ကျနော်သိသော ဗိုလ်မှူးထူးထူးလေး  အပိုင်း(၂)

ရဲဘော်ဇော်နောင်

အပိုင်း (၂)

၁၉၉၅ ခုနှစ် ဇန်နဝါရီလ၏ တရက်သောနံနက်ခင်း၌ လမ်းလျှောက်ရင်း ရေဒီယိုဖွင့်၍ နားထောင်လိုက်သောအခါ KNU ၏ ဌာနချုပ် “မာနယ်ပလောစခန်း” ကို လက်လွတ်ဆုံး ရှုံးသွားကြောင်းနှင့် “မာနယ်ပလောစခန်း” တွင် နေထိုင်ခဲ့ကြသော တော်လှန်ရေးသမားများမှာ မြောက်ဘက်အရပ်သို့ ဆုတ်ခွာသွားကြကြောင်း ကြားသိလိုက်ရသည်။ ထိုအ ချိန်က ကျနော်သည် ဒူးပလာယာခရိုင်၏ ခရိုင်အခြေခံဒေသတွင် အတွင်းရေးမှူးတာ ဝန်ကို ထမ်းနေရပြီး ဒူးပလာခရိုင်၏ KWO ကရင်အမျိုးသမီးအစည်းအရုံးအဖွဲ့ဝင်များနှင့် ခရိုင်အခြေခံဒေသ၏ KYO ကရင်လူငယ်အစည်းအရုံးအဖွဲ့ဝင်များနှင့်အတူ ခရိုင်အခြေခံဒေသတွင်း၌ နယ်လှည့်စည်းရုံးရေးဆင်းနေခြင်းဖြစ်သည်။ ထိုရေဒီယိုသတင်းကို ကြားလိုက်ကြရသောအခါ အားလုံးက ကျနော့အနီး ဝိုင်းအုံလာကြသည်။ ထို့နောက် ထင်မြင်ချက်များလည်းပေးကြသည်။ မာနယ်ပလောကျဆုံးသဖြင့် စိတ်ထိခိုက်ကြသည်။ အမျိုးသမီးအချို့မှာ စိတ်ထိခိုက်လွန်း၍ မျက်ရည်မဆည်နိုင်ဖြစ်ကြသည်။ ထို့ နောက် ဘာမှမပြောကြ‌တော့ဘဲ အတန်ငယ်မျှတိတ်ဆိတ်သွားကြတော့သည်။ ကျနော် သည် တချိန်က မာနယ်ပလောစခန်းတွင် နေထိုင်ခဲ့ဘူးသူဖြစ်၍ မာနယ်ပလောတခွင် လုံး ညို့ညို့မှိုင်းနေသော တောတောင်အထပ်ထပ်၊ မြွေကြီးတကောင်ကဲ့သို့ ကွေ့ ကောက်ကာ တသွင်သွင်စီးဆင်းနေသော သောင်ရင်းမြစ်၊ သွားလာလှုပ်ရှားနေကြသော တော်လှန်ရေးသမားများနှင့် ပြည်သူလူထုများ စသည်ဖြင့် လွမ်းမောဖွယ်ရာများကို မြင် ယောင်လာမိပါတော့သည်။

မကြာပါ။ မာနယ်ပလောတွင် နေထိုင်ခဲ့ကြသော KNU ခေါင်းဆောင်တချို့နှင့် ရဲဘော် တချို့သည် ကျနော်တာဝန်ယူနေသော ဒူးပလာယာခရိုင် ခရိုင်အခြေခံ‌ဒေသသို့ ရောက် ရှိလာကြသည်။ သို့သော် ဗိုလ်မှူးထူးထူးလေးနှင့် မိသားစုများ ပါလာခြင်းမရှိသည်ကို တွေ့ရပါသည်။ ထိုအခါ ကျနော်တို့က သူတို့ကို ဖိုးဆိမူကျေးရွာအုပ်စုအတွင်းရှိ လေးဖိုးထာရွာတွင် နေရာချပေးပါသည်။ ဗိုလ်ချုပ်ကြီးဘိုမြနှင့် အဖွဲ့တို့က ဒူးပလာယာခရိုင် (တပ်မ ဟာ-၆) ကော့ကရိတ်မြို့နယ်တွင်ရှိသော ကနဲလေးရွာဘက်တွင် ရောက်ရှိသွားကြောင်း သိရပါသည်။ အဆိုပါ ကနဲလေးရွာတွင်းရှိ သစ်တောရုံးတွင် KNU ခေါင်း ဆောင်တချို့က အစည်းအဝေးပြုလုပ်လိုက်ကြသည်။ ထိုအစည်းအဝေးတွင် KNU ခေါင်းဆောင်တဦးက မာနယ်ပလောစခန်းလက်လွတ်ဆုံးရှုံးလိုက်ရခြင်းသည် ဗိုလ်ချုပ် ကြီးဘိုမြတွင် တာဝန်ရှိသောကြောင့် တာဝန်မှနှုတ်ထွက်သင့်ကြောင်း ဥပမာနှင့်တကွပြောဆိုကြောင်း သိရသည်။ ထိုကာလတွင် တောင်ကိုးရီးယားသမတနိုင်ငံတွင် တံတားပြိုကျသွားသဖြင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက မိမိတွင်တာဝန်ရှိသည်ဟု ခံယူကာ ဝန်ကြီးတာဝန်မှနှုတ်ထွက်သွားကြောင်း၊ ထို့ကြောင့် ဗိုလ်ချုပ်ကြီးဘိုမြသည်လည်း ဤကဲ့သို့ နှုတ်ထွက်သင့်ကြောင်း ပြောဆိုသွားသည်ဟု သိရပါသည်။ ထိုပြောဆိုဆွေးနွေးချက် နှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးဘိုမြက ကျေနပ်ဟန်မတူဘဲ စိတ်ထဲတွင် ခံစားနေရသည်ဟု သုံးသပ်မိပါသည်။ အကြောင်းမှာ ၁၉၉၆ ခုနှစ် မိုးရာသီ ကာလတွင် KNU ၏ (၁၁) ကြိမ် မြောက်ကွန်ဂရက်ကို ဒူးပလာယာခရိုင် ခရိုင်အခြေခံ ဒေသတွင်ရှိသော မယ်သရောထာ ဘုန်းကြီးကျောင်းဇရပ်တွင် ပြုလုပ်ကျင်းပခဲ့သည်။ ထိုအချိန်မှစပြီး ဗိုလ်မှူးထူးထူးလေး ကို ပြန်တွေ့ရသည်။ ကွန်ဂရက်မတိုင်မှီ တရက် ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီးဘိုမြက ကွန်ဂရက်ကိုယ်စားများထဲမှ အလိုရှိသူများကို သာခေါ်ပြီး သူတည်းခိုနေထိုင်သည့်အိမ်တွင် အစည်းအဝေးတခုပြုလုပ်သည်။ ထိုအ စည်းအဝေးတွင် ဗိုလ်ချုပ်ကြီးဘိုမြက သေနတ်ကိုရှေ့တွင်ချထားကာ “မင်းတို့မကျေနပ် ရင်ငါ့ကိုပစ်သတ်” ဟု ပြောကြောင်း သိရသည်။ ထိုကဲ့သို့ ပြုမူခြင်းမှာ “ကနဲလေး” အစည်းအဝေး၏ နောက်ဆက်တွဲပြသနာဟု ယူဆနိုင်ပါသည်။

အစည်းအဝေးပြီးသောအခါ ဗိုလ်မှူးထူးထူးလေးနှင့် ပဒိုဒေးဗစ်ထောတို့က ကျနော်တို့ ဆီပြန်ရောက်လာကြပါသည်။ ထိုအခါ ဗိုလ်မှူးထူးထူးလေးက အစည်းအဝေးအတွေ့အကြုံကို ပြန်ပြောပါသည်။ သူက ဗိုလ်ချုပ်ကြီးဘိုမြအနီးတွင် ထိုင်နေကြောင်း၊ ထို့နောက် ‌ဗိုလ်ချုပ်ကြီးဘိုမြ၏ သေနတ်ကို ကောက်ယူလိုက်ပြီး ဗိုလ်ချုပ်ကြီးဗိုလ်မြ၏ အိတ်တွင်း သို့ ပြန်ထည့်လိုက်ကြောင်း၊ ထို့နောက်တဆက်တည်း “အဖူးကိုဘယ်သူမှမသတ်လို ကြောင်း” ဟု ပြုံးစစနှင့် ကျနော်တို့ကို ပြောပြပါသည်။ ထို့နောက် ပဒိုဒေးဗစ်ထောက လည်း ဗိုလ်ချုပ်ကြီးဘိုမြက လူ (၁၁) ဦး၏ အမည်ကို ထုတ်ဖေါ်ပြောသွားကြောင်း၊ လူ (၁၁) ဦးဆိုလျှင် ဘောလုံးတသင်းစာရှိကြောင်း ရယ်မောကာပြောပါသည်။ သူတို့အချင်း ချင်းလည်း ဘောလုံးအသင်းဟု လှောင်ပြောင်ပြောဆိုကြသည်။ အဆိုပါ (၁၁) ဦးကို ဗိုလ်ချုပ်ကြီးဘိုမြက သူ့ကို မလိုလား၊ မနှစ်သက်သူများအဖြစ် မှတ်ယူထားဟန်ရှိပါ သည်။ ထို (၁၁) ဦး၏ အမည်ထဲတွင် ဗိုလ်မှူးထူးထူးလေးလည်း တဦးအပါအဝင်ဖြစ်ပါသည်။

၁၉၉၇ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့တွင် တိုင်းရင်းသားများနှီးနှောဖလှယ်ပွဲကို ဒူးပ လာခရိုင် ခရိုင်အခြေခံဒေသတွင်းရှိ မယ်သရောထာဘုန်းကြီးကျောင်းဇရပ်တွင် ပြုလုပ်ကျင်းပသည်။ နှီးနှောဖလှယ်ပွဲကျင်းပနေစဥ် တမနက်တွင် ဗိုလ်မှူးထူးထူးလေး၊ ပဒိုမန်းရှာလားဖန်းနှင့် ကျနော်တို့ (၃) ဦးသည် တိုင်ပင်ထားခြင်းမရှိဘဲ ဘုန်းကြီးကျောင်း၏ အဝင်ဝတွင် ဆုံမိကြသည်။ ထိုအခါ ဗိုလ်မှူးထူးထူးလေးက “ဂုရုကြီး” ဟု ပဒိုမန်းရှာလား ဖန်းကို ခေါ်လိုက်သည်။ ပဒိုမန်းရှာလားဖန်းက တင်းမာသောမျက်နှာထားနှင့် နောက်သို့ပြန်လှည့်ကြည့်ကာ ပြင်းထန်သော စကားလုံးများဖြင့် ပြန်ပြောလိုက်သည်မှာ “ခင်ဗျားတို့ကို ကျနော်ကြည့်နေတာကြာပြီ၊ နောက်သလိုလို ပြောင်သလိုလိုနဲ့ ကျနော့ကို သိက္ခာချကြတယ်၊ နောက်ဆို ကျနော့ကို ဒီလိုမခေါ်နဲ့ မကြိုက်ဘူး” ဟု ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။ ထိုအခါ ကျနော်က ဗိုလ်မှူးထူးထူးလေးကို အကဲခတ်လိုက်သောအခါ မျက်နှာပျက်သွားသည်ကို တွေ့ရသည်။ ကျနော်က သူတို့နှစ်ယောက်အကြားတွင် အနေရခက်သွားခဲ့ရသည်။ တချို့လည်း ပဒိုမန်းရှာလားဖန်းကို “ဂုရုကြီး” ဟု သူ၏ နောက်ကွယ်တွင် ပြောဆိုနေကြသည်ကို ကျနော်ကြားဘူးပါသည်။ ပဒိုမန်းရှာလားဖန်းလည်း သိနှင့်ထားသည်မှာကြာပြီး ဖြစ်မည်ထင်သည်။

ထို့ကြောင့် ဒေါသပေါက်ကွဲခြင်း ဖြစ်သည်ဟု ထင်မှတ်ရပါသည်။ ထိုကာလတွင် ပဒိုမန်းရှာလားဖန်းသည် ဗိုလ်ချုပ်ကြီး ဘိုမြ၏ ယုံကြည်အားထားခြင်းကို ခံနေရသည်။ KNU လုပ်ငန်းအတော်များများကိုလည်း ဦးဆောင်မှုပေးနေရသည်။ ထို့ကြောင့် ယင်းကိစ္စများအပေါ် ရည်ညွှန်းပြောဆိုခြင်း ဖြစ်ဟန်တူပါသည်။

၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့တွင် နဝတ တပ်များက ခရိုင်အခြေခံဒေသကို ထိုးစစ်ဆင်တိုက်ခိုက်လာပါသည်။ ထိုအခါ ခရိုင်အခြေခံဒေသတွင်း ရောက်ရှိနေကြသော KNU မှ ခေါင်းဆောင်နှင့် ရဲဘော်များအပါအဝင် ကျနော်တို့တတွေ ထိုင်းနယ်စပ်သို့ ဆုတ်ခွာပေးလိုက်ရပါတော့သည်။ အခြေခံဒေသတွင်းရှိ ပြည်သူလူထုများလည်း အိုး ပစ်၊ အိမ်ပစ် ဖြစ်ကြရသည်။

KNU ခေါင်းဆောင်တချို့က ထိုင်းနယ်စပ်သို့ရောက်သောအခါ အစည်းအဝေးတခုကို လျှို့ဝှက်ခေါ်ယူလိုက်ကြသည်။ ထိုအစည်းအဝေးတွင် နဝတ စစ်အုပ်စုနှင့် ပြန်လည် ဆွေးနွေးညှိနှိုင်းရန်နှင့် နဝတ ထိုးစစ်ကို ရပ်တန့်နိုင်ရန်တို့အတွက် မဟာဗျူဟာနည်းကျ တိုင်ပင်ဆွေး‌‌နွေးကြကြောင်း သိရသည်။

ထိုလျှို့ဝှက်ခေါ်ယူသော‌ အစည်းအဝေးအပေါ် စိတ်ဝင်စားကြသူများအထဲတွင် ကျနော်လည်း တဦးပါဝင်ပါသည်။ မကြာပါ။ IPC (Immediate Programme Command)၊ SPC (Strategic Political Command)၊ SWC (Strategic Warfare Command) ဟူ ၍ စသည်ဖြင့် သတင်းပြန့်လွှင့်လာပါသည်။ IPC တွင် ဥက္ကဌနေရာတွင် ဗိုလ်မှူးချုပ်ရွှေဆိုင်း အမည်ကို ထည့်သွင်းထားသည်ကို တွေ့ရပါသည်။

ထို့နောက်တွင် အစည်းအဝေး၏မှတ်တမ်း တစုံလုံးကို ဗိုလ်ချုပ်ကြီးဘိုမြ၏ လက်တွင်းသို့ ရောက်သွားကြောင်းသိရသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးဘိုမြက ဗိုလ်မှူးချုပ်ရွှေဆိုင်း နှင့် ဗိုလ်မှူးထူးထူးလေးတို့ကို ထိုင်းနိုင်ငံတွင်ရှိသော သူနေသည့်အိမ်တွင် ခေါ်တွေ့ ကြောင်း သိရသည်။ ဗိုလ်မှူးချုပ်ရွှေဆိုင်းတို့ ရောက်သောအခါ ဗိုလ်ချုပ်ကြီးဘိုမြ က “မင်းတို့ ငါ့ကို အာဏာသိမ်းဘို့ စီစဥ်နေကြတယ်” ဟု ပြောလိုက်သောအခါ ဗိုလ်မှူးချုပ် ရွှေဆိုင်းက “မဟုတ်ပါကြောင်း” ပြန်ပြောသောအခါ ဗိုလ်ချုပ်ကြီးဘိုမြက သူ့တွင် အဆင်သင့်ရှိသော IPC နှင့် သက်ဆိုင်သော ဖိုင်တွဲတခုလုံးကို သူတို့ရှေ့သို့ ပစ်ချပေး လိုက်သည်။ ထိုအခါ သူတို့ (၂) ဦးမှာ ဘာမှ ပြန်‌ပြောဆိုနိုင်ခြင်းမရှိသည်ကို သိရသည်။ ၁၉၉၆ ခုနှစ်အတွင်း တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်မှုမရခဲ့ခြင်းမှာ KNU ဘက်မှာ အဓိက ဦးဆောင်မှုပေးသူများဖြစ်သော ပဒိုမန်းရှာလားဖန်းနှင့် ဗိုလ်ချုပ်ကြီးတာမလာဘော တို့ကို နဝတ ဘက်မှ သဘောထားတင်းမာသူများအဖြစ် ပြောဆိုနေ၍ ပဒိုမန်းရှာလားဖန်းနှင့် ဗိုလ်ချုပ်ကြီးတာမလာဘော တို့ကို လူစားထိုး ပြောင်းလဲချင်ကြသည်။ နဝတ ၏ လေသံအတိုင်း KNU ခေါင်းဆောင်တချို့လည်း ပြောဆိုကြသကဲ့သို့ ပြည်တွင်းရှိ နဝတ အလိုကျ ကရင်တို့ကလည်း ပြောဆိုကြသော ကာလဖြစ်သည်။

အကယ်၍သာ ဗိုလ်မှူးချုပ်ရွှေဆိုင်းအား ‌ဥက္ကဌအဖြစ်ပြောင်းလဲနိုင်လျှင် နဝတ နှင့် တွေ့ဆုံဆွေးနွေး‌ရေးအဖွဲ့တွင် ပဒိုမန်းလားဖန်းနှင့် ဗိုလ်ချုပ်တာမလာဘောကို ဖယ်ရှားပြီး သဘောထားပျော့ပြောင်းသည်ဟု ယူဆရသူများနှင့် အစားလိုက်ထိုးလိုက်ခြင်းအားဖြင့် နဝတအား စည်းရုံးနိုင်လိမ့်မည်ဟု သူတို့ ယူဆဟန်ရှိသည်။

(၁၂) ကြိမ်မြောက် KNU ကွန်ဂရက်မတိုင်မှီ ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေး တွင် ပဒိုဒေးဗစ်သာကပေါ်က “အကယ်၍ IPC အစီအစဥ်ကြီးအောင်မြင်သွားခဲ့ပါက KNU ပြိုကျသွားနိုင်ကြောင်း” တင်ပြပြောဆိုသွားသည်။ အစည်းအဝေးသဘာပတိမှာ ဗိုလ်ချုပ်ကြီးဘိုမြ ဖြစ်ပြီး ဒု-သဘာပတိမှ ဗိုလ်ချုပ်ရွှေဆိုင်း ဖြစ်သည်။ အခန်းအနားမှူး များမှာ ပဒိုဘသင်စိန်၊ ပဒိုမန်းရှာလားဖန်း၊ ဗိုလ်မှူးထူးထူးလေး တို့ဖြစ်ကြသည်။ ပဒိုဒေးဗစ်သာကပေါ် ထ၍ ဆွေးနွေးပြီးနောက် ပဒိုလိလေးက ဆက်၍ဆွေးနွေးပါသည်။ ထိုအခါ ဗိုလ်ချုပ်ရွှေဆိုင်းက ဗိုလ်မှူးထူးထူးလေးကို မျက်ရိပ်ပြကာ သူ့အနား သို့ လာစေပါသည်။ ထို့နောက် လေသံတိုးတိုးနှင့် “သူများတွေမေးလာရင် မင်းငါ့ကို ဝိုင်းကူ ပါ” ဟု ကရင်လိုပြောလိုက်သည်။ ဖူးတာအယ်၊ ပဒိုလိလေးနှင့် ကျနော်တို့ (၃) ဦး၏ ထိုင်ခုံတန်းသည် သဘာပတိများနှင့် အလွန်နီးသဖြင့် ကျနော်ကြားလိုက်ရသည်။ သို့ သော် ဗိုလ်ချုပ်ကြီးဘိုမြက ဘာမှ ပြောဆိုခြင်းမရှိပါ။

IPC နှင့် ပတ်သက်ပြီး လှုပ်ရှားသူများထဲတွင် ဗိုလ်မှူးထူးထူးလေး ပါဝင်သည်။

မှတ်ချက်- (IPC တွင် ပါဝင်သူများကို သိလိုပါက ကျနော်ရေးခဲ့သောစာများတွင် ရှာဖွေ ဖတ်ရှု နိုင်ပါသည်)။

အပိုင်း (၃) ကို ဆက်လက်ဖေါ်ပြပါမည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect