ဆောင်းပါး မင်းဟန်
ကြာသပတေးနေ့၊ ဧပြီလ 09 2009 16:44 – မြန်မာစံတော်ချိန်
(0)
`ထီးမူးခီး`ရွာက ကျောက်ကြီးမြို့ နယ်နှင့် ဖာပွန်မြို့ နယ်အကြားရှိသည့် တောင်ပေါ်ရွာလေးဖြစ်သည်။ မြန်မာလိုပြန်လျှင်မူ `ရေချောင်းဖျား`ရွာဟု ဆိုရမည်။ ရွာက အိမ်ခြေ ၃ဝ ထက်မပို…။ ကရင်လူမျိုး များသာ နေထိုင်ကြသည့် တောင်ပေါ် ကရင်ရွာလေးဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲ၏။ တတောင်ဆင်း တတောင်တက် သွားရသည့် ခြေလျင်ခရီးသာ သွားရသည့် ခြေလျင်ခရီးသာ ရှိသည်။ စီးပွားရေးက မြေယာစီးပွား ရေးသာရှိ၏။ တောင်ယာခုတ်၍ စပါးစိုက်မည်၊ နှမ်းစိုက်မည်။ ကုန်သွယ်ကူးသန်းရောင်းဝယ်မှု မရှိ…။
ငါးပိ၊ ဆေး၊ ဆား ဝယ်လိုလျှင် … မူသယ်-ဗျက်ကောမှတဆင့် ကျောက်ကြီးသို့ဆင်းပြီး တနှစ်စာဝယ် ထားကြရ၏။ စာသင်ကျောင်း မရှိ၊ ဆေးပေးခန်း မရှိ။ ကိုးကွယ်မှုကား ……. ရိုးရာနတ်ကိုးကွယ်မှုသာ ကိုးကွယ်ကြ၏။ ထိုရွာလေးတွင် … သူ့ကို ၁၉၂၇ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့က မွေးဖွားခဲ့သည်။ ဖခင်က “စောဂယ်“……၊ မိခင်ကမူ “နော်ဒါးဆဲ“ ဖြစ်သည်။ သူ့တွင် သူအပါအဝင် မွေးချင်း ညီနောင် ၁၂ ယောက် ရှိသည်။ သူကား ဆယ်ဦးမြောက် သားဖြစ်သည်။ သူ့အထက်တွင် အမ ၇ ယောက်ရှိသည်။ သူ့အောက်တွင်ကား ညီတယောက်နှင့် ညီမငယ်တယောက်ရှိ၏။
ထိုဒေသရှိ အိမ်များကို အမိုးမိုးရာတွင် ဖက်မသုံး။ “ကျသောင်းဝါး“ များကို ခြမ်း၍ မှောက်ခုံ၊ ပက်လက် ယှက်၍ ထပ်ပြီး မိုးကြ၏။ လေကွယ်ရအောင် တံခါးများ ဖောက်၍ အခန်း ဖွဲ့ကြ၏။ ရာသီက အေး၏။ အိမ်အလယ်တွင် မီးဖိုကြီးအား ဖိုထားကြရ၏။ ညအိပ်လျှင် မီးဖိုဘေးကပ်၍ အိပ်ကြရသည်။ ထိုတောင်ပေါ်ရွာလေးတွင်ပင် သူ၏ ခလေးဘဝ ဖြတ်သန်းကြီးပြင်းခဲ့ရ၏။
(၁)
ထီးမူခီးတွင်က အတန်းကျောင်း မရှိ၊ ပညာသင်ချင်လျှင် ဖာပွန်သို့တက်၍ သင်ကြရသည်။ သူလည်း မူလတန်းပညာကို ဖာပွန်သို့တက်၍ သင်ကြားခဲ့ရ၏။ သူ ကျောင်းစနေသည့် နှစ်က …… ၁၉၃၆ ခုနှစ် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ကိုနု၊ ကိုအောင်ဆန်းတို့ ဦးဆောင်ပြီး ကိုလိုနီပညာရေး သပိတ်မှောက်ကြသည့် နှစ်ဖြစ်သည်။ ကိုလိုနီပညာရေးကိုပင် သူသည် ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရ…။ ဒုတိယကမ္ဘာစစ်ကြီးက ကျောင်းသင်္ခန်း၏ တံခါးများကို ပိတ်စေခဲ့၏။ ၁၉၄၂ တွင်ပင် သူသည် ကျောင်းပညာရေးနှင့် ဝေးခဲ့ရ၏။ ထိုစဉ်က သူ့အသက်သည် ၁၅ နှစ်ခန့် ရှိခဲ့လေပြီ။ ကျောင်းထွက်ပြီးနောက် သူသည် ထီးမူခီးသို့ မပြန်ဖြစ်။ ဖာပွန်တွင်ပင် ရှိနေ၏။
နေမျိုးနွယ်တပ်ကြီးက နယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာပြည်ကို သိမ်း၏။ ဖာပွန်တွင် အုပ်ချုပ်ရေးအဖွဲ့သစ် ဖွဲ့၏။ ဘီအိုင်အေ အုပ်ချုပ်ရေး….။ ဖာပွန်မြို့ ကာကွယ်ရေးအတွက် လက်နက် ကိုင် ပုလိပ်တပ်ဖွဲ့ဖွဲ့သည်။ ထိုပုလိပ်တပ်ဖွဲ့သို့ သူဝင်လိုက်သည်။ ပုလိပ်တပ်သားအဖြစ် “ဖွဂေါ်“ တွင် တာဝန်ကျ၏။
ဗြိတိသျှတပ်သားအချို့က အိန္ဒိယသို့ ဆုတ်ခွာရာတွင် ပါမသွားဘဲ ဖာပွန်တောင်တန်းများအတွင်း ခိုအောင်း၍ ကျန်နေခဲ့ကြသည်။ ထိုသူတို့နှင့် သူသည် အဆက်အသွယ်ရှိ၏။ မကြာခဏ တွေ့၏။ ဖက်ဆစ်ဂျပန် တော်လှန်ရေးအတွက် ပြင်ဆင်ကြ၏။
မကြာ …. ဗြိတိသျှစစ်တပ်မှ ဗိုလ်မှူးကြီး နီးမိုးနှင့် ဗိုလ်အဲရယ်တို့ နှစ်ဦး လေထီးနှင့် ဆင်းလာကြသည်။ သူတို့နှင့်အတူ အချက်ပြဆက်သွယ်ရေး စက်လည်း ပါလာသည်။ နောက်ပိုင်းတွင်မူ မကြာ ..မကြာ အိန္ဒိယမှ လေထီးတပ်သားတို့ ဖာပွန်ဒေသ၌ ဆင်းကြ၏။ Force 136 မှ တပ်သားများ ဖြစ်သည်။ ထိုလေထီးဆင်း တပ်သားများတွင် မြန်မာလူမျိုးများလည်း ပါ၏။ ဖတပလနှင့် Force – 136 အစီအစဉ်နှင့် ဆင်းလာကြသော ဖက်ဆစ်တော်လှန်ရေး ရဲဘော်များ ဖြစ်သည်။
(၂)
၁၉၄၅ ခုနှစ်။
နွေဦး…
ဖက်ဆစ်တော်လှန်ရေးက ရင့်မှည့်၍ နေလေပြီ။ Force – 136မှ တပ်မှူး “ကာနယ်ဖီးကော့“သည် အင်အား ၃ဝဝ ခန့်နှင့် ဖာပွန်ဒေသတွင် အခြေပြုပြီး ဂျပန်တော်လှန်ရေးအတွက် ပြင်ဆင်လျက် ရှိသည်။ ထိုနွေဦးတွင်ပင် သူနှင့်အတူ “ဖွဂေါ်“တွင် တာဝန်ကျသည့် ကရင်လူမျိုး ပုလိပ်တပ်သား အားလုံးသည် Force – 136 သို့ သွားရောက်၍ ပူးပေါင်းလိုက်ကြသည်။ Force – 136 မှ သူတို့အား စစ်သင်တန်းပေး၏။ ယူနီဖောင်းများ ထုတ်ပေး၏။ လက်နက်များက အသစ်များ … အိန္ဒိယမှ လေယာဉ်နှင့် ချပေးသည့် လက်နက်ခဲယမ်းများ ဖြစ်သည်။ သင်တန်းဆင်းပြီးနောက် သူတို့အား Force 136 ၏ ဦးဆောင်မှုအောက်ရှိ ကရင်ပြောက်ကျား တပ်အဖြစ် လှုပ်ရှားစေ၏။ သူတို့၏ တပ်ဖွဲ့သည် အင်အား ၅ဝဝ ခန့် ရှိသည်။ ခေပူ၊ သောသီခို၊ မော်ခီး၊ တောင်ငူ၊ ဇရပ်ကြီး နယ်မြေ အတွင်း Force – 136 နှင့်အတူ… သူတို့ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရ၏။
(၃)
ဖက်ဆစ်တော်လှန်ရေး ပြီးသည့်နောက် သူသည် UMP ဟု ခေါ်သည့် ပြည်ထောင်စု စစ်ရဲတပ်သို့ ဝင်ရောက်ခဲ့သည်။ ထိုစဉ်က … မြန်မာပြည်ရှိ လက်နက်ကိုင်တပ်များတွင် … ကန္ဒီဆွေးနွေးပွဲအရ ဖွဲ့စည်းခဲ့သည့် တပ်မတော်တပ်ရင်းများ ရှိ၏။ ပြည်သူ့ ရဲဘော်တပ်ဖွဲ့များ … သောင်းကျန်းမှု နှိမ်နှင်ရေး တပ်ဖွဲ့များ … နှင့် KNDO ၊ MNDO တပ်ဖွဲ့များ ရှိသည်။
ပြီးလျှင် ရှမ်းပုလိပ်တပ်များနှင့် ပြည်ထောင်စု စစ်ရဲတပ်တို့ ရှိကြ၏။ သခင်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ သည် တမျိုးသားလုံး လွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံနှင့် လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ သခင်အောင်ဆန်းသည် လန်ဒန်သို့သွားပြီး ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဆွေးနွေး၏။ အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆို၏။
အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုများက အရှိန်အဟုန်နှင့် မြင့်တက်နေသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ရန်ကုန်မြို့ ရှိ `ဗင်တန်` ခန်းမ၌ ကရင်အမျိုးသား ကွန်ကရက် ကျင်းပ၏။ ကရင်အမျိုးသား ကိုယ်စားလှယ် ၇၀၀ ခန့် တက်ရောက်ကြ၏။ ထိုကွန်ကရက်၌ ကရင် ဗဟိုအစည်းအရုံး KCO နှင့် ကရင်လူငယ်များ အစည်းအရုံး KYO ပေါင်း၍ ကရင့်အမျိုးသား အစည်းအရုံး KNU ဖွဲ့စည်းခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် KNU မှ မော်လမြိုင်မြို့ ၌ ညီလာခံတရပ် ခေါ်ယူခဲ့၏။ မော်လမြိုင်ညီလာခံမှ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံကြောင်း ထုတ်ပြန်ခဲ့၏။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ကရင်အမျိုးသားများအတွက် ကျေနပ်လုံလောက်သည့် ကရင်ပြည်နယ်နှင့် ကရင်အစိုးရ ဖွဲ့စည်းရေး မပါရှိဟု ဆိုကြသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီတံပိုးအောက်က လွတ် မြောက်ကြောင်း လွတ်လပ်ရေး ကြေညာခဲ့၏။ ဖဆပလ ဦးဆောင်သည့် လွတ်လပ်ရေး အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့၏။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီးနှင့် သရာ သာထိုက သထုံမြို့ နယ် အင်းဝိုင်းရွာ လူထုအစည်းအဝေးတွင် ကရင်ပြည်နယ် သီးခြားရရှိရေး တရား များဟောကြ၏။ KNDO ကလည်း ၃ ရက်နေ့ နေ့စွဲနှင့် ကရင်ပြန်နယ် သီးခြား ဖွဲ့စည်းပေးရန် ထုတ်ပြန် ကြေညာချက် ထုတ်၏။ ဆန္ဒပြ တောင်းဆိုမှုများက ကရင်အမျိုးသားများ နေထိုင်သည့် နေရာဒေသ တိုင်း၌ထုတ်ဖော်ပြသ၍လှုပ်ရှားလာကြ၏။
`ကရင်ပြည်နယ် ချက်ချင်းပေး`
`ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ
`လူမျိုးရေး အဓိကရုဏ်း အလိုမရှိ
ပြည်တွင်းစစ် အလိုမရှိ`
(၄)
၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့….။
အင်းစိန်စစ်မျက်နှာမှ စ၍ လက်နက်ကိုင် ကရင့်တော်လှန်ရေးသည် တရားဝင် စတင်ခဲ့၏။ ထိုမတိုင်မီ ကမူ …. အချို့ဒေသများတွင် KNDO နှင့် ကရင် စစ်ရဲတပ်ဖွဲ့များ၏ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့ သည်များရှိခဲ့၏။ KNU နှင့် KNDO တခုလုံးအနေနှင့် မဟုတ်…။ စောဘဦးကြီး၊ မန်းဘဇံ၊ သရာသာထို စသည့် ကရင်ခေါင်းဆောင်များက ဖြစ်ပေါ်နေသည့် ကရင့်လက်နက်ကိုင် တော်လှန် ရေးများ ထိန်းသိမ်းနိုင်ရန် ဖဆပလ နှင့် ညှိနှိုင်းဆောင်ရွက်နေကြသေး၏။ မရ…။
သမိုင်းက ငြိမ်းချမ်းရေးတေး မရေးဖွဲ့…။ လက်နက်၊ ပြာပုံ၊ ယမ်းငွေ့နှင့် သွေးပင်လယ် ရေးထိုး၏။
(၅)
တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး မင်းမောင် (နောင် KNU ဗိုလ်ချုပ်မင်းမောင်) ဦးစီးသည့် ကရင့်သေနတ်ကိုင် တပ်ရင်း (၁) သည် တောင်ငူကို သိမ်း၏။ ပြီးလျှင် … သံတောင်၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ပဲခူးရှိ KNDO တပ်များနှင့် ပူးပေါင်း၍ အင်းစိန် စစ်မျက်နှာသို့ ဆင်းလာ၏။ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးမြမောင် (နောင် KNU ဗိုလ်ချုပ်မြမောင်) ဦးစီးသည့် ကရင့်သေနတ်ကိုင် တပ်ရင်း (၂)သည်လည်း ပြည်ကို သိမ်းပိုက်ပြီး ရန်ကုန်-ပြည်လမ်းအတိုင်း အင်းစိန် စစ်မျက်နှာသို့ ချီလာ၏။
ဦးနု၏ ဖဆပလ အစိုးရကား … ရန်ကုန် ၇ မိုင်ပတ်လည်တွင်သာ ရုံးစိုက်၍ အာဏာစစ်ကို ဖြန့်ထား နိုင်တော့၏။
သူသည် ကရင့်လက်နက်ကိုင် တော်လှန်ရေး စတင်သည်နှင့် ပြည်ထောင်စု စစ်ရဲတပ် (UMP) မှ ထွက်၍ ကရင့်လက်နက်ကိုင်တော်လှန်ရေးသို့ ဝင်ခဲ့၏။ ကရင့်လက်နက်ကိုင်တပ်ဖွဲ့ `သံလွင် တပ်ရင်းကို ဖွဲ့၏။ သံလွင်တပ်ရင်းတွင် သူသည် တပ်ကြပ်ကြီး အဆင့်နှင့် တာဝန်ထမ်းဆောင်၏။
သံလွင်တပ်ရင်းက ညောင်လေးပင်၊ ဒိုက်ဦးနယ်များတွင် တိုက်ပွဲများ ဆင်နွှဲရသည်။ ၁၉၅ဝ ခုနှစ် နွေဦးအထိ ဖြစ်သည်။ ၁၉၅ဝ ခုနှစ် သင်္ကြန်မကျမီတွင် သူတို့၏ သံလွင်တပ်ရင်းကို ညောင်လေးပင်မှ ဘီးလင်း၊ ကျိုက်ထိုဘက်သို့ ပြောင်းရွှေ့ရန် တာဝန်ပေး၏။ ထိုအချိန်၌ သူသည် သံလွင်တပ်ရင်းတွင် တပ်ခွဲမှူးတယောက်အဖြစ်တာဝန်ထမ်းဆောင်နေသည်။

ကိုးကား …
စောဘိုမြ၏ ကျနော်တင်ပြလိုသည့် ကျနော့ ဖြတ်သန်းမှု အစစ်အမှန်
– – ကရင်သမိုင်း သုတေသနအဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံသစ်စာစောင် (အမှတ် ၁ မှ ၇ အထိ)
– ဖူးကီးဒို၏ မန်းဘဇံနှင့် ကရင့်တော်လှန်ရေး
– ဆရာကြီး ဖူးစကောလယ်တော၏ ကရင်တော်လှန်ရေး သမိုင်းမှတ်စုများ
– အောင်စောဦး၏ ပြည်တွင်းစစ် နှစ် (၅ဝ)
– ဝင်းတင့်ထွန်း၏ အမှောင်ကြားက ဗမာပြည်
– သခင်တင်မြ၏ ဘုံဘဝမှာဖြင့် (အတွဲ – ၅)
– BLC သင်တန်းကျောင်းတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်မြ၏ မိန့်ခွန်း စီဒီချပ်
– သနူထူး ဂျာနယ်များ
– ကရင့်သတင်းစဉ်
– KNU နှင့် နဝတကြား တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ KNU ၏ ရှင်းလင်း ချက်စာတမ်း







Leave a comment