(ဖူးကီးဒို-မန်းရောဘတ်ဘဇန်)
အပိုင်း(က)
(The enemy of my enemy is my friend)
(Saw Ba Oo Gyi)
(Operation Promise land)( သစ္စာမြေ)စစ်ဆင်ရေးကို ကျနော်နှင့် ဗိုလ်မှူးကြီး စိုးစိုးတို့ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ၌ တပ်မဟာ (၆)၊ ဝေါ်လေအောက်စခန်းမှာ စတင်အကောင်အထည်ဖေါ်လာရာ၊ တချို့တဝက်ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ ထိုစစ်ဆင်ရေးကို အကောင်အထည်ဖေါ်ရာ၌ ချောမွေ့ပြေပြစ်စေရန်အတွက် နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေများကို လေ့လာရန် လိုနေသေးသဖြင့် တပ်မှူး ဗိုလ်မှူးစိုးစိုး၏ တာဝန်ပေးချက်အရ မိမိနှင့်ချစ်ရဲဘော်ဘာဂျာမွတ် (ကျဆုံး) တို့နှစ်ဦး ဘိတ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ (မိုးတောင်) စခန်းရှိ ခရိုင်ဥက္ကဌ ဗိုလ်မှူးကြီးစောမာဗယ်လ် (ကွယ်လွန်)ကို သွားရောက်သတင်းပို့သည်။
ရန်သူကို ကြိုတင်ပြင်ဆင်မှုမရှိဘဲမတိုက်နဲ့၊ ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်းသိအောင်အရင်လုပ်၊ ဒါမှ တိုက်ပွဲတရာ အောင်ပွဲတရာရမယ်)တရက်ခန့် ၎င်းထံမှအထွေထွေရန်သူ့သတင်း၊ နယ်မြေအခြေအနေများ မှတ်ယူပြီး နောက်တနေ့ခရီး ထွက်ရန်ပြင်သည်။“ခင်ဗျားကို နယ်မြေကျွမ်းကျင်တဲ့ ဗိုလ်ဒါးကြီး၊ ထိုစဉ်က KNDO တပ်ရင်း(၇)တပ်ခွဲမှူး၊ (ယခုတတိယနိုင်ငံရောက်နေသူ)ကို ထည့်ပေးလိုက်မယ်။ ပစ္စတိုတယောက်တလက်နဲ့ M-72 တလုံးစီပေးလိုက်မယ်”။
ခရီးထွက်ခါနီးကျနော့ကို ၎င်းပတ်ထားသော (Mido)နာရီ ဖြုတ်ပေးသည်။ ထိုစဉ်က ကျနော့မှာ နာရီမရှိပါ။ တန်ဘိုးကြီးသော ထိုနာရီမျိုး ဝယ်အားမရှိပါ။ အောက်ခြေရဲဘော်များအပေါ်မေတ္တာ၊ စေတနာရှိသော ခေါင်းဆောင် တပ်မှူးကြီးအား လေးစားမိသည်။ ကျနော်တို့ခရီးထွက်သောအခါ ဗိုလ်ဒါးကြီးနှင့် ရဲဘော်(၃)ယောက်၊ မိမိနှင့် ရဲဘော်ဘာဂျာမွတ် ပေါင်း(၆)ယောက်ဖြစ်သည်။ (နောင်းဘွာ)တောကြီးကို ဖြတ်သည်။ ညနေစောင်းတော့ KNDO စခန်းရောက်ပြီး ညအိပ်သည်။
နံနက်စောစောထ၊ ထမင်းထုပ်ပြီး ခရီးထွက်၊ တနေ့လုံးလမ်းလျှောက်၊ ရှမ်းရွာကြီးများကိုဖြတ်၊ တောင်တက်၊ နောက်တောင်ခြေတွင်အိပ်သည်။ နံနက် အစားအသောက် ပြင်ဆင်နေစဉ် တဲဘေး၌ ကျွဲ(၁၅)ကောင် နှင့် လယ်ထွန်နေသော အင်္ကျီဗလာနှင့် လူကိုတွေ့သည်။ မိုးတွေရွာနေသည်၊ မချမ်းဘူးလားမသိ၊ “ဒီလူမချမ်းဘူးလားဗျ၊ ဒီလောက်မိုးရွာနေတာ၊ အင်္ကျီလည်းမပါဘူး” မေးရာ၊ ဗိုလ်ဒါးကြီးမှ “ဘယ်ချမ်းမလဲဗျ၊ ဆေးစားထားတာ”“ဘာဆေးလဲဗျ” “ဘိန်းစာရွက်”တဲ့။ ကျနော်တို့နေသော တဲနားတွင် ဘိန်းစာရွက်အပင်ရှိသည်၊ ခူးပြီးနန်းကြည့်တော့ စိမ်းရွှင်ရွှင် အနံ့ရသည်။
(ဘိန်းစာရွက်သည် အအေးခံနိုင်သည်၊ အမောခံနိုင်သည်)သို့သော် မူးယစ်ဆေးတမျိုးဖြစ်သည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တားမြစ်ထားသည်။ ခရီးထွက်လာရာ မဆုံးနိုင်သော (ပဝ) ရွာသို့ရောက်သည်။ ထိုရွာတွင် ရဲဘော်များအားထားခဲ့ပြီး နောက်နေ့၌ ဗိုလ်ဒါးကြီးနှင့် မိမိတို့နှစ်ဦးသာ (ဂျိုးတောင်)သို့ ခရီးဆက်ကြသည်။
(ဂျိုးတောင်)သို့သွားရာလမ်းတလျှောက် မြစ်၊ ချောင်းများကို လှော်လှေများ၊ စက်လှေများဖြင့်သွားကြသည်။ ဒီရေတက်ရာအရပ်ဖြစ်သဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တပုံစံတည်းဖြစ်သည်။ မိမိ(၁၉၆၄)ခုနှစ် လက်နက်ကိုင်တော်လှန်ရေးဘောင်သို့ စတင်ခြေချသော (လပွတ္တာ)မြို့နယ်နှင့် အတော့ကိုတူသည်။ လမုလမက်၊ ကနစိုပင်များ၊ သင်ပေါင်းပင်များနှင့် အပြည့်။ ညနေစောင်းတော့ ကျနော်တို့ နေရမည့်နေရာသို့ လူတဦးသွားပို့သည်။ စောင်မပါ၊ ယူသွားသောပုခက်နှင့်အိပ်သည်။ ကိုက်လိုက်သည့်ခြင်၊ ရေတက် ရေကျသောနေရာဖြစ်သဖြင့် မိုးလင်းတော့ တဲအောက်ခြေတခုလုံးရေလွှမ်းနေသည်။ လူတယောက် ပေါင်လယ်လောက်ရှိနေသည့် ရေပေါ်တွင် (ဓနိ)ရည်အိုးများကို တဲသို့ယူလာသည်။ ဗိုလ်ဒါးကြီးမှ မိတ်ဆက်ပေးသည်။ သူ့အမည် (ပယ်လယ်ဖိုး)တဲ့။ ထိုသူသည် ပင်လင်ပြင်အတော်ကျွမ်းသူ၊ ရဲရင့်သူတဦးဖြစ်သည်။
(ဓနိ)ရည်နှင့် ဧည့်ခံသည်။ အလွန်ချိုပြီး မူးယစ်လာသည်။ စကားပြောကောင်းသည်၊ သူ့ထံမှ ဘိတ်ပင်လယ်ပြင်သတင်း စုံစုံလင်လင်ရသည်။ နောက်နေ့ (ဂျိုးတောင်)ရွာထဲသွားပြီး (ရွှေလှပိုင်)ဆိုသူနှင့် တွေ့သည်။ အလွန်ဖေါ်ရွေပါသည်။ သူ့ထံမှလည်း ရန်သူ့သတင်း အတော်ရလိုက်သည်။ ကျနော်တို့ ထိုတဲ၌နေစဉ်အတွင်း ရွာသားများလာကြသည်။ ချက်စားရန် ကြက်များယူလာသည်။ သို့သော် စားဆီမရှိ၊ အုံးဆီနှင့် ချက်စားရသည်။ (စွန်ပဒတ်)သီး အမှည့်များယူလာသည်။ ပိန္နဲသီးနှင့် အတော့ကိုတူသည်၊ သို့သော် အရွယ်ငယ်သည်။ အလွန်ချိုမွှေးသည်။
မှတ်ချက်။
ရွှေလှပိုင်သည် ပင်လယ်ဓါးပြဗိုလ်ဖြစ်သည်။ ဆင်းရဲသားများကို ဓါးပြမတိုက်၊ သူဌေးများကိုသာ တိုက်သည်။ တိုက်ရာပါများကို ဆင်းရဲသားများသို့ ဝေပေးကြောင်း နောင်မှသိရသည်။ ပင်လယ် (ဓါးပြ)အဖွဲ့များ တနင်္သာရီကမ်းတလျှောက်များစွာရှိသည်။ အင်အားရှစ်ဆယ်မှ တရာအထိရှိပြီး ခေတ်မှီလက်နက်ကြီး လက်နက်ငယ်များရှိသည်။
လိုအပ်သောသတင်းအချက်အလက်ရရှိပြီး ဖြစ်သဖြင့် (မိုးတောင်)သို့ ပြန်တက်လာကြသည်။ (မိုးတောင်) ရောက်ပြီး (လပေါဝါး) (ငွေလိုင်းဖြူ) စစ်ဆင်ရေး စီမံချက်ရေးသားပြီး ဥက္ကဌကြီးကို တင်ပြသည်။ နောက်နေ့ ကျနော်တို့ကို (ဘန်ကောက်)ခေါ်သွားသည်။ စားသောက်ဆိုင်တွင် နံနက်စာစားရန် ငွေပေးလိုက်သည်။ (ဘန်ကောက်)မြို့ကို ကျင်လည်မည်ဟု ထင်ရသော ဗိုလ်ဒါးကြီး စားသောက်ဆိုင်မှ ဟင်းအမယ်များကို မှာနေသည်၊ ပါးစပ်မှ “အနိ၊ အနိ၊ အနိ”ဟု လက်ညိုးထိုးပြနေသည်။ ကျနော့အထင် ထိုင်းစကား အတော်တတ်မည်။ မှာထားသော အစားအစာများ စားပွဲထိုးလာချသည်။ ကြက်ခြေထောက်သုတ်၊ အခြားအသုတ်၊ အားလုံး အသုတ်များဖြစ်သည်။ စားပွဲတခုလုံး အသုတ်များနှင့် ပြည့်နေသည်။ “ဟေ့ကောင် မင်းဟာက ဘာတွေလဲကွ၊ အားလုံးအသုတ်တွေဘဲလား။” ဟင်းချိုနှင့် အကျော်အလှော်များ မပါ။ မတတ်နိုင်၊ ကိုယ်မှ မမှာတတ်ဘဲ သူများမှာတာကိုသာစားပြီး ဗိုက်ဖြည့်လိုက်သည်။
နောက်တရက်၊ နှစ်ရက်တွင် တပ်မဟာ(၆) (ဝေါ်လေ) မိမိစခန်းသို့ ပြန်ရောက်သည်။ တပ်မှူးသို့ ခရီးစဉ်နှင့် (လပေါဝါး)စစ်ဆင်ရေးစီမံချက်ကိုပြသည်။ (လပေါဝါး)စစ်ဆင်ရေးသည် (Promise land)စစ်ဆင်ရေးကြီး၏ ထောက်ပံ့ရေးစီမံချက်ဖြစ်သည်။ (ဝေါ်လေ)အောက်စခန်း၌ ရဲဘော်များနှင့် စီကားနေသည်။ ဘော်လီဘော ပုတ်သူပုတ်၊ ပိုက်ကျော်ခြင်း ခတ်သူခတ်၊ ငှက်ပျောပင်ခြေရင်းရှိ ပတ်လယ်ထိုင်ခုံတွင် ဂီတာတီးသူတီးနှင့် စိုပြေနေသည်၊ သာယာလှပနေသည်။
လာမည့်တရက်၊ နှစ်ရက်အတွင်း ခရီးရှည်ချီတက်ကြရတော့မည်။ ခရီးမထွက်မှီ (ဝေါ်လေ)စစ်ဆေးရုံမှ ဆေး သူနာပြုဆရာမများနှင့် ချစ်ကြွမ်းဝင်နေကြသော ဗိုလ်တင့်လွင်နှင့် တပ်ကြပ်ကြီးဂျိုးဖြူ (တပ်ထဲဝင်လာစဉ် လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်မည့် ရဲဘော်အဖြစ် ရည်မှန်း၍ ငြိမ်းချမ်းရေး ဂျိုးဖြူ အဖြစ် မှည့်ပေးလိုက်သောအမည်ဖြစ်သည်)၊ (ယခုတတိယနိုင်ငံရောက်နေပြီး) တို့နှစ်ဦး မိမိထံလာရောက်၍ တပ်ပြင် ထွက်ခွင့်တောင်းသည်။
သူတို့နှစ်ယောက်မိမိထံလာပြီး ပြုံးစိပြုံးစိ နှင့် “ကျနော်တို့ဆေးရုံဘက်သွားခွင့်ပေးပါ”
“ငါသိပါတယ်၊ ခရီးထွက်ခါနီး မှာစရာရှိတာမှာကြပေါ့ကွာ” ခွင့်ပေးလိုက်သည်။ အခြားရဲဘော်များလည်း အသီးသီးခွင့်တောင်းကြသည်။ တပ်ပြင်ထွက်ခွင့်ကို စံနစ်တကျလုပ်ထားသည်။ သတ်မှတ်ချိန်အမှီ ပြန်ရောက်ရန် ညွှန်ကြားထားပြီးဖြစ်သည်။
သတ်မှတ်ချိန်လွန်မှ ပြန်ရောက်လာသော ရဲဘော်လှထွန်းဦး (သားကြီး)နှင့် ရဲဘော်ငြိမ်းငြိမ်းတို့နှစ်ဦးကို ခေါ်တွေ့သည်။ အရက်အတော်မူးနေပုံပေါ်နေသည်(ရဲဘော်ငြိမ်းငြိမ်းနှင့် ရဲဘော်လှထွန်းဦးတို့ နှစ်ဦးစလုံး တတိယ နိုင်ငံရောက်ကြကုန်ပြီ)၊ သတ်မှတ်ချိန်အမှီရောက်ရန် ပြေးလာကြသည်။
“မောလိုက်တာ(လခွီးမှဘဲ၊ သောက်ထားတဲ့အရက်တွေ ဘယ်ရောက်ကုန်မှန်းတောင် မသိတော့ဘူး” သို့သော် သတ်မှတ်ချိန်မရောက်၊ အချုပ်တို့၊ ကြိမ်ဒဏ်တို့ ပေးခဲ့ပြီးဖြစ်သည်။ ရဲဘော်တွေကို အသားမနာစေချင်တဲ့ စေတနာလည်းပါသည်။ (စည်းကမ်းမရှိတဲ့ လက်နက်ကိုင်တပ်ဟာ တပ်မတော်မဟုတ်ဘူး၊ (ဓါးပြအဖွဲ့ဘဲ) ဖြစ်သည်။ ထို့ကြောင့် စည်းကမ်းရှိတဲ့ တပ်မတော်ဖြစ်ရေးကို ကြိုးစားလုပ်ဆောင်သည်။
“မင်းတို့သတ်မှတ်တဲ့ အချိန်လွန်သွားတယ်၊ ဒုတ်ယူမလား၊ ဒဏ်ယူမလား။ “ဒဏ်ယူမယ်။”
“ကဲ၊ ဒါဆို ဟိုမှာထားတဲ့ ရေပုံးနဲ့ ထမ်းဘိုးသွားယူ” ရန် ညွှန်ကြားလိုက်သည်။ “အလံတိုင်အောက်မှာထားတဲ့ လေးတောင့်သံပုံးထဲ ရေအပြည့်ထည့်”
မှတ်ချက်။
ရေဖြည့်ရန် ထားသောရေပုံးမှာ နို့ဆီဘူးဖြစ်သည်။ နို့ဆီဘူးနှစ်ဘူးနှင့် လေးတောင့်သံပုံး ရေအပြည့်ဖြည့်ရန် မည်မျှကြာမည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ ဒဏ်ယူပါက ကြိမ်ဒဏ်ဖြစ်သည်။ ကြခတ်ဝါး လက်မအရွယ်၊ နှစ်တောင်ခန့်ဖြတ်ထားသည်။ အနည်းဆုံး(၃)ချက်မှ (၅) ချက်အထိ အပြစ်ပေးခံရမည်ဖြစ်သည်။
တပ်ဖွဲ့ရုံးသည် တောင်ကုန်းပေါ်တွင်ရှိသည်။ ချောင်းထဲကို (၇)မိနစ်ခန့် ဆင်းရမည်ဖြစ်သည်။ နို့ဆီဘူး(၄)ဗူးနှင့် လေးဒေါင့်သံပုံးအပြည့် ဘယ်နှစ်ခေါက် တက်လိုက်ဆင်းလိုက် ရေအပြည့်ခတ်ရမည်ကို ခန့်မှန်းနိုင်ပါသည်။ ဘယ်ရဲဘော်က လက်သရမ်းထားသည်မသိ၊ နို့ဆီဘူးများကို အပေါက်ကလေးများပင် ဖေါက်ထားသေးသည်။ မတထောင်သားတွေ၊ အခြားတပ်က လက်မခံချင်သူတွေဆိုတော့ ဒီလောက်လေးတော့ ရှိနိုင်ပါသည်။
နံက် (၅) နာရီထိုးသည်နှင့်ကရင်အမျိုးသားအလံတော်အလေးပြုခြင်းနှင့်သစ္စာလေးချက်ဆိုကြသည်။
-ငါတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပါမည်။
-ငါတို့သည် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ပါမည်။
-ငါတို့သည် ကျဆုံးလေပြီးသော အာဇာနည်များအပေါ် သစ္စာရှိပါမည်။
-ငါ့အား အထက်မှပေးအပ်သောတာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာထမ်းဆောင်ပါမည်ဟု သစ္စာပြုပါသည် ဟူသော သစ္စာပြုသံသည် (ဝေါ်လေ)တရွာလုံးကို လွမ်းခြုံသွားတော့သည်။
တပ်ရေးဗိုလ်ကြီးစောစိုင်းမွန်သည် မိမိအားမိန့်ခွန်းချွေရန်လာရောက်သတင်းပို့သဖြင့် တန်းစီထားပြီး သတိအနေအထားနှင့် ရှိနေသော ရဲဘော်များရှိရာသို့လာပြီး..
“တပ်ဖွဲ့ သက်သာ၊ အေးစေ” အနေအထားနှင့်နေစေပြီး မိမိစကားစပြောလိုက်သည်။ ရဲဘော်တို့- ငါတို့ မနက်ဖန်ခရီးထွက်တော့မယ်၊ သွားရမဲ့ခရီးကဝေးတယ်၊ တဖက်နိုင်ငံကိုဖြတ်သွားရမယ်။ တိတ်တိတ်၊ ဆိတ်ဆိတ်ရှိဘို့လိုတယ်။ ကိုယ့်တိုင်းပြည်မဟုတ်ဘူး၊ သတ်မှတ်ထားတဲ့ ကားရပ်မဲ့နေရာ ရောက်မှ အိမ်သာတက်ရမယ်၊ စားရမဲ့ နေရာရောက်မှ စားရသောက်ရမယ်။ တို့တတွေဟာ ပျော်ပွဲစားထွက်တာမဟုတ်ဘူး၊ စစ်ဆင်ရေးကြီးတခုကို ဆင်နွှဲရမှာဖြစ်တယ်၊ အသွားခြေရာဘဲရှိရင်ရှိမယ်။ ဘာဘဲဖြစ်ဖြစ်၊ စစ်ထဲဝင်ကတည်းက ရှင်သေမင်းကို သစ္စာနှံထားကြပြီးဖြစ်တယ်။ အမျိုးသားအလံတော်ကို ကိုယ်တွယ် သစ္စာဆိုထားပြီးလည်း ဖြစ်တယ်။ ဘယ်နေရာ၊ ဘယ်အချိန်ဘဲသေသေ၊ ကြိုက်တဲ့အချိန် အမျိုးသားအတွက် အသေခံတိုက်ပွဲဝင်မယ်လို့ ငါတို့အားလုံးသစ္စာပြုထားတယ်၊ အဆန်းမဟုတ်ဘူး။ (Death Rather Than Slavery) (Death Rather Than to be a coward)“ကျွန်ဖြစ်ရခြင်းထက် သေတာကမြတ်တယ်၊ သူရဲဘော်ကြောင်ခြင်းထက် သေတာက မြတ်တယ်” လို့ငါတို့ခံယူထားကြပြီး” ခု တန်းစီထားတဲ့ရဲဘော်အားလုံးငါနဲ့လိုက်မဲ့ ရဲဘော်တွေမဟုတ်လား။ “ဟုတ်တယ်”ဟူသော အဖြေတကွင်းလုံး ဆူညံသွားသည်။ လိုက်မဲ့ရဲဘော်စာရင်းကို တပ်ရေးဗိုလ်ကြီးဖတ်ပြသည်။
မန်းရောဘတ်ဇန်၊ စောစိုင်းမွန်၊ စောတင့်လွင်၊ စောထူးထူး၊ မန်းငြိမ်းငြိမ်း၊ စောကော်လာ၊ စောထဲနစင် (KNU/KNLA)၊ စောကေးဒိုစေး၊ စောသောထူး(ယွားဟေလူတိုက်ပွဲ၌ကျဆုံး)၊ စောထီဘလု၊ စောဖိုးသာထူး (ယွားဟေလူတိုက်ပွဲ၌ကျဆုံး)၊ မန်းထွန်းမြင့်၊ မန်းကြာကြေး၊ မန်းအောင်ထွန်း၊ မန်းနန်းအောင်၊ မန်းအေးသောင်း(DKBA)၊ မန်းကတုံး(ဇဒိန်၊လေညှာတိုက်ပွဲ၌ကျဆုံး)၊ မန်းရေ၊ မန်းစိန်၊ မန်းချစ်ဝင်း၊ စောမော်ကွီး၊ မန်းဂျိုးဖြူ၊ မန်းတင်ထွန်း(ဇဒိန်၊လေညာတိုက်ပွဲ၌ကျဆုံး)၊ မန်းဝင်းဘို၊ မန်းဒေးဗစ်၊ ကိုကျော်စွာ(ဆုံး)၊ စောသန်းဝင်း(စောကုလား)၊ မန်းမောင်အေး၊ စောပန်းဝေ(လက်နက်ချ)၊ မန်းကြည်မြင့်၊ မန်းကြည်အေး၊ မန်းသောင်းစိန်၊ မန်းသာဓု၊ မိုဟာမက် ငမဲ (ကျော်ဆန်း)၊ စောဝင်းနေထူး၊ စောကော်နေထူး၊ စလိုင်းနေဦး၊ မန်းလဘို၊ စောဆာဒူးဒူ၊ မန်းစောငယ်(ဆုံး)၊ မန်းလှမြင့်(ဆုံး)၊ မန်းမြင့်လှိုင်၊ မန်းကျော်ဇေယျ၊ မန်းကျော်မိုးနိုင်၊ မန်းအဖု၊ မန်းအယိုင့် (DKBA)၊မန်းရွှေလာ၊ မန်းမောင်ပိန်၊ စောသက်ဇော်၊ စောခင်မောင်ထွန်း၊ မန်းကျော်ကျော် နှင့် စောလားဟေးတို့ ဖြစ်သည်။ စုစုပေါင်းရဲဘော် (၅)ကျိပ် ဖြစ်သည်။ တပ်ရေးဗိုလ်ကြီးစောစိုင်းမွန် အင်အားစာရင်း ဖတ်ကြားပြီးနောက် မိမိမှ မိန့်ခွန်းဆက်ပြောသည်။
ရဲဘော်တို့….
“စစ်ထွက်ပြီးဆိုရင်၊ ချစ်ဦးသူတွေကို ခွဲခွာရမယ်။ အိမ်သူသက်ထား ချစ်ဇနီးမယားတွေ၊ သား/သမီးတွေကို ရက်ရှည်လများ ခွဲခွာရမယ်၊ ဒါဟာ ကမ္ဘာ့စစ်သမိုင်းအစကတည်းက ဖြစ်ရှိခဲ့တဲ့ တရားတွေဖြစ်တယ်။ ငါကတော့ ရှေ့တန်းထွက်ပြီးဆိုတာနဲ့ အားလုံးကိုမေ့ထားလိုက်တယ်၊ ဘာသံယောစဉ်မှ မထားဘူး၊ ငါတယောက်ထဲရှိတယ်လို့ ခံယူလိုက်တယ်။ ဒီလိုမှမဟုတ်ရင် ငါလည်း လူတယောက်ဘဲကွ၊ မိသားစုကို သတိရတာတို့၊ လွမ်းတာတို့ဖြစ်တယ်။ ဒါကြောင့် အားလုံးမေ့ထားလိုက်၊ ပြန်တွေ့ကြမှဘဲ တဝကြီးချစ်ပေါ့ဟုတ်လား” ဟု မိန့်ကြားပြီး တပ်ရေးဗိုလ်ကြီး စောစိုင်းမွန်ကို ဆက်လုပ်ရန် ညွှန်ကြားလိုက်သည်။
နောက်နေ့ နိုဝင်ဘာလ (၃ဝ)ရက်၊ ၁၉၈၉ ခုနှစ် ခရီးစထွက်သည်၊ တနေ့လုံးကားစီးသည်၊ တညလုံး ကားစီးပြီး ညသန်းခေါင်ကျော်မှ (မိုးတောင်) ရောက်တော့သည်။ (Sweet December) ဟု ပြိုင်တူ ထောပနာပြုသံ ကြားနေရသည်။ “ဩ ဒီဇင်ဘာလတောင်ရောက်တော့မှာလား။” “ကျန်ခဲ့တဲ့ ဇနီးနဲ့သား၊ သမီးလေးတွေ(Sweet December) ညဘုရားဝတ်ပြုကြတော့မည်ကို မြင်ယောင်လာသည်။ (မိုးတောင်) ရောက်ပြီး တပ်တွေကို နေရာချသည်။ ထိုစဉ်က ဘိတ်-ထားဝယ် ခရိုင်၌ တပ်ရင်း (၁၀)အဆင့်သာရှိသေးသည်၊ (မိုးတောင်)တွင် တပ်ခွဲ တခွဲထားသည်။ (မိုးတောင်)တာဝန်ခံမှာဗိုလ်မှူးဟန်ကြည်ဖြစ်သည်။
မှတ်ချက်။
တပ်ရင်း(၁၀)မှ (NDF) အပတ်စဉ်(၁)မိမိနှင့် ဗိုလ်သင်တန်းအတူတက်ရောက်ခဲ့သူများမှာ မိမိမှတ်မိသလောက်။ ဗိုလ်မူကယ်၊ ဗိုလ်ကောကရ၊ ဗိုလ်လွမ်းထူးမြတ်၊ ဗိုလ်ထွန်းထွန်း၊ ဗိုလ်တာအယ်မူး၊ ဗိုလ်အောင်နိုင်တို့ဖြစ်သည်။ မိမိတို့ (မိုးတောင်)ရောက်စဉ် မိမိနှင့် အပတ်စဉ် တခုထဲမှ ဗိုလ်ကောကရနှင့် ပြန်တွေ့သည်။ နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေကိုမေးသည်။ ထားဝယ်မြို့၌ ခလရ (၂၅)တရင်းသာရှိသည်။ နောင်းဘွာ တောကြီးသည် ဆူးခြုံတွေထူထပ်သည်၊ ကျယ်သည်၊ ရန်သူ စထွက်ကတည်းက ပြောက်ကျား ဆက်တိုက်ပစ်နေရင် တော်တော်နှင့် (မိုးတောင်)မရောက်နိုင်။ (KNDO)တွေ တပ်ချထားတဲ့နေရာကလဲ စိုးမိုးကုန်းဖြစ်နေသည်။ မြေပြင်အနေအထားအရ စစ်တိုက်လို့ကောင်းသည်ဟု မှတ်ယူထားသည်။
နောက်နေ့ (၈၈)ပြည်သူ့တော်လှန်ရေး ရဲဘော်များရှိရာ စခန်းကို သွားလည်သည်။ နှစ်ရာခန့်ရှိမည်။ လူငယ်၊ လူရွယ်၊ ရဲဘော်၊ ရဲမေတွေဖြစ်သည်။ တော်လှန်စစ် အတွေ့အကြုံနုနယ်သေးသူများဖြစ်သည်။ သို့သော် ပြည်သူ့တော်လှန်ရေး စိတ်ဓါတ်ကတော့ တောင်ထိပ်မှာရှိနေသည်။ ထိုရဲဘော်များအနက်၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း(၂၀၃) တပ်ရင်းမှူးဖြစ်လာမည့် ကိုထိန်လင်းနှင့်တွေ့သည်။ ဘိတ်သံဝဲဝဲနှင့် သူစကားပြောသံမှာ နားထောင်လို့ ကောင်းနေသည်။
“ခင်ဗျားတို့ အဖွဲ့မှာသေနတ်ဘယ်လောက်ရှိလဲ။” “ရိုင်ဖယ် သုံးလက်”“နည်းတာပေါ့၊ ကျနော့မှာ (ဝမ်းခါ) တိုက်ပွဲက ရထားတဲ့ သေနတ်အပို (၁၅)လက်ရှိတယ်။ စစ်တိုက်ချင်တဲ့ ရဲဘော် (၁၅)ယောက် ကျနော်နဲ့အတူ လိုက်လို့ရတယ်။ သဘောတူရင် နက်ဖန်ကျနော်ဆီလာခဲ့”ရန် ပြောပြီး မိမိအခြေပြုရာသို့ ပြန်လာသည်။ နောက်နေ့ ဗိုလ်ထိန်လင်း အပါအဝင် ရဲဘော် (၁၅)ယောက် ကျနော့ထံရောက်လာသည်။ မိမိရဲဘော်များနှင့် အတူထားပြီး အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်မည့် မိမိရဲဘော်များအဖြစ် သဘောထားလိုက်သည်။
မိမိတို့ အခြေပြုထားသောနေရာ၏ အရှေ့တွင် ဘောလုံးကွင်းရှိသည်။ ရဲဘော်များ၏ ကြံ့ခိုင်ရေးနှင့် သက်လုံ ကောင်းမွန်ရေးအတွက် ဘောလုံးကွင်းပတ်၍ အနည်းဆုံး (၁၀)ပတ် ပြေးခိုင်းသည်။ မိမိလည်း ဝင်ပြေးသည်။ ပြေးနေစဉ် ခြေလှမ်းညီရန်အတွက် ““အမှတ်စဉ် ဆို=(၁၊၂၊ ၃၊ ၄၊) (၁၊ ၂၊ ၃၊ ၄) (၁၊ ၂၊ ၃၊ ၄)” “များများတိုက်၊ အောင်ပွဲဟာတို့အတွက်”ဟု ကရင်ရဲဘော်များ အော်နေသလို ကျောင်းသားရဲဘော်များ လိုက်အော်ကြသည်။
မိမိတို့ ချီတက်ရမည့်ရည်မှန်းချက်မရောက်သေး၊ (မိုးတောင်)သည် ခရီးတဝက်သာရောက်သေးသည်။ မကြာမီ မိမိနှင့် ဒေသခံ(၃)ယောက် (ရွားဟေလူ)သို့ ချီတက်ကြသည်။ (မိုးတောင်)သည် တဘက်နိုင်ငံ (ပရာကျွပ် ကီရီခံ)မြို့နှင့်နီးပြီး (ယွားဟေလူ)သည် တဘက်နိုင်ငံ (ချွံဖုန်း)မြို့နှင့်နီးသည်။ (ဘုတ်ပြင်း)မြို့၏ အရှေ့ဘက် နှင့် (မာရမ်း)၏ မြောက်ဘက်တွင်ရှိသည်။ နယ်ခြားသစ်လုပ်ငန်းဂိတ်လေးဖြစ်သည်။ ထိုဂိတ်ကို ဗိုလ်ကြီးလှစိုး(ကျဆုံး) မှ (ယွားဟေလူ)ဟု အမည်ပေးထားသည်။ (ယွားဟေလူ) ၏ စကောကရင်လို အဓိပ္ပါယ်မှာ (ဘုရားပေးသောကုန်း)ဟူ၍ဖြစ်သည်။ ထိုကုန်းနှင့်မနီးမဝေးတွင် ပွိုင့် (၄၉၁)တောင်ကုန်းရှိသည်။ ဗမာ့တပ်မတော်၊ ကမ်းရိုးတန်းတိုင်းတပ်များ မသိသူရှားသည်။ (ယွားဟေလူ)ဒေသတခုလုံး မုန်တိုင်းကြီး မွှေခဲ့ဘူးသဖြင့် သစ်ပင်ကြီးများ အမြစ်ကျွတ်ထွက်ကုန်သည်။ သစ်ပင်ကြီးများအောက်တွင် အသစ်ထွက်လာသော အပင်များဖြင့် ပြည့်ကြပ်နေသည်။ ခြုံပုတ်၊ နွယ်ပင်များကို တိုးလို့မပေါက်၊ သွားလာရန်ခက်ခဲသည်။ သစ်ကိုင်းပေါ်ကျော်၍ တနေရာမှ တနေရာသွားရသည်။
တောကောင်များ တကောင်တလေမှ မတွေ့၊ ဖါးအော်သံမှတပါး၊ မြောက်ကျိုးခွေသံများလည်း မကြားရ။ အစားဆင်းရဲ၊ အနေဆင်းရဲမည့် နေရာဖြစ်သည်။ ပေါများတာတော့ရှိသည်။ အခြားမဟုတ်။ နေ့နေ့ညည တပ်တော်ကြီးနှင့် ချီတက်လာပြီး သွေးလာစုတ်ကြသော ခြင်အုပ်ကြီးရှိသည်။
မိမိစဉ်းစားမိသည်။ သမ္မာကျမ်းစာထဲမှ (Promise Land) သည် (ပျားရည်နှင့်နွားနို့) စီးဆင်းရာအရပ်ဖြစ်သည်ဟု ကြားဘူးသည်။ ယခုရောက်ရာ အရပ်သည် သွားလာရန် ခက်ခဲသော တောင်ကုန်းနှင့် မိနစ် (၃၀)ခန့် ရေဆင်းခတ်၊ ရေဆင်းချိုးရမည့်နေရာဖြစ်သည်။ မတတ်နိုင်၊ အခက်အခဲဟူသမျှ ကျော်ဖြတ်နိုင်ရမည်။ ရှေ့မှာရှိတဲ့ ဆူးညှောင့်ခလုတ်မှန်သမျှ ရှင်းထုတ်နိုင်ရမည်ဟု မိမိတို့ ထွက်မလာမီ ဆုံးဖြတ်ထားပြီးလည်းဖြစ်သည်။
နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေများကို လေ့လာသိရှိပြီး (မိုးတောင်)သို့ ပြန်လာသည်။ မိမိရဲဘော်များကို ပြန်ခေါ်ရန်စီစဉ်သည်။ မိမိတို့ (မိုးတောင်)စခန်း၌ ရှိနေစဉ် (ဖလူး)စခန်းကျသွားကြောင်း ကြေးနန်းရသည်။ တပ်မှူးတော်တော်များများ (ဝေါ်လေ) ခရစ်စမတ်ပွဲ ကျင်းပနေေကြောင်း၊ အလစ်အငိုက်ယူပြီး တိုက်လိုက်ကြောင်း၊ ထို့ကြောင့် ထိုစခန်းကျသွားကြောင်းသိရဖြင့် စိတ်ပျက်မိသလို စိတ်မကောင်းခြင်းဖြစ်မိသည်။ (ဖလူး)၌ ကျခဲ့သော မိမိသွေးနီများပင် မခြောက်သေးဟု ထင်မိသည်။
(ယွားဟေလူ)သို့ မိမိတို့အားလုံး ချောချောမောမောရောက်သွားပါပြီ။ ကြိုတင်ကြည့်ရှုထားပြီးဖြစ်၍ တပ်ဖွဲ့ ရုံးစိုက်မည့်နေရာ၊ ဗိုလ်ထိန်လင်းဦးစီး ကျောင်းသားတပ်ဖွဲ့နေရာ၊ နယ်စပ်ဂိတ်နေရာ၊ သင်တန်းကွင်းနေရာ၊ ဆေးရုံ၊ ရိက္ခာရုံစသည့် စီစဉ်ထားသည့်နေရာများသို့ သက်ဆိုင်ရာဌာနတာဝန်ခံများကို ပြောပြသည်။ ရေရှိသောနေရာ၌ မြေပြန့်ရှိသဖြင့် ဆေးရုံ၊ ရိက္ခာရုံထားမည်ဖြစ်သည်။ ဆေးအဖွဲ့၊ ရိက္ခာအဖွဲ့များ သတ်မှတ်ပေးသောနေရာ ခုတ်ထွင်ရှင်းရန်ဖြစ်သည်။
နယ်ခြားဂိတ်နေရာ၌ ဗိုလ်စိုင်းမွန်တို့အဖွဲ့ကိုထားပြီး မိမိနှင့် ရုံးအဖွဲ့သည် စိုးမိုးကုန်း(ကီးဒို)ကုန်း၌ နေရာချမည် ဖြစ်သည်။ နောက်နေ့တွင် သက်ဆိုင်ရာဌာနတာဝန်ခံများနှင့် ရဲဘော်များသတ်မှတ်ထားသည့်နေရာသို့ နေရာရှင်းရန် လှုပ်ရှားကြတော့သည်။ မိမိသည် နံနက်စာစားပြီး (ကီးဒို)ကုန်းသို့ ဗိုလ်တင့်လွင်နှင့် တပ်စိတ်တစိတ်ခေါ်ပြီး နေရာသွားရှင်းတော့သည်။ နယ်ခြားဂိတ်မှ တောင်ကြောအတိုင်း တက်ရမည်ဖြစ်သည်။ လမ်းမရှိ၊ လှဲနေသောသစ်ပင်ကြီးများပေါ် ခက်ခက်ခဲခဲတက်သွားရသည်။ ပုံမှန်နာရီဝက်ခရီးကို နှစ်နာရီခန့် တက်ရသည်။ လမ်းတလျှောက် တချို့အပင်များ၏ အရွက်သည် လက်ကိုထိမိပါက (ဘောက်ဖတ်)ထိသလို ယားယံ နာကျင်လာသည်။ အခက်အခဲပေါင်းစုံရင်ဆိုင်နေရသည်။
တပတ်ခန့်အကြာ တပ်ရင်း(၁၀)မှ ပြန်တမ်းတခုရောက်လာသည်။ မိမိတို့အဖွဲ့အား စစ်ကြောင်း (၃)ဟု သတ်မှတ်လိုက်သည်။ မိမိတို့ အုပ်ချုပ်မှုအောက်တွင် ဗိုလ်ခိုင်ရာဇာ(အိန္ဒိယကျွန်းတကျွန်းတွင် ကရင်၊ ရခိုင်တပ်မှူး တချို့နှင့်ရက်စက်စွာအသတ်ခံလိုက်ရသူ)ဦးစီးသော ရခိုင်အမျိုးသားအဖွဲ့၊ ဗိုလ်အဒူလာ ဦးစီးသော ကော်သူးလေမွတ်ဆလင်လွတ်မြောက်ရေးတပ်ဖွဲ့ရှိသည်။ စစ်ကြောင်း(၃) အဆင်ပြေချောမွေ့စေရေးအတွက် ရခိုင်နှင့် မွတ်ဆလင်အဖွဲ့များကို စစ်ကြောင်းရုံးသို့ ပြန်လာရန်ညွှန်ကြားလိုက်သည်။ လူစုံရောက်လာပြီးဖြစ်၍ စည်းဝေးပွဲပြုလုပ်သည်။ အချက် (၃)ချက်ချမှတ်လိုက်သည်။ ပဌမအချက် အဆင့်(၁)၊ (အခြေခံစခန်းခိုင်မာရေး)၊ ဒုတိယအချက် အဆင့်(၂)၊ (လူထုစည်းရုံးရေး)နှင့် တတိယအချက် အဆင့်(၃)၊ (ပင်လယ်ပြင်စိုးမိုးရေး)တို့ ဖြစ်သည်။ နယ်မြေအနေနှင့် ပတ်သက်ပြီး “ဘုတ်ပြင်းမှာ ခလရ (၂၂၄)ရှိတယ်၊ ကော့သောင်းမှာ တခွဲ၊ (မာရမ်း)မှာ တခွဲရှိတယ်။ စခန်းရဲ့ တောင်ဘက်မှာ (ဗိုလ်သွေး)ဦးစီးတဲ့ (ဒညတ)အဖွဲ့၊ တို့ရဲ့မြောက်ဘက်မှာ (ဗဂုံမာန်) ဦးစီးတဲ့ မွန်အဖွဲ့၊ မွန်အဖွဲ့နဲ့ ကျနော်တို့ကြားမှာ (ရတနာပုံ)မိုင်းရှိတယ်၊ ရန်သူရှိတယ်၊ (ကရသူရိ)ဂွင်မှာ လှုပ်ရှားနေတဲ့ (ဓါးပြ)အဖွဲ့ရှိတယ်။ လူနဲ့လက်နက်အင်အားတွေ မသိသေးဘူး၊ ဒီအဖွဲ့တွေ ရန်သူကိုသာ ဆန့်ကျင်ရင် ငါတို့ မဟာမိတ်ဖွဲ့ရမယ်”။
“(The enemy of my enemy is my friend) ဆိုတဲ့ (ဒဿန)ကို အကောင်အထည်ဖေါ်ရမယ်။ ယာယီဘဲဖြစ်ဖြစ်၊ အမြဲတန်းဘဲဖြစ်ဖြစ် ဖွဲ့ရမယ်၊ ရန်သူ မများလာအောင်လုပ်ရမယ်၊နဝတ (နအဖမဖြစ်မှီ)ကို ဦးတည်တိုက်ဘို့၊ ရန်သူတဦးထဲ ထားဘို့ဖြစ်တယ်။”“လူထုစည်းရုံးရေးနဲ့ပါတ်သက်လို့ (နာကဖရောင်) (ဇဒိန်)စတဲ့ ကရင်ရွာတွေ၊ (လေညှာ) စတဲ့ (ပသျှုး-ဘိတ်) ရွာတွေဟာ စခန်းနဲ့ (၃)ရက် လောက်သွားရတယ်။ ဒါပေမဲ့ စခန်းရဲ့ အရှေ့ချမ်းမှာ (ထိုင်း)ရွာတွေရှိတယ်။ (လူထု)စည်းရုံးရေးဆိုရင် ဘယ်လူထုဘဲဖြစ်ဖြစ် စည်းရုံးရမယ်၊” “လူထုဆိုရင် ဘယ်လူမျိုးဘဲဖြစ်ဖြစ် အလုပ်အကြွေးပြုရမယ် စည်းရုံးရမယ်”
“စည်းရုံးရေးလုပ်တာ လေသွားကန်တာမဟုတ်ဘူး၊ အလုပ်အကြွေးသွားပြုတာ၊ ဇိမ်နဲ့ထိုင်ပြီး လူထုကို ခိုင်းစားတာမဟုတ်ဘူး၊ လူထုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တာဖြစ်တယ်။ လူထုပြဿနာကို ကူညီဖြေရှင်းပေးတာ၊ လူထုအခက်အခဲကို ကူညီတာဖြစ်တယ်။”
“ပင်လယ်ပြင် စိုးမိုးရေးကို တတိယအဆင့်မှာထားတယ်၊ (ကော့သောင်း)က ဘိတ်ကျွန်းစုတွေအထိ ဘာစီးပွားရေးတွေရှိတယ်၊ ငါးဖမ်းလှေ (ကြီး၊ လတ်၊ ငယ်)ဘယ်လောက်ရှိတယ်၊ ပုလဲ-ငှက်သိုက် လုပ်ငန်းတွေ ဘာတွေရှိတယ်ဆိုတာ ဒီမလာခင်ကတဲက လာစုံစမ်းထားပြီးဖြစ်တယ်။ အဓိကအချက်ဟာ (ရန်သူကို ချေမှုန်းနိုင်ဘို့ မိမိကိုယ်ကို ခိုင်မာ တောင့်တင်းအောင် တည်ဆောက်ရမယ်။)
ဒီစခန်းဟာ ဒို့ရဲ့အခြေခံစခန်းဘဲ။”
ဒီစခန်းခိုင်မာဘို့ စည်းဝိုင်း (Circle) (၃)ခုထားတယ်။
-အတွင်းစည်း၊ ပဌမစည်းဝိုင်းဟာ ဒီစခန်းဖြစ်တယ်၊
-အလယ်စည်း၊ ဒုတိယစည်းဝိုင်းဟာ (ပလာအော) ချောင်းအထိဖြစ်ပြီး၊
-အပြင်စည်း၊ တတိယစည်းဝိုင်းကတော့ (ဘုတ်ပြင်း) နားအထိဖြစ်တယ် အဆင့် (၁)နဲ့ အတွင်းစည်းကို အရင်လုပ်မယ်။
ဗိုလ်သွေးရဲ့ (ဒညတ)အဖွဲ့ကို အရင်စည်းရုံးမယ်၊ နောက် မွန်အဖွဲ့၊ ပြီးရင် (ကရသူရိ)က (ဓါးပြ)အဖွဲ့ကို မိတ်ဆွေမဖြစ်တောင် ဒို့ကိုမတိုက်ဘို့၊ မဆန့်ကျင်ဘို့ (ကြားထား)ဘို့ လုပ်ရမယ်။” “အတွင်းစည်း စီမံချက်ကတော့ အခိုင်အမာစခန်းဟာ (ကီးဒို)ကုန်း ဖြစ်တယ်၊ သူ့ရဲ့အောက်နားက တောင်ကြောကို အကာအရံအဖြစ်ထားမယ်။ ပွိုင့် (၄၉၁)ကုန်းကို မေ့ထားလို့မရဘူး၊ အားလုံးကို စိုးမိုးထားတယ်။ ခက်တာက ဒီကုန်းဟာ အမှန်မှာ နယ်ခြားသတ်မှတ်ရာမှာ ရေဝေကုန်းတန်းအတိုင်း နယ်ခြားသတ်မှတ်ရမယ်၊ ခုတော့ကွာ တောင်ထိပ် မရောက်ခင် ဘေးက ပတ်ပြီးဆွဲသွားတယ်၊ ဒီတော့ စိုးမိုးကုန်းဟာ တဘက်နိုင်ငံဘက်ခြမ်းမှာ ရှိနေတယ်။ တိုက်ပွဲဖြစ်ရင် ရန်သူဟာ ဒီကုန်းကို အရယူမှာဖြစ်တယ်။ အဲဒီကနေ ဒို့ကို ဦးနှိမ်ပစ်ထားရင် ဒို့ခေါင်းဖေါ်နိုင်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဒီနေရာကို အရယူထားရမယ်”။
ဒီစီမံချက်တွေအတိုင်း ငါတို့တပ်ဖွဲ့က အတွင်းစည်း ခိုင်မာရေးကိုလုပ်မယ်၊ ဗိုလ်ရာဇာနဲ့ ဗိုလ်အဒူလာ တို့ အဖွဲ့ကတော့ ရှေ့တန်းပြန်ထွက်ပြီး (နာကဖရောင်၊ ဇဒိန်နဲ့လေညာ)ဘက်မှာ ပြန်လှုပ်ရှားပြီး လူထုစည်းရုံးရေးနဲ့ ရန်သူ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်၊ ပိုင်ရင်တိုက်ရန် လမ်းညွှန်ချက်များချမှတ်ပြီး အစည်းအဝေး ရုတ်သိမ်းလိုက်သည်။







Leave a comment