(၁) အုပ်ချုပ်မှုပညာနှင့်ကရင်သမိုင်းကပေးတဲ့သင်္ခန်းစာ

“ကျနော်တို့ရဲ့ခေတ်သစ်သမိုင်း (modern history) မှာ နိုင်ငံရေးကို စတင်ဦးဆောင်လာခဲ့တဲ့သူတွေဟာ ခေတ်ပညာတတ်တွေ ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ ဥပမာ ဒေါက်တာတီသံပြာ၊ ဒေါက်တာစံစီဖိုး၊ ကော်ခိုစောဘဦးကြီး၊ စောပေသာ၊ ဖူးစကောလယ်တော အစရှိသဖြင့်ပေါ့။ ဒီခေါင်းဆောင်တွေဟာ ခေတ်ပညာတတ်သလို ကရင်အရေး ကရင့်နိုင်ငံရေးကို နိုင်ငံတကာအမြင်နဲ့လည်းသုံးသပ်နိုင်သလို ဌာနေလူမျိုးစုတွေဖက်ကနေလည်း တွေးနိုင်တယ်။ ဒါတွေက အားသာချက်ပေါ့။ သို့သော် ကျနော်တို့မှာ သမိုင်းနဲ့ချီပြီး စည်းလုံးညီညွှတ်မှုမရှိခဲ့တာကိုလည်းတွေ့ရတယ်။ အမြင်မတူတော့ဘူးဆိုရင် ပေါင်းပြီးအလုပ်မလုပ်နိုင်ကြဘူး။ ကိုယ့်အချင်းချင်းအမြင်မတူတာနဲ့ ရန်သူနဲ့ပေါင်းရမှာ ဝန်မလေးခဲ့ကြဘူး။ အဲ့ဒါကျနော်တို့ရဲ့ အကြီးမားဆုံးအားနည်းချက်ပဲ။ “

စောကပီ

The School of Governance and Public Administration (SGPA) ရဲ့ ဒါရိုက်တာဖြစ်သူ စောကပီ နဲ့ အထူးအင်တာဗျူး။ ကရင်သမိုင်းရဲ့ အမှောင်ထုထဲက သင်ခန်းစာတွေနဲ့ အနာဂတ် “ကော်သူးလေ” ကို လက်တွေ့ကျကျ ဘယ်လို တည်ဆောက်မလဲဆိုတာ ဒီဆောင်းပါးမှာ ဖတ်ရှုရမှာပါ။

ပထဦးဆုံးကျနော် ပြောချင်တာကတော့ သမိုင်းဆိုင်ရာကိစ္စပါ — သမိုင်းမှာ ကျနော်တို့အတွက် သင်ခန်းစာတွေရှိသလို သမိုင်းကနေပြီးတော့ပဲ ကျနော်တို့အတွက် လက်ဆင့်ကမ်း သယ်ပိုးရမယ့်ဟာတွေလည်းရှိပါတယ်။ သမိုင်းမှာ သင်ခန်းစာရှိသလိူ သမိုင်းက ကျနော်တို့အနာဂတ်အတွက် လမ်းညွှန်းလည်းဖြစ်ပါတယ်။ ယူတတ်ဖို့က အရေးကြီးပါတယ်။ 

ကောင်းကွက်အနေနဲ့ပြောရရင်တော့ ကျနော်တို့ရဲ့ခေတ်သစ်သမိုင်း (modern history) မှာ နိုင်ငံရေးကို စတင်ဦးဆောင်လာခဲ့တဲ့သူတွေဟာ ခေတ်ပညာတတ်တွေ ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ ဥပမာ ဒေါက်တာတီသံပြာ၊ ဒေါက်တာစံစီဖိုး၊ ကော်ခိုစောဘဦးကြီး၊ စောပေသာ၊ ဖူးစကောလယ်တော အစရှိသဖြင့်ပေါ့။ ဒီခေါင်းဆောင်တွေဟာ ခေတ်ပညာတတ်သလို ကရင်အရေး ကရင့်နိုင်ငံရေးကို နိုင်ငံတကာအမြင်နဲ့လည်းသုံးသပ်နိုင်သလို ဌာနေလူမျိုးစုတွေဖက်ကနေလည်း တွေးနိုင်တယ်။ ဒါတွေက အားသာချက်ပေါ့။ သို့သော် ကျနော်တို့မှာ သမိုင်းနဲ့ချီပြီး စည်းလုံးညီညွှတ်မှုမရှိခဲ့တာကိုလည်းတွေ့ရတယ်။ အမြင်မတူတော့ဘူးဆိုရင် ပေါင်းပြီးအလုပ်မလုပ်နိုင်ကြဘူး။ ကိုယ့်အချင်းချင်းအမြင်မတူတာနဲ့ ရန်သူနဲ့ပေါင်းရမှာ ဝန်မလေးခဲ့ကြဘူး။ အဲ့ဒါကျနော်တို့ရဲ့ အကြီးမားဆုံးအားနည်းချက်ပဲ။ 

နောက်တစ်ခုက ဘာသာရေးကိုရှေ့တန်းတင်ပြီး နိုင်ငံရေးလုပ်ဖို့ကြိုးစားခဲ့ကြတယ်။ အမျိုးသားညီညွှတ်မှုကို ကိုယ်းကွယ်ယုံကြည်မှုတူခြင်းနဲ့ တစ်ထပ်တည်းကျအောင်လုပ်ဖို့ ကြိုးစားကြတယ်။  အဲဒါအဆင်မပြေဘူး။ ဒါတွေဟာ ကျနော်တို့အတွက် အထူးသင်ခန်းစာတွေဖြစ်တယ်လို့ ကျနော်မြင်တယ်။ 

အဲ့တော့ကျနော်တို့အလည့်မှာ ဒါတွေကိုသင်ခန်းစာယူဖို့လိုပါတယ်။ ကျနော်တို့ နိုင်ငံရေးအမြင်မတူကြရင်တောင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အချင်းချင်း မတိုက်မခိုက်ကြဖို့နဲ့ အချင်းချင်းကျောခိုင်းပြီး ရန်သူကိုမိတ်ဆွေသဖွယ်မှတ်ယူဆက်ဆံမိတာမျိုး မလုပ်ဖို့ဖြစ်ပါတယ်။ အားသာချက်အရတော့ဗျာ ကျနော်တို့အနေနဲ့ ခေတ်ပညာနဲ့မျက်ခြေမပြတ်ဖို့ ပညာရှာပြီးရင်လည်း ကိုယ့်လူထုအသိုင်းအဝိုင်းနဲ့ မျက်ခြေမပြတ်ဖို့လအရေးကြီးတာပေါ့။ 

အတိတ်ကာလက ကရင်ခေါင်းဆောင်တွေကတော့ ကရင်သီးသန့်နိုင်ငံတည်ထောင်ဖို့ကျိုးစားခဲ့ကြတာရှိပါတယ်။ ဒါပေမယ့်လို့ ကျနော်တို့ ကရင်ပြည်သူအားလုံးကို နားလည်အောင်လက်တွဲခေါ်ပြီး မဦးဆောင်နိုင်ခဲ့ဘူးလို့ ကျနော်မြင်ပါတယ်။ 

၁၉၄၉ ခုနှစ် ကရင့်တော်လှန်ရေးစပြီး နှစ်ပေါင်း ၂၀ ကျော်လောက်ကျမှသာ ကရင်အမျိုးသားများအနေနဲ့ ပြည်ထောင်စုစနစ်ကို စတင်ခဲ့ကြတာလို့ပြောရင်လည်းမမှားပါဘူး။ အဲ့တော့ အဲ့ဒီခေတ်က ကျနော်တို့ခေါင်းဆောင်တွေဟာ ပညာတတ်တယ် ဥပဒေနားလည်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်အဝရှိတယ် ကိုယ်ဟာကိုယ်သီးခြားနိုင်ငံထူထောင်လိုကြတာက မဆန်းဘူးပေါ့။ သို့သော် ကရင်ပြည်သူလူထုတစ်ရပ်လုံးကို မစည်းရုံးနိုင်ခဲ့သလို စစ်အနိုင်တိုက်ပြီး နယ်မြေသတ်သတ်မှတ်မှတ်နဲ့ ထိန်းချုပ် အုပ်ချုပ်နိုင်တာမျိုးအထိ မဆောင်ရွက်နိုင်ခဲ့ဘူး။ ကျနော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ခေတ်ကလနဲ့အညီ ကျနော်တို့လူမျိုးတွေရဲ့ တည်ရှိနေတဲ့အခြေအနေ ပထဝီအနေအထား ပထဝီနိုင်ငံရေးအခြေအနေအထားအရ ပြုပြင်ပြောင်းမှုတွေ ပြုလုပ်လာခဲ့ရတယ်။ 

ဒီမှာကျနော်တစ်ခုထောက်ပြချင်တာ ကျနော်တို့ကရင်လူမျိုးတွေဟာ သမိုင်းနဲ့ချီပြီး အုပ်ချုပ်ရေး စီမံခန့်ခွဲလုပ်ငန်းတွေမှာ ပါဝင်မှုအားနည်းခဲ့တယ်ဆိုတဲ့အချက်ဖြစ်တယ်။  ကိုလိုနီခေတ် ကရင်လူမျိုးတွေအနေနဲ့ နိုင်ငံရေးအရ အသိအမြင်နိုးကြားလာခဲ့တဲ့အချိန်မှာတောင်မှ ကျနော်တို့တွေ စစ်တပ်ထဲမှာ ပညာရေးမှာ ကျန်းမာရေးကဏ္ဍတွေမှာ ပါဝင်လုပ်ကိုင်တာ များတာကိုတွေ့ရတယ်။  အုပ်ချုပ်ရေးစီမံခန့်ခွဲရေးအပိုင်းမှာသိပ်မတွေ့ရဘူး။ ဥပမာ မွန်တို့ ရခိုင်တို့ဆိုရင် ကိုလိုနီခေတ်မှာတောင်မှ ICS (Indian Civil Service) တွေအများကြီးရှိခဲ့တယ် ကျနော်တို့ကရင် ICS တွေကိုတော့ မတွေ့ရသလောက်ပဲ။ Colonial Administration မှာ professional staff အနေနဲ့ပဲ ပါဝင်ခဲ့ပြီး စီမံအုပ်ချုပ်မှုအပိုင်းမှာ အားနည်းခဲ့တာ သိသိသာသာဖြစ်ပါတယ်။ ဒီဖက်တော်လှန်ရေးကာလရောက်လာတော့လည်း ကျနော်တို့ရဲ့ စစ်တပ်ကို တည်ဆောက်သင်ကြားပေးတဲ့အခါမှာ တိုက်ခိုက်ရေးပဘာရော အုပ်ချုပ်ရေးပညာပါပေးတာမျိုး မလုပ်ခဲ့ကြဘူး။ အဲ့တော့အရင် ပညာတတ်မျိုးဆက်ကုန်ဆုံးသွားတဲ့အခါကျတော့ အုပ်ချုပ်ရေးယန္တယားသစ်တွေကိုတည်ဆောက်ဖို့မပြောနဲ့ ရှိနှင့်နေပြီးသားယန္တယားတွေကိုတောင် ထိထိရောက်ရောက်လည်ပတ်အောင်မလုပ်နိုင်တဲ့အထိဖြစ်ခဲ့ရတယ်။ အခုဒါတွေအားလုံးကို သင်ခန်းစာယူပြီး ကျနော်တို့အစကနေ ပြန်စနေရတဲ့ သဘောဖြစ်တယ်။ အာရစရာကောင်းတာကတော့ ကျနော်တို့ ၂၀၂၃ ခုနှစ်မှာ ကေအဲန်ယူကရင်အမျိုးအစည်းအရုံးရဲ့ ၁၇ ကြိမ်မြောက်ကွန်ကရက်အပြီး ပထမအကြိမ် ဗဟိုကော်မတီအစည်းအဝေးအပြီးမှာ ဆုံးဖြတ်ချက်တစ်ခုကျတယ်။ အဲ့ဒါကဘာလဲဆိုတော့ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဩဇာသက်ရောက်တဲ့နေရာဒေသတွေမှာ အုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန်ခွဲရေးလုပ်ငန်းတွေကို ခေတ်နဲလျှော်ညီစွာ ဆောင်ရွက်နိုင်ဖို့အတွက် ကျနော်တို့ရဲ့ အုပ်ချုပ်ရေးယန္တယားတွေကို ခိုင်မာမာ ကျစ်ကျစ်လစ်လစ်တည်ဆောက်ဖို့လိုတယ် ကျနော်တို့ရဲ့ ခရိုင်အဆင့် မြို့နယ်အဆင့် အုပ်ရေးမှုး ပြည်သူ့ရေးရာစီမံခန်ခွဲရေးမှုးတွေကိုလည်း တော်လှန်ရေးကာလ အတွင်းမှာကို စွမ်းရည်မြှင့်တင်ရေးကိစ္စတွေ ဆောင်ရွက်ရမယ် အဲ့ဒီလိုဆောင်ရွက်တဲ့အခါမှာလည်း စနစ်တကျဖြစ်စေဖို့အတွက် ကြီးကြပ်ဆောင်ရွက်ရမယ့် လုပ်ငန်းကော်မတီတစ်ခု သတ်သတ်မတ်မတ်ရှိဖို့လိုတယ်ဆိုပြီး အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းပေးခဲ့တယ်။ အခုကျနော်တိုလုပ်နေတဲ့ အုပ်ချုပ်ရေးနဲ့ပြည်သူ့ရေးရာစီမံခန့်ခွဲမှု စွမ်းရည်တည်ဆောက်မြှင့်တင်တဲ့ ကိစ္စတွေအားလုံးကို အဲ့ဒီကော်မတီရဲ့ အလုပ်အနေနဲ့ လုပ်နေကြတာဖြစ်တယ်။ ကော်သူးလေတည်ဆောက်ရေးနဲ့ ကရင်လူမျိုးများရဲ့အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်တွေ့ ကျင့်သုံးအကောင်အထည်ဖေါ်နေတာပဲလို့ အတိအကျ ပြောရမှာဖြစ်ပါတယ်။

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect