ကျနော် နှင့် (ယွားဟေလူ) သို့မဟုတ် ပွိုင့် (၄၉၁) – အပိုင်း(၂)

(ဖူးကီးဒို-မန်းရောဘတ်ဘဇန်)

အပိုင်း(ခ)။

စီမံချက်အဆင့် (၁)ဖြစ်သည့် (ကီးဒို)ကုန်း ခိုင်မာရေးကို စတင်လုပ်ကိုင်ရန် တပ်မှူးများကို ခေါ်ယူလိုက်သည်။ (ကီးဒို)ကုန်းထိပ်ရှိ ခြုံနွယ်၊ မျက်ပေါင်းများ၊ သစ်ပင်များကို စုပေါင်းရှင်းရန် ဗိုလ်တင့်လွင်နှင့်အဖွဲ့၊ ဝါးခုတ်ရန် ဗိုလ်နောင်နောင်နှင့်အဖွဲ့၊ အိမ်ဆောက်ဘို့ အိမ်တိုင်ခုတ်ရန် ဗိုလ်သောထူးအဖွဲ့၊ (ကီးဒို)ကုန်းပတ်လည် ကတုတ်ကျင်းတူးရန် ဗိုလ်ကော်လာနှင့်အဖွဲ့တို့ကို အသီးသီး တာဝန်ပေးအပ်လိုက်သည်။ (၇)ရက် တပတ်အတွင်း အပြီးလုပ်ကိုင်ကြရမည်။ စီမံချက်အတိုင်း ရဲဘော်များ တက်ညီလက်ညီလုပ်ကိုင်နေကြသည်။

(The enemy of my enemy is my friend)ဆိုသည့် ခေါင်းဆောင်ကြီး စောဘဦးကြီး၏ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ရန် မိမိတို့ တောင်ဘက်ပိုင်းရှိ (ဒညတ)ဗိုလ်သွေး၏အဖွဲ့ကို စည်းရုံးရန်ပြင်ဆင်သည်။ လူအင်အား၊ လက်နက်အင်အားတို့ကိုလေ့လာသည်၊ တပတ်အတွင်း ဗိုလ်သွေးတို့အခြေအနေစုံကိုရရှိသည်။ ဗိုလ်သွေးသည် (အန်းထောင်း)(တဘက်နိုင်ငံတွင်းရှိရွာ)တွင် ထိုင်းအမျိုးသမီးနှင့် အိမ်ထောင်ကျနေသည်။

မှတ်ချက်။

ဗိုလ်သွေးသည် ဒေါက်တာမန်းမြင့်ဆိုင်၏ ညီအကိုဝမ်းကွဲတော်သည်။ တပ်ရင်း(၁၀)မှ မသင်္ကာသဖြင့် ဖမ်းဆီး စစ်ဆေးခြင်းခံရစဉ် အညှင်းခံထားရသဖြင့် (KNU)ကို စိတ်နာနေသူဖြစ်ကြောင်းသိရသည်။

လူအင်အား(၃၀)ခန့်ရှိပြီး လက်နက် လေးငါးခြောက်လက်ခန့်သာရှိသည်ဟုသိရှိရသည်။ ဗိုလ်သွေးနှင့် တွေ့ရန်အတွက် ဗမာစကားတတ်သော ထိုင်းရွာသား (ဦးနေအေး)ကို ခေါ်ယူ၍ “ကျနော် ဗိုလ်သွေးနဲ့ တွေ့ချင်တယ်၊ သူ့နဲ့တွေ့နိုင်အောင်စီစဉ်ပေးပါ”ရန် ပြောလိုက်သည်။ သုံးလေးရက်အတွင်း ဗိုလ်သွေးနှင့်(အန်းထောင်း)ရွာတွင်တွေ့သည်။ မြစ်ဝကျွန်းပေါ်သားချင်းလည်းဖြစ်၊ မိမိအကြောင်းကို သိရှိထားပြီး ဥက္ကဌကြီး မန်းဘဇန်၏ ဂုဏ်အရှိန်ကြောင့်လည်းဖြစ်နိုင်သည်။ ဘာပြသနာမျှမရှိဘဲ တွေ့ဆုံပွဲ ချောမောအောင်မြင်ပါသည်။ စည်းရုံးရေး ပထမအဆင့်အောင်မြင်သွားပြီးဖြစ်သည်။ ဆက်လက်စည်းရုံးရအုံးမည်။

နောက်တပတ် ရိက္ခာကိစ္စ (ချုံဖေါင်း)တွင် တပ်ထောက်ဗိုလ်သန်းဝင်းနှင့် ဝယ်ရန်အသွား ဗိုလ်သွေးကို ဝင်တွေ့သည်။ အိပ်ရာတွင်မူးနေသည်၊ သောက်ထားသည်မှာ တပတ်ခန့်ရှိနေကြောင်းသိရှိရသည်။ နောက်များမကြာမီ ဗိုလ်သွေးကိုသွားတွေ့သည်။ ၎င်းစခန်းသို့ သွားလည်ရန် ဘိတ်ခေါ်သဖြင့် သွားလည်သည်။ စခန်းကို ဝင်သည်နှင့် ဆေးခြောက်အနံ့များနှင့် ဆီးကြိုသည်။ ဆေးခြောက်ရှူထားလို့ထင်သည်၊ မျက်စေ့ နှစ်ကွင်းစလုံး နီရဲနေကြသည်။ စစ်ဝတ်စုံဝတ်ထားသူတဦး နှစ်ဦးသာရှိပြီး ကျန်အရပ်ဝတ်များသာဖြစ်သည်။

မိမိတို့ (ကီးဒို)ကုန်းတောင်ထိပ်ပတ်လည်၌ (၁၀)လှံကွာ တဲအိမ်များဆောက်ပြီးနေပါပြီး။ အလံတိုင် စိုက်ထူရန်နေရာ၊ တန်းစီလူစစ်ရန်ကွင်းနေရာပြင်ရန်ရှိနေသည်။ မြေမညီသဖြင့် မြေညှိရန်ရှိသည်။ နောက်တပတ်အပြီးမြေညှိရန် စီမံရပြန်သည်။ ဗိုလ်ကော်လာနှင့် အဖွဲ့ ဆက်သွယ်ရေးမြောင်းတူးရာဝယ်ပြီးသလောက် ရှိနေပါပြီ။ မိမိတပ်ဖွဲ့ရှိ တပ်မှူးများ မြေပုံဘတ်နည်း (Compass) ကြည့်နည်း၊ လက်နက်ကြီးပစ်နည်း စသည့် စစ်ပညာများကို တတ်မြောက်ထားကြပြီဖြစ်သည်။

မိမိတို့၌ရှိသော စစ်မြေပုံမှာ အမေရိကန်တပ်သုံး စစ်မြေပုံသာရှိပြီး အင်္ဂလိပ်စစ်တပ်သုံး တလက်မ တမိုင် မြေပုံမရှိပါ။ သို့သော်ပြဿနာမရှိ အားလုံးကြည့်တတ်ကြသည်။ မြေပုံကိုခင်းပြီး တပ်မှူးများကိုခေါ်၍ အကယ်၍ ရန်သူထိုးစစ်ဆင်လာပြီးဆိုရင် (ကီးဒို)ကုန်းကို တက်လာဘို့ တောင်ကြောသုံးကြောရှိတယ်၊ ဒီ တောင်ကြောသုံးကြောကြားမှာ မတ်စောက်တဲ့ ချိုင့်တွေဘဲ။ “မင်းသာရန်သူ့တပ်မှူးဖြစ်ရင် မင်းဘယ်လိုလုပ်မလဲ”လို့ တဦးချင်းမေးရာ ဘယ်လိုလုပ်မယ်၊ ညာလိုလုပ်မယ်လို့ အသီးသီးပြောကြသည်“။ ဒါဆိုရင် ဗိုလ်တင့်လွင် မင်းအဖွဲ့က ဒီတောင်ကြောထိပ်မှာ စောင့်ပစ်မဲ့ ကတုတ်နှစ်လုံးဆောက်။ ဗိုလ်ထူးထူးနဲ့ အဖွဲ့က ဟိုတောင်ကြောထိပ်မှာ ကတုတ် နှစ်လုံး၊ ဗိုလ်နောင်နောင်အဖွဲ့က ဟိုဘက်ချမ်း ပွိုင့် (၄၉၁) တောင်ကုန်းကို တက်မဲ့ တောင်ကြောထိပ် မှာ ကတုတ်နှစ်လုံးဆောက်”ရန် ညွှန်ကြားလိုက်သည်။

ရဲဘော်များ ကတုတ်ဆောက်ရန် တောင်ထန်းပင်များ၊ ဖြောင့်တန်းသောသစ်လုံးများကို ခုတ်နေကြသည်၊ (Overhead)လုပ်ရန်ဖြစ်သည်။ မိုင်းဗုံးဌာနတာဝန်ခံ ဗိုလ်ကျော်လှနှင့် ဗုံးအဖွဲ့ ဗုံးများလုပ်နေကြသည်။ ဆေးဌာနတာဝန်ခံ (Uncle Gyi) (ဆရာကလိုထူး)တို့ အဖွဲ့လည်း ဆေးရုံဆောက်ပြီးသွားပြီ။ ဆရာပန်းဝေ (ရန်သူ့ထံလက်နက်ချ)နှင့် ဆရာဂျိုးဖြူတို့နှစ်ဦး သစ်ဖြတ်လွှနှင့် သစ်ခွဲနေကြသည်။ ခွဲသားများနှင့် တပ်ဖွဲ့ရုံးနှင့် စာကြည့်တိုက်ဆောက်ရန်ဖြစ်သည်။ (ကီးဒို)ကုန်း၏ အောက်ဘက်မြေညီနေရာ၌ သင်တန်းနှင့် စည်းဝေးခန်းမဆောက်ရန် မြေညှိရန် ဝါးခုတ်သစ်ခုတ်ရန် လိုနေသေးသည်။

ရိက္ခာဌာနတာဝန်ခံ ဗိုလ်သန်းဝင်း (စောကုလား) (တပ်ရင်းစံပြရွှေတံဆိပ်ဆု)ရရှိသူအား၊ ရဲဘော် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်အားလုံး တယောက်တလ ပဲတကီလို၊ ဆီတပုလင်း၊အချိုမှုန့်တထုပ်၊ ငြုပ်သီး၊ ငါးပိ၊ ဆား အခြေခံစားကုန်များကို အချိုးကျ ဝေပေးရန်၊ ဟင်းအဖြစ် တောကောင်များကို အမဲလိုက်တောပစ် စားရန် ညွှန်ကြားထားသည်။(တောကျွမ်းရန်ရည်ရွယ်ချက်ဖြင့်တောပစ်ခိုင်းခြင်းဖြစ်သည်)။

မှတ်ချက်။

တပ်တွင်းစည်းလုံးညီညွတ်မှုတည်ဆောက်ရာ၌ လိုအပ်ချက်များမှာတန်းတူမှုရှိရမည်။ အစားအသောက်၊ စစ်ဝတ်တန်ဆာ၊ ဘာသာရေး၊ ရာထူးတိုးမြင့်ခြင်း တာဝန်ခွဲဝေမှု၊ အခွင့်အရေးများ၌ တန်းတူမှုရှိရမည်။ ဒီမိုကရေစီကျင့်သုံးရမည်။ တပ်တွင်း၌ လွတ်လပ်စွာပြောဆို၊ ရေးသား၊ တွေးခေါ်ခွင့်ရရှိမည်။ အပြန်အလှန်လေးစားရမည်။ ကရင့်တော်လှန်ရေးရဲဘော်များသည် အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် ပြည်နယ်ပေါင်းစု ပြည်ထောင်စုဖွဲ့စည်းရေး အခြေခံပေါ်တွင် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လခတပြားမှမရဘဲ ကိုယ်ကျိုးစွန့်ပေးဆပ်နေသူများဖြစ်သည်၊ မွန်မြတ်၍ ကြီးမြတ်သော တော်လှန်ရေးတာဝန်ယူနေသူများဖြစ်ကြသည်မို့ တိုင်းပြည်နှင့် ထပ်တူထပ်မျှတန်ဘိုးရှိကြသည်။ ထို့ကြောင့် အပြန်အလှန်လေးစားတန်ဘိုးထားရမည်။ ကြေးစားတပ်များ ကျင့်သုံးမှုနှင့် ဖြောင့်ဖြောင့်ဆန့်ကျင်သည်။

ပြည်ထောင်စုအငယ်လေးလို သဘောထားရမည်။ တပ်တွင်းရှိ ရဲဘော်များတွင် လူမျိုးစုံသည်။ မွန်၊ ရခိုင်၊ ဗမာ၊ ပသျှူး၊ ကရင် (စကောကရင်များအတွင်း ဘိတ်-ထားဝယ် ကရင်၊ တောင်ငူကရင်၊ မြစ်ဝကျွန်းပေါ် စကောကရင်)ဟူ၍၎င်း၊ ပိုးကရင်များအတွင်း အနောက်ပိုးကရင်၊ အရှေ့ပိုးကရင် ဟူ၍၎င်း ကွဲပြားလျှက်ရှိသည်။ ကရင်ပြည်ဘွား မွတ်ဆလင်၊ ရန်ကုန်၊ မော်လမြိုင်၊ ဖါးအံ မွတ်ဆလင် စသည့် လူမျိုးစုပေါင်းစုံနှင့် ရှိနေသည်။ ပညာတတ်ကျောင်းသားများ၊ လယ်သမား၊ ပျံကျအလုပ်သမား၊ ဆိုက်ကားသမားစသည့် လူတန်း စားပေါင်းစုံသည်၊ ဘဝစုံရှိနေသည်။ ဘာသာစုံသည်၊ ခရစ်ယာန်၊ ဘာသာဝင်များအတွင်း နှစ်ခြင်း၊ စနေအသင်း၊ ရိုမန်ကက်သလစ်၊ မက်သဒစ်ဘာသာဝင် အစုံရှိသည်။ ဗုဒ္ဒသာသာ၊ အစ္စလမ်ရှိသည်။ ဆေးမှူး(Uncle Gyi)သည် ဘယ်ဘာသာကိုမှ မကိုးကွယ်၊(အမှန်တရားသည် သူ့ဘုရားဖြစ်သည်)ဟု ခံယူထားသူဖြစ်သည်။ လူစုံသည်။

ဘာသာစုံ၊ လူမျိုးစုံ၊ ဘဝစုံသော တပ်ဖွဲ့တခုတွင် တန်းတူမှု၊ ဒီမိုကရေစီကျင်သုံးမှူ၊ အပြန်အလှန် လေးစားမှု နှင့် ပြည်ထောင်စု အငယ်စားလေးလို သဘောထားနိုင်မှ တပ်တွင်း စည်းလုံးညီညွတ်မှုရရှိမည်ဖြစ်သည်။

မှတ်ချက်။

ဘိတ်-ထားဝယ် ခရိုင်ရှိ တပ်ရင်း(၁၀)သည် တပ်မဟာ(၄)အဖြစ် ဗဟိုမှ သတ်မှတ်လိုက်သဖြင့် မိမိတို့စစ်ကြောင်း (၃)သည် တပ်ရင်း (၁၂)ဖြစ်လာခဲ့သည်။

လူမျိုးတမျိူးထဲရှိသော တပ်မျိုး၌ “ပြည်ထောင်စုအငယ်စားလို သဘောထားရန်လိုမည်မဟုတ်ပါ”။ တပ်တွင်း ၌ အထက်ပါ မူ(၄)ချက် ချမှတ်အုပ်ချုပ်သဖြင့် ပြဿနာကြီးကြီးမားမား ရင်မဆိုင်ရပေ။ တက်ညီလက်ညီ ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြသည်။ အခြေခံစခန်း ခိုင်ခိုင်မာမာတည်ဆောက် မပြီးမှီ ရန်သူထိုးစစ်မဆင်ရန်လိုသည်။ ဗိုလ်သွေးအဖွဲ့၊ မွန်အဖွဲ့ နှင့် ပင်လယ် ဓါးပြအဖွဲ့များကို မဟာမိတ် သို့မဟုတ် (ကြားထား)နိုင်အောင် ကြိုးစားရမည်။ ဗိုလ်သွေးအဖွဲ့ မိမိတို့ကို မဆန့်ကျင်ပေ။ ၎င်းကို မိမိတို့အဖွဲ့နှင့် ပူးပေါင်းလာရန် ကြိုးစားရမည်။ တနေ့ ဗိုလ်သွေး၏ အားသာချက်၊ အားနည်းချက်ကို တွေ့ရှိလာသည်။ ၎င်းအနေနှင့် ၎င်းတပ်ဖွဲ့အား မိမိထံအပ်လိုသည်။ ထောက်ပံ့ရေး ပြဿနာရှိနေသည်။ ထို့ကြောင့် ၎င်းရင်ဆိုင်နေရသော တပ်ထောက်ပံ့ရေးပြဿနာကို ညီအစ်ကိုသဘွယ်ဖြေရှင်းလိုကြောင်း ပြောသောအခါ သဘော တူလေသည်။ (ဒညတ)မှ ၎င်းတို့၏ ထောက်ပံ့ရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိတော့ပါ။ စားကြွေး၊ သောက်ကြွေး ဘတ်ငွေ ငါးသောင်း ရှိနေကြောင်းသိရသည်။

မှတ်ချက်။

“The supreme act of war is to subdue the enemy without fighting” “စစ်၏ အမြင့်ဆုံးလုပ်ဆောင်မှုသည် ရန်သူကို မတိုက်ရဘဲ အောင်နိုင်ခြင်း”ဖြစ်သည်ဟု တရုတ် စစ်ပါရဂူ ဆွန်ဇူး မှ သွန်သင်ထားသည်။

ဆွန်ဇူး၏ (ဒဿန)ကို (Apply) လုပ်ရန်၊ အကောင်အထည်ဖေါ်ရန် တပ်မှူး ဗိုလ်မှူးကြီးစိုးစိုးထံ သတင်းပို့ပြီး ဗိုလ်သွေးအား တပ်မှူးထံခေါ်သွားသည်။ ဘတ်ငွေငါးသောင်းထုတ်ပေးလိုက်သည်။ ဗိုလ်သွေးတဖွဲ့လုံး မိမိတို့ တပ်ဖွဲ့နှင့် ပူးပေါင်းလိုက်သည်။ မိမိတို့၏ တောင်ဘက်ပိုင်း (နအဖ)တပ်မှ လွဲ၍ ရန်သူမရှိတော့ပါ။

ဗိုလ်သွေးနှင့် တောင်ပိုင်း (ဒညတ)ပြဿနာပြေလည်သွားပါပြီ။

မှတ်ချက်။

ခေါင်းဆောင်ကြီးစောဘဦးကြီး၏ (The enemy of my enemy is my friend) (ငါ့ရန်သူ၏ ရန်သူသည် ငါ့မိတ်ဆွေဖြစ်သည်) နှင့် (တရုတ်စစ်ပါရဂူ ဆွန်ဇူး၏ (The supreme act of war is to subdue the enemy without fighting) (စစ်၏ အမြင့်ဆုံး လုပ်ဆောင်မှုသည် ရန်သူကိုမတိုက်ရဘဲ အောင်နိုင်ခြင်း)ဖြစ်သည် ဆိုသည့် လမ်းညွှန်မှုကို မှန်ကန်စွာအသုံးချလိုက်သဖြင့် ဗိုလ်သွေးအဖွဲ့နှင့် ပေါင်းစည်းမှု ရရှိလိုက်ခြင်းဖြစ်သည်။ အကယ်၍ ဗိုလ်သွေးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရပါက ဘတ်ငွေ (ငါးသောင်း)ထက်မက ကုန်ကျမည်ဖြစ်ပြီး အသက်များဆုံးရှုံးယုံမက အရင်းအနှီးနှင့် တန်ဘိုးများများပေးဆပ်ရမည်ဖြစ်သည်။

မြောက်ပိုင်းရှိ မွန်အဖွဲ့နှင့် တွေ့နိုင်ရန် စီစဉ်ရပြန်သည်။ (ဗဂုံမာန်)အဖွဲ့သည် (တရုတ်ဖြူ)ထံမှ အကူအညီရကြောင်း၊ တပ်မှူးတချို့ (တိုင်ဝမ်)တွင် စစ်သင်တန်းသွားတက်ကြောင်း၊ လက်နက်နှင့် စစ်သည်အင်အား ကောင်းကြောင်း သတင်းရသည်။ မွန်အဖွဲ့နှင့်တွေ့ရန် ၎င်းတို့နှင့်နီးစပ်သော၊ ၎င်းတို့ထံ ဝင်ထွက်နိုင်သူကို ရှာသည်။ တွေ့သည်။ မွန်အဖွဲ့နှင့် ရင်းနှီးသူမှာ ဗိုလ်သွေးဖြစ်နေသည်။ မွန်အဖွဲ့နှင့်‌တွေ့ရန် ဗိုလ်သွေးအား စီစဉ် ခိုင်းရာ- ၎င်းတို့မှ မိမိအား“တွေ့ချင်ရင်တယောက်ထဲလာခဲ့”ရန် အကြောင်းကြားသဖြင့် မိမိတယောက်တည်း သွားရန် ဆုံးဖြတ်လိုက်သည်။ ခရီးမထွက်မှီ မိမိရဲဘော်များနှင့်တွေ့ပြီး မွန်အဖွဲ့နှင့် သွားတွေ့ရေးကို ဆွေးနွေးရာ သဘောတူသူ ရှိသလို ကန့်ကွက်သူလည်းရှိသည်။“ဘာကြောင့်တယောက်ထဲလာခိုင်းရတာလဲဗျ၊ အဖေါ် တယောက်တောင် ခေါ်သွားခွင့်မရရင် အသက်အန္ဒရာယ် မရှိနိုင်ဘူးလား” “ရပါတယ်ကွာ၊ ဗိုလ်သွေးလည်း လိုက်မှာဖြစ်တယ်”။

မွန်အဖွဲ့ဟာ ငါတို့အတွက်အရေးကြီးတယ်။ မဟာမိတ်မဖွဲ့နိုင်ရင် ရေရှည်ရပ်တည်ဘို့ခက်မယ်၊ ရန်သူကို အေးအေးဆေးဆေး တိုက်နိုင်မှာမဟုတ်ဘူး၊ မွန်နဲ့ကရင်ဟာ သမိုင်းစဉ်တလျှောက် ဘုံရန်သူဆန့်ကျင်ရေးမှာ ဘဝတူတွေဖြစ်တယ်။ ကရင့်လက်နက်ကိုင်တော်လှန်ရေးအစမှာ (KNDO) နဲ့ (MNDO) ရှိတယ်။ ရန်သူကို အတူတိုက်ခဲ့ကြတယ်။ မွန်ခေါင်းဆောင်ကြီးတွေနဲ့ ကရင်ခေါင်းဆောင်ကြီးတွေကြား (သစ္စာ)ပြုချက် (၄) ချက် ရှိခဲ့တယ်။

မှတ်ချက်။

(KNDO)-(Karen National Defense Organization)

(MNDO)-(Mon National Defense Organization)

ဗိုလ်ကော်လာမှ “ကျနော်ကတော့ သွားဘို့ သဘောမတူဘူးဗျ၊ ဘုရားသုံးဆူ တိုက်ပွဲမှာ မွန်တွေ လက်ချက်နဲ့ ကျနော်တို့ တပ်ကြပ်ကြီးစောကဲ ကျသွားတယ်ဗျ” “စစ်တိုက်တာဘဲကွာ၊ ထိခိုက်၊သေကြေကြတာတော့ ရှိမှာပေါ့၊ စစ်မဖြစ်အောင်အရင်လုပ်ရမယ်၊ နည်းလမ်းရှာရမယ်။ မွန်အဖွဲ့နဲ့ တွေ့ပြီးမှ အဖြူ အမဲ ခွဲလို့ရမယ်။ သူတို့သတ်လို့ သေသွားရင် ငါ့တာဝန်ကျေတာပေါ့ကွာ။ The enemy of my enemy is my friend လို့ ခေါင်းဆောင်ကြီး စောဘဦးကြီး လမ်းညွှန်ခဲ့တယ်မဟုတ်လား”။ မိမိ နှင့် ဗိုလ်သွေး ကားငှားပြီး မွန်အဖွဲ့နှင့် သွားတွေ့သည်။ ၎င်းတို့ (ဂိတ်) အဝင်ဝတွင် လူခေါင်းခွံ နှစ်လုံးချိတ်ထားသည်။

“တယ်ဟုတ်ပါလား၊ အပြန် ခြေရာရှိပါ့မလား” “လူဆိုတာနှစ်ခါမသေဘူး”၊ “Death rather than to be a coward” “သူရဲဘော ကြောင်တယ်လို့ အထင်ခံရမှာထက် သေတာကမြတ်တယ်”ဟု မိမိကိုယ်ကို တယောက်တည်းပြောပြီး၊ မိမိတို့လာ မည်ကို (ဂိတ်)တာဝန်ကျများ သိထားပြီးဖြစ်၍ ဝင်ခွင့်ရသဖြင့် တောင်တက်လမ်းအတိုင်း တက်လာသည်။ သွပ်မိုးများနှင့် မိုးထားသော သစ်အဆောက်အဦးများ၊ ကတုတ်များ၊ ခြံစည်းရိုးများ၊ ညှောင့်များ၊ ဆက်သွယ်ရေးမြောင်းများနှင့် ခိုင်မာသောစခန်းတခုဖြစ်သည်။

ရုံးနှင့်တူသောအဆောက်အဦးထဲသို့ ဝင်လိုက်သည်နှင့် ကျားဝတ်စုံဝတ်ထားပြီး ကြယ်သုံးပွင့် တတ်ထားသော ကျားစစ်ဦးထုတ်ဆောင်းထားသော၊ ဝဝ ဖိုင့်ဖိုင့် လူတဦးကိုတွေ့သည်။ မိမိတို့အား လာနှုတ်ဆက်သည်။ (ဗဂုံ မာန်)ဖြစ်ကြောင်း၊ ဥက္ကဌဆိုသူနှင့်ပါ မိတ်ဆက်ပေးသည်။ (ရန်စီဟန်သာ)ဟုမိတ်ဆက်သည်။ ဥက္ကဌဆိုသူမှ မိမိအား“ခင်ဗျားကျနော့ကိုမှတ်မိလား၊ ကျနော်တို့ (သော်လဲထာ)စခန်းမှာ (တညလအသံလွှင့်)ဌာနဖွင့်တော့ မွန်ဘာသာအစီအစဉ်ကိုတာဝန်ယူကြောင်း၊ ဖြစ်ကြောင်းကုန်စဉ်ကို ပြောပြတော့မှ မိတ်ဟောင်းဆွေဟောင်းများ ဖြစ်နေတော့သည်။

မှတ်ချက်။

၁၉၇၁ ခုနှစ်၊ တညလ (တိုင်းရင်းသားညီညွတ်ရေးနှင့်လွတ်မြောက်ရေးတပ်ပေါင်းစု) အသံလွှင့်ဌာနကို (သော်လဲထာ)တောတွင်းတနေရာ၌ တည်ဆောက်ထားသည်။ ထိုစဉ်က ဦးတင်မောင်ဝင်း၊ သူ့ဇနီး ဒေါ်ဘေဘီ နှင့် သမီးလဲ့လဲ့ဝင်း၊ ဦးသုဝေ၊ မြဝတီဦးရဲခေါင်၊ ဦးထွေးမြင့်၊ ဦးရဲကျော်သူ စသည့် ခေါင်းဆောင်များ ပါဝင်ပြီး၊ မွန်ခေါင်းဆောင် (ရန်စီဟန်သာ)ကိုပါ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အသံလွှင့် အစီအစဉ် အဖွင့်သီချင်း တိုက်စဉ် မိမိ (မယ်ဒလင်) တီးသည်။ ထိုစဉ်က မိမိဖခင် မန်းဘဇန်သည် (တညလ)တပ်ပေါင်းစု ဥက္ကဌဖြစ်သည်။

အားလုံးချောမွေ့အဆင်ပြေသွားပြီးဖြစ်သည်။ မိမိမှ“ရတနာပုံ ရန်သူ့စခန်းတိုက်လိုက ကျနော်တို့ကို အကြောင်းကြားရန်၊ အတူတိုက်လိုကြောင်း” ပြောထားသည်။ မွန်အဖွဲ့ စခန်းနားတွင်ရှိသော ရန်သူ့စခန်းဖြစ်သည်။ နေ့လည်စာစားပြီး ၎င်းတို့၏ လက်နက်သိုလှောင်ရုံအား (ဗဂုံမာန်)ကိုယ်တိုင်လိုက်ပြသည်။(M-16, AK, AK စက်လတ်၊ RPG-2/5/7၊ 82 နောက်ပွင့်ရိုင်ဖယ်၊ ၆ဝမမ၊ ၈၂ မမ စိန်ပြောင်း စသည့် လက်နက်မျိုးစုံ (ရဝဝ)ကျော် ရှိမည်ဖြစ်သည်။ နောက်ထပ် လက်နက်သိုလှောင်ရုံ သုံးခုရှိသေးကြောင်း ပြောပြသည်။

မွန်ညီအစ်ကိုများနှင့် မဟာမိတ်ဖြစ်လာခဲ့ပါပြီ၊ စီမံချက်ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ အနောက်ဘက်ရှိ ရန်သူ ခလရ (၂၂၄)ကိုသာ စိတ်အေးအေးထားပြီး တိုက်ဘို့သာရှိတော့သည်။ မိမိတို့ တောင်ဘက်နှင့် မြောက်ဘက်ရှိ ညီအစ်ကိုများနှင့် နားလည်မှုရရှိပြီးဖြစ်သဖြင့် (ယွားဟေလူ)စခန်းကို ခိုင်မာစွာတည်ဆောက်ရန် စီမံရပြန်သည်။ တပ်ကြပ်ကြီးတင်ထွန်း (ကျဆုံး)ဦးစီး တပ်စိတ်တစိတ်နယ်၊ နယ်မြေကျွမ်းကျင်ရန်နှင့် ကင်းရှည် ထိုးရန်၊ (နာကဖရောင်)သို့ စေလွှတ်လိုက်သည်။ ခံစစ်စခန်း ခိုင်မာစေရန် ပြင်ဆင်ရာတွင် (ကီးဒို)ကုန်းကို မိမိကြည့်ခဲ့ဘူးသော (ဗီယက်နမ်စစ်ပွဲ)၊ အမေရိကန်ရုပ်ရှင် (Hamburger Hill) ကားအတိုင်း စီမံသည်။

(ကီးဒို)ကုန်းသည် စီမံချက်အတိုင်း ပြီးလုနေပါပြီ။ ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း၊ တောင်စွယ် သုံးစွယ်ထိပ်ရှိ ကတုတ်ကြီးနှစ်လုံးစီ၊ ခြံစည်းရိုးသုံးထပ် အားလုံးပြီးနေပါပြီ။ ဗိုလ်ကျော်လှနှင့် မိုင်းဗုံးအဖွဲ့ ခြံစည်းရိုးကြား ဝါးညှောင့်စိုက်နေကြသည်။ ဗုံးအဖွဲ့ လေးယောက်တရက်၊ တယောက် (၁၅)လုံးနှုံး ဗုံးထောင်နေကြသည်။ ဗုံးအဖွဲ့အတွင်းမှ (တပ်ရင်းစံပြဆုတံဆိပ်)ရရှိရန် အလားအလာရှိသော ရဲဘော် နန်းအောင် ကိုယ့်မိုင်းကိုယ်ထိပြီး လက်နှစ်ဖက်စလုံးပြတ်သွားသည်။ မိမိတို့တပ်ရင်းအတွက်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးဖြစ်သည်။

မှတ်ချက်။

ခံစစ်သေစစ်ရေးကိုဆန့်ကျင်၊ ခံစစ်ရှင်စစ်ရေးကိုကျင့်သုံးရန် ၁၉၆၃ ခုနှစ်၊ (ဖလိုးခီး) ဗဟိုနိုင်ငံရေးစစ်ရေး သင်တန်း၌ သင်တန်းမှူးတဦးဖြစ်သော ဗိုလ်ချုပ်တင်ဦး (ဖူးတာအယ်) ထိုစဉ်က (KPLA- Karen People Liberation Army) ဒုတိယစစ်ဦးစီးချုပ်၊ ပို့ချခဲ့သောစစ်ရေး ဝိဇ္ဇာဘာသာရပ်ကို မှတ်ယူခဲ့ပြီးဖြစ်သည်။ မိမိစီမံချက်မှာ (ယွားဟေလူ) စခန်းအား တလတိတိ ရန်သူ့ထိုးစစ်ခံနိုင်ရန် ရည်ရွယ်သည်။ ထိုးစစ် ကာလအတွင်း ရန်သူကို မိမိအတွင်းစည်းဝိုင်းအတွင်း မြူဆွယ်ပြီး နောက်ပိုင်းမှ ပိတ်ဆို့ရန်ဖြစ်သည်။ နယ်မြေ အနေအထားအရ၊ သွားလာရန်မလွယ်၊ ထို့ကြောင့် ရန်သူကိုတိုက်ခိုက်ရန် စည်းဝိုင်း (၃)ဝိုင်း စီမံထားခြင်းဖြစ်သည်။ အလယ်စည်းဝိုင်း၌ ရန်သူကို ပြောက်ကျားပစ်ပြီး အပြင်စည်းဝိုင်းသည် ရန်သူ့ထောက်ပို့ကို တိုက် ခိုက်ရန်ဖြစ်သည်။

အလယ်စည်းဝိုင်းနှင့် အပြင်စည်းဝိုင်းရှိ ရန်သူကိုတိုက်ခိုက်ရန် ကျည်နှင့် ရိက္ခာပြင်ဆင်ရမည်ဖြစ်သည်။ ရိက္ခာ တာရှည်ခံနိုင်ရန်အတွက် မိမိတို့စဉ်းစားကြရာ မြေကြီးအောက်၌ မြှုပ်ထားရန်ဖြစ်သည်။ တာရှည်ခံနိုင်ရန် အတွက် ဒီဇယ်တိုင်ကီပုံးများကိုဝယ်သည်။ ဆီနှံ့ပျောက်ရန်အတွက် ပုံးထဲသို့ ဆပ်ပြာမှုန့်ထည့်၊ ရေထည့်ပြီး မီးတိုက်သည်။ နောက်ရေဆေးပြီး အခြောက်ခံလိုက်သောအခါ ဆီနှံ့မရတော့ပေ။ တိုင်ကီပုံးတလုံး ဆန်နှစ်အိတ်ခွဲဆန့်သည်။

ခလရ (၂၂၄)ဌာနချုပ် (ဘုတ်ပျင်း)နှင့် အနီးဆုံး နာရီဝက်ခရီး၌ တိုင်ကီပုံးနှင့် ဆန်များထမ်းပြီး မြေမြှုပ်ဝှက်ထားလိုက်သည်။ (AK) နှင့် (M-16)ကျည်များကိုပါ ဝှက်ထားလိုက်သည်။ အလယ်စည်းဝိုင်း၌ ပြောက်ကျား (၅)ယောက်တဖွဲ့ (၅)ဖွဲ့နေရာချထားသည်။ တိုက်ပွဲကာလ ၎င်းတို့စားရန် တိုင်ကီပုံးတပုံးစီ မြှုပ်ထားရန် စီစဉ်ထားပြီးဖြစ်သည်။

မှတ်ချက်။

ခံစစ်ဟာသေတွင်းဖြစ်တယ်ဆိုတာသိတယ်။ ဘာကြောင့် (ယွားဟေလူ)စခန်းမှာ တလတိတိ ရန်သူကိုဆွဲ တိုက်ရသလဲဆိုတော့ (ကော်မူးရာ-ဝမ်းခါ)စခန်း တိုက်ပွဲစဉ်တလျှောက်လုံး ရန်သူ့ထိုးစစ်မှန်သမျှကို ခုခံနိုင်ခဲ့လို့ ကရင့်တပ်မတော်ရဲ့ ဂုဏ်သိက္ခာမြင့်မားခဲ့တယ်။ (မဲဆောက်)မြို့မှာ ကြိုက်သလိုဝင်ထွက်နိုင်တယ်။ ထိုင်းတွေ ကရင့်တော်လှန်ရေးကို လေးစားတယ်။

မိမိတို့ (မိုးတောင်)ရောက်တော့ အခိုင်အမာစခန်းဆောက်ဘို့ အကြံပြုကြည့်တယ်၊“ခံစစ်ရှင်ပြောက်ကျားဘဲ အခိုင်အမာစခန်းမလိုဘူး”လို့ တာဝန်ရှိသူမှ ပြန်ပြောပါတယ်။

တကယ့်တကယ် (မိုးတောင်)ကို ရန်သူထိုးတော့ တရက်မခံဘူး ဆုတ်ခဲ့ရတယ်။ ပြင်ဆင်မှုမရှိတော့ သိက္ခာမဲ့စွာနဲ့ ဆုတ်လိုက်ရတယ်။ (ထိုင်း)တွေက ဘာပြောသလဲဆိုတော့ “ချစ်ဖိုင်ကလယံ”တဲ့။ ကရင်တွေ အဆဲခံရတယ်။

ထိုသို့အဆဲမခံရရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ တလတိုင် ခံတိုက်ပြီး ဘယ်လိုဆုတ်မလဲ၊ ဘယ်ကို ဆုတ်မလဲဆိုသည်ကို စဉ်းစားသည်။ ဆုတ်မဲ့နေရာကတော့ (ဃိုသဲလူ)ဆိုသည့် နေရာဖြစ်သည်။ ထိုနေရာကို ပြင်ဆင်ရန် (ဗိုလ်အယ်ခလေး)တပ်ခွဲကို တာဝန်ပေးလိုက်သည်။ (ဃိုသဲလူ)ကိုဆုတ်ရင် ထိုင်းရွာကိုဖြတ်ပြီး ဆုတ်ရမည်ဖြစ်၍ ထိုင်းပြည်သူများ၏ ထောက်ခံမှုရရှိအောင် လုပ်ရန်လိုအပ်ပါသည်။ ထို့ကြောင့် လစဉ် တပ်တွင်း စည်းဝေးပွဲတခုတွင် ရန်သူ့ထိုးစစ် တလခံနိုင်ရန်အတွက် (ကီးဒို)ကုန်း ခံစစ်ဒုတိယအဆင့်ကို ပြင်ဆင်မည်။

-ပွိုင့် (၄၉၁)ကုန်းတွင် ခံစစ်နေရာပြင်မည်။

-ထိုင်းရွာသားများကိုစည်းရုံးရမည်။

-၁၂ဝမမ စိန်ပြောင်း (Delay) ခံနိုင်မည့် ဥမှင် လှိုင်ခေါင်းတူးရန် စီမံချက်များ

ချမှတ်လိုက်သည်။ ထိုစီမံချက်များအတိုင်း လုပ်ဆောင်ရန် တာဝန်များခွဲဝေလိုက်သည်။

-ဗိုလ်ကြီးတင့်လွင်အား ထိုင်းသစ်လုပ်ငန်းမှ (Bull Dozer) ကိုခေါ်၍ (ကီးဒို)ကုန်း၏ ခြံစည်းရိုး (၃)ထပ် အောက်ဘက် (၁၀)ပေအမြင့်ရှိအောင် မြေသား

များအား ကော်ထုတ်ခိုင်းရမည်။ ရန်သူ အလွယ် တကူ ကျား မထိုးနိုင်ရန်ဖြစ်သည်။ ဒုတိယအဆင့်ဖြစ်သည်။ ထိုအဆင့်၌ (ကီးဒို)ကုန်းထိပ်သို့ တက်နိုင်သည့် တောင်ကြောသုံးကြောလုံး၏ထိပ်၌ ကတုတ်နှစ်လုံးစီဆောက်ရန် တာဝန်ပေးလိုက်သည်။

-ပွိုင့်(၄၉၁)ကုန်းတွင် ခံစစ်နေရာပြင်ရန် ဗိုလ်ထူးထူးတပ်စုကို တာဝန်ပေးသည်။ ကတုတ်များ၊ ဆက်သွယ်ရေးမြောင်း၊ ခြံစည်းရိုး၊ (ကီးဒို)ကုန်းကဲ့သို့ (၁၀)ပေအမြင့်ရှိ အောက်မြေသားများ ကော်ထုတ်ရန်ဖြစ်သည်။

-၁၂ဝမမ စိန်ပြောင်း (Delay)ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် ဗိုလ်ကော်လာတပ်စုကို တာဝန်ပေးသည်။ မိမိတို့၌ရှိသော ၈၁မမ စိန်မြောင်းနေရာမှစတင်၍ (ကီးဒို)ကုန်းကို ပတ်ပြီးစတင်တူးရမည်။ တဖွဲ့သည် ဘယ်ဘက်မှစတူးပြီး ကျန်တဖွဲ့သည် ညာဘက်မှ စတူးရမည်။ ဥမှင်၏ အပေါ်မြေသား ပြိုမကျရေးအတွက် ဒေါက်ထောက်ရန် သစ်တိုင်နှင့် သစ်လုံးခုတ်ရန် ဗိုလ်ထွန်းမြင့်တပ်စုကို တာဝန်ပေးလိုက်သည်။

မှတ်ချက်။

မိမိဖတ်ဘူးသော (The Tunnel of Cu Chi) စာအုပ်တွင် ဗီယက်နမ်အမျိုးသားလွတ်မြောက်ရေးတပ်ဦး ပြောက်ကျားတပ်ဖွဲ့များ တိုက်နည်းကိုယူ၍ မိမိရဲဘော်များ အထိအခိုက်နည်းစေရန်နှင့် တလခံမည့် ခံစစ် စီမံချက်ဖြစ်သည်။ ထိုင်းရွာသားများကို စည်းရုံးရန် မိမိနှင့် တပ်ရင်းရုံးအဖွဲ့ တာဝန်ယူသည်။ စီမံချက်ကာလ (၃)လဖြစ်သည်။ စီမံချက်များအတိုင်း ရဲဘော်များတက်ညီလက်ညီလုပ်ကိုင်လျှက်ရှိသည်။ မိမိနှင့် တပ်ရင်းရုံး အဖွဲ့ စတင်လှုပ်ရှားတော့သည်။ မိမိတို့တပ်ရင်းရုံးအောက် ထိုင်းနိုင်ငံဘက်ခြမ်း တောင်ခြေတွင် ထိုင်းဘုန်းကြီးကျောင်းရှိသည်။ ဘုန်းကြီးတပါးနှင့် ကပီယတဦးသာတွေ့သည်။ ဖက်မိုး၊ ဝါးထရံကာ၊ ပြင်ခင်းသည့် ဘုန်း ကြီးကျောင်းလေးဖြစ်သည်။ ခြုံများအပြည့်ဖြစ်နေသည်၊ သုံးရေတွင်းတတွင်းရှိသည်။ ခြုံများအုပ်နေသည့်ပြင် ခပ်တိမ်တိမ်တူးထားသည်။

မှတ်ချက်။

လူထုစည်းရုံးရေးလုပ်ရာတွင် သြဇာရှိပြီး လူထုရိုသေလေးစားမှုခံရသော၊ ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ ဗလီဆရာများကို စတင်စည်းရုံးရမည်။ ထိုမှတဆင့် လူထုလုပ်ငန်းများရှာလုပ်ရမည်။ ထိုခေါင်းဆောင်များ၏ ထောက်ခံမှုကို အရင်လုပ်ရမည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect