ကျနော်သိသော ဗိုလ်မှူးထူးထူးလေး

ရဲဘော်ဇော်နောင်

အပိုင်း (၁)

အချိန်ကာလအားဖြင့် ၁၉၇၀ ခုနှစ်ဝန်းကျင်ကဖြစ်သည်။ ကျနော်နေထိုင်သော ရန်ကုန် တိုင်း တွံတေးမြို့တွင် သူ့ကိုစတွေ့သည်။ ထိုစဥ်က ဗိုလ်မှူးထူးထူးလေးမဟုတ်သေးပါ။ အသိ မိတ်ဆွေတချို့က “ကိုမောလေး” ဟုခေါ်ကြပြီး ရင်းနှီးသူများက “ကိုမော” ဟု ချစ်စနိုး ခေါ်ကြသည်။ သူရောက်လာစဥ်က ဆရာကြီးဦးမျိုးချစ်နှင့် ဆရာဦးအောင်လှ တို့ပါလာသည်။ ထိုစဥ်က ဆရာဦးအောင်လှသည် မကျန်းမာသူတို့၏ ဦးခေါင်းပေါ်တွင် လက်တင်ကာ ဘုရားဆုတောင်းပေးပါက ရောဂါများပျောက်ကင်းကြောင်း သတင်းကြီး နေသည်။ ထို့ကြောင့် ကျနော်နေသည့်အိမ်တွင် ကျန်းမာရေးမကောင်းသော အကိုတ ယောက်၏ ဦးခေါင်းပေါ်လက်တင်ကာ ဘုရားဆုတောင်းပေးလိုက်ပါသေးသည်။ ကျ နော်တို့၏ရပ်ကွက်တွင် လူမျိုးစုံနှစ်ခြင်းဘုရားကျောင်းရှိသည်။ သင်းအုပ်ဆရာကြီးက ဦးဘကြင်ဖြစ်သည်။ ကျနော်လည်း ထိုဘုရားကျောင်းသို့ တခါတရံ တက်ရောက် ဘုရားရှိခိုးပါသည်။ ဘုရားကျောင်းနှင့် ကျနော်တို့၏အိမ်ကြားတွင် အိမ်နှစ်လုံးသုံးလုံး သာခြားသည်။ သူတို့တတွေရောက်လာသောအခါ အသင်းတော်မှ (အထူးသဖြင့်) လူငယ်များကို စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ဘုရားဝတ်ပြုဆုတောင်းစဥ် ငိုသူငို၊ ရီသူ များအပြင် တချို့လည်း မေ့လဲသူများရှိကြသည်။ ထိုသို့သော အခြေအနေကို လူကြီးများ က သဘောမကျပါ။ ဤသို့ဖြင့် လူကြီးနှင့် လူငယ်သဘောထားကွဲလွဲကုန်သည်။ နောက်ဆုံးတွင် လူငယ်များက အသင်းတော်ခွဲထွက်လိုက်ပြီး ဘုရားကျောင်း အသစ်တ ကျောင်း တည်ဆောက်လိုက်တော့သည်။ ထိုနောက်ပိုင်းတွင် သူ့ကို နှစ်အတော်ကြာ မတွေ့ရတော့ပါ။

၁၉၈၁ ခုနှစ်တွင် မမျှော်လင့်ဘဲ မာနယ်ပလော (ကရင့်တော်လှန်ရေးဌာနချုပ်)တွင် ပြန် တွေ့ရသည်။ စတွေ့စဥ်က မာနယ်ပလောကွင်း၏ တောင်စောင်းတွင် တည်ဆောက် ထားသော ဘုရား‌ကျောင်းမှ ဘုရားဝတ်ပြုအပြီး ပြန်ဆင်းလာခြင်းဖြစ်သည်။ ကျနော် နှင့် မျက်နှာချင်းဆိုင်မိသောအခါ “ဒီလူငါတွေ့ဘူးပါတယ်”ဟု စိတ်ထဲမရေမရာဖြစ်နေမိ သည်။ သူလည်း အလားတူဖြစ်ဟန်တူသည်။ ထို့နောက် ကျနော်တို့ တဦးနှင့်တဦး အ ပြန်အလှန်မိတ်ဆက်ကြသည်။ ကျနော်က တွံတေးမြို့တွင်ဖြစ်ခဲ့သောအခြေအနေကို အစဖေါ်လိုက်သောအခါ သူပြန်မှတ်မိသွားသည်။ ထိုအချိန်က သူသည် KNU ၏ တရားစီရင်ရေးဌာနတွင် တာဝန်ယူနေပါသည်။ ကျနော်နှင့်စကားပြောနေစဥ်မှာပင် ကျနော်က အသံမြင့်၍ပြောနေရသည်ကို သူသိသွားသဖြင့် သူနားထိုင်းရသည့် အကြောင်းကို ရှင်းပြပါသည်။ ထိုအကြောင်းမှာ ကတိုင်တိ တိုက်ပွဲအတွင်း ဝါးရုံတရုံ အနားဝပ်နေစဥ် လက်နက်ကြီးကျည်တလုံးကျရောက်ပေါက်ကွဲလာကြောင်း၊ ထိုဝါးရုံ လည်း လွှင့်စင်ပျောက်ကွယ်သွားကြောင်းနှင့် သူ၏နားတွင် သွေးများယိုစီး ထွက်လာ ကာ ဘာမှမကြားရတော့ကြောင်းပြောပြပါသည်။ ထိုစဉ်က ကျနော်သည် ဒူးပလာယာ ခရိုင်မှတဆင့် KNU ဗဟိုမာနယ်ပလောဌာနချုပ်သို့ ကေဒါသင်တန်းတက်ရန် ရောက်ရှိ လာခြင်းဖြစ်သည်။ ထိုကာလတွင် ပဒိုမန်းရှာလားဖန်းကိုလည်း တွေ့ရပါသည်။ ပဒိုမန်း ရှာလားဖန်းက KNU ဗဟိုလယ်ယာနှင့်စိုက်ပျိုးရေးဌာနတွင် အတွင်း ရေးမှူးတာဝန်ယူနေသည်။ KNU ခေါင်းဆောင်ကြီးများကလည်း လူငယ်မျိုးဆက်သစ်များကို ပျိုးထောင် ရန် အစီအစဥ်ရှိထားကြောင်းသိရပါသည်။ အလားတူပင် အခြားသောဌာနများတွင် လည်း အလားအလာရှိသော လူငယ်များကို လျာထားကြသည်။

၁၉၈၇ ခုနှစ်ဝန်းကျင် ဒူးပလာခရိုင်၊ ခရိုင်အခြေခံ‌ဒေသတွင်တည်ရှိနေသော ကျနော့ အိမ်သို့ ဗိုလ်မှူးထူးထူးလေးတို့ ရောက်ရှိလာကြသည်။ အကြောင်းမှာ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်၏ တောင်အနောက်ခြမ်းဘက်တွင် ဖြစ်ပွားနေသော မွန်၊ ကရင်ပြဿ နာကိုဖြေရှင်းရန် ကရင်၊ မွန် ပူးတွဲကော်မတီတွင် KNU ကိုယ်စားလှယ်တဦးအဖြစ် တာ ဝန်ပေးခြင်းခံရ၍ ဝင်းရေးမြို့နယ်သို့ဆင်းရန်ဖြစ်သည်။ ထို့ကြောင့် ဒူးပလာခရိုင်၏ အခြေအနေကိုသိရန်နှင့် ခရိုင်မှထုတ်ပြန်ချက်များ၊ လုပ်ငန်းအစီအစဥ်များကို ဝင် ရောက်လေ့လာခြင်းဖြစ်သည်။ ကျနော်က လုပ်ငန်းအခြေအနေများနှင့် ထုတ်ပြန်ချက် စာများကို ရသလောက်ရှာဖွေပေးခဲ့ပါသည်။ ကျနော်ပေးသောစာများထဲတွင် KNU ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၏လက်စွဲစာအုပ်မှာ သူ့အ တွက် အလိုအပ်ဆုံးဖြစ်နေသည်ကို တွေ့ရပါသည်။ နောက်များတွင်လည်း လမ်းကြုံတိုင်း ကျနော့ဆီကို ဝင်လာတတ် ပါသည်။ တခါတရံ သူ၏မိသားစုများလည်း ပါလာတတ်သည်။ ထိုအချိန်က ကျနော် လည်း ခရိုင်အခြေခံဒေသ၏စည်းရုံးရေးဌာနနှင့် လယ်ယာနှင့်စိုက်ပျိုးရေးဌာန နှစ်ခုပူး တွဲတာဝန်ယူနေရပါသည်။

၁၉၉၈ ခုနှစ် မိုးဦးရာသီတွင် ဗိုလ်မှူးချုပ်မူတူးစေးဖိုး (အမှတ် ၆ တပ်မဟာမှူး)၊ ဗိုလ်မှူး ထူးထူးလေး (KNU တွဲဘက်အတွင်းရေးမှူး- ၂) တို့သည် ဗိုလ်ရန်နိုင်၊ ဗိုလ်ကြီးဖါးခေါ့ တို့ နှင့်အတူ ကျနော်တို့၏ခရိုင်ရုံးရှိရာဘက်ဆီသို့ တပ်ဖွဲ့များနှင့်အတူ ရောက်လာကြ သည်။ ထိုအခါ ခရိုင်ဥက္ကဌကြီးက သူတို့တပ်ဖွဲ့များနှင့်အတူလိုက်ပါသွားရန်နှင့် မဟာ မိတ်အဖွဲ့များပါ ခေါ်ဆောင်သွားရန် ကျနော့ကိုတာဝန်ပေးပါသည်။ ထိုအချိန်က ကျ နော်သည် ဒူးပလာယာခရိုင်၏အလုပ်အမှု ဆောင်နှင့် အမြဲတမ်းကော်မတီဝင်တဦးလည်းဖြစ်ပါသည်။

ကျ‌နော်နှင့်အတူလိုက်ပါသော မဟာမိတ်အဖွဲ့များမှာ ကိုပြုံးဦးဆောင်သော (ABSDF)အဖွဲ့၊ ဦးဘော်ဆာဦးဆောင်သော (ကော်သူးလေမွတ်ဆလင်တပ်ဖွဲ့)၊ ကိုတင့်ဆွေဦးဆောင်သော (NLD-LA)အဖွဲ့၊ ကိုအောင်ကျော်စိုးဦးဆောင်သော လူ့ဘောင်သစ်ဒီမိုကရေစီအဖွဲ့တို့ဖြစ်ကြသည်။ ကျနော်တို့သည် ထိုင်း/မြန်မာနယ်စပ် တလျှောက် မြောက်ဘက်မှတောင်ဘက်ဆီသို့ဆင်းလာခဲ့ပါသည်။ တနေရာသို့ရောက် သောအခါ တပ်ရင်း (၁၆)၏ ဒု-တပ်ရင်းမှူး ဗိုလ်မှူးဂျိုးဆွာဦးဆောင်သောတပ်ဖွဲ့များ နှင့် ပူးပေါင်းမိသောအခါ အင်အား (၂၀၀)ဝန်းကျင်ရှိသော စစ်ကြောင်းကြီးဖြစ်သွားပါ တော့သည်။

ကျနော်တို့၏စစ်ကြောင်းချီတက်စဥ် စစ်ကြောင်းချီရဲဘော်များ၏ အင်အားပြုံးတီးခြင်းမ ရှိစေရန် မကြာခဏအနားယူတတ်ပါသည်။ ထိုကဲ့သို့သောအခါများတွင် ဗိုလ်မှူးထူးထူး လေးသည် အများနှင့်ဝေးသောတနေရာသို့ထွက်ပြီး တဦးတည်းကျမ်းစာဖတ်ခြင်း၊ ဘု ရားဆုတောင်းခြင်းပြုလုပ်ပါသည်။ ထို့နောက် ကျမ်းစာကိုပိတ်၊ သူ၏ဦးခေါင်းနှင့်ပွတ် သပ်ပြီး အင်္ကျီအိပ်ထဲသို့ပြန်ထည့်ပြီးမှ ကျနော်တို့ထံပြန်လာသည်ကို အမြဲတမ်းတွေ့မြင် ရပါသည်။ စစ်ကြောင်းချီတက်စဥ်တွင်လည်း လမ်းဘေးဝဲယာတွင်ပေါက်နေကြသော သဘာဝဟင်းသီးဟင်းရွက်၊ ဟင်းနွယ်များဆွဲခူးပြီး အများနည်းတူ မိမိအိတ်တွင်းသို့ ထည့်သွင်းပါသည်။ ချက်ပြုတ်စားသောက်သောနေရာသို့ရောက်သောအခါ အားလုံးက ဆွတ်ခူးလာသော အသီး၊ အညွန့်၊ အရွက်များကို ပုံပေးလိုက်ကြသည်။ ထင်းခြောက်၊ ဝါးခြောက်များကို ခုတ်ထစ်၍သော်လည်းကောင်း၊ ခြေ သို့မဟုတ် လက်ဖြင့်ချိုးဖြတ် ကာ ဝိုင်းဝန်းကူညီပေးသည့်အခါများတွင်လည်း သူပါဝင်ပါသည်။ တပ်ချ အနားယူ သည့်အခါတွင် ကျ‌နော်တို့အနားက ပျောက်သွားတတ်ပါသည်။ ကျနော်က သူအပေါ့ သို့မဟုတ် အ‌လေးသွားသည်ဟု စိတ်ထဲထင်မိပါသည်။ အကြိမ်အခါများလာသောအခါ ကျနော်က သူ့ကိုမေးပါသည်။ “ခင်ဗျားဘယ်သွားသလဲ”ဟု မေးသောအခါ သူက ပတ်ဝန်းကျင်နယ်မြေ၏ ပထဝီမြေမျက်နှာပြင်အနေအထားကို သွားရောက်လေ့လာ ခြင်းဖြစ်ကြောင်း ‌ပြောပြပါသည်။ “အော်…ဒီလူစစ် ရေးသတိကောင်းသူပါလား”ဟု ကျနော်စိတ်တွင်း မှတ်ချက်ချမိပါသည်။

ကျနော်တို့သည် ဒူးပလာခရိုင် ကြာအင်းမြို့နယ် (ယခု နိုတကောမြို့နယ်)ရှိ လေးဝါဖ လိုးရွာနားသို့ရောက်သောအခါ တပ်ချအနားယူကြပါသည်။ ရန်သူစစ်ကြောင်းတ ကြောင်းလည်း ကျနောတို့နှင့်မနီးမဝေးတွင် လှုပ်ရှားနေကြောင်းသတင်းရရှိထားပါ သည်။ သို့သော် သူသည် ကျနော်နှင့် ရဲဘော်လားပွယ် (ပဲခူးရိုးမပြန်လည်ထိုးဖေါက်ရန် ဦးဆောင်သူဗိုလ်ခင်မောင်၏ရဲဘော်ဟောင်း)တို့နှင့်အတူ ရွာထဲသို့ သွားရောက်လေ့ လာလိုကြောင်းပြောသဖြင့် ကျနော်တို့ (၃) ဦး သွားကြပါသည်။ အခြေအနေများကို ကြည့်ရှုအကဲခတ်ပြီးနောက် သူနှင့် ရဲဘော်လားပွယ်တို့ ဘုရားရှိခိုးကျောင်းပေါ်တက် ကာ ဝတ်ပြုဆုတောင်းကြသည်။ ကျနော်က ဘုရားကျောင်းပေါ်သို့မတက်ဘဲ အောက် တွင်သာ စောင့်၍နေခဲ့သည်။

နောက်တနေ့ မနက်ဝေလီဝေလင်းတွင် ရန်သူနှင့်ထိတွေ့တိုက်ပွဲအနည်းငယ်မျှဖြစ်ပွား ခဲ့ပါသည်။ ရန်သူတပ်များ စောစီးစွာဆုတ်ခွာသွားခြင်းကြောင့်ဖြစ်ပါသည်။ ရန်သူ၏ အင်အားမှာ (၆၀)ခန့်သာရှိကြောင်းသိရပါသည်။ ကျနော်တို့က ရန်သူထက်အင်အား များသည်။ သို့သော် ကျနော်တို့သည် ရည်မှန်းချက်သို့မရောက်သေးသဖြင့် ခရီးဆက် ထွက်ကြပါတော့သည်။

ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်၏ တောင်အနောက်ခြမ်းသို့ရောက်သောအခါ ဗိုလ်မှူး ထူးထူးလေး၊ ရဲဘော်လားပွယ်နှင့် ကျနော်တို့သည် သေနတ်တလက်၊ စောင်တထည်စီ သယ်ပိုးပြီး ပင်မစစ်ကြောင်းကိုအသိပေးကာ ခွဲထွက်လိုက်ကြသည်။ အကြောင်းမှာ ဗိုလ်မှူးထူးထူးလေးသည် ကရင်၊ မွန် ပူးတွဲကော်မတီတွင် တာဝန်ယူခဲ့စဥ်က သူစည်းရုံး ရေးဆင်းခဲ့သော ကျေးရွာများသို့ လည်ပတ်ခြင်း၊ အခြေအနေများကို သွားရောက်စုံစမ်း ခြင်းတို့ဖြစ်သည်။ ထိုအခါ ကျေးရွာလူထုများနှင့် ဘုန်းကြီးပါမကျန် ဖေါ်ရွေစွာဆက်ဆံ ဧည့်ခံသည်ကိုတွေ့ရပါသည်။ ကျနော်တို့ရောက်ရှိသောကျေးရွာများမှာ ဝါပေါ်၊ ရှော ထာ၊ လိပ္ပုပ်၊ ကလိတ္တုတ်၊ ကျောက်တိုင်၊ ဂမုန်းတို့အပြင် အခြားသောရွာများသို့လည်း ရောက်ခဲ့ပါသည်။ စစ်ကြောင်းပြန်ခေါက်ချိန်သို့ရောက်သောအခါ ကျနော်တို့ (၃)ဦး စစ် ကြောင်းနှင့် ပြန်လည်ပူးပေါင်းလိုက်ကြပါတော့သည်။

ထိုကာလတွင် KNU အကြွင်းအကျန်သာရှိတော့ကြောင်း ရန်သူမှ သတင်းလွှင့်ဝါဒဖြန့် နေသောအချိန်ဖြစ်သည်။ သူမူဟဲလက်နက်ချပြီးနောက် ကျနော်တို့ဘက်မှအင်အားအ လုံးအရင်းနှင့် လှုပ်ရှားသွားလာခြင်းမပြုတော့ဘဲ ပျောက်ကြားစစ်ရေးနည်းဗျူဟာအရ အင်အားဖြန့်ခွဲလှုပ်ရှားနေသဖြင့် ရန်သူမှဝါဒဖြန့်သည့်အတိုင်း လူထုတချို့မှ နားယောင် နေနိုင်သဖြင့် ယခုကဲ့သို့ အင်အားပြလှုပ်ရှားရခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် ပြည်သူ လူထုနှင့် မိမိတို့၏ရဲ‌ဘော်များအား စိတ်ဓါတ်တစုံတရာြမင့်တင်ရန်ဖြစ်မည်ဟု ယူဆမိ ပါသည်။

စစ်ကြောင်းပြန်လည်ထွက်ခွာမည့် နောက်ဆုံးရက်ညနေပိုင်းတွင် ဂမုန်းကျေးရွာ၌ အ ထူးဆွေးနွေးပွဲတခုပြုလုပ်ပါသည်။ ထိုဆွေးနွေးပွဲတွင် ဗိုလ်မှူးချုပ်မူတူးစေးဖိုး၊ ဗိုလ်မှူး ထူးထူးလေး၊ ဗိုလ်မှူးဂျိုးဆွာနှင့် ကျနော်အပါအဝင် အခြားသောတပ်မှူးတချို့လည်း ပါဝင်ကြသည်။ ထိုဆွေး‌နွေးပွဲတွင် ဗိုလ်မှူးထူးထူးလေးမှ တပ်မဟာ (၆)တွင်း တပ်မှူး ငယ်တဦး၏ ရာဇဝတ်မှုကျုးလွန်ခဲ့သောကိစ္စကို တင်ပြလာပါသည်။ ထိုအခါ ဗိုလ်မှူး ဂျိုးဆွာမှ ယင်းကိစ္စသည် လက်စားချေခြင်းသာဖြစ်၍ မိမိတပ်မှူးတွင် အပြစ်မရှိ ကြောင်း ခုခံပြောပါသည်။ ဗိုလ်မှူးထူးထူးလေးမှ ဥပဒေချိုးဖေါက်သူကို ဥပဒေအတိုင်း အ‌ရေးယူရမည်ဟု အခိုင်အမာပြောဆိုပါသည်။ တဦးနှင့်တဦး အပြန်အလှန်ညင်းခုံပြော ဆိုကြရာတွင် နှစ်ဦးစလုံး မျက်နှာနီမြန်း လည်ပင်းကြောများထောင်ထကာ ဖင်တကြွ ကြွနှင့် ထထိုးတော့မည့်အလားပင်ရှိနေပါသည်။ တဦးမှ အလျှော့မပေးကြပါ။ နောက် ဆုံးတွင် ဗိုလ်မှူးထူးထူးလေးမှ တပ်မဟာမှူး ဗိုလ်မှူးချုပ်မူတူးစေးဖိုးအား “ခင်ဗျား တပ်မဟာမှာ ဖြစ်ပွားတဲ့အမှုဖြစ်တာကြောင့် ခင်ဗျားမှာ တာဝန်ရှိတယ်၊ ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်ရန် ဗဟိုခေါင်းဆောင်တဦးအနေနဲ့တာဝန်ပေးပါတယ်”ဟု ပြော လိုက်သောအခါ လူမိခံလိုက်ရသူအလား မျက်နှာကွက်ကနဲပျက်သွားသည်ကို ကျနော် သတိပြုမိပါသည်။

မိုးစချုပ်၍ မှောင်လာသောအခါ ကျနော်တို့စစ်ကြောင်း စတင်တပ်ခေါက်လိုက်ပါသည်။ မိုးက သဲကြီးမဲကြီးရွာချနေသည်။ ကျနော်တို့သည် မိုးများစိုရွှဲနေသော မတ်စောက်သည့် မြေတောင်ကို တက်ရသဖြင့် လမ်းကအလွန်ချောပါသည်။ ကျနော်တို့သည် တဘိုင်း ဘိုင်းနှင့် လဲရင်းပြန်ထရင်းနှင့် ကုန်းထိပ်ဆီအရောက်တက်ကြသည်။ ထိုည တညလုံး မိုး ရွာပါသည်။ ကျနော်တို့သည် နံနက် (၄)နာရီခန့်တွင် တပ်ချအနားယူပါသည်။ သို့သော် မိုးက ရွာသွန်းနေဆဲပါ။ ကျနော်သည် သစ်ပင်တပင်အောက်အနားတွင် ထိုင်ချပြီး မိုး ကာကိုခြုံကာ ငုတ်တုတ်ပင်ထိုင်၍ သေနတ်ကိုဖက်ကာ မှေးကနဲဖြစ်သွားတော့သည်။ သတိရလာသောအခါ စစ်ကြောင်းပြန်ထွက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ဤသို့ဖြင့် စစ်ကြောင်းစထွက်ပါသည်။ မိုးလင်းစဖြစ်လာပြီ။ ထို့ကြောင့် ဇမိချောင်းရေတိမ်ပိုင်းမှ ဖြတ်ကူးလိုက်ကြသည်။ ညက တညလုံးလမ်းလျှောက်ရ၍ ခဏမျှသာ မှေးကနဲအိပ် လိုက်ရသောကြောင့် စိတ်ထဲနောက်ကျိကျိဖြစ်နေသည်။ ချောင်းရေကို ဖြတ်ကူးစဥ် မျက်နှာသစ်လိုက်ရ၍ အနည်းငယ်လန်းဆန်းသွားသည်။ ထို့နောက် ကြာအင်းမြို့နယ် လေးဝါဖလိုးရွာသို့ပင် ပြန်ရောက်လာသည်။ ကျနော်တို့ရောက်၍ ရှေ့ဆင့်နောက်ဆင့် မှာပင် ရန်သူများဝင်လာပြီဆိုသော သတင်းကိုရပါသည်။

ထို့ကြောင့် ကျနော်တို့သည် တပ်ချအနားယူခြင်းမပြုတော့ဘဲ ခရီးဆက်ထွက်ကြပါသည်။ တမနက်တွင် မဟာမိတ် များရှိရာသို့ ကျနော်ရောက်သွားသောအခါ မဟာမိတ်များ မျက်နှာမကောင်းကြသည်ကို တွေ့ရသည်။ မဟာမိတ်များအနီးတွင် ထိုင်နေသော ရဲဘော်တင်ဝင်းလှိုင်ကို မေးကြည့် သောအခါ “မဟာမိတ်များမျက်နှာမကောင်းဖြစ်ရခြင်းမှာ ဗိုလ်မှူးထူးထူးလေးမှ လာ ရောက်ဆူပူ‌ပြောဆိုသွားကြောင်း”ပြောပြသည်။ အကြောင်းမှာ မဟာမိတ်များထဲတွင် လူပျိုကြီးတဦးပါရှိသည်။ အဆိုပါ လူပျိုကြီးအား မဟာမိတ်ရဲဘော်တချို့နှင့် ကရင်ရဲ ဘော်တချို့က ဆေးဆရာမတဦးကိုစာပေးရန် ဝိုင်း၍မြှောက်ပင့်ပေးလိုက်သဖြင့် ထိုလူ ပျိုကြီးက စာရေးသားပေးပို့လိုက်သဖြင့် ဗိုလ်မှူးထူးထူးလေးသိသွားသောကြောင့် ‌ဒေါ သူပုန်ထကာ လာရောက်ဆူပူခြင်းဖြစ်ကြောင်း‌ပြောပြပါသည်။ ကျနော်တို့၏စစ် ကြောင်းတွင် အမျိုးသမီးရဲမေ (၁၀)ဦးခန့်ပါဝင်ပါသည်။

ဗိုလ်မှူးထူးထူးလေး၏ လူမျိုးရေးစိတ်ဓါတ်နှင့်ပတ်သက်သော သူ့အ‌တွေ့အကြုံတခု ကျနော့ကို ပြောပြဘူးပါသည်။ ထိုအဖြစ်အပျက်မှာ သူသည် ဖေါင်ကြီးအရာရှိသင်တန်း တွင် တက်ရောက်နေစဥ်ကာလ တနေ့မှာ သင်တန်းသားများအနားယူနေခိုက် ကရင်မ ဟုတ်သော သင်တန်းသား (၆)ဦးက လက္ဘက်ခရားအိုးကို အလယ်တွင်ချထားလျှက်ဝိုင်း ထိုင်ကာ လက္ဘက်ရည်သောက်ရင်း စကားပြောနေကြသည့်အထဲတွင် ကရင်အမျိုးသမီး များနှင့်ရည်းစားထားခဲ့ရသော အတွေ့အကြုံများကို မြိန်ရေရှက်ရေပြောဆိုနေကြ သည်။ ထိုအခါ ဗိုလ်မှူးထူးထူးလေးမှ စိတ်မထိမ်းနိုင်တော့သည့်အတွက် လက္ဘက်ရည် အိုးကို ခြေထောက်နှင့်ကန်လိုက်ပြီး “မင်းတို့သတ္တိရှိရင် ငါတယောက်နဲ့မင်းတို့ (၆) ယောက်ကိုချမယ်”ဟု စိန်ခေါ်လိုက်သည်။ ထိုသို့‌ဒေါသပေါက်ကွဲသွားကြောင်း ကျနော့ ကို ပြောခဲ့ဘူးပါသည်။ ဤသည်တို့ကို ထောက်ရှုခြင်းအားဖြင့် ဗိုလ်မှူးထူးထူးလေးသည် မျိုးချစ်စိတ်ပြင်းထန်သူတဦးဟု မှတ်ယူလျှင်မှားမည်မထင်ပါ။

အပိုင်း (၂) ဆက်လက်တင်ပြပါမည်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect