ကရင်လူမျိုးများသည် ကြေးခေတ်ကတည်းက အာရှဒေသသို့ရောက်ရှိခဲ့ကြပြီးဖြစ်သည်။ သာဓက အဖြစ် ကရင့်ဖားစည်သည် ကရင်များ၏ ယဉ်ကျေးမှုသင်္ကေတ တစ်ခုပင်ဖြစ်သည်။ ကရင်လူမျိုးတို့၏ တူရိယာ တစ်ခုဖြစ်သော ဖားစည်သည် အလွန်ထင်ရှားပြီး လွန်ခဲ့သော နှစ်ပေါင်း (၃၀၀၀) ကျော်က သုံးစွဲလာသော အမျိုးသားယဉ်ကျေးမှုပစ္စည်းတစ်ခုဖြစ်သည်။ အရှေ့တောင်အာရှ၏ ကြေးခေတ်ထွန်းကားသော ခေတ်ကာလ၌ မြန်မာနိုင်ငံအပါအဝင် အာရှဒေသတွင် ပျံ့နှံ့နေထိုင်ကြောင်း သိရှိရပါသည်။
မွန်ဂိုမျိုးနွယ်ဝင် ကရင်လူမျိုးများသည် အရှေ့တောင်အာရှကို ကျောက်ခေတ်နှောင်း ကုန်ဆုံးချိန်၌ ရောက်ရှိကြောင်း သမိုင်းပညာရှင်တို့က ဆိုကြသည်။
မာကိုပိုလိုသည် မွန်ဂိုစစ်တပ်နှင့်အတူ မြန်မာနိုင်ငံသို့ရောက်ရှိစဉ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်ရှိသော ကရင်မျိုးနွယ်စုများ နေထိုင်ရာဒေသကြီးကို သူကိုယ်တိုင်ဖြတ်ကျော်ခဲ့ရပြီး နယ်ကို (၇)ပိုင်း ပိုင်း၍အုပ်ချုပ်ခဲ့ရကြောင်းနှင့် မြို့တော်မှာ”ယာချီ”ဖြစ်ပြီး တာလီဖုဟုလည်း ခေါ်ကြကြောင်း သူ၏မှတ်တမ်းတွင်သေချာစွာ ရေးသားမှတ်တမ်းတင်ထားခဲ့သည်။
မွန်ဂိုမျိုးနွယ်ဝင် ကရင်လူမျိုးတို့ ဆင်းသက်လာရာ အာရှအလယ်ပိုင်းဖြစ်သော မွန်ဂိုလီးယား ကုန်းမြင့်ဒေသတွင် စတင်နေထိုင်သည်။ ထိုမှ ရာသီဥတုဖောက်ပြန်မှုကြောင့်လည်းကောင်း၊ လူဦးရေတိုးပွားလာခြင်းကြောင့် လည်းကောင်း၊ ထိုဒေသရှိ လူမျိုးများက အနိုင်အထက်ပြုခြင်းကြောင့်လည်းကောင်း၊ အစာရေစာရိက္ခာများ ရှားပါးလာခြင်းကြောင့်လည်းကောင်း ရေကြည်ရာမြက်နုရာဒေသသို့ တရွေ့ရွေ့ ပြောင်းရွှေ့ခဲ့ကြရင်း မွန်ဂိုလီးယားကုန်းမြင့်ဒေသမှ တိဘက်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြသည်။
တိဘက်နိုင်ငံမှတစ်ဆင့် ဆက်လက်ပြီး ရွှေ့ပြောင်းရာတွင် တရုတ်နိုင်ငံ ယူနန်ဒေသသို့ ရောက်ရှိလာခဲ့ ကြပြန်သည်။
ထိုသို့ပြောင်းရွှေ့ရာတွင် တရုတ်နိုင်ငံတွင်ရှိသော ယန်စီကျန်မြစ်ဝှမ်း၊ ဟွမ်ဟိုမြစ်ဝှမ်း၊ စင်ကျန်မြစ်ဝှမ်း၊ ကောင်းတုံမြစ်ဝှမ်းတွေကိုဖြတ်ကျော်ပြီး ယူနန်ဒေသသို့ ရောက်ရှိလာခဲ့သည်။ ကရင်အမျိုးသားတို့၏ အလံတော် ရှိ နေရောင်ခြည် ကိုးသွယ်တွင် ကရင်လူမျိုးတို့ တရုတ်နိုင်ငံ၌ နေထိုင်ခဲ့စဉ် တရုတ်နိုင်ငံရှိ မြစ်ဝှမ်း ၄ ခုကို ရည်ညွန်း ဖော်ပြခြင်းဖြစ်ပြီး ကျန်နေရောင်ခြည် ၅ ခုမှာ မဲနမ်မြစ်ဝှမ်း၊ မဲခေါင်မြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်း၊ သံလွင် မြစ်ဝှမ်း၊ ဧရာဝတီမြစ်ဝှမ်း တို့ကို ဖော်ပြခြင်း ဖြစ်သည်။
တရုတ်ပြည် မြောက်ဘက်တွင် “ထီဆေ့မေ့ယွား” ခေါ် “ရေစီးသဲမျှော” ဒေသရှိ၍ ယန်စီမြစ်၏မြစ်ဖျားခံရာဒေသဟု ဆိုပါသည်။ ယင်း “ထီဆေ့မေ့ယွား”ကို ကရင်လူမျိုးတို့သည် ဖြတ်ကျော်လာခဲ့ကြသည်ဟုလည်း ကရင်တို့၏ ကဗျာလင်္ကာစာပေအရ သိရပါသည်။ ချန်ကေရှိတ်၏ စစ်တပ်ကြီးသည် ဂျပန်တို့ထံမှ မြို့တစ်မြို့ ကို ပြန်လည်သိမ်းယူစဉ် ကရင်လူမျိုးများကဲ့သို့ဝတ်စားသော စစ်သားပေါင်း တစ်ထောင်မျှ ပါဝင်ကြောင်းနှင့် ဂျပန် များကိုလိုက်လံ တိုက်ခိုက်ရာတွင် ချန်ကေရှိတ်သည် ရေစီးသဲမျှောရှိရာဒေသသို့လည်း ရောက်ရှိ စခန်းချခဲ့ဖူး
လေသည်။ ယခုတိုင် ကရင်လူမျိုးများသည် ထီဆေ့မေ့ယွားတွင် ရှိသေးသည်ဟု ယူဆနိုင်သော်လည်း မှန် မမှန် သုတေသနပြုရန် လိုအပ်ပေသည်။
ကရင်လူမျိုးတို့သည် တရုတ်နိုင်ငံ ယူနန်ဒေသတွင် နေထိုင်စဉ် တရုတ်တို့၏ အနိုင်အထက် ပြုကျင့်မှုကြောင့် မဲခေါင်မြစ်ကြောင်း၊ ရွှေလီ-ဧရာဝတီ မြစ်ကြောင်းနှင့် သံလွင်မြစ်ကြောင်းအတိုင်း ရွှေ့ပြောင်းလာခဲ့ကြပြီး မြန်မာနိုင်ငံသို့ တရွေ့ရွေ့ ရောက်ရှိလာခဲ့သည်။ ကရင်လူမျိုးတို့ ရွှေ့ပြောင်းရာတွင် အိမ်ထောင်စု ၃ စု ဖြင့် ရွှေ့ပြောင်းခဲ့သည်ဟု ဆိုပါသည်။ ယင်းအိမ်ထောင်စု ၃ စု မှာ အောက်ပါအတိုင်း တွေ့ရသည်။
ပထမ အိမ်ထောင်စု (၃၃)စု ဖြစ်သော ကရင်လူမျိုးတစ်စုသည် တရုတ်ပြည်မှ မြစ်ဖျားခံလာခဲ့သော မဲခေါင်မြစ်ကြောင်းအတိုင်း တောင်ဘက်သို့ ရွှေ့ပြောင်းဆင်းသက်ခဲ့ကြရင်း ထိုင်းနိုင်ငံ၊ လောနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ ရောက်ရှိနေထိုင်ခဲ့ကြလေသည်။ ဒုတိယအိမ်ထောင်စု (၃၃)စုဖြစ်သော ကရင်လူမျိုးတစ်စုသည် တရုတ်ပြည် မှ ဖြစ်ဖျားခံသော ရွှေလီမြစ်ဝှမ်းမှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း တောင်ဘက်သို့ ရွှေ့ပြောင်း ဆင်းသက်ခဲ့ကြရင်း မြန်မာနိုင်ငံသို့ရောက်ရှိနေထိုင်လာခဲ့ကြသည်။
တတိယအိမ်ထောင်စု (၃၃)စုဖြစ်သော ကရင်လူမျိုးတစ်စုသည် တရုတ်ပြည်မှ ဖြစ်ဖျားခံသော သံလွင်မြစ်ကြောင်းအတိုင်း တောင်ဘက်သို့ ရွှေ့ပြောင်း ဆင်းသက်ခဲ့ကြရင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်လာခဲ့ကြ သည်။
ရွှေလီမြစ်မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်း အတိုင်းတောင်ဘက်သို့ ရွှေ့ပြောင်း ဆင်းသက်လာခဲ့သော ကရင်လူမျိုးတို့သည် ရွှေလီမြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံမိသည့် မလှမ်းမကမ်းနေရာမှာ အခြေချနေထိုင်ပြီး မြို့တစ်မြို့ ကို တည်ထောင်ခဲ့ကြသည်။ ကရင်ခေါင်းဆောင်ကြီး “ဖူးခဲဝါး”က တည်ခဲ့သည့် မြို့ကို ကရင်တို့က “ခဲဝါး”မြို့ဟု ခေါ်ခဲ့ကြသည်။ ခဲဝါးမြို့ ကို ရှမ်းလူမျိုးတို့က“တူကော”မြို့ (ရှမ်းဘာသာစကားအရ ဖားစည် ရောင်း ဝယ်ရာ ဆိပ်ကမ်းမြို့ )ဟု ခေါ်ဝေါ်ခဲ့ကြပြီး ဗမာလူမျိုးများက“တကောင်း”မြို့ ဟု ခေါ်ဆိုခဲ့ကြသည်။
(S မင်းခိုက်သူ PTN ၏ “သမိုင်းထဲက ကရင်လူမျိုး” စာအုပ်မှ အခန်း ၃-၁ “ကရင်လူမျိုးတို့၏ ရွှေ့ပြောင်းနေထိုင်မှု – အာရှ ဒေသ”)
လူငယ်များ၏ ကရင်အမျိုးသားသမိုင်း (အခြေခံအဆင့်)စာအုပ်မှ ကူးယူဖော်ပြပါသည်။

Leave a comment