(မင်းဟန်)
အပိုင်း(၁)
“တို့ …. KNDO ဟာ သမိုင်းနဲ့နေလာတာ။ အောက်ကို ကျသွားရင်တောင် အပင်ပြန်ပေါက်တဲ့ ရွက်ကျပင်ပေါက် အမျိုးအစား…။ နောက်တခုက ဘယ်တော့မှ စောင်းလျက်၊ မှောက်လျက် မနေဘူး။ ပစ်တိုင်းထောင်ပဲ။ နိုင်ငံရေးက အကူးအပြောင်းတွေ ရှိနေတယ်။ ဘယ်လောက်ပဲရှိရှိ စောဘဦးကြီးတောင်ငူမှာ ပြောသွားတဲ့ မိန့်ခွန်းစကားထဲက အတိုင်း….. လက်နက်ချစကားအလျဉ်းမပြောရဘူးဆိုတာ….။ အဲ့ဒါကို အသေမှတ်ထားလိုက်…..။”
(ဗိုလ်ချုပ်ကျော်သောင်း)
ကရင့်အမျိုးသားကာကွယ်ရေးတပ်မတော်
(KNDO တပ်မှူးများ အစည်းအဝေးတွင်ပြောကြားခဲ့သည့် မိန့်ခွန်းမှ…..)
(၁)
“ဇာတိပ္ဖိုလ်” ဇာဓိတ်ဖို။
သူ့အား မည်သူ စတင်၍ မှည့်ခေါ်ခဲ့သည်မသိ…
အိမ်တွင် ဆွေမျိုးသားချင်းများက သူ့အား “ဇာတိပ္ဖိုလ်” ဟုပင် ခေါ်ကြ၏။ သူ၏အမည်ရင်း “မန်းကျော်သောင်း” အား မခေါ်ကြ။ သူ… ၁ဝ နှစ်သားအရွယ်တွင်ပင် သူ့အမိုး (အမေ) ဖြစ်သူ ကွယ်လွန်ခဲ့သဖြင့် သူ၏ ငယ်စဉ်ခလေးဘဝက အဖီး (အဖွား)၏ လက်ပေါ်၌ပင် ကြီးပြင်းခဲ့ရသည်ဟု ဆိုရမည်။ သူ့၌ မွေးချင်းညီကိုမောင်နှမ (၃) ယောက်ရှိ၏။ သူ့အပါး (အဖေ) ၏ အမည်က မန်းနန်းရင် ဖြစ်ပြီး အမိုး (အမေ) ကမူ …. နန်းညွန့်ဟူ၍ဖြစ်သည်။ သူကား …. အမိုးအား ခင်တွယ်သော သားဟု ဆိုရမည်။ သူ၏ မိဘဘိုးဘွားအားလုံးက ဗုဒ္ဒဘာသာဝင်များ ဖြစ်ကြသော်လည်း သူကမူ …. ခရစ်ယာန်ဘာသာ ကိုးကွယ်၏။
သူ့ဇာတိ “ထိန်ကုလားကုန်းရွာ” က မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိသည့် ရွာဖြစ်သည်။
သူ၏ ငယ်စဉ်ဘဝက “ထိန်းကုလားကုန်း” နှင့် “တုန်းလှဲချောင်းရွာ” များတွင် ဖြတ်သန်းရင်း ကုန်လွန်ခဲ့ရသည်။ တုန်းလှဲချောင်းရွာက တုန်းလှဲချောင်းကို အစွဲပြုပြီးခေါ်သော ရွာဖြစ်သည်။ တုန်းလှဲချောင်းက ဧရာဝတီမြစ်ကြီးအတွင်း စီးဝင်သည့် ချောင်းငယ်လေးဖြစ်သည်။ ဧရာဝတီ… ၊တုန်းလှဲချောင်း….လတာ…နှင့် ဗေဒါတို့ကား သူ၏ ငယ်ဘဝပုံရိပ်နှင့် တွဲ၍ ထင်ဟပ်လျက်….။
သူ့အား မြန်မာသက္ကရာဇ် ၁၂၈၅ ခုနှစ် ပြာသိုလဆုတ် ၁၁ နေ့တွင် မွေးဖွားခဲ့၏။ သူမွေးဖွားခဲ့သည့် ၁၂၈၅ ခုနှစ်က ….. ခရစ်သက္ကရာဇ် ၁၉၂၄ ခုနှစ်ဖြစ်၏။ ထိုနှစ်ကား ….မြန်မာ့နိုင်ငံရေးတွင် ဒိုင်အာခီအုပ်ချုပ်ရေး ပုံစံသစ် ပုံလောင်း၍ အသက်သွင်းနေသည့် ကာလဖြစ်သည်။ ဒိုင်အာခီအုပ်ချုပ်ရေးတွင် ဥပဒေပြု ကောင်စီနှင့် အုပ်ချုပ်မှုကောင်စီဟူ၍ ရှိ၏။ ဥပဒေပြုကောင်စီတွင် ကောင်စီဝင်ကိုယ်စားလှယ် (၁ဝ၃) နေရာရှိပြီး၊ မြန်မာတိုင်းရင်းသားများနှင့် ကရင်တိုင်းရင်းသားများအတွက် ကိုယ်စားလှယ်နေရာများ သတ်မှတ်ထားရှိ၏။ ဘုရင်ခံ၏ အုပ်ချုပ်မှုကောင်စီတွင် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၄ နေရာထားရှိပြီး ပြည်ထဲရေးနှင့် ဘဏ္ဍာရေးဝန်ကြီးနေရာ (၂) နေရာအား ဘုရင်ခံမှ တိုက်ရိုက်ခန့်အပ်မည် ဖြစ်သည်။ ပညာရေးနှင့် သစ်တောရေးရာဝန်ကြီး (၂) နေရာအတွက်ကိုမူ …. ဘုရင်ခံမှ သဘောကျနှစ်သက်သည့် ဥပဒေပြုကောင်စီဝင်များအား ကောင်စီမှ ရွေးချယ်ပေးကြရမည်။ ချုပ်ရလျှင်မူ…. ဒိုင်အာခီ အုပ်ချုပ်ရေး ဟူသည်က….ဘုရင်ခံ၌သာ အချုပ်အခြာအာဏာ အားလုံးကို ချုပ်ကိုင်ထားသည့် အုပ်ချုပ်ရေးပင်….။
လှိုင်၊ ပု၊ ကျော် – GCBA က ဒိုင်အာခီ ရွေးကောက်ပွဲအား သပိတ်မှောက်ကြ၏။ ပြီးလျှင် …. ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် မပူးပေါင်း၊ မဆက်ဆံရေး လှုပ်ရှားမှုများ ဆောင်ရွက်ကြသည်။ အစိုးရနှင့် မဆက်ဆံဘူး…. ဒိုင်အာခီအား အသိအမှတ်မပြုဘူး….အခွန်အတုတ်များ မပေးဆောင်ဘူး…. စသည့် “ဘူး”…တိုက်ပွဲများအား ဆင်နွှဲကြ၏။
ဦးဘဖေ၏ ၂၁ ဦးပါတီနှင့် ဆာဂျေအေမောင်ကြီး၏ ရွှေတောင်ကြားပါတီက ဒိုင်အာခီရွေးကောက်ပွဲ ဝင်ကြ၏။ ဒေါက်တာ ဆာစံစီဖိုး၏ ဒေါ်ကလူ ကရင်အမျိုးသား အစည်းအရုံးသည်လည်း ဒိုင်အာခီရွေးကောက်ပွဲ ဝင်၏။
သူကား…. ဒိုင်အာခီအုပ်ချုပ်ရေးပုံစံသစ်နှင့်အတူ မွေးဖွားခဲ့သည်ဟု ဆိုရမည်။
(၂)
သူ…ကျောင်းစနေတော….ရွာက ဘုန်းကြီးကျောင်းတွင်ပင် နေ၏။ ထိုခေတ် ကျေးလက်ပညာရေးကဘုန်းကြီးကျောင်း ပညာရေးနှင့်ပင် စကြရသည်။ ၁၉၂ဝ ခုနှစ် ပထမ ကျောင်းသားသပိတ် ပြီးသည့်နောက် အမျိုးသားကျောင်းများ ဖွင့်လှစ်ခဲ့ကြသော်လည်း ကျေးလက်အထိ မကျယ်ပြန့်သေး….။ သူတို့ရွာရှိ စာချဘုန်းကြီးက အညာသားဘုန်းကြီး ဖြစ်သည်။ ကြိမ်လုံးတချောင်းနှင့် စာချသည့် ဘုန်းကြီးဖြစ်သည်။ အရိုက်ကြမ်းသဖြင့် ရွာသားအချို့က နောက်ကွယ်တွင် ဘုန်းကြီးအား “ပလန်းကိုင်း” ဟု ခေါ်ကြသည်။ “ပလန်းကိုင်း” က မြန်မာပြန်လျှင် “ပုလင်းကွဲ” ဟု အနက်ထွက်မည်။ ပုလင်းကွဲ ဟူသည်က…ရှမည်၊ ထိမည်ဟူ၍ ဖြစ်မည်။
မင်္ဂလသုတ် သင်ရ၏။ သူနှင့်အတူ မင်္ဂလသုတ်တတ်သည့် ကျောင်းသားပေါင်းက ၂ဝ ခန့်ရှိမည်။ ဘုန်းကြီး ပလန်းကိုင်းက သူတို့ကို မင်္ဂလသုတ်ချပေး၏။ မင်္ဂလသုတ်ကို ပီအောင် သူတို့ရွတ်ဆိုကြရသည်။ ဘုန်းကြီးက မပီလျှင် ပီအောင်ရွက်ခိုင်း၏။ မရပါက…. ကျောပုပ်အောင်ကြိမ်လုံးနှင့် ဆော်၏။ ပါဋ္ဋိပါဒ်များဖြစ်၍ သူတို့က ပီအောင် မရွက်နိုင်ကြ။
“ယံမင်္ဂလံ ဒွါဒသဟိ၊ ယံမင်္ဂလ” အားရွက်လျှင် သူတို့က “ယာမင်္ဂလ” ဟူ၍သာ အသံထွက်ကြ၏။ “ယံ” အား မပီကြ။ “ဒွါဒသဟိ” ဟူလျှင်လည်း ….”ဒွါ” အား “ဒ”ဟုသာ ရွက်၍ရ၏။ ဤတွင် ကျောပေါ်သို့ စာချကိုယ် တော်၏ ကြိမ်က “ဖုန်း”…”ဖုန်း” နှင့် ရောက်လာ၏။ မသက်သာ။ အညိုအမဲစွဲ၏။ မင်္ဂလသုတ်နှင့်ပင် ကျောပုပ်ရမည့်အခြေ….။
သူကား ..သူ့အဖီး (အဖွား) ကို အရိုက်ခံထားရသည့် အရှိုးရာများ ပြရင်း ပြော၏။
“မတတ်နိုင်တော့ဘူး အဖွားရေ။ ဒီမှာကြည့်စမ်းပါဦး။ တင်ပါးတွေ၊ ကျောကုန်းတွေ ရိုက်ထားတာ။ မင်္ဂလသုတ် ကျောကုန်းပုပ်ဆိုသလိုပဲ။ ကျနော် ကျောင်းမနေချင်တော့ဘူး…”
အဖွားက သူပြောသည်ကို လက်မခံ။ ကျောင်းနေမှ စာတတ်မည်၊ ကျောင်းနေဖို့သာ ပြော၏။ သူ့စိတ်၌မူ… “ဒီဘုန်းကြီး ငါနဲ့တော့ မဖြစ်ဘူး။ ဒီလိုသာရိုက်နေရင် တကြိမ်ကြိမ် ငါနဲ့ ပြဿနာတော့ ဖြစ်တော့မှာပဲ ဟူ၍ တွေးထင်ထား၏။ တွေးထင်ထားသည့်အတိုင်းပင် ….မင်္ဂလသုတ်အား ဘုန်းကြီးက စာချပေး၏။ သူတို့က လိုက်၍ စာအံကြရသည်။ ထုံးစံအတိုင်း ပါဋ္ဋိသံကမပီ။ တယောက်ပြီးတယောက်အရိုက်ခံကြရ၏။ သူ့အလှည့်သို့ ရောက်လာ၏။ သူ၏ ပါဋ္ဋိအသံထွက်ကမပီ…. ဘုန်းကြီးက ကြိမ်လုံးအား မြှောက်လိုက်၏။ သူဆုံးဖြတ်လိုက်သည်။ အရိုက်မခံတော့ဘူး…။ သူ… ဘုန်းကြီးကျောင်းပေါ်မှ ဆင်းပြေးတော့၏။ ထိုနေ့မှစပြီး ….သူ၏ ဘုန်းကြီးကျောင်း ပညာရေးသည်လည်း ဆုံးခန်းတိုင်သွားတော့သည်။
(၃)
ဘုန်းကြီးကျောင်းမှ ဆင်းပြေးခဲ့ပြီးသည့်နောက် သူသည် အဖွားအမ်သို့မပြန်…. ။ အဒေါ်အထွေးဆုံး၏ အိမ်သို့ သွားသည်။ သူ့အဒေါ်၏ အိမ်က “ငှက်ကျရွာ” နှင့် “ရေတွင်းကုန်း”ရွာ အကြားတွင် ရှိ၏။ အဖွား၏ အိမ်နှင့်က မဝေး…။ လမ်းလျှောက်သွားလျှင်မူ မိနစ် ၂ဝ ခန့် လျှောက်ရမည်။ ထိုနေ့မှစပြီး သူ၏ အဒေါ်အိမ်၌ပင်နေ၍ ထိုရွာရှိ ခရစ်ယာန်မစ်ရှင်ကျောင်း၌ အတန်းပညာအား ဆက်၍သင်၏။
ဘုန်းကြီးကျောင်း၌ မင်္ဂလသုတ်အထိ သင်ခဲ့ရသည့်အတွက် အတန်းကျောင်း၏ သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်း ဖတ်စာများအား သူဖတ်၍ တတ်သည်။ သင်္ချာတွင်လည်း ရ၏။ သို့နှင့် သူ့အား အတန်းကျောင်း၌ ပထမတန်းမှစ၍ သင်ကြားရန် လက်ခံလိုက်၏။ နှစ်ဝက်ခန့် စာသင်ပြီးသည်။ နောက်တွင်မူ သူ့အား ပထမတန်းမှ ဒုတိယတန်းသို့ တင်ပေးလိုက်ပြန်သည်။ အတန်းကျောင်း၌ သူသည် အတန်းတိုင်းတွင် ပထမရ၏။
စတုတ္ထတန်းတွင်သူသည် “စကောလားရှစ်” ရရန် သူ ကြိုးစား၏။ စတုတ္ထတန်းကျောင်းသား၊ သူသည် အငယ်တန်းများမှ မြန်မာစာ ဆရာမလာလျှင် သူပင် ဆင်း၍ အငယ်တန်းများတွင်မြန်မာစာသင်ပေးရသည်။ သူ၏ မြန်မာစာအသင်အပြက ကောင်းသည်ဟု ဆိုကြ၏။ စတုတ္ထတန်းကျောင်းသား သူသည် ညစဉ်ပင် မီးခွက်ထွန်း၍ စာကျက်၏။ သူ ဒီနှစ် စကောလားရှစ် ရရမည်။ ဤသို့ တွေးထင်ထားခဲ့၏။
သို့သော်……။
အဒေါ့ဟစ်တလာနှင့် မူဆိုလီနီတို့ အာဏာရလာခဲ့ပြီးသည့်နောက်တွင် ဥရောပသည် မငြိမ်သက်တော့။ ၁၉၃၆ တွင် မူဆိုလီနီက “အီသီယိုးပီးယား” ကို တိုက်၍သိမ်း၏။
အဒေါ့ဟစ်တလာကလည်း “သြစတြီးယား” နှင့် “ချက်ကိုစလို ဗက်ကီးယား” နိုင်ငံများအားကျူးကျော်၍ သိမ်းယူခဲ့၏။ ပြီးလျှင် …..ဟစ်တလာက ၁၉၃၉ ခုနှစ်အတွင်း “ပိုလန်” ကို ဝင်ရောက်တိုက်ခိုက်ပြန်၏။ ဟစ်တလာ၏ ကျူးကျော်စစ်က ဥရောပအား ခြိမ်းခြောက်၍ လာလေပြီ။ ဗြိတိန်နှင့် ပြင်သစ်က ဂျာမန်အား စစ်ကြေညာလိုက်၏။ စစ်ပွဲ၏ အစတွင် ဂျာမန်တပ်တို့က အသာစီးရနေခဲ့သည်။ စတာလင်သည် ဂျာမန်တို့ ကျူးကျော်သိမ်းပိုက်နေသည့် ပိုလန်အရှေ့ခြမ်းအား ဝင်၍သိမ်း၏။ ပိုလန်၏ အနောက်ခြမ်းကိုမူ ဂျာမန်တို့ က သိမ်းထားပြီး ဖြစ်၏။
၁၉၄ဝ ခုနှစ် နှစ်ဦးတွင် ဟစ်တလာ၏ တပ်တော်ကြီးသည် နော်ဝေး၊ ဒိန်းမတ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဟော်လန်တို့ကို သိမ်းပြန်၏။ ပြီးလျှင် …. ပြင်သစ်ပြည်မြောက်ပိုင်းကို ထိုးစစ်ဆင်၏။
“မူဆိုလီနီ” ကလည်း ပြင်သစ်အား စစ်ကြေညာ၍တိုက်၏။ ပြင်သစ်အခြေအနေက မဟန်… အဒေါ့ ဟစ်တလာနှင့် မူဆိုလီနီတို့၏ ထိုးစစ်အောက်၌ ပြင်သစ်သည် တောင့်မခံနိုင်တော့…
စေ့စပ်ပြေငြိမ်းလိုက်ရ၏။ နာဇီဖက်ဆစ်တို့၏ စစ်ဖိနပ်သံခွာအောက်သို့ ပြင်သစ်ပြည်သည် ရောက်သွားရ၏။ ထိုအချိန်အထိ ကြားနေရေးဝါဒကို ကျင့်သုံးနေခဲ့သော အမေရိကန်သည် ဖက်ဆစ်ဝါဒအား ကာကွယ်ရန် သူ၏ ကြားနေရေးဝါဒအား ဖယ်ချကာ မဟာမိတ်နိုင်ငံများနှင့် လက်တွဲ၍ နာဇီဖက်ဆစ်တို့အား တိုက်၏။
၁၉၄၁ တွင် အရှေ့အာရှမှ ဂျပန်သည် အမေရိကန်ပြည်ထောင်စုပိုင် ပုလဲဆိပ်ကမ်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းသို့ ဝင်ရောက်ခဲ့၏။ ဤတွင် …..”လိပ်-ကန်” မဟာမိတ်တို့ကတဖက်၊ ဂျာမဏီ၊ အီတလီနှင့် ဂျပန်တို့က ဝင်ရိုးတန်းမဟာမိတ်ဖွဲ့၍ ဖက်ဆစ် (၃) နိုင်ငံကတဖက်…..။
ပုလဲဆိပ်ကမ်းအား ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဂျပန်သည် ဟောင်ကောင်၊ ဂွမ်၊ ဝိတ်၊ ဖိလစ်ပိုင်၊ စသည့်ကျွန်း များအား တကျွန်းပြီးတကျွန်း တိုက်ခိုက်သိမ်းပိုက်ခဲ့တော့၏။ မလေးပြည်သည်လည်း ဂျပန်တို့လက်အောက် ရောက်၏။ ဗြိတိန်၏ အကြီးဆုံးခံတပ်ကြီးဖြစ်သည့် စင်္ကာပူခံတပ်သည်လည်း ဂျပန်တို့၏ လက်ဝယ်သို့ ကျရောက်ခဲ့ပြန်သည်။
စင်္ကာပူကျပြီးနောက် ……ဂျပန်စစ်ဦးသည် ထိုင်းမှတဆင့် မြန်မာနိုင်ငံသို့ ဦးတည်ခဲ့လေပြီ။ အရှေ့အာရှ၌ ကမ္ဘာ့စစ်မီးကြီးက အရန်အဟုန်နှင့် တောက်လောင်၍ နေလေပြီ….။
ကမ္ဘာစစ်ကြီးက ကျောင်းသင်္ခန်း၏ တံခါးများအား ပိတ်လိုက်ကြလေပြီ….။ စတုတ္ထတန်း စာမေးပွဲကြီး ဖြေရန် မှာ လပိုင်းမျှပင် မလိုတော့…။ “စကောလားရှစ်”ရရန် မျှော်မှန်းချက်နှင့် သူသည် စာအား အထူးကြိုးစား၍ ဖတ်ရှု၏။ သို့သော်…. ဒုတိယကမ္ဘာစစ်ကြီးက သူနေသည့် တုန်းလှဲချောင်းရွာ အတန်းကျောင်းလေး၏ စာသင်ခန်းတံခါးများကိုလည်း ပိတ်ပစ်လိုက်တော့၏။ သူ၏ အတန်းကျောင်း ပညာရေးသည်လည်း စစ်မီးကြောင့် စတုတ္ထတန်း၌ပင် ဆုံးခန်းတိုင်ခဲ့ရတော့၏။
(၄)
သူ့၌ မဟုတ်မခံစိတ်က ဗီဇစိတ်ဟူ၍ပင် ပြောရမည်။ ငယ်ငယ်ကတည်းမှ တပါးသူအပေါ် မဟုတ်တာလည်း သူ မလုပ်။ သူတပါးက သူ့အပေါ် မဟုတ်တာ၊ မမှန်တာ လုပ်လျှင်လည်း သူမခံ… လက်တုံ့ပြန်တတ်၏။ လက်တုံ့ပြန်သည်ကား ….. လက်ပါ ၊ ပါသည့် လက်တုံ့ပြန်မှုမျိုး….။
တနေ့ ….. သူတို့ညီအကိုအချင်းချင်း လောက်စလုံး လှိမ့်ကြ၏။ ညီအကိုဟု ဆိုသော်လည်း တဝမ်းကွဲ၊ နှစ်ဝမ်းကွဲများ ဖြစ်ကြ၏။ သူ့အကို တဝမ်းကွဲတယောက်က နည်းနည်းညစ်ချင်၏။ နိုင်လျှင် သူများထံမှ လောက်စလုံးများအား ယူပြီး ရှုံးလျှင်မူ သူ့လောက်စလုံးများအား မပေးချင်….။
သူကား … သူ့အကိုဝမ်းကွဲနှင့် ကစားတိုင်း ရှုံးသည်က များ၏။ ရှုံးတိုင်း သူ့လောက်စလုံးများအား သူ့အကို တဝမ်းကွဲအား ပေးရမြဲ….။ တကြိမ်တွင် သူနိုင်၏။ နိုင်သည့်အကြိမ်တွင် သူ့အကိုဝမ်းကွဲက သူ့အား လောက်စလုံး မပေး….။ ပါးစပ်နှင့်တောင်းလည်း မရ။ ဤတွင် သူသည် အနားတွင်ရှိသည့် ထင်းခြမ်းပေါက်နှင့် သူ့အကို၏ ခေါင်းအား ရိုက်ခွဲ၏။
တကြိမ်တွင်လည်း သူ့ညီမဝမ်းကွဲတယောက်အား “ပိုး” သည့် ရွာမှ ကျောင်းဆရာအား အိမ်ပေါ်တက်၍ ရိုက်ဖူး၏။ သူ့ညီမဝမ်းကွဲက ၁၆ နှစ်၊ ၁၇ နှစ်အရွယ်။ ကျောင်းဆရာက အသက် (၄ဝ) လောက်ရှိသည့်သည်။
သူ့ညီမကလည်း ကျောင်းဆရာအား မနှစ်သက်…။ ဤတွင် သူ့ညီမအား နှောင့်ယှက်သည်ဟုဆိုပြီး ကျောင်း ဆရာ၏ အိမ်ပေါ်သို့ “ည” တွင် တက်၍ ခေါင်းရိုက်ခွဲ၏။ သူ၏ လူငယ်ဘဝ ဖြတ်သန်းမှုက ပေပေတေတေ နိုင်သည်ဟုပင် ဆိုရမည်။ အရက်လည်း သောက်၏။ ဖဲလည်း ရိုက်၏။ ကြက်လည်း တိုက်၏။ လှေပွဲ၊ နွားပွဲ ရှိလျှင်လည်း လောင်း၏။
“ဖဲရိုက်တာ၊ အရက်သောက်တာ၊ မြင်းလောင်းတာ….တွေစုံလင်….ဒီထက်ပင် ကဲအုံးရှင်၊ ဆယ်ဆပင်…..” သီချင်းထဲတွင်တော့ “မေရှင်” က ဤသို့ဆို၏။ မတင်တင်ကမူ သူ့အပေါ် ဤသို့သဘောမထား။
မတင်တင်ဟူသည်ကား သူနှစ်သက်မြတ်နိုးနေသည့် အမျိုးသမီးဖြစ်သည်။ တရွာတည်းသားဖြစ်၍ သူ၏ ပေပေတေတေ နိုင်လွန်သည်အား မနှစ်သက်…..။ သူက ….မတင်တင်၏ တဝမ်းကွဲ အမတယောက်အား အောင်သွယ်ခိုင်း၏။ အောင်သွယ်ဖြစ်သူက သူ့အား အကြံပေးသည်။ သူတို့ ထင်းခုတ်သွားကြမည်။ ထင်းခုတ်သည့် နေရာသို့ လိုက်လာပြီး မတင်တင်အား သမီးရည်းစားစကားပြောရန် အကြံပေး၏။
မတင်တင်တို့ ညီအမနှစ်ယောက် ထင်းခုတ်တတ်မည့် ထင်းတောက ရွာနှင့်မဝေး….။ ရွာအလွန် ကိုင်းတော တွင်ပင် ဖြစ်သည်။ မတင်တင်နှင့် သူ့အမက ကိုင်းတောအတွင်း နေရာခွဲ၍ ထင်းခုတ်နေကြ၏။ သူက မတင်တင် ထင်းခုတ်နေသည့် နေရာသို့ ခြေသံမကြားအောင် လှမ်း၍ကပ်သွားသည်။ အနားသို့ရောက်မှ မတင်တင် သူ့အား တွေ့၏။
“နင်ဘာလာလုပ်တာလဲ”
မတင်တင်က ထင်းခုတ်ရပ်ပြီး သူ့ကို မေး၏။
“ငါ နင်နဲ့ စကားပြောစရာရှိလဲ”
“နင်နဲ့ ငါ ဘာမှ ပြောစရာ စကားမရှိဘူး”
“နင်ပြန် ….မပြန်ရင် ငါဓားနဲ့ ခုတ်လိုက်မယ်”
“ဟ .. ဒီလိုမလုပ်နဲ့ ….”
သူက ပြောပြောဆိုဆိုနှင့် မတင်တင်လက်မှ ဓားအား လုယူလိုက်၏။
“ငါ နင့်ကိုကြိုက်တယ် တင်တင်” သူက တည့်တည့်ပင် ပြောလိုက်၏။
“နင် ကြိုက်ပေမယ့် …. ငါမကြိုက်ဘူး၊ နင်ပြန်တော့….”
မတင်တင်ကလည်း ငြင်း၏။ သူက မတင်တင်၏ လက်ကို ဆွဲပြီး ထိုင်ခိုင်းသည်။ မတင်တင်က မထိုင်၊ ရုန်း၏။ မတင်တင်၏ ထမိန်စအား ဆွဲထားပြီး …
“နင်မထိုင်ရင် ….. နင့်ထမိန်ကို ငါဆွဲချွတ်လိုက်မယ်”
သူ့ဟန်က တကယ်စွတ်လုပ်မည့်ဟန်….။ သို့နှင့် မတင်တင် သူ့အနားတွင် ထိုင်ချလိုက်ရ၏။
သူက မတင်တင်အား သမီးရည်းစား စကားပြော၍ အဖြေတောင်း၏။ မတင်တင်ကလည်း ငြင်းသည်။
နေက ညိုလာပြီ။ သူက မတင်တင်၏ ထမိန်စကို ဆွဲထားသဖြင့် ထပြန်၍လည်း မရ….။
“နင် ငါ့ကို ပြန်မကြိုက်ရင် ပေးမပြန်ဘူး….။ တခါထဲ နင့်ကို ခေါ်ထားလိုက်မယ်” သူ့စကားကြောင့် မတင်တင် အကျပ်တွေ့နေ၏။
“အေးပါ .. ငါ နင့်ကို ကြိုက်ပါတယ်။ ငါ့ထမိန်စကို လွှတ်တော့….”
မတင်တင်က သူ့ကို ပြော၏။ သူက မယုံ….။
“နင် ငါ့ကို တကယ်ကြိုက်တာ မဟုတ်ပါဘူး”
“ကြိုက်ပါတယ်ဟာ၊ ကြိုက်တယ်”
“တကယ်ကြိုက်တယ်ဆိုရင် နင် ကျိန်မလား”
“ငါက ဘယ်လို ကျိန်ရမှာလဲ”
“ငါ တိုင်ပေးမယ်။ နင် လိုက်ဆို”
သူနှင့်…မတင်တင်တို့ အကြင်ချစ်သူများ ဖြစ်သွားကြ၏။ မတင်တင်သည်ပင် သူ၏ ချစ်သူ…..။
မတင်တင်သည်ပင် သူ၏ အိမ်သူသက်ထား…..၊ ဇနီးမယား….။ သူတို့ အိုအောင်မင်းအောင် ပေါင်းသင်းခဲ့ကြ၏။ ။







Leave a comment