ဥက္ကဌမန်းဘဇန်နှင့် အမှတ်တရများ

(ရဲဘော်ဇော်နောင်)

၁၉၇၄ ခုနှစ် ဝမ်းခါစခန်းဟောင်းမှာ ဥက္ကဌကြီးမန်းဘဇန်နဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။ အသားညိုညိုထောင်ထောင်မောင်းမောင်း ဆံပင်နဲ့မျက်ခုံးမွှေးများ ဖြူနေပြီဖြစ်တဲ့ ဥက္ကဌ ကြီးဟာ အသံသြဇာရှိပြီး ခန့်ညားတဲ့ ဥပဓိရုပ်ရှိသူလည်းဖြစ်ပါတယ်။ ဥက္ကဌကြီးနဲ့ စကားစမည်ပြောဆိုရာကနေ သူ့ရဲ့ အပြောအဆိုကောင်းပုံနဲ့ ဟာသနှောပြောဆိုတတ်ခြင်း၊ လူကြီး လူငယ် ခွဲခြာမှု မရှိခြင်း တို့ကြောင့် ချက်ချင်းဆိုသလိုပင် ရင်းနှီးမှုရရှိသွားခဲ့ပါတယ်။ အဲဒီနောက် KNU ဌာနချုပ်ကို ကျနော်ရောက်ရှိသွား ခဲ့ပါတယ်။ KNU ဌာနချုပ်ဟာ သောင်ရင်းမြစ်ရဲ့ ထိုင်းဘက်အခြမ်းမှာတည်ရှိပါတယ်။ SHQ နဲ့ GHQ ရဲ့အကြားမှာ ဥက္ကဌကြီးနဲ့အဖွဲ့များ နေထိုင်ကြပါတယ်။ အဲဒီနေရာကို ဥက္ကဌကြီးကုန်း လို့ လူသိများပါတယ်။ နောက်ပိုင်းတော့ “ကပေါ်လူ” လို့ ပြောင်းလဲ ခေါ်ဝေါ် လိုက်ကြောင်း သိခဲ့ရပါတယ်။

ကျနော်ရောက်တဲ့ အချိန်မှာ KNU ဥက္ကဌအတွက် ကြေးနန်းဆက်သွယ်ရေးသမား လိုအပ်နေချိန် ဖြစ်လို့ ဒီတာဝန်ကို ထမ်းရွက်ဘို့ ကျနော်သဘောတူလိုက်ပါတယ်။ KNU ဥက္ကဌကြီးကြပ်တဲ့ ဆက်သွယ်ရေးအဖွဲ့ ဖြစ်လို့ အထူးသဖြင့် မဟာမိတ်အဖွဲ့များနဲ့သာ အဓိက ဆက်သွယ်ရပါတယ်။ တောင်ပိုင်းမဟာမိတ်များဖြစ်တဲ့ (KNPP)ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ (MNSP)မွန်ပြည်သစ်ပါတီ၊ (PPP)ပြည်သူ့ပြည်ချစ်ပါတီတို့ နဲ့ ဆက်သွယ်ရပါတယ်။

၁၉၇၅ ခုနှစ် မာနယ်ပလော စခန်း တည်ဆောက်ပြီးစီးတဲ့အခါ KNU ဥက္ကဌရုံးကို မာနယ်ပလောသို့ ပြောင်းရွှေ့လိုက်ပါတယ်။ ဒါပေမဲ့ ဥက္ကဌကြီးဟာ စခန်းဟောင်းနဲ့ စခန်း သစ်ကို သွားချီလာလှည့် ပြုလုပ်ပါတယ်။

အဲဒီ ၁၉၇၅ ခုနှစ်အတွင်းမှာဘဲ ရိုးမအခြေစိုက် KNUP ဟာ အမျိုးသား စည်းလုံးညီညွတ်ရေး အတွက် ပြန်လည်ပေါင်းစည်းရန် မာနယ်ပလောသို့ ရောက်ရှိလာခဲ့ပါတယ်။ ဥက္ကဌကြီးနဲ့ တကွ ကျနော်တို့တတွေ အထူးပျော်ရွှင် ကြရပါတယ်။ KNUP ခေါင်းဆောင်များက ဥက္ကဌကြီးဆီ အလည်လာသလို ဥက္ကဌကြီးလည်း အလည်သွားပါတယ်။

ဒီဇင်ဘာတညမှာ ဥက္ကဌကြီးဆီကို ဗိုလ်ချုပ်မြမောင် အလည်လာတဲ့အခါ ဥက္ကဌ ကြီးကတော်က သာဂူနဲ့ ဧည့်ခံခဲ့ပါတယ်။ သူတို့နှစ်ယောက်ပြောဆိုဆွေးနွေးကြရင်းက “ဗိုလ်ချုပ် ခင်ဗျားကျနော့ကို ဘယ်လိုမြင် သလဲ” လို့ ဥက္ကဌကြီးက မေးလိုက်တဲ့အခါ ဗိုလ်ချုပ်မြမောင်က မဆိုင်းမတွဘဲ “ဥက္ကဌကြီးဟာ အရင်အတိုင်း ပညာတတ် ဓနရှင်ပေါက်စ တယောက်ပါ”လို့ ပြောလိုက်တဲ့အခါမှာ ဥက္ကဌကြီးလည်း ဘာမှဆက်မပြောတော့ဘဲ သာဂူကိုသာ ဆက်သောက်ပါတော့တယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျနော့အထင်ပြောရရင် ဥက္ကဌကြီးဟာ အခုလို အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်မှုရအောင် ကြိုးပမ်းခဲ့တဲ့ သူ့အပေါ် အမြင်ကို သိချင်နေပုံ ရပါတယ်။

KNUP နဲ့ KNU တို့ ပြန်လည် ပူးပေါင်းတာနဲ့ ပတ်သက်ပြီး BBC, VOA သတင်းဌာန များက ဥက္ကကြီးမန်းဘဇန်နဲ့ ကရင့်တော်လှန်ရေးအပေါ် ဝေဖန်သုံးသပ်တဲ့သတင်းများ ထုတ်လွှင့်ခဲ့ကြပါတယ်။ ဗမာပြည်ထိပ်သီး နိုင်ငံရေး သမား (၄)ဦးထဲတွင် ဥက္ကဌမန်းဘဇန် တယောက်အပါအဝင်ဖြစ်ကြောင်းနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများရဲ့ ထောက်ခံမှုကို ရရှိသူဖြစ်ကြောင်း၊ ကွန်မြူနစ်လိုလားသူ တယောက်ဖြစ်ကြောင်း စသည်ဖြင့် သုံးသပ်ကြပါတယ်။

KNUP လာရောက်ပူးပေါင်းခြင်းကြောင့် ထိုင်းအစိုးရလည်း စိုးရိမ်လာပါတယ်။ အဲဒီ အချိန်မှာ ထိုင်းကွန်မြူနစ်ပါတီက ထိုင်းအစိုးရကို တော်လှန်နေချိန်ဖြစ်လို့ ကရင့်တော်လှန်ရေးထဲက လက်ဝဲအင်အားစုများနဲ့ ပူးပေါင်းမိမှာကို စိုးရိမ်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် KNU ထဲမှာရှိတဲ့ ကွန်မြူနစ်ဆန့်ကျင်ရေး အင်အားစုများကလည်း စိုးရိမ်မှုများဖြစ်ပေါ်လာတာကြောင့် KNU အပေါ် ဖိအားပေးမှုများရှိလာကာ သတင်းအမျိုးမျိုးထွက်ပေါ်လာပါတော့တယ်။ အဲဒီအထဲ ဥက္ကကြီးမန်းဘဇန်ကို ဝင်ရောက်ဖမ်းဆီးမယ် ဆိုတဲ့ သတင်းလည်း ပါလာတဲ့အတွက် ဥက္ကဌကြီးရဲ့ လုံခြုံရေးတပ်ဖွဲ့များဖြစ်ကြတဲ့ ကျနော်တို့တတွေ ကင်းစောင့်ခဲ့ကြရပါသေးတယ်။

၁၉၇၆ ခုနှစ် မိုးရာသီမှာ KNU ဗဟိုအမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေး ပြုလုပ်ပါတယ်။ ဗိုလ်ချုပ်မောင်မောင်၊ ဗိုလ်မှူးလားမူး၊ ဗိုလ်ချုပ်ထင်မောင် တို့ ဦးဆောင် တဲ့ တပ်မဟာ (၇)အဖွဲ့က ဥက္ကဌကြီးမန်းဘဇန်နဲ့ KNU ရဲ့ (၇၄)လမ်းစဉ်ကို ဝေဖန်ကြပါတယ်။ အစည်းအဝေးအတွင်းမှာ အခြေအတင် ပြောဆိုမှုများ အတော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မြက တော်လှန်ရေးကနေ အနားယူမယ်ဆိုတဲ့ အထိ ပြောလာတဲ့အခါ ဥက္ကဌကြီးမန်းဘဇန်က “ဗိုလ်ချုပ်အနားမယူပါနဲ့၊ ကျနော်ဘဲအနားယူလိုက်မယ်”လို့ ပြောလိုက်တော့မှဘဲ အစည်းအဝေးဟာ ပြေလည်သွားတယ်လို့ သိရပါတယ်။ အဲဒီအစည်း အဝေးမှာဘဲ (၇၄)လမ်းစဉ်နေရာမှာ (၇၆)ကြားကာလလမ်းစဉ် ကို ရေးဆွဲဘို့ သဘောတူ လိုက်ကြတဲ့အပြင် ဥက္ကဌကြီးမန်းဘဇန် ကိုလည်း နာယကကြီး အဖြစ် ထားလိုက်ကြပါတယ်။ (၇၆)ကြားကာလ လမ်းစဉ်ကို တာဝန်မခံနိုင်ဟု ဆိုကာ ဗဟိုအမြဲတမ်းကော်မတီဝင်များဖြစ်ကြတဲ့ ဗိုလ်မှူးဘလုံ နဲ့ ဗိုလ်မှူးမီးသ တို့ KNU ကနေ နှုတ်ထွက်လိုက်ကြပါတော့တယ်။

ဥက္ကဌကြီးအိမ်ပြန်ရောက်တဲ့အခါ “ကွန်ဂရက်မဟုတ်ဘဲ ဘာကြောင့်အပြောင်းအလဲဖြစ်ရသလဲ” လို့ ကျနော်တို့ ဝိုင်းမေးတဲ့ကြတဲ့အခါ “ဗိုလ်ချုပ်မြနားမယ်လို့ပြောတာဟာ သူတယောက်ထဲမဟုတ်ဘူး၊ တပ်မဟာ (၇)တခုလုံးပါ ပါသွားမယ်။ ဒီလိုဖြစ်မယ် ဆိုရင် ကရင့်တော်လှန်ရေးဟာ နှစ်ခြမ်းကွဲသွားမယ်။ ဒီတခါကွဲမယ်ဆိုရင် ကရင်လူထုဟာ ကရင့်တော်လှန်ရေးရဲ့ မျက်နှာကို ကြည့်ချင်တော့မှာမဟုတ်ဘူး”လို့ ကျနော်တို့ကို ပြောပါတယ်။

နောက်ပြီးတော့ ဥက္ကဌကြီးက “ငါကရင့်တော်လှန်ရေးမှာ ဦးမဆောင်ရပေမဲ့ တပ်ပေါင်းစုမှာ ဥက္ကဌတာဝန် ရှိနေပါသေးတယ်။ ငါ့လူမျိုးအတွက် ငါလုပ်လို့ရပါသေးတယ်လို့” အားခဲပြီး ပြောပါသေးတယ်။

အဲဒီ ၁၉၇၆ ခုနှစ် အတွင်းမှာဘဲ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)အစည်းအဝေးကြီး မာနယ်ပလောမှာ ပြုလုပ်ပါတယ်။ အစည်းအဝေးတက်ရောက်ဘို့ နာယကကြီးနဲ့အတူ လိုက်လာပြီး မာနယ်ပလောရှိ ပဒိုဘောယူဖေါ ရုံးမှာ တည်းကြပါတယ်။ KNU နာယကကြီး ဖြစ်သွားတဲ့ ဥက္ကဌကြီးမန်းဘဇန်ဟာ တပ်ပေါင်းစုမှာ ဥက္ကဌအဖြစ် ရှိနေသေးတဲ့အတွက် အစည်းအဝေးမှာ သဘာပတိ တာဝန်ယူရပါတယ်။ အစည်းအဝေးရဲ့ (Agenda) တခုကို ရောက်တဲ့အခါမှာ ဗိုလ်မှူးသန်းအောင် (အဲဒီအချိန်မှာ KNU တွဲဘက် အတွင်းရေးမှူး)က “တပ်ပေါင်းစု ဥက္ကဌဟာ KNU ဥက္ကဌဖြစ်တယ်။ KNU မှာ ဥက္ကဌ အ ပြောင်းအလဲဖြစ်သွားတဲ့ အတွက် လက်ရှိ KNU ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်မြဟာ တပ်ပေါင်း စုဥက္ကဌအဖြစ် တာဝန်ယူရမှာဖြစ်တယ်”လို့ ထပြောလိုက်တဲ့အခါမှာ သဘာပတိထိုင်ခုံမှာ ထိုင်နေတဲ့ ဥက္ကဌကြီး မန်းဘဇန်ဟာ ခေါင်းငိုက်စိုက်သွားတာကို တွေ့လိုက်ရပါတယ်။ အစည်းအဝေးပြီးလို့ ပဒိုဘောယူဖေါ ရုံး ပြန်ရောက်တဲ့အခါ “သွားပြီ” လို့ တချက်ပြော လိုက်တဲ့ ဥက္ကဌကြီးရဲ့ အသံဟာ မျှော်လင့်ချက်ဆုံးရှုံးသွားရတဲ့ ခံစားမှုမျိုးလို့ ကျနော် ထင်မိပါတယ်။

နာယကကြီး စခန်းကို ပြန်ရောက်တဲ့ အခါမှာ ဥက္ကဌကြီးဟာ “နိုင်ငံရေးသင်တန်း တော့ပေးလို့ ရပါသေးတယ်” လို့ ကျနော့ကို ပြောလိုက်ပါတယ်။ အဲဒီတော့ ဥက္ကဌကြီး ဟာ တပ်မဟာ (၆)ကို ပြောင်းဘို့ စဉ်းစားပါတယ်။ သူက တပ်မဟာ (၆)မှာ ဗိုလ်ရွှေဆိုင်း၊ ဗိုလ်ခလီစေး တို့နဲ့ဆို အဆင်ပြေနိုင်မယ်လို့လည်း ကျနော့ကို ပြောပါတယ်။ ဒါကြောင့် ကြေးနန်းကို သူရေးပြီး ဗိုလ်ချုပ်ရွှေဆိုင်းထံ ကျနော့ကို ပို့ခိုင်းလိုက်ပါတယ်။ သိပ်မကြာ ပါဘူး။ ဗိုလ်ရွှေဆိုင်းဆီက ကြေးနန်းပြန်လာပါတယ်။ ကြေးနန်းထဲမှာ ဥက္ကဌကြီးလာပါ။ ဥက္ကဌကြီးရဲ့ သားကြီးကိုတော့ ခေါ်မလာပါနဲ့”လို့ ပါရှိတဲ့အတွက် ဥက္ကဌကြီးလည်း ကြေးနန်းကို ဖတ်ပြီး ဘာမှပြန်မပြောတော့ပါဘူး။

ဥက္ကဌကြီးရဲ့ ဘဝနိဂုံးဟာ အရှုံးသက်သက်များ ဖြစ်နေရော့သလားလို့ ကျနော့ စိတ်ထဲ တွေးထင်လာပါတော့တယ်။

ဥက္ကဌကြီးဟာ ခေါင်းဆောင်ပီသစွာဘဲ အလျှော့မပေးဘဲ သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် များနဲ့ သူ့ရဲ့သားသမီးများကို နိုင်ငံရေးသင်တန်းပေးဘို့ စီစဉ်ပါတော့တယ်။ အစပိုင်းမှာတော့ သင်တန်းတက်သူ အများသားပါ။ ကြာလာတာနဲ့အမျှ သင်တန်းသားများ တစတစ လျော့နည်းသွားပါတယ်။ ကုန်ကုန်ပြောရရင် နောက်ဆုံး ကျနော်တယောက်ထဲ ကျန်တယ်လို့ ပြောရပါလိမ့်မယ်။

ဥက္ကဌကြီးဟာ သမိုင်းရေးရုပ်ဝါဒနဲ့ လူဖြစ်စဉ်သမိုင်း၊ ဗမာပြည်ရဲ့ ဗမာအပါအဝင် တိုင်းရင်းသားတို့ရဲ့ သမိုင်းကြောင်းနဲ့ ဗမာပြည်ရဲ့ သဘာဝအရင်းအမြစ်၊ အိမ်နီးချင်းနိုင်ငံများနဲ့ အင်အားကြီးနိုင်ငံများရဲ့ အခြေအနေ၊ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အလားအလာနဲ့ တော်လှန်ရေးအတွင်း သူ့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံများကို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပါတယ်။ ဒါ့အပြင် သူ့ရဲ့ခံယူချက်နဲ့ ယုံကြည်ချက်များကိုလည်း ပြောပြပါသေးတယ်။ တချို့က သူ့ကို ကွန်မြူနစ်လို့ စွတ်စွဲတာမမှန်ကန်ကြောင်း၊ သူဟာ ဘုရားသခင်ကို ယုံကြည် ကိုးကွယ်သူတဦးဖြစ်ကြောင်း၊ မာ့စ်ဝါဒရဲ့ အဘိဓမ္မာရေးဆိုင်ရာ အပိုင်းကို သူလက်မခံကြောင်း၊ ဒါပေမဲ့ သူဟာ ကွန်မြူနစ် ဆန့်ကျင်ရေးသမားတယောက် မဟုတ်ကြောင်း ပြောပါတယ်။ နောက်ပြီး ဖတ်သင့်သော စာအုပ်များကိုလည်း ညွှန်းပါသေးတယ်။ ဥပမာ- မော် စီတုန်းရဲ့ ပဋိပက္ခကျမ်း ဆိုရင် အခုအထိ ပြန်ဖတ်နေရကြောင်း၊ တခါဖတ်ရင် တခါတိုး တက်မှုရရှိကြောင်း ပြောပါတယ်။ သူအကြိုက်ဆုံး ကမ္ဘာ့ခေါင်းဆောင်ဟာ ဗီယက်နန် သမတ ဟိုချီမင်း ဖြစ်ကြောင်းလည်းပြောပါတယ်။

ဥက္ကဌကြီးဟာ စာရေးခြင်း၊ စာဖတ်ခြင်းနဲ့ ရေဒီယိုနားထောင်ခြင်းတို့ကို အစဉ်တစိုက် ပြုလုပ်တာကို တွေ့ရပါတယ်။ မျက်မှောက်နိုင်ငံရေး အခြေအနေများကို သုံးသပ်ရာမှာ လွဲလေ့မရှိတဲ့အတွက် သူ့ကို နိုင်ငံရေး မှော်ပေါက်တဲ့ သူလို့ ကျနော်တို့တတွေ တင်စား ပြောဆိုကြပါတယ်။

Mahn Ba Zan portrait

ဥက္ကဌကြီးဟာ အားလပ်တဲ့အခါများမှာ မယ်ဒလင်တီး အပန်းဖြေလေ့ရှိပါတယ်။ တရက်မှာ ဥက္ကဌကြီး တီးတဲ့ မယ်ဒလယ်သံစဉ်ဟာ လားရှိုးသိန်းအောင်သီဆိုတဲ့ “အမေ တခုသားတခု” သီချင်းရဲ့သံစဉ် ဖြစ်နေလို့ တအံ့တသြနဲ့ သူ့ကို ကျနော်ကြည့်လိုက်တဲ့အခါ ဥက္ကဌကြီးဟာ “အလွှာပေါင်းစုံ၊ ဘက်ပေါင်းစုံရဲ့ အခြေအနေတွေကို သိအောင် လုပ်ထားမှသာ ဦးဆောင်မှုကို ပေးနိုင်မှာဖြစ်တယ်လို့ ကျနော့ကို ပြောပါတယ်။ တခါတရံ ဥက္ကဌကြီးနဲ့ စကားပြောတဲ့အခါမှာ ဥက္ကဌကြီးက ခေတ်စကားများကို ထည့်ပြောလေ့ရှိပါတယ်။ ဥပမာ- အဲဒီခေတ်က လူငယ်တွေသုံးတဲ့ “ကြည်တယ်၊ ဖန်တယ်” ဆိုတဲ့ စကား တွေ ထည့်ပြောတတ် ပါတယ်။

၁၉၇၇ ခုနှစ် တပ်မဟာ (၆)ကို ပြောင်းရွှေ့တာဝန်ယူဘို့ သူ့ကို ကျနော်ပြောတဲ့ အခါ “ကရင့်တော်လှန်ရေးကို သစ္စာမဖေါက်နဲ့၊ ကရင်လူများကို သစ္စာမဖေါက်နဲ့၊ ရောက်တဲ့ နေရာကနေတော်လှန်ရေးကို အကျိုးပြုပါ”လို့ မှာကြားလိုက်ပါတယ်”

၁၉၈၀ ခုနှစ် ဝမ်းခါစခန်းသစ်မှာ ဥက္ကဌကြီးနဲ့ ပြန်ဆုံပါတယ်။ အဲဒီအချိန်မှာ သူ့ မျက်စိ နှစ်ဖက်စလုံး မမြင်ရတော့ပါဘူး။ ဥက္ကဌကြီးက “မင်းအသံတော့ ငါမှတ်မိတယ်။ ဒါပေမဲ့ မင်းကိုတော့ ငါ မမြင်ရတော့ဘူးလို့ ပြောလိုက်တဲ့အခါ ကျနော်ဟာ အတော့ကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အဲဒီတုန်းက ဥက္ကဌကြီးနဲ့ နောက်ဆုံးအကြိမ် တွေ့ရခြင်း ဖြစ်လိမ့်မယ်လို့ ကျနော်မထင်မှတ်ခဲ့ပါဘူး။ ဒါပေမဲ့ နောက်ဆုံးတွေ့ခြင်းဘဲ ဖြစ်သွားခဲ့ပါတယ်။ သူ ကွယ်လွန်သွားတဲ့အထိ သူနဲ့တခါမှ ပြန်မဆုံတော့ပါဘူး။

၁၉၉၀ ခုနှစ် KNU ကွန်ဂရက်ကို တက်ရောက်ဘို့ မာနယ်ပလောကို ကျနော် ရောက်သွားပါတယ်။ မာနယ်ပလောရဲ့ ဒီဇင်ဘာလ ဆောင်းရာသီဟာ အလွန်အေးတဲ့ အတွက် အသက်အရွယ်ကြီးသူများ မိုးလင်းတဲ့အထိ မအိပ်စက်နိုင်ကြပါဘူး။ KNU ရဲ့ ဌာနဆိုင်ရာရုံးများမှာ တည်းခိုကြတဲ့ မဟာမိတ် ခေါင်းဆောင်များနဲ့ KNU သက်ကြီးရွယ်ကြီးများ စောစောစီးစီး အိပ်ယာထကာ မီးလှုံကြပါတယ်။ မီးလှုံနေစဉ်မှာ ပြည်သူ့ပြည်ချစ်ပါတီ မှ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်မောင်ဝင်းက “အခုလို နိုင်ငံရေး အခြေအနေမျိုးမှာ ဥက္ကဌကြီးမန်းဘဇန် ရှိစေချင်လိုက်တာဗျာ” လို့ တမ်းတမ်းတတ နဲ့ ပြောလိုက်တဲ့အခါမှာ ခေါင်းဆောင်များ တယောက်မျက်နှာ တယောက်ကြည့်ပြီး ဥက္ကဌကြီးကို ပြန်လည်သတိရ လွမ်းတနေပုံကို တွေ့လိုက်ရပါတယ်။

၂၀၀၉ ခုနှစ် ထိုင်း၊ ဗမာနယ်စပ်တနေရာမှာ ပြည်တွင်းက သဘာရင့်နိုင်ငံရေးသ မားကြီးတယောက်နဲ့ တွေ့တဲ့အခါ သူက “ဥက္ကဌကြီးမန်းဘဇန်ဟာ ကရင့်တော်လှန်ရေး ရဲ့ ဒုတိယလမ်းစဉ်ကို မချမှတ်နိုင်ခဲ့ ဘူးဆိုရင် ကရင့်တော်လှန်ရေးဟာ ဒီနေ့အချိန်မှာ ရှိတော့မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ဥက္ကဌကြီးမန်းဘဇန်ဟာ ကရင့်တော်လှန်ရေးရဲ့ ဒုတိယလမ်းစဉ်ကို ဦးဆောင်ချ မှတ်ပေးပြီး ကရင့်တော်လှန်ရေးကို ကယ်တင်ခဲ့သလို ကရင့်တော်လှန်ရေးရဲ့ (၇၄)လမ်းစဉ်ကို ဦးဆောင်ချမှတ်ပေးပြီး အမျိုးသား စည်းလုံးညီညွတ်မှုကို ပြန်လည်တည်ဆောက် ပေးနိုင်ခဲ့ပါတယ်။ ဒီနေ့ကျင့်သုံးနေတဲ့ ကရင့်တော်လှန်ရေးရဲ့ နိုင်ငံရေးလမ်းစဉ်ဟာလည်း (၇၄)လမ်းစဉ်ရဲ့ အဆက်ဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဥက္ကဌစောဘဦးကြီး မရှိတော့ တဲ့ နောက်ပိုင်းနဲ့ ဗိုလ်ချုပ်မြကို ကရင့်တော်လှန်ရေးတာဝန်ကို လွှဲပြောင်းပေးခဲ့ တဲ့ အထိ ကရင့်တော်လှန်ရေးကို ဦးဆောင်ပဲ့ကိုင်ခဲ့တဲ့ ထင်ရှားတဲ့ ကရင့်တော်လှန် ရေးခေါင်းဆောင် တဦးလည်းဖြစ်ပါတယ်။

• ဥက္ကဌကြီးမန်းဘဇန် ၏ သမိုင်းဝင်စွမ်းဆောင်မှုများနှင့် ပတ်သက်ပြီး စာအုပ်များလည်း ထွက်ရှိနေ ပြီဖြစ်သည်။ သို့သော် တပည့်တဦးအနေနှင့် ဂါရဝပြုလို၍ ဤဆောင်းပါးကို ရေးလိုက်ခြင်းဖြစ်ပါသည်။

၂၁/၀၂/၂၀၁၉

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect