ရဲဘော်ဇော်နောင်
အပိုင်း (၁)
၁၉၉၇ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့ (၄၉)နှစ်မြောက် ကရင်အမျိုးသားနေ့ ဂုဏ်ပြုအခန်းအနား ပြုလုပ်ဖို့ မန်းအောင်တင်မြင့် (ယာယီခရိုင်အတွင်းရေးမှူး)နဲ့ ကျနော်တို့တတွေ အဇင်းကျေးရွာ ဆရာလှမောင်အိမ်မှာ ပြင် ဆင်စီစဉ်နေတဲ့ အချိန်မှာဘဲ “ထီးဖိုးဃော” ရွာဘက်ကနေ လက်နက်ကြီးသံတွေကြားရပါတယ်။ ထီးဖိုးဃောရွာနဲ့ အဇင်းကျေးရွာရဲ့ အကွာအဝေးဟာ လမ်းလျှောက်သွားလျှင် (၂)နာရီနီးပါး ရှိသလို ကျနော်တို့အိမ်ရှိတဲ့နေရာနဲ့ ထီးဖိုးဃောရွာအကြားမှာလည်း လှည်းလမ်းနဲ့သွယ်တန်းထားတဲ့အပြင် အဲဒီလှည်းလမ်းဟာ တပ်မဟာရှေ့တန်းရုံး (အုံးခြံ)နဲ့လည်း တဆက်တစပ်တည်းရှိနေပါတယ်။ လှည်းလမ်းအတိုင်း ပုံမှန်လမ်းလျှောက်သွားပါက တနာရီကျော်ကျော် နှစ်နာရီလောက်သာကြာပါတယ်။ ဒါကြောင့် မန်းအောင်တင်မြင့်ကို ပြောပြီး ကျနော်နဲ့ ပဒိုလိလေး တို့ အိမ်ကိုပြန်လာကြပါတယ်။ အိမ်ကိုရောက်တဲ့အခါ တပ်မဟာရှေ့တန်းရုံးက ဗိုလ်ကျော်သု ဦးဆောင်တဲ့ တပ်ဖွဲ့တဖွဲ့ ကျနော်တို့အိမ်အနီးမှာ လာရောက်နေရာယူထားနေပါပြီ။ အကြောင်းက ကျနော်တို့အိမ်ဟာ ဟောင်သရောချောင်းနံဘေးမှာ တည်ရှိပြီး လှည်းလမ်းကူးတဲ့ နေရာလည်း ရှိနေလို့ပါ။ ကျနော်တို့လည်း မိသားစုများကို အမြန်ဆုံး ပြောင်းရွှေ့ဖို့ စီစဉ်လိုက်ကြပါတော့တယ်။ အိမ်မွေးတိရစ္ဆာန်များဖြစ်ကြတဲ့ ကြက်၊ ဘဲ၊ ဝက်တွေကိုတော့ ပြောင်းရွှေ့နိုင်ခြင်း မရှိတာကြောင့် ရဲဘော်တွေကို သတ်စားခွင့်ပြုလိုက်ပါတယ်။ အဲဒီနောက် ကျနော်နဲ့ ပဒိုလိလေးတို့ ဗိုလ်ကျော်သုအဖွဲ့နဲ့ ပူးပေါင်းလိုက်ကြပါတော့တယ်။
နောက်ကျမှ သိလိုက်ရတာက ကျနော်တို့ကြားလိုက်တဲ့ လက်နက်ကြီးသံဟာ ထီးဖိုးဃောရွာအနီး ဗိုလ်ကြီး အောင်ဘနဲ့ ဗမာစစ်တပ်တို့ ထိပ်တိုက်တိုးမိရာကနေ တိုက်ပွဲဖြစ်ပြီး၊ အဲဒီတိုက်ပွဲမှာဘဲ ဗိုလ်ကြီးအောင်ဘ ကျသွားပါတယ်။ ဗိုလ်ကြီးအောင်ဘဟာ တကိုယ်တော် ပျောက်ကြား ဖြစ်ပါတယ်။ အဲဒီကာလမှာ စစ်ရေးစီမံထားချက်အရ ခရိုင်အခြေခံဒေသရဲ့ စစ်စည်းဝိုင်းမှူးက ဗိုလ်မှူးလားကပေါ်ဖြစ်ပြီး ကျနော်တို့နေတဲ့ ဒေသရဲ့ ပျောက်ကြားစစ်ကွက်မှူးက ဗိုလ်ကြီးကျော်ဒင် (ဝလုံးတထောင်)ဖြစ်ပါတယ်။
ဗိုလ်ကြီးကျော်ဒင်က သူ့ရဲ့ပျောက်ကြားစစ်ကွက်ထဲက ပျောက်ကြားတပ်ဖွဲ့များကို ရန်သူလာနိုင်တဲ့လမ်းကြောင်းတွေမှာ ဖြန့်ကျက်ထားလိုက်ပါပြီ။ ဗိုလ်ကြီးအောင်ဘနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတော့ သေနတ်သံများ ရပ်စဲသွားပါတယ်။
တဖြေးဖြေးနဲ့ မိုးချုပ်စပြုလာပါပြီ။ သန်းခေါင်ယံရောက်တဲ့အထိ သေနတ်သံများ တိတ်ဆိတ်နေဆဲပါ။ ရန်သူ့ရဲ့ သတင်းကို ရထားပြီးဖြစ်တာကြောင့် ကျနော်တို့တတွေ ကိုယ့်နေရာကနေ ရန်သူကိုစောင့်ရင်း ဘယ်နေရာက နေ သေနတ်သံ စပေါက်မလဲဆိုတာ သတိထားနေရကြပါတယ်။ တဝက်နိုး တဝက်အိပ်စနစ်နဲ့ စောင့်ဆိုင်းနေရင်း သန်းခေါင်ယံ ကျော်ကျော်မှာတော့ တရေးကီ (ဟပ်စရေးကြီး)ရွာ ဘက်ကနေ သေနတ်သံကြားရပါတယ်။ ဒါပေမဲ့ သေနတ်သံဟာ ဘက်တဘက်ထဲကနေ ပစ်နေတာဖြစ်ပြီး မကြာခင်ရပ်သွားပါတယ်။ ကျနော်တို့အထင် ရန်သူဟာ ဟောင်သရောချောင်း(ကျရာကလိုး)ကို ဖြတ်ကူးခါနီး ပစ်ရှင်းတဲ့သဘော ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ တကယ်ဘဲ ချောင်းကို ဖြတ်ကူးလိုက်ပြီဆိုရင် နက်ဖြန်မနက် အဇင်းရွာမှာ တိုက်ပွဲဖြစ်ဖို့ အခြေအနေရှိပါတယ်။
မိုးစင်စင်လင်းသွားပါပြီ။ သေနတ်သံများတိတ်ဆိတ်နေဆဲဖြစ်တာကြောင့် ပဒိုလိလေးနဲ့အဖွဲ့ဟာ ခရိုင်ရုံးဘက်ကို ထွက်သွားကြပါတယ်။ သူထွက်သွားပြီးမကြာခင်မှာ တနေးဖျာရွာဘက်ကနေ သေနတ်သံများ စကြားရပြီး တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပါတော့တယ်။ ကျနော်တို့မျက်နှာမူတဲ့အရပ်ရဲ့တောင်ဘက် ထောဝါးလော်ရွာ၊ ကွီးခလယ်ရွာ၊ ဖိုးဆိမူရွာ၊ မဲ့တလဲရွာ၊ မဲ့သရောထာရွာတွေဘက်ဆီကို တိုက်ပွဲများပြန့်ထွက်သွားပြီး အဲဒီနောက် မိုင်းဘက်မှာလည်း တိုက်ပွဲများဆက်ဖြစ်သွားပါတယ်။ ကျနော်တို့ရဲ့မြောက်ဘက် မဲ့ကွီးနီရွာမှာလည်း တိုက်ပွဲများဖြစ်ပြီး အဇင်းရွာကိုတော့ ရန်သူက လက်နက်ကြီးနဲ့ လှမ်းပစ်တယ်လို့သိရပါတယ်။ ကျနော်တို့ရဲ့ အနောက်ဘက် ဖိုးဆိမူနဲ့ ကစယ်ဖိုးခလဲရွာအကြားရှိ တောင်ကျောတလျှောက်မှာလည်း လက်နက်ကြီးကျည်ကျကွဲသံတွေ ကြားနေရပါတယ်။ ရန်သူဟာ တဖြေးဖြေးနဲ့ ကျနော်တို့ကို ၀ိုင်းပတ်တော့မဲ့ အခြေအနေမျိုး ရှိလာတာကြောင့် ဗိုလ်ကြီးကျော်ဒင်ဟာ သူဖြန့်ကျက်ထားတဲ့ပျောက်ကြားတပ်ဖွဲ့များကို သူ့ဆီကို ပြန်စုဖို့ညွှန်ကြားလိုက်ပါတယ်။ ကျနော်တို့တပ်ဖွဲ့က တပ်မဟာရှေ့တန်းရုံးကို ရောက်တဲ့အခါ ပဒိုသောပွယ်တို့အဖွဲ့၊ ဗိုလ်ရွှေပြည်စိုး၊ ဗိုလ်ရှီးရှိုတို့အဖွဲ့နဲ့ ဆုံပါတယ်။ တပ်မဟာရှေ့တန်းရုံးကနေတဆင့် ဗိုလ်ကြီးကျော်ဒင်ရှိတဲ့ လာကိုးခီး (ပဒိုခလီ စေးကွမ်းသီးခြံ)ဆီကို သွားရမှာဖြစ်တာကြောင့် အဇင်းရွာအနားကို ဖြတ်သွားရပါလိမ့်မယ်။ အဇင်းရွာစပ်ကို ရောက်တဲ့အခါမှာ ကျနော်တို့ အနောက်ဘက်နဲ့ သိပ်မဝေးလှတဲ့အကွာအဝေးမှာ လက်နက်ကြီးကျည်ကျပြီး ပေါက်ကွဲသလို တပြိုင်တည်း ကျနော်တို့ရဲ့အရှေ့ဘက် အဇင်းရွာထဲမှာလည်း လက်နက်ငယ်သံတွေကြားရတာကြောင့် ရုတ်တရက်မို့ ခဏတန့်သွားကြပြီးနောက် ရှေ့ဆက်တိုးဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ဗိုလ်ကြီးကျော်ဒင်ဆီကို ရောက်သွားတဲ့အထိ ရန်သူနဲ့မတိုးမိပါဘူး။ ဗိုလ်ကြီးကျော်ဒင်ဆီမှာ အဇင်းရွာအတွင်း တာဝန်ကျတဲ့ ပဒိုဖါးကျဲတို့အဖွဲ့နဲ့လည်း ဆုံပါတယ်။ အစောပိုင်းက သေနတ်သံနဲ့ပတ်သက်ပြီး သူတို့ကိုမေးတဲ့အခါ သူတို့တပ်တွေ ရုတ်သိမ်းပြီးမှ ပစ်တဲ့သေနတ်သံလို့ပြောပါတယ်။ ရန်သူများ အဇင်းရွာထဲဝင်ခါနီး ပစ်ရှင်းတဲ့ သေနတ်သံလို့ ယူဆရပါတယ်။

မိုးချုပ်လာပြီဖြစ်လို့ ဗိုလ်ကြီးကျော်ဒင်က ရိက္ခာတွေဖြည့်ဖို့ ပြောပါတယ်။ ရိက္ခာဖြည့်ပြီးတဲ့နောက်မှာ ကျနော်တို့တတွေ ထီးမဲ့ဘောရွာဘက်ဆီကို ခရီးဆက်ထွက်ကြပါတယ်။ လမ်းခရီးလုံခြုံမှုရှိဖို့ ဗိုလ်ကြီးကျော်ဒင်က ဆေးလိပ်မသောက်ဖို့၊ အသံမဆူညံဖို့ သတိပေးပါတယ်။ ည (၁၀)နာရီကျော်ကျော်လောက်မှာ ထီးမဲ့ဘောရွာအနီးမှာ စခန်းချ ညအိပ်ကြပါတယ်။ သေနတ်သံများကတော့ ကြိုကြား ကြိုကြား ကြားနေရဆဲပါ။
မိုးလင်းလာတာနဲ့ သေနတ်သံများ ဆူညံလာပါတော့တယ်။ ကျနော်တို့လည်း ချက်ပြုတ်စားသောက်ပြီးနောက် မဲ့ကတီရွာဘက်ဆီကို ခရီးဆက်ကြပါတယ်။ မဲ့ကတီရွာကို ရောက်တဲ့အခါ တိုက်ပွဲကနေဆုတ်ခွာလာတာ ပူပူနွေးနွေးဘဲ ရှိသေးတဲ့ ဗိုလ်ရင်ကြည် (ABSDF)အဖွဲ့နဲ့ ဆုံတဲ့အပြင် ဗိုလ်ရန်နိုင်တို့ အဖွဲ့နဲ့လည်း ဆုံကြပါတယ်။ ဗိုလ်ရန်နိုင်ဆီမှာ (82)ကျည်ရှိတာကြောင့် ရန်သူရှိမဲ့နေရာကို မှန်းဆပြီး ပစ်လိုက်ပါသေးတယ်။ နေရာအနှံ့အပြားမှာတော့ တိုက်ပွဲများ ဆက်ဖြစ်နေဆဲပါ။ ညနေစောင်းလာပြီဖြစ်တာကြောင့် ညအိပ်ဖို့အတွက် ကားလမ်းအတိုင်း ရွှေညောင်ပင်အတက်လို့ လူသိများတဲ့နေရာအနီးမှာ စခန်းချ ညအိပ်လိုက်ကြပါတော့တယ်။ မအိပ်ခင် ရေဒီယို ဖွင့်နားထောင်လိုက်တဲ့အခါမှာ သုမူဟဲဦးဆောင်တဲ့ တပ်ရင်း (၁၆)အဖွဲ့နဲ့ ကော့ကရိတ်မြို့နယ်အဖွဲ့များ လက်နက်ချလိုက်ကြတဲ့ သတင်းကို ကြားလိုက်ရတဲ့အပြင် တရက်အတွင်း KNUနဲ့ တိုက်ပွဲပေါင်း (၇၀)ကျော် ဖြစ်ပွားခဲ့ကြောင်း ဗမာ့တပ်မတော်မှ သတင်းထုတ်ပြန်လိုက်တာကို ကြားလိုက်ရပါတယ်။
ဗမာစစ်တပ်များ ခရိုင်အခြေခံဒေသအတွင်း မြန်မြန်ဆန်ဆန် ဝင်ရောက်လာနိုင်ခဲ့တဲ့ အခြေအနေမှန်ကို အခုမှဘဲ ကောင်းကောင်း သဘောပေါက်လိုက်ရပါတယ်။ လွန်ခဲ့တဲ့ကာလများကဆိုရင် ခရိုင်အခြေခံဒေသအတွင်း ရန်သူတပ်များ မရောက်ခင် အနည်းဆုံး တပတ်လောက်ကြိုပြီး သတင်းရတာကြောင့် ပြင်ဆင်ချိန်နဲ့ ပြောင်းရွှေ့ချိန် ကောင်းကောင်းရခဲ့ပါတယ်။ အခုတော့ ကိုယ့်ဘက်ကလူတွေက သစ္စာဖေါက်သွားတာကြောင့် ကိုယ့်အနားမှာ သေနတ်သံကြားတော့မှဘဲ ရန်သူတပ်များရောက်နေကြောင်း သိလိုက်ရတာပါ။ ဒါကြောင့် ကျနော်တို့ဘက်က ဆုံးရှုံးမှု အင်မတန်ကြီးမားပါတယ်။ နှစ်ပေါင်းများစွာ စုဆောင်း သိုလှောင်ထားခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံတချို့ ရန်သူများရရှိသွားပါတယ်။ ဒါ့အပြင် ရန်သူမရရှိသေးတဲ့ လက်နက်ခဲယမ်းမီးကျောက် သို လှောင်ရုံများကိုလည်း ပြောင်းရွှေ့ဖို့ အချိန်မရတာကြောင့် မီးရှို့ဖေါက်ခွဲ ဖျက်ဆီးလိုက်ပါတယ်။ ဒါတင်မကသေးပါဘူး၊ တော်လှန်ရေးအခြေခံဒေသအတွင်း နေထိုင်ကြတဲ့လူထုများကလည်း ရန်သူနဲ့ အတွေ့မခံရဲတာကြောင့် ကိုယ်လွတ်ရုန်းထွက်ကြရတဲ့အတွက် ပစ္စည်းဥစ္စာ၊ အိမ်မွေးတိရစ္ဆာန် အများအပြား ကျန်ရစ်ခဲ့ပါတယ်။ သေမထူး၊ နေမထူးလို့ သဘောထားကြတဲ့ လူထုအနည်းငယ်သာ ကျေးရွာအတွင်း ကျန်ရစ်ခဲ့ပါတယ်။ ခရိုင်အခြေခံဒေသ ဘက်ဆီကို ဦးတည်လာကြတဲ့ ဗမာစစ်တပ်များကတော့ တပ်မ ၂၂၊ ၃၃၊ ၄၄ ဖြစ်ကြတယ်လို့ သိရပါတယ်။ တပ်မ (၃၃)စစ်ကြောင်းမှာ ဒူးပလာယာခရိုင် အတွင်းရေးမှူးဟောင်း ပဒိုငွေတင် လိုက်ပါလာတယ်လို့လည်း သိရပါတယ်။
ခရိုင်အခြေခံဒေသ တည်ဆောက်ပြီးတဲ့ နောက်ပိုင်း ခရိုင်အခြေခံဒေသအတွင်းပိုင်းကို ဝင်ရောက်လာခဲ့တဲ့ ဗမာစစ်တပ်များဟာ အထိနာပြီး ပြန်ဆုတ်သွားရတာချည်းဘဲရှိပါတယ်။ ဥပမာ ၁၉၈၆ ခုနှစ်၊ မိုးရာသီကာလမှာ ထိုးစစ်ဆင်လာတဲ့ ရန်သူ့စစ်ကြောင်းကို မိမိတို့တပ်မှ လိုက်လံတိုက်ခိုက်ရာ ဖါးကလောနီရွာအနီးမှာ မိမိတို့တပ်များက ရန်သူတပ်များကို ပိတ်ဆို့တိုက်ခိုက်လိုက်နိုင်တာကြောင့် ရန်သူများ အတုံးအရုံးကျဆုံးခဲ့ပြီး လေယာဉ် အကူအညီများကို မှာယူရတဲ့ အခြေအနေအထိဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ၁၉၉၁ နှစ်၊ အဇင်းတိုက်ပွဲမှာလည်း ရန်သူအလောင်းများ တရွာလုံးပြန့်ကျဲပြီး ကျန်ခဲ့တာကြောင့် အဇင်း ရွာသားများ အချိန်အတော်ကြာတဲ့အထိ ရွာထဲပြန်မနေရဲကြပါဘူး။ သခင်မရှိတဲ့ဝက်များလည်း ရန်သူအလောင်းကို စားပြီးနေကြရတာကြောင့် အဲဒီကာလမှာ အဇင်းရွာကဝက်ဆိုရင် အခြားသူများ ဝယ်ပြီး မစားရဲတဲ့ အထိဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ရွာသားများလည်း ဘုန်းကြီးများကို ပင့်ဖိတ်ကာ တရားစာများရွတ် ဖတ်ပြီးနောက်မှသာ ရွာထဲပြန်ပြီး ဝင်နေရဲကြတာတွေ စသဖြင့် လွန်ခဲ့တဲ့အဖြစ်အပျက်များကို ပြန်လည်စဉ်းစားတွေးတောရင်း မှေးကနဲ အိပ်ပျော်သွားပါတော့တယ်။ အသံများကြားလို့ အိပ်ယာက လန့်နိုးလိုက်တဲ့အချိန်မှာတော့ မိုးလင်းနေပြီဖြစ်သလို ရဲဘော်များလည်း ချက်ပြုတ်နေကြပါပြီ။
မနက်စာစားပြီးပြီးတဲ့နောက် ကျနော်တို့နေတဲ့တောင်ကုန်းပေါ်ကနေ လှမ်းပြီးကြည့်လိုက်တဲ့အခါ ရန်သူများက ကျနော်တို့နေတဲ့ ဘက်ဆီကို ဦးတည်ပြီးလာနေတာကို တွေ့လိုက်ရပါတယ်။ ကျနော်တို့မှာ RPG သီး (၃)လုံးပါ လာတာကြောင့် လှမ်းပစ်လိုက်တဲ့အခါ တလုံးမှ မပေါက်ကွဲဘဲ ဖြစ်နေပါတယ်။ သိပ်မကြာပါဘူး၊ ကျနော်တို့ရဲ့ ကင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ ရန်သူက အင်အားများတဲ့အတွက် မိမိတို့ရဲဘော်များဟာ ပစ်ခတ်ပေမဲ့လည်း ကာဘာမယူဘဲ အင်အားသုံးပြီး တက်လာတာကြောင့် ကျနော်တို့တတွေ နောက်ဆုတ်ပေးလိုက်ရပြီး နတ်စင်ကုန်းနားမှာ ဗုံးထောင်ထားခဲ့လိုက်ပြီးနောက် လမ်းနှစ်ကွေ့အလွန်လောက်မှာ ဗုံးပေါက်သံကြားပါတယ်။ ကျနော်တို့လည်း ကားလမ်းအတိုင်း ဆက်ပြီးသွားပါတယ်။ စခန်းသစ်ဘက်ကနေ သေနတ်သံများကြားရပြီး သေနတ်သံများဟာ တဖြေးဖြေးနဲ့ ကျနော်တို့ဘက်ဆီကို နီးလာပါတယ်။ ဒီအတိုင်းသာဆက်သွားရင် ရန်သူရဲ့ နှစ်ဘက်ညှပ်တိုက်တာကို ခံရနိုင်ဘွယ်ရှိတာကြောင့် ထိုကော့ကလိုးချောင်း အလွန်မှာ အရှေ့ဘက်တည့်တည့် ဆီကိုဖြတ်ပြီး ထွက်လိုက်ကြပါတော့တယ်။ အဲဒီနောက် တောတွင်းတနေရာမှာ စခန်းချ ညအိပ်လိုက်ကြပါတယ်။ သေနတ်သံများကတော့ ခပ်လှမ်းလှမ်းဆီကနေ ဟိုတချက်ဒီတချက် ကြားနေရဆဲပါ။ မိုးလင်းတဲ့အခါ ခရီးဆက်ထွက်ပါတယ်။ ရိက္ခာများလည်း လျော့နည်းလာနေပါပြီ။ ခရီးဆက်ထွက်ရင်း တောတွင်းတနေရာ အ ရောက်မှာ စခန်းသစ်ဘက်က ဆုတ်လာကြတဲ့ ဗိုလ်ကြီးဒိုစိုး(ဆရာဘရီး)အဖွဲ့၊ သဝခအဖွဲ့တို့နဲ့ ဆုံမိပါတယ်။ ထိုင်းနယ်စပ်ဘက်ဆီကိုလည်း ရောက်လာနေပြီဖြစ်တာကြောင့် ကျနော်တို့တတွေ လူစုခွဲလိုက်ကြပါတယ်။
အဲဒီနောက် ကျနော်လည်း ခရိုင်ဥက္ကဌကြီးနဲ့ ပြန်တွေ့ဖို့ စီစဉ်ရပါတယ်။ လမ်းတလျှောက်မှာ လူထုများနဲ့ အဖွဲ့ အစည်းဝင် မိသားစုများ သစ်ပင်အောက်၊ ၀ါးပင်အောက်မှာ ဟိုတစု၊ ဒီတစုနဲ့ နေကြရတာကို စိတ်မကောင်းစွာနဲ့ မြင်တွေ့ရပါတယ်။ ခရိုင်ဥက္ကဌကြီးဆီ ရောက်တဲ့အခါ ခရိုင်ကော်မတီတချို့ကိုလည်း တွေ့ရပါတယ်။ အဲဒီကာလမှာ ရန်သူဘက်က ၀ါဒဖြန့်ချိတဲ့စာတွေ ဖြန့်ဝေနေတာကြောင့် ခရိုင်ဥက္ကဌကြီးဟာ သူ့ဆီမှာရှိတဲ့ စာတရွက်ကို ကျနော့ကို ပေးလိုက်ပါတယ်။ စာထဲမှာ ခရိုင်ဥက္ကဌဖူးတာအယ် လက်နက်ချသွားပြီလို့ ရေးထားပါတယ်။ အလားတူဘဲ ခရိုင်ခေါင်းဆောင်တချို့ လက်နက်ချသွားပြီဆိုတဲ့ ၀ါဒဖြန့်ချိတဲ့စာတချို့လည်း တွေ့ရပါသေးတယ်။
အဲဒီနောက် ခရိုင်ဥက္ကဌကြီးဟာ ခရိုင်ကော်မတီများကို ခေါ်စုပြီး ကိုယ့်နယ်မြေအတွင်းကို ပြန်ပြီး ဝင်ရောက်ထိုး ဖေါက်ဖို့ ခရိုင်ကော်မတီများကို တာဝန်ခွဲပေးလိုက်ပါတယ်။ မန်းအောင်တင်မြင့်နဲ့ ဆရာထူးလိုတို့ကို ဝင်းရေးမြို့ နယ်၊ ပဒိုလိလေးနဲ့ ဆရာအယ်ကလူရွှေဦးတို့ကို ကြာအင်းမြို့နယ်၊ ပဒိုရွှေလင်းနဲ့ ပဒိုမော်တော်တို့ကိုတော့ ကော့ ကရိတ်မြို့နယ်၊ ပဒိုထီစိုးကော်နဲ့ ကျနော့ကို ခရိုင်အခြေခံဒေသ စသဖြင့် တာဝန်ခွဲပေးလိုက်ပါတယ်။
အဲဒီကာလမှာ ရှုပ်ထွေးမှုတွေ အတော်ရှိပါတယ်။ ရန်သူတပ်များကလည်း နေရာအနှ့ံအပြား ဖြန့်ကျက်လှုပ်ရှား နေသလို မိမိတို့အဖွဲ့ဝင်တချို့လည်း လက်နက်ချအညံ့ခံတာတွေ ရှိနေပါတယ်။ ရှုပ်ထွေးနေတဲ့ အခြေအနေတွေ ကို အခွင့်ကောင်းယူပြီး လူသတ်မှု၊ ဓါးပြမှု၊ ခိုးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ အတွင်းပိုင်းမှာကျန်ခဲ့တဲ့ မိမိိတို့ တပ်ဖွဲ့တွေလည်း လျှိုပြီးနေကြရတဲ့ အခြေအနေဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို လူထုအများစုကြီးက နယ် စပ်ဘက်ကို ထွက်ပြေးသွားတာကြောင့် ကျန်ရစ်ခဲ့တဲ့ လူထုအနည်းစုထဲမှာလည်း ရန်သူကို ကြောက်နေရတာ ရှိသလို၊ တချို့က KNU ထက်များ သာလေမလားလို့တွေးပြီး နေကြတာတွေရှိတဲ့အပြင် တချို့ကျတော့လည်း KNU ဟာ ပြန်လမ်းမရှိတော့ဘူးလို့ ယူဆနေကြတာတွေ ရှိနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။ တလလောက် အကြာမှာတော့ ခရိုင်ကော်မတီများဟာ အတွင်းပိုင်းက မိမိတို့လူတွေနဲ့ အဆက်အသွယ်မရကြတာကြောင့် ခရိုင်ဥက္ကဌဆီပြန်လာပြီး သတင်းပို့ကြပါတယ်။ ပြန်လာကြတဲ့အထဲမှာ မန်းအောင်တင်မြင့် တဦးသာပါမလာ တော့ဘဲ DKBA နဲ့ ပူးပေါင်းသွားပါတယ်။
ကျနော်တာဝန်ကျတဲ့နယ်မြေမှာတော့ စောကွထူးဦးဆောင်တဲ့ ပျောက်ကြားတဖွဲ့ကို ဖွဲ့စည်းပြီး နယ်မြေအခြေအ နေကို လေ့လာစေပါတယ်။ လူထုတချို့က သူတို့အခက်အခဲဖြစ်မှာကို စိုးရိမ်ကြတာကြောင့် မိမိတို့အဖွဲ့ ပြန်ဆင်း သွားတာကို မနှစ်မျို့ကြပါဘူး။ တချို့ကတော့ အကူအညီပေးပါတယ်။ ဗမာစစ်တပ်နဲ့ သူတို့ရဲ့ပေါ်တာများ၊ ကျန် ရစ်ခဲ့တဲ့လူထုတချို့အတွက်တော့ ပဒေသာပင်ဆိုက်တဲ့ အဖြစ်မျိုးနဲ့ ကြုံကြရပါတယ်။ အကြောင်းကတော့ ကျန် ရစ်ခဲ့တဲ့ လူထုများရဲ့ ပစ္စည်းများဖြစ်ကြတဲ့ အိုးခွက်ပုဂံ၊ TV၊ မီးစက်၊ ဆန်စပါး စတဲ့ပစ္စည်းများအပြင် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲ စတဲ့ အိမ်မွေးတိရစ္ဆာန်များကို စိိတ်တိုင်းကျ ရရှိသွားကြလို့ပါဘဲ။
၁၉၉၇ မိုးရာသီကိုရောက်လာတဲ့အခါ ဗိုလ်မှူးဂျိုးဆွာနဲ့အဖွဲ့က ခရိုင်ဥက္ကဌကြီးနဲ့လာရောက်တွေ့ဆုံပါတယ်။ ခရိုင် ဥက္ကဌကြီးက အခြေအနေများကို မေးမြန်းပြီးတဲ့နောက်မှာ ခရိုင်ခေါင်းဆောင်များနဲ့ တပ်မဟာခေါင်းဆောင်များ ကိုခေါ်စုလိုက်ပြီး မိမိနယ်မြေအတွင်း ပြန်လည်ထိုးဖေါက်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ဦး ဆောင်ကော်မတီတရပ်ကို ဖွဲ့စည်းလိုက်ပါတယ်။ အဲဒီကော်မတီမှာ ဥက္ကဌက ခရိုင်ဥက္ကဌဖူးတာအယ်၊ ဒုဥက္ကဌ ဗိုလ်ချုပ်မူတူး စေးဖိုး၊ အတွင်းရေးမှူး ပဒိုလိလေး၊ တွဲဘက်အတွင်းရေးမှူးက ကျနော်ဖြစ်ပြီး အဖွဲ့ဝင်များကတော့ ခရိုင်နဲ့ တပ်မဟာခေါင်းဆောင်များဖြစ်ကြပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နယ်တို့အတွက် နိုင်ငံရေးအရဦးဆောင်ဖို့ ပဒိုလိလေးကို တာဝန်ပေးပြီး၊ စစ်ရေးအရဦးဆောင်ဖို့ ဗိုလ်မှူးကြည်လင်းနဲ့ ဗိုလ်မှူးကြည်ဝင်းကို တာဝန်ပေးလိုက်ပါတယ်။ ဝင်းရေးမြို့နယ်နဲ့ ကြာအင်းမြို့နယ်အတွက် နိုင်ငံရေးအရဦးဆောင်ဖို့ ကျနော့ကိုတာဝန်ပေးပြီး စစ်ရေးအရဦးဆောင်ဖို့ ဗိုလ်မှူး ဂျိုးဆွာနဲ့ ဗိုလ်မှူးတင်လှိုင်တို့ကို တာဝန်ပေးလိုက်ပါတယ်။ ဒါ့အပြင် KNLA စစ်ဌာနချုပ်က ဗိုလ်ချုပ်ကြီး တာမ လာဘောကလည်း မဟာမိတ်တပ်ဖွဲ့များကို ကျနော်တို့နဲ့အတူလိုက်ပါပြီး DAB စစ်ကြောင်းအနေနဲ့ လှုပ်ရှားဖို့ ခရိုင်ဥက္ကဌကြီးကနေတဆင့် အကြောင်းကြားပါတယ်။ ကျနော်နဲ့အတူလိုက်ပါမဲ့ မဟာမိတ်အဖွဲ့ဝင်များကတော့ ကိုဇော်လွင်စိုး (ကိုပိန်)ဦးဆောင်တဲ့ ABSDF အဖွဲ့၊ ကိုအောင်ကျော်စိုးဦးဆောင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီ၊ ကိုစိုးဟန်ဦးဆောင်တဲ့ NLD-LA၊ ကိုမောင်မောင်ငြိမ်းဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဦး (PDF)၊ ဦးစတားမွတ်ဦးဆောင်တဲ့ ကော်သူးလေမွတ်ဆလင်တပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(PLF)မှ ရဲ ဘော်ဇော်မင်းတို့ဖြစ်ကြပါတယ်။ ကိုစိုးဟန်တို့အဖွဲ့နဲ့ ကိုမောင်မောင်ငြိမ်းတို့အဖွဲ့က ဘုရားသုံးဆူဘက်ကနေတ ဆင့် ဆင်းလာကြမှာဖြစ်ပြီး ဗိုလ်မှူးတင်လှိုင်ရှိတဲ့နေရာမှာ ဆုံကြမှာဖြစ်ပါတယ်။ ဆရာကျော်ကြီး (လက်ရှိ USA)၊ ဆရာတင်ဝင်း (ကွယ်လွန်သြစတြေးလျ)တို့က ကျနော်နဲ့အတူလိုက်ပါကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျ နော်တို့လည်း လိုအပ်တဲ့ပြင်ဆင်မှုများကို ပြုလုပ်ကြရပါတော့တယ်။
(ဆက်လက်ဖေါ်ပြပါမည်)






Leave a comment