(ဖူးကီးဒို-မန်းရောဘတ်ဘဇန်)
အပိုင်း (ဂ)။
စစ်တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းစစ်တိုက်၊ စစ်တိုက်ရင်းလေ့လာ၊ လေ့လာရင်းစစ်တိုက်ရမယ်။
-သဘာဝအကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်။
-လူထုမထောက်ခံတဲ့တော်လှန်ရေးဟာ သွေးမရှိတဲ့လူလိုဘဲ။
-တော်လှန်ရေးတရပ်ကိုလူထုကမထောက်ခံတော့ဘူးဆိုရင် ဒီတော်လှန်ရေးဟာ
မသာခေါင်းလောင်းထိုးခံ ရတာနဲ့အတူတူဘဲ။
-လူထုဆန့်ကျင်ရေးမလုပ်နဲ့၊ လူထုနောက်မြီးဆွဲလည်းမဖြစ်နဲ့။
မိမိတက်ခဲ့ဘူးသော စစ်နှင့် နိုင်ငံရေးသင်တန်းများမှ လေ့လာမှတ်ယူခဲ့ဘူးသော စစ်သင်ခန်းစာများကို လက်တွေ့ အသုံးချရတော့မည်ဖြစ်သည်။ အထက်ပါ လူထုလမ်းစဉ်ကို အကောင်အထည်ဖေါ်ရန် မိမိတို့ လုပ်ဆောင်ကြပါပြီ။
မိမိနှင့် တပ်ရင်းရုံးအဖွဲ့ နံနက်စာစားပြီး တောင်ခြေဆင်းသွားသည်။ ဘုန်းကြီးကို ခွင့်ပန်ပြီး ခြုံနွယ် ပေါင်းပင်များကိုရှင်းသည်။ ရေတွင်းထဲရှိမြက်၊ ပေါင်းပင်များ ရှင်းပြီး ပြန်တူးပေးသည်။ ရေကြည်ရေသန့်များ ထွက်လာသည်။ လူထုစည်းရုံးရေး လုပ်ငန်းအဆင့်(၁)ဖြစ်သည်။ အဆင့်(၂)အဖြစ် ဘာလုပ်ရမည်ကို စဉ်းစားသည်။ မိမိတပ်ရင်းဌာနချုပ် (ကီးဒို)ကုန်း၏ အရှေ့ဘက်ထိုင်းနိုင်ငံရှိ တောင်ယာများ၌ စပါးများ ရွှေဝါရောင်သန်းနေပြီး၊ ရိတ်သိမ်းရန် အချိန်တန်နေပါပြီ။ တနေ့ နံနက်စာစားပြီး မိမိချစ်ဇနီးအပါအဝင် ရဲဘော် တပ်စုတစုခေါ်၍ (ထမ်းချလင်း)ထိုင်းရွာသို့ ဆင်းသွားပြီး ကျေးရွာလူကြီးကို ခွင့်ပန်၍ တောင်ယာစပါးများကို ရိတ်ကြသည်။ မိမိတို့ တိုင်းပြည်တွင် စပါးရိတ်သကဲ့သို့ တံဇင်နှင့် ရိတ်ခြင်းမဟုတ်၊ စပါးနှံများကို လက်မနှင့် ဆိတ်ခူး၍ ကြွပ်ကြွပ်အိတ်ထဲအပြည့်ထည့်၊ လယ်ရှင်အိမ်ထမ်းပို့ခြင်းဖြစ်သည်။ ထိုအတောအတွင်း အမျိုးသမီးတဦး ထမင်းစားရန်လာခေါ်သည်။ တောင်ယာပိုင်ရှင်ဖြစ်သည်။ ကောက်ညှင်းနှင့် ငါးပိထောင်းဖြစ်သည်။ လူထု စေတနာရှိ၍ထင်သည်၊ နတ်သုဒ္ဒါတမျှအရသာရှိလှသည်။ တောင်ယာတခုလုံး ပြီးသွားသဖြင့် စခန်းသို့ပြန်ရန် ဖြစ်သည်။ မပြန်မီ ကျေးရွာလူကြီးအား မကျမ္မာသူများရှိပါက မိမိတပ်ဆေးရုံတွင် လာရောက်ကုသနိုင်ကြောင်း အကြောင်းကြားခဲ့သည်။ အနည်းငယ်မျှ လူထုအကျိုးပြုလုပ်ငန်းလုပ်ခဲ့ရုံဖြင့် လူထု၏ချစ်ကြည် လေးစားမှုနှင့် လူထု၏ အေးမျှသောမေတ္တာကို ရရှိခဲ့သည်။
မှတ်ချက်။
-သဘာဝအကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်ဆိုတဲ့ တော်
လှန်စစ် (ဒဿန)တခုကို တွေ့ရှိခဲ့သည်။ မိမိတပ်ရင်း တပ်ထောက် ဗိုလ်သန်း
ဝင်း(ချွန်ဖုံး)မြို့၌ စျေးဝယ်သွားတိုင်း ဆေးရုံသွားလိုသော ထိုင်းရွာသားများကို
ခေါ်သွားလေ့ရှိသည်။ ထိုင်း အခြေခံလူတန်းစားများဖြစ်သည်။ လာအိုနယ်စပ်မှ
ပြန်လည်နေရာချထားခြင်းခံရသော (လောရှမ်း)များဖြစ်သည်။
လူထု၏အခက်အခဲကို ကူညီဖြေရှင်းပေးပါ ဆို သည့် လူထုလမ်းစဉ်ကို ကျင့်သုံးခြင်းဖြစ်သည်။
တပ်ရင်းသင်တန်းဌာနတာဝန်ခံ ဗိုလ်နောင်နောင်မှ အခြေခံ စစ်သင်တန်း အပတ်စဉ် (၁)စဖွင့်သည်။ သင်တန်း သား(၄၀)ခန့်ရှိသည်၊ မိမိတပ်မှူးမှ ရဲဘော်များပို့လာသည်။ ဗုံးဌာနတာဝန်ခံ ဗိုလ်ကျော်လှမှ ဗုံးသင်တန်းပေးသကဲ့သို့ စာမတတ်သူ ပပျောက်ရေးစီမံချက်အတိုင်း မူလတန်းကျောင်းဖွင့်သည်။ ရဲဘော်များ၏ သားသမီးများ၊ မိမိသမီးနှစ်ဦး၊ တပ်ကြပ်အောင်သန်း (ဗိုလ်သွေး)အဖွဲ့မှပါလာသူ၏ သားနှစ်ဦး၊ ရဲဘော်လေးများ ဖြစ် သည့် (မိုဟာမက်ဟာရွန်)(ပသျှူး)၊ သိန်းဝင်းလေး (ဘိတ်သား-ယွားဟေလူတိုက်ပွဲ၌ကျဆုံး)နှင့် အခြားရဲဘော် တို့ဖြင့် ကျောင်းဖွင့်ထားသည်။
မှတ်ချက်။
(မိုဟာမက် အီစွတ်) မိမိတပ်မဟာ (၇)တပ်ရင်း (၂၃)စစ်ကြောင်းမှူး တာဝန်ယူစဉ်မှစ၍ တပ်ရင်း(၁၉)၊ တပ်ခွဲ (၄)မှူး၊ တပ်ရင်း (၁၉)ရုံးထိုင်မှူး၊ ကော်သူးလေမွတ်ဆလင်လွတ်မြောက်ရေးတပ်ဖွဲ့တပ်မှူး၊ ယခု တပ်ရင်း (၁၂) ဒုတိယတပ်ရင်းမှူးကိုယ်တိုင် တစိုက်မတ်မတ်ပါလာသူဖြစ်သည်)။
ဗဟိုဌာနချုပ်၌ ဖွင့်သော တရားရေး သင်တန်းသို့ တပ်ကြပ်စောကော်ဒို၊ အရာခံဗိုလ်စောသူးသူးတို့နှစ်ဦး၊ အပတ်စဉ် (၃)ဗိုလ်သင်တန်းသို့၊ အရာခံဗိုလ်သောထူး (ယွားဟေလူတိုက်ပွဲ၌ကျဆုံး)၊တပ်ကြပ်မန်းငြိမ်းငြိမ်း၊ တပ်ကြပ်မန်းလှထွန်းဦး (၎င်းတို့နှစ်ဦးစလုံး တတိယနိုင်ငံသို့ရောက်ရှိ) တို့ (၃)ဦးအား စေလွှတ်လိုက်သည်။
မိမိလည်း တပ်ရင်းစည်းဝေးခန်းမ၌ ကရင့်တော်လှန်ရေးလမ်းစဉ်၊ လုပ်ငန်းစဉ်၊ ပြောက်ကျားစစ်ရေး၊ လူ့အခွင့်အရေး (Universal Declaration of Human Rights) ဘာသာရပ်၊ စည်းရုံးရေးဘာသာရပ်များကို ပို့ချနေသည်။ (စစ်တိုက်ရင်းလေ့လာ၊လေ့လာရင်းစစ်တိုက်)သည့်မူကို ကျင့်သုံးနေခြင်းဖြစ်သည်။
ကျောင်းသားတပ်မတော်မှ ဗိုလ်ထိန်လင်းနှင့် တပ်ဖွဲ့ (ကီးဒို)အတက်၊ တောင်စွယ်ထိပ်တခု၌ တဲဆောက်၊ ကတုတ်ကျင်းတူးနေကြသည်။ ရန်သူကိုတိုက်ဘို့ပြင်နေကြသည်။ ထိုကာလများအတွင်း တပ်မဟာဌာနချုပ် တွင် (DAB) စစ် ကြောင်းဖွင့်ရန်ဖြစ်သဖြင့် ဗိုလ်ရာဇာ (ရခိုင်အဖွဲ့)၊ ဗိုလ်အပ်ဒူလာ(မွတ်ဆလင်အဖွဲ့)နှင့် ဗိုလ်ထိန်လင်း၊ ကျောင်းသားအဖွဲ့များကို ပြန်မှာသဖြင့် ပြန်ပို့ရန်စီစဉ်ရသည်။
ဗိုလ်ထိန်လင်း၏ ကျောင်းသားတပ်မတော်တပ်ဖွဲ့ ပြန်လည်မထွက်ခွာမီ ၎င်းတို့အား လမ်းခရီးတလျှောက် စားရန် ရိက္ခာ၊ ဆေးဝါး၊ ငွေ (၅ဝဝ)ကျပ်နှင့် (ဝမ်းခါ)တိုက်ပွဲ၌ မိမိတို့ သိမ်းပိုက်ရရှိခဲ့သော လက်နက်အပါ အဝင်၊ တပ်မဟာ(၆) (KE) ဖူးရောဘင်ထံမှ မိမိတို့လုပ်အားဖြင့် ရခဲ့သော (RPG)တလက် ပေါင်း (၁၄)လက် ဒီမိုကရေစီလက်ဆောင်အဖြစ်ပေးလိုက်သည်။ ခရီးမထွက်မီ မိမိအား ရှစ်ခိုးဂါရဝပြုကြသည်။ မိမိမှ ဘေးကင်းစေကြောင်း၊ ခလုတ်ကံသင်း ကင်းစေကြောင်း၊ ကျမ္မာကြစေကြောင်း၊ တိုက်ပွဲတရာအောင်ပွဲတရာ ရစေကြောင်း ဆုတောင်းပေးလိုက်သည်။ ၎င်းတို့ထွက်ခွာသွားသော် ခရီးရှည်ချီတက်သွားသော မိမိသားများကို လွမ်းဆွတ်သကဲ့သို့ခံစားမိသည်။

ဗိုလ်ထိန်လင်း၏ ကျောင်းသားအဖွဲ့ရှိ ကိုမျိုးဝင်းဆိုသူသည် မိမိတို့အဖွဲ့တွင် ဆက်လက်နေလိုသဖြင့် ၎င်းတို့ နှင့် ပြန်မလိုက်တော့ဘဲ မိမိတို့အဖွဲ့နှင့်နေခဲ့သည်။
မှတ်ချက်။
နိုင်မျိုးဝင်းသည် မွန်လူငယ်တဦး၊ ခေတ်ပညာတတ်တဦးဖြစ်သည်။ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးကိုမြတ်နှိုးသူဖြစ်သည်။ ပြည်သူ့အကျိုး ဆောင်သူဖြစ်သည်။ ပြည်သူလူထု၏ မေတ္တာကို ရရှိသူဖြစ်ပြီး လူထုထောက်ခံမှုရရှိသူဖြစ်သည်။ (တတိယနိုင်ငံရောက်နေသူဖြစ်ပြီး တက္ကသိုလ်တခုတွင် ပညာဆည်းပူးနေသည်)။ (၎င်းနှင့်ပတ်သက်၍ ကျနော်နှင့်ကျောက်ညှပ် ဆောင်းပါးတွင်ဖေါ်ပြပါမည်)။
(ယွားဟေလူ) စခန်း၌ မိမိတို့ တဖွဲ့သာကျန်တော့သဖြင့် လုံခြုံရေးစီမံချက်ကို ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။ အုပ်ချုပ်မှု လွယ်ကူစေရန်အတွက် အလယ်စည်းတွင် တာဝန်ယူကြသော (၅)ယောက်တဖွဲ့ကို ဆက်သွယ်ရေး စကားပြောစက် Icom(2G)များ ထုတ်ပေးသကဲ့သို့ တပ်ရင်း၊ တပ်ခွဲနှင့် ဌာနများသို့ စုစုပေါင်း စကားပြောစက် အလုံး(၃၀)ကျော် ဝယ်ယူ တတ်ဆင်ပေးထားသည်။ ကမ်းရိုးတမ်း၌ လှုပ်ရှားနေသော တပ်ကြပ်ကြီးတင်ထွန်း တပ်စိတ်အား ဆက်သွယ်ညွှန်ကြားရန်အတွက် (Control) စက်ကြီးတလုံး၊ ရန်သူ့ သတင်းကြားဖြတ်နားထောင်ရန် (Sony) စက်ကြီးတလုံးကိုပါ ဝယ်ယူထားပြီးဖြစ်သည်။
ဗိုလ်သွေးအဖွဲ့ မိမိတို့နှင့် ပူးပေါင်းလိုက်သောအခါ တန်ဘိုးကြီးမားသော ရဲဘော်ညီအစ်ကို နှစ်ဦးကို ရလိုက်သည်။ (ကိုမိုး)နှင့် (ကိုနွေ)ဆိုသူများဖြစ်သည်။ မိမိတို့တပ်ရင်း၏ (နား)များဖြစ်သည်။ စကားဝှက်ဖေါ်ရာတွင် အလွန်ကျွမ်းကျင်လှသည်။ တနေ့ ၎င်းတို့ အလုပ်တဲသို့သွား၍ လိုအပ်ချက်များကိုစီစဉ်သည်။ တဲသို့ ဝင်သည်နှင့် ဆေးခြောက်နံ့များဖြင့် ဆီးကြိုသည်။ (ဒညတ)စခန်းမှ ပါလာသော အမွှေကို ဆက်ခံနေခြင်းဖြစ်မည်။ နိုင်ငံတကာတပ်မတော်များ၌ အရက်သောက်စားခြင်းကို ခွင့်ပြုထားလင့်ကစား၊ မိမိတို့တပ်မတော်၌ မူးယစ်သောက်စားခြင်းကို ပိတ်ပင်ထားရာ ပိတ်ပင်ထားသည့်ထဲ၌ အရက်ပါဝင်သည်။ အရက်မသောက်ရန်၊ သောက်ပြီး မမူးရန်၊ ပြဿနာမရှာရန်၊ ပြဿနာ အကြီးအသေးအလိုက် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။ အရက်မှလွဲ၍ ကျန်မူးယစ်ဆေးဝါးများမသုံးရန် တင်းကြပ်စွာ စည်းကမ်းထုတ်ထားပြီးဖြစ်သည်။
ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးညီနောင်ဖြစ်သည့် (ကိုမိုးနှင့်ကိုနွေ)တို့အား တပ်မတော်ဥပဒေနှင့် မညှိစွန်းစေရန် နှင့် လွတ်ကင်းစေရန်အတွက်“ဒီလိုလုပ်ရအောင်ဗျား၊ ဆေးခြာက်အစား အရက်အစားထိုးရင်မရဘူးလား” “တပတ်ကို(စပါးနှံ)ထိုင်းချက် အရက် (၂)လုံးပေးမယ်”၊ “ရပါတယ်၊ ဒါပေမဲ့(Feeling)က မတူဘူးဗျ”တဲ့။ ဟုတ်နိုင်ပါသည်၊ (Feeling) ဘယ်လောက်ရှိသည်ကို ၎င်းတို့နှင့်အတူရှိနေသော (ကြောင်ထီး)အနက်တကောင်သည်ပင် အမြဲ (Feel)တက်နေသည်ဟု ထင်ရသည်။
တပ်ကြပ်ကြီးတင်ထွန်းနှင့် လှုပ်ရှားတပ်စိတ်သည် ကရင်ရွာ၊ ပသျှူးရွာ၊ ဘိတ်ရွာများ၌ စည်းရုံးရေး ဆင်းနေကြသည်။ လူထုနှင့် လက်ပွန်းတတီးရှိနေပြီးဖြစ်သည်။ လူထုထောက်ခံမှုရနေသည်။ နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေများ သတင်းပို့လျက်ရှိသည်။ တပ်ကြပ်ကြီးတင်ထွန်းသည် အသားဖြူဖြူ၊ ထောင်ထောင် မောင်းမောင်းနှင့် ရုပ်ရှင်မင်းသားလို လိုခန့်ညားသူဖြစ်သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်နေသည်။ ကရင်နှင့် ဘိတ်သူများသည် ခရစ်ယာန်နှင့် ဗုဒဘာသာဝင်များဖြစ်ကြပြီး ပသျှူးများမှာ အစ္စလမ်ဘာသာဝင် များဖြစ်သဖြင့် မိမိရဲဘော်များကို သတိပေးရမည်ဖြစ်သည်။ “ဟေ့ကောင်တွေ၊ မင်းတို့ ဝက်နဲ့အရက် ရှောင်နိုင်ရင်၊ တနေ့ (နမာစ်) ငါးကြိမ်ဖတ်နိုင်ရင် ပသျှူး အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျနိုင်တယ်။ ဒါမှမဟုတ်ရင် ဝေးဝေးကရှောင်ကြဟေ့” ဟု သတိပေးလိုက်သည်။
တနေ့ သတင်းကောင်းတခုဝင်လာသည်။ “(ရေငံကြီး)ရန်သူ့စခန်းမှ လက်နက်(၁၅)လက် သိမ်းပိုက်ရရှိကြောင်း”၊ တိုက်ပွဲပြင်းပြင်းထန်ထန်မတိုက်ရဘဲ အလွယ်တကူ တိုက်နိုင်ခဲ့ကြောင်းသတင်းဝင်လာသည်။ ချီးကျူးဂုဏ်ပြုကြောင်း၊ အခြေအနေပေးလာပါက တပ်ရင်းဌာနချုပ်သို့ ပြန်တက်ခဲ့ရန်၊ ဂုဏ်ပြုပွဲကျင်းပပေးမည့်အကြောင်း သတင်းပေးလိုက်သည်။
တပ်ရင်းဌာနချုပ် ခံစစ်စီမံချက် ပြီးသလောက်ရှိနေပါပြီး၊ (ကီးဒို)ကုန်းရှိ ကတုတ်အားလုံးနှင့် မြေအောက်မှ ဆက်သွယ်သွားလာနိုင်သော မြေအောက် ဥမှင်လှိုင်ခေါင်း ဆက်တူးရန်သာရှိနေသည်။ တူးရာ၌ ဘယ်ဘက် အခြမ်းကို တူးသည့်အဖွဲ့သည် ရန်ကုန်သားများအပါအဝင် မြစ်ဝကျွန်းပေါ်သားများဖြစ်ကြပြီး ညာဘက်ခြမ်း တူးသူများမှာ (ဖါးအံ)(မြပြေ)အရှေ့ပိုးကရင်ရဲဘော်များဖြစ်သည်။ အမောပြေစေရန်အတွက် (ကက်ဆက်) နှစ်လုံးစီစဉ်ပေးရသည်။ ဘယ်ဘက်ခြမ်းကို တူးနေသည့် အဖွဲ့သည် စိုင်းထီးဆိုင်၊ မေဆွိ စတီရီယိုသီချင်းများကို နှစ်ခြိုက်ပြီး ညာဘက်ချမ်းကို တူးသည့်အဖွဲ့ကို သိန်းလှဘောင်နှင့် ကျော်လိုက်သိမ့် နာမည်ကြီး ပိုးကရင် အဆိုတော်များ၏ သီချင်းများကိုစီစဉ်ပေးရသည်။
(တန်းတူရေးနှင့်အပြန်အလှန်)လေးစားမှုသည် တပ်တွင်းသွေးစည်းညီညွတ်ရေး၏ အသက်သွေးကြောဖြစ်သည်။ ရေသောက်မြစ် ဖြစ်သည်။ မိမိဝင်တူးသည်၊ ခေတ်မှီ လေသွင်း၊ လေထုတ်စက်မရှိ၊ ရှိတာနှင့်တူးသည်။ (၁၀)မိနစ်သာနေနိုင်သည်၊ တိုက်ပွဲကာလ ဒဏ်ရာရရဲဘော်များ ကုသရန် မြေအောက် ဆေးရုံဆောက်ရန် တူးကြသည်။ မြေပွသဖြင့် သစ်သားဒေါက် မထောက်မှီ မြေပြိုကျသဖြင့် ရဲဘော်သက်ဇော် ပေါင်ကျိုးသွားသဖြင့် ဆက်လက်မတူးတော့ဘဲ ရပ်ထားလိုက်သည်။ ရေလှောင်ကန်ဆောက်ရန် အင်္ဂတေပိုက်ကြီးများဝယ်၍ ရေ လှောင်ကန်လုပ်သည်။ ထင်း၊ မီးသွေးများဖုတ်ခိုင်းသည်။ မီးဖိုများဝယ်ထားသည်။ မိမိတို့တောင်ယာမှ ထွက်သော ကျောက်ဖရုံသီး၊ ရွှေဖရုံသီးများကို သိုလှောင်ထားသည်။ စားတတ်တဲ့အပင်ကိုစိုက်၊ စားတတ်တဲ့အကောင်ကို မွေးရန် (မူ)ချမှတ်ထားသည်။ ဆေးဌာနတာဝန်ခံ (Uncle Gyi) သည် (Italian Goat) (ခွေး)များ မွေးထားသည်။ အရေးပေါ်ဟင်းအဖြစ် စားရန်ဖြစ်သည်။
ပွိုင့် (၄၉၁)သည် စီမံချက်အတိုင်း ပြီးလုနေပြီးဖြစ်သည်။ အသေးစိတ် လိုအပ်ချက်များစစ်ဆေးရသည်။ လက်နက်မျိုးစုံ၊ ကျည်၊ ရိက္ခာ၊ ဆေးဝါးမှအစ ပြည့်စုံနေပြီးဖြစ်သည်။ ရန်သူတက်လာနိုင်သော တောင်ကြော၌ ခြံစည်းရိုးမကာဘဲ (၅)လက်မသံများ စိုက်ထားသော သစ်ပြားများကို ခင်းထားရန်နှင့် ဗုံးကိုသာခင်းထားရန် တာဝန်ကျမှ အကြံပြုလာသဖြင့် သဘောတူလိုက်သည်။ ကောင်းမွန်သောအကြံပြုချက်ဖြစ်သည်။
ရန်သူကို တလတိတိဆွဲတိုက်မယ်၊ ထိုးစစ်အခြေအနေကိုကြည့်ပြီး အလယ်စည်းအဖွဲ့တွေ အပြင်စည်းထွက် ပြီး (ဘုတ်ပြင်း)ကိုတိုက်မယ်။ (အိမ်နောက်ပူ-အိမ်ရှေ့မချမ်းသာ)ဆိုသလို ကျင့်သုံးမယ်။ ရန်သူတွေ အဖွဲ့လိုက် လက်နက်ချခိုင်းမယ်။ ဒီကောင်တွေ ရေပြတ်၊ အစားပြတ်ရင် ကြာကြာမခံပါဘူး၊ သူ့ကိုတိုက်ဘို့စဉ်းစားချိန်မှာ မိမိကိုယ်ကို ကာကွယ်ဘို့ ဘယ်အထိ ပြင်ဆင်ပြီးပြီးလဲဆိုတာ စဉ်းစားရမယ်။ လေးလပတ် အစည်းအဝေးမှာ နောက်ဆုံးပြင်ဆင်မှု အဆင့်ဘယ်အထိ ပြီးပြီလဲဆိုတာ သိနိုင်ဘို့ အစည်းအဝေးခေါ်လိုက်သည်။
အလယ်စည်းပြောက်ကျား (၅)ဖွဲ့ တာဝန်ခံ ဗိုလ်ထူးထူးကို “ကျည်၊ ရိက္ခာ၊ ဆေးဝါး၊ ဗုံးမျိုးစုံ (M-14) (Claymore),(RPG)( ပို့ယမ်းCap)ကောင်းမကောင်း၊ စစ်ဆေးပြီးပြီးလား။ စကားပြောစက်သုံး ဓါတ်ခဲ၊ ဝှက်စာ ကအစ)ကွာ အားလုံးအဆင်သင့်ရှိပြီးလား”“အားလုံးအသင့်ဘဲ” နောက်ဆေးအဖွဲ့တာဝန်ခံ (Uncle Gyi)ကို “ဆရာအားလုံးအသင့်ဘဲမဟုတ်လား”“အားလုံးအသင့်ဘဲ”။
လက်နက်ကြီးတာဝန်ခံနှင့် ဗုံးတာဝန်ခံ ဗိုလ်ကီးဒိုနှင့် ဗိုလ်ကျော်လှတို့ နှစ်ဦးကို “ဘယ်လိုလဲ၊ အားလုံးအ သင့်ဘဲမဟုတ်လား။ ဘာလိုလဲ” “အားလုံးအသင့်ဘဲ”ဟု လက်နက်ကြီးတာဝန်ခံ ဗိုလ်ကီးဒိုမှပြောသော်လည်း ဗုံးတာဝန်ခံ ဗိုလ်ကျော်လှမှ “တခုလိုတယ်ဗျ၊ တိုက်ပွဲကာလ တလတိတိဆိုတော့ ပင်ပန်းမယ်၊ အိပ်ပျက်မယ်၊ ဆေးကောင်းဝါးကောင်းတွေ ဆောင်ထားဘို့လိုတယ်”၊ “ရပါတယ် (Uncle Gyi)ဆီမှာ ဆေးတွေအပြည့်ဘဲ” “ဟာ..မဟုတ်ဘူးဗျ၊ ကျနော်ဆိုလိုတာ ဒီဆေးမဟုတ်ဘူး၊ ဟိုဆေးလေ”“ဩ ဩ ဟိုဆေးဆိုတာလား၊ သိပြီး၊ မပူနဲ့စီစဉ်ပေးမယ်”။ ဗိုလ်ကော်လာမှ“ ကျ၊ ကျနော်လဲပါတယ်နော်”ဟု အထစ်အထစ်နှင့် ဝင်ပြောသည်။“မပူနဲ့ မင်းတပ်စုအတွက်တင်မကဘူး၊ အားလုံးအတွက်စီစဉ်ဘို့ တပ်ရင်း တပ်ထောက်ဗိုလ်သန်းဝင်းကို စီစဉ်ခိုင်းမယ်”။
မှတ်ချက်။
ဟိုဆေးဆိုတာအခြားမဟုတ် (အရက်)ကို ဆိုလိုသည်။ စစ်သားဆိုတာ ဘယ်တပ်ကဘဲဖြစ်ဖြစ် သေနတ်ကိုင်ပြီး တဖက်ရန်သူကို အနိုင်တိုက်ဘို့ စိုင်းပြင်းနေကြတာ စိတ်ပုတီးစိတ်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကျင့်သူတွေမဟုတ်ဘူး၊ နေ့သေမလား၊ ညသေမလား ဘယ်သူမှမသိကြဘူး၊ ရှင်သေမင်းကို သစ္စာနှံထားသူတွေဖြစ်တယ်၊ (အရက်)လောက်တော့ ခွင့်ပြုသင့်တာပေါ့။
တနေ့ သတင်းဆိုးတပုဒ်ဝင်လာသည်။ ပင်လယ်ပြင်မှစက်လှေနှင့် ပြန်ဝင်လာသော တပ်ကြပ်ကြီးတင်ထွန်း အဖွဲ့အား ရန်သူမှ တန်ပြန် ခြုံခိုတိုက်ခိုက်သဖြင့် ၎င်းနှင့်အတူ ရဲဘော် (၃)ယောက် ကျဆုံးသွားကြောင်း”၊ ၎င်းအလောင်းအား ကရင်ရွာ၌ မြှုပ်သည်ကို ပသျှုးရွာသားများ လာရောက်တူးဖေါ်ပြီး ၎င်းတို့ရွာ၌ ပြန်မြှုပ်နှံသဖြင့် ကရင်နှင့် ပသျှူးရွာသားများအကြား မပြေလည်မှုရှိကြောင်း သိရသည်။ (လူထုထောက်ခံမှု အလွန်ရကြောင်း၊ စည်းရုံးရေးကောင်းကြောင်း)သိရသည်။
မိမိတို့တပ်ရင်းထောက်ပံ့ရေးအတွက် သစ်ကုမ္ပဏီနှစ်ခုရှိသည်။ (စလဝင်း) နှင့် (ကျောက်ဘုရား)ဖြစ်သည်။ ၎င်းသစ်ကုမ္ပဏီနှစ်ခုအား သစ်များခုတ်ခွင့်ပေးပြီး သစ်အခွန်ယူသည်။ ရန်သူ့ထိုးစစ် တလခံ စစ်စီမံချက် (၉၀)ရာခိုင်နှုံးပြီးနေပြီးဖြစ်သည်။ အတွင်းစည်း၊ အလယ်စည်းနှင့် အပြင်စည်းမှအစ ပြင်ဆင်မှုပြီးနေပါပြီ။ (ရန်သူကို ကြိုတင်ပြင်ဆင်မှု မရှိဘဲ မတိုက်နှင့်)။
အလုံးစုံပြင်ဆင်ထားသည်၊ ရုပ်ဝတ္တုပစ္စည်းပြင်ဆင်ထားပြီးဖြစ်သည်။ ဘာလိုသေးလဲ။ စဉ်းစားသော် စိတ်ဓါတ်ခိုင်မာဘို့လိုသည်၊ စိတ်ဓါတ်ခိုင်မာမှ တိုက်စိတ်ခိုင်မာမည်၊ စိတ်ဓါတ်နဲ့ တိုက်စိတ် ခိုင်မာဘို့အတွက် တပ်တွင်းစည်းလုံးညီညွတ်ဘို့လိုသည်၊ စည်းလုံးညီညွတ်ဘို့ တန်းတူမှု (Equality)လိုသည်။
တပ်တွင်းတန်းတူမှုများအနက် ဘာသာရေးတန်းတူမှု မတည်ဆောက်နိုင်ရင်လည်း စည်းလုံးညီညွတ်မှု မရနိုင်ဘူး၊ (ဟိုဘာသာကို ဦးစားပေးတယ်၊ ဒီဘာသာကို ဦးစားပေးတယ်)လို့ ဖြစ်နိုင်တယ်။ တပ်မှူးရဲ့ ညွှန်ကြားချက်နဲ့ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းကြီး ဆောက်ထားပြီးဖြစ်တယ်။ တပ်တွင်းရှိ ဘာသာစုံ ရဲဘော်များ၏ လုပ်အားဖြင့် ဆောက်ထားခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာတခုထဲကိုဘဲ ဦးစားပေးတယ်လို့ မမြင်စေရန်၊ မဖြစ်စေရန်အတွက် ဗုဒ္ဒဘာသာဝင် ရဲတော်တွေကို “မင်းတို့ဘာလိုလဲ”လို့ မေးရာ၊ “လပြည့်လကွယ် တောင်အောက်ဘုန်းကြီးကျောင်းမှာ (ဗီဒီယို)ပြချင်တယ်၊ ဆန်တလ တအိတ်လှူချင်တယ်”တဲ့။ “ရတယ်”၊ တပ်ရေး ဗိုလ်ကြီးစိုင်းမွန်ကို စီစဉ်ပေးရန်ညွှန်ကြားလိုက်သည်။
တဆက်ထဲ မွတ်ဆလင်ရဲဘော်များကို “မင်းတို့ဘာလိုလဲ”လို့ မေးရာ၊ “ကျနော်တို့က လူလည်းနည်းတယ်၊ ရေသုံးတာများတော့၊ ဗလီမဆောက်နိုင်ဘူး၊ တောင်ပေါ်ကို ရေမခပ်တင်နိုင်ဘူး၊ တနေ့(နမာစ်) ငါးကြိမ် ဖတ်ခွင့်ပေးထားတာ လုံလောက်နေပါပြီ၊ တန်းတူမှုအပြည့်ရှိပါတယ်”ဟု အသက်အကြီးဆုံးနှင့် ဝါအရင့်ဆုံး မိုဟာမက်အီစွတ်မှ ပြောလိုက်သည်။ တပ်တွင်း (Equality)(တန်းတူမှု)ကို တည်ဆောက်ထားပြီးဖြစ်သည်။ ရန်သူထိုးစစ်ဆင်လာရင် တိုက်ဘို့သာရှိတော့သည်။
-တပ်တွင်းတန်းတူမှု (Equality) တည်ဆောက်ထားပြီးဖြစ်သည်။
-တပ်တွင်း ဒီမိုကရေစီကျင့်သုံးမှု တည်ဆောက်ထားပြီးဖြစ်သည်။
-တပ်တွင်း အပြန်အလှန်လေးစား၊ တန်ဘိုးထားမှု တည်ဆောက်ထားပြီး
ဖြစ်သည်။
-ပြည်ထောင်စုအငယ်စားလေးလို သဘောထား တည်ဆောက်ထားပြီး ဖြစ်သည်။ ကိုယ်စွမ်းရှိသလောက်၊ ဥာဏ်စွမ်းရှိသလောက် တည်ဆောက်ထားပြီးဖြစ်သည်။
တနေ့ ဗဟိုစစ်ဦးစီးဌာနချုပ်(ဗိုလ်ချုပ်ကြီးစောဗိုလ်မြ)ထံမှ ကြေးနန်းတစောင်ဝင်လာသည်။ ကြေးနန်းစာပါ အကြောင်းအရာကတော့..
“ဖူးကီးဒိုအား (DAB) စစ်ကြောင်းတွင် တာဝန်ပေးရန်အတွက် စစ်ဦးစီးဌာနချုပ်သို့အမြန်သတင်းပို့ရန်”ဟူ၍ ဖြစ်သည်။ ထိုသတင်းကြောင့် တပ်တွင်း၌ အတော်(ဂယက်)ရိုက်သွားသည်။ ရဲဘော် တပ်မှူး၊ တပ်သားများ မျက်ရည်မျက်ခွက်နဲ့ လာရောက်တွေ့ကြသည်။ သူတို့လဲပြန်လိုက်ကြမည်ဖြစ်ကြောင်း၊ ဘဝတွေ အတူပေးဆပ်ခဲ့ကြကြောင်း၊ မိဘမဲ့ဘဝ ရောက်ရတော့မည်ဖြစ်ကြောင်းလာပြောကြသည်။ သူတို့နဲ့ခွဲ ခွာရမည်ကို စိတ်မကောင်းပါ။ သို့သော် “စစ်သားဆိုတာ မိမိကိုယ်ကို မိမိမပိုင်၊ အဖကရင်ပြည်ကပိုင်ကြောင်း၊ ပေးအပ် လာသမျှ တာဝန်များကို ထမ်းဆောင်ပါ့မယ်၊ ဘယ်နေရာ၊ ဘယ်အရပ်၊ ဘာတာဝန်ဘဲပေးပေး၊ ထမ်းဆောင်ပါ့ မယ်လို့ သစ္စာဆိုထားကြတယ်မဟုတ်လား”။
နောက်နှစ်ရက်အတွင်း ဗဟိုစစ်ဦးစီးဌာနချုပ်သို့ သတင်းပို့ရန် ရဲဘော်အချို့နှင့် ချီတက်သွားကြပါပြီ။ (ယွားဟေလူ) တိုက်ပွဲ၌ ကျဆုံးသွားလေပြီးသော အာဇာနည်ရဲဘော်အပေါင်းအား ဦးညွှတ်လျှက်။
မှတ်ချက်။
(ယွာဟေလူ)တိုက်ပွဲကို မိမိသတ်မှတ်ချက် တလတိတိတိုက်မည်ဟုသတ်မှတ်ထားသော်လည်း (၃၅)ရက်တိုင် တိုက်နိုင်ခဲ့သည်။ ကျည်ကုန်သွားခြင်း၊ နောက်ပိုင်းက ကျည် မစီစဉ်နိုင်ခြင်းကြောင့်သာ ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလွန်းခြင်းနှင့် လမ်းတလျှောက်လုံး ပြောက်ကျားပစ်ခံနေရခြင်းတို့ကြောင့် ဗမာပြည် ပြည်တွင်းစစ်သမိုင်းတွင် (ပေါ်တာ)ကို ရဟတ်ယာဉ်နှင့် သယ်ယူပို့ဆောင်ပေးရခြင်းမှာ ဤ(ယွားဟေလူ)တိုက်ပွဲ တပွဲသာ ဖြစ်ခဲ့သည်ဟု သမိုင်းတွင်ခဲ့သည်။ ခလရ (၂၂၄)တပ်ရင်း ဖွဲ့စည်းပုံ ပျက် သွားသည်ဟု နောက်ပိုင်း မိမိရဲဘော်များပြောပြချက်အရသိရသည်။
(ဖူးကီးဒို-မန်းရောဘတ်ဘဇန်)
ဒီဇင်လာလ(၁၅)ရက်၊ ၂ဝဝ၉။







Leave a comment