(မင်းဟန်)
အပိုင်း(၂)
(၅)
ကရင်အမျိုးသားများ၏ ပထမဦးဆုံး ဖွဲ့စည်းခဲ့သည့် အမျိုးသားရေး အဖွဲ့အစည်းမှာ “ဒေါကလူ” ဖြစ်သည်။ ၁၈၈၁ ခုနှစ်တွင် ဒေါက်တာ တီးသံပြာက စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၃ ခုနှစ်တွင် ဒေါကလူမှ ခေါင်းဆောင်များနှင့် Karen Central Advisory Board (K.C.A.B) အား ဖွဲ့စည်းလိုက်၏။ ကရင့်ဗဟိုအကြံပေး အဖွဲ့တွင် ဒေါက်တာဆာစံစီဖိုး၊ စောဘမောင်၊ စောသာဒင်တို့ ပါဝင်ခဲ့ကြ၏။ ၁၉၄၅ တွင် (K.C.A.B) အား (K.C.O)ဟူ၍ အသွင်ပြောင်းလိုက်ကြ၏။ (K.C.O)က Karen Central Organization ဖြစ်သည်။ ထိုအဖွဲ့တွင် စောသာဒင်၊ ဆရာသာထို၊ စောဘဦးကြီး ပါဝင်ကြ၏။ ၁၉၄၆ ခုနှစ်တွင် (K.C.O) ကိုယ်စားအဖွဲ့တဖွဲ့သည် အင်္ဂလန်သို့ သွား၏။ အဖွဲ့တွင် စောဘဦးကြီး၊ စောသာဒင်၊ ဆစ်ဒနီလူနီနှင့် စောဖိုးချစ် ပါဝင်ပြီး၊ သီးခြား ကရင်ပြည်နယ်ရရှိရေးအတွက် ဗြိတိသျှနှင့် ဆွေးနွေးကြ၏။ စစ်ပြီးခေတ် ကရင်အမျိုးသားများ၏ အမျိုးသားရေး လှုပ်ရှားမှုများက အရှိန်အဟုန်နှင့်……။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် KNU (Karen Nation Union) ဖွဲ့စည်း၏။ KNU ဖွဲ့စည်းရာတွင် KNAခေါ် “ဒေါကလူ” ကရင်အမျိုးသား အစည်းအရုံး ဗုဒ္ဒဘာသာ ကရင်အမျိုးသားအဖွဲ့ချုပ် (BKNA)၊ ကရင်ဗဟိုအဖွဲ့ (KCO) နှင့် ကရင်လူငယ်အဖွဲ့ (KYO) လေးဖွဲ့အား ပေါင်း၍ ဖွဲ့စည်းခဲ့သည်။
ကရင်အဖွဲ့ချုပ်ကြီး ဖြစ်သည်။ ပထမဦးဆုံး KNU ၏ ဥက္ကဋ္ဌမှာ စောသာဒင် ဖြစ်သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ရ ရက်နေ့အထိ ပဲခူးတွင် KNU မှ ကြီးမှူးပြီး ကရင်အမျိုးသား ညီလာခံတရပ်အား ကျင်းပခဲ့သည်။ ညီလာခံက …. “အောင်ဆန်း-အက်တလီ” စာချုပ်အားကန့်ကွက်ကြောင်း ဆုံးဖြတ်ကြ၏။ ပြီးလျှင် …. ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေ သတ်မှတ်ပေးရန်၊ ကရင်အများစု နေထိုင်သည့်ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့် မဲဆန္ဒမြေ သတ်မှတ် ပေးရန်၊ ကရင်စစ်တပ် သီးသန့်ထားရှိခွင့်ပေးရန်၊ သီးခြားကရင်ပြည်နယ် ထူထောင်ခွင့်ပေးရန် စသည့် တောင်းဆိုချက်များကို ညီလာခံက ချမှတ်ပြီး လန်ဒန်ရှိ ဒေါင်းနင်းလမ်း နေအိမ်သို့ ပေးပို့ခဲ့ကြ၏။ တောင်းဆိုချက်များကို မလိုက်လျောပါက KNU အနေနှင့် ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်မည့် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲသို့ ဝင်ရောက်မည် မဟုတ်ကြောင်းနှင့် သပိတ်မှောက်မည် ဖြစ်ကြောင်းလည်း ဒေါင်းနင်းလမ်းသို့ တောင်းဆိုသည့်စာတွင် ပါရှိ၏။
ကရင်အမျိုးသားများ၏ အမျိုးသားရေး လှုပ်ရှားမှုများက ရှေ့သို့….. ရှေ့သို့ …. တိုး၍ …..။ တောင်းဆိုချက်များအား တဖက်က ဒေါင်းနင်းလမ်းသို့ ရာဇသံပို့ထားသကဲ့သို့ တဖက်တွင်လည်း ကရင်လူထုအား ချပြရှင်းပြကြသည်။
သူနေသည့် ရွာသို့ KNU မှ မန်းလှတင်နှင့် မန်းသာဒင်တို့ ဦးဆောင်သည့် အဖွဲ့များ ဆင်းလာကြသည်။ မန်းသာဒင်က မအူပင် ABM ကျောင်းအုပ်ဆရာကြီးလည်း ဖြစ်သည်။ သူတို့ရွာတွင် မန်းသာဒင်တို့အဖွဲ့က ကရင်လူထုအား ဟောပြောစည်းရုံးကြသည်။ မန်းသာဒင်တို့၏ ဟောပြောပွဲသို့ သူသွား၍ တက်၏၊ နားထောင်၏။ ဟောပြောချက်များအား သူသဘောကျ၏။
ဟောပြောပွဲပြီးသည်အထိ သူတတ်တတ်ကြွကြွနှင့်နားထောင်သည်။ ဟောပြောပွဲ တပွဲပြီးလျှင် နောက်တနေ့၌ နောက်တရွာတွင် နောက်တပွဲ လုပ်ပြန်၏။ သူကား…. ထိုအဖွဲ့နောက် တကောက် ကောက်လိုက်၍ ဟောပြောပွဲတိုင်းအား တက်ရောက်၍ နားထောင်သည်။ ရက် ၂ဝ ခန့်ကြာသည်အထိ အိမ်မပြန်ဘဲ သူသည် ဟောပြောပွဲများ ဆက်တိုက်လိုက်၍ နားထောင်၏။ ရက်ဆက် ဟောပြောပွဲတိုင်း လိုက်၍ နားထောင်သည့် သူ့ကို မန်းသာဒင်တို့က မျက်မှန်းတန်းမိသွားသည်။ မန်းသာဒင်က နယ်ခံဖြစ်သူ မန်းလှတင်ကို သူ့အကြောင်း မေးမြန်း၏။
မန်းလှတင်က သူ့အကြောင်းကို မန်းသာဒင်တို့ဆီ ရှင်းပြသည်။ “သူက ကျနော့် တူမကို ယူထားတာ၊ စပ်ကြည့်ရင် တူတော်တယ်။ ဒီကောင်လေးက ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲကိုင်ရဲတယ်။ သတ္တိလည်း ရှိတယ်။” မန်းလှတင်၏ အပြောနှင့်ပင် သူ့အား မန်းသာဒင်တို့က စိတ်ဝင်စားနေလေပြီ။ မန်းသာဒင်က သူ့ခေါ်တွေ့ပြီး သူနှင့် စကားပြော၏။
“မင်း .. ကရင်အမျိုးသားရေးကို စိတ်ဝင်စားလား”
“စိတ်ဝင်စားပါတယ်…..”
“အေး…. တို့ကလည်း မင်းကို သဘောကျတယ်။ ကရင်အမျိုးသားရေးအတွက် မင်းတို့လို လူငယ်တွေ လိုအပ်တယ်။ ကိုယ့်အမျိုးသားတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့အတွက် မင်းကို တို့က တာဝန်တွေ ပေးချင်တယ်။ ဘယ်လိုလဲ” “ကျနော် သဘောကျတယ်။ ဒါပေမယ့် ကျနော့်မှာ မိန်းမရှိတယ်။ ယောက္ခမနဲ့ နေတာ။ သူတို့ကိုတော ကျနော် ခွင့်တောင်းရမယ်။”
သူ…မန်းသာဒင်တို့နှင့် တွေ့ဆုံပြောဆိုခဲ့ပြီး ရွာသို့ ပြန်ခဲ့၏။ အိမ်တွင် ယောက္ခမနှင့် မိန်းမကို မန်းသာဒင်တို့နှင့် တွေ့ဆုံ၍ ပြောဆိုခဲ့ကြသည်များအား ပြန်၍ပြောပြ၏။ သူ KNU အတွင်းဝင်၍ ကရင်အမျိုးသားများအတွက် အလုပ်လုပ်လိုကြောင်းပြော၏။ ခွင့်ပြုပါရန်လည်းခွင့်ပန်၏။ ယောက္ခမက သူ့ကို ကတိတခု တောင်း၏။
“မင်း… ဆန္ဒရှိရင် သွားလုပ်လို့ ရတယ်။ ဒါပေမယ့် မင်း .. ငါ့ကို ကတိတခုတော့ ပေးရမယ်” သူက သူ့ယောက္ခမအား ပြန်၍မေး၏။
“ကျနော် ဘာကတိပေးရမှာလဲ”
“မင်း တော်လှန်ရေးကို အောင်မြင်တဲ့အထိ လုပ်ပါမယ်ဆိုတဲ့ ကတိပဲ”
သူ ရဲရဲကြီး ကတိပေးလိုက်၏။
(၆)
သူ KNU အတွင်း ဝင်ရာက်ရန်အတွက် မအူပင်ခရိုင်ရုံးသို့ သွား၏။ KNU မအူပင်ခရိုင်ရုံးမှ မန်းလှဒင်က သူ့အား အင်းစိန်သို့ ပလိုက်၏။ ၁၉၄၇ ခုနှစ်…။ အင်းစိန်တွင် သူနေရသည့် ရုံးမှ တာဝန်ခံက ယခုဗိုလ်မှူးကြီး တူးတူးလေး၏ အဖေဖြစ်သည်။ ထိုရုံးတွင် သူ နေရင်း စာဖတ်ဖြစ်၏။ သုဝဏ္ဍတိုင်း ဂျာနယ်အား ဖတ်ရင်း …. ဒေါကလူ အဖွဲ့အစည်းကြီးအကြောင်းသိရ၏။
ဂျာနယ်က …အမျိုးသား စည်းလုံးညီညွှတ်ရေး…..၊ မျိုးချစ်စိတ် ရှင်သန်နိုးကြားရေးတို့ ဖော်ပြ၏။
စာများဖတ်ရင်းနှင့် သူ့နိုင်ငံရေးအမြင်များ ရှင်သန်လာခဲ့၏။ KNU မူဝါဒ…..။ လုပ်ငန်းလမ်းစဉ်တို့အား သိမြင်လာခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပ၏။ မဲဆန္ဒနယ်မြေ စုစုပေါင်း (၂၅၅) နေရာ သတ်မှတ်၏။ မဲဆန္ဒနယ်များအား လူမျိုးမရွေး အထွေထွေ မဲဆန္ဒနယ်မြေများအဖြစ် (၁၈၂) နေရာ သတ်မှတ်ပြီး ….ရှမ်းအမျိုးသားများအတွက် ၂၆ နေရာ …ကရင်အမျိုးသားများအတွက် (၂၄) နေရာ ….ကချင် (၇) နေရာ၊ ချင်း (၈) နေရာ၊ အင်္ဂလိပ် မြန်မာ ကပြားများက (၄) နေရာ၊ ကရင်နီ (၂) နေရာနှင့် သံလွင်ခရိုင်အတွက် (၂) နေရာ ဟူ၍ သတ်မှတ်သည်။
တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲအား KNU မှမဝင်၊ သပိတ်မှောက်ကြ၏။ လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၅) ရက်မှစ၍ ရ ရက်နေ့အထိ ကျင်းပခဲ့သည့် KNU …ကရင့်အမျိုးသားညီလာခံမှတောင်း ဆိုထားခဲ့သော …ကရင်လူဦးရေ အချိုးအစားနှင့်အညီ ကရင်အမတ်ဦးရေအား သတ်မှတ်ပေးရန်နှင့် ….ကရင် အများစု နေထိုင်သည့် ဒေသများတွင် ကရင်အမျိုးသားများအတွက် သီးသန့်မဲဆန္ဒနယ် သတ်မှတ်ပေးရန် ဟူ၍ တောင်းဆိုခဲ့ကြ၏။ တောင်းဆိုချက်အား ၁၉၄၇ ခုနှစ် မတ်လ (၃)ရက်နေ့နောက်ဆုံးထား၍ အကြောင်း ပြန်ကြားပေးရန်လည်း ပါ၏။ ဒေါင်းနင်းလမ်းက မည်သို့မျှ အကြောင်း မပြန်ကြားခဲ့။ ဤအချက်ကြောင့် KNU မှ တိုင်းပြုပြည်ပြု လွှတ်တောရွေးကောက်ပွဲအား သပိတ်မှောက်ခြင်း ဖြစ်၏။
KNU အတွင်း၌လည်း…. ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးနှင့်ပတ်သက်၍ သဘောထားကွဲကြ၏။ မန်းဘခိုင်နှင့် စောစံဖိုးသင်က ရွေးကောက်ပွဲ ဝင်လိုကြ၏။ စောဘဦးကြီးနှင့် မန်းဘဇံက ရွေးကောက်ပွဲ အား မဝင်လို….။ နောက်ဆုံး ….KNU အတွင်းမှ KYO ခွဲထွက်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်ကြ၏။ သူ အင်းစိန်သို့ ရောက်ပြီး မကြာ …… KNDO ဖွဲ့စည်းသည်။ ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်၏။ KNDO ၏ စစ်ဦးစီးချုပ်မှာ မန်းဘဇံဖြစ်ပြီး၊ စစ်ဆင်ရေးမှူးနှစ်ယောက် ရှိ၏။ စောဟန်တာသာမွှေးနှင့် စောစိုင်းကေ ဖြစ်သည်။ KNDO စတင်ဖွဲ့စည်းရာတွင် ကျေးနယ်၊ မြို့နယ်၊ ခရိုင်၊ ဗဟို ဟူ၍ အဆင့်ဆင့် ဖွဲ့စည်းခဲ့၏။ တနိုင်ငံလုံး၌ ခရိုင်ပေါင်း ၂ဝ ထားရှိ၏။ ခရိုင်တာဝန်ခံများ ရွေးကောက်တင်မြှောက်ကြရ၏။ လက်နက်ကိုင်တပ်သား အင်အားက ၁ဝ,ဝဝဝ ကျော်ရှိ၏။
သူသည်လည်း အင်းစိန်မှာပင် KNDO တပ်ဖွဲ့သို့ ဝင်ခဲ့၏။ သူတို့၏ အင်းစိန်ခရိုင် တာဝန်ခံက “စကောမောလေး” ဖြစ်သည်။ KNDO တပ်ဖွဲ့ဝင် ဖြစ်ပြီးနောက် သူတို့ကို သင်တန်းပေး၏။နိုင်ငံရေးသင်တန်း ဖြစ်သည်။ သင်တန်းဆရာက ဗိုလ်ကြီး စကောလေးခို ဖြစ်သည်။ သင်တန်းတွင် ကိုလိုနီခေတ်အခြေအနေ၊ ဖက်ဆစ်ဂျပန်ခေတ်ကာလ၊ လွတ်လပ်ရေးကြိုးပမ်းမှုများနှင့် ကရင်လူမျိုးများ၏ အခြေအနေများ ရှင်းလင်းပို့ချ၏။
တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲတွင် ဖဆပလသည် ၉၅ ဒသမ ၃ ရာခိုင်နှုန်းနှင့် အနိုင်ရခဲ့၏။ အနိုင်ရ ဖဆပလ လက်သို့ ဒေါင်းနင်းလမ်းအစိုးရက အာဏာအပ်သွားမည် ဖြစ်သည်။ နေ့ရက်များ သတ်မှတ်ကြ၏။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် ….။ ကရင်အမျိုးသားများ၏ နိုင်ငံရေးတောင်းဆိုမှုက တဆင့်တက်၍ လှုပ်ရှားလာခဲ့သည်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန်၊ ပဲခူး၊ သာယာဝတီ၊ မအူပင်၊ ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံ၊ ဟံသာဝတီ၊ တောင်ငူ၊ သထုံ၊ ကျိုက္ခမီနှင့် ကရင်နီနယ်များ၌ ကရင်လူထု (၄) သိန်းခွဲကျော် ဆန္ဒပြကြ၏။
“ကရင်ပြည် …. ချက်ချင်းပေး”
“ကရင် တကျပ် …. ဗမာတကျပ် …. ချက်ချင်းပြ”
“လူမျိုးရေး အဓိကရုဏ်း …. အလိုမရ”
“ပြည်တွင်းစစ် …. အလိုမရှိ”
ကြွေးကြော်သံများက ကရင်အမျိုးသားများရှိသည့် နေရာတိုင်း၌ ဝေစီ၍နေ၏။ လမ်းမများတွင်မူ…. ဆန္ဒပြသူများက လှိုင်းလုံးကြီးများသဖွယ်….။
သူသည်လည်း အင်းစိန်တွင် ဆန္ဒပြ၏။ တတ်တတ်ကြွကြွ။ KNU က ကြွေးကြော်၍
တောင်းဆိုသည်။ ဖဆပလ အစိုးရက မလိုက်လျော….။ အခြေအနေက ရွေးလမ်းမဲ့နေ၏။
(၇)
KNDO အတွင်းသို့ သူဝင်ရောက်ခဲ့ပြီး တနှစ်ကျော်ကျော်တွင် သူ့အား တပ်ကြပ်ရာထူး ပေး၏။
နှစ်ရစ်နှင့် တပ်စိတ်မှူး ဖြစ်လာ၏။ သူ့တပ်စိတ်တွင် ရဲဘော် (၁၁) ဦး ရှိ၏။ သူ တပ်စိတ်မှူးဖြစ်ပြီး မကြာ…. ကရင့်အမျိုးသားများ၏ လက်နက်ကိုင် တော်လှန် ရေး စ၏။ သူက အင်းစိန်စစ်မျက်နှာတွင် တာဝန်ကျ၏။ တပ်စိတ်မှူးတာဝန်ဖြင့်…။
သူကား…..တပ်စိတ်မှူးတာဝန်အား အထက်မှ ခန့်အပ်၍သာ ထမ်းဆောင်နေရ၏။ စစ်သင်တန်းကမရှိ….။ စစ်ပွဲ အတွေ့အကြုံဟူသည်ကား နတ္တိ….။ မတတ်နိုင်…
။ကရင်ရိုင်ဖယ်တပ်မှ စစ်ပြန်များက မေးရ၏။ ကျည်ထိုးတာက ဘယ်လိုမျိုး….။ ပစ်ရင်က ဘယ်သို့ ….။ ဘယ်အကွာအဝေးမှာ ပစ်ရင်ထိရောက်တယ်….။ ဘယ်အကွာအဝေးဆို မပစ်ရဘူး….။
ဤသို့နှင့် အင်းစိန်တိုက်ပွဲတွင် သူ ပါဝင်ခဲ့၏။ သူ့တပ်စိတ်အား ခဝဲခြံစစ်မျက်နှာသို့ ပို့၏။ သူ၏ ပထမဦးဆုံး တိုက်ပွဲအတွေ့အကြုံက ခဝဲခြံစစ်မျက်နှာတွင် ဖြစ်သည်။ သူကား ကိုက် (၂ဝဝ) အကွာအဝေးရှိ ရန်သူကို ပစ်၏။ ထိရောက်မှုက မရ….။ သူ့အတွက် ပထမဆုံး သေနတ်ဖောက်သည်။
တိုက်ပွဲ….။ တိုက်ပွဲက (၂) နာရီခန့် ကြာသည်။ မုဆိုးစိုင်သင်နှင့် သူ စစ်သားဖြစ်လာ၏။
ထိုစဉ်က …..သမိုင်း၊ ခဝဲခြံနှင့် အင်းစိန်တို့၌ လက်နက်ကိုင်တပ်များ ဖြန့်ထားမှု အခြေအနေကား…..
အင်းစိန်မြို့နှင့် သမိုင်းလမ်းဆုံတွင် ဖဆပလအစိုးရ၏ လက်နက်ကိုင်တပ်သား (၂ဝဝဝ) ခန့် ချထား၏။ ရည်ရွယ်ချက်က …. ထိုဒေသရှိ KNDO နှင့် ကရင်အမျိုးသား လက်နက်ကိုင် တပ်များထံမှ လက်နက်သိမ်းရန် ဖြစ်သည်။ ကြို့ကုန်းတွင် KNDO နှင့် ဗိုလ်ကြီး သာအေးကျော်၏ U.M.P တပ်ဖွဲ့အင်အား (၂ဝဝ) ကျော်ခန့် ရှိသည်။ မင်္ဂလာဒုံတွင်မူ တပ်မတော် အမြောက်တပ်မှ ဗိုလ်မှူးအောင်စိန် ဦးစီးသည့် ကရင့်လက်နက်ကိုင် တပ်ခွဲ နှစ်ခွဲ ရှိ၏။ ပြီးလျှင် … ကရင်ရိုင်ဖယ်တပ်ရင်း (၂) မှ တပ်စုတစုသည်လည်း သမိုင်းတွင် ရောက်ရှိနေ၏။
၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ နံနက် (၆) နာရီမျှ ရှိမည်။ သမိုင်းလမ်းဆုံ၌ ဖဆပလအစိုးရ၏ လက်နက်ကိုင်တပ် စစ်ရဲတပ်ရင်း (၂၁) က သမိုင်းခဝဲခြံရှိ KNDO တပ်များကို တိုက်၏။ KNDO များကလည်း ပြန်၍ ခုခံ၏။ တိုက်ပွဲက ပြင်းထန်သည်။ ထိုသတင်းအား မင်္ဂလာဒုံရှိ ဗိုလ်မှူးအောင်စိန် ကြား၏။ သူနှင့်အတူ သူ ဦးစီးသည့် အမြောက်တပ် တတပ်လုံး အင်းစိန်သို့ ချီတက်ခဲ့ပြီး KNDO များနှင့် ပူးပေါင်းလိုက်ကြ၏။
၁၉၄၉ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် KNDO တို့က အင်းစိန်ကို သိမ်းပိုက်ရရှိခဲ့၏။ ဤတွင် အင်းစိန်တိုက်ပွဲ စတော့၏။ မုန်တိုင်းက ဆင်လေပြီ။ ပြည်တွင်းစစ် သွေးမုန်တိုင်း….။
ဖဆပလအစိုးရက စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း အပါအဝင် ကရင်အမျိုးသား အရာရှိကြီးများအား ရာထူးမှ ရုပ်သိမ်းလိုက်ပြီးနောက်၊ ဗိုလ်နေဝင်းသည် စစ်ဦးစီးချုပ် ဖြစ်လာခဲ့၏။ ဦးစီးချုပ်အသစ်က ကရင်ရိုင်ဖယ် တပ်ရင်းများအား လက်နက်သိမ်း၏။ ကရင်အမျိုးသားများက အသိမ်းမခံ….။
ကရင်ရိုင်ဖယ် တပ်ရင်း (၁)၊ တပ်ရင်း (၂) တို့ တောခိုကြ၏။ ကရင့်အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲတွင် ပါဝင်ပူးပေါင်းလိုက်ကြ၏။ ဗိုလ်နေဝင်းက သ.န.က (၅) ကို ရခိုင်မှ လေယာဉ်ဖြင့် ပြန်ခေါပြီး အင်းစိန် စစ်မျက်နှာသို့ ပို့၏။ အင်းစိန်တိုက်ပွဲက ပြင်းထန်၏။ နေ့နေ့ညည သေနတ်သံ၊ ယမ်းပေါက်ကွဲသံတို့နှင့် ဆူဆူညံညံ….။
မီးခိုးလုံးကြီးများက ကောင်းကင်တွင် အလိမ့်လိမ့်….။
ကျိုက်ကလား….။ ခဝဲခြံ၊ စောဘွားကြီးကုန်း စစ်မျက်နှာ…။ ထိုမှ…စောဘင်ဆင်ခြံ….။
ကျမ်းစာသင်ကျောင်း….။ ဦးစက္ကိန်ကျောင်း….။ ပြီးလျှင်…. မင်းဓမ္မတောင်ကုန်း….။ နွားထိုးကုန်း….။ တရုတ်သချိုင်း….။ ပွိုင့် (၁၁၂) အိမ်နီကြီး တောင်ကုန်း…။ စစ်မျက်နှာတိုင်း၌ နှစ်ဖက် အကျအဆုံးများ၏။ ပေးဆပ်ကြရမှုများက အသွေး၊ အသား၊ အသက်များ….။ (၁၁၁) ကြာသည့် စစ်ပွဲကြီး….။ ။







Leave a comment