ဗိုလ်မှူးကြီး ထူးထူးလေး (၁၉၄၇ မေလ ၂၆ ရက်နေ့ -၂၀၂၅ မေလ ၁၇ ရက်နေ့)
လွတ်လပ်သော ကရင်သမိုင်း သုတေသနဌာနအသင်းမှ တင်ပြပါသည်။
နိုင်ငံရေးဖြတ်သန်းမှု
(KNU)ကရင်အမျိုးသားအစည်းအရုံးတွင် ကွယ်လွန်ချိန်အထိ နိုင်ငံရေး၊ စစ်ရေး အကြံပေးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါသည်။
၁၉၇၉ ခုနှစ်တွင် (KNU) ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ (၆) သို့ရောက်ရှိ လာပါ သည်။ ဗိုလ်မှူးကြီးမာဘယ်လ် (Col. Marvel) ၏အကြံပြုချက်ဖြင့် ကော့မူးရာ အခြေစိုက် အမှတ် (၁၀၁) တပ်ရင်း တွင် တပ်သားအဖြစ်စာရင်းသွင်းခဲ့ပါသည်။
၁၉၇၉ ခုနှစ် ဇွန်လတွင် ဗိုလ်ကြီးစောတော နှင့်အတူ ဗိုလ်ချုပ်ကြီးစောဘိုမြထံ သွားရောက် တွေ့ဆုံခဲ့ သည်။ဗိုလ်ချုပ်စောဘိုမြက စောထူးထူးလေးအား KNLA သို့ သီးခြားခေါ်ယူခဲ့သည်။ ထို့နောက် မာနယ်ပလောတွင် စစ်သင်တန်း (၂)လ တက်ရောက်ခဲ့ရသည်။
၁၉၇၉ ခုနှစ် အောက်တိုဘာလတွင် ဒုတိယဗိုလ်စောဂျက်၏ ဦးဆောင်မှုဖြင့် ကရင်နီ ပြည်သို့ စေလွှတ်ခြင်း ခံရသည်။
၁၉၈၀ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်မှုရေးရာဋ္ဌာန (Military Affairs) “G” Branch တွင် ဒုတိယ ဗိုလ် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၈၀ မတ်လတွင် ဗိုလ်ကြီးဇော်ထူး ဦးဆောင်ပြီး အင်အား(၆၀)ခန့် နှင့်အတူ ဖာပွန်ဒေသ ရှေ့တန်းစစ်မျက်နှာသို့ တာဝန်ပေးခြင်း ခံရသည်။
ထိုနှစ် ဧပြီလတွင် အမှတ်(၁) တပ်မဟာ ကတိုင်တိ ဒေသတွင် ရန်သူနှင့် တိုက်ပွဲ ဖြစ်ပွားပြီး နားတွင် ဒဏ်ရာ ရခဲ့သဖြင့် မာနယ်ပလော ဋ္ဌာနချုပ်သို့ ပြန်လာကာ ဆေးကုသမှု ခံယူခဲ့သည်။ သို့သော်လည်း ဘယ်ဘက်နား တဖက်မှာမူ လုံးဝ မကြားရတော့ပေ။ ထို့နောက် သူ့အား ဗိုလ်ကြီးအဆင့် ရာထူး တိုးမြှင့်ခန့်ခြင်း ခံရသည်။
ဝန်ကြီး ပဒို ဘောယူဖော (Padoeh Baw Yu Paw) တာဝန်ယူသော တရားစီရင်ရေးဋ္ဌာနသို့ ပြောင်းရွှေ့ ခန့်ထားလိုက်သည်။ ထို့အပြင် KNDO ကာကွယ်ရေးဋ္ဌာနကိုပါ ကူညီရန် တွဲဖက်တာဝန်ပေးခဲ့သည်။
အခြားတဖက်တွင် ဘားအံခရိုင် အမှတ်(၇) တပ်မဟာ ဒေသရှိ၊ ခရိုင်တရားသူကြီး ပဒို မန်းသိန်းကိုလည်း အကြံပေးကူညီရန် တာဝန်ပေးအပ်ခြင်း ခံရသည်။
KNU ကရင်အမျိုးသားအစည်းအရုံးက ပေးအပ်သော တာဝန်အမျိုးမျိုးကို ထမ်းဆောင်ရင်း ၁၉၈၄ ခုနှစ် တွင် ကရင်ဒုက္ခသည်ကော်မတီ (KKC) ၌ တွဲဘက် အတွင်းရေးမှူး ဖြစ်လာပါသည်။
၁၉၈၆ ခုနှစ်တွင် KNU ကရင်အမျိုးသားအစည်းအရုံးတွင် ဗဟို ကော် မတီဝင် အဖြစ် ရွေးချယ်ခြင်း ခံရ သည်။
၈ – လေးလုံး အရေးတော်ပုံမတိုင်မီ ဘုရားသုံးဆူ ဒေသတွင် မွန်-ကရင် လက်နက်ကိုင် ပဋိပက္ခ ပေါ် ပေါက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု(မဒတ)ခေါင်းဆောင်များ၏ ဖြန်ဖြေပေးမှုကြောင့် နှစ်ဘက်ကျေအေး ခဲ့ကြပြီး ဘုရားသုံးဆူဒေသမွန်-ကရင်ပူးတွဲအုပ်ချုပ်ရေးကို ဖွဲ့စည်းခဲ့ရာ စောထူးထူးလေး ကို မွန်-ကရင် ဗဟိုပူးတွဲ အုပ်ချုပ်ရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။





ထိုသို့ တာဝန်ထမ်းဆောင်စဉ် မာနယ်ပလော ဋ္ဌာနချုပ်သို့ ပြန်လည် ခေါ်ယူခြင်း ခံရပြီး ဗမာပြည်တွင်း မြစ်ဝကျွန်းပေါ် စစ်ဆင်ရေး တခုတွင် ကရင်တပ်ဖွဲ့ကို ဦးဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသည်။
၁၉၉၁ ခုနှစ်၊ အောက်တိုဘာလတွင် ဗိုလ်မှူးကြီး အဆင့်သို့ ရာထူးတိုးမြှင့်ခြင်းကို ခံရသည်။ KNDO ကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယစစ်ဦးစီးချုပ် ရာထူးခန့်အပ်ခံရသည်။ ထို့အပြင် တရားရေးဋ္ဌာနတွင် တရားရေးဋ္ဌာန တာဝန်ခံ အဖြစ်လည်း ခန့်အပ်ခြင်းကို ခံရသည်။
၁၉၉၅ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့တွင် ကျင်းပသော KNU ကရင်အမျိုးသားအစည်းအရုံး (၁၁) ကြိမ် မြောက်ကွန်ဂရက်တွင် KNU ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး (၂)အဖြစ် ရွေးချယ်တင် မြှောက်ခံရသည်။
၁၉၉၆ ခုနှစ်တွင် (နအဖ) စစ်အစိုးရနှင့် ငြိမ်းချမ်းရေး စကား ပြောရန် မော်လမြိုင်မြို့သို့ နှစ်ကြိမ် တိတိ သွားရောက်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် စောထူးထူးလေးသည် အမေရိကန် ရေတပ်အမှုထမ်းဟောင်း တဦးဖြစ်သူ ဒေ့ဗ် ယူဘန်း(David Eubank) နှင့် တွေ့ဆုံ ဆွေးနွေးပြီး ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များကို လူမှုကယ်ဆယ် ရေးနှင့် ဘာသာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများပေးနိုင်ရန်အတွက် Burma Ranger ဗမာပြည်ရိန်းဂျား အဖွဲ့ကို ထူထောင်လိုက်သည်။
သက္ကရာဇ် ၂၀၀၀ပြည့်နှစ်၊ ဇန္နဝါရီလ(၁၀)ရက်နေ့တွင်ကျင်းပသော KNU ကရင်အမျိုးသားအစည်း အရုံး (၁၂) ကြိမ်မြောက်ကွန်ဂရက်တွင် KNU ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်ခံရသည်။
၂၀၀၄ခုနှစ်နိုဝင်္ဘာလ(၁၈)ရက်နေ့တွင်ကျင်းပသော KNUကရင်အမျိုးသားအစည်းအရုံး(၁၃) ကြိမ်မြောက် ကွန်ဂရက်တွင် KNU ကရင်အမျိုးသားအစည်းအရုံး၏တွဲဘက်အတွင်းရေးမှူး(၁)အဖြစ် ပြန်လည်အရွေးခံရ သည်။
၂၀၀၅ ခုနှစ် မတ်လတွင် သူဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေး ရန် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ် သူရမြင့်အောင်နှင့် မော်လမြိုင်မြို့တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။
၂၀၁၂ ခုနှစ် နိုဝင်္ဘာ (၂၇)ရက်နေ့မှ ဒီဇင်္ဘာလ (၂)ရက်အထိ ကျင်းပသော KNU ကရင်အမျိုးသား အစည်း အရုံး(၁၄)ကြိမ်မြောက်ကွန်ဂရက်တွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဥက္ကဋ္ဌဖြစ်လာပြီး စောထူးထူးလေးအား KNU ဥက္ကဋ္ဌ၏ စစ်ရေးနှင့်နိုင်ငံရေးအကြံပေးအဖြစ် တရားဝင် ခန့်အပ်ခဲ့ပါသည်။
မိသားစုဘဝ
စောတူးတူးလေးကို ၁၉၄၇ ခုနှစ်၊ မေလ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ စကောမောလေး (ခ) မောင်မောင်သန်း နှင့် အမိ နော်စောရီတို့က ကမ်းနားလမ်း၊ အကောက်ခွန်ရုံးချုပ်တွင် မွေးဖွားပါသည်။ မွေးချင်း ၃ ယောက်အနက် အကြီးဆုံးသားဖြစ်ပြီး သူ့အောက်တွင် နှမလေး ၂ ယောက်ရှိပါသည်။
အသက် (၇)နှစ် (၈)နှစ် (၉)နှစ်အတွင်း ဟင်္သာတမြို့ ဖဲလ် ကရင် အထက်တန်းကျောင်း (Phelp’s Karen High School, Henzada.) မူလတန်းကို အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်မြို့ ကြည့်မြင်တိုင်ရှိ ကူရှင် အထက်တန်းကျောင်း (Cushion High School, Rangoon.) တွင် ဆက်လက် ပညာသင်ခဲ့သည်။ ၁၉၆၄ ခုနှစ်အတွင်း (၁၀)တန်းစာမေးပွဲကို ယူကေ (Unique Karen High School) တွင် အောင်မြင်ခဲ့သည်။
၁၉၆၄ ခုနှစ်နှစ် ရန်ကုန် တက္ကသိုလ် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ကျောင်းသို့ တက်ရောက်ခဲ့သည်။ K.N.U. ခေါင်းဆောင်များဖြစ်ကြသော မုဆိုးကော်ကဆာ ဟန်တာသာမွှေးနှင့် အဖွဲ့က စစ်အစိုးရ (တော်လှန်ရေး ကောင်စီ)နှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်ကာလအတွင်း စောထူးထူးလေးအား မင်္ဂလာဒုံ စစ်ဋ္ဌာနချုပ်သို့ ဖိတ်ခေါ် တွေ့ဆုံပြီး ကရင်ပြည်နယ် အစိုးရ ပညာသင်စရိတ်ကို စီစဉ်ပေးခဲ့သည်။ ထို့ကြောင့် ရန်ကုန် တက္ကသိုလ်ကျောင်း စာသင်နှစ်အတွင်း ပညာသင် ထောက်ပံ့ကြေးကို ရခဲ့သည်။
၁၉၆၈ ခုနှစ်တွင် ဘီအေ(ဥပဒေ) ဘွဲ့ ရရှိခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် B.A. (LLB) ဒီဂရီကို ရခဲ့ သည်။ တက္ကသိုလ်၌ ပညာသင်ကြားစဉ် တက္ကသိုလ် အရံတပ်ရင်းတွင် အပတ်စဉ် စနေနေ့တိုင်း စစ်ပညာကို (၅)နှစ် သင်ကြားခဲ့သည်။ ၁၉၆၉-၇၀ အတွင်း ဒေါက်တာစံစီဖိုး၏ သားဖြစ်သူ စောဗစ်တာဖိုး (Saw Victor Po) ၏ လမ်းညွှန်မှု အောက်တွင် အလုပ်သင်ရှေ့နေအဖြစ် လုပ်ဆောင်ခဲ့သည်။
၁၉၇၁-၇၃ ခုနှစ်တွင် ဗဟိုတရားရုံးချုပ်ရှေ့နေ့ Advocate ဖြစ်လာသည်။ ၁၉၇၃ ခုနှစ်တွင် ဖောင်ကြီး ဗဟို ဝန်ထမ်းသင်တန်းကျောင်းကို (၈)လကြာ တက်ရောက်ရန် ရွေးချယ် ခံခဲ့ရသည်။ သင်တန်း တက်ရောက်ပြီးနောက် ၁၉၇၄ ခုနှစ်တွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်တွင် တရားရေး ဝန်ထမ်း အဆင့်(၄) အဖြစ် ခန့်အပ်ခံခဲ့ရသည်။
၁၉၆၉-၁၉၇၆ ခုနှစ်အထိ ဘာသာရေး ယုံကြည်မှု Assembly of God ရန်ကုန်မြို့ ဦးဘဝါး လမ်းရှိ ဘုရား ကျောင်းကို တက်ရောက်ခဲ့ရာ ဆရာကြီး ဦးမျိုးချစ်နှင့်အတူ စောထူးထူးလေးသည် ဘာသာရေးတွင် တက်ကြွစွာ ပါဝင်ပြီး ဘုရားကျောင်း ကော်မတီတွင် သင်းထောက်အဖြစ် တာဝန်ယူခဲ့ ရသေးသည်။ ထိုကာလတွင် တွံတေးမြို့ Assembly of God ဘုရားကျောင်းတွင် သင်းအုပ်ဆရာ မရှိသဖြင့်သင်းအုပ်ဆရာအဖြစ် တနှစ်ခန့် ဝင်ရောက် ဦးစီး ခဲ့ရသေးသည်။
၁၉၇၆ ခုနှစ်တွင် နော်ဒယ်ဖနီ (Daphne) နှင့် အိမ်ထောင်ပြုခဲ့သည်။ ထိုနှစ်၌ပင် သူ၏ မိသားစုများရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့သို့ အလုပ်ဖြင့် ရွှေ့ပြောင်းခဲ့ရသည်။ ဘားအံသို့ ရောက်ရှိပြီး မြို့နယ်တရားရုံးတွင် တရားရေးဝန်ထမ်းအဆင့်(၄) အဖြစ် စတင် တာဝန်ထမ်းခဲ့ရသည်။ ၁၉၇၇ ခုနှစ်တွင် တရားရေး အဆင့်(၄)မှ အဆင့်(၃)သို့ ရာထူးတိုးမြှင့်ခြင်း ခံရသည်။
ဘားအံသို့ ရောက်ရှိစဉ် ကရင်ကျေးလက် တောရွာများ၌ ဗမာ့တပ်မတော်၏ အတင်းအဓမ္မ လုပ်အားခိုင်း စေခြင်း၊ ပစ္စည်းများ လုယူခြင်းနှင့် ပြည်သူလူထုများ လုံခြုံမှုမရှိ အကာအကွယ်မဲ့ ဖြစ်နေခြင်းကို ကြုံတွေ့ ခံစားခဲ့ရ သည်။ ကရင်လူငယ် ခရစ်ယာန်ဘာသာ ယုံကြည်သူ တယောက်အနေဖြင့် ကရင့် နိုင်ငံရေး အခြေအနေများကို ထိုစဉ်မှ စတင်သတိထားမိလာခဲ့သည်။
၁၉၇၇ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် ကရင့်တော်လှန်ရေး ဒေသသို့ လျှို့ဝှက်စွာ သွားရောက် ခဲ့ပြီး နောက် KNU၏ မြေအောက်လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ ဗမာစစ်အစိုးရနှင့် ကရင့်တော်လှန်ရေး ပဋိပက္ခတိုးမြင့်လာသည့်အပေါ် အမှတ်(၅) ထောက်လှမ်းရေး တပ်ဖွဲ့သည် ကရင်ပြည် နယ်ထဲသို့ ဝင်ရောက်လာခဲ့ သည်။ နယ်စပ်မှ ဘားအံသို့ ပြန်ရောက်သောအခါ အစိုးရ ထောက်လှမ်းရေးဋ္ဌာနက သူ့ကို စောင့်ကြည့်နေကြောင်း သူငယ်ချင်း တဦးက သတိပေးလာသည်။
နောက်ဆုံး ၁၉၇၉ ခုနှစ်တွင် ဘားအံမှ ထွက်ခဲ့ပြီး KNU ထိန်းချုပ်ရာ တပ်မဟာ(၆) နယ်မြေသို့ ရောက်ရှိ ခဲ့သည်။ ၁၉၇၉ ခုနှစ် ဇွန်လတွင် ဇနီးသည်သည် ကလေး (၂)ဦးနှင့်အတူ ရောက်ရှိလာခဲ့သည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက်နေ့ည ၁၀နာရီ ၂၀ မိနစ် ကွယ်လွန်ချိန်အထိ ကရင်အမျိုးသား အစည်းအရုံး ၏ ဗဟို စစ်ရေး နိုင်ငံရေး အကြံပေးအဖြစ်တာဝန်ထမ်းဆောင်သွားခဲ့သည်။








Leave a comment