ဘာသာဗေဒပညာအရ ကရင်လူမျိုးများသည် တိဗက်တို-ဘားမင်းအနွယ်ဖြစ်ကြောင်း ပါမောက္ခဂျီ၊ အိ(ချ်)လှစ်က သံသယကင်းစွာ ယုံကြည်ခဲ့သည်။ ဗမာနှင့်ကရင် ဝင်ရောက်လာသော လမ်းကြောင်းချင်း မတူသည့်တိုင် အထက်မြန်မာနိုင်ငံမြေပြန့်ဒေသ၌ မြန်မာတို့နှင့် တစ်ကြိမ်တွေ့ဆုံခဲ့ကြသူများဖြစ်ကြသည်။ ဤသည်ကို ကရင်-ဗမာ ဘာသာစကား (၂) ရပ်အကြား တူညီနေသော စကားလုံးပေါင်း (၃ဝဝ) ကျော်ကို ဆရာ လု(စ်)က ဖော်ထုတ်၍ သက်သေပြနိုင်ခဲ့သည်။ ယင်းတို့သည် သက်ရှိသတ္တဝါ၊ ပန်းမာလာ၊ သဘာဝ၊ ကိန်းဂဏန်း၊ ခန္ဓာကိုယ်ဆိုင်ရာ စကားလုံးများနှင့် ကြိယာအသုံးများပင် ဖြစ်ကြသည်။ ဘာသာဗေဒတူညီမှုများက ကရင်နှင့် ဗမာ ဆွေမျိုးအဝေးကြီးမဟုတ်သကဲ့သို့ အရင်းအချာတော့လည်း မဖြစ်နိုင်ပေ။ ပါမောက္ခရောဘတ်ရှဖာ (Robert Shafer)က ရာဇကုမာရ်ကျောက်စာပါ ပျူစာမျက်နာကိုလေ့လာပြီး ပျူနှင့် ပိုးကရင်တို့သည် ဘာသာဗေဒအရ အနီးစပ်ဆုံး ဆွေမျိုးဖြစ်ကြောင်း ဆိုခဲ့ဖူး၏။ ပါမောကလုစ်က ကရင်ဘာသာစကားတွင်း၌ မြို့ရွာ၊ အသီးအရွက်၊ သစ်၊ ဝါး စသောစကားလုံး အတော်များများမှာ မွန်တို့ထံမှတစ်ဆင့် မွေးစားယူထားကြောင်း ဆို၏။
စကောကရင်တို့က “ကညော”(လူ)၊ကရင်နီတို့က “ကယား”၊ ရှေးဗမာက “ကရ်ယင်”၊ မွန်က ” “ကရောင်”၊ ထိုင်းက“ကရျန် ”နှင့် အင်္ဂလိပ်တို့က “ကရန်” ဟုခေါ်သော်လည်း ပိုးကရင်တွင် ဤစကားလုံးပျောက်၍ ယခု “ဖလုံ”ဟုသာ ခေါ်တော့သည်။ ရှေးဟောင်းမြန်မာကျောက်စာများတွင် “စကြပ်”နှင့် “တောင်သူ”(ယနေ့ပအိုဝ့်) စကားလုံးကို တွေ့ရသည်။ ဧရာဝတီမြစ် အနောက်ဘက်ရှိ မင်းဘူးခရိုင်၌ ရွာအမည်များနှင့် တူးမြောင်းတစ်ခု၏ အမည်များအရ စကောကရင်များ မင်းဘူး၌ အခြေချနေထိုင်ကြောင်း လု(စ်)က ကောက်ချက်ချပါသည်။
တစ်ဖန် ကရင်လူမျိုးတို့၏ အစပထမအား တရုတ်နိုင်ငံ “ကွမ်ယီး“ဒေသမှ ဖြစ်ကြောင်း ချန်ရည်စိန် (၁၉၁၄ -၂၀၀၅)က ဆိုပါသည်။ ဦးရည်စိန်၏ တင်ပြမှု၌အကြောင်း သက်သေအထောက်အထား အလွန်နည်း လှ၏။ လု(စ်)ကမူ ဖန်ချို၏ မန်ရှူးကျမ်းကို ရည်ညွှန်း၍ ထိုင်း-မြန်မာနယ်စပ်အနီး ယူနန်တောင်ဘက်ဖျားပိုင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းယူဆခဲ့၏။ အချိန်မှာ မြန်မာတို့ဝင်ရောက်လာခြင်းမရှိသေးသော အေဒီ(၇)မှ (၈) ရာစု ကာလကြား စကောကရင်တိုင်းရင်းသားများ မြန်မာ့မြေပေါ်၌ အခြေချခဲ့ချသည်ဟု ဆိုပါ၏။ ရမည်းသင်း၊ တောင်ငူဒေသအထိ စကောကရင်များဝင်ရောက် အခြေချခဲ့ဟန် ဖြစ်ပေလိမ့်မည်။ လု(စ်)သည် ကရင် ဘာသာ ဗေဒ စာတမ်း၌-
“… ကရင်လူမျိုးများသည် တိဗက်-ဗမာအနွယ်သာဖြစ်ပြီး အစ္စရေး၏ ပျောက်ဆုံးသွားသော လူမျိုးနွယ်မဟုတ်..”ဟူ၍ အတိအလင်းဆိုခဲ့သည်။
အကြောင်းမှာ ဂျီအိပ်(ခ်ျ) လုစ်သည် ကရင်နှင့်စပ်လျဉ်း၍ ယခင်ခရစ်ယာန်သာသနာပြုတို့၏ “ကရင် အစအဦး” အယူအဆအား အတိအလင်း ချေဖျက်လိုက်ခြင်းလည်း ဖြစ်သည်။ ကရင်တို့သည် သမ္မာကျမ်းစာလာ ဂျူး(သို့မဟုတ်) နေစတိုးရီးယမ်း(Nestorians)မှ ဆင်းသက်လာခဲ့ကြောင်း ၁၈၃၀ နှစ်များက မြန်မာသို့ ရောက် ရှိလာသော အက်(ဖ်) မေစန်က ဆိုခဲ့၏။ ကရင်နှင့် အနောက်တိုင်းရင်းသား လူဖြူများသည် တစ်နွယ်တည်းမှဆင်းသက်လာခဲ့ကြပြီး ကွဲကွာခဲ့ကြသူများဖြစ်ကြောင်း၊ နောင်အခါ ဘာသာစကားမှာလည်း လုံးဝကွဲပြားလာ ကြပြီး တစ်ဦးနှင့်တစ်ဦး မသိကြတော့ဘဲ ရန်သူအဖြစ်မှတ်ယူကာ ခိုက်ရန်ဖြစ်ပွားကြောင်း၊ ကရင်က အစ်ကိုကြီး ဖြစ်၍ အနောက်တိုင်းသားများက ညီငယ်များဖြစ်ကြောင်း ဆိုခဲ့၏။ ဤအချက်မှာ ဘာသာရေးစည်းရုံးမှု ဟူ၍သာ သုံးသပ်နိုင်၏။
ကရင်လူမျိုးတို့၏ အစအဦးနှင့်စပ်လျဉ်း၍ ဇင်းမယ်ပဏ္ဏာသကျမ်း၌ပါရှိသော သုဓနုမင်းသားဇာတ်တော်ကလည်း ထည့်တွက်ကြရမည့် စာပေစီးကြောင်းနောက်ခံတစ်ခုဟူ၍ ဆိုနိုင်၏။ အကြောင်းမှာ ကရင်တို့ သည် အမိဒွေးမယ်နော်နှင့် အဖသုဓနုမင်းသားတို့မှ ဆင်းသက်လာခဲ့ကြသူများဟူ၍ ယုံကြည်၏။ ထိုဇာတ်တော် သည် ကိန္နရီကိန္နရာဇာတ်တော်ဖြစ်ပြီး တိဗက်၊ နီပေါ၊ ဘူတန်၊ မွန်ဂိုလီယားအထိ ပျံ့နှံ့ခဲ့၏။ ထိုဇာတ်တော်သည် ဇင်းမယ်ဒေသမှ သာမဏေတစ်ပါးပြုစုသော ပါဠိအဖြစ် ဦးယံ၏ ပိဋကတ်သမိုင်း၌ တွေ့ရ၏။ ထိုသုဓနု၊ ဒွေးမယ်နော်တို့သည် ငွေတောင်ပြည်၌နေသည်ဟု ကယား(ကရင်နီ)တို့က ယုံကြည်ကြ၏။ ဤနိပါတ်တော်သည် အင်ဒိုနီးရှားရှိ ဗောရောဗုဒ္ဓေါစေတီ၌ တွေ့ရှိရသဖြင့် အေဒီ ၈-၉ ရာစုနှစ်ထက် နောက်မကျကြောင်း ဆိုနိုင်၏။ ထို့ကြောင့် အေဒီ(၈)ရာစု မတိုင်မီကပင် ထိုင်းနိုင်ငံမြောက်ပိုင်း ဇင်းမယ်ဒေသမှ မြန်မာနိုင်ငံ ကယား ပြည်နယ် ထိုမှတဆင့် တောင်ဘက်မုတ္တမ ပင်လယ်ကွေ့နှင့် တနင်္သာရီ ကမ်းရိုးတန်းသို့လည်းကောင်း၊ ကယား ဒေသမှ အနောက်ဘက်တောင်ငူမှတစ်ဆင့် ပဲခူးရိုးမ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသအထိ ပျံ့နှံ့ရောက်ရှိခဲ့မည် ဟု ယူဆရပါသည်။ ယနေ့တိုင် ဇင်းမယ်တောင်ဘက်ရှိ လန်ပန်းဒေသမှာ ကရင်တို့အခြေချ နေထိုင်ဆဲပင်။ သမိုင်း၌လည်း ဇင်းမယ်ဘုရင် စောသုဝဏ္ဏခမ်မှန်၏တပ်များသည် ဖာပွန်အထိ စစ်သားစုဆောင်းခဲ့ဖူး၏။ ထို့အပြင် မြန်မာမင်းအဆက်ဆက်သည် နိုင်ငံတော် တောင်မျက်နှာရှိ ဝင်ပေါက်လမ်းဝ စာရင်းကို ဤသို့ တွေ့ရ သည်။
-မိုးဗြဲမြို့ နယ်အနောက် ကရင်ကျေးရွာများက တောင်မျက်နှာသို့ ကူးသန်းသွားလာသည့် ငါးချောင်း၊ ဘားချောင်း၊ ကောလုတေကင်းတပ်လမ်း
-မောက်မယ်မြို့ အရှေ့ဘက် ကရင်ကျေးရွာများက ဇင်းမယ်သို့ ကူးသန်းသွားလာသည့် မိုင်းပဲကြီးလမ်း
သို့ဖြစ်၍ ဇင်းမယ်-ငွေတောင်(ကယား)လမ်းသည် ပါဠိစာပေအရဆက်စပ်နိုင်သည်သာမက သမိုင်း အဖြစ်အပျက်နှင့်ရှေးခေတ် ပထဝီဝင်အရပါ ထပ်မံ ဆက်စပ်လျက်ရှိနေ၏။ ထပ်ဆင့် ထောက်ခံနေသော အချက် မှာ ကယားပြည်နယ်တွင်းရှိ ဒေသအခေါ်အဝေါ်များ (toponym)ကပင် သက်သေထူစေပါ၏။ ကယားပြည်နယ်ရှိ ဒေသအမည်များမှအပ ကရင်တိုင်းရင်းသားများ အခြေချနေထိုင်ရာ ကရင်ပြည်နယ်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ရှိ ဒေသအမည်များသည် မွန်ဘာသာအရင်းအမြစ်များပင် ဖြစ်ပေသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ကရင်တို့၏ မူလအစမှာ “ကယား-ဇင်းမယ်”မှာ ပထဝီဝင်အရလည်းကောင်း၊ စာပေစီးကြောင်းအရလည်းကောင်း၊ သမိုင်း ဖြစ်စဉ်အရလည်းကောင်း၊ ဒေသန္တရအမည်တွင် ပုံအရလည်းကောင်း ဖြစ်နိုင်ချေများစွာရှိမှာ ဖြစ်ပါ၏။
ပါမောက္ခ ဂျီ၊အိ(ချ်) လုစ် မတိုင်မီ ကရင်အကြောင်း စူးစမ်းရှာဖွေခဲ့ကြသော ဥရောပသားခရစ်ယာန် သာသနာပြုများနှင့် သုတေသီများသည် ကရင်၏သမိုင်းနိဒါန်းကို ယူဆကြရာ၌ ကရင်ရိုးရာဒဏ္ဍာရီများဖြင့်သာ ယူဆခဲ့၏ ။ သို့သော် စကောကရင်က ကရင်အစစ် (pure Karen) ဖြစ်ကြောင်းကို အီး၊ဘီ ခရော့စ် ကဲ့သို့ ခရစ်ယာန်နှစ်ခြင်းဆရာများပင် သိထားကြကြောင်း တွေ့ရသည်။ ထို့အပြင် တရုတ်နိုင်ငံအနောက်ပိုင်း တီဗက် တောင်ပိုင်းဒေသမှတစ်ဆင့် မြန်မာမြေသို့ အခြေချလာခဲ့သည်။
ပါမောက္ခ လုစ်က မြန်မာတို့ထက် (၂)ရာစု စောပြီး ကရင်များ မြန်မာ့မြေပေါ်၌ အခြေချနေကြပြီဟု ဆို ပါသည်။ စင်စစ်အားဖြင့် လု(စ်) ကသာလျှင် မဟုတ်ဘဲ ၁၈၅ဝ ကာလက အီး၊ဘီ ခရော့စ်က “အရင်”ဆိုသော မြန်မာစကားမှာ ရှေးမြန်မာတို့က “ကရင်”ကို ခေါ်ကြခြင်း ဖြစ်သောကြောင့် ကရင်သည် အရင်အဦးနေထိုင်သော တိုင်းရင်းသားစစ်စစ်ဖြစ်ကြောင်း ဆိုခဲ့၏။ ထို့အပြင် ခရော့စ်က မွန်ရိုးရာပုံပြင်ကိုအားပြု၍ မုတ္တမအငူ၌ မွန်တို့ ထက် ကရင်တို့က အရင်ဦးစွာအခြေချခဲ့ကြသူများဟု ဆိုပါ၏။
အလားတူ မွန်ရာဇဝင်၌လည်း ထားဝယ်ဒေသသို့ ဂေါတမဗုဒ္ဓကြွလာခဲ့စဉ် ကရင်လူမျိုးတစ်ဦးက ပြည့်စင်ပန်း (၇)ပွင့် လှူ၍ ထားဝယ်ဒေသတွင် မင်း (၇) ကြိမ်အဖြစ် စိုးစံခဲ့ကြောင်းဆိုပါ၏။ မဖြစ်နိုင်သောဒဏ္ဍာရီ များက အမြွက်မျှ ညွန်ပြနေသည်မှာ ကရင်လူမျိုးတို့၏ စတင်အခြေချသည့်အချိန်မှာ မြန်မာထက် ဦးကြောင်း၊ စောကြောင်း ထင်ရှားစေပါသည်။ ထို့အပြင် အေဒီ ၈၂၅ တွင် ဟံသာဝတီ မွန်တိုင်းနိုင်ငံ၌ သမလဘုရင် (အေဒီ – ၈၂၅-၈၃၇)၏ မိဖုရားကြီးမှာ ကရင်အဘိုးအဘွားတို့က မွေးသည့် ကရင်အမျိုးသမီး ဖြစ်ကြောင်း ဆိုပါ သည်။
အနောက်တိုင်းသား သုတေသီများက ကရင်၏မူလအစအား အမျိုးမျိုးယူဆခဲ့ကြသော်လည်း ယင်းတို့ ၏ တူညီသောယူဆချက်မှာ တရုတ်နိုင်ငံပင်ဖြစ်သည်။ မစ္စတာလော့ခ်ဟာ့(တ်)(Mr. Lockhart)ကလည်း ယူနန်၊ ကွမ်စိ၊ စိချွမ်း၊ ကွမ်တုံးဒေသများမှ မီယမ်ဇီ (Mian-tsze) တောင်ပေါ်တိုင်းရင်းသားများအား မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများ၏ မူရင်းဟုလည်း တင်ပြခဲ့ဖူး၏။ ကရင်နီ(ကယား)တို့၏ အကြီးအကဲ သေဆုံး သည့်အခါ ကျွန်များ၊ မြင်းများအား ထိုပုဂ္ဂိုလ်၏ ရုပ်အလောင်းနံဘေး၌ သတ်၍ အတူထည့်သွင်း မြှုပ်နှံသော ရိုးရာဓလေ့မှာ တရုတ်နှင့် အာရှတိုက်အလယ်ပိုင်းဒေသ၏ဓလေ့ပင် ဖြစ်ကြောင်း ၁၈၇၆ ၌ ဒုတိယ ဗိုလ်မှူးကြီး အေ၊ အာ(ရ်)မတ်မဟွန်းက ဆက်စပ်ပြခဲ့ဖူး၏။ ထို့ကြောင့် အက်(ဖ်)မေစန်၏ ကရင်အား အစ္စရေး (စီမက်တစ်) အနွယ်ဟု ဘာသာရေးဆန်ဆန် ယူဆချက်မှအပ ဥရောပသုတေသီများ၏ အယူအဆမှာ ကရင်အနွယ်သည် တိဗက်တိုဘားမန်းအနွယ်ဖြစ်ကြောင်း၊ တရုတ်မှ လာခဲ့သူများ ဖြစ်ကြောင်း ထင်ပေါ်စေပါ၏။
(ဒေါက်တာနန်းလှိုင်၏ “ကရင်သမိုင်းသုတေသနစာစုများ” စာအုပ်မှ “ကရင်ဗမာဆက်ဆံရေးကဏ္ဍ- ပုဂံခေတ်မှ ကုန်းဘောင် ခေတ်အထိ စာတမ်း” )
လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။







Leave a comment