ကရင်ဟူသောအမည်သည် မြန်မာတို့က ကရင်လူမျိုးများကို ခြုံ၍ခေါ်သော အမည်ဖြစ်သည်။ ရှေး အခါက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြသော ပျူ၊ ကမ်းယံ၊ သက် ဟူသည့်လူမျိုးသုံးမျိုးအနက် ကမ်းယံဟု ခေါ် သော လူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ ပြောင်းလဲခေါ်ဆိုလာသောအမည်ဖြစ်သည်ဟု ဆာ-အာသာ ဖယ်ယာက တင်ပြခဲ့သည်။ တချို့မှာ ယဉ်ကျေးပြီးသားလူများဟုလည်းကောင်း၊ မြန်မာနိုင်ငံတွင်းသို့ အရင် ရောက်နှင့်သူများ “အရင်”ဟုလည်းကောင်း “ကရင်”ကို ဖွင့်ဆိုရှင်းပြကြသည်။

အဘိဓာန်ကမူ “တိဗက်မြန်မာအုပ်စုဝင် ဘာသာစကားတစ်မျိုးကိုပြောသော မြန်မာတိုင်းရင်းသား တစ်မျိုး။ စကောကရင်၊ ပိုးကရင် စသည်ဖြင့် ရှိသည်။ ကရင်ပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းတွင် အနှံ့အပြား နေထိုင်သည်” ဟု အဓိပ္ပာယ် ဖွင့်သည်။

“ကမ်းယံ”လူမျိုးသည် သံတွဲမှစ၍ တောင်စဉ် ခုနစ်ခရိုင်၌နေသောသူတို့ကို ဆိုပါသည်။(မှန်နန်းရာဇဝင်) ပြည်မြို့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်၌ နေသောသူတို့ကို“ကမ်းယံ”ဟုဆိုသည်။ (ရာဇဝင်ချုပ်) ထို့ကြောင့် ပြည်မြို့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းတစ်လျှောက်နှင့် သံတွဲ စသော တောင်စဉ်ခုနစ်ခရိုင် နေထိုင်ကြသောသူတို့ကို “ကမ်းယံ”(ကရင်)လူမျိုးဟု မှတ်ရမည်။ (ဦးပညာ ကရင်ရာဇဝင်)

ကရင်ဝေါဟာရသည် သမ္မောဟဝိနောဒနီကျမ်း၌လာသော ကိရာတသဒ္ဒါကို ဆရာတော်ကြီးများက “ကရင်”ဟု အနက်မြန်မာပြန်ထားသည်။ အဘိဓာန် နိဿယသစ်၌လည်း ကိရာတကို ကရင်ဟုပင်မြန်မာပြန် သည်။ ကိရာတ ပါဠိသည် “ကရ”မှ ဖြစ်လာ၏။ ထို“ကရ”မှ“ကရင်”ဟု ရေးသားလာကြသည်။ သောဠ သရဋ္ဌ ဒီပနီကျမ်း၌ “တောင်ယာခုတ်ခြင်း စူးထိုးခြင်း စသော အမှုကို ပြုတတ်သောကြောင့် ပါဠိဘာသာဖြင့် “ကရ” လူမျိုးဟုခေါ်ကြ၍ ကာလရွေ့လျောသဖြင့် ပါဠိသက်(ပျက်)လျက် “ကရင်”ဟု ခေါ်ဆိုလာကြသည်။

ထို့ပြင် သုဝဏ္ဏဘူမိတိုင်းသည် ဂေါတမမြတ်စွာဘုရားမပွင့်မီက ကရဏ္ဏကတိုင်း ဟုတွင်သည်။ ထိုအခါ က ကွင်းပြင်မြေညီ၌နေသော ကရဏ္ဏကတိုင်းသားလူများကို “မွန်”ဟုခေါ်သည်။ တောတောင်၌နေသော ကရဏ္ဏကတိုင်းသားလူအများကို “ကရဏ်”ဟုခေါ်ကြသည်။ “ကရဏ်”မှ ကရင် ဖြစ်လာသည်ဟု ဆိုပါသည်။

မွန်လူမျိုးတို့က တိုင်းရင်းသား ကရင်လူမျိုးတို့အား အရိရန်(အရေင်)ဟု ခေါ်ကြသည်။ ရှမ်းလူမျိုးတို့ ကမူ ကရင်လူမျိုးတို့အား ယန်ဟုခေါ်ဆိုကြကာ ပအိုဝ့် (တောင်သူ)တို့ကမူ ဂျောက့်ဟု ခေါ်ဆိုကြသည်။

၁၉၁၆ ခုနှစ် မြန်မာနိုင်ငံ ရှေးဟောင်းကမ္ပည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း၊ ယူနန်နယ်ရှိ ယောဝ်နှင့်မြောင် လူမျိုးများနှင့်လည်းကောင်း မျိုးနွယ်ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။

ပုဂံအရှေ့ တောင်ဘီရွာ ရွှေကွန်ချာဘုရား အရှေ့ မြောက် တံတိုင်းအတွင်းရှိ လေးမျက်နှာကျောက်စာ အနောက်မျက်နှာတွင် “ကရင်တန်မီပြောက်”ဟု ပါရှိသည်။“ကရင်တန်မီပြောက်”ဆိုတဲ့စကားလုံးကို အေဒီ ၁၂၂၄ ထိုး ပုဂံခေတ် ရွှေကွန်ချာဘုရားကျောက်စာမှာပါရှိပါတယ်။ ဒီကျောက်စာမှာ ကရင်ရိုးရာ အဆင်ဆန်းတွေကို ဗမာတွေအတော်ကြိုက်လို့ လှူဒါန်းတာတွေ့ရတယ်။ အခြားအထည်တွေလည်း အများကြီးပါတယ်။ ဒီလိုဖော်ပြချက်ဟာ တစ်ခုတည်းသော ကရင်ဆိုင်ရာ ပုဂံခေတ် မြန်မာအထောက်အထား ဖြစ်ပါတယ်”ဟု ဒေါက်တာနန်းလှိုင်က သူ၏ Facebook အကောင့်၌ ဂုဏ်ယူ ဖွယ်ရာပင် ရှင်းပြထားသည်ကို တွေ့ရပါသည်။

မာကိုပိုလို(Marco Polo) မှတ်တမ်းတွင် ကရင်တိုင်းရင်းသားလူမျိုးကို ကရမ်း(Karaian) ကရမ်းနယ် (Karainer) ဟုလည်း ရေးသားသည်ကို တွေ့ ရပါသည်။ “ယမ်”ဟုလည်းခေါ်ဆိုကြသည်။ မာကိုပိုလို မှတ်တမ်းကဲ့သို့ မြန်မာနိုင်ငံနှင့် ယိုးဒယားနိုင်ငံရှိကရင်များကို “သီအိုဒိုစတင်း” (Theodore Stern) ကရေရန်နယ် (Carianners ဟု ဖော်ပြထားသည်။ အခြားပညာရှင်များနှင့် ဘာသာရေးပညာရှင်များကလည်း ကရင်ဟူသောအမည်ကို အမျိုးမျိုး၊ ယူဆဖွင့်ဆိုမှုများလည်း တွေ့ရပါသည်။

သုတေသီများက အမျိုးမျိုးအဖုံဖုံ ပြောဆိုရေးသားကြရာတွင် များသောအားဖြင့် ဘာသာစကား အရင်း အမြစ်နှင့် ဆင်းသက်ပြန့်ပွားလာပုံ လေ့လာရေးပညာကို လည်းကောင်း၊ လူ၏ခန္ဓာကိုယ် အစိတ်အပိုင်းဆိုင်ရာ လေ့လာရေးပညာကိုလည်းကောင်း၊ လူမှုရေးဆိုင်ရာရိုးရာဓလေ့များ၊ ဘာသာအယူဝါဒနှင့် ယုံကြည်မှုဆိုင်ရာ ခံယူချက်များ၊ ရှေးဟောင်း ကဗျာလင်္ကာနှင့် တေးသီချင်းများ၊ ပုံပြင် ဒဏ္ဍာရီနှင့် ရှေးလူကြီးတို့၏ စကားများအပေါ် တွင် အခြေခံ၍ တွေးခေါ်ရေးသားခဲ့ကြသည် ဟုဆိုပါသည်။

မည်သို့ပင်ဆိုစေ မျက်မှောက်ခေတ် သုတေသီပညာရှင်ကြီးများသည် ကရင်လူမျိုးတို့အား မွန်ဂိုလူမျိုးမှ ဆင်းသက်လာကြပြီး တိဗက်-တရုတ်ဘာသာစကား အနွယ်ကြီးတွင်ပါဝင်သော တိဗက်မြန်မာဘာသာစကား အစုဝင်ဖြစ်ကြောင်း တစ်ပြိုင်တည်း လက်ခံအတည်ပြုခဲ့ကြသည်ကို တွေ့ရလေသည်။

(S မင်းခိုက်သူ PTN ၏ “သမိုင်းထဲက ကရင်လူမျိုး “စာအုပ်မှ အခန်း ၁-၅ “ကရင်ဝေါဟာရဖွင့်ဆိုမှုများ” )

လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။ 

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect