ကျနော်နှင့် “သေဖူးလော်ဆူး”လူထုအရေး – အပိုင်း(၁)

(ရဲဘော်ဇော်နောင်)

အပိုင်း (၁)

၁၉၉၇ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့၊ နိုဖိုး ဒုက္ခသည် စခန်းထဲ ကျနော် ရောက်ရှိနေခိုက် မနက်ပိုင်း မိုးမလင်းခင် ကျနော် အိပ်နေတဲ့ ခေါင်းရင်း ထရံကို ပုတ်ပြီး ခေါ်နိုးသံနဲ့ အတူသေနတ်သံတွေပါ ကြားနေရကြောင်းလည်း ပြောနေတာကြောင့် ကျနော်လည်း အိပ်ချင်မူးတူးနဲ့ အိမ်အောက်ကို အမြန် ဆင်းလိုက်ပါတော့တယ်။ အိမ် အပြင်ဘက် လရောင်ဖျော့ဖျော့ အောက်မှာ မဲမဲသဏ္ဍာန် လူရိပ် သုံးလေးခုကို ကျနော်နဲ့ မလှမ်းမကမ်းမှာ တွေ့လိုက်ရပါတယ်။ သူတို့ အနားကို ရောက်တော့မှဘဲ ဆရာထူးလို နဲ့ အဖေါ်များ ဖြစ်ကြောင်း သိလိုက်ရပါတယ်။ သူတို့က သေနတ်သံမြည်တဲ့ ဘက်ကို အာရုံစိုက် နားထောင်ပြီး သုံးသပ် ပြောဆို နေကြပါတယ်။ သေနတ်သံတွေဟာ နိုဖိုး ဒုက္ခသည် စခန်းရဲ့ အနောက်ဖက် ယွန်းယွန်း ထိုင်း၊ ဗမာနယ်စပ် လောက်လို့ ထင်ရပါတယ်။ မိမိတို့ တပ်ဖွဲ့များနဲ့ ဗမာစစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်နေသလော စသဖြင့် သုံးသပ်ပြောဆိုနေကြပါတယ်။ ကျနော်လည်း သူတို့နဲ့အတူ နားထောင် သုံးသပ်ကြရင်း နဲ့ တစတစ မိုးစင်စင်လင်း သွားပါတော့တယ်။ အဖြေကိုတော့ ရေရေရာရာ မသိရသေးပါ။

မနက် (၈)နာရီ လောက်‌ရောက်တဲ့အခါ နိုဖိုး ဒုက္ခသည် စခန်းဥက္ကဌ မန်းသာထူးနဲ့ (ထိုင်းနိုင်ငံ) ကွီးတား ရွာက ဖူးချွေ (Assistant Headman)တို့အဖွဲ့ ကျနော့ဆီ ရောက်လာကြပါတယ်။ မန်းသာထူးက “ထိုင်းစစ်တပ်က စခန်း လူဝင်လူထွက်တွေ ပိတ်လိုက်ကြောင်းဖူးချွေ က “ဒီမနက်မိုးမလင်းခင် ထိုင်းစစ်တပ်က သေဖူးလော်ဆူး စခန်းဆီကို ပစ်ခတ်ပြီးလူထုကို နယ်စပ်ဆီ အတင်းအဓမ္မ မောင်းထုတ်သွားကြောင်းနဲ့ ဒီ မောင်းထုတ်ခံရတဲ့ လူထုကို စောင့် ရှောက်ဘို့ လိုအပ်ကြောင်း ပြောပါတယ်။ အခုမှဘဲ ကျနော်တို့ ကြားခဲ့တဲ့ သေနတ်သံတွေရဲ့ အခြေ အနေ အမှန်ကို သိလိုက်ရပါတော့တယ်။ ဖူးချွေ ဆက်ပြောပါသေးတယ်။ “စခန်း လူဝင်လူထွက်ကို ပိတ်ထားလိုက်ပေမဲ့ ထိုင်းနိုင်ငံသားတွေကိုတော့

ဝင်ထွက်ခွင့် ပြုထားကြောင်း နဲ့ ဒီမောင်းထုတ်ခံရတဲ့ လူထုတွေကို စောင့်ရှောက်ဖို့ အတွက် ကျနော်တို့ဆီက လူ(၂)ယောက် ထုတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီလူ (၂)ယောက်ကိုလည်း စခန်းအပြင်ကို တာဝန်ယူပြီး သူ ခေါ်ထုတ်ပေးမှာ ဖြစ်ကြောင်း”လည်း ပြောပါတယ်။ ဒါကြောင့် ကျနော်တို့တတွေ ချက်ချင်း တိုင်ပင်ကြပြီး စောမောထူး နဲ့ စောဖါးဂယ် တို့ နှစ်ယောက်ကို ရွေးထုတ်လိုက်ကြပါတယ်။

ဒီကာလမှာ ထိုင်းနိုင်ငံထဲက ကျေးရွာတွေဟာ တယ်လီဖုန်းများ တပ်ဆင်ထားတာကြောင့် ပဒိုမန်းငြိမ်းမောင်ရဲ့ ဖုန်းနံပါတ်ကို ကျနော်က စောမောထူးဆီ ပေးလိုက်ပြီး အပြင်ရောက်ရင် သူနဲ့ အဆက် အသွယ်လုပ်ဖို့ မှာကြားလိုက်ပါတယ်။ အဲဒီနောက် ဖူးချွေ က ကျနော်တို့ လူ(၂)ယောက်ကို ခေါ်ပြီး ထွက်သွားပါတော့တယ်။

တအောင့်အကြာမှာတော့ ABSDF က ကို‌ဇော်ဝင်းမောင် တို့ ကျနော်ဆီကို ရောက်လာကြပါတယ်။ သူတို့ဆီမှာ “မီဇူဟို” ဆက်သွယ်ရေးစက် ရှိကြောင်း နဲ့ လိုအပ်ပါက အသုံးပြုနိုင်ကြောင်း၊ သူတို့က ဇင်း မယ်မှာ ရှိတဲ့ သူတို့ လူတွေနဲ့ အဆက်အသွယ် ရှိကြောင်းလည်း ပြောပါတယ်။

အမှန်တကယ်‌တော့ ထိုင်းစစ်တပ်ဟာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို သတင်း အမှောင်ချဖို့ ရည်ရွယ်တာ ဖြစ်ပေမဲ့ ကျနော်တို့အတွက်တော့ အခွင့်အလန်းက ရှိနေပါသေးတယ်။ ကိုဇော်ဝင်းမောင် တို့ ပြန်သွားကြပြီးတဲ့နောက် ဒီကိစ္စတွေကို တိုင်ပင်ဖို့ အကြံဉာဏ် ပေးနိုင်မဲ့လူတွေကို ခေါ်စု လိုက်ကြပါတော့တယ်။

ဒီနေရာမှာ အကြောင်းအရာ ဆက်စပ်တာရှိလို့ ဖေါ်ပြလိုတာက ၁၉၉၇ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ KNLA တပ်မဟာ (၆)နယ်မြေကို ဗမာစစ်တပ်က အလုံး အရင်း နဲ့ ထိုးစစ်ဆင်လာပါတော့တယ်။ အဲဒီအချိန်မှာ သုမူဟဲ ခေါင်းဆောင်တဲ့ KNLA တပ်ရင်း (၁၆)နဲ့ KNU ကော့ကရိတ်မြို့နယ် အဖွဲ့တို့ဟာ ဗမာစစ်တပ်ဆီ လက်နက်ချအညံ့ခံသွားကြပါတယ်။ ဒါကြောင့် KNU ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိနေကြတဲ့ လူထုကြီးဟာ ဗမာစစ်တပ်ရဲ့လူသတ်၊ မုဒိမ်းကျင့်၊ ညှင်း ပမ်းနှိပ်စက်ခံရမဲ့ အန္တရာယ်တွေကို ကြောက်ရွံ့ စိုးရိမ်တာကြောင့် သူတို့ရဲ့ ကျေးရွာတွေကို စွန့်လွတ်ပြီး ထိုင်းနိုင်ငံဘက်ဆီ ကိုယ်လွတ်ရုန်း ထွက်ပြေးကြပါတော့တယ်။ ဒီလူထုကြီးဟာ ထိုင်းနိုင်ငံဖက် ရောက်တဲ့အခါ သစ်ပင်၊ ဝါးပင်တွေအောက်မှာ ဖြစ်သလို နေကြရပါတယ်။ တချို့ နေရာတွေမှာဆိုရင် ထိုင်းစစ်တပ်တွေနဲ့ တွေ့ဆုံရပြီး အခက်အခဲ ပေးတာတွေ ခံရတယ်လို့ သိရပါတယ်။ ဒီလို ဒုက္ခရောက်နေတဲ့ လူထုကြီးကို ကူညီဖို့ KNU, KRC (Karen Refugee Committee)နဲ့ NGOs အဖွဲ့ တချို့က အတတ်နိုင်ဆုံး ကြိုးစားကြပါတယ်။ ဒုက္ခ ရောက်နေတဲ့ လူထုကြီးဟာ သောင်းနဲ့ချီပြီးရှိပါတယ်။ ဒီလူထုကြီးဟာ ထိုင်းနိုင်ငံထဲ ရောက်နေကြပေမဲ့ ဗမာနယ်စပ်နဲ့လည်း သိပ်မဝေးလှတာကြောင့် ဗမာစစ် တပ် နဲ့ DKBA တို့ရဲ့ အန္တရာယ်တွေကိုလည်း စိုးရိမ် နေကြပါတယ်။ အကြောင်းက ဗမာစစ်တပ်နဲ့ DKBA တို့ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို ဝင်ရောက် ပစ်ခတ်၊ မီးရှို့တာတွေ လုပ်တတ်ကြတာကြောင့် ဖြစ်ပါတယ်။ တခါတရံမှာ ဗမာစစ်တပ်နဲ့ DKBA တွေ ထိုင်းနိုင်ငံဘက်ဆီ ကူးလာတယ်ဆိုတဲ့ ကောလဟာလသတင်းတွေ ဝင်လာတတ်တဲ့ အခါမျိုးမှာ လူထုကြီးဟာ ဂဏာမငြိမ်၊ ရုတ်ရုတ်သဲသဲဖြစ်တတ်တာကြောင့် တာဝန်ရှိသူများအနေနဲ့ ထိန်းရသိမ်းရ ခက်ခဲတဲ့အခါများနဲ့လည်း ကြုံရပါတယ်။ ဒီလိုနဲ့ တောထဲတောင်ထဲမှာ ရက်ကနေ၊ လအထိ ကြာလာတဲ့အခါမှာတော့ ဖျားနာသူများနဲ့ သေသူများလည်းရှိလာပါတယ်။ ရာသီဥတုကလည်း ကြမ်းပါတယ်။ နေ့အချိန်မှာ အတော်ပူပြီး ညအချိန်မှာ အတော်အေးပါတယ်။ တစတစနဲ့ မိုးရိပ်က ဆင်လာပေမဲ့ ထိုင်းစစ်တပ်ဟာ ဒီလူထုကြီးအတွက် နေရာအတည်တကျ သတ်မှတ်ပြီး နေထိုင်ခွင့်ပေးဖို့ သဘောထားရှိပုံ မပေါ်သေးပါဘူး။ နောက်ပိုင်းတော့ သတင်းမီဒီယာများ အပြင် တခြားသော ဖိအားပေးမှုတွေကြောင့် ထိုင်းစစ်တပ်ဟာ နိုဖိုးရွာနားမှာ နေရာသတ်မှတ်ပေးဖို့ သဘောတူပေမဲ့ သတ်မှတ်ပေးတဲ့ နေရာထဲ ဝင်ရောက်နေထိုင်ဖို့ကိုတော့ အကြောင်းအမျိုးမျိုးနဲ့ အချိန်ဆွဲနေသလို ဖြစ်နေပါတယ်။ ဧပြီလနှောင်းပိုင်းကို ရောက်တဲ့အခါ မိုးက သဲကြီးမဲကြီးနဲ့ ရွာချလာပါတော့တယ်။

ဒီတခါမှာတော့ လူထုကြီးဟာ ထိုင်းစစ်တပ်က ခွင့်ပြုချက်ပေးတဲ့အထိ မစောင့်တော့ဘဲသူတို့နဲ့ ပါလာတဲ့ ဓါး၊ ဒူရွင်းစတဲ့ ရသမျှပစ္စည်းကို အသုံးပြုပြီး သူတို့နေမဲ့ အိမ်ကို သူတို့ဖာသာ ဝင်ပြီး ဆောက်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ဘဲ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်အတွင်းမှာ လူဦးရေ သောင်းနဲ့ချီတဲ့ နိုဖိုး ကရင်ဒုက္ခသည် စခန်းဟာ အခက်အခဲတွေကြားကနေ ပေါ်ပေါက်လာပါတော့တယ်။

နဂိုကထဲကမှ ထိုင်းအာဏာပိုင်များဟာ ဒုက္ခသည်စခန်းထားရှိဖို့ ဆန္ဒမရှိခဲ့တာကြောင့်၊ နိုဖိုး ကရင်ဒုက္ခသည်စခန်း ဖြစ်ပေါ်လာတဲ့ အချိန်ကစပြီး လူထုများ မနေချင်အောင် နည်းအမျိုးမျိုးနဲ့ ပြုမူပါတော့တယ်။ တင်းကြပ်တဲ့ စည်းကမ်းတွေထုတ်ပြီး စခန်းအနီး ထင်း၊ ဟင်းသီးဟင်းရွက် ရှာသူများကို တွေ့ရှိပါက ဖမ်းဆီးကာ ထုရိုက်၊ ကန်ကျောက်တာတွေ ပြုလုပ်ပါတယ်။ ထိုင်းစစ်တပ်ဟာ သူတို့နေတဲ့ စခန်းကနေ နိုဖိုးစခန်း အပေါ် ကျော်ပြီးသေနတ်များ ပစ်ဖေါက်ပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်များလည်း ပါဝင်ပါတယ်။ နေ့ညမရွေးဘဲ ပစ်ဖေါက်ပါတယ်။ တခါက လက်နက်ကြီးကျည်တလုံးဟာ စခန်းထဲက စာသင်ကျောင်း အနီးမှာ ကျရောက်ခဲ့ပေမဲ့ ပေါက်ကွဲသွားတာ မရှိလို့ ကံကောင်းတယ်လို့ပြောရမှာ ဖြစ်ပါတယ်။

Noe Boe

တချို့က ကျနော့ဆီလာပြီး ပြန်တိုက်ဖို့ ပြောပါသေးတယ်။ ကျနော်က လူထုကြီးမှာ သက်ကြီး ရွယ်အိုများ၊ အမျိုးသမီးများ၊ ခလေးများ ရှိနေကြောင်း သီးခံကြဖို့ ဖျောင်းဖျပြောဆိုပါသေးတယ်။ ဒီလို သေနတ်တွေကို ပစ်ချင်တိုင်းပစ်တာရယ်၊ စည်း ကမ်းတင်းကြပ်တာတွေရယ်ကြောင့် လူထုကြီးက စိုးရိမ်နေကြပါတယ်။ ဒီကာလမှာ လူသိများတဲ့ ထိုင်းတပ်မှူးက “နရွန်ချိုင်း” ဆိုသူဖြစ်ပါတယ်။ ဒါတွေကတော့ နိုဖိုး ကရင်ဒုက္ခသည် စခန်းရဲ့ အစောပိုင်းအခြေအနေ အကျဉ်းချုပ်ဖြစ်ပါတယ်။

“သေဖူးလော်ဆူး” ကိစ္စဆီ ပြန်စကြပါစို့။ အထက်မှာဖေါ်ပြထားသလို ဗမာစစ်တပ်ရဲ့ထိုးစစ်ကြောင့် လူထုအများစုကြီးဟာ ထိုင်းနိုင်ငံထဲ ရောက်ကြပြီး နိုဖိုး ဒုက္ခသည်စခန်းမှာ နေထိုင်ခွင့်ရကြပေမဲ့ ဗမာပြည်ရဲ့ တောတောင်တွေကြားထဲမှာ အများအပြား ကျန်ရစ်နေပါတယ်။ သူတို့ဟာ ဗမာစစ်ကြောင်းကိုလည်း လှည့်ပတ် ရှောင်တိမ်း နေကြပါတယ်။ တချို့ရဲ့ အယူအဆကတော့ ဗမာစစ်တပ်တွေ မကြာခင် ပြန်ဆင်းသွားရင် သူတို့ရွာမှာ ပြန်နေဖို့ ဖြစ်ပါတယ်။ တချို့ကျတော့ တောတောင်တွေထဲမှာဘဲ နေထိုင် လုပ်ကိုင် စားသောက်ရင်း နေနိုင်မယ်လို့ ထင်ကြပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ ရိက္ခာ ကိစ္စ၊ ကျန်းမာရေး ကိစ္စများ ဝင်လာပါတယ်။ မကြာခင် မိုးရာသီလည်း ရောက်တော့မှာ ဖြစ်လို့ မလွဲသာ မရှောင်သာတော့ဘဲ ထိုင်းနိုင်ငံဖက်ဆီကို သွားရပါတယ်။ ထိုင်းနိုင်ငံထဲရောက်တဲ့အခါ ထိုင်းစစ်တပ်က နိုဖိုးဒုက္ခသည်စခန်းထဲ ဝင်ခွင့်မပြုတော့ပါဘူး။ နိုဖိုးဒုက္ခသည် စခန်းရဲ့ အနောက်ဖက် ယွန်းယွန်း (၆) ကီလိုမီတာ အကွာအဝေးခန့် ရှိတဲ့ “သေဖူးလော်ဆူး”လို့ ခေါ်တဲ့‌နေရာမှာဘဲ နေခွင့်ပြုလိုက်ပါတယ်။ ဆေးဝါး၊ ရိက္ခာ နဲ့ တခြား လိုအပ်ချက်များကိုတော့ နိုဖိုး ဒုက္ခသည်စခန်းက တဆင့် ထောက်ပံ့ ကူညီစေပါတယ်။ “သေဖူးလော်ဆူး”မှာ ရောက်ရှိနေတဲ့ လူထုဟာ လူဦးရေ ထောင်ဝန်းကျင်ရှိပါတယ်။

(ဆက်လက်ဖေါ်ပြပါမည်)

ဓါတ်ပုံ- နိုဖိုးရွာနှင့် နိုဖိုးဒုက္ခသည်စခန်း

Leave a comment

Welcome to the Official Karen Vibes Media Website! 

Karen Vibes Media is a premier ethnic digital media organization dedicated to the Karen people and those interested in Karen affairs. Founded on the principles of community empowerment and freedom of expression, we serve as a vital information bridge between the ground realities in Karen areas and the global Karen diaspora. Our content specializes in Karen languages, history, and the complex political landscape of Myanmar, providing a platform for voices that are often marginalized in mainstream media.

Let’s connect