တနေ့တချိန်မှာ ကော်သူးလေနိုင်ငံ ထူထောင်နိုင်ရင် ကျွန်တော်တို့ ပြန်လာပြီး အတူတူ ထူထောင်ကြပါမယ်။

တိုင်းတစ်ပါးရောက် ကရင်လူငယ်တို့၏ အနာဂတ်နှင့် ဖြစ်တည်မှုကို ပုံဖော်ပေးနေသည့် CKYC နှင့် တွေ့ဆုံခြင်း

တိုင်းတစ်ပါးသို့ ရောက်ရှိနေသော်လည်း မိမိတို့၏ ကရင်မျိုးနွယ်စု ဖြစ်တည်မှုနှင့် ရိုးရာယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းရင်း လူငယ်များ၏ အနာဂတ်ကို မြေတောင်မြှောက်ပေးနေသည့် California Karen Youth Connection (CKYC) သည် ယခုဆိုလျှင် ၁၃ နှစ်တိုင် ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။ လက်ဖက်သုပ် ထိုင်စားရင်း စတင်ခဲ့သည့် အိပ်မက်ငယ်လေးမှသည် ယနေ့တွင် ကယ်လီဖိုးနီးယားရှိ ကရင်လူငယ်ပေါင်း ၆၀၀ ကျော်ကို အကျိုးပြုနိုင်ခဲ့သည့် အဖွဲ့အစည်းကြီးတစ်ခုအဖြစ် မည်သို့ ရုန်းကန် တည်ဆောက်ခဲ့ရသနည်း။

ယနေ့ Karen Vibes အစီအစဉ်တွင် CKYC ကို စတင်တည်ထောင်သူ နော်ဆဲမူး (Co-Founder & Former Board Chair) နှင့် မျိုးဆက်သစ် ခေါင်းဆောင်တစ်ဦးဖြစ်သူ စောခိုသလုထူး (President & CEO) တို့ကို ဖိတ်ခေါ်ပြီး သူတို့၏ ခက်ခဲကြမ်းတမ်းခဲ့သည့် အတိတ်နောက်ခံများ၊ အဖွဲ့အစည်း၏ စိန်ခေါ်မှုများနှင့် ကရင်လူငယ်တို့အတွက် ထားရှိသည့် ၂၀၃၀ မျှော်မှန်းချက်များကို ရင်းရင်းနှီးနှီး မေးမြန်း တင်ဆက်ပေးလိုက်ပါသည်။

နော်ဆဲမူး

နော်ဆဲမူး။  ။ကျွန်မတို့ကို ဒီလိုအခွင့်အရေးပေးတဲ့ Karen Vibes ကို ကျေးဇူးတင်ပါတယ်။ ကရင်လူမျိုးတွေအတွက် စဉ်းစားပြီး သတင်းတွေ၊ အကြောင်းအရာများကို တစုတစည်းတည်း တင်ဆက်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျွန်မနာမည်က နော်ဆဲမူး ဖြစ်ပါတယ်။ ကျွန်မဇာတိက ညောင်လေးပင်ခရိုင် (တပ်မဟာ-၃) ဖြစ်ပြီး ကျွန်မ (၈) နှစ်သမီးအရွယ်မှာ ဖြတ်လေးဖြတ်ကြောင့် ကျွန်မမိဘတွေက ကော်သူးလေးနယ်မြေ တပ်မဟာ (၇)၊ ကော်မူးရာဂိတ်မှာ လာရောက်ရွှေ့ပြောင်း နေထိုင်ခဲ့ကြတယ်။ အဲဒီနောက် စစ်အစိုးရက ကော်မူးရာဂိတ်ကို လာရောက်တိုက်ခိုက်လို့ ၁၉၈၄ ခုနှစ်မှာ နယ်စပ်ရှိ ခွေးကလုတ် ဒုက္ခသည်စခန်းမှာ ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။

ခွေးကလုတ် ဒုက္ခသည်စခန်းမှာပဲ (၁၀) တန်းအောင်မြင်ခဲ့ပြီး အင်္ဂလိပ်ဆရာနှင့် ဆရာစောကပီအမိုးတို့ကြောင့် English Speaking အနည်းငယ် သင်ယူခဲ့ရပါတယ်။ ကျန်းမာရေးနှင့် ကူညီကယ်ဆယ်ရေးဌာန ဦးဆောင်မှု၊ နိုင်ငံခြားဆရာများ သင်ကြားပေးမှုတို့ဖြင့် မာနယ်ပလောမှာ ကျန်းမာရေးသင်တန်း တက်ရောက်ခွင့်ရခဲ့တယ်။ သင်တန်းဆင်းပြီးနောက် မာနယ်ပလောကျဆုံးသည်အထိ အဲဒီမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်အကုန်မှာ မိဘတွေနဲ့ ပြန်နေတဲ့အချိန်မှာ မာနယ်ပလောနဲ့ ကော်မူးရာကို စစ်အစိုးရက သိမ်းပိုက်ခဲ့သောကြောင့် ရှေ့တန်းစစ်သည်တွေကို ကုသဖို့နှင့် တပ်မဟာ (၆) မှာ စစ်ဖြစ်လို့ ပြည်သူ့ကျန်းမာရေးဌာနမှာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ဘဝအာမခံချက်အတွက် အခက်အခဲကြားကနေ Capacity Building (Woman Empowerment) သင်တန်းကို ထိုင်းနိုင်ငံမှာတက်ရောက်ပြီး နယ်စပ်ပညာရေးဌာနမှာ Post Ten (သို့မဟုတ် Post Ten အလုပ်) ဝင်လုပ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ အမေရိကန်ကို ရောက်ရှိခဲ့ပြီး CKYC ကို ၂၀၁၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။

ခူသလုထူး

ခူသလုထူး ။  ။ကျွန်တော့်နာမည်က ခူသလုထူး ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်၊ ကထူးခီးမှာ မွေးဖွားပါတယ်။ ကထူးခီးမှာ အသက် ၄ နှစ်အထိနေထိုင်ပြီး စစ်တပ်စစ်ကြောင်းထိုးချိန်မှာ ကျွန်တော်တို့ရွာကို မီးရှို့ခဲ့လို့ ကျွန်တော့်မိဘတွေက ဆလိုင်ဒုက္ခသည်စခန်းမှာ ၆ လ နေထိုင်ခဲ့ပြီး မယ်လအူးစခန်းကို ရွှေ့ပြောင်းခဲ့ပါတယ်။ ကျွန်တော့်အဖေက အသင်းအုပ်ဆရာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်ကို သွားဖို့ အခွင့်အရေးရခဲ့တယ်။ သူငယ်ချင်းတွေက ကနေဒါကို သွားကြတော့ သူတို့နောက် လိုက်ချင်ပေမဲ့ ကနေဒါက လာမခေါ်ဘဲ အမေရိကန်က လာခေါ်တော့ အမေရိကန်ကို သွားခဲ့ရပါတယ်။ လက်ရှိ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ နေထိုင်ပါတယ်။ အမေရိကန်ကို ရောက်တုန်းက ၁၃ နှစ်အရွယ် အလယ်တန်းကျောင်း (၈) တန်းကနေ အထက်တန်းအထိ ၄ နှစ် တက်ခဲ့ပြီး ကယ်လီဖိုးနီးယား ဒေးဗစ် (UC Davis) မှာ တက္ကသိုလ် တက်ခဲ့ပါတယ်။ Human Rights နှင့် Political Science မေဂျာ ယူခဲ့ပါတယ်။ ကျွန်တော်က Political Science ကို စိတ်ဝင်စားသလို Community အတွက် လုပ်ဆောင်ပေးရတာကိုလည်း စိတ်အားထက်သန်ပါတယ်။ ကျောင်းပြီးချိန်မှာ CKYC ကရင်အဖွဲ့အစည်းမှာ ဝင်ရောက်လုပ်ကိုင်ပါတယ်။

Karen Vibes မေးခွန်း(၁) : CKYC ဟာ (၁၃) နှစ်တိုင်တိုင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အဖွဲ့အစည်း စတင်တည်ထောင်စဉ်က မူလရည်မှန်းချက်က ဘာလဲ၊ ပြီးတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အဲဒီရည်မှန်းချက်တွေက ဘယ်လိုမျိုး ပြောင်းလဲတိုးတက်လာခဲ့သလဲ။

 CKYC ကို အဖွဲ့အစည်း သေးသေးလေးကနေ စတင်တည်ထောင်ခဲ့ပေမဲ့ လူတွေကို အများကြီး အကျိုးပြုနိုင်ခဲ့ပါတယ်။ ဒါကလည်း အဖွဲ့ဝင်တွေရဲ့ စိတ်အားထက်သန်မှုကြောင့်ပါ။ ဘာလို့ ဒီလူငယ်အဖွဲ့အစည်းကို ဖွဲ့စည်းရတာလဲဆိုရင် ကျွန်မတို့ တိုင်းတစ်ပါးကို ရောက်တဲ့ ပထမနှစ်မှာ ကိုယ့်မွေးရပ်မြေကို သတိရလို့ အချိန်အတိုင်းအတာတစ်ခုပဲ နေပြီးရင် ပြန်မယ်လို့ စိတ်ကူးရှိခဲ့တယ်။ ကိုယ့်မွေးရပ်မြေကို အရမ်းလွမ်းတယ်။ ဒုတိယနှစ်မှာ အလုပ်လုပ်တော့ အလုပ်နဲ့ လုံးပန်းရင်း နည်းနည်း မေ့သွားတယ်။ တတိယနှစ်လည်း ရောက်ရော အိမ်တွေ၊ ကားတွေ ဝယ်လာတော့ အဲဒီမှာပဲ အာရုံစိုက်မိပြီး မေ့သွားရော။ အဲဒါကြောင့်မို့ ဒီလိုအဖွဲ့အစည်းမဖွဲ့ရင် တိုင်းတစ်ပါးကို ရောက်လာတဲ့ လူငယ်တွေဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုနဲ့ ရိုးရာယဉ်ကျေးမှုကို မေ့သွားမှာစိုးလို့ပါ။ အဲဒါကြောင့်မို့ ကိုယ့်လူမျိုးအတွက် စိတ်အားထက်သန်တဲ့ လူငယ်တွေကို ရှာပြီး အဖွဲ့အစည်း ထူထောင်ဖို့ လက်ဖက်သုပ် ထိုင်စားရင်း တွေ့ဆုံတိုင်ပင် ဆွေးနွေးကြတယ်။

၂၀၁၃ ခုနှစ် ဧပြီမှာ တစ်ဖန်တွေ့ဆုံပြီး အဖွဲ့အစည်းအမည်ကို ဘယ်လိုခေါ်မလဲ၊ ဘယ်လိုရည်ရွယ်ချက် ထားမလဲ၊ ကွန်ကရက်ကို ဘယ်တော့ စတင်ခေါ်မလဲ ဆိုတာကို တစ်နေ့လုံး ဆွေးနွေးတိုင်ပင်ပြီး ၂၀၁၄ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့မှာ ဆုံးဖြတ်ချက် ချမှတ်တယ်။ ကွန်ကရက်အစည်းအဝေးမှာ လူငယ်တွေ အများကြီး တက်မယ်လို့ မထင်ထားပေမဲ့ ကယ်လီဖိုးနီးယားပြည်နယ်က လူငယ်အယောက် ၆၀ တက်ရောက်ခဲ့တယ်။ ပထမ ရည်ရွယ်ချက်တွေကို ရိုးရိုးလေးပဲ ထားခဲ့ပါတယ် –
(၁) တိုင်းတစ်ပါးကို ရောက်လာတဲ့ လူငယ်တွေ ဘယ်နေရာရောက်ရောက် ပူးပေါင်းပြီး ကိုယ့်လူမျိုးကို ဖော်ပြနိုင်အောင်။
(၂) ကိုယ့်လူမျိုးဖြစ်တည်မှုနှင့် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်အောင်။
(၃) လူငယ်များကို အရည်အချင်း ပြည့်ဝလာစေရန်။

ကျွန်မတို့ရဲ့ ဇစ်မြစ်တွေ၊ ဘယ်ကလာသလဲ၊ ဘယ်လိုလူမျိုးလဲဆိုတာ သိအောင်၊ ကျွန်မတို့လူမျိုး ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကို သိအောင် ပူးပေါင်းဆောင်ရွက်ခြင်းက ကျွန်မတို့ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းက လက်ဖက်သုပ်စားရင်း စခဲ့တဲ့ CKYF အဖွဲ့အစည်း လူကြီးတွေရဲ့ အိပ်မက်ကို အခုလူငယ်တွေက အကောင်အထည်ဖော် ပေးခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ စခဲ့တဲ့အလုပ်က အောင်မြင်မှု အများကြီးကို ဖြည်းဖြည်းချင်း ဖော်ဆောင်ပေးနိုင်ခဲ့တာကို မြင်ကြမယ်လို့ ယုံကြည်တယ်။ ၂၀၂၁ ခုနှစ်မှာ အဖွဲ့အစည်းကို အင်္ဂါရပ် ပြည့်စုံအောင် ပြန်လည်ဖွဲ့စည်းဖို့အတွက် အစည်းအဝေး လုပ်ကြပါတယ်။ ၂၀၂၃ ခုနှစ်မှာ CKYC အဖြစ် အလုပ်အမှုဆောင် ကော်မတီ၊ ဝန်ထမ်း၊ ညွှန်ကြားရေးမှူးများနှင့် အဖွဲ့အစည်းရဲ့ Strategic Plan ကို ၅ နှစ်တစ်ကြိမ် ပြုလုပ်ပြီး အဖွဲ့အစည်းကိုလည်း အင်္ဂါရပ်နှင့်အညီ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။ CKYC မှာ အလုပ်လုပ်နေသူများသည် စေတနာဝန်ထမ်း သက်သက်သာ ဖြစ်ပါတယ်။ အလုပ်တစ်ခုခု လုပ်မယ်၊ နေရာငှားရမယ်ဆိုရင် အလှူငွေ ကောက်ခံပြီး လုပ်ရပါတယ်။

၁၃ နှစ် ခရီးလမ်းမှာ ပြောင်းလဲမှုက အများကြီး ရှိပါတယ်။ ၂၀၁၄ ခုနှစ်ကနေ အခုချိန်ထိ ရပ်တည်နေနိုင်တဲ့အတွက် ဝန်ထမ်းတွေနဲ့ ပါဝင်လုပ်ဆောင်ကြသူ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။ CKYC က ကယ်လီဖိုးနီးယားပြည်နယ်မှာ လူငယ် ၆၀၀ ကို မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်။ အဖွဲ့အစည်းတစ်ခု ထူထောင်လိုက်ပြီဖြစ်တဲ့အတွက် နောက်ဆက်တွဲ လူငယ်၊ လူကြီးတွေကို Provide ပေးမယ့် Program တစ်ခုကို စလုပ်တယ်။ Program တွေ အများကြီးလည်း လုပ်တယ်။ အကျိုးပြုလုပ်ငန်းတွေ လုပ်လာတာလည်း ကြာပြီဖြစ်တဲ့အတွက် နောက်ပိုင်းမှာ Proposal ရေးတင်ပြီး အကူအညီတွေ ရလာပါတယ်။ ၁၃ နှစ် ခရီးလမ်းမှာ စိန်ခေါ်မှုတွေ အများကြီးရှိသလို အောင်မြင်မှုတွေ အများကြီးလည်း ရှိတယ်လို့ ပြောလို့ရပါတယ်။

စိန်ခေါ်မှုထဲက တစ်ခုကတော့ CKYC တင်တဲ့ Proposal ၆၄ ခုလုံးကို CKYC အဖွဲ့အစည်းမှာ ရုံးလည်းမရှိဘူး၊ ဝန်ထမ်းလည်းမများဘူး၊ အင်္ဂါရပ် မပြည့်စုံဘူးဆိုပြီး ပယ်ချခြင်း ခံရတာပါ။ အဲဒီအချိန်တုန်းက အရမ်းကို ဝမ်းနည်းကြေကွဲရတယ်၊ ဒါပေမဲ့ အဲဒီလို ပယ်ချခံရမှုကြောင့် ကိုယ့်အဖွဲ့အစည်းကို ဘယ်လို Improve လုပ်ရမလဲ၊ ဘာတွေလိုအပ်နေတယ်၊ ဘာကို Focus ရမလဲဆိုတာ သိခဲ့ပြီး ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းကို လမ်းညွှန်ပေးဖို့ Strategic Plan ကောင်းကောင်း ချနိုင်ခဲ့တယ်။ ကျွန်တော်တို့ CKYC အဖွဲ့အစည်းက အင်္ဂါရပ် အပြည့်အစုံနဲ့ အခုထိ ရပ်တည်နိုင်ခဲ့ပါတယ်။ ကျွန်တော့်မျှော်မှန်းချက်က နောင်တွင် ကရင်လူထုသာမက အခြားသော တိုင်းရင်းသားများကိုလည်း မြေတောင်မြှောက်ပေးဖို့ ရှိပါတယ်။

Karen Vibes မေးခွန်း(၂) : မကြာသေးခင်က ကျင်းပခဲ့တဲ့ (၁၃) နှစ်ပြည့် အခမ်းအနားရဲ့ ထူးခြားတဲ့ အပိုင်းလေးတွေကို ဝေမျှပေးနိုင်မလား။ အခမ်းအနားရဲ့ အငွေ့အသက်က ဘယ်လိုရှိသလဲ၊ တက်ရောက်လာသူတွေအတွက် အမှတ်တရ အဖြစ်ဆုံး အခိုက်အတန့်တွေက ဘာတွေဖြစ်မလဲ။

 CKYC ၁၃ နှစ်ခရီး ရောက်လာဖို့ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်။ ကယ်လီဖိုးနီးယားပြည်နယ်မှာ နယ်စပ်ကလာတဲ့ ကရင်တွေက နည်းပါးပြီး ပြည်တွင်းက ကရင်တွေက ပိုများတယ်။ ကယ်လီဖိုးနီးယားမှာ အချိန်အကြာကြီး နေခဲ့တဲ့ ကရင်လူမျိုးတွေလည်း ရှိတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းကို နားလည်ဖို့ အတော်ခက်ပါတယ်။ အဖွဲ့အစည်းကို ကိုယ့်လူမျိုးရဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခနဲ့ စိတ်အားထက်သန်မှုတွေကို အခြေခံပြီး ထူထောင်ခဲ့တာ ဖြစ်ပေမဲ့ လာတဲ့ Background တွေက မတူကြဘူး။ အသစ်ဖန်တီးတာဆိုရင် သူများက “ဒါဘာလဲ၊ ဘယ်လဲ” စတဲ့ မေးခွန်းတွေ မေးစရာ ဖြစ်လာတယ်။ ဒါပေမဲ့ ကိုယ့်ယဉ်ကျေးမှုအလုပ်တွေ စမလုပ်ခဲ့ဘူးဆိုရင် တိုင်းတစ်ပါးရောက် ကိုယ့်လူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာတွေ မေ့ပျောက်ကုန်မှာ သေချာပါတယ်။

နည်းနည်း စလုပ်တော့ နည်းနည်း ပေါ်လာတယ်။ များများ လုပ်တော့ များများ ရုပ်ပေါ်လာတာပါပဲ။ ဘာထောက်ပံ့ ကူညီမှုတစ်ခုမှ မရခဲ့ဘဲ ကိုယ့်အဖွဲ့အစည်းအကြောင်း နားလည်ဖို့ ခက်ပေမဲ့လည်း ဒီနှစ်မှာ ဒီမြို့၊ နောက်နှစ်မှာ နောက်တစ်မြို့ ပြောင်းရွှေ့ပြီး မြို့တစ်မြို့နှင့်တစ်မြို့ရှိ ကရင်လူမျိုးများ၏ ကွဲပြားမှု၊ မြို့များ၏ မတူညီတဲ့ အလှအပကို မြင်နိုင်သိနိုင်စေရန် အသိအမြင် ဖလှယ်ခြင်းဖြင့် ၄ နှစ်တာ လှည့်ပတ်ဆောင်ရွက်ခဲ့တယ်။ ၅ နှစ်၊ ၆ နှစ်မြောက်မှာလည်း လှည့်ပတ် ဆောင်ရွက်နေတုန်းပါ။ ၇ နှစ်မြောက်မှာ COVID-19 ကာလကြောင့် လူငယ်မပြောနဲ့ လူချင်းတွေ့ဆုံ ဆွေးနွေးဖို့တောင် မရလို့ လူကြီးတွေတောင် စိတ်ဓာတ်ကျပါတယ်။ လူချင်းတွေ့ပြီး ဆွေးနွေးမျှဝေတာတောင် လူတိုင်းက နားမပေါက်ကြဘူး။ ဒါပေမဲ့ စိတ်အားထက်သန်မှုကြောင့် Zoom နဲ့ ဆက်ပြီး တွေ့ဆုံတဲ့အခါမှာ လူတွေအများကြီး တက်ရောက်ကြတယ်။ ၈ နှစ်မြောက်မှာ လူငယ်တွေ လွတ်လွတ်လပ်လပ်နဲ့ သဘာဝအလှကို ခံစားနိုင်စေဖို့ အသစ်အဆန်းဖြစ်အောင် Camp မှာ လုပ်ပြီး တွေ့ဆုံတယ်။ တစ်ဆင့်ချင်းစီ ပြန်ကြည့်ရင် တကယ်လို့ စိတ်ဓာတ်ကြံ့ခိုင်မှု မရှိရင် အရမ်းကို ခက်ခဲတဲ့ အလုပ်ဖြစ်ပါတယ်။

အောင်မြင်မှုတစ်ခုကတော့ ဖိတ်ကြားခံရတဲ့ အလုပ်တာဝန်ယူကြမယ့် လူငယ်တွေနဲ့ အဆင့်မြင့်ကျောင်းဆင်း လူငယ်တွေက ပေးအပ်တဲ့ တာဝန်ကို မငြင်းဘဲ ပူးပေါင်းပါဝင် လာခြင်းဟာ ဝမ်းမြောက်စရာ ဖြစ်ပါတယ်။ လူငယ်တွေ မှန်မှန်လာလုပ်မယ်လို့ မတွေးမိခဲ့ပေမဲ့ လူငယ်တွေက တစ်မြို့နဲ့တစ်မြို့ ချိတ်ဆက်ကြပြီး ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်မြို့မှာ ဘယ်လို အစီအစဉ် လုပ်မယ်ဆိုတာ ချိတ်ဆက်လာကြတယ်။ ကျွန်မတို့ မိဘတွေ အရမ်းဝမ်းသာ ပီတိဖြစ်ရတယ်။ ကျွန်မတို့က ငြိမ်းချမ်းမှုနဲ့ လွတ်လပ်ခွင့်ကို ငတ်မွတ်ခဲ့ကြပေမဲ့ အခုလို နိုင်ငံကြီးမှာ လွတ်လပ်မှုအပြည့်နဲ့ ပြန်လည်တွေ့ဆုံခွင့် ရတော့ ကရင်ယဉ်ကျေးမှုအတိုင်း မိသားစုအကြောင်းတွေလည်း မေးမြန်းဖြစ်ကြပါတယ်။

ကျွန်တော်တို့ အဖွဲ့အစည်းက နှစ်ပတ်လည် အခမ်းအနားကို နှစ်တိုင်း ပြုလုပ်တယ်။ ဒါက အဖွဲ့အစည်းရဲ့ တိုးတက်မှုနဲ့ တည်တံ့ခိုင်မြဲမှုကို ပြသခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၁၃ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကို ၂ နေရာခွဲပြီး ဧပြီလထဲမှာပဲ ကျင်းပခဲ့ပါတယ်။ ဘာလို့ ၂ နေရာ ကျင်းပရသလဲဆိုတော့ တစ်နေရာတည်းဆိုရင် လူအစုံ မတက်နိုင်တာကြောင့်ပါ။ ဒီနှစ် နှစ်ပတ်လည်နေ့မှာ Special Program ထည့်ထားတယ်။ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေဟာ ဒီ Special Program မှာ တက်ရောက်အားပေးစကား ပြောကြားရင်း Community ကို ပိုပြီး နားလည်အောင်နဲ့ အချင်းချင်း မိဿဟာရ ဖွဲ့ကြပါတယ်။ Youth Panel နှင့် Adult Panel ကိုလည်း အခမ်းအနားမှာ ထည့်သွင်းထားပါတယ်။ Community မရှိရင် အဖွဲ့အစည်းက ဘယ်သူ့ကို သွားပြီး ပံ့ပိုးပေးမလဲ။ အဲဒါကြောင့် အဖွဲ့အစည်း ခေါင်းဆောင်များသည် Community ကို ထိရောက်အောင် ပံ့ပိုးနိုင်ဖို့၊ Community က ပြောပြဖို့ အခွင့်အရေး နည်းတဲ့အတွက် ဒီအစီအစဉ်ကို ထည့်ပေးရခြင်း ဖြစ်ပါတယ်။ အဲဒီမှာ လူငယ်တွေ၊ လူကြီးတွေရဲ့ အမြင်တွေကို ကြားရတဲ့အခါ အဖွဲ့အစည်းက ဘာတွေ ဆက်လုပ်ဖို့ လိုသေးလဲ၊ ဘယ်လို တိုးတက်အောင် လုပ်ဖို့လိုလဲ ဆိုတာ သိရှိခဲ့ရတယ်။ ဒီလို မျှဝေတဲ့ အစီအစဉ်က အစီအစဉ်အသစ် ဖြစ်ပါတယ်။ နောက်လာမယ့် နှစ်တွေမှာလည်း ဒီထက်ကောင်းအောင် လုပ်ဆောင်သွားမှာပါ။

Karen Vibes မေးခွန်း(၃) : လွန်ခဲ့တဲ့ (၁၃) နှစ်အတွင်းမှာ CKYC ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြတဲ့ ကရင်လူငယ်တွေရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေ ဒါမှမဟုတ် စံပြဖြစ်စရာ အောင်မြင်မှုဇာတ်လမ်းတွေက ဘာတွေရှိမလဲ။

CKYC က မြေတောင်မြှောက်ပေးတဲ့ လူငယ်အဖွဲ့ကို ၂ ဖွဲ့ ခွဲထားပါတယ်။


(၁) အဖွဲ့က ကိုယ်ယဉ်ကျေးမှု၊ ရိုးရာထုံးတမ်းစဉ်လာနှင့် ပေါင်းသင်းဆက်ဆံရေး အားနည်းတဲ့သူ၊ အမေရိကန်မှာနေတဲ့ (သို့မဟုတ်) အမေရိကန်ကို ရောက်လာတဲ့ လူငယ်များ။
(၂) အဖွဲ့က အမေရိကန်ကို ရောက်ရှိပြီး ကျောင်းတက်နေတဲ့ ကရင်စကားပြော တတ်သော လူငယ်များ ဖြစ်ပါတယ်။

CKYC က လူငယ်တွေကို မြေတောင်မြှောက်ပေးတယ်။ ကျောင်းပြီးသွားတဲ့ လူငယ်တွေဟာ CKYC မှာ အလုပ်ပြန်ဝင်လုပ်ကြတယ်။ ၂၀၁၉ ခုနှစ်မှာ ဆရာမဆဲမူးက ကျွန်တော့်ကို ဖုန်းခေါ်ပြီး လူငယ်ကွန်ကရက် တက်ရောက်စကားပြောဖို့ ဖိတ်ခေါ်တယ်။ ပြီးတော့ အဖွဲ့အစည်းကို အင်္ဂါရပ် အပြည့်အစုံနဲ့ ပြန်လည်ဖွဲ့စည်းချင်တဲ့အတွက် ကျွန်တော့်ကို ပါဝင်အကောင်အထည်ဖော်ဖို့ ကမ်းလှမ်းတယ်။ CKYC ကမ်းလှမ်းမှုကြောင့် တက္ကသိုလ်ကျောင်းဆင်း လူငယ်အများအပြား CKYC မှာ ပါဝင်လုပ်ဆောင်ရတဲ့ အခွင့်အရေး ရခဲ့တယ်။ ကျောင်းပြီးတဲ့ လူငယ်တွေဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ်ကျိုးအတွက်ဆိုရင် အလုပ်မရှားပါဘူး။ ဒါပေမဲ့ ကယ်လီဖိုးနီးယားမှာ ကရင်အဖွဲ့အစည်း ၂ ခုပဲ ရှိတာကြောင့် ကျောင်းပြီးသွားတဲ့ လူငယ်တွေကို ကျွန်တော်တို့က ဘယ်လို အားပေးလဲဆိုတော့ “မင်းတို့က ကျောင်းပြီး ပညာတတ် လူငယ်ဖြစ်တဲ့အတွက် အလုပ်လုပ်တဲ့အခါ ကိုယ့်အကျိုးထက် အမေရိကန်ရောက် ကရင်လူငယ်တွေ၊ အမေရိကန်မှာ မွေးဖွားလာတဲ့ ကရင်မျိုးဆက်သစ်လေးတွေကို မြေတောင်မြှောက်ပေးဖို့၊ ကရင်လူမျိုးရဲ့ သမိုင်း၊ ရိုးရာယဉ်ကျေးမှု၊ ကျော်ဖြတ်ခဲ့ရတဲ့ ဒုက္ခတွေကို သိဖို့ မင်းတို့မှာ တာဝန်ရှိတယ်” လို့ အားပေးပြောဆိုပါတယ်။ အဲဒါကြောင့် မင်းတို့ပဲ ဒီအလုပ်ကို ဆက်လက် ဦးဆောင်လမ်းပြဖို့ လိုကြောင်း ပြောပါတယ်။ လူငယ်တွေကလည်း ဒီအဖွဲ့အစည်းမှာ ပါဝင်ဆောင်ရွက်လာကြတယ်။

လူငယ်တွေက ခေါင်းဆောင်ပိုင်းတင်မကဘဲ လိုအပ်တဲ့နေရာမှာ ကျရာတာဝန် ထမ်းဆောင်ကြတယ်။ အမေရိကန်ရောက် လူငယ်နဲ့ အမေရိကန်မှာ မွေးတဲ့ လူငယ်တွေဟာ သူတို့ရဲ့ ဘာသာစကားကို လေ့လာဖို့ အချိန်မရှိသလို၊ သူတို့ကို သင်ပေးဖို့ အဖွဲ့အစည်းလည်း မရှိဘူး။ ဒါကြောင့် CKYC က ဘာသာစကား သင်ပေးတဲ့အတန်းကို တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ ဖွင့်လှစ်တယ်။ လူတိုင်းကိုလည်း တက်ရောက်ဖို့ ဖိတ်ခေါ်တယ်။ ကျောင်းပြီးသွားရင် အကပိုင်း ဖြစ်ဖြစ်၊ ကရင်စာ ဖြစ်ဖြစ်၊ အသိပညာပေးတဲ့ အပိုင်းဖြစ်ဖြစ် ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ CKYC မြေတောင်မြှောက်ပေးတဲ့ လူငယ် ၉၀% သည် အထက်တန်းကျောင်းကို ကောင်းကောင်းမွန်မွန် အောင်မြင်ကြပါတယ်။ ကောလိပ်ကျောင်းဆင်းပြီး Master/Professional Degree ရရှိသော လူငယ်က ၈၀% ရှိပါတယ်။ ကျွန်တော် ဂုဏ်ယူမိတာက CKYC ဟာ လူငယ်တွေရဲ့ အခွင့်အရေး၊ အဆက်အသွယ်နဲ့ အရင်းအမြစ် ဖြစ်ပါတယ်။ ပညာသင်နိုင်ဖို့၊ Community မှာ အလုပ်လုပ်နိုင်ဖို့ လုပ်ပေးနိုင်တယ်။ ၁၃ နှစ်တာမှာ လူငယ်တွေဟာ ၁၀၀% အောင်မြင်မှု မရှိရင်တောင် ၉၀% က အောင်မြင်ခဲ့တာဟာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုပါပဲ။

ကယ်လီဖိုးနီးယားပြည်နယ်မှာ ကရင်လူမျိုးအရေး လုပ်ဆောင်တဲ့ အဖွဲ့အစည်း မရှိပါဘူး။ အထက်တန်း/ကောလိပ် ကျောင်းအောင်မြင်ဖို့ ကျောင်း၊ မိဘ၊ ကျောင်းသားနဲ့ Community မှာ တာဝန်ရှိပါတယ်။ အရင်က လူငယ်တွေဟာ မိဘတွေရဲ့ တိုက်တွန်းမှုကြောင့် ကွန်ကရက် လာတက်ကြပေမဲ့ အခုတော့ သူတို့ဘာသာ လာတက်ကြတယ်။ သူတို့ လက်ရှိနေတဲ့ နိုင်ငံရဲ့ ဥပဒေ၊ စည်းကမ်းကို နားလည်သလို သူတို့လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှု၊ ဖြတ်သန်းခဲ့ရတဲ့ ဒုက္ခနဲ့ ကရင်လူမျိုးရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို လိုက်လံစူးစမ်း ရှာဖွေကြတယ်။ ကျွန်မတို့ ဒီကရင်လူမျိုး ပေါင်းသင်းဆက်ဆံရေး အဖွဲ့အစည်းကို မဖွဲ့ခဲ့ရင် ဒီကိုရောက်နေတဲ့ လူငယ်တွေဟာ “ကရင်” ဆိုတဲ့ စကားရပ်ကို ကြာရင် မေ့သွားကြမှာပါ။

Karen Vibes မေးခွန်း(၄) : ကယ်လီဖိုးနီးယားမှာရှိတဲ့ ကရင်မျိုးဆက်သစ်လူငယ်တွေအနေနဲ့ တခြားနိုင်ငံမှာ နေထိုင်နေရပေမယ့် မိမိတို့ရဲ့ ဇစ်မြစ်၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုလက္ခဏာတွေကို ဆုပ်ကိုင်ထားနိုင်အောင် CKYC က ဘယ်လိုမျိုး ကူညီပေးနေပါသလဲ။

ကရင်လူမျိုးမှာ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ၊ ရိုးရာ၊ ကိုးကွယ်ယုံကြည်မှု၊ အလံ၊ သမိုင်းကြောင်းနဲ့ ဝတ်စုံ ရှိတဲ့အတွက် အရွယ်တစ်ခု ရောက်လာရင် Community၊ အဖွဲ့အစည်း၊ နိုင်ငံနဲ့ ပတ်သက်ဆက်နွယ် လာရတယ်။ တိုင်းတစ်ပါးရောက် လူငယ်တွေ သူတို့လူမျိုးရဲ့ ဖြစ်တည်မှုအကြောင်း သိဖို့ အဖွဲ့အစည်းနဲ့ Community တွေမှာ တာဝန်ရှိပါတယ်။ CKYC က အမေရိကန်မှာ မွေးတဲ့ ကလေးတွေဟာ ကျောင်းမှာလည်း အင်္ဂလိပ်လို ပြောတယ်။ အိမ်ပြန်လာတော့လည်း မိဘက ကရင်လို ပြောပေမဲ့ သူတို့ နားမလည်ဘူး။ ဘုရားကျောင်းမှာလည်း အင်္ဂလိပ်လိုပဲ ပြောတော့ ကရင်လို မပြောတတ်ကြဘူး။ အမေရိကန်ကို ရောက်လာတဲ့ လူငယ်တွေကတော့ ကရင်လို ပြောတတ်တယ်။ ဒါပေမဲ့ အင်္ဂလိပ်စာ သင်တဲ့အခါ ကြာလာတော့ ကရင်လို ရေးတာ အားနည်းလာတယ်။ နားလည်ပေမဲ့ ဘာသာပြန်ပြောတဲ့အခါ မချောမွေ့တော့ဘူး။ (ခေါင်းဆောင်၊ လူကြီး၊ မိဘ) တချို့က လူငယ်တွေ ကရင်စကား မပြောတတ်ရင် “ကရင်ဖြစ်ပြီး ဘာလို့ ကရင်လို မတတ်တာလဲ” လို့ ပြောကြတယ်။ ဒါပေမဲ့ သူတို့ကို ပြောတတ်၊ ရေးတတ်ဖို့ လုပ်ပေးတာမျိုး မရှိဘူး။

အဲဒါကြောင့် CKYC က လူငယ်တွေကို ကရင်လို ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်အောင် KBC USA နှင့် ပူးပေါင်းကာ Curriculum ထုတ်ပြီး ကရင်စာ သင်ကြားပေးတဲ့ Program ကို Level-1, Level-2, Beginning ဆိုပြီး ဖွင့်လှစ်ထားပါတယ်။ လူငယ်တွေ ကရင်လူမျိုးရဲ့ အကတွေကို သိဖို့၊ ကတတ်ဖို့၊ အကရဲ့ အဓိပ္ပာယ်ကို သိဖို့၊ ဖားစည်နဲ့ ကျွဲချိုရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့ သင်ကြားပေးပါတယ်။ အကပိုင်းမှာ Karen Dance Class ဖွင့်လှစ်ထားသလို ကျွန်မတို့ရဲ့ အာဇာနည်များ အကြောင်း သိဖို့ Education Workshop ကို Capital မှာ နှစ်တိုင်း ပြုလုပ်ပါတယ်။ ကရင်လူမျိုးရဲ့ နေ့ထူးနေ့မြတ်၊ ဥပမာ နှစ်သစ်ကူးနေ့မှာ ကရင်လူမျိုးများ လာရောက်စားသောက်ကြ၊ အချင်းချင်း ရင်းနှီးစွာ ထိတွေ့ကြ၊ ကိုယ့်ယဉ်ကျေးမှုကို ဖော်ပြကြပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကူးနေ့ကို ဆင်နွှဲကြပါတယ်။ သီဆိုကခုန်ခြင်းများလည်း ပြုလုပ်တယ်။ ကျွန်တော်တို့ ကွန်ကရက် ပြုလုပ်ပြီး ကရင်လူမျိုး သမိုင်းကြောင်းနဲ့ အဖွဲ့အစည်း လုပ်ဆောင်မှုတွေကို ပြောပြဖို့ Special Guest တွေ ဖိတ်ခေါ်လျက် ရှိပါတယ်။ နောက်ထပ် ကရင်လူမျိုးများရဲ့ ရက်ကန်း၊ ချည်ထိုး၊ အပ်ချုပ် စတဲ့ ပညာရပ်တွေကိုလည်း သင်ပေးဖို့ အစီအစဉ် ရှိပါတယ်။ တိုင်းတစ်ပါးရောက် ကရင်လူမျိုးတွေ ဒါတွေ မတတ်ကြတော့ဘူး။ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းတဲ့အနေနဲ့ ခရစ်ယာန်ဆိုရင် ဥပုဒ်နေ့မှာ သင်တိုင်းဝတ်ဖို့၊ တခြားဘာသာဝင်တွေကိုလည်း သူတို့ရဲ့ နေ့ထူးနေ့မြတ်မှာ သင်တိုင်းဝတ်ဖို့၊ အချင်းချင်းတွေ့ရင် ကရင်လို အတတ်နိုင်ဆုံး ပြောဖို့ ပြောပြထားပါတယ်။

Karen Vibes မေးခွန်း(၅) : လက်ရှိ အမေရိကန်မှာရှိတဲ့ ကရင်လူငယ်တွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုတွေက ဘာတွေလဲ၊ အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ CKYC က ဘယ်လိုတွေ ကူညီလုပ်ဆောင်ပေးနေပါသလဲ။

အမေရိကန်ကို ရောက်လာတဲ့ ကရင်လူမျိုးတွေကို “ဘာလို့ ဒီကိုလာလဲ” လို့ မေးရင် “ကိုယ့်ကလေး အနာဂတ်အတွက်” လို့ ဖြေကြတယ်။ တကယ်တမ်း ဒီကိုရောက်တော့ မိဘတွေက စားဝတ်နေရေးအတွက် အလုပ်လုပ်နေရလို့ ကလေးနဲ့ အလှမ်းဝေးလာတယ်။ အချိန်မပေးနိုင်၊ ဂရုမစိုက်နိုင်တော့ဘူး။ အဲဒါကြောင့် ကယ်လီဖိုးနီးယားမှာ မိဘနဲ့ ကလေး ပိုပြီး ရင်းနှီးလာအောင် လုပ်ပေးတဲ့ အဖွဲ့အစည်းတစ်ခု ရှိဖို့ လိုပါတယ်။ လူငယ်တွေကြားမှာ တွေ့ရတာတစ်ခုကတော့ လူငယ်တွေ အလုပ်လုပ်ရင် ပိုက်ဆံရတော့ စာမသင်ချင်ကြဘူး။ မိဘတွေကလည်း လိုအပ်ချက်ကို အကုန်မပံ့ပိုးနိုင်တော့ ပိုက်ဆံပဲ ရှာချင်ကြတယ်။ CKYC က မိဘနဲ့ ကလေး ကွန်ကရက် တက်လာရင် သူတို့အချင်းချင်း လိုအပ်ချက်တွေကို ထုတ်ဖော်ပြောစေပြီး ညှိနှိုင်းစေပါတယ်။ လူငယ်တွေကို စာသင်ချင်စိတ် ရှိအောင် အားပေးတယ်၊ လူကြီးတွေရဲ့ မိန့်ခွန်းတွေကို နားထောင်ခိုင်းတယ်။ ဝင်ငွေနည်းတဲ့သူတွေ ပညာသင်နိုင်ဖို့ Scholarship တွေ ကြိုးစားရှာပေးတယ်။

လူငယ်လေးတွေက အထက်တန်းပြီးရင် အလုပ်လုပ်ကြပေမဲ့ ကျွန်တော်တို့က လူငယ်တွေကို ဘွဲ့ရစေချင်တယ်၊ ဖြစ်နိုင်ရင် Ph.D. အထိ ရစေချင်တယ်။ ပြီးတော့ Community ထဲမှာ အလုပ်လုပ်စေချင်တယ်။ ပညာမရှိရင် မျက်နှာငယ်ရကြောင်း၊ အရင်က ကျွန်တော်တို့ မိဘတွေ ပညာမတတ်ဘဲ အလုပ်လုပ်ခဲ့ရတဲ့ ဒုက္ခကို ပြန်မြင်တတ်အောင် ပြောပြပါတယ်။ လူငယ်တချို့က အနာဂတ်အတွက် ဘာဆက်လုပ်ရမလဲ မသိကြဘူး။ အလုပ်လုပ်လို့ ငွေရရင် အိမ်လခ၊ မီးဖိုး၊ ရေဖိုး ပေးရင်း ကျောင်းမဆက်ဖြစ်ကြဘူး။ အဲဒါကြောင့် CKYC က လူငယ်တွေအတွက် ဘဏ္ဍာရေးဆိုင်ရာ သင်တန်းတွေ ပေးပါတယ်။ အမေရိကန် နိုင်ငံသားဖြစ်လာရင် မဲပေးဖို့ အခွင့်အရေး ရလာပြီဖြစ်လို့ အဖွဲ့အစည်းနဲ့ လူမျိုးအတွက် ကိုယ်စားပြောနိုင်ဖို့ လူငယ်တွေ ကယ်လီဖိုးနီးယားမှာ နည်းပါးပါသေးတယ်။ CKYC က ကယ်လီဖိုးနီးယားက အဖွဲ့အစည်းများနှင့် လက်တွဲပြီး Program တစ်ခု ဖွင့်လှစ်ထားတယ်၊ လူငယ်တွေကို Train ပြီး ကိုယ့်လူမျိုးနဲ့ အဖွဲ့အစည်းကိုယ်စား နိုင်ငံခေါင်းဆောင်တွေနဲ့ စကားပြောခိုင်းတယ်။ ဒါကြောင့် CKYC က လူငယ်တွေအတွက် အကျိုးပြုပါတယ်။ ပထမက ကယ်လီဖိုးနီးယားမှာပဲ စခဲ့ပေမဲ့ အခု National Program အဆင့်ထိ ရောက်သွားပြီဖြစ်လို့ တခြား State တွေကလည်း ပါဝင်လို့ ရပါတယ်။ ကျွန်တော်တို့ ကရင်လူမျိုးတွေက ဖိနှိပ်ခံ လူတန်းစား ဖြစ်ခဲ့ပေမဲ့ အမေရိကန်ကို ရောက်လာတဲ့အခါ လူငယ်တွေကို အဲလိုမတွေးစေချင်ဘူး။ သူများနောက်မှာ နေစရာမလိုဘူး၊ သူများရှေ့ ရောက်နေဖို့ လိုတယ်၊ အဲဒီအတွက် ကြိုးစားမှု အရမ်းလိုအပ်ပါတယ်။ ဒါကြောင့် CKYC က လူငယ်တွေအတွက် ဒါတွေကို ကြိုတင်ပြင်ဆင်ထားပါတယ်။

Karen Vibes မေးခွန်း(၆) :  (၁၄) နှစ်မြောက်နဲ့ နောင်အနာဂတ် ခရီးလမ်းအတွက် CKYC ရဲ့ အဓိက ပန်းတိုင်တွေ ဒါမှမဟုတ် ရှေ့ဆက်လုပ်ဆောင်မယ့် ပရောဂျက်တွေက ဘာတွေဖြစ်မလဲ။

 CKYC က မျှော်မှန်းချက် မရှိရင် အခုထိ ရပ်တည်နိုင်မှာ မဟုတ်သလို ကြီးထွားလာမှာလည်း မဟုတ်ဘူး။ မျှော်မှန်းချက်ရဲ့ တွန်းအားကြောင့် ရွေ့လျားနိုင်တာပါ။ ရှေ့မျှော်မှန်းချက် များစွာရှိပါတယ်။ အဲဒီအထဲက –
၁။ CKYC ရဲ့ ကိုယ်ပိုင်ရုံး လိုချင်တယ်။
၂။ အလုပ်တွေ အကောင်းဆုံး ဖော်ဆောင်ပြီး ထောက်ပံ့မှုတွေ ရှာကာ CKYC မှာ လုပ်ဆောင်တဲ့သူတွေကို လစာပေးချင်တယ်။
၃။ လူငယ်တွေ ပညာတတ်တွေ ဖြစ်လာပြီမို့ အဖွဲ့အစည်းမှာ ပြန်လည်ပါဝင်ပြီး ဦးဆောင်စေချင်တယ်။
၄။ မြေတောင်မြှောက်ပေးလိုက်တဲ့ လူငယ်တွေကို ကော်သူးလေဆီ ခေါ်သွားပြီး ကရင်လူမျိုးတွေရဲ့ နေထိုင်စားသောက်မှု၊ လှုပ်ရှားမှုပုံစံ၊ တောင်ပေါ်ကရင်တွေရဲ့ အခြေအနေနဲ့ ဒုက္ခသည်စခန်း အခြေအနေတွေကို ပြချင်တယ်။ အဲဒါမှ သူတို့လူမျိုးကို ဘယ်လိုမြှင့်တင်ပေးရမလဲ၊ ကိုယ့်ကိုယ်ကိုယ်ရော ဘယ်လို မြှင့်တင်ဖို့ လိုသေးလဲဆိုတာ မြင်လာမယ်။

CKYC သည် နိုင်ငံရေး လှုပ်ရှားတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ ကရင်လူမျိုး အကျိုး၊ လူကြီးလူငယ်တွေရဲ့ စွမ်းဆောင်ရည် တိုးတက်အောင် မြှင့်တင်ပေးတဲ့ အဖွဲ့အစည်းပဲ ဖြစ်တယ်။ CKYC ရဲ့ ၂၀၃၀ မျှော်မှန်းချက်က Community ထဲက လူကြီးလူငယ် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။ တိုင်းတစ်ပါးကို ရောက်လာတာ သားသမီးတွေအတွက်လို့ ပြောကြပေမဲ့ သားသမီးတွေနဲ့ ထိတွေ့မှုမရှိရင် သားသမီးတွေဟာ ပျက်စီးကြမှာပါ။ ဒီလိုမဖြစ်အောင် အဖွဲ့အစည်းက ဒီထက်မက လုပ်ဆောင်ပေးဖို့ စီစဉ်ထားပါတယ်။ ကျွန်မတို့ အဖွဲ့အစည်းက ကိုယ့်လူမျိုးရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖို့ ပြောပေမဲ့ တခြားသူရဲ့ ယဉ်ကျေးမှုကိုလည်း မလေးစားရမှာ မဟုတ်ဘူး။ ကိုယ်နေထိုင်တဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုကိုလည်း လေးစားပြီး စည်းကမ်း၊ ဥပဒေကို လိုက်နာတဲ့ ခေါင်းဆောင်ဖြစ်လာကာ ကိုယ့်လူမျိုးအတွက်လည်း အကျိုးပြုသူ ဖြစ်စေချင်တယ်။ သူများကို လေးစားမှ ကိုယ့်ကို သူများက လေးစားမှာ ဖြစ်ကြောင်း လူငယ်တွေကို အမြဲပြောပြတယ်။ တချိန်ချိန်မှာ သူတို့ကို ကော်သူးလေဆီ ခေါ်သွားပြီး ဌာနတိုင်းကို လေ့လာခိုင်းမယ်။ အဲဒါမှ သူတို့ကြားသိရုံတင် မဟုတ်ဘဲ မြေပြင်မှာ တကယ်ဖြစ်ပျက်နေတာတွေကို မြင်ပြီး သူတို့ရှေ့ဆက် ဘယ်လိုရွေးချယ်မလဲဆိုတာ သူတို့ပဲ ဆုံးဖြတ်ရမှာပါ။ အဲဒီအချိန်ရောက်ရင် ကျွန်မတို့ တာဝန်ကတော့ ဒီမျှပါပဲ။ သူတို့ရဲ့ စိတ်ဓာတ် ပြင်းပြမှုရှိရင် ကော်သူးလေအတွက် အထောက်အကူ ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အခုချိန်မှာတော့ သူတို့တွေ ကျောင်းပြီးဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့ အချိန်မို့ ဖိအားတွေ မပေးပါဘူး။ ဒါပေမဲ့ တချိန်ချိန်မှာ ကော်သူးလေဆီ အလည်သွားဖို့ ရည်ရွယ်ထားပါတယ်။

Karen Vibes မေးခွန်း(၇) :  ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပြည်ပရောက် ကရင်လူမျိုးစုတွေ၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ကြိုးစားနေကြတဲ့ တခြားသော လူငယ်အဖွဲ့အစည်းတွေကို ဘာများ မှာကြားချင်ပါသလဲ။

ကျွန်မတို့ တိုင်းတစ်ပါးရောက် ကရင်လူမျိုးများ တခါတလေ ကျွန်မတို့ရဲ့ အတိတ်က ဒုက္ခတွေ၊ နေထိုင်မှုတွေကို ပြန်သတိရရပါမယ်။ ကျွန်မတို့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ ဘဝတွေက အရမ်းခက်ခဲခဲ့တယ်။ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေက မျက်စိထဲက ထွက်မရသေးလို့ စိတ်နာစရာ ကောင်းပါတယ်။ စစ်အစိုးရရဲ့ လုပ်ရပ်ကို မမေ့ဖို့လိုသလို အမေရိကန်ကို ရောက်တဲ့အခါ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေရဲ့ အဆိုးအကောင်းကို သုံးသပ်တတ်ရင် ကိုယ့်အတွက်၊ မိသားစုနဲ့ လူမျိုးအတွက် အကျိုးရှိမှာပါ။ အရင်က ကျွန်မတို့လို ဘဝမျိုးနဲ့ မြန်မာပြည်မှာ ကျန်နေသေးတဲ့ ကိုယ့်လူမျိုးတွေရဲ့ ဒုက္ခကို သတိရပြီး သူတို့အတွက် လုပ်ဆောင်နိုင်ဖို့ ကိုယ်တိုင် ပညာတတ်အောင် အရင်လုပ်ဖို့ လိုပါတယ်။ ကျွန်မတို့ မိဘတွေက သားသမီးတွေကို လူမျိုးအကျိုးအတွက် လုပ်ဆောင်နိုင်အောင် အားပေးကြဖို့ လိုပါတယ်။ စစ်အစိုးရက ကျွန်မတို့ လူမျိုးကို အမြစ်ပြတ်ဖို့ ရက်စက်ခဲ့တာတွေကို ပြန်တွေးကြည့်သင့်တယ်။ ကျွန်မတို့တောက တိရိစ္ဆာန်လိုပဲ တွားသွားပုန်းအောင်းခဲ့ရတယ်၊ ခေါင်းမမော့နိုင်ခဲ့ဘူး။ သူတို့ကျတော့ သူများနိုင်ငံမှာ အဆင့်မြင့်ပညာတွေ သင်ကြားပြီး အခု ကျွန်မတို့လူမျိုးတွေကို ဗုံးတွေနဲ့ ကျဲချနိုင်တဲ့အထိ ရောက်ခဲ့တယ်။

အဲဒါကြောင့် အခု ဒီနေရာကို ရောက်လာချိန်မှာ စစ်တပ်ရဲ့ ရက်စက်မှုတွေကို မမေ့ဘဲ ငါဘယ်နေရာမှာ ပါဝင်ပြီး ငါ့လူမျိုးအတွက် အကျိုးပြုနိုင်မလဲ ဆိုတာ စဉ်းစားသင့်ပါတယ်။ ကိုယ့်လူမျိုးကို အင်အားနဲ့ မကူညီနိုင်ရင်တောင် ကိုယ့်ရဲ့ စကားတစ်ခွန်းနဲ့ ကူညီနိုင်အောင်၊ ကိုယ့်လူမျိုးရဲ့ ဖြစ်တည်မှုကို နားလည်ပြီး ဘဝကို မြှင့်တင်နိုင်စေဖို့ “ပညာရေးဟာ လေယာဉ်ဗုံးတွေထက် အင်အားကြီးကြောင်း” အားပေးစကား ပြောချင်ပါတယ်။ အဖွဲ့အစည်းအလုပ်နဲ့ Community အလုပ်ဟာ တကယ်မလွယ်ပါဘူး။ ကျွန်မတို့ လုပ်ချင်လွန်းလို့ လုပ်တာထက် လိုအပ်ချက်တွေ ရှိလို့ လုပ်ကြရတာပါ။ နာမည်ကျော်ဖို့၊ ရာထူးမက်လို့ မဟုတ်ဘဲ ကရင်လူမျိုးတစ်ယောက်ရဲ့ တာဝန်ကြောင့် ဖြစ်ပါတယ်။ ကျွန်မတို့ အသက်ရှင်စဉ်မှာ တတ်နိုင်သလောက် လက်ဆင့်ကမ်းပေးမယ်၊ သေဆုံးသွားရင်တော့ မလုပ်နိုင်တော့ဘူး။ ယူတတ်ရင်တော့ ယူပါ၊ မယူတတ်ရင်လည်း မိဘအနေနဲ့ ကရင်လူမျိုးရဲ့ တာဝန်ကတော့ ပြီးပါပြီ။

ဒီအဖွဲ့အစည်းကို ထူထောင်တုန်းက အပါး (အဖေ) ရဲ့ အားပေးစကားတစ်ခွန်းက “ဖိနှိပ်မှုက အင်အားကြီးမားတဲ့ အစုအဖွဲ့တစ်ခုကို ဖြစ်ပေါ်စေတယ်” တဲ့။ သူ့ကို ဘယ်လောက်ပဲ ဖျက်ဆီးဖျက်ဆီး ကရင်လူမျိုးတစ်ယောက်က ကိုယ့်လူမျိုးရဲ့ ကျော်ဖြတ်ခဲ့ရတဲ့ ဘဝကို သိရင် ဘယ်နေရာရောက်ရောက် ခွဲထုတ် ဖျက်ဆီးလို့ မရဘူးလို့ အပါးက ပြောတယ်။ “မြေကြီးဟာ မကောင်းမှုတွေနဲ့ ပုပ်ပွနေပြီ၊ စိမ်းလန်းသာယာလာအောင် ပြန်ပြုပြင်ကြပါ၊ ကိုယ်ရောက်နေတဲ့နေရာမှာ သန့်ရှင်းအောင် မလုပ်ရင် သူများရဲ့ အထင်သေးတာ အမြဲခံရမှာပဲ၊ ကိုယ်ဘယ်နေရာရောက်ရောက် အခြေအနေကို ကြည့်ပြီး ဘာလိုအပ်လဲ၊ ဘာလုပ်ရမလဲဆိုတာ ကြည့်ပြီး ပတ်ဝန်းကျင်ကို အထောက်အကူဖြစ်အောင် လုပ်ပါ” တဲ့။ ဒါဟာ ကျွန်မအတွက် ခွန်အားဖြစ်စေခဲ့တဲ့ စကားပါ။ ဘယ်နေရာရောက်ရောက် ပြောင်းလဲမှုတွေ လုပ်ဆောင်ကြရအောင်။ စကားတစ်ခွန်းကို သတိရမိတယ် “တိုင်းပြည်က ကိုယ့်အတွက် ဘာလုပ်ပေးမလဲ မစဉ်းစားပါနဲ့၊ ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မလဲပဲ စဉ်းစားပါ” တဲ့။

လူငယ်တွေကို Community က အားကိုးပါတယ်။ “No History, No Power” ဆိုတဲ့အတိုင်း ကိုယ်သမိုင်းကြောင်းကို မသိရင် ဘာမှလုပ်တတ်မှာ မဟုတ်ဘူး။ သမိုင်းကြောင်းကို သိရင်တော့ ဘာဆက်လုပ်ရမလဲ ကောင်းကောင်းသိမှာပါ။ တိုင်းတစ်ပါးရောက် ကရင်လူမျိုးတိုင်း ကိုယ့်ကိုယ်ကိုယ် ကရင်လို့ ပြောရဲရမယ်၊ ဂုဏ်ယူရမယ်။ ကော်သူးလေမှာနေတဲ့ ကရင်လူငယ်တချို့ လက်နက်ကိုင် တော်လှန်နေရတယ်၊ တချို့ တောထဲမှာ မပြည့်မစုံနဲ့ ပညာသင်နေရတယ်။ အဲဒါတွေကို ကြည့်ရင် စိတ်ထိခိုက်ရပေမဲ့ စိတ်တင်းပြီး လုပ်ဆောင်နေရပါတယ်။ ကော်သူးလေ စိတ်ဓာတ်က အမြဲအပြည့်ရှိပါတယ်။ ကော်သူးလေ စိတ်ဓာတ် မပျောက်ပါစေနဲ့၊ မျှော်လင့်ချက်တွေ မပျောက်ကွယ်ပါစေနဲ့။ တနေ့တချိန်မှာ ကော်သူးလေနိုင်ငံ ထူထောင်နိုင်ရင် ကျွန်တော်တို့ ပြန်လာပြီး အတူတူ ထူထောင်ကြပါမယ်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect