ဆွေးနွေးခဲ့ကြရာမှာတော့၊ သူတို့နဲ့ ကျနော်တို့ တူညီမှု မရခဲ့ပါ။ ကျနော်တို့ ပြန်ခါနီး သူမှာတာက (K.N.U.P.) ပါတီကို အလုပ်သမားပါတီအနေနှင့် ဖွဲ့စည်းတာ မှားကြောင်း၊ လူမျိုးစု တပ်ပေါင်းစု တပ်ဦး ဖွဲ့စည်းတာလည်း မလုပ်သင့်ကြောင်း၊ ပြည်တွင်းမှာရှိတဲ့ ဗကပ ခေါင်းဆောင်တွေကို သူတာဝန်ယူကြောင်း မှာကြား ခဲ့သည်။
နောက် တခုကတော့ (K.N.U.P.) နဲ့ ဗကပ ဟာ တော်လှန်ရေး တလျောက်လုံး အလွန် ရင်းနှီးခဲ့ ကြတယ်။ အပြန်အလှန်လည်း ကူညီကြလို့ ရှေ့ကို ဘုံရန်သူနှင့် ရင်ဆိုင် တိုက်ခိုက်ရာမှာ ဆက်လက်ပြီး၊ စည်းလုံးစွာ ရှိဘို့ လိုအပ်ကြောင်း၊ မူ ချင်းမတူတဲ့ အမြင်ကို တိုက်ပွဲထဲမှာ ပူးပေါင်းရင်း တိုက်ပွဲအတွင်း ညီညွတ်ရေးရတဲ့အထိ ဆိုင်ရာ ပါတီကနေ ကြိုးစားကြဘို့ ကျနော်တို့ကို ဆွေးနွေး မှာကြားခဲ့ပါတယ်။
* ပြည်ပရောက် သခင်ဗသိန်းတင်တို့က ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မှာကို သဘောမတူ လက်မခံတဲ့ သဘောလား။
* ဟုတ်ပါတယ်။ ဗသိန်းတင်၊ ဖေတင့် နှင့် တရုတ်ပြည်မှာ ရှိတဲ့ ခေါင်းဆောင်တွေက ကျနော်တို့နဲ့ ဆွေးနွေးတဲ့အခါ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စကတော့ တရုတ်ပြည် အတိုင်းဆိုရင် ကျနော်တို့နဲ့ မကိုက်ညီဘူး ဖြစ်နေတယ်။ သူတို့က တပြည်ထောင် စံနစ် ဖြစ်တယ်။ သခင်ဇင်၊ သခင်ချစ်တို့နဲ့ ဆွေးနွေးတာကတော့ ကိုက်ညီမှုရှိတယ်။ မြန်မာ လူမျိုးကိုလည်း ပြည်နယ် သတ်မှတ်ပါဝင်ဘို့ သဘော တူညီမှု ရရှိခဲ့တယ်။ တခုရှိတာက အောက်ခြေ အဆင့်က ပါတီရဲဘော်တွေ၊ ခေါင်းဆောင်တွေ တပ်မှူးတွေထဲမှာ ဒီ သဘောထားအမြင်နဲ့ ပတ်သက်ပြီး၊ တိုက်ပွဲတွေ ရှိတယ်။ နိုင်ငံရေး အမြင်နဲ့ ပတ်သက်တာ ဖြစ်တယ်။ အခ့ျိုကြတော့ ပြည်တွင်းမှာရှိတဲ့ ခေါင်းဆောင် တွေရဲ့ အမြင်အတိုင်း ဖြစ်တယ်။ တပ်မှူး၊ ဆေးမှူး၊ ကေဒါတွေထဲကတခ့ျို ပါတီတွင်း တိုက်ပွဲအသွင် ရှိနေတာကို ကျနော်တို့ တွေ့ခဲ့ ပါတယ်။ ကျန်တဲ့ တခ့ျိုကတော့ ပြည်တွင်းရှိ ခေါင်းဆောင်တွေရဲ့ သဘောထား ခံယူချက်ကို နှစ်သက်ကြတယ်။ သဘောတူကြတယ်။ အခြေအနေနဲ့ ကိုက်ညီတယ် ဆိုပြီး မြင်တာတွေ ရှိတယ်။ ဟိုမှာကတော့ ဥက္ကဋ္ဌ ဗသိန်းတင် ဦးဆောင်မှုအောက်မှာ သူတို့ အများဆန္ဒအတိုင်း လိုက်ပြီး ဒီမိုကရေစီ ဗဟို ကြိုးကိုင်မှု စံနစ်အရ နာခံရတာ ဖြစ်တယ်။
* တရုတ်ပြည်မှာ လေ့လာခဲ့တာတွေ၊ သိမြင်ခဲ့တာတွေ၊ ဆက်ဆံရေးတွေ၊ အကြံ ဉာဏ်တွေကိုလည်း ပြောပြပေးပါ။
* ကျနော်တို့ တရုတ်ပြည်ထဲရောက်တော့၊ တရုတ်ပြည် ကွန်မြူနစ် ပါတီ အနေနှင့် ကျနော်တို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ကျနော်တို့ဟာ တော်လှန်ရေး အဖွဲ့ အစည်း တရပ်၊ ပါတီတရပ်ဖြစ်တယ်။ ကျနော်တို့ကို နိုင်ငံခြားတိုင်းပြည် တခုက ခေါင်း ဆောင်တွေ ပုံစံအတိုင်း၊ ကြိုဆို ဧည့်ခံပါတယ်။ ကြိုဆို ဧည့်ခံ ကျွေးမွေးတာ သူတို့ ကော်မတီထက် နှစ်ဆ သာပါတယ်။ သွားရာလာရာမှာ ကား တွေကိုလည်း အစစအရာရာ စီစဉ်ထားတယ်။ ကျနော်တို့ဟာ ဘယ်သူမှ မသိသေးတဲ့ တော်လှန်ရေးအဖွဲ့တဖွဲ့ ဖြစ်ပေမဲ့၊ ထင်ပေါ်ပြီး လူသိများတဲ့ နိုင်ငံတခုက လာတဲ့ ခေါင်းဆောင်တွေနဲ့မခြား ကြိုဆိုပြီး ပြုစုခဲ့ပါတယ်။
ကျနော်တို့ လိုချင်တဲ့ အကူအညီတွေလည်း ဖြည့်ဆည်း ပေးကြတယ်။ ဥပမာ – ကျနော်တို့အထဲက တခ့ျိုရဲဘော်တွေဟာ သွား ရောဂါ ဖြစ်နေကြတယ်။ ကူညီဖို့ လိုအပ် သမျှကို သူတို့ ကူညီကြတယ်။ ကျနော်တို့ (K.N.U.P.) က လူ(၃၀)ကျော်၊ (S.S.P.P.)က (၆၀)ကျော်၊ ပေါင်း (၁၀၀)ကျော်တို့ကို သူတို့ ရဲဘော်တွေနဲ့ တန်းတူမက၊ ပိုပြီး ဂရု စိုက်ခဲ့တာ ရှိပါတယ်။ ကျနော်တို့ မဝင်ခင်ကတည်းက၊ တရုတ်ပြည် ကွန်မြူနစ်ပါတီကို ကျနော်တို့ ဘာတွေ လေ့လာချင်သလဲ ဆိုတာကို မေးခဲ့ပါတယ်။ ကျနော်တို့က လက်နက် ကိုင် တော်လှန်ရေးဆိုတော့ တရုတ်ပြည်သူတွေမှာ သူတို့ရဲ့ တပ်ဖွဲ့စည်းပုံ၊ လက်နက် တပ်ဆင်ပုံကို လေ့လာချင်တယ်။ ကျနော်တို့က လူမျိုးစုတွေဖြစ်တော့ သူတို့ဆီက လူမျိုးစု ကိစ္စ ကိုလည်း သိချင်တယ်။
သူတို့ပြောတာက ယူနန်ပြည်မှာဆိုရင် လူမျိုးစုတွေ၊ အဓိကအားဖြင့် (၂၄)မျိုး ရှိတဲ့အကြောင်း ပြောပါတယ်။ ကျနော်တို့က အဲဒီ လူမျိုးစုတွေရဲ့ အကြောင်း၊ လူမျိုးစုတွေရဲ့ ဒေသတွေကို လေ့လာချင်ကြောင်း ပြောပြပါတယ်။ နောက်ပြီး စီးပွားရေးနဲ့ ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံတွေနှင့် အဲဒီ အလုပ် သမားတွေအကြောင်း မွေးမြူရေး စိုက်ပျိုးရေး ကဏ္ဍနှင့် လုပ်နည်း လုပ်ဟန်နှင့် သမိုင်းဝင် အဆောက်အဦတွေကို လေ့လာချင်ကြောင်း တင်ပြခဲ့တယ်။ သူတို့ လေ့လာခွင့်ပြုတဲ့ ကဏ္ဍတွေကို ပြန်လည် ဖြေကြားပြီး၊ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားခဲ့ ပါတယ်။
ကျနော်တို့ စုမောင်မြို့မှာ (၂)ပတ်လောက် ကြာသွားပြီး၊ မြို့ပေါ်မှာ ရှိတဲ့ စက်ရုံတွေကိုလည်း လေ့လာခဲ့ရပါတယ်။ ယူနန် အပြင် စုမောင် ဒေသဟာ၊ အရင်ကဆိုရင် အထူးသဖြင့် ငတ်မွတ်ခေါင်းပါးတဲ့ ဒေသတခု ဖြစ်ခဲ့ပါတယ်။ ဟိုတုန်းက ဘိန်းတွေကို အများအပြား စိုက်ပျိုးကြတယ်။ ခုအချိန်မှာတော့ ရိက္ခာ အသင့်အတင့် ဖူလုံမယ်လို့ ကျနော်ယူဆတယ်။ ရွာတိုင်းလိုလိုမှာ ရေအား လျှပ်စစ် ဓါတ်အားသုံးစက်တွေကို အသုံးပြု ကြတဲ့အတွက် လျှပ်စစ်ဓါတ်အားကို သုံးစွဲနိုင်ကြ ပါတယ်။ လမ်းပန်းဆက်သွယ်ရေး အဆင် ပြေနိုင်ဖို့ လုပ်ကိုင်နေတာ တွေ့ရတယ်။ စုမောင်မှာ အိမ် အဆောက် အဦတွေ တိုးခ့ျဲနေတာ တွေ့ရတယ်။ သစ်ဝါး နဲနဲ ရှားတာ တွေ့ရတယ်။ အဲဒီမှာ လူမျိုးစု တွေဟာ သူတို့ရဲ့ ရိုးရာ ကပွဲတွေနဲ့ ပြန်လည် ဖြေဖျော်ကြပါတယ်။ စုမောင်မြို့ကနေ အခြားနေရာတွေကို သွားလာ လေ့လာဖို့က ရောက်တာကလည်း နောက်ကျပြီးသွားရမဲ့ အခြားကိစ္စတွေလည်း ရှိသေး တာမို့၊ ကူမင်းမြို့လောက်ပဲ သွားလေ့လာခဲ့ပါတယ်။ တောင်ပေါ်မြို့ ဖြစ်ပေမဲ့ လူဦးရေ တသန်း (1 Million) ကျော်ရှိတယ်။ မြို့တော်တော်ကြီးတယ်။ စက်မှု လက်မှုလည်း ထွန်း ကားတယ်။ ကျနော်တို့ ရက်ပေါင်း (၂၀)လောက် သွားလေ့လာ ခဲ့တယ်။ ကူမင်းမြို့မှာ လူမျိုးစုတက္ကသိုလ် ရှိတယ်။ အဲဒီ တက္ကသိုလ်မှာ ဗမာပြည်မှာရှိတဲ့ လူမျိုးစု တော်တော် များများရှိတာ တွေ့ရတယ်။ ကချင်နဲ့ ရှမ်း တွေလည်း ရှိတယ်။
ဗမာပြည်မှာရှိတဲ့ ကရင်၊ မွန်၊ မြန်မာ ကလွဲရင်၊ ကျန်တဲ့ တိုင်းရင်းသားတွေကို အဲဒီမှာ ရှိနေတာ တွေ့ရပါတယ်။ မြောင်၊ လားဟူ၊ ဝ၊ ကချင်၊ ရှမ်း တို့ ဖြစ်တယ်။ ရှမ်းလူဦးရေဟာ ဗမာပြည်မှာ ရှိတာထက် တရုတ်ပြည် ထဲမှာ ပိုများတာ တွေ့ရတယ်။ ရှမ်းအနေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးတိုင်း (၂)တိုင်းရှိတယ်။ အရှေ့တောင်တိုင်း (၅)တိုင်းကို ဟိုအရင် ဦးနုခေတ်က တခေါက် ရောက်ခဲ့ဖူးတယ်။ ကျနော်တို့ကို စုမောင်မြို့မှာ ဧည့်ခံ ကျွေးမွေးတဲ့နေရာကို ဦးနုက ပထမ ဦးဆုံး ရောက်ခဲ့ပါတယ်။ ပြီးတော့ မြောက်ဘက်မှာ လည်း တိုင်းတခု ရှိတယ်။ ကချင်မှာလည်း ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်းရှိတယ်။ လူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ရေးဖက်မှာ ဆိုရင်၊ ဥပမာ ခရိုင်တခုမှာ ပါတီဘက်မှာဆိုရင် လားဟူက တခရိုင်၊ `ဝ´ က တခရိုင် တို့ဖြစ်တယ်။ တရုတ်ပြည်ထဲမှာ အဲဒီလိုတွေ့ရတာရှိတယ်။ လူမျိုးစု တက္ကသိုလ်မှာ ကျနော်တို့ သွားလေ့လာတော့ လူမျိုးစုစာကို သူတို့ ပြန်ဖော် ထုတ်ပြီး သင်တန်းပေးတယ်။ ဘာသာစကားနှင့် ပတ်သက်တာ သူတို့ တော်တော် မြန်တယ်။ တနှစ်အတွင်း ဒီလူမျိုးစုတွေဟာ သူတို့ပြောတဲ့ ဘာသာစကားကိုရော တရုတ် ဘာသာ စကားရော နှစ်ခုစလုံးကို ရေးနိုင် ပြောနိုင်ယုံ မကဘဲ၊ ကျွမ်းကျင်စွာ ဘာသာ ပြန်နိုင် ခဲ့ပါတယ်။ အပြန်အလှန် လုပ်ကြတယ်။ တရုတ်ပြည်က ပို့တဲ့ စာတွေကို သူတို့ ဘာသာပြန်နှင့် ပြန်ဆိုတယ်။ သူတို့ အခြေ အနေနှင့် စာပေတွေ ဒီလို ဆောင်ရွက်နိုင်တာ တွေ့ရတော့ တော်တော် အားရမိတယ်။ စက်ရုံ အလုပ်ရုံတွေနဲ့ ပတ်သက်ပြီး၊ သံမဏိ စက်ရုံတခုမှာ အလုပ်သမား (၂)သောင်းကျော် ရှိတယ်။ တော်တော် ကြီးကျယ်တာ တွေ့ရ တယ်။ အဲဒီ သံမဏိကို ကျိုတဲ့ဖို (၅)ဖို ရှိတယ်။ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ သူတို့ရဲ့ စားသောက်မှုတွေကို လေ့လာခဲ့ရတယ်။ သူတို့ တပ်မတော်နှင့် ပတ် သက်ပြီး ပြည်သူ့စစ်ကို ဘယ်လို ဖွဲ့စည်းသလဲ၊ ဘယ်လို လက်နက် တပ်ဆင်သလဲ၊ ဘယ်လို သဘောတရားတွေ ပေးသလဲ ဆိုတာတွေကို ကျနော်တို့ လေ့လာ ခဲ့ရပါတယ်။ စက်ရုံ အလုပ်ရုံတွေ စက်ပစ္စည်း တပ်ဆင်မှုတွေကိုလည်း လေ့လာခဲ့ တယ်။
ပညာရေးကဏ္ဍကို လေ့လာရာမှာ ထူးထူးခြားခြား တခု တွေ့ရတယ်။ ဗလ (၅)တန် ရှိတဲ့နေရာမှာ၊ ကာယဗလ၊ ဉာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ စတဲ့ ကျောင်းတွေဖြစ်တယ်။ အဓိက ရှေ့တန်းတင်တာက (၁) စာ ရိတ္တဗလ၊ (၂) ကာယဗလ၊ (၃) ဉာဏဗလ ဆိုတဲ့ အဆင့်လိုက် အဓိက လုပ်ဆောင်မှုတွေ သတ်မှတ်ထားတယ်။
တိုင်းပြည်တပြည်ကို ထူထောင်တဲ့နေရာမှာ ပညာတတ်တာနဲ့ မပြီးဘူး။ ကိုယ် ကာယ ကျန်းမာတာနဲ့လည်း မလုံလောက်ဘူး။ အခြေခံ အကျဆုံးကတော့ စာရိတ္တ ကောင်းဘို့ ဖြစ်တယ်။ အထူးသဖြင့် မျိုးချစ် ပြည်ချစ်စိတ်ရှိဘို့၊ ကိုယ့်အားကိုယ်ကိုးဖို့နဲ့ သူတပါးကို ကူညီဖို့ စတဲ့ပေါ်လစီနဲ့ ပတ်သက်တာတွေကို လေ့လာခဲ့ရပါတယ်။ ဒုတိယ အဆင့်ကတော့ ကျန်းမာသန်စွမ်းမှုရှိဖို့ ဖြစ်တယ်။ ကျန်းမာ ချမ်းသာမှ တိုင်းပြည်ကို အကျိုး ပြုနိုင်မယ်ဆိုပြီး အလေးထား ကြတယ်။ ဉာဏဗလ စတဲ့ ပညာတတ်ဘို့ စာပေသင်ကြား ရေး ဆိုတာတွေကို တတိယ နေရာမှာ ထားတယ်။ ဒါဟာ ထူးခြားချက်တခု ဖြစ်တယ်။
* ဗမာတနိုင်ငံလုံးနှင့်ပတ်သက်ပြီး ဗကပ ကလည်း သူ့ဟာနဲ့သူပေါ့လေ။ K.N.U. ကလည်း၊ N.D.F. စတဲ့ အဖွဲ့နှင့် နေဝင်းဆန့်ကျင်ရေးကို လုပ်နေတာဘဲ။ အဲဒီတော့ တိုင်းပြည်မှာ ရှေ့လျောက် ဘယ်လို အခြေအနေမျိုး ရှိမလဲ။ စည်းလုံးရေး (Unity)နဲ့ ပတ် သက်ပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ဆရာကြီးရဲ့ သဘောထားကို ဖော်ပြပေးဘို့ မေတ္တာ ရပ်ခံပါတယ်။
* ပထမဦးဆုံး ဗကပ နဲ့ ပတ်သက်ပြီး၊ နည်းနည်း ဆက်ပြောချင်ပါတယ်။ ဗကပ ဟာ၊ ၁၉၆၈ ခုနှစ်မှ စပြီး၊ ဗမာပြည်ထဲကို ပြန်ဝင်လာတယ်။ ပထမ အဆင့်မှာတော့ အောင်ပွဲတွေ တော်တော် ရခဲ့တယ်။ နောက်ပိုင်း ကျတော့ သူတို့ ရှေ့ကို သိပ်မတိုးနိုင်ခဲ့ဘူး။ ပြောရမယ်ဆိုရင် ဒီနေ့အထိပဲပေါ့။ မတိုးနိုင်တဲ့ ကိစ္စက အကြောင်း ရှိမယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့ မြောက်ဘက်ကို ချီတက်တုန်းက ဗကပ ရဲ့ “အခိုင်အမာ ပေါ်လစီ” ဆိုပြီး အရှေ့ပိုင်း စစ်ဒေသကနေပြီးတော့ ထုတ်ထားတဲ့ သူတို့ စာစောင်ထဲမှာတွေ့ခဲ့ ဖတ်ခဲ့ရတယ်။ သူတို့ တိုက်လို့ သိမ်းပိုက်နိုင်မယ်ရင် အဲဒီနေရာဟာ သူတို့ရဲ့ နယ်မြေဘဲလို့ “အခိုင်အမာ ပေါ်လစီ”ထဲမှာ သူတို့ ပြဋ္ဌာန်းထား ခဲ့တယ်။ ပြဋ္ဌာန်းတဲ့ အတိုင်း လက်တွေ့မှာ ဒီလိုပဲ လုပ်တယ်။
ဒီလိုကျင့်သုံးတော့ မြောက်ပိုင်းမှာဆိုရင် ကချင်နဲ့ ပြဿနာဖြစ်ခဲ့တယ်။ ဖြစ်ပုံ ကတော့ ကချင် လက်နက်ကိုင် တော်လှန်ရေးဟာ၊ ၁၉၆၂ ခုနှစ်မှာ စတင်ဖြစ် ပေါ်ခဲ့တယ်။ ဖြစ်တော့ သူတို့လည်း နယ်မြေတွေ သိမ်းပိုက်ခဲ့တယ်။ ရှမ်းပြည် မြောက်ပိုင်းဆိုရင် ကချင် (Kachin State Service) ရှိထားတယ်။ ကချင် တော်လှန်ရေး အနေနဲ့ဆိုရင် တပ်မဟာ(၄) အဲဒါ သူတို့ရဲ့ ဧရိယာဖြစ်တယ်။ ကချင် အမျိုးသား တော်တော်များများ ရှိခဲ့တယ်။ သူတို့ လည်း မြို့ငယ်လေးတွေ ရန်သူ စခန်းတွေကို တော်တော် သိမ်းနိုင်ခဲ့တယ်။ နောက်ပိုင်း ဗကပ ပါလာတော့ ရန်သူ ရှိတဲ့နေရာမှာ သူတို့တိုက်တော့ သူတို့ ရတယ်။ ဒီလို ဗကပ ရဲ့ အဓိက အင်အားနဲ့ တိုက်လို့ ရတဲ့နေရာမှာ နောက်ပိုင်းက ဗကပ ကို အားဖြည့်ပြီး ဝင်တိုက်တာ ဖြစ်တယ်။ ဒီနေရာတွေကလည်း ပထမတော့ ကေအိုင်အေ နေရာ၊ ကေအိုင်အေ လူထု၊ ဗကပ က ဒီနယ်မြေတွေ ရသွားတော့ ဒီနယ်မြေတွေက ဗကပ နယ်မြေတွေ ဖြစ်သွားတယ်။ ဒီနေရာမှာ ကချင်ဟာ သူတို့ရဲ့ လူထုကိုတောင် သူတို့ စည်းရုံး ပိုင်ခွင့် မရှိတော့ဘူး။ သွားတာ လာတာ အချုပ်အချယ်နဲ့ သွားရတယ်။
ပထမ ဗကပ ပြန်လာတုန်းက ကချင်တွေက တော်တော် ကူညီပေး ခဲ့တယ်။ ဥပမာ ဗကပ က လားရှိုးကို သွားတိုက်တဲ့ အထိ ဖြစ်ခဲ့တယ်။ မသိမ်းနိုင် ခဲ့ပေမဲ့ အောင်ပွဲ တွေ ရခဲ့တယ်။ ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင် မူဆယ်၊ မိုးမိတ် ဗကပ ရှိတဲ့နေရာတွေအထိ၊ သူတို့ ရခဲ့တယ်။ နောက်ပိုင်း သူတို့ရဲ့ အခိုင်အမာပေါ်လစီအတိုင်း သိမ်းလို့ရသ၍ သူတို့ နယ်မြေလို့ သတ်မှတ်လာတော့၊ ကချင်က နဂိုက သူတို့ရဲ့ နယ်မြေမှာ ဘာမှ လုပ်လို့ မရတော့ဘူး။ ဒီလိုနဲ့ ကချင် တွေ စိတ်မကောင်းဖြစ်လာရာက၊ ဗကပ ကို မဆန့်ကျင်ပေမဲ့ အကူအညီ မပေး ကြတော့ဘူး။ ဗကပ ရဲ့ ဆန့်ကျင်ဘက်ကိုလည်း အကူအညီ မပေးခဲ့ဘူး။ နောက်ပိုင်း ဗကပ နဲ့ ကချင် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ ဒါဟာ ဗကပ ရဲ့၊ နယ်မြေ သတ်မှတ်ချက် အခိုင်အမာ ပေါ်လစီကြောင့် ဖြစ်တယ်။ ကချင်ရဲ့ အကူ အညီမရတော့ ဗကပ လည်း ရှေ့ဆက်မတိုးနိုင်တော့ဘူး။ ဒီလို ပြဿနာရှိတာ ကျနော်တို့ တွေ့ရတယ်။ ဗကပ – ကချင် ညီညွတ်ရေးအတွက် တွေ့ဆုံမှုတွေလုပ်ပြီး၊ စာချုပ် (၃)ခု ချုပ် ခဲ့တယ်။ ဒါပေမဲ့ ဗကပ က လက်ရှိမူကိုပဲ ဆက်ကျင့်သုံးလို့၊ ကချင်ဟာ ချုပ်ဆိုထားတဲ့ စာချုပ်ကို မီးရှို့လိုက်ရတာပဲ။ ဒါက ကေအိုင်အေ ကိုယ်တိုင်ပြောလို့ သိခဲ့ရတယ်။ နောက် ပိုင်း အခိုင်အမာ ပေါ်လစီ တခုကတော့၊ အလွှာ (၃)ခု ပေါ်လစီပဲ။ တိုးတက်တဲ့အလွှာ၊ အလယ်အလတ် အလွှာ၊ နောက်ကျတဲ့ အနိမ့်ဆုံး အလွှာဆိုပြီး သတ်မှတ်ထားတယ်။ တိုးတက်တဲ့ အလွှာက လူတွေကို စည်းရုံးပြီး သူတို့လူအဖြစ် သိမ်းသွင်းတယ်။ အလယ် လတ်တန်း အလွှာကတော့ ကြားထိုင်အလွှာ ဖြစ်တယ်။ ဖောက်ပြန်တဲ့အလွှာကိုတော့ ပြတ်သားစွာ ဆန့်ကျင်ဘို့ ဆုံးဖြတ်ချက်ချထားတဲ့ ပေါ်လစီ ဖြစ်တယ်။ ဒီပေါ်လစီ အတိုင်း ကျင့်သုံးတယ်။ ဒီ ပေါ်လစီကိုလည်း တရုတ်ပြည် တော်လှန်ရေးကာလ၊ မော်စီတုန်းကနေ ချန်ကေရှိတ်အုပ်စုကို တိုက်တဲ့အခါမှာ ချမှတ်ကျင့်သုံးတဲ့ ပေါ်လစီ အတိုင်းဖြစ်တယ်။ သူတို့အခြေအနေနဲ့ သူတို့ လုပ်ဆောင်လို့ အောင်မြင်ခဲ့တယ်။ ဗကပ က လူမျိုးစု အဖွဲ့ အစည်းတွေထဲမှာ ဒီပေါ်လစီကိုကျင့်သုံးတော့ အခြေအနေတွေဟာ တရုတ်ပြည် တော် လှန်ရေး ကာလနဲ့ မတူလို့ မညီညွတ်မှုတွေ ပေါ်ပေါက်ခဲ့တယ်။ ဥပမာ – ကချင်လူမျိုးစုနဲ့ ဆက်ဆံတဲ့အခါ ဗကပ က၊ ကချင် အဖွဲ့ အစည်းထဲက လူအခ့ျိုကို စည်းရုံးပြီး ဗကပ ကို ထောက်ခံသူဖြစ်အောင် လုပ်တယ်။ စည်းရုံးလို့မရတဲ့သူကို ဆန့်ကျင်မှု သဘောရှိလို့ အပြုတ်တိုက်ရမယ် ဆိုတဲ့ အခါ၊ လူမျိုးစုတွေထဲမှာ မညီမညွတ်ဖြစ်လာတယ်။ ဒီလို ဖဲ့ထုတ် စည်းရုံး တာရော၊ ခွဲခြမ်းတိုက်တာရော၊ လုပ်လာတော့ အဖွဲ့အတွင်း ပြဿနာတွေ ပေါ်လာ တယ်။ ရလလဖ (ရှမ်းပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့) ဖွဲ့တုန်းကလည်း၊ ဒီ ပေါ်လစီကြောင့်ဘဲ ဖြစ်တယ်။ ရှမ်းထဲမှာလည်း ဒီ ပေါ်လစီကို ကျင့်သုံးတာကြောင့် သူတို့ လူမျိုးစုထဲမှာ ကွဲပြားမှုတွေ ဖြစ်ပေါ်လာ ခဲ့ရတယ်။
ဒီတော့ တော်လှန်ရေး အင်အားစုတွေ အားနည်းသွားခဲ့ရတယ်။ ဒါကြောင့် ဗမာပြည်ရဲ့ တော်လှန်ရေး တခုလုံးကို ထိခိုက်သွားတယ်လို့ ကျနော်မြင်တယ်။ ဒါကြောင့် ဘုံရန်သူကို တိုက်ခိုက်ရေးအတွက် ဗကပ ဟာ၊ အခိုင်အမာ ပေါ်လစီ နှစ်ခုကို၊ ပြန် စဉ်းစားသင့်တယ်။ ဒါမှ မှန်မှန် ကန်ကန် ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ရှိမှာ ဖြစ်တယ်။ စည်းလုံးမှု၊ ညီညွတ်မှု၊ နားလည်မှုအပေါ်မှာ မှန်ကန်တဲ့ အခြေခံမူမျိုး ဖြစ်ရမယ်။ ကျနော် အဲဒီလိုပဲ မြင်တယ်။ ဒီနေ့ ဗကပ အနေနဲ့ဆိုရင် သမိုင်းအစဉ်အလာ ကြီးမားတဲ့၊ ပါတီအဖွဲ့ အစည်းတခု ဖြစ်တယ်။ အလုပ်သမားပါတီ တခုအနေနဲ့ဆိုရင် ရှေ့ဆောင်မှု တာဝန်တွေ၊ သူတို့မှာ အများကြီး ရှိတယ်။ ရှေ့ဆောင်မှုဆိုတာ တောင်းယူလို့ ရတာ မဟုတ်ဘူး။ လက်တွေ့ လုပ်ဆောင်မှု လုပ်ဆောင်ရင်းနဲ့ ခေါင်းဆောင်မှုကို ရယူဖို့ ဖြစ်တယ်။ ဒါကလည်း ဥက္ကဋ္ဌ မော်ရဲ့ သဘောတရား စာစောင်ထဲမှာ အဲလိုပဲ ချမှတ်ထား တာ ရှိပါတယ်။ ဗကပ ဟာ၊ မက်စ်၊ လီနင်ဝါဒ၊ မော်စီတုန်း အတွေးအခေါ်ကို လက်ခံ မယ်ဆိုရင် လက်တွေ့ကျကျလည်း ဒီအတိုင်း လုပ်ဆောင်သင့်တယ်လို့ ကျနော်မြင်တယ်။ လက်တွေ့မကျတော့ ခေါင်းဆောင်မှုကို အတင်းတောင်းယူတဲ့ ပုံစံမျိုး ဖြစ်နေ တယ်။
ကေအဲန်ယူပါတီအနေနဲ့ ကျင့်သုံးခဲ့တာတွေ အခြားအဖွဲ့အစည်းက ကျင့်သုံးခဲ့ တာတွေမှာ ဒီလို ဗြောင် တောင်းဆိုခဲ့တာတွေ ရှိတော့ လူထုကို ခေါင်းဆောင်လို့ ရသင့် သလောက် မရဘူး။ ပြီးတော့ ခွဲပြီး စည်းရုံးတာတွေလည်း ရှိတယ်။ ကျနော်တို့ ခုလို ဗကပ ကို ဝေဖန်တာဟာ အပြု သဘောမျိုး ဖြစ်ပါတယ်။ ကျနော်တို့ဟာ ကျယ်ပြန့်တဲ့ တပ် ပေါင်းစုကြီး ဖြစ်မြောက်ရေးအတွက် ရည်ရွယ်ပြီးတော့ နောက်တချက်က အလုပ်သမား ပါတီ တခုအနေနဲ့ လက်တွေ့ လုပ်ဆောင်တဲ့နေရာမှာ အခြေအနေနဲ့ ကိုက်ညီအောင် လုပ်ဆောင်နိုင်ဘို့ ဒီ ရည်ရွယ်ချက်နဲ့ သုံးသပ်တာ ဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။
ကျနော်တို့ ကေအဲန်ယူမှာလည်း၊ တပ်ပေါင်းစုနှင့် အာဏာသိမ်းမယ်လို့ သဘောထားတွေ ရှိတယ်။ ဗမာပြည်မှာလည်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းတွေ တော်တော်များများရှိတယ်။ တပ်ပေါင်းစုနဲ့ ပတ်သက်ပြီး ကျနော်တို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကျနော်တို့ ကရင့်တော်လှန်ရေးအနေနဲ့ အကြိမ်ပေါင်း မနည်းဘူး။ ကြိုးစားခဲ့တယ်။ ဒီ တပ်ပေါင်းစုတွေဟာ စာရွက်ပေါ်မှာဘဲ ကျန်ခဲ့ကြတယ်။ ဥပမာ – လူမျိုးစု တပ်ဦးနှင့် ပတ်သက်တာ ကျနော်တု့ိ ၁၉၅၆ ခုနှစ်မှာ (တလညတ) တိုးတက်သော လူမျိုးစုများ ညီညွတ်ရေးတပ်ဦး၊ ၁၉၆၀ ခုနှစ်မှာ (လလမဖ) လူမျိုးစုများ လွတ်မြောက်ရေးအဖွဲ့၊ နောက်ပြီးတော့ (လညတ) လူမျိုးစုများ ညီညွတ်ရေး တပ်ဦး၊ (ညလတ) ညီညွတ်သော လူမျိုးစုများတပ်ဦး ဆိုပြီး ကျနော်တို့ တောက်လျှောက် ဖွဲ့စည်း ခဲ့တယ်။
အခု ကျနော်တို့ မဒတ ရှိတယ်။ မဒတ က လွန်ခဲ့တဲ့ နှစ်ကဆိုရင်၊ ကျနော်တို့ တစုံတရာ စပြီး လှုပ်ရှားတယ်။ ပူးတွဲ စုပေါင်းပြီး စစ်သင်တန်းတွေ ပေးနိုင်ခဲ့တယ်။ ဗိုလ်လောင်း သင်တန်းအထိ ပေးနိုင်ခဲ့တယ်။ ပေးနိုင်တဲ့အပေါ်မှာ တော်တော် တက်တက် ကြွကြွ ဖြစ်လာတယ်။ မဒတ အပေါ် ယုံယုံကြည်ကြည်နဲ့ အစားထိုး ကြတယ်။ အားကိုး ကြတယ်။ ဒါပေမဲ့ နောက်ပိုင်း တပ်ပေါင်းစုနဲ့ ပတ်သက်တာ လှုပ်ရှားမှု ရှိတန် သလောက် မရှိဘဲ လျော့နည်းလာတာတွေကို ကျနော် တို့ မြင်လာတယ်။ ကျနော်တို့ဟာ ဘုံရန်သူကို တိုက်ခိုက်နိုင်ဘို့ ညီညီညွတ်ညွတ်နဲ့ တပ်ပေါင်းစုအခန်းကဏ္ဍမှာ ကျနော်တို့ ချမှတ်တဲ့မူကို တိတိကျကျ အကောင် အထည် ဖော်နိုင်ဘို့ လိုတယ်။
ဗမာပြည်မှာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေအားလုံး စုစည်းနိုင်မှ ကျနော်တို့အတွက် တော်လှန်ရေး အောင်ပွဲခံမယ်လို့ မြင်တယ်။ ဥပမာ – မြောက်ဘက်မှာ ဗကပ အနေနဲ့ အင်အား ကြီးကြီးမားမားနဲ့ လှုပ်ရှား နေပေမဲ့၊ ရှေ့ကို သိပ်မတိုးနိုင်ဘူး။ ၁၉၆၈ ခုနှစ်ကတည်းက စဝင်လာတာ၊ ရှမ်းပြည်မှာ တစ် နေတယ်။ တခါတခါ သံလွင်မြစ် အရှေ့ဘက်ကို ကူးရတဲ့ အနေအထားမျိုး ရှိနေတယ်။ ဒါကိုကြည့်ပြီး ပြောရမယ်ဆိုရင် သူက လူမျိုးစုအပေါ် ထားသင့်တဲ့ သဘောထားနှင့် အမျိုးသားပေါ်လစီကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ ဒီလိုဖြေရှင်းနိုင်ဖို့ ကတော့ လက်ရှိ ဗမာပြည် အနေအထားအရ အမှန်ဆုံးက ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် သဘောထား အမြင် အပေါ်မှာ တန်းတူရည်တူနဲ့ လူမျိုးတိုင်း ကြီး ငယ် မရွေး၊ အခွင့်အရေး တူညီမှုနှင့် ဖွဲ့စည်းထားဖို့ လိုပါတယ်။ ဒီမိုကရေစီ သဘောအရ ပြောရမယ်ဆိုရင် လူမျိုးစုတွေအပေါ် ထားတဲ့ သဘောထားနှင့် အမျိုးသားရေး ပေါ်လစီကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ ဒီလို ဖြေရှင်းနိုင်ဖို့ကတော့ လက်ရှိ ဗမာပြည် အခြေအနေ အရ အမှန်ဆုံး ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် သဘောထား အမြင်အပေါ်မှာ တန်းတူ ရည်တူနဲ့ လူမျိုးတိုင်း ကြီး ငယ် မရွေး အခွင့် အရေးတူညီမှုနှင့် ဖွဲ့စည်းထားဖို့ လိုပါတယ်။ ဒီမိုကရေစီ ကျကျဖြစ်အောင် ဖွဲ့စည်း လုပ်ဆောင်သွား ရမယ်။ ဗကပ အနေနဲ့ တရုတ် ပြည် ပုံစံအတိုင်းဆိုရင် ဒါဟာ ကျနော်တို့ အခြေ အနေနဲ့ မကိုက်ညီဘူး။
ဒီတော့ ဗကပ အနေနဲ့ဆိုရင် ခု လက်ရှိ၊ ဗမာပြည် လက်နက်ကိုင် အဖွဲ့ အစည်းထဲမှာ အင်အား အကြီးဆုံးဖြစ်ပြီး နိုင်ငံတကာ ထောက်ခံ အားပေးမှုလည်း ရတယ်။ ရန်သူ အနေနဲ့လည်း ဗမာပြည်မှာရှိတဲ့ တပ်မတွေ ဖွဲ့စည်းထားတဲ့ နေရာ မှာဆိုရင် တပ်မ(၆၆)ဟာ မြောက်ပိုင်းမှာ ဗကပ နဲ့ ရင်ဆိုင် နေရတယ်။ ဒါကြောင့် ဗကပ အင်အားဟာ မနည်းဘူး။ ဒီ အင်အားဟာ ရန်သူကို အပြုတ်တိုက်နိုင်ပြီး ရန်ကုန်ကို သိမ်းနိုင်မယ်။ ရန်ကုန်ကို သိမ်းနိုင်မှလည်း ရန်သူကို အပြုတ်တိုက် နိုင်မယ်။ ဒီ အင်အားကြီးတဲ့ အဖွဲ့အစည်းဟာ အနည်းဆုံး လူမျိုးစုတွေနဲ့ ဒီမြေပေါ်မှာ နားလည်မှု စိုက်ထူပြီး လုပ်ဆောင်သွားဖို့ လိုတယ်လို့ ကျနော်မြင်တယ်။ ဒါ ကျနော့် ပုဂ္ဂိုလ်ရေးအရ အမြင် ဖြစ်တယ်။
ဒါကြောင့် ဗမာပြည်လက်နက်ကိုင် တော်လှန်ရေးအောင်ပွဲ ရရေး အတွက် ဆိုရင် အထူးသဖြင့် နိုင်ငံရေးအရ ဖက်ဒရယ်သစ် ဖွဲ့စည်းရေး အပေါ်မှာ ပြည် ထောင်စုအတွင်းရှိ လူမျိုးတိုင်း တန်းတူ အခွင့်အရေး ရဖို့ လိုတယ်။ တပ်ပေါင်းစုနဲ့ ပတ်သက်ပြီးတော့လည်း အလေးထားဖို့ လိုတယ်။ ကြိုးစားဖို့ လိုတယ်။ ကြိုးစားတဲ့ နေရာမှာ ကျနော်တို့မှာ ရှိတတ်တဲ့၊ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးနဲ့ မဟာ လူမျိုးကြီးဝါဒကို တိုက်ရမယ်။ တခါ တရံ မဟာ ဖြစ်ခဲ့တာတွေရှိတယ်။ နောက် မဟာကို တိုက်နေရင်းနဲ့ ကျဉ်းမြောင်းတာတွေ ဖြစ်သွားတယ်။ ဒီအစွန်းနှစ်ဘက်ကို ရှောင်ရှားပြီးတော့ မှန်မှန်ကန်ကန် လုပ်ဆာင်သွား နိုင်ဖို့ ကျနော်တို့ ကြိုးစားကြ ရမယ်။



Leave a comment