ဗိုလ်ချုပ်မြ (သို့မဟုတ်) တော်လှန်ရေးမုန်တိုင်းအတွင်းမှ သစ်တပင်

(မန်းရှာလားဖန်းရေးသည်)

၁၉၈၈ စက်တင်ဘာ (၁၈) ရက် နဝတစစ်အုပ်စု အာဏာသိမ်းမှုအပြီး လူငယ်၊ ကျောင်းသားများနှင့် ရဟန်းရှင် လူပြည်သူများ တသောင်းနီးပါး ကရင့်တော်လှန်ရေး၏ အခြေခံဒေသအတွင်းသို့ ဆိုက်ရောက်လာကြသည့်အခါ မြန်မာပြည်အတွင်း နိုင်ငံရေးဆက်ဆံမှုနှင့် ရွေ့လျားမှုသည် နောက်ထပ်မှတ်တိုင်တခုသို့ ရောက်ရှိလာသည်။

ဤနိုင်ငံရေးစစ်တမ်းကိုဤအခြေအနေတွင် ကျနော့်အနေဖြင့် ဤနိုင်ငံရေးဆက်ဆံမှုကို အကြောင်းပြု၍ ၁၉၈၈ ခု နိုင်ငံရေးစစ်တမ်း တစောင်ကိုရေးခဲ့ပြီး “စက်တင်ဘာ နိုင်ငံရေးစစ်တမ်း” ဟု ခေါင်းစဉ်တပ်ခဲ့သည်။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြ၊ ဒု-ဥက္ကဋ္ဌ ပဒိုစောသန်းအောင်နှင့် မဒတ အတွင်းရေးမှူး ခိုင်စိုးနိုင်အောင်တို့ကို ပေးအပ် လေ့လာစေခဲ့ပါသည်။ ပဒိုစောသန်းအောင်က “မင်းကိုယ်တိုင် ဗိုလ်ချုပ်မြနဲ့ တွေ့ဆုံဆွေးနွေးပြဖို့လည်း လိုအပ်တယ်” ဟုပြောပြီး သူ၏ စီစဉ်မှုကြောင့် အောက်တိုဘာလ၏ ညတညတွင် ဤစစ်တမ်းပါ အကြောင်းအရာများကို ဗိုလ်ချုပ်မြအား ဆွေးနွေးတင်ပြခဲ့ပြီး ဒု-ဥက္ကဋ္ဌစောသန်းအောင်လည်း အလေးအနက် ပါဝင်နားထောင် ဝေဖန်သုံးသပ်မှုပြုခဲ့ပါသည်။

ဤစစ်တမ်းတွင် တည်ရှိနေသည့် လူမျိုးစုတော်လှန်ရေး စစ်မျက်နှာအပြင် နောက်ထပ်ဒီမိုကရေစီတိုက်ပွဲ စစ်မျက်နှာအသစ်ပေါ်ထွန်းလာပြီး ဤတိုက်ပွဲစစ်မျက်နှာသစ်သည် ယခင်ကာလများကကဲ့သို့ စစ်အုပ်စုက လွယ်ကူစွာ ငြိမ်းသတ်နိုင်တော့မည်မဟုတ်ကြောင်း၊ ၈၈ အရေးတော်ပုံကြီးသည် လက်နက်ကိုင်တိုက်ပွဲနှင့် လူထု တိုက်ပွဲကို ဆက်စပ်ပေါင်းကူးပေးခဲ့ကြောင်း၊ ဤ ၈၈ အရေးတော်ပုံကြီးအပြီးတွင် လူမျိုးစုများ၏ အမျိုးသားအင်အားစုနှင့် ဒီမိုကရေစီအင်အားစုများအကြား ခွဲခြားထားသည့် တံတိုင်းကြီး ပြိုကျခဲ့ပြီး ဤအင်အားစုကြီးနှစ်ရပ် ဆက်စပ်ပေါင်းစည်းသွားကြောင်း၊ မြန်မာပြည်အတွင်း စစ်အာဏာရှင်ကြီးစိုးမှု ဖြစ်တည်ခဲ့ပြီးနောက် ဤ ၈၈ အရေးတော်ပုံသည် စစ်အာဏာရှင်စနစ် စတင်ကျဆင်းလာသည့် လက္ခဏာဖြစ်ကြောင်း၊ လက်ရှိကာလ၏ အဓိကတာဝန်သည် စစ်အာဏာရှင်ကြီးစိုးမှုကို ဆန့်ကျင်သည့် အင်အားစုအားလုံးကိုစုစည်း၍ တိုက်ပွဲကို မြှင့်တင်သွားရန်ဖြစ်ကြောင်း သုံးသပ်ဖော်ပြထားပါသည်။

ဗိုလ်ချုပ်မြသည် ဤသုံးသပ်ချက်ကို သဘောတူခဲ့ပြီး ပြည်လုံးဆိုင်ရာ စစ်အာဏာရှင်ကြီးစိုးမှု ဆန့်ကျင်ရေးညီလာခံကြီးတခုကို NDF ၏ ဦးစီးမှုဖြင့် ပြုလုပ်ရန် သဘောတူခဲ့လေသည်။ ၁၉၈၈ နိုဝင်ဘာ (၁၅) ရက် စစ်အုပ်စုဆန့်ကျင်ရေး ပြည်လုံးကျွတ်ညီလာခံကို ဘားအံခရိုင် မယ်သီရိတွင် ကျင်းပခဲ့ပြီး ဗိုလ်ချုပ်မြကို DAB ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ ဒု-ဥက္ကဋ္ဌများအဖြစ် ဥက္ကဋ္ဌ ဘရန်ဆိုင်း၊ ဥက္ကဋ္ဌ နိုင်ရွှေကျင်၊ ဥက္ကဋ္ဌ ဦးသွင် တို့ကို ရွေးချယ်တင်မြှောက်သည်။ ဦးတင်မောင်ဝင်းကိုလည်း အတွင်းရေးမှူးအဖြစ် တညီတညွတ်တည်း ရွေးချယ်ကြသည်။ ထို့နောက် ဗိုလ်ချုပ်မြက သူ၏ ကြီးလေးသည့် တာဝန်များကို ထမ်းဆောင်ရာတွင် အနီးကပ် ကူညီရန် ကျနော့်ကို တောင်းခံ၍ KNU ဒု-ဥက္ကဋ္ဌ ပဒိုစောသန်းအောင်က ဗဟိုခေါင်းဆောင်များ၏ သဘောတူ ညီချက်ဖြင့် ကျနော့်ကို ဗိုလ်ချုပ်မြ၏ ကိုယ်ရေးအတွင်းရေးမှူးအဖြစ် ဒီဇင်ဘာလကုန်ပိုင်းတွင် ခန့်အပ်ရာ ကျနော်နှင့် ဗိုလ်ချုပ်မြသည် တရုံးတည်း စားပွဲတလုံးတည်းတွင် ၁၉၈၈ မှ ၁၉၉၅ အထိ ခက်ခဲကြီးမားသည့် တာဝန်များကို နီးနီးကပ်ကပ် ထမ်းဆောင်ခဲ့ကြရရုံမက ၁၉၉၅ ခု KNU ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ထို့နောက် အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်ခံရပြီးသည့်နောက်တွင်လည်း ဗိုလ်ချုပ်မြနှင့် နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ရသည်။

ထို့ကြောင့် ဗိုလ်ချုပ်မြ မကွယ်လွန်မီကပင် ဗိုလ်ချုပ်မြ၏ တသက်တာတွင် သူ၏ အဓိကအကျိုးပြုမှုများသည် အဘယ်အရာနည်းဟူသော အချက်များကို ကျနော်စူးစမ်းရှာဖွေနေခဲ့ပါသည်။ ဗိုလ်ချုပ်မြနှင့်ပတ်သက်၍ အမျိုး မျိုးပြောဆိုမှုများကို ကျနော် များစွာ ကြားနေခဲ့ရပါသည်။ သို့ရာတွင် ကျနော် ဘာမျှအထွေအထူး ပြောဆိုခဲ့ခြင်း မရှိဘဲ အများ၏ ပြောဆိုမှုကိုသာ အဓိကအားဖြင့် နားထောင်ခဲ့ပါသည်။ သို့ရာတွင် ၂၀၀၆ ခု ဇန်နဝါရီ (၂၀) ရက် သူ၏ မွေးနေ့တွင်မူ ကျနော့်ကို စကားပြောရန် မွေးနေ့စီစဉ်သူများက စီစဉ်ထားသည့်အတွက် ဤနေ့တွင် ဗိုလ်ချုပ်မြအနေဖြင့် မည်သည့်အရေးပါသည့် လုပ်ဆောင်မှုများကို အမှန် တကယ် လုပ်ဆောင်ခဲ့ပါသနည်းဟူသော အချက်များကို ထုတ်ဖော်ပြောဆိုခဲ့ရပါသည်။ဤအခမ်းအနားတွင် ကျနော်တွေ့ရှိ ပြောဆိုခဲ့သည့် အချက် (၃) ချက်မှာ ပထမအနေဖြင့် ၁၉၆၃ မှ ၁၉၇၄ အ ထိ နှစ်ခြမ်းကွဲနေသည့် ကရင့်အမျိုးသားတော်လှန်ရေးကြီးကို ပြန်လည်ဆက်စပ် ပေါင်းစည်းပေးရာတွင် ဥက္ကဋ္ဌ ကြီး မန်းဘဇန်၊ ဗိုလ်ချုပ်မန်းမြမောင်၊ ဖူးစကောလယ်တောတို့နှင့်အတူ ဗိုလ်ချုပ်မြအနေဖြင့် အဆုံးအဖြတ်အခန်းမှ ပါဝင်ခဲ့သည်။ ဤစည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည့်အတွက် တပ်မှူး၊ တပ်သားများ၊ ကရင်အမျိုးသားများ ပြန်လည်၍ အားတက်ခဲ့ကြ၊ ပြန်လည်၍ တက်ကြွလန်းဆန်းလာခဲ့ကြ၊ ယုံကြည်စိတ် ပိုမို ခိုင်မာလာခဲ့ကြသည်။ ဒုတိယအနေဖြင့် ၁၉၈၀ ပြည့်နှစ်မှစ၍ အလွန်ကြီးမား ရက်စက်ပြင်းထန်သည့် ရန်သူ၏ ထိုးစစ်ကြီးများကို တပွဲ ပြီးတပွဲ အဆက်မပြတ် တိုက်ဖျက်ခဲ့ရသည့် တိုက်ပွဲကြီးများကို ဗိုလ်ချုပ်မြကိုယ်တိုင် ရဲရဲရင့်ရင့် ဦးစီးညွှန်ကြားပြီး၊ ဤတိုက်ပွဲကြီးမြောက်မြားစွာမှ အမြောက်သံများသည် ကရင်အမျိုးသားများအနေဖြင့် သူတို့၏ မွေးရာပါ အခွင့်အရေး ဆုံးရှုံးနေကြောင်း၊ ကရင်ပြည်သူများ မတရားအကြမ်းဖက် စစ်ဆင်သတ်ဖြတ်ခံနေရကြောင်းကို ပြည်တွင်းပြည်ပနှစ်ရပ်စလုံးအား ကြားသိစေခဲ့ရုံမက ပြည်တွင်းပြည်ပ၏ စာနာမှုကိုလည်း တိုးတက်ရရှိနိုင်ခဲ့ပါသည်။ တတိယအချက်နေဖြင့် ၈၈ အရေးတော်ပုံအပြီး လက်နက်ကိုင်တိုက်ပွဲနှင့် လူထုတိုက်ပွဲဆက်စပ်ရေး၊ အမျိုးသား အင်အားစုနှင့် ဒီမိုကရေစီအင်အားစု ဆက်စပ်ပေါင်းစည်းရေးလုပ်ငန်းကြီးကို အုတ်မြစ်ချထူထောင်ရာတွင် ကြီးမားသည့်အခန်းမှ ပါဝင်ခဲ့ခြင်း စသည့်အချက်များကို ထင်ထင်ရှားရှားတွေ့ရှိခဲ့ရကြောင်း သူ၏မွေးနေ့တွင် ကျနော် ထုတ်ဖော်ပြောဆိုခဲ့ပါသည်။

ဤမွေးနေ့သည် သူ၏ နောက်ဆုံး (၇၉) နှစ်မြောက် မွေးနေ့ဖြစ်ပြီး ထိုကာလတွင် သူ၏ ကျန်းမာရေးသည်လည်း အလွန်ဆိုးဝါးနေပြီဖြစ်သည်။ စင်စစ်အားဖြင့် သူ၏ အခြားအရေးကြီးသည့် ပါဝင်စွမ်းဆောင်မှုများလည်းရှိပါသည်။ ၎င်းမှာ ၁၉၇၆ ခု လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများကို စုစည်းပြီး မဒတကို ထူထောင်ခဲ့စဉ်က ဥက္ကဋ္ဌကြီး မန်းဘဇန်၊ ဥက္ကဌ စောမော် ရယ်၊ ဗိုလ်ချုပ်မန်းအောင်သန်းလေးတို့နှင့်အတူ အခြားလူမျိုးစုခေါင်းဆောင်များနှင့် ပေါင်းစည်း၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ရုံမက မဒတ ဥက္ကဋ္ဌအဖြစ် ၁၉၇၆ မှ ၁၉၈၆ အထိ (၁၁) နှစ်တိုင်တိုင် တာဝန်ယူခဲ့၊ မဒတ၏ အကျိုးကို ဆောင်ရွက်ခဲ့ပါသည်။တဆက်တည်းတွင် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ချမှတ်ခဲ့သည့် ကရင့်တော်လှန်ရေးကြီး၏ အခြေခံမူကြီးလေးချက်ကို ထိန်းသိမ်းကာကွယ်ခဲ့ကြရာတွင် ဗိုလ်ချုပ်မြ၏ အခန်းကဏ္ဍသည် အရေးပါသော နေရာတွင် ရှိနေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။ ရှည်လျားသည့်ကာလအတွင်း ဗိုလ်ချုပ်မြနှင့် အလုပ်လုပ်ခဲ့ရာတွင် ကျနော့်အနေဖြင့် အမှတ်ရစရာ အဖြစ်အပျက်များစွာ ရှိခဲ့ပါသည်။ ၎င်းတို့အနက်မှ ကျနော်မကြာခဏ သတိရနေသည့် အဖြစ်အပျက် အချို့ရှိပါသည်။

၁၉၉၂ ခု KNU ဌာနချုပ်ကို မတ်လ (၂၇) ရက်မတိုင်မီ စစ်အုပ်စုက အပြီးသိမ်းယူမည့် စစ်ဆင်ရေးတွင်ဖြစ်သည်။ မတ်လ၏ ရက်တရက်တွင် ခွေးအိပ်တောင်ကို တသုတ်ပြီးတသုတ် ဗုံးကြဲပစ်ခတ်နေသည့် နအဖစစ် တိုက်လေယာဉ်များကို ဒုံးကျည်များ၊ စက်အမြောက်များဖြင့် ပစ်ခတ်နေသည့်နေရာသို့ တက်ရောက်ပြီး ထိုပစ်ခတ်မှုကို ဗိုလ်ချုပ်မြကိုယ်တိုင် ညွှန်ကြားခဲ့သည့် ဖြစ်ရပ်ပင်ဖြစ်သည်။ကျနော်တို့သည် ထိုနေရာသို့ ကားဖြင့်တက်ရောက်ခဲ့ပြီးနောက် ဗိုလ်ချုပ်မြသည် နာရီပေါင်းများစွာ စစ်သားတဦးနှင့်မခြား ငြိမ်သက်စွာနေပြီး ပစ်ခတ်မှုကို ညွှန်ကြားနေခဲ့သည်။ ထိုကုန်းသို့ ဥက္ကဋ္ဌ ဘရန်ဆိုင်း အပါအဝင် ခေါင်းဆောင်အတော်များများရောက်ရှိပြီး ခွေးအိပ်တောင်တိုက်ပွဲနှင့် ရန်သူ၏ လေကြောင်းတိုက်ခိုက်မှုကို တက်ရောက်ကြည့်ရှုခဲ့ကြသည်။ ရက်များမကြာမီ နော်တ ရှေ့တန်း စစ်မျက်နှာသို့ သွားရောက်စစ်ဆေးပြီး တပ်မှူးများကို အားပေးစကားပြော ရာတွင် သာမန်တပ်သားတဦးသဖွယ် ကျနော်တို့နှင့်အတူ မြေကြီးပေါ်တွင်ထိုင်၍ နေ့လည်စာကို စားခဲ့ကြသည်။ ၎င်းနောက် ထိုရက်ပိုင်းအတွင်းမှာပင် သူကိုယ်တိုင်စားပင်တပင်တွင် ငှက် (၆၈)ကောင်ပစ်ပြီး ကျနော့်ကို သူ့အိမ်တွင်ခေါ်၍ သူနှင့် ညစာစားခဲ့ကြခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်မြနှင့် ရှည်ကြာစွာ အနီးကပ် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရင်း သူမကြာခဏ ထုတ်ဖော် ပြောဆိုခဲ့သည့် စကားအများအပြားကိုလည်း ကြားနေခဲ့ရပါသည်။ ဤစကားများစွာအနက် စကားအချို့ကိုလည်း ထူးထူးခြားခြား ကျနော်သတိပြုမိသည်များလည်း ရှိခဲ့ပါသည်။ ၎င်းမှာ “ကရင့်တော်လှန်ရေးရဲ့ ရန်သူဟာ ဗမာအမျိုးသားတွေ မဟုတ်ဘူး။ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တွေသာ ကရင့်တော်လှန်ရေးရဲ့ ရန်သူအစစ်အမှန်ဖြစ်တယ်” ဟူသော စကားကို ဗိုလ်ချုပ်မြ မကြာခဏ ပြောခဲ့ပါသည်။

ဤစကားကို သတင်းဌာနများသို့လည်းကောင်း၊ အခြားနိုင်ငံရေး ခေါင်းဆောင်များကိုလည်းကောင်း၊ ABSDF နှင့် လူငယ်နိုင်ငံရေးသမားများကိုလည်းကောင်း၊ အကြိမ်ကြိမ် ပြောခဲ့ရုံမက စစ်အာဏာရှင်ထိပ်သီး ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင်ကိုပင်လျှင် ၂၀၀၄ ခု ဇန်နဝါရီက မျက်နှာချင်းဆိုင် ပြောခဲ့ပါသည်။ နောက်စကားတခုမှာ “တော်လှန်ရေးဆိုတာ လက်နက်ချ အညံ့မခံဘူး၊ အရှုံးမပေးဘူးဆိုရင် ဘယ်တော့မှ မရှုံးနိုင်ဘူး” ဆိုသော စကားပင်ဖြစ်သည်။ ဤစကားသည် ကရင်တမျိုးသားလုံး ရန်ကုန်ဆင်းပြီး လက်နက်ချအညံ့ခံခြင်း မပြုသရွေ့ ကရင့်တော်လှန်ရေး ဘယ်သောအခါမှ မရှုံးနိုင်ဟူသော စောဘဦးကြီး၏ သြဝါဒလမ်းညွှန်ချက်ကို ပြန်လည်၍ ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။ နောက်ထပ်စကား

တခုမှာ “တော်လှန်ရေးဆိုတာ ဆုံးခန်းတိုင်အောင်ပွဲရတဲ့အထိ လုပ်ရမယ့်အလုပ်ဖြစ်တယ်။ မလုပ်တတ်ရင်တော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်လူမျိုး တရားခံဘဝကို ရောက်သွားနိုင်တယ်။ ဒါကို အထူးသတိပြုကြရမယ်” ဆိုသော စကားပင်ဖြစ်သည်။ တော်လှန်ရေးအဖွဲ့အစည်းအများအပြား၊ တော်လှန်ရေးခေါင်း ဆောင် အများအပြားသည် မွန်မြတ်သော တော်လှန်ရေးကို လုပ်ရင်းနှင့် လမ်းပေါ်မှနေ၍ လမ်းပျောက်ခဲ့ကြပြီး တရားခံများဘဝဖြင့် ဇာတ်သိမ်းခဲ့ကြရ၊ မိမိအမျိုးသား၊ မိမိပြည်သူများ၏ အကျိုးစီးပွား များစွာထိခိုက်ခဲ့ရသည့် အဖြစ်မျိုး များစွာရှိနေခဲ့၊ ရှိနေခြင်းကို ဗိုလ်ချုပ်မြ ကောင်းကောင်းသိရှိသဖြင့် ဤသို့ ထုတ်ဖော်ပြောဆိုနေခဲ့ခြင်းပင်ဖြစ်သည်။ ဗိုလ်ချုပ်မြကိုယ်တိုင် နောက်ဆုံးပြောခဲ့သည့်စကားမှာ ၂၀၀၆ ခု ဇူလိုင် (၁၃) ရက်တွင် ဖြစ်ပါသည်။ ထိုနေ့က နအဖက ဆရာဝန်အချို့ကိုလွှတ်ပြီး သူ့ကို ရန်ကုန်သို့ ဖိတ်ခေါ်ပြီး ဆေးကုသပေးရန် ခေါ်ယူနေသည့်ကိစ္စနှင့် ပတ်သက်၍ ကျနော်တို့ကို ခေါ်ယူရှင်းပြခြင်းဖြစ်သည်။ ထိုနေ့က KNU ဥက္ကဋ္ဌ ပဒိုစောဘသင်၊ ဗိုလ်ချုပ်စော ကစယ်ဒို၊ တွဲဖက်အတွင်းရေး မှူး စောထူးထူးလေး၊ ဗိုလ်မှူးကြီးစောနေစိုး၊ ပဒိုသောသီဘွဲနှင့် ကျနော်တို့ကို သူ့ ထံသို့ သူခေါ်ယူ၍ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုနေ့က သူစကားများများ ပြောနိုင်ခြင်း မရှိတော့သည့်အချိန် ဖြစ်သည်။ သူက “နအဖက ငါ့ကိုဆေးကုဖို့ ရန်ကုန်ကို ခေါ်တယ်။ ကရင်ပြည်မပေးရင် ငါမသွားနိုင်ဘူး။ သူတို့က ဒို့ ကရင်အမျိုးသားတွေကို စစ်ဆင်နေတယ်၊ သတ်ဖြတ်နေတယ်၊ သစ္စာကတိမတည်ဘူး၊ ရိုးသားမှုမရှိဘူး၊ ကရင့်တော်လှန်ရေးဟာ လက်နက်ချဖို့မပြောနဲ့ လက်နက်ချစကားတောင် မပြောရဘူး” ဟု လေးနက်စွာ ပြောခဲ့ပါသည်။ ဗိုလ်ချုပ်မြသည် ခေတ်မီတက္ကသိုလ်တခုခုတွင် အောင်မြင်ပြီးနောက် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သူ မဟုတ်ချေ။ စစ်တက္ကသိုလ်တခုခုတွင် အောင်မြင်ပြီးနောက် တော်လှန်ရေးနယ်မြေသို့ ရောက်ရှိခဲ့သူလည်း မ ဟုတ်ချေ။ သူသည် သေးငယ်သည့် အညတရ တောင်ပေါ်ကရင်ရွာလေးတရွာတွင် မွေးဖွားခဲ့ပြီး ကျေးလက်မှာပင် ပညာသင်ပြီး တော်လှန်ရေးနယ်မြေသို့ ရောက်ခဲ့သူဖြစ်သည်။သူ့ဘဝသည် တော်လှန်ရေးစစ်သည်ဘဝမှ တော်လှန်ရေးခေါင်းဆောင်ဖြစ်လာသူတဦးဖြစ်၍ ရိုးရိုးရှင်းရှင်းသာ ပြောဆိုနေထိုင်တတ်၊ ရိုးရိုးရှင်းရှင်းသာ ဆက်ဆံတတ်သူဖြစ်သည်။

သူ၏ ရိုးစင်းပုံတခုကို ပြောရမည်ဆိုလျှင် ခေတ်ပြိုင်သတင်းစာ ထူထောင်ခါစတွင်ဖြစ်သည်။ ခေတ်ပြိုင်သတင်းစာကို ဦးစီးထုတ်ဝေနေသော ဦးတင်မောင်ဝင်းက မာနယ်ပလောသို့ ရောက်လာပြီး ခေတ်ပြိုင်အခြေအနေကို ရှင်းပြပါသည်။ဦးတင်မောင်ဝင်းက “ဥက္ကဋ္ဌကြီးရေ ခေတ်ပြိင်ကတော့ ဂူတလုံးတည်းမှာ ခြင်္သေ့ (၂) ကောင် ဝင်အောင်းသလို ဖြစ်နေပြီ၊ ကျနော့်ဆရာကြီး (၂) ဦးက ဘယ်လိုမှ ပေါင်းစပ်ပေးလို့မရအောင် ဖြစ်နေတယ်၊ ဥက္ကဋ္ဌကြီး ဘယ်လို အကြံပေးမလဲ၊ ကျနော့်ကို ကူပါဦး” ဟု ပြောသောအခါ ဗိုလ်ချုပ်မြက “လွယ်ပါတယ်ဗျာ၊ ခြင်္သေ့နှစ်ကောင်ဖြစ်နေရင် တကောင်ကို အထီးလုပ်ခိုင်းပြီး ကျန်တကောင်ကို အမလုပ်ခိုင်းလိုက်ရုံပဲပေါ့ဗျာ” ဟု ပြန်ပြောလိုက်သည့်အခါ ဤစကားဝိုင်းလေးတွင် ပွဲကျခဲ့ရဖူးပါသည်။ ထိုကိစ္စကို ကျနော့်မိတ်ဆွေ ကာယကံရှင်ကြီးကို ပြောပြရာ ထိုပုဂ္ဂိုလ်က “ဟေ့ .. ငါ့မျက်နှာကို သေသေချာချာ ကြည့်၊ ခြင်္သေ့မတော့ ဘယ်တော့မှ မလုပ်နိုင်ဘူးကွ” ဟု ပြန်ပြောသဖြင့် ပွဲကျခဲ့ရပြန်လေသည်။ ရန်သူများက သူ့ကို “သောင်းကျန်းသူ ငမြ” ဟု ထပ်ခါတလဲလဲ မရေမတွက်နိုင်အောင် ခေါ်ဆိုရေးသားခြင်းကို ခံခဲ့ရပြီး တော်လှန်ရေးအင်အားစုများက သူ့ကို ဗိုလ်ချုပ်မြဟုလည်းကောင်း၊ ဥက္ကဋ္ဌကြီးဟုလည်းကောင်း၊ အဖိုး ဟုလည်းကောင်း၊ လေးလေးစားစားခေါ်ခဲ့ကြသည့် ဗိုလ်ချုပ်မြသည် ဆယ်နှစ်ဆယ်မိုးမပြောနှင့် တနှစ်တာ လောက်ကိုပင် အသက်ကိုပေး၍ ခက်ခဲစွာ ဆင်နွှဲကြရသည့် တော်လှန်ရေးအလုပ်မျိုးကို သူသည် (၅၇) နှစ် တိုင်တိုင် ထမ်းဆောင်ခဲ့သူဖြစ်သည်။

သူသည် တပ်သားဘဝမှနေ၍ စစ်ဦးကြီးချုပ်၊ KNU ဥက္ကဋ္ဌ၊ NDF ဥက္ကဋ္ဌ၊ DAB ဥက္ကဋ္ဌ၊ NCUB ဥက္ကဋ္ဌ စသည့် တာဝန်အမျိုးမျိုး အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီးနောက် ယခုအခါ သူ့လုပ်ဖော်ကိုင်ဖက်များ၊ သူ့ရဲဘော်များ၊ သူ့အမျိုးသားများ၊ သူ့ပြည်သူများကို စွန့်ခွာ၍ အနားယူသွားခဲ့ပြီဖြစ်သည်။ သူ၏ တသက်တာသည် သူ့ထက် အဆမတန်အင်အားကြီးမားသည့် ရန်သူ့တပ်၊ ရန်သူ၏ ထိုးစစ်ကြီးများကို အနိုင်မခံအရှုံးမပေးဘဲ ရာစုနှစ်ဝက်ကျော် ဦးစီးတိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတသက်တာပင်ဖြစ်သည်။ သူကွယ်လွန်သွားပြီးနောက် နောင်လာနောက်သားများသည် သူ၏ တသက်တာအတွင်းမှ၊ ဗိုလ်ချုပ်မြဆိုသော သစ်ပင်၏ ပင်စည်အတွင်းမှ သူ၏အမြစ်၊ သူ၏အနှစ်၊ သူ၏အကာ၊ သူ၏အကိုင်း၊ သူ၏အခက်၊ သူ၏အရွက်၊ သူ၏အပွင့်၊ သူ၏အသီး၊ သူ၏အဆင်း၊ သူ၏ရနံ့များကို ခွဲခြမ်းရှာဖွေကြည့်ပါက၊ ရှာဖွေတတ်ပါက ဤသစ်ပင်သည် မည်သို့သော သစ်ပင်နည်းဟူသော အသိနှင့်အတူ လွတ်လပ်မှု၊ တရားမျှတမှုအတွက် လိုအပ်သည့် အသိခွန်အားများကို ရရှိစေနိုင်ကြောင်း ဖော်ပြလိုက်ရပါသည်။

မန်းရှာလားဖန်း

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect