ဒေါက်တာတီသံပြာ (၁၈၄၂ – ၂၉ အောက်တိုဘာ ၁၉၂ဝ) 

စောတီသံပြာကို (၁၈၄၂)ခုနှစ် ပုသိမ်မြို့ အပိုင် ကျုံလာရွာတွင် မွေးဖွားသည်။ (၆)နှစ်သားအရွယ်တွင် ဖခင်သေဆုံး၍ မိခင်၏ ကျွေးမွေးစောင့်ရှောက်မူဖြင့် ကြီးပြင်းလာခဲ့ရသည်။ ။ စောတီသံပြာသည် ငယ်စဉ်က မိခင်၏ သွန်သင်မှုကို တသွေမတိမ်းနာခံတတ်သော သားလိမ္မာတစ်ဦးဖြစ်သည်။ ငယ်စဉ်ကလေးအရွယ်ကပင် ကျောင်းပြီး ဝမ်းစာရှာဖွေပြီး မိခင်၏ဝန်ထုပ်ကို ကူညီထမ်းရွက်ခဲ့သည်။

စောတီသံပြာ (၈)နှစ်သားအရွယ်တွင် ကျုံလာရွာကို ဓားပြများဝင်ရောက်မီးရှို့ သဖြင့် တစ်ရွာလုံး ပြာကျ လေသည်။ ထိုကြောင့် ကျုံလာရွာထက် ပိုမိုလုံခြုံသည့် ကျုံတာရွာသို့ တစ်ရွာလုံး ပြောင်းရွှေ့ နေထိုင်ရလေသည်။

ငယ်စဉ်ကပင် ကြည့်တတ်၊ မှတ်တတ် လေ့လာစူးစမ်းတတ်ခြင်းနှင့် နားလည်လွယ်ကူတတ်သော မေ့ရာပါ ပင်ကိုယ်အရည်အချင်းများရှိသောကြောင့် ဦးလေးတော်သူ ဦးရွှေငုံက သူ၏ ဆေးပညာ အရိုက်အရာကို ခံယူစေရန် ရည်ရွယ်ခဲ့သည်။ ဦးလေးဦးရွေငုံက ဆေးမြစ်များကို တူး၍ မှတ်သားစေလေသည်။ စောတီသံပြာလည်း ဦးလေးခိုင်းသမျှကို ဂရုတစိုက် ကြိုးစားလုပ်ကိုင်ကာ မှတ်သားစေလေသည်။

စောတီသံပြာငယ်စဉ် နွားကျောင်းသားဘဝ အောက်မြန်မာနိုင်ငံ၏ အခြေအနေမှာ မငြိမ်မသက် ဖြစ်နေသည်။ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲအပြီး၌ ရခိုင်နှင့် တနင်္သာရီတိုင်းကို အင်္ဂလိပ်လက်သို့ ပေးအပ်လိုက်ရသည်။ ယခုလည်း အောက်မြန်မာပြည်သည် မင်းနေပြည်တော်၏ အုပ်ချုပ်မှုမှ ကင်းလွတ်နေသည်။ ထို့ကြောင့် တော မီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသကဲ့သို့ လူဆိုးသူခိုး ဓားပြများ အလွန်ပေါများ၏။ မီးရှို့ လုယက် တိုက်ခိုက်ကြသည်။ ထို့ကြောင့် အောက်မြန်မာပြည် ပြည်သူများမှာ မရှုနိုင်မရှိုက်နိုင် ဖြစ်နေကြရသည်။

စောတီသံပြာ (၁ဝ)နှစ်သားအရွယ်တွင် ဒုတိယစစ်ပွဲဖြစ်လာသဖြင့် သူတို့သားအမိမှာ ကျုံတာရွာတွင် ဆက်လက်မနေနိုင်တော့ဘဲ ပုသိမ်မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရလေသည်။ ပုသိမ်တွင် အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့မှ ဖွင့်လှစ်သော သာသနာကျောင်း၌ သူပညာသင်ကြားခွင့်ရခဲ့သည်။ ထိုသာသနာကျောင်း ကရင်စာကို အဓိကထားသင်ကြားပြီး ပထဝီ၊ သင်္ချာ စသော ကျောင်းစာများအပြင် တောင်း၊ ပလုံးယက်ခြင်း လက်သမားလုပ်ငန်းစသည့် လက်တွေ့အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း တွဲဘက်သင်ကြားပေးသည့် ကျောင်းလည်း ဖြစ်လေသည်။ ထိုကျောင်းသည် နောက်တွင် ကိုးဆူ အကယ်ဒမီကျောင်း ဖြစ်လာလေသည်။

ထိုစဉ်က သူသင်ကြားရသော ကရင့်စာများမှာ အမေရိကန်နှစ်ခြင်းသာသနာပြုအဖွဲ့မှ ဒေါက်တာ ဂျော်နသန်ဝိတ် (၁၈၃ဝ)ခုနှစ်တွင် တီထွင်သော စကောကရင်စာနှင့် (၁၈၄ဝ)ခုနှစ်က ဘုန်းတော်ကြီးဘရေတန် တီထွင်သော ပိုးကရင်စာတို့ ဖြစ်သည်။ ပိုး စကော စာနှစ်မျိုးလုံးမှာ မြန်မာ၊ မွန်ဗျည်းအက္ခရာအပေါ် အခြေခံ ထားခြင်းဖြစ်သည်။

အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး မွန်နှင့် မြန်မာနယ်များကို အင်္ဂလိပ်စစ်တပ်က သိမ်းပိုက်လိုက်သည် အခါတွင် မော်လမြိုင်၌ အခြေပြုနေသော အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့သည် ရန်ကုန်သို့ပြောင်းရွှေ့ အခြေချလိုက်တော့သည်။

ထို့နောက် အောက်မြန်မာပြည်ရှိ ပုသိမ်၊ ပြည်၊ ပဲခူး စသော ဒေသများ၌ သာသနာပြုလုပ်ငန်း စတင် ဆောင်ရွက်ကြသည်။ သာသနာပြုလုပ်ငန်းများမှာ သာသနာပြုလုပ်ငန်းသက်သက်မဟုတ်ဘဲ စာပေသင်ကြား နှင့် ဆေးဝါးကုသမှုများကိုလည်း ပူးတွဲဆောင်ရွက်သဖြင့် ဒေသခံလူမျိုးများမှာ စာပေများတတ်မြောက်လာကြပြီး သာသနာပြုလုပ်ငန်းအဖို့လည်း ပိုမို၍ အခြေခိုင်မြဲလာခဲ့သည်။

(၁၈၅၄)ခုနှစ်တွင် ပုသိမ်နှင့် ဟင်္သာတသို့ သာသနာပြုမူ စတင်ဆောင်ရွက်ခဲ့သည်။ ဓနုဖြူမြို့တွင် ဘုန်းတော်ကြီး ဒီ အယ်လ် ဘရေတန် တည်ထောင်သော သာသနာပြုကျောင်းဖွင့်ပွဲတွင် စောတီသံပြာတို့သားအမိ တက်ရောက်ခဲ့ကြသည်။ (စောတီသံပြာတို့သားအမိနှင့် ရန်ကုန်မြို့တွင် ရောက်ရှိလာသော သာသနာပြုဆရာ မစ္စတာဗင်တန်ဇနီးတို့နှင့် ပထမဦးဆုံးတွေ့ဆုံကြခြင်း ဖြစ်သည်။)

သာသနာပြုဆရာ မစ္စတာဗင်တန်တို့ ဇနီးမောင်နှံသည် စောတီသံပြာ၏ ဖျတ်လတ်မှုကို သဘောကျ သည်။ ထို့ကြောင့် ဓနုဖြူမှ သာသနာပြု အစည်းအဝေးပွဲပြီးသည့်အခါ စောတီသံပြာကို ရန်ကုန်သို့ ခေါ်ဆောင် ခဲ့သည်။ ရန်ကုန်မှ တစ်ဆင့် အမေရိကန်သို့ ပညာသင်ခေါ်ဆောင်သွားရန်ဖြစ်သည်။ သို့သော် မစ္စတာဗင်တန်သည် သာသနာလုပ်ငန်းတွင် မနားမနေပင်ပန်းမှုဒဏ်များကြောင့် (၁၈၅၈) ခုနှစ်တွင် ကွယ်လွန်သွားခဲ့ရာ စောတီသံပြာ ၏ အမေရိကန်သို့ ပညာသင်သွားရန် အစီအစဉ်မှာ ယာယီရပ်ဆိုင်းသွားခဲ့ရသည်။ သို့သော် အကျပ်အတည်းကြား ထဲကပင် ဆက်လက်သင်ကြားခဲ့သည်။ စောတီသံပြာသည် လုံ့လဝီရိယရှိပြီး မှတ်ဉာဏ်ကောင်းသူဖြစ်သည်။ သာသနာပြုဆရာများ၏ သင်ကြားမှုကိုလည်း ဂရုတစိုက် ကြိုးစားလေ့လာ နာယူမှတ်သားခဲ့သည်။

ထိုသို့ ရှိစဉ်သာသနာပြုဆရာ မစ္စတာအင်ဂေါလ်၏ ဇနီး မစ္စက်အင်ဂေါလ်၏ကျေးဇူးဖြင့် စောသံပြာ အမေရိကန်သို့သွားရန် အကြောင်းတိုက်ဆိုင်လာပြန်သည်။ မစ္စတာအင်ဂေါလ်တို့၏ ဇနီးမောင်နှံမှာ မော်လမြိုင် ရခိုင်နှင့် ရန်ကုန်ဒေသတစ်လျှောက်တွင် ၁၉ နှစ်တိုင်တိုင် အတူတကွ သာသနာပြုဆောင်ရွက်ခဲ့သူများဖြစ်သည်။ သာသနာပြုနေစဉ်မှာပင် မစ္စတာအင်ဂေါလ် (၁၈၅၆)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ မစ္စက်အင်ဂေါလ်သည် (၁၈၆ဝ)ခုနှစ် ရန်ကုန်မြို့ မြန်မာအသင်းတော်ဖွဲ့စည်းရာတွင်လည်းကောင်း၊ သုံးဆယ်မြို့ မြန်မာအသင်းဖွဲ့စည်းရာ တွင်လည်းကောင်း ထင်ရှားအောင်မြင်ခဲ့သူတစ်ဦး ဖြစ်သည်။

(၁၈၆၅)ခုနှစ်တွင် မစ္စတာအင်ဂေါလ်၏ဇနီး မစ္စက်အင်ဂေါလ် အမေရိကန်သို့ ပြန်လည်အနားယူမည် ဖြစ်ရာ စောသံပြာလည်း လိုက်ပါခွင့်ရခဲ့လေသည်။ ထိုအချိန်တွင် စောတီသံပြာသည် (၂၃)နှစ်သာ ရှိသေးသည်။ ဖြစ်သည့်နည်းနှင့် အမေရိကန်သို့ လိုက်လာခဲ့ရသဖြင့် ပထမဦးဆုံးရင်ဆိုင်ရသောအခက်အခဲမှာ စားရေးသောက်ရေး ပင် ဖြစ်လေသည်။ (၁၈၆၀)ခုနှစ် ရန်ကုန်မြို့ မြန်မာအသင်းတော် ဖွဲ့စည်းရာတွင်လည်းကောင်း ထင်ရှားအောင်မြင်သူတစ်ဦးဖြစ်သည်။ ဒုတိယအခက်အခဲမှာ ပညာသင်ကြားခွင့်ရရေးပင် ဖြစ်လေသည်။ စောသံပြာ အမေရိကန် သို့ ရောက်ပြီးနောက် ပထမဦးဆုံး နယူးယောက်တွင် အခြေချဖြစ်သည်။ ထို့နောက် ဘော်စတွန်သို့ ရောက်လာသည်။

သူပထမဦးဆုံးလုပ်ရသောအလုပ်မှာ သတင်းစာရောင်းသော လုပ်ငန်းဖြစ်သည်။ ကျောင်းနေရန် အတွက် သတင်းစာရောင်းရင်း ငွေကြေးစုဆောင်းသည်။ ထို့နောက် မီးရထား ကမ္မဏီတစ်ခု၌ မီးရထားလမ်း ဖောက်လုပ်သည့်လုပ်ငန်းတွင် မြေတိုင်းစာရေးအဖြစ် အလုပ်ရသည်။ မီးရထားလမ်းပြီးသောအခါ မီးရထားလမ်း ပေါ် ကျော်ဖြတ်သွားတတ်သော ကျွဲရိုင်းများကို ပစ်ခတ်ရသောအလုပ် ရပြန်သည်။ ဤနည်းဖြင့် စောတီသံပြာ မိမိကျောင်းစရိတ်ကိုရှာကာ ပညာသင်ကြားခဲ့ရာမှ မန်ချက်စတာတက္ကသိုလ်၌ တက်ရောက်နိုင်ခဲ့လေသည်။ အလုပ်လုပ်ရင်းမှ ပညာကိုဆက်လက်သင်ကြားခဲ့ရာ (၆)နှစ်အကြာ (၁၈၇၁)ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိ ခဲ့သည်။

နောက်ထပ်နှစ်နှစ် ဆက်လက်သင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကို ထပ်မံရရှိခဲ့ပြန်သည်။ ဘွဲ့ရသောအခါ သူ့အား အလုပ်ခန့်လိုသူများ အများအပြားရှိသော်လည်း မိမိအမျိုးသားကို ပြန်လည် အလုပ်အကျွေးပြုရန် သံန္နိဋ္ဌာန်ချထားသော စောတီသံပြာသည် မည်သည့်နိုင်ငံသား၏အလုပ်ကိုမှ လက်ခံခြင်းမပြုခဲ့ပေ။ ဘာသာ ရေးဆိုင်ရာ စာပေများကို လေ့လာဆည်းပူးခဲ့သည်။

မြန်မာပြည်သို့ ပြန်ရောက်သောအခါ ဗြိတိသျှအစိုးရ၏ အုပ်ချုပ်ရေး ယန္တရားတွင် စောတီသံပြာအနေဖြင့် ရာထူးရာခံများ ရယူနိုင်သော်လည်း မိမိအမျိုးသားအတွက် သာသနာအလုပ်ဖြင့် အကျိုးပြုရန်သာ စိတ်ဆုံးဖြတ်ထားသည်။

မြန်မာပြည်သို့ ပြန်ရောက်ပြီးနောက် ဦးစွာပထမ ပဲခူး ကရင်အထက်တန်းကျောင်း (ယခု အထက – ၁၊ အလုံ)တွင် ကျောင်းဆရာဝင်လုပ်သည်။ ထို့နောက် မိမိအမျိုးသားအတွက် စာအုပ်များကို ပြုစုရေးသားခဲ့ရာ စုစုပေါင်း (၂၅) အုပ် ပြုစုနိုင်ခဲ့ သည်။

ဤသို့ မိမိအမျိုးသားများအတွက် ပြန်လည်အကျိုးပြုနိုင်ခဲ့သော အခွင့်ထူးကြီးမှာ သူ့အား ပညာရေး လမ်းကြောင်းပေါ်သို့ ပထမဆုံးတင်ပို့ပေးခဲ့သော သာသနာပြုဆရာ ဗင်တန်၏ ကျေးဇူးကြောင့်သာဖြစ်ကြောင်း ဒေါက်တာတီသံပြာ မမေ့ခဲ့ချေ။

ထိုကြောင့် ကျေးဇူးရှင်အတွက် သူကိုယ်တိုင်ဦးဆောင်ပြီး ဗင်တန်ခန်းမဆောင်ကို ဆောက်လုပ်ခဲ့လေသည်။ ဘာသာရေးကိုဆောင်ရွက်ရင်း တစ်ဖက်တစ်လမ်းမှ အမျိုးသားရေးလုပ်ကိုင်ရန် (၁၈၈၁)ခုနှစ်တွင် ဒေါကလူအသင်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။

ခရစ်ယာန်သာသနာပြန့်ပွားရေးနှင့် စာပေပို့ချမှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့သော ဒေါက်တာတီသံပြာ အား ဂိုချက်စလာ တက္ကသိုလ်မှ ဘာသာတရားနှင့်ဆိုင်သော ဂုဏ်ထူးပါရဂူ (D-D)ဘွဲ့ကို ထပ်မံချီးမြင့်ခဲ့လေသည်၊ ဒေါက်တာတီသံပြာ၏ နာမည်အပြည့်အစုံမှာ (Theodore Tha Bya)ဖြစ်သည်။

(“နိုင်ငံသစ်စာစောင် အမှတ် ၇” မှ “ကရင်အမျိုးသားခေါင်းဆောင်များ၊ ဒေါက်တာ တီသံပြာ” )

လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect