(ရဲဘော်ဇော်နောင်)
အချိန်တွေ ကြာညောင်းလာခဲ့ပြီဖြစ်သော်လည်း ဒီလ ဒီရက်ကို ရောက်တိုင်း အတိတ်ရဲ့ဖြစ်ရပ်တွေ ကျနော့် အာရုံထဲ အသစ်တဖန် ပြန်ဝင်ရောက်လာပါတော့တယ်။ အချိန်ကာလအနေနဲ့ ပြောရရင် ၂ဝဝ၇ ခုနှစ် နှောင်း ပိုင်းကနေ စရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလမှာ ကေအဲန်ယူခေါင်းဆောင်များကို လုပ်ကြံမယ်ဆိုတဲ့ သတင်း ကေအဲန်ယူအတွင်း ခါတိုင်းထက် ပိုထွက်ပေါ်လာခဲ့ပါတယ်။ အချိန်နှင့်အမျှ သတင်းတွေ တမျိုးပြီး တမျိုး ထွက်ပေါ်လာသော်လည်း လုပ်ကြံခံရမဲ့ စာရင်းထဲမှာ ပဒိုမန်းရှာရဲ့နာမည် အမြဲလို ပါဝင်နေခဲ့ပါတယ်။ ဒါကြောင့် ပဒိုမန်းရှာရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပဒိုမန်းရှာက တုန်လှုပ်မှု မရှိခဲ့ပါဘူး။ သွားမြဲလာမြဲအတိုင်း ပုံမှန်ပဲ ရှိခဲ့ပါတယ်။ ပဒိုမန်းရှာက အထွေထွေ အတွင်းရေးမှူး ချုပ် ဖြစ်ပေမဲ့ ခုလို အချိန်မျိုးမှာတောင် သူ့ရဲ့ လုံခြုံရေးအတွက် တစုံတခု လုပ်ပေးဘို့ မတောင်းဆိုခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ရုံးရှိ ရဲဘော်များက သူ့အပေါ် စိတ်ပူပင်နေခဲ့ကြပါတယ်။
တနေ့ ကျနော် သူ့ရုံးကို ရောက်လာတဲ့အခါ ရုံးရှိ ရဲဘော်တချို့က ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ပြောပြကြပါတယ်။ သူတို့ပြောတဲ့အထဲမှာ ပဒိုမန်းရှာ စီးနေကျကားမှာ လူသိများနေပြီဖြစ်ကြောင်း၊ ဒါကြောင့် ကားအသစ်တစီး လဲပေးပါက ကောင်းမည်ဖြစ်ကြောင်း ပြောပါတယ်။ တချိန်တုန်းက ဒူးပလာယာခရိုင်မှာ ကျနော် တာဝန်ထမ်းဆောင်ခဲ့ဘူးပါတယ်။ ဒီ ကိစ္စကို ဖြေရှင်းနိုင်ဖို့ ဒူးပလာယာခရိုင် ခေါင်းဆောင်များနှင့် တိုင်ပင်ကာ အဆင်ပြေမယ်လို့ ယူဆမိတဲ့အပေါ် ဒူးပလာယာခရိုင် ခေါင်းဆောင် (အထူးသဖြင့် ခရိုင်အတွင်း ရေးမှူး ပဒိုလစ္စတန်)နဲ့ တိုင်ပင်ပါတယ်။ ဒူးပလာယာခရိုင် ခေါင်းဆောင်များဘက်ကလည်း အခက်အခဲမရှိဘဲ စီစဉ်ပေးတဲ့အပြင် ပဒိုမန်းရှာ ကိုင်ဆောင်ဘို့အတွက် ပစ္စတိုတလက်ကိုပါ စီစဉ်ပေးခဲ့ပါတယ်။
ဒီ..ကာလမှာပဲ ပဒိုမန်းရှာကိုယ်တိုင် ကေအဲန်ယူ အတွင်းရေးမှူးချုပ်ရုံးကို ကေအဲန်ယူနယ်မြေအတွင်း ပြန်အခြေချနိုင်ဘို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။ တပ်မဟာ (၇)နယ်မြေ သေဘေထာ့စခန်းမှာ အခြေချ ဘို့ ဖြစ်ပါတယ်။ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ်ရုံး အခြေချနိုင်ဘို့အတွက် ဗိုလ်ချုပ်ရှာထုဝေါ် က အဆောက်အဦးအတွက် သစ်ရရှိဖို့၊ ရေပိုက် နဲ့ ရေ သွယ်ယူရရှိနိုင်ဖို့ နဲ့ အင်တာနက်ရရှိဘို့ အတတ်နိုင်ဆုံး ကူညီပေးပါတယ်။ တနေ့သော် သေဘေထာ့ စခန်းကို ပဒိုမန်းရှာရောက်လာချိန် ရေပိုက်က ရေလိုက်မကောင်း တဲ့အတွက် ကျနော့်ကိုခေါ်ပြီး ချောင်းဖျားဘက်ကို တက်သွားကြပါတယ်။ ရေ စပြီးသွယ်တဲ့ နေရာကို ရောက် တဲ့အခါ ပဒိုမန်းရှာကိုယ်တိုင် ရေထဲဆင်းပြီး ရေပိုက်ဝမှာ ပိတ်ဆို့နေတဲ့ အမှိုက်သရိုက်တွေကို နှိုက်ထုတ်ပါ တယ်။ ကျနော်က ချောင်း ကမ်းနဖူးကနေပြီး လုံခြုံရေးယူပေးပါတယ်။ အဲဒီအချိန်မှာ တောထဲကနေ အင်မတန် ချောက်ခြားစရာကောင်းတဲ့ အသံကြီးတခု ပေါ်ထွက်လာပါတယ်။ ပဒိုမန်းရှာက ရေထဲကနေပြီး ကျနော့်ကို လှမ်းကြည့်ပြီး ဘာသံလဲလို့ မေးပါတယ်။ ကျနော်က မသိဘူးလို့ ပြန်ဖြေတော့ အသံက ကြောက်စရာကြီးပဲလို့ သူက ပြောပါတယ်။ ဟုတ်ပါတယ်။ နှစ်ပေါင်းများစွာ တောထဲတောင်ထဲ သွားလာ နေထိုင်ခဲ့တဲ့ ကျနော်လည်း ဒီလိုအသံမျိုးတခါမျှ မကြားခဲ့ပါဘူး။ ထူးခြားတဲ့ အသံကြီးပါပဲ။ ကျနော်တို့ စခန်းကို ပြန်ရောက်တဲ့အခါ ဘာသံတွေကြားသလဲလို့ စခန်းက ရဲဘော်တွေကို မေးပါတယ်။ သူတို့က ဘာသံမှမကြားဘူးလို့ ပြောပါတယ်။ အခု ကျနော်ပြန် စဉ်းစားမိတဲ့အခါ အတိတ်နမိတ်ဆိုးလို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီအဖြစ်အပျက်က ပဒိုမန်းရှာ လုပ်ကြံခြင်း မခံရခင် တစ်ပတ် အတွင်းက ဖြစ်ပါတယ်။
အဲဒီနောက် ကျနော်လည်း ဖယ်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ ဒုတိယမူကြမ်း အတည်ပြုနိုင်ရေး အစည်းအဝေးကို ကေအဲန်ယူကိုယ်စားလှယ်အနေနဲ့ တက်ရောက်ဘို့ သေဘေထာ့ကို တခေါက် ပြန်ရောက်သွားပါတယ်။ အစည်းအဝေးပြီးနောက် အတွင်းရေးမှူးချုပ်ရုံးကို ကျနော်ပြန်လာခဲ့ပါတယ်။ ကျနော် ရုံးကို ရောက်နေကျ အတိုင်း ရဲဘော်များက ရုံးအောက်ထပ် အခန်းတခန်းမှာ နေရာစီစဉ် ပေးပါတယ်။ ပဒိုမန်းရှာက သူ့ရုံးကို ရောက်လာတဲ့ ဧည့်သည်တွေကို သူထမင်းစားခါနီး သူနဲ့ ထမင်းအတူစားဘို့ လိုက်ခေါ်လေ့ ရှိပါတယ်။
၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ရက်။ မနက်စောစော ပဒိုမန်းရှာကို တိုက်၏ အပေါ်ထပ် အောက်ထပ် အတက် အဆင်း လှေခါးထစ်မှာ တဦးထဲ ထိုင်နေတာကို တွေ့ရပါတယ်။ သူ့ကို ကြည့်ရတာ ရွှင်ရွှင်ပျပျ မရှိလှပါဘူး။ ကျန်းမာရေးကြောင့်လား။ ဒါမှမဟုတ် ညက အိပ်မက်ဆိုးများ မက်လို့လား မပြောတတ်ပါ။ သူ့ရဲ့ ဆီးချို ရောဂါလည်း တက်နေတယ်လို့ သိရတယ်။ နေ နည်းနည်းမြင့်လာတာနဲ့ ဧည့်သည်များလည်း ရောက်လာ ပါတယ်။ သူ့ ဆီလာတဲ့ ဧည့်သည်များကို များသောအားဖြင့် အပေါ်ထပ်မှာ ဧည့်ခံလေ့ရှိပါတယ်။ အဲဒီအချိန်မှာ ကျနော်နဲ့ ပဒိုသမိန်ထွန်းတို့ အောက်ထပ်မှာ စကားပြောခဲ့ကြပါသေးတယ်။ မွန်းလွဲလောက်မှာ ဗိုလ်ချုပ် မူတူးစေးဖိုး ရောက်လာပါတယ်။ သူတို့နှစ်ယောက် အပေါ်ထပ်မှာ ပြောဆိုပြီးတဲ့နောက် ဗိုလ်ချုပ်မူတူးစေးဖိုး က အောက်ထပ်ကို ဆင်းလာပါတယ်။ အဲဒီနောက် အိမ်သာထဲ ခဏဝင်ပြီး ခပ်သုတ်သုတ် ပြန်ထွက်သွား ပါတယ်။
ညနေ (၄)နာရီကျော် ပဒိုမန်းရှာ အပေါ်ထပ်က ဆင်းလာပါတယ်။ နောက် ကျနော်နေတဲ့ အခန်းကို လာပြီး ညစာ စားဘို့ ခေါ်ပါတယ်။ ထမင်းစားခန်းထဲကို သူနဲ့အတူ ကျနော် လိုက်သွားခဲ့ပါတယ်။ ထမင်းစားခန်းထဲမှာ သူရယ်၊ ကျနော်ရယ် ဖီးသူး (ထမင်းချက်ပြုတ်ပေးသူ) ၃ဦးပဲ ရှိပါတယ်။ ထမင်းစားနေစဉ် သူက ဒီ…ငါးဟင်းကို စားကြည့်ပါလား။ ဦးသန်းထွဋ် (NLD,LA) က လာပေးသွားတယ်လို့ ပြောပါတယ်။ ဟင်းက သူ့အတွက် ဆားနဲနဲပေါ့ပုံ ပေါ်ပါတယ်။ ဒါကြောင့် ဆားပုလင်းကို ယူပြီး ဟင်းထဲ ဆားနဲနဲ ထပ်ထည့်ပါတယ်။
ထမင်းစားနေစဉ် ကျနော်က “ပဒိုဒေးဗစ်ထောက ကေအဲန်ယူ ဗဟိုအမြဲတမ်း ကော်မတီဝင်လည်းဖြစ်တယ်။ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်း ဖြစ်တယ်။ သူက ငါလုပ်တာ ကေအဲန်ယူအတွက် မဟုတ်ဘူး၊ ကရင်လူမျိုးအတွက်ဖြစ်တယ်လို့ လိုက်ပြောနေတာ ကေအဲန်ယူနဲ့ ကရင်လူထုကို ခွဲစည်းရုံးသလို ဖြစ်နေတယ်။ အဲဒါ…ခင်ဗျားတို့ ဘာမှ မလုပ်တော့ဘူးလား” လို့ သူ့ကို ပြောပါတယ်။ သူက “ဒီ…လူက ကျနော့် ကို အစည်းအဝေးထဲမှာလည်း သိက္ခာချတယ်။ အပြင်မှာလည်း သိက္ခာချတယ်။ ကျနော် အတော်ခံစားရတယ် လို့” ပြောတယ်။
နောက်ပြီးသူက ဆက်ပြောပြန်သေးတယ်။ တော်လှန်ရေးထဲမှာ တချို့ခေါင်းဆောင်တွေ အသိအမှတ်ပြု လောက်တဲ့ စွမ်းဆောင်ချက် ဘာတခုမှမရှိဘဲ ခေါင်းဆောင် တက်ဖြစ်နေကြတာတွေ ရှိတယ်လို့ ပြောပါတယ်။ သူ့ကို ကြည့်ရတာ ထမင်းစားပေမဲ့ သိပ်ခံတွင်းတွေ့ပုံ မပေါ်ပါ။ ထမင်း ဟင်း အနည်းငယ်လောက်ကိုသာ စားတာ တွေ့ရပါတယ်။ အဲဒီနောက် သူ့ ပန်းကန် သူ ဆေးပြီး ထမင်းစားခန်းထဲကနေ ထွက်သွားပါတယ်။ ထမင်းစားခန်းထဲမှာ ကျနော်နဲ့ ဖီးသူး (၂)ဦးသာ ကျန်ပါတော့တယ်။ ကျနော်လည်း အတွေးများနဲ့ အတူ ထမင်းဆက်စားနေရင်း သိပ်မကြာပါ။ ကြီးလေးတဲ့ အရာဝတ္ထုတခု အပေါ်က ပြုတ်ကျတဲ့ အသံမျိုး ကြား လိုက်ရပါတယ်။ ကျနော်နှင့် ဖီးသူး တယောက်မျက်နှာ တယောက်ကြည့်ပြီး ဘာသံလည်း ဆိုတာကို ဝေခွဲနေသလို မိမိတို့အိမ် ကလား၊ တခြားအိမ်ကလား ဆိုတာ စဉ်းစားနေကြပါတယ်။
တအောင့်လောက်အကြာ အလားတူ အသံမျိုး ထပ်ကြားရပြန်ပါတယ်။ သိပ်မကြာပါ။ အိမ်ပေါ်ထပ်က ငိုသံကြားရပါတယ်။ မိမိတို့ နေတဲ့အိမ်က ဆိုတာ သေချာသွားပါပြီ။ တိုက်ထဲက သေနတ်သံကို တခါမှ မကြားဘူးတဲ့ ကျနော်က ရုတ်တရက်မို့ ဝေခွဲမရ ဖြစ်ခဲ့ရပါတယ်။ အဖြစ်အပျက်ကလည်း မြန်ဆန်လွန်း လှပါတယ်။ ကျနော်လည်း လက်မဆေးအားတော့ဘဲ ထမင်းစားခန်းထဲကနေ ကမန်းကတန်း ပြေးထွက်လာ ခဲ့ရာ ရဲဘော်ဖါ့ထော နဲ့ အောက်ထပ်မှာ ဆုံပါတယ်။ သူက အပေါ်ထပ်က ဆင်းလာသူဖြစ်ပါတယ်။ သူက အဖိုးကြီးလုပ်ကြံခံရကြောင်း ကိုအေးလွင်ကို ဖုန်းဆက်ဘို့ စေးစေးကပြောကြောင်း ကရင်လို ပြောပြပါတယ်။ ကျနော် အပေါ်ထပ်ကိုတက်တဲ့အခါ အပေါ်ထပ်လှေခါးဝနား မှာ ပဒိုမန်းရှာက အသက်မဲ့ထိုင်လျှက်သားနဲ့ စောစေးစေးက ဖက်လျှက်ငိုရင်း “အဖိုးကြီးမရှိတော့ဘူး”လို့ ကျနော့်ကို လှမ်းပြောပါတယ်။ ကုလားထိုင်ရဲ့ ရှေ့ ခြေရင်းနားမှာ အိုင်ထွန်းနေတဲ့ သွေးကွက်ကြီး တကွက်ကိုလည်း တွေ့ရပါတယ်။
ကျနော်လည်း ပူထူ သွားပါတယ်။ အိမ်နီးနားရှိ ဦးသန်းထွဋ် (NLD-LA)ကို လှမ်းခေါ်ပါတယ်။ သိပ်မကြာပါ။ ထိုင်းပုလိပ်များ ကေအဲန်ယူခေါင်းဆောင်များ နဲ့ မဟာမိတ်များ ရောက်လာပါတယ်။ ထိုင်းပုလိပ်များက ပထမဦးဆုံး အလောင်းကိုစစ်၊ သေနတ် ကျည်ခွံကို ရှာပါတယ်။ 9-မမ ကျည်ခွံတခုသာ ရှာတွေ့ခဲ့ပါတယ်။ ပဒိုမန်းရှာ ထိုင်တဲ့ ကုလားထိုင် နောက်မှီက ကျည်ဆံထိသွား လို့ ကျိုးပဲ့သွားပါတယ်။ ပဒိုမန်းရှာ ရဲ့ ရင်ဘတ်မှာ သေနတ်ဒဏ်ရာ (၃)ချက် တွေ့ရှိရပါတယ်။ လက်ချောင်း တချို့မှာလည်း ဒဏ်ရာတွေကို တွေ့ရပါတယ်။ လက်နက်ကျွမ်းကျင်သူများရဲ့ အဆိုအရ သေနတ်အမျိုးအစား (၂)မျိုး ဖြစ်နိုင်ကြောင်း၊ တမျိုးက ပစ္စတို ဖြစ်ပြီး နောက်တမျိုးက ခြောက်လုံးပြူးဖြစ်ကြောင်း၊ ခြောက်လုံးပြူးက ကျည်ခွံ မကျန်ကြောင်း၊ သုံးသပ် ပြောဆို ကြပါတယ်။
ထို့နောက် ထိုင်းပုလိပ်က မျက်မြင် တွေ့ရှိသူများကို ဆက်လက်မေးမြန်းပါတယ်။ မျက်မြင် တွေ့ရှိသူများမှာ ရဲဘော်(၂)ယောက်နှင့် မိန်းကလေးတယောက်ဖြစ်ပါတယ်။ အခင်းမဖြစ်ပွားခင် ရဲဘော်များက အိမ်ရှေ့ရှိ ပန်းအိုးများကို ရေလိုက်လောင်းနေပြီး မိန်းကလေးက ပဒိုမန်းရှာအနားရပ်ပြီး ပဒိုမန်းရှာ နှင့် အတူ စကား ပြောနေပါတယ်။ မိန်းကလေးက ဖြစ်စဉ် အစအဆုံး မြင်တွေ့ရသူဖြစ်ပါတယ်။ ရဲဘော် (၂)ယောက်က ပစ်ခတ်မှုကြောင့် အိမ်နောက်ဖေးဘက် ရှောင်တိမ်း နေလိုက်ကြပါတယ်။ မိန်းကလေးရဲ့ ပြောပြချက်အရ ပဒိုမန်းရှာသည် ထမင်းစားပြီးနောက် အပေါ်ထပ်သို့ တက်လာကာ ရေချိုးခန်းထဲ ဝင်သွားကြောင်း၊ ထို့နောက် ပြန်ထွက်လာကာ ရေခဲသေတ္တာကို ဖွင့်ကာ ပန်းသီးတစ်လုံးကို ထုတ်ယူလိုက်ကြောင်း၊ နောက်…ပန်းသီးလှီး ဓါးတချောင်း နှင့် အတူ ဝရံတာရှိ ကုလားထိုင်ဆီသို့ သွားပြီး ထိုင်ကြောင်း၊ ပန်းသီးစားရင်း သူမနှင့်အတူ စကားပြောနေစဉ် ကားအမည်းတစီး ခြံတံခါးဝတွင် ထိုးရပ်လာကြောင်း၊ ကားပေါ်မှ လူ(၂)ယောက် ခပ်သုတ် သုတ်ဆင်းလာပြီး လက်ထဲတွင် သစ်သီးခြင်းတစ်ခုကို ကိုင်ဆောင်လာကြောင်း၊ အသားဖြူဖြူ အရပ်မြင့်မြင့် တဦးမှာ လှေခါးထစ် တထစ် နှစ်ထစ်မျှသာ တက်ပြီး ရပ်နေကြောင်း၊ အသားညိုညို အရပ် မနိမ့်မမြင့် လက်တွင် ဆေးမှင်ကြောင်ထိုးထားသူမှာ ပဒိုမန်းရှာ ထိုင်သည့် နေရာအထိ တက်လာပြီး “တီး..ဟားလဲဂေး”လို့ ကရင်လို နှုတ်ဆက်ကာ ခါးတွင်ရှိ မဲမဲရှည်ရှည် သေနတ်တလက်ကို ထုတ်ပြီး ပဒိုမန်းရှာ၏ ရင်ဘတ်သို့ ချိန်ရွယ်ပစ်ခတ်လိုက်ကြောင်း၊ ထို့နောက် ပြန်ဆင်းသွားကြောင်း၊ လှေခါးထစ်တွင် ရပ်နေသူက ပဒိုမန်းရှာကို ဆက်လက်ပစ်ခတ်ပြီးနောက် သူတို့ (၂)ဦး ကားပေါ်သို့ ပြန်တက်ပြီး ကားကို ချက်ချင်း မောင်းထွက် သွားကြောင်း ပြောပါတယ်။
ထိုင်းပုလိပ်များက မျက်မြင်တွေ့ရှိသူများရဲ့ ပြောပြတဲ့ လူသတ်သမားရဲ့ ပုံပန်းသဏ္ဍာန်များနဲ့ အနီးစပ်ဆုံး တူနိုင်မဲ့ လူနှစ်ယောက်ပုံ ကို ကွန်ပြူတာကို ဖွင့်ပြပါတယ်။ ဒီလူတွေ ဟုတ်မဟုတ် မေးပါတယ်။ မျက်မြင် တွေ့ရှိသူ (၃)ဦးစလုံးက အတည်ပြု ပြောဆိုနိုင်ခြင်း မရှိပါ။ အိမ်အောက်ထပ်မှာ အိပ်ပျော်နေတဲ့ စောစေးစေး က သေနတ်သံကြားလို့ လန့်နိုးလာပြီး အပြင်ကို ထွက်လိုက်တဲ့အခါ ကားတစီး အရှိန်နဲ့ မောင်းထွက်သွားကို မြင်လိုက်ရတဲ့အတွက် ကားနောက်ကိုလိုက်ပြီး ကားနံပါတ်ကို မှတ်ယူနိုင်ခဲ့ပါတယ်။ ကားနံပါတ်အတိုင်း ထိုင်းပုလိပ်များလိုက်ရှာတဲ့အခါ ကားပိုင်ရှင်မှာ ထိုင်းနိုင်ငံသားဖြစ်ပြီး ကားကို ရွှေကုက္ကိုလ်တဖက်ကမ်း ထိုင်း နိုင်ငံဘက်တွင်ရပ်ထားကြောင်း သိရှိရပါတယ်။
ပဒိုမန်းရှာဟာ လူကိုယ်တိုင် လုပ်ကြံခြင်း မခံရခင် နိုင်ငံရေးအရ လုပ်ကြံမှုကို နှစ်အတော်ကြာ ခံခဲ့ရပါတယ်။ အထူးသဖြင့် ပဒိုမန်းရှာကို ကရင်အမျိုးသားရေးထက် ဒီမိုကရေစီရေးကို ဦးစားပေးသူ၊ ကရင့်တော်လှန်ရေး ထက် မဟာမိတ်အရေး တပ်ပေါင်းစု အရေးကို ဦးစားပေးသူ၊ ကရင်ပြည်အရေးထက် ဖယ်ဒရယ်အရေးကို ဦးစားပေးသူ၊ အပြင်းထန်ဆုံး ထိုးနှက်တဲ့ စကားလုံးကတော့ ဗမာမ ထမီကိုဆွဲပြီး လိုက်နေသူလို့ ဂုဏ်သိက္ခာချ ပြောဆိုကြပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်)ကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအရ နားလည်သူများက ဝေဖန် သုံးသပ်နိုင်ပေမဲ့ ကရင့်လူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးအားနည်းသူ များတဲ့အတွက် နိုင်ငံရေး အား နည်းသူများက ပဒိုမန်းရှာအပေါ် အဆိုးမြင်လာကြပါတယ်။ စစ်အစိုးရနဲ့ နီးစပ်တဲ့ ပြည်တွင်း ကရင် အသိုင်းအဝိုင်းကလည်း ဒီစကားတွေကို အတော် ဖွခဲ့ပါတယ်။ ကေအဲန်ယူ ဗဟိုကော်မတီတချို့သည်ပင် ဒီစကားအတိုင်း လိုက်ပြောလာကြပါတယ်။ စစ်အစိုးရက ဒီ အခွင့်ကောင်းကိုယူပြီး ဗိုလ်သာရှီး၊ ဗိုလ်လယ်မူးနဲ့ ဗိုလ်ကြည်လင်းတို့ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ပဒို မန်းရှာလက်ချက်လို့ ၀ါဒဖြန့်ပါတယ်။ သိသာထင်ရှားတဲ့ အထောက်အထားနဲ့ ပြောရရင် ဗိုလ်ကြည်လင်းသေဆုံးပြီးနောက် စစ်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး စာရွက်စာတန်း တွေမှာ ပဒိုမန်းရှာလက်ချက်ပါဆိုပြီး ဖေါ်ပြထားပါတယ်။ ပဒိုမန်းရှာလုပ်ကြံခံရပြီးတဲ့နောက် ပြည်တွင်းက လူတဦးရဲ့အမြင်ကို ကျနော် မေးစမ်းကြည့်ပါတယ်။ သူက ဘာပြန်ပြောလည်းဆိုရင် “သူများကို သတ်တော့ လည်း သူလည်း ပြန်အသတ်ခံရတာပေါ့” လို့ ခပ်ပေါ့ပေါ့ပဲ ဖြေပါတယ်။ စစ်အစိုးရနဲ့ အတူ အကြံတူသူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပဒိုမန်းရှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ကရင့်တော်လှန်ရေးအတွက် သင်ခန်းစာ ယူရမှာဖြစ်ပါတယ်။ ပဒိုမန်းရှာ လုပ်ကြံခြင်း မခံရခင် ပဒိုမန်းရှာ နောက်ဆုံးအနေနဲ့ တက်လိုက်ရတဲ့ ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေးမှာ ပဒိုမန်းရှာ က “ဗိုလ်သာရှီး၊ ဗိုလ်လယ်မူးနဲ့ ဗိုလ်ကြည် လင်းတို့ သေဆုံးတာနဲ့ ပတ်သက်ပြီး ကျနော်ညွှန်ကြားထားတယ်လို့ သတင်းတွေထွက်နေတယ်။ ဘယ်သူ ညွှန် ကြားလဲဆိုတာ အခုထက်ထိ ကျနော်လည်း မသိသေးဘူး”လို့ ပြောပါတယ်။ အစည်းအဝေးမှတ်တမ်းများ မပျောက်ပျက်သေးရင် သူပြောခဲ့တဲ့စကား ရှိနေအုံးမှာဖြစ်ပါတယ်။
အချိန်တွေ ဘယ်လောက်ပင်ကြာသော်လည်း မျိုးချစ် ကရင်တိုင်းက ပဒိုမန်းရှာကို မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ ပဒိုမန်းရှာဟာ ထင်ရှားတဲ့ ကရင့်အာဇာနည်တဦး အဖြစ် ကရင့်သမိုင်းမှာ မှတ်တမ်းဝင်သွားပါပြီ။ ပဒိုမန်းရှာ အသက်ရှင်စဉ်ကာလ စိတ်အနှောက်အယှက်ဖြစ်ရပါတယ် ဆိုတဲ့ ပဒိုဒေးဗစ်ထောလည်း ကွယ်လွန်ခဲ့ပြီး ဖြစ် ပါတယ်။ သူတို့ နှစ်ယောက်စလုံး မမြင်မတွေ့လိုက်ရတဲ့ “ဒေးဗစ်ထောခန်းမ”ကို ဦးအောင်မင်း တို့ရဲ့ ကောင်းမှုနဲ့ တည်ဆောက်ထားပါတယ်။ ဒါ့အပြင် နော်ဝေးအစိုးရ ရံပုံငွေမှတဆင့် ငြိမ်းချမ်းရေးလှုပ်ရှားသူများ အတွက် ပညာသင်ဆုကို နော်ဝေးဘုရင်က “ဒေးဗစ်ထောပညာသင်ဆု” လို့ မှည့်ခေါ်ထားကြောင်း နော်ဝေးဘုရင် ဗမာပြည် ခရီးစဉ်မှာ ပြောသွားတာကို သတင်းများမှာ ဖတ်လိုက်ရပါတယ်။
ကရင့်ခေါင်းဆောင်တဦး ဖြစ်တဲ့ ပဒိုဒေးဗစ်ထောရဲ့ သမိုင်းကို ဦးအောင်မင်းနဲ့ နော်ဝေးဘုရင်တို့က သတ်မှတ် ပေးခြင်းထက် ကရင် ပြည်သူလူထုက သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ပဒိုမန်းရှာနဲ့ ပဒိုဒေးဗစ်ထော တို့ရဲ့ ရုပ်ကြွင်းများ “အာဇာနည်ဗိမ္မာန်” တခုတည်းမှာ အတူရှိနေကြပါပြီ။ တယောက်က စစ်အစိုးရ လုပ်ကြံသတ်ဖြတ်လို့ အသက်ဆုံးရှုံးသွားတာဖြစ်ပြီး နောက်တယောက်ကတော့ စစ်အစိုးရနဲ့ ဆွေးနွေးရင်း သေဆုံးသွားတာဖြစ်တယ်။ သူတို့နှစ်ယောက် တမလွန်မှာ တွေ့ရင် ဘာများ ပြောဆိုကြမလဲ လို့ ကျနော်တွေးနေမိပါတယ်။







Leave a comment