(ရဲဘော် ဇော်နောင်)
ပဲခူးရိုးမတိုင်း ကို လက်လွတ် လိုက်ရပြီးတဲ့နောက် ပဲခူးရိုးမ တိုင်းမှာ တာဝန်ထမ်းဆောင် ခဲ့ကြတဲ့ ကရင့်တော်လှန်ရေး ခေါင်းဆောင် နဲ့ ရဲဘော် တချို့တို့ဟာ KNU ဌာနချုပ် မာနယ်ပလောနဲ့ အဆက်အသွယ် ပြတ်သွား ခဲ့ရပါတယ်။ ဒီအထဲမှာ ပဲခူးရိုးမတိုင်း ရဲ့ တိုင်း-တပ်မဟာမှူး ဖြစ်ခဲ့တဲ့ ဗိုလ်မှူး ချုပ် ဝရဇိန် တဦး အပါအဝင် ဖြစ်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးချုပ် ဝရဇိန်ဟာ အရှေ့တိုင်းကို ရောက်ရှိလာပြီ ဆိုတဲ့ သတင်း မာနယ်ပလော (KNU ဌာနချုပ်)ကို ရောက်ရှိလာပါတယ်။ ဒီသတင်းကြောင့် မာနယ်ပလောရှိ ကျနော်တို့တတွေ ဝမ်းသာပျော်ရွှင် မိကြပါတယ်။ လ အနည်းငယ် အကြာမှာတော့ ဗိုလ်မှူးချုပ် ဝရဇိန်ဟာ မာနယ်ပလော ဌာန ချုပ် ကို ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ရောက်ရှိလာပါတော့တယ်။
ဗိုလ်မှူးချုပ် ဝရဇိန်ဟာ လူကြီး လူငယ် ခွဲခြားခြင်း မရှိဘဲ လူတိုင်းနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံ တတ်သူ တဦး ဖြစ်ပါတယ်။ မာနယ်ပလော မှာ သူ နေထိုင်စဉ် ကာလ သူ့အတွက် နေရာ ထိုင်ခင်း အတိအကျ သတ်မှတ် နေထိုင်လေ့ မရှိဘဲ အဆင်ပြေသလို နေထိုင်တာကို သတိပြုမိပါတယ်။ တခါတရံ ကျနော်တို့ ရဲဘော်တွေ ကြားထဲ ဝင်ရောက် အိပ်တတ်ပါတယ်။ သူသွားလေရာတိုင်း လိုလို စောင်တထည်ကို သူ့ပခုံးပေါ် တင်ထားတာကို တွေ့ရပါတယ်။ တနေ့တော့ ကျနော်ကသူ့ကို “အားတီး..ပဲခူးရိုးမတိုင်း လက်လွတ်လိုက်ရပြီး တဲ့နောက် ဘယ်လို ကိုယ်ရောင်ဖျောက်ပြီး နေခဲ့သလဲ” လို့ မေးပါတယ်။ ကျနော်က သူ့ကို “အား တီး” လို့ ခေါ်ပါတယ်။ အဲဒီတော့ သူ က “ပုံစံအမျိုးမျိုးနဲ့ ပုံဖျက်ပြီး နေခဲ့ရကြောင်း၊ တခါတရံ ဗမာစစ်တပ် တပ်မ (၇၇)တပ်မမှူး ရန်နောင်စိုး ရဲ့ အိမ် အနီးဝန်းကျင် (မှော်ဘီ) ဘက်မှာ နေခဲ့ရကြောင်း ပြောပါတယ်။
နောက်ပြီးတော့ အဲဒီကာလ မှာ တယ်ထရွန် ပိတ်စတွေ ပေါ်နေတာကြောင့် တယ်ထရွန် ပိတ်စ အဖြူရောင် ရှပ်အင်္ကျီတထည် ဝယ်ထားကြောင်း၊ ဒီအင်္ကျီဟာ အတော်အသုံး ဝင်ကြောင်း၊ ဒီအင်္ကျီကို လိုအပ်သလို ညစ်ထေး သွားအောင် လုပ်နိုင်ကြောင်း၊ အသစ်လို ပြန်ဖြစ်ချင်ရင် ဆပ်ပြာနဲ့ လျှော်ဖွတ်လို့ ရကြောင်း၊ ဒါကြောင့် ဆပ်ပြာ တတုံး ကိုတော့ အမြဲတန်း ဆောင်ထားရကြောင်း၊ သူ့အနေနဲ့ အထူးသတိထား ရတာက သူ့ ခြေပခုံပေါ် က သေနတ်ဒဏ်ရာဖြစ်ကြောင်း၊ တချို့က ဘာဖြစ်သလဲလို့ မေးတဲ့အခါမျိုးမှာ တောထဲ သွားတုန်း ငုတ်ထိုးမိကြောင်း စသဖြင့် ကျနော့ကို ပြောပြပါတယ်။
ဒီလိုနဲ့ ဗိုလ်မှူးချုပ် ဝရဇိန်ဟာ ရယ်ရယ်မောမောနဲ့ ပြောဆို နေထိုင်သွားလာနေရင်း မာနယ်ပလော ကနေ သူ့ကို မတွေ့ရတော့ပါဘူး။ ကျနော်လည်း သူ ဘယ်ကို ရောက်သွားသလဲ ဆိုတာ မေးမြန်းဖို့ သတိမထား မိ တော့ပါဘူး။
၁၉၇၇ ခုနှစ် KNU ဒူးပလာယာခရိုင် အမှတ် (၆) တပ်မဟာ နယ်မြေ တခုဖြစ်တဲ့ ဖလူးစ ခန်းကို ကျနော်ရောက် ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ် ဒူးပလာယာခရိုင် အတိုင်းအတာအနေနဲ့ ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကို ခရိုင်အခြေခံ ဒေသ အဇင်းကျေးရွာ မှာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ ဒီအတွက် ဖလူးကော်သူးလေအစိုးရအထက်တန်း ကျောင်းက ဆရာ/ဆရာ မများနဲ့ ကျောင်းသား/ကျောင်းသူများက သွားကြမှာ ဖြစ်ပါတယ်။ ကျနော်က ဖလူး ကော်သူးလေ အစိုးရ အထက်တန်းကျောင်းက ဆရာ/ဆရာမ တချို့နဲ့ ရင်းနှီး သိကျွမ်းတာကြောင့် သူတို့နဲ့ အတူ လိုက်ဖို့ ပြောပါတယ်။ သူတို့ကလည်း သဘောတူပါတယ်။ သူငယ်ချင်း အဂ္ဂဖိုးချစ် (မကြာမီကွယ်လွန်) လည်း ပါ ပါတယ်။
ဒီလိုနဲ့ဘဲ ကျနော်တို့တတွေ ကရင်နှစ်သစ်ကူးနေ့ ကျင်းပမဲ့ အဇင်းကျေးရွာဆီ ကို သွားကြပါတော့တယ်။ ဒီ ကရင်နှစ်သစ်ကူးနေ့ ပွဲတော်မှာ မှတ်မှတ်ရရအနေနဲ့ ပြောရရင်တော့ ဆရာထူးလို (USA)၊ အဂ္ဂဖိုးချစ် (ကွယ်လွန်)နဲ့ ကျနော်တို့ (၃)ဦး ထိပ်တုံး အခတ်ခံရတာ ဘဲဖြစ်ပါတယ်။ အကြောင်းကတော့ ပွဲခင်း အနီး အနားမှာ သေနတ်ပစ်ဖေါက်တဲ့ ကိစ္စ ကြောင့်ဖြစ်ပါတယ်။
ကရင်နှစ်သစ်ကူးနေ့ပွဲတော် ပြီးသွားတဲ့အခါ သူငယ်ချင်းဖြစ်သူ ပဒိုရွှေလင်းနဲ့ အတူ KNU ကော့ကရိတ်မြို့နယ် ဆီကို လိုက်သွားဖို့ စီစဉ်ပါတယ်။ ဒီလိုစီစဉ်နေတဲ့ အချိန်မှာဘဲ အဇင်းကျေးရွာ အိမ်တလုံးကနေ “ဟေ့ ကွန်မြူနစ်ကြီး ဘယ်သွားမလို့လဲ” ဆိုပြီး ဖူးလောကွား က ကျနော့ကို လှမ်းခေါ်ပါတယ်။ ဒူးပလာခရိုင် တပ်မဟာ (၆)မှာတော့ ဗိုလ်မှူးချုပ် ဝရဇိန်ကို “ဖူးလောကွား” လို့ဘဲ လူသိများပါတယ်။
ဒါကြောင့် ကျနော်တို့လည်း သူ့ဆီကို သွားလိုက်ပါတယ်။ သူက ကျနော့ကို “မင်းဘယ် မှ မသွားပါနဲ့၊ အားတီး နဲ့ဘဲ အတူနေပါ” လို့ ပြောလိုက်ပါတယ်။ သူ့စကားကြောင့် ပဒို ရွှေလင်းလည်း ကျနော့ကို ခေါ်သွားဖို့ အခက်ကြုံသွားပါတယ်။
ဒီကာလမှာ ဗိုလ်မှူးချုပ်ရွှေဆိုင်းဟာ ဒူးပလာယာခရိုင် ဥက္ကဌ ဖြစ်သလို အမှတ် (၆) တပ်မဟာရဲ့ တပ်မဟာမှူး လည်း ဖြစ်ပါတယ်။ ဖူးလောကွား ဟာလည်း ဖူးရွှေဆိုင်းရဲ့ အကြံ ပေးပုဂိုလ်တဦးလို ဖြစ်နေတာကို တွေ့ရပါတယ်။ ဗိုလ်မှူးချုပ်ရွှေဆိုင်းက သူ့ကို “နောင်ကြီး” လို့ ခေါ်ပါတယ်။
ကျနော်လည်း ဖူးလောကွားနဲ့ဘဲ အတူနေခဲ့ပါတော့တယ်။ သူနဲ့ အတူရှိနေစဉ် ကာလ၊ သူ တက်ရတဲ့ အစည်း အဝေးတွေကို ကျနော့ကို ခေါ်သွားလေ့ရှိပါတယ်။ အစည်းအဝေး ပြီးတဲ့အခါများမှာ အစည်းအဝေးနဲ့ ပတ်သက်တဲ့ ကျနော့ရဲ့သဘောထားနဲ့ အမြင်များကို မေးတတ်ပါတယ်။ နောက်ပိုင်းတော့ ဒူးပလာယာခရိုင် ခေါင်းဆောင်များ က ကျနော့ကို မျက်မှန်းတန်းလာပုံ ရပါတယ်။ ဒါကြောင့် ခရိုင်အစည်းအဝေးတွေ ကျင်းပတဲ့ အခါများမှာ အစည်းအဝေး မှတ်တမ်းကို ကူညီရေးသားပေးဖို့ တာဝန်ပေးလာပါတယ်။
၁၉၇၉ ခုနှစ်ထဲရောက်တဲ့အခါမှာ ခရိုင်အခြေခံဒေသအတွင်းက တလာကူ ဘာသာဝင် တချို့ မငြိမ်မသက် ဖြစ်လာပါတယ်။ တော်လှန်ပုန်ကန်တော့ မလိုလို ဆိုတဲ့သတင်းများ သဲ့သဲ့ ထွက်ပေါ်လာပါတယ်။ ဒီအချိန်မှာ ဖူးလောကွား က ခရိုင်ရုံးကို ယာယီ ဦးစီးထားနေရတဲ့သဘော တွေ့နေရပါတယ်။ ဖူးလောကွား ဦးဆောင်ပြီး တလာကူ ကျေးရွာလူကြီးများ ကို ခရိုင်ရုံးမှာခေါ်စုပြီး စည်းဝေးပါတယ်။ ဒီအစည်းအဝေးမှာ ကျနော်နဲ့လည်း မိတ်ဆက်ပေးပါတယ်။ သူက ဒီအစည်းအဝေးပြီးရင် “ဒီ ရဲဘော်(ကျနော့ကို)ကျေးရွာတွေဆီ စေလွှတ်ပြီး အခြေအနေတွေကို လေ့လာခိုင်းမယ်။ သူ့ရဲ့ ပြန်လည် အစီရင်ခံချက်အပေါ်မှာ မူတည်တယ်” ဆိုပြီး ပြောလိုက်ပါတယ်။
ကံကောင်းတယ်လို့ ပြောရမလား။ ဒီ အစီအစဉ်ဟာ မလုပ်ဖြစ်ပါဘူး။ အကြောင်းက ဒီလိုပါ။ ခရိုင်အခြေခံ ဒေသ တာဝန်ခံ ပဒိုခလီစေး က ဖလူးစခန်းမှာ ပြုလုပ်မဲ့ ခရိုင်အစည်းအဝေးကို သူနဲ့အတူ တက်ရောက်ဖို့ ကျနော့ကို ခေါ်လိုက်ပါတယ်။ အဲဒီနောက် ပဒိုခလီစေး နဲ့ အတူ ခရိုင်အစည်းအဝေးကို တက်ဖို့ ဖလူးစခန်းဆီ ကို ထွက်ခွာသွားရပါတယ်။ ဖလူးစခန်းကို ရောက်တော့ အစည်းအဝေး ဆက်တက်ပါတယ်။
ခရိုင်အစည်းအဝေး ကို နိုဝင်ဘာလ အတွင်း ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အစည်းအဝေး ကျင်းပနေစဉ် အတွင်း (နေ့၊ရက်)ကိုတော့ မမှတ်မိတော့ပါ။ အရေးပေါ် ကြေးနန်းတစောင် ဝင်လာပါတယ်။ ဒီကြေးနန်းကို ဗိုလ်မှူး ချုပ်ရွှေဆိုင်း ကိုယ်တိုင် ဖတ်ပါတယ်။ ကြေးနန်း မှာ ပါဝင်တဲ့ အကြောင်းအရာတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ဝေလီဝေလင်းအချိန် ခရိုင်-အခြေခံဒေသ အတွင်းရှိ စခန်း (၃)ခုကို တလာကူ ဘာသာဝင် တချို့ တပြိုင်တည်း ဝင်ရောက် စီးနင်းတိုက်ခိုက်ကြောင်း၊ ကျောက်ခွကျေးရွာ အနီး လေးဘလား လို့ ခေါ်တဲ့ စစ်သင်တန်းစခန်းကို ဝင်စီးရာမှာ မိမိတို့ရဲ့ လက်နက်ခဲယမ်း မီးကျောက်တချို့ကို သိမ်းပိုက်သွားကြောင်း၊ မိမိတို့ဘက်မှ ရဲဘော် တဦး ဒဏ်ရာရပြီး တလာကူ တွေ ဘက်မှ အဖွဲ့ခေါင်းဆောင်တဦး ကျဆုံးသွားကြောင်းနဲ့ နောက်စခန်းတခုက ထောဝါးလော် ကျေးရွာ အနီး ခရိုင်ပညာရေး နဲ့ စိုက်ပျိုးရေးဆိုင်ရာ သင်တန်းစခန်းကို ဝင်စီးရာမှာ ခရိုင်ဒု-ပညာရေးမှူး ပဒိုကော်သပ်ဝါး ကျဆုံးကြောင်း၊ တလာကူတွေဘက်မှာ တဦးကျဆုံးကြောင်း၊ နောက်စခန်း တခုကတော့ ခရိုင်ရုံးဖြစ်ကြောင်း၊ မိမိတို့ဘက်မှ လက်ဦးမှု ရရှိတာကြောင့် သူတို့ဘက်မှ အောင်မြင်မှု မရှိကြောင်း တို့ ဖြစ်ပါတယ်။ သူတို့ အထဲမှာ ဒုတ်၊ ဓါး၊ သေနတ်ပီးတယ်လို့ ယုံကြည်သူ တချို့ရှိပါတယ်။
ဒီသတင်းကို သိရပြီးတဲ့ နောက်မှာ အစည်းအဝေးကို အမြန်အဆုံးသတ် လိုက်ကြပါတယ်။ ဒါကြောင့် ကျနော်လည်း ခရိုင်ရုံးဆီကို ပြန်ဆင်းသွားပါတယ်။ ခရိုင်ရုံးကို ပြန်ရောက်တဲ့ အခါ ခရိုင်ရုံးမှာ တလာကူ ကျေးရွာ လူကြီးတချို့နဲ့ ရွာသားတချို့ကို တွေ့ရပါတယ်။ တချို့ကတော့ သူတို့ ရွာမှာ မနေဝံ့တော့လို့ ခရိုင်ရုံးမှာ ခေတ္တခဏ ခိုလှုံနေကြတာ ဖြစ်ပြီး တချို့ကတော့ သံသယရှိလို့ ခေါ်ယူထားတာ ဖြစ်ကြောင်း သိရပါတယ်။
ဒီကာလမှာ တော်လှန်ပုန်ကန်သူ များဟာ ကျနော်တို့ စစ်ကြောင်းများကို ပျောက်ကြားနည်းအရ ချုံခို တိုက်ခိုက် နေပါပြီ။ ကျနော်တို့ဘက်က တပ်မှူး၊ တပ်သား တချို့ ကျဆုံးပါတယ်။ ဒီအတောအတွင်း မှာဘဲ တော်လှန်ပုန်ကန်သူများဘက် မှ ခွန်ဖိုးကျော်နဲ့ ငွေသိမ်း ဆိုသူ (၂)ဦး လာရောက် ဦးဆောင်နေကြောင်း သတင်း ရရှိပါတယ်။ သူတို့ဟာ ကော့ကရိတ်ဘက်က ရောက်လာကြောင်း၊ ခွန်ဖိုးကျော် ဆိုသူမှာ မျက်စိတဖက် မကောင်းကြောင်းလည်း သိရပါတယ်။
၁၉၈၀ ခုနှစ် နှောင်းပိုင်းလောက်မှာ ကျနော်တို့ တပ်ဖွဲ့များရဲ့ နယ်မြေရှင်းလင်း ပိတ်ဆို့မှု များကြောင့် တော်လှန် ပုန်ကန်သူ တချို့က ထိုင်းနိုင်ငံဖက်ဆီကို ထွက်ပြေးတိမ်းရှောင် သွားကြပါတယ်။
တရက်မှာတော့ ခရိုင်းရုံးဆီကို သတင်းတခု ဝင်လာပါတယ်။ (နေ့စွဲအတိအကျ မမှတ်မိတော့ပါ) သိန်ခွဲ ကျေးရွာအုပ်စု ကျောက်တန်းခိုရွာမှာ လူစိမ်း (၂)ယောက် ရောက်နေကြောင်း သတင်းဖြစ်ပါတယ်။ ကျေးရွာလူကြီး ဖါးတီ ဝေးထယ်က ထမင်းကျွေးပြီးတဲ့ နောက် ကျေးရွာ ကာကွယ်ရေးများရဲ့ လက်ထဲ အပ်လိုက်ပါတယ်။ ကျေးရွာ ကာကွယ်ရေးများ က သူတို့ အနီးအနားမှာ လမ်းပြင်နေတဲ့ ဆရာမန်းအောင်ဌေး တို့ အဖွဲ့ကို ခေါ်လိုက်ပါတယ်။
ဆရာမန်းအောင်ဌေး တို့ ရောက်မှဘဲ ခွန်ဖိုးကျော်နဲ့ ငွေသိမ်းတို့ (၂)ဦး ဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ အကြောင်းက ဒီလိုပါ။ ဆရာမန်းအောင်ဌေး နဲ့ ခွန်ဖိုးကျော် (၀ါ) မန်းအောင်နေရင် (၀ါ)ဧဖရက် တို့ဟာ ရန်ကုန်မှာ ရှိနေစဉ် ကတည်းက သိကျွမ်းသူများ ဖြစ်ကြပါတယ်။ (မဟာရန်ကုန်) ကရင်နှစ်သစ်ကူးနေ့ ကျင်းပရေး ဗဟိုကော်မတီဝင်များ လည်း ဖြစ်ခဲ့ကြပါတယ်။ အဲဒီနောက် ကျေးရွာ ကာကွယ်ရေးများက ခွန်ဖိုးကျော် နဲ့ ငွေ သိမ်း တို့ နှစ်ယောက်ကို ခရိုင်ရုံးဆီကို ခေါ်ဆောင်လာခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ကို ဗိုလ်မှူးချုပ်ရွှေဆိုင်း ခရိုင်ရုံးဆီကို ပြန်ရောက်တဲ့အထိ ခရိုင်ရုံးမှာဘဲ ချုပ်နှောင် ထားလိုက်ပါတော့တယ်။
ဗိုလ်မှူးချုပ်ရွှေဆိုင်း ခရိုင်ရုံးဆီကို ပြန်ရောက်တဲ့အခါ ကျေးရွာလူကြီးများကို ခရိုင်ရုံး ခန်းမထဲမှာ ခေါ်စုလိုက်ပါတယ်။ ခန်းမထဲကို ခွန်ဖိုးကျော်နဲ့ ငွေသိမ်းတို့နှစ်ယောက်ကို ခေါ် လာစေပါတယ်။ အဲဒီနောက် ခွန်ဖိုးကျော်နဲ့ ငွေသိမ်းတို့နှစ်ယောက်ကို ကျေးရွာလူကြီးတွေရဲ့ ရှေ့မှောက်မှာဘဲ ဗိုလ်မှူးချုပ်ရွှေဆိုင်း ကိုယ်တိုင် စစ်ဆေး မေးမြန်း လိုက်ပါတော့တယ်။ ဗိုလ်မှူးချုပ်ရွှေဆိုင်းက “ဘာကြောင့် ကျနော်တို့ တပ်တွေကို ရန်သူတပ်တွေ ဆိုပြီး သုံးနှုန်းသလဲလို့ ခွန်ဖိုးကျော် ကို မေးလိုက်ပါတယ်”။ အကြောင်းက ဒီလိုပါ။ ကျနော်တို့ တပ်တွေ ခရိုင်အခြေခံဒေသ ထဲ ဝင်လာတာကို ခွန်ဖိုးကျော်က “ရန်သူ” တပ်တွေ ဝင်လာတယ် ဆိုပြီး သူ့ လူတွေကို ပြောတာကြောင့် ဖြစ်ပါတယ်။ ခွန်ဖိုးကျော် လည်း အဖြေရ ကြပ်သွားပုံ ပေါ်ပါတယ်။ စစ်ဆေး မေးမြန်းတာတွေ ပြီးသွားတဲ့နောက် ခွန်ဖိုးကျော်နဲ့ ငွေသိမ်းတို့ကို သေဒဏ် ပြစ်ဒဏ် ပေးလိုက်ပါတယ်။
ခွန်ဖိုးကျော်နဲ့ ငွေသိမ်းတို့ မရှိတော့တဲ့ နောက်ပိုင်းမှာ ထိုင်းနိုင်ငံဘက်ဆီကို ထွက်ပြေး တိမ်းရှောင်သွားကြတဲ့ တော်လှန်ပုန်ကန် တဲ့ ခေါင်းဆောင်များ ပြန်လည်ရရှိရေး အတွက် ထိုင်းကွန်မြူနစ်ပါတီ(ပါတီဝပ်)ဒေသ ခေါင်းဆောင် “လောင်ချိုင်”ဆိုသူ နဲ့ ဆွေးနွေးညှိနှိုင်း ရပါတယ်။ ဗိုလ်မှူးကုလနဲ့ ပဒိုခလီစေး တို့က သွားရောက် ဆွေးနွေး ညှိနှိုင်းပေမဲ့ သိပ်အဆင်မပြေလှပါ။ နောက်ဆုံး ဗိုလ်မှူးချုပ်ရွှေဆိုင်း ကိုယ်တိုင် သွားရောက်ဆွေးနွေး ညှိနှိုင်း မှ အဆင်ပြေသွားပါတယ်။ ဒါကြောင့် ကျနော်တို့ဘက် တင်ပြထားတဲ့ စာရင်းအတိုင်း ထိုင်းကွန်မြူနစ် ပါတီဘက်က တော်လှန်ပုန်ကန်တဲ့ ခေါင်းဆောင် (၁၉)ဦးကို ဗိုလ်မှူးချုပ်ရွှေဆိုင်း ထံ လွဲအပ် ပေးလိုက်ပါ တယ်။ အဆိုပါ (၁၉)ဦးစလုံး ကိုလည်း သေဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ ဒီအချိန်က စပြီး တလာကူ တချို့ရဲ့ တော်လှန်ပုန်ကန်မှုကြီး အဆုံးသတ် သွားပါတော့တယ်။ ဒီ တော်လှန်ပုန်ကန်မှု ဟာ ၁၉၇၉ နိုဝင် ဘာလ မှ စခဲ့ပြီး ၁၉၈၀ ခုနှစ် နိုဝင်ဘာလမှာ အဆုံးသတ် သွားတာ ဖြစ်ပါတယ်။
ဒီအရေးအခင်းပြီးတဲ့နောက် ခရိုင်ရုံး (Roll-Call)တခုမှာ ဗိုလ်မှူးချုပ်ရွှေးဆိုင်းက နှစ်ဖက် သေဆုံးတာဟာ (၃၀)ကျော်ကြောင်း ရှင်းပြပါတယ်။ (အစွန်းထွက်ကိုတော့ မမှတ်မိတော့ပါ)။
တချိန်က ခွန်ဖိုးကျော်နဲ့ အတူ ကရင်နှစ်သစ်ကူးကျင်းပရေး ဗဟိုကော်မတီ (မဟာရန် ကုန်)မှာ ပါဝင်ခဲ့သူ တချို့ ရဲ့ အမြင်များကို မေးကြည့်တဲ့အခါ၊ မန်းအောင်ဌေး (နယူးဇီလန်)- သူဟာ တချိန်က စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး မှာ ပါဝင်ခဲ့သူ တဦးဖြစ်ကြောင်း၊ နောက်ပိုင်း အခြေအနေများကိုတော့ မသိတော့ကြောင်း ပြောပါတယ်။
မန်းအော်လန်းဒို (သြစတြေးလျ)- ရန်နဲ့ငါ မရှင်းတဲ့ ပြသနာလို့ပြောပါတယ်။
မန်းချစ်စိန်(သြစတြေးလျ)- ပုန်ကန်မှုအရေးအခင်းကာလမှာ ခွန်ဖိုးကျော်က သူ့လူတွေ ကို လေယာဉ်ပျံဆင်းမဲ့နေရာ ပြင်ခိုင်းတာဟာ စဉ်းစားစရာဖြစ်တယ်လို့ပြောပါတယ်။
တလာကူ ဘာသာဝင် တချို့ တော်လှန်ပုန်ကန် ရတဲ့ အကြောင်းကို သုံးသပ်ရရင် ၁၉၇၅ ခု နှစ်မှာ ဒူးပလာယာခရိုင် အခြေခံဒေသကို ကျေးရွာအုပ်စု (၁၂)အုပ်စုနဲ့ ကျေးရွာကြီးငယ်ပေါင်း (၅၀)ခန့် နဲ့ ဖွဲ့စည်း တည်ဆောက် ခဲ့ပါတယ်။ ခရိုင်အခြေခံဒေသရဲ့ နယ်နမိတ်ကိုလည်း မြေမြုတ် ဗုံးများထောင်ပြီး ကာရံထား လိုက်ပါတယ်။ ဒါကြောင့် လူနဲ့ တိရိစ္ဆာန် တချို့ ထိခိုင်ဒဏ်ရာရ၊ သေဆုံးခဲ့ရပါတယ်။ ခရိုင်အခြေခံဒေသရဲ့ အတွင်းနဲ့ အပြင်မှာ နေထိုင်ကြတဲ့ ပြည်သူလူထုများအနေနဲ့ ကောင်းရောင်း ကောင်းဝယ် ဝင်ထွက် လုပ်ကိုင် စားသောက်နိုင်ရေး အတွက် စစ်ဆေးရေး ဂိတ်များ ချထားပြီး ဒီ ဂိတ်တွေက တဆင့် ဝင်ထွက် သွားလာစေ ပါတယ်။ ဒါကြောင့် လူထုတချို့က သိပ်သဘောမကျကြပါဘူး။
နောက်တခုကတော့ ခရိုင်အခြေခံဒေသ အတွင်း နေထိုင်ကြတဲ့ အသက် (၁၆)နှစ် ပြည့်တဲ့ ယောက်ျားတိုင်း (၃)နှစ် စစ်မှုထမ်းရမယ် ဆိုပြီး အမိန့်ထုတ်ထားပါတယ်။ ဒီ အမိန့်အပေါ် တလာကူ ဘာသာဝင်များက ရောင်ထုံး မဖြုတ်ရေး၊ စစ်ယူနီဖေါင်း မဝတ်ရေး၊ တိုက်ပွဲ ဝင်လက်နက်မကိုင်ဆောင်ရေး၊ တလာကူ ဘာသာဝင်များ ရှောင်သော အစားအစာများကို မစားရေး စသည် တို့ကို တောင်းဆိုလာပါတယ်။
မိမိတို့ အဖွဲ့အစည်း အနေနဲ့ကလည်း တခြားဘာသာဝင်များလည်း ရှိနေတာကြောင့် သူတို့ တတွေလည်း ကျေနပ်သဘောတူရေးကိုလည်း အလေးထားရပါတယ်။ ဒါကြောင့် တလာကူများရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အောက်ပါအတိုင်း လိုက်လျောပေး လိုက်ပါတယ်။ ရောင်ထုံးထားခွင့်ပြုသည်။ စစ်ယူနီဖေါင်း မဝတ်ဘဲ သူတို့ရဲ့ ဘာသာရေး ထုံးစံအတိုင်း ပုဆိုးနဲ့ နေခွင့်ပြုသည်။ တိုက်ပွဲဝင်သေနတ် မကိုင်ဆောင် လည်းရသည်။ တလာကူ ဘာသာဝင်များအတွက် တားမြစ်ထားတဲ့ အစာများကိုလည်း မစားဘဲ နေခွင့်ရှိ သည်။ ဒါပေမဲ့ အများနည်းတူ (၃)နှစ် စစ်မှုထမ်းရမည်။ တပ်မတော် ကုန်ထုတ်လုပ်ရေး မှာ ပါဝင်ရမည် တို့ ဖြစ်ပါတယ်။ ခရိုင်အခြေခံဒေသ အတွင်းမှာ ကျေးရွာအုပ်စု (၁၂)အုပ်စု ရှိပေမဲ့ တလာကူ ဘာသာဝင်များ အဓိက နေထိုင်သော ကျေးရွာအုပ်စု မှာ တောင်ကလေး ကျေးရွာအုပ်စု ဖြစ်ပြီး ကျေးရွာပေါင်း (၆)ရွာ ပါဝင်ပါတယ်။ မိမိတို့ အဖွဲ့အစည်းက ရှင်းပြပေမဲ့ အကြေအလည် သိပ်မရှိလှသေးပါ။ မီးလောင်ရာ လေပင့် သလို ခွန်ဖိုးကျော် တို့နဲ့ ပူးပေါင်း မိသွားတဲ့ အခါမှာတော့ လက်နက်ကိုင် ပုန်ကန် ဆန့်ကျင်တဲ့ အဆင့်ကို ရောက်သွားတယ် လို့ သုံးသပ်ပါတယ်။
တလာကူ အရေးအခင်း အေးငြိမ်းသွားတဲ့ အခါမှာ ခရိုင်အခြေခံဒေသ တာဝန်ခံ အဖြစ် ဖူးလောကွား ကို တာဝန်ပေးလိုက်ပါတယ်။ ခရိုင်အခြေခံဒေသ လယ်ယာနဲ့ စိုက်ပျိုးရေးဌာန တာဝန်ခံအပြင် ခရိုင်အခြေခံ ဒေသ စည်းရုံးရေးဌာန တာဝန်ခံ အဖြစ် ကျနော့ကို ပူးတွဲ တာဝန်ပေးအပ်လိုက်ပါတယ်။ ဖူးလောကွား ဟာ ခရိုင်အခြေခံဒေသ တာဝန်ခံ ဖြစ်ပြီးတဲ့နောက် ကျေးရွာများဆီကို လှုပ်ရှားစည်းရုံးတဲ့အခါ တခါတရံ မြင်းစီးပြီး တခါတရံ နွား လှည်းစီးပြီး သွားပါတယ်။ အကြောင်းက သူပဲခူးရိုးမတိုင်းမှာ နေခဲ့စဉ်က သူ့ခြေထောက် ရဲ့ ခြေပခုံကို သေနတ်မှန်ထားတဲ့ ဒဏ်ရာကြောင့် ဖြစ်ပါတယ်။ ဖူးလောကွား ဟာ ခရိုင် ခေါင်းဆောင်တချို့ ဝိုင်းဖွဲ့ပြီး အရက်သောက်တာကို မြင်တဲ့အခါ ဝေဖန်ပြောဆိုလေ့ ရှိတာကြောင့် တချို့က သူ့ကို သိပ်မနှစ်မြို့လှပါဘူး။ ၁၉၈၇ ခုနှစ် ခရိုင်အခြေခံဒေသ ရွေးကောက်ပွဲများ မှာတော့ ဖူးလောကွား မပါဝင်တော့ပါဘူး။ ၁၉၈၈ ခုနှစ်မှာတော့ ဖူးလောကွား နဲ့ သေဘောဘိုး စခန်းမှာ ပြန်ဆုံပါသေးတယ်။
၁၉၉၈ ခုနှစ် နယ်စပ်ကို ကျနော် ပြန်ရောက်တော့ ဖူးလောကွား ရဲ့ သား စောထူးဖို က ဆရာဝန်များ ရဲ့ ပြောပြ ချက်အရ သူ့ အဖေ (၆)လ ဘဲ နေရတော့မှာ ဖြစ်ကြောင်း၊ ဒါကြောင့် သူ့ အဖေရဲ့ လုပ်ဖေါ်ကိုင်ဖက် တဦး ဖြစ်တဲ့ ကျနော့ကို သူ့အဖေနဲ့ တွေ့စေလိုကြောင်း ပြောပါတယ်။ အဲဒီနောက် ကျနော်လည်း သူ့ အဖေရှိရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရှိ ဒေါက်တာ စင်သီယာမောင် ရဲ့ ဆေးခန်းဆီ ကို သူ့ သား နဲ့ အတူ လိုက်သွားပါတော့ တယ်။ ဆေးခန်းကို ရောက်တဲ့အခါ ဖူးလောကွား နဲ့ စကားစမြီ ပြောပြီး တဦး နဲ့ တဦးလည်း လက်ကို ကိုင်ထား ကြပါတယ်။ သူ့ကို အားပေးစကား ပြောပြီးတဲ့နောက်မှာ နှုတ်ဆက်ပြီး ခရိုင်ဆီကို ကျနော်ပြန် သွားပါတယ်။ ဒီ တပတ် ကျနော့ရဲ့ နယ်ဆင်းခရီးမှာ (၆)လကျော် ကြာသွားပါတယ်။ နယ်စပ်ကို ကျနော် ပြန် ရောက်တဲ့ အခါ သူ ကွယ်လွန်သွားပြီ ဆိုတဲ့ သတင်းကို ကြားသိလိုက်ရပါတယ်။ သူ့အသက် (၇၇)နှစ် မှာ ကင်ဆာရောဂါ နဲ့ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
• ဤဆောင်းပါးဖတ်ရခြင်းဖြင့် ကရင်လူမျိုးများ သင်္ခန်းစာ ယူနိုင်ကြပါစေ
လို့ မျှော်လင့်ပါတယ်။
• ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် ကူညီကြတဲ့ ဆရာမန်းအောင်ဌေး
နှင့် သူ၏ ဇနီး၊ ဗိုလ်မာဆလိုက် တို့အား အထူး ကျေးဇူးတင်ရှိပါကြောင်း။
၂၂/၆/၂၀၂၀







Leave a comment