(ကရင့်သမိုင်းသုတေသနအဖွဲ့)
အပိုင်း (၁)
ကျောင်းသားဘ၀
ဆရာကြီးစကောလယ်တော၏ ဇာတိကျေးရွာမှာ တောင်ငူခရိုင် ကျောက်ဖျာရွာဖြစ်သည်။ ကျောက်ဖျာရွာသည် တောင်ငူနှင့် မိုင် (၄၀)မျှကွာဝေးသော တောင်ပေါ်ရွာတရွာဖြစ်သည်။ သူ့ဖခင်မှာ ကျေးရွာသူကြီးတဦးဖြစ်သည်။ အင်္ဂလိပ်ခေတ် သူကြီးဖြစ်၍ ဩဇာအာဏာအရှိန်အဝါ အတော်ရှိလေသည်။ မိဘများမှာ အစဉ်အလာအားဖြင့် တောင်ယာလုပ်ကိုင်စားသောက်လာကြသူများ ဖြစ်ကြသည်။ ကျေးရွာသူကြီးတဦး၏ အိမ်ထောင်စုပင်ဖြစ်သော်လည်း ချို့ချို့တဲ့တဲ့ နေထိုင်ခဲ့ကြရသည်။
ဆရာကြီးစကောလယ်တော၏ ငယ်နာမည်မှာ စောထောယေ ဖြစ်သည်။ (၆)နှစ်သားအရွယ်တွင် ကျောက်ဖျာရွာရှိ မူလတန်းကျောင်းတွင် စတင်၍ ကျောင်းတက်သည်။ ကရင်အမျိုးသားကျောင်းဖြစ်၍ ကရင်စာပေကို အဓိကထားသင်သည်။
စာသင်နှစ်ကုန်ခါနီး နေ့တနေ့တွင် ပညာအုပ်တဦးက ထိုဒေသရှိ ကျောင်းများကို လိုက်လံစစ်ဆေးရာတွင် ကျောက်ဖျာရွာသို့လည်း ဝင်ရောက်ခဲ့လေသည်။ ပညာအုပ်ဖြစ်၍ ရပ်ရွာလူကြီးများက မြင်းများဖြင့် တခမ်းတနား လိုက်လံပို့ဆောင်ကြသည်။ ဟင်းပေါင်းစုံဖြင့်လည်း ဧည့်ခံကျွေးမွေးကြသည်။ လူတိုင်း ဂရုတစိုက် ဧည့်ခံကျွေးမွေးသည်ကို ကလေးအရွယ်သာရှိသော “စောထောယေ”သည် အလွန်အားကျမိသည်။ ထို့ကြောင့် ရွာသားတဦးကို ချည်းကပ်ပြီး ဤကဲ့သို့ ဧည့်ခံကျွေးမွေးခံရသူမှာ ဘယ်နှစ်တန်းအောင်သလဲဟု မေးမြန်းခဲ့သည်။ ထိုလူကြီးက ဘီအေအောင်တယ်လို့ ပြောပြသောအခါ အရွယ်သေးသော “စောထောယေ”သည် သူလည်း တနေ့တွင် ဘီအေ အောင်ရမည်ဟု စိတ်ဆုံးဖြတ်ခဲ့လေသည်။ ငယ်ရွယ်သူပီပီ အရာရာကို အားကျတတ်သည်မှာ ကလေးများ၏ သဘာ၀စိတ်ဖြစ်သည်။ ကလေးသဘာ၀တွင် မေ့လွယ်ပျောက်လွယ်တတ်သော်လည်း “စောထောယေ”ကမူ စွဲစွဲမြဲမြဲပင် ရှိနေခဲ့ပေသည်။
ကျောက်ဖျာ မူလတန်းကျောင်းတွင် မူလတန်းအောင်ပြီးနောက် အင်္ဂလိပ်စာ သင်ကြားသော ကျောင်းသို့ ပြောင်းရွှေ့ရမည်ဖြစ်ရာ “စောထောယေ”၏ မိသားစုမှ ငွေကြေးချို့တဲ့သဖြင့် သူ့ကို အင်္ဂလိပ်ကျောင်းသို့ ပို့နိုင်စွမ်းမရှိခဲ့ကြပေ။ သို့သော် ဦးလေးတဦး၏ စီစဉ်ပေးချက်အရ ရွှေကျင်မြို့တွင် အလယ်တန်းပညာ ဆက်လက်သင်ကြားခွင့်ရခဲ့လေသည်။ ရွှေကျင်မြို့မှာပင် (၇)တန်း စာမေးပွဲကိုအောင်မြင်ခဲ့၍ “စောထောယေ”သည် အထက်တန်းကျောင်းသို့ ဆက်တက်ရမည်ဖြစ်သည်။ သူ့အား ကူညီခဲ့သော ဦးလေးမှာ ကွယ်လွန်သွားပြီဖြစ်သဖြင့် ရှေ့ဆက်ပညာသင်ကြားရေးအတွက် အခက်ကြုံရပြန်သည်။ ပညာရေးတပိုင်းတစဖြင့် ကျောင်းမထွက်လို၊ သူ့သံဓိဌာန်ကို မဖျက်နိုင်။ ဤသို့အခက်ကြုံနေခိုက် ကံအားလျော်စွာပင် သူ၏ဝမ်းကွဲ အကိုတော်သူ တဦးက ထောက်မ ကူညီသဖြင့် (၈)တန်းကို တက်ရောက်ဖြေဆိုအောင်မြင်ခဲ့သည်။ “စောထောယေ” (၈) တန်း အောင်မြင်သော နှစ်သည် (၁၉၃၀)ခုနှစ်ဖြစ်သည်။ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဆိုက်ရောက်ခဲ့ပြီး ပြည်တွင်းတွင် တောင်သူလယ်သမား အရေးတော်ပုံကဲ့သို့သော ကိုလိုနီအုပ်ချုပ်ရေး ဆန့်ကျင်သည့် တိုက်ပွဲများ ပြင်းထန်လာသောအချိန်လည်းဖြစ်သည်။ ပြည်သူတိုင်း အခက်ကြုံတွေ့နေကြရသည်။ “စောထောယေ”၏ အကိုဝမ်းကွဲသည်လည်း အများနည်းတူ ဆင်းရဲခြင်းကပ်ကို ကြုံတွေ့နေရသဖြင့် သူ၏ပညာရေးကို ဆက်လက်ကူညီရန် လုံး၀မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် “စောထောယေ”မှာ ဇာတိရွာသို့ ပြန်လည်ပြီး နေထိုင်ခဲ့ရလေသည်။
တနေ့တွင် ကျောက်ဖျာရွာမှ မိုင် (၄၀)ခန့်ဝေးသော တောင်ငူမြို့သို့ “စောထောယေ”တယောက် တကိုယ်တည်း ခြေလျင်ခရီးထွက်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ပညာသင်ကြားရန်သာဖြစ်သည်။ သို့သော် မည်သည့်နည်းဖြင့် ပညာသင်ကြားရမည်ကိုကား သူမသိသေးပေ။
သူ့တွင် ကျောင်းစရိတ်အတွက် ငွေတပြားမှမပါခဲ့ပေ။ သူသည် ကျောင်းအုပ်ဆရာကြီးထံသွားပြီး ကျောင်းနေခွင့် တောင်းခံခဲ့သည်။ သူကံကောင်းသည်မှာ ထိုစဉ်က တောင်ငူ အတက်တန်းကျောင်းတွင် စိုက်ပျိုးရေးလုပ်ငန်းများ စတင်ဖွင့်လှစ်သည့်နှစ်ဖြစ်သည်။ ကျောင်းလခအတွက် စိုက်ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင်ခြင်းဖြင့် ကျောင်းလခ ပေးသွင်းရန် ကျောင်းအုပ်ဆရာကြီးနှင့် အပေးအယူတည့်ခဲ့သည်။
ထိုအချိန်က ကျောင်းစိုက်ပျိုးရေးတွင် ပါဝင်လုပ်ကိုင်ကြသော ကျောင်းသား (၂၀)ခန့်ရှိသည်။ ထိုကျောင်းသား အားလုံးထဲတွင် “စောထောယေ”သည် အများတကာထက် လုံ့လဝိရိယအကောင်းဆုံးနှင့် အတက်ကြွဆုံး လုပ်ကိုင်ခဲ့သည်။ သူ၏ ဝိရိယရှိမှုကြောင့် တနေ့လျှင် တမူး၊ တမတ်မှ တခါတရံ ငါးမူးအထိ ဝင်ငွေရသောနေ့လည်းရှိခဲ့သည်။
ဤဝင်ငွေဖြင့် ကျောင်းလခများကို ပေးသွင်းခဲ့သည်။ ဝက်ငယ်များကို မွေး၍ ဝင်ငွေရှာလိုက်သေးသည်။ စိုက်ပျိုးရေးလုပ်ငန်းပြီးလျှင် ဆရာ၊ ဆရာမ အိမ်သို့ သွားရောက်ပြီး ကူညီလုပ်ကိုင်ပေးခဲ့သေးသည်။ အိမ်ပတ်ဝန်းကျင် သန့်ရှင်းပေးခြင်း၊ အိမ်သာကျင်းတူးခြင်း စသည့် တောက်တိုမယ်ရ အလုပ်များကိုလည်း မပျင်းမရိ လိုက်လံဆောင်ရွက်ပေးတတ်သည်။ ထို့ကြောင့် ဆရာ၊ ဆရာမများက သူ့ကို ခင်တွယ်ပြီး အစားအသောက်များ ပေးကမ်းကြသည်။ “စောထောယေ”၏ အထက်တန်းကျောင်းသားဘ၀သည် လူအများ၏ ခင်မင်မှုကို ခံခဲ့ရသော ဘ၀ဖြစ်သည်။
ဤသို့ဖြင့် (၁၀)တန်း စာမေးပွဲကို အောင်ခဲ့သည်။ (၁၀)တန်း အောင်မြင်ပြီးဖြစ်၍ တက္ကသိုလ်ဆက်တက်ရမည်သာဖြစ်သည်။ သို့သော် တက္ကသိုလ်ကျောင်းဖွင့်ခါနီး အချိန်အထိ သူ့ကို ကူညီမည့်သူ တဦးမျှမတွေ့သေးပေ။ သူသည် နေ့စဉ်ဆုတောင်ပြီး ကူညီမည့်သူကို မျှော်လင့်တမ်းတနေမိသည်။ ဘီအေ အောင်ရမည် ဟူသော ရည်မှန်းချက်ကလည်း သူ့တွင် ခိုင်ခိုင်မာမာ ရှိနေလျှက်ပင်ဖြစ်သည်။
ကျောင်းဖွင့်ရန် ရက်အနည်းငယ် အလိုတွင် သူစုဆောင်းထားသော ငွေ (၇)ကျပ်နှင့် (၃)မူးကို ယူပြီး အိမ်က စထွက်ခဲ့လေသည်။ သူ့ကို ကူညီခဲ့သော အကိုဝမ်းကွဲထံသို့ ချည်းကပ်ပြီး အကူအညီတောင်းရာ ငွေ (၂၀)ကျပ်ကူညီခဲ့သည်။ ထိုငွေ (၂၇)ကျပ် (၃)မူးနှင့်ပင် ရန်ကုန်သို့ မီးရထားဖြင့် စတင်ထွက်ခဲ့သည်။ တောင်ငူနှင့် ရန်ကုန် မီးရထားခမှာ (၃)ကျပ်တမတ် ဖြစ်ပြီး ရန်ကုန် ဘူတာကြီးမှ တက္ကသိုလ်ကျောင်းသို့ အငှားကားခမှာ (၁)ကျပ်၊ ထမင်းစားပြီးနောက် အခြား တိုလီမိုလီများဝယ်ရာတွင် လက်ထဲတွင် ငွေ (၁၀)ကျပ်တိတိသာကျန်တော့သည်။
ပညာရေးအတွက် “စောထောယေ”၏ ပထမဆုံးလှုပ်ရှားမှုမှာ တက္ကသိုလ်ကျောင်းအုပ်ကြီး၏ ရုံးခန်းသို့ တည့်တည့်မတ်မတ်သွားပြီး သူ၏အခြေအနေနှင့် အခက်အခဲကို တင်ပြခြင်းပင်ဖြစ်သည်။ ကျောင်းစရိတ်အတွက် အလုပ်တခုစီစဉ်ပေးရန် တောင်းပန်ပြောဆိုခဲ့သည်။ ကျောင်းအုပ်ကြီးကလည်း စေတနာအပြည့်ဖြင့် တက္ကသိုလ်ဆိုသည်မှာ စာကို အမြောက်အများဖတ်ရကြောင်း၊ ကျောင်းတဖက် အလုပ်တဖက်ဖြင့် စာမေးပွဲအောင်ရန် လွယ်ကူမည်မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းပြောပြခဲ့သည်။ “စောထောယေ”ကလည်း ကိစ္စမရှိကြောင်း၊ စာကျက်မှတ်ရန်မှာ မိမိတာဝန်သာဖြစ်ကြောင်း၊ မိမိကြိုးစားနိုင်ကြောင်း ပြန်လည်ပြောကြားရာ ကျောင်းအုပ်ဆရာကြီးကလည်း သူ့ကို သနားသဖြင့် ထမင်းရုံတွင် အလုပ်တခုပေးခဲ့သည်။ ထိုအလုပ်မှ ရသော အခကြေးငွေဖြင့် ကျောင်းစရိတ်ကိုပေးခဲ့သည်။ သို့သော် ထိုငွေမှ ကျောင်းစရိတ်အတွက် မလုံမ လောက်ဖြစ်နေပြန်သည်။ ထို့ကြောင့် ကျောင်းအုပ်ဆရာကြီးထံသို့ တဖန်ချည်းကပ်ပြီး တခြားအလုပ်တခု ထပ်မံစီစဉ်ပေးရန် တောင်းဆိုရာ ကျောင်းစာကြည့်တိုက်တွင် အလုပ်အခု ထပ်မံစီစဉ်ပေးခဲ့ပြန်သည်။ ထိုအလုပ်မှာ တနှစ်လုံးအတွက် (၁၀၀)ကျပ်သာ ရခဲ့သည်။ ကျောင်းလခအဖြစ် တဝက်သာ ပေးသွင်းရသည်။ သို့သော်လည်း လုံလောက်သည့် အဆင့်သို့ မရောက်ခဲ့ပြန်ပေ။
ထိုမလောက်မငှပြဿနာကို ဖြေရှင်းရန်အတွက် အခြားအချိန်ပိုင်းအလုပ်များကို ရှာဖွေကြည့်ပြန်သည်။ ထိုအချိန်ကာလတွင် ဂျက်ဆင်ကောလိပ်တွင် ကျေးလက်တောရွာ ပြုပြင်ရေးအဖွဲ့များ ဖွဲ့စည်းလာသော ကာလဖြစ်သည်။ ထိုအဖွဲ့များသည် ကျောင်းအားရက်များတွင် ဒညင်းကုန်း၊ လှော်ကား၊ မှော်ဘီ၊ ဝါးနက်ချောင်းနှင့် ရန်ကုန်တဖက်ကမ်း တွံတေး၊ နတ်စင်ကုန်း စသည်တို့သို့ သွားရောက်ပြီး ကျေးရွာများကို အကူအညီအမျိုးမျိုးပေးခဲ့ကြသည်။ ရွာသန့်ရှင်းရေး၊ အိမ်သာဆောက်၊ ရေးတွင်းတူး စသည်များကို ကျေးရွာများအား ကူညီ ရာတွင် ကျေးရွာအသီးသီးကလည်း အပြန်အလှန် ငွေကြေးအကူအညီများ ပေးခဲ့ကြသည်။ “စောထောယေ” သည် ထိုအဖွဲ့ထဲတွင် ဝင်ရောက်လုပ်ကိုင်သောကြောင့် စရိတ်စက အချို့ရခဲ့သည်။

ဤသို့ချို့ချို့တဲ့တဲ့ဖြင့် တက္ကသိုလ်ပညာကို သင်ကြားရာ ပထမနှစ်ကို အလွယ်တကူပင် အောင်မြင်ခဲ့သည်။ တနေ့တွင် ခရစ်စမတ်ကျောင်းပိတ်၍ ရွာသို့ပြန်ခဲ့ရာ ရန်ကုန်အပြန်ခရီးအတွက် ခရီးစရိတ်ကို မိဘများက မပေးနိုင်ဘဲရှိနေသည်။ သူ့မှာလည်း ငွေ (၅)မတ်သာကျန်တော့သည်။ ရန်ကုန်အရောက်ဆိုလျှင် ငွေ (၅)ကျပ်တိတိ လိုနေသည်။ မည်သူ့ထံမှလည်း မျှော်လင့်၍မရနိုင်၊ သို့သော် ဘီအေ အောင်ရမည်ဟူသော မူလရည်ရွယ်ချက်ကြီးကား အပျက်မခံနိုင်၊ ငွေ (၅)မတ်နှင့်ပင် အိမ်မှ ထွက်ခဲ့လေသည်။
“စောထောယေ”သည် လမ်းခရီးတွင် မောပန်းသဖြင့် ကျောက်တုံးတတုံးပေါ် ထိုင်၍ ရပ်နားနေရင်း ချွေးများ နှင့်အတူ မျက်ရည်များလည်း စီးထွက်ရင်း သူ့ဘ၀ကို သူ စဉ်းစားကြည့်မိသည်။ အချို့သူများမှာ တက္ကသိုလ်ကျောင်းတက်ရာတွင် ကားစီး၍လာကြသည်။ ဝတ်ကောင်းစားလှများလည်း ဝတ်ဆင်နိုင်ကြသည်။ ကျောင်းလခလည်း ပူပင်စရာမလိုခဲ့ပေ။
ငွေကို လိုအပ်သလို သုံးစွဲနိုင်ခဲ့ကြသည်။ မိမိမှာမူ အဝတ်အစား ကောင်းကောင်းဝတ်ပြီး ငွေရေး ကြေးရေး ဖေါဖေါသီသီ သုံးနိုင်ဘို့အပထား၊ ကျောင်းသွားဘို့ကိုပင် ခရီးစရိတ်မရှိခဲ့ပေ။ ကျောင်းဆက်လက်တက်နိုင်မည့် အလားလားမှ ရှိပါ့မလား စသည်ဖြင့် အမျိုးမျိုးစဉ်းစားရင်း စိတ်ရှုပ်ထွေးခဲ့ရသည်။
သို့သော် နောက်ဆုံး တက္ကသိုလ် အောင်ရမည်ဟူသော မူလ သံဓိဌာန်ဖြင့် လက်တွင်ရှိသော ငွေ (၅)မတ်နှင့်ပင် လမ်းလျှောက်ရန် ဆုံးဖြတ်ခဲ့သည်။ (၄)ရက်ခန့်လျှောက်လျှင် ရန်ကုန်ကျောင်းသို့ ရောက်မည်ဟု သူခန့်မှန်းသည်။ ဤသို့ဖြင့် ခြေလျင်ခရီးကို သူစထွက်ခဲ့သည်။ ထိုနေ့မှာပင် ရွာတရွာသို့ ရောက်ခဲ့သည်။ ထိုရွာရှိ အဖွားတော်သူထံတွင် ဝင်ရောက်တည်းခိုခဲ့သည်။
အဖွားသည် သူ့မြေးကိုကြည့်ပြီး သနားမိသော်လည်း သူ့အခြေအနေသည် မြေးတော်သူအား မကူညီနိုင်ခဲ့ပေ။ သို့သော် သူ့အိမ်တွင် တည်းခိုနေသော ရှမ်းတယောက်ကို အဖြစ်မှန်ပြောပြပြီး အကူအညီတောင်းခဲ့လေသည်။ သူ၏မြေးသည် ပညာသင်ကြားရန် ဆန္ဒပြင်းပြသူဖြစ်သည်။ စာလည်း အတော်အတန်ရသည်။ သို့သော်ဆင်းရဲသဖြင့် ကျောင်းစရိတ်မရှိ၊ ကိုယ်တိုင်ရှာဖွေရင်း ကျောင်းတက်ရကြောင်းပြောပြသည်။ ရှမ်းအဖိုးကြီးလည်း “စောထောယေ”ကိုကြည့်ရင်း သနားသဖြင့် ငွေ (၅)ကျပ်ထုတ်ပေးခဲ့သည်။ ဤငွေဖြင့် ရန်ကုန်တက္ကသိုလ်ကျောင်းသို့ ပြန်လည်ရောက်ရှိပြီး ထိုနှစ်မှာပင် ဒုတိယနှစ်ကို နှစ်ချင်းအောင်မြင်ခဲ့လေသည်။
“စောထောယေ”သည် ဆက်လက်ပြီး တက္ကသိုလ်ပညာကို (၄)နှစ်လုံးလုံး အလုပ်လုပ်ရင်း ကြိုးပမ်းသင်ကြားခဲ့ရာ နောက်ဆုံးတွင် ဘီအေဘွဲ့ကို ဆွတ်ခူးရရှိခဲ့လေသည်။ သူ၏ အဓိဌာန်လည်းပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။
ကျောင်းဆရာဘ၀
++++++++++++++
ဘီအေ အောင်ပြီးနောက် ရန်ကုန်ရှိ (ABM. Press)American Baptist Mission Press တွင် အလုပ်ဝင်လုပ်ခဲ့သည်။ ABM. Press သည် ထိုအချိန်က အကြီးဆုံး ပုံနှိပ်စက်တခုဖြစ်ပြီး Morning Star သတင်းစာကို ကရင်လို ထုတ်ဝေဖြန့်ချီလျှက်ရှိသော သတင်းစာတစောင်ဖြစ်သည်။ ထိုသတင်းစာတွင် တွဲဘက်အယ်ဒီတာအဖြစ် “စောထောယေ”တာဝန်ယူရသည်။ ABM. Press တွင် အလုပ်လုပ်နေစဉ် သာယာ၀တီ ABM အထက်တန်း ကျောင်းအုပ်ဆရာကြီး ဂျိမ်းတာပ က သူ၏ ကျောင်းတွင် အထက်တန်းပြဆရာလိုသဖြင့် လာရောက်ခေါ်သည်။ “စောထောယေ”ကလည်း သူ၏ ပုံနှိပ်စက် မန်နေဂျာဖြစ်သူ မစ္စတာစမစ်နှင့် သူ ဆွေးနွေးမည်ဖြစ်ကြောင်း၊ အကယ်၍ မစ္စတာစမစ်ခွင့်ပြုပါက သွားရောက်ကူညီမည်ဟု ဂတိပေးလေသည်။ မစ္စတာစမစ်သည် “စောထောယေ”အား ခွင့်ပြုချင်ပုံမရပေ။ မောနင်းစတား သတင်းစာမှာ မြန်မာပြည်တွင် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော တခုတည်းသော သတင်းစာဖြစ်သည်။ ၁၉၄၁ ခုနှစ်မှာပင် စတင်ထုတ်ဝေခဲ့ပြီး ဆက်လက်တည်တံ့ခိုင်မြဲနိုင်ဘို့ရန်မှာလည်း ပညာရှင်အများအပြား လိုအပ်နေသေးကြောင်း သူ့ကို ရှင်းပြခဲ့သည်။ “စောထောယေ”လည်း ဆရာကြီးဂျိမ်းတာပနှင့် မစ္စတာစမစ်တို့ တွေ့ဆုံညှိနှိုင်းပြီးမှ မစ္စတာစမစ် သွားခွင့်ပြုမှ သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထိုစဉ်က သာယာ၀တီ ABM အထက်တန်းကျောင်းသည်လည်း နှစ်ခြင်းသာသနာအဖွဲ့ကြီး၏ အုပ်ချုပ်မှုအောက်တွင်ရှိရာ ကျောင်း၏ လိုအပ်ချက်နှင့်ပတ်သက်၍ ABM Press ကပါ တာဝန်ရှိသည်ဖြစ်ရာ အမှန်တကယ်လိုအပ်ပါက မစ္စတာစမစ်အနေဖြင့် မလွဲမရှောင်ခွင့်ပြုရမည်သာဖြစ်သည်။ ဆရာဂျိမ်းကလည်း အမှန်တကယ် လိုအပ်သဖြင့် “စောထောယေ”ကို လာရောက် ဖိတ်ခေါ်ရခြင်းဖြစ်သည်။
ဤသို့ဖြင့် “စောထောယေ”သည် သာယာ၀တီ ABM အထက်တန်းကျောင်း၏ အထက်တန်းပြကျောင်းဆရာ Senior Master တယောက်ဖြစ်ခဲ့ရလေသည်။ ကျောင်းဆရာလုပ်ရင်း ကရင်လူများ၏ ပညာရေးကို တဖြည်းဖြည်း စိတ်ဝင်စားလာမိသည်။ ပညာရေးကဏ္ဍတွင် တသက်တာဆောင်ရွက်သွားရန်လည်း ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် B.Ed.(Bachelor of Education) ကိုတက်ရောက်သင်ကြားရန် အစမ်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြန်သည်။ အစမ်းစာမေးပွဲအောင်ပြီး B.Ed. သင်တန်းကို တက်ရောက်သင်ကြားခဲ့ရာ အောင်မြင်ခဲ့သည်။ ထို့နောက် ယခင် သာယာ၀တီ ABM အထက်တန်းကျောင်းတွင်ပင် ကျောင်းအုပ်ဆရာအဖြစ် ပြန်လည်အမှုထမ်းလေသည်။ ကျောင်းအုပ်ဆရာအဖြစ် တနှစ်ပြီးသောအခါ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ပြီး ဂျပန်ဝင်လာရာ မိမိဇာတိရွာတွင် ပြန်လည်နေထိုင်ခဲ့ရလေသည်။
ဂျပန်ဆန့်ကျင်တော်လှန်ရေးသမားဘ၀
++++++++++++++++++++++++++++
ဂျပန်ခေတ်တွင် ကျောက်ဖျာတွင် ပြန်လည်နေထိုင်သည်ဟု ဆိုသော်လည်း ဂျပန်ဆန့်ကျင်ရေးကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးတွင် တပ်ခွဲမှူးအဖြစ် တိုက်ခိုက်ရေးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်မှာ နေခဲ့စဉ်က တက္ကသိုလ်အရံတပ်ရင်းတွင် ပါဝင်ခဲ့သဖြင့် စစ်ပညာကို အတော်အတန် လေ့လာသင်ကြားခဲ့ရသော အကျိုးပင်ဖြစ်သည်။
“ဆရာထောယေ”၏ တပ်ဖွဲ့သည် ဖို့စ် (၁၃၆)၏ လက်အောက်ခံ ပြောက်ကျား တပ်ဖွဲ့ဖြစ်သည်။ “ပင့်ကူ ပြောက်ကျား”တပ်ဖွဲ့ (Spider Guerilla Force)ဟုခေါ်သည်။ ပင့်ကူပြောက်ကျားတပ်ဖွဲ့ကို စတင် အုတ်မြစ် ချခဲ့သူမှာ “မေဂျာစီဂရင်း” ဖြစ်သည်။ “စီးဂရင်း”သည် ၁၉၃၉ ခုနှစ် ဗြိတိသျှတပ်ဖွဲ့များ အိန္ဒိယသို့ ဆုတ် ခွာခဲ့ကြရာတွင် လိုက်ပါမသွားဘဲ ဖာပွန်သို့ တိတ်တဆိတ် ပြောင်းရွှေ့ခဲ့ပြီး ဂျပန်ဆန့်ကျင်ရေး မြေအောက်လှုပ်ရှားမှုအတွက် ထိုဒေသရှိ ကရင်အမျိုးသားများကို စည်းရုံးသိမ်းသွင်းခဲ့သည်။
နောက်ပိုင်း ဖို့စ် နှင့် အဆက်အသွယ်ရပြီး လေထီးသမားများ ဆင်းသက်ကာ ပြောက်ကျားအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ မေဂျာစီးဂရင်းမှာ မြေအောက်လှုပ်ရှားမှုကို ဆောင်ရွက်ဆဲတွင် ဂျပန်များဖမ်းမိပြီး သေဒဏ်ပေးခြင်းကို ခံခဲ့ရလေသည်။ ၎င်းနှင့်အတူ ကရင်အမျိုးသား အချို့လည်း ပါဝင်ခဲ့သည်။ ဖို့စ် (၁၃၆)၏ လက်အောက်ခံ ပြောက်ကျားအဖွဲ့များသည် ပဲခူးရိုးမတွင်လည်း ဖွဲ့စည်းခဲ့ကြသည်။ ဗမာပြည်ကွန်မြူနစ်ပါတီက ရိက္ခာများကို စီစဉ်ဆောင်ရွက်ပေးသည်။ ဆရာကြီး “ထောယေ”သည် ကျောင်းဆရာဘ၀မှ တိုက်ခိုက်ရေးသမား၊ ပြောက်ကျားဗိုလ်ဘ၀ဖြင့် မုန်းမြို့နယ်၊ မုန်းချောင်းနှင့် ထန်းတပင်တဝိုက်တွင် ပါဝင်လှုပ်ရှားခဲ့ရသည်။ ထိုဒေသတ ဝိုက်ကို တာဝန်ယူရသော အင်္ဂလိပ်တပ်မှူး၏ အမည်မှာ ကပ္ပတိန်ဟော့စ်မန်ဖြစ်သည်။ ဗိုလ်”ထောယေ”မှာ သူ့လက်အောက်တွင် ဒု-ခွဲမှူးတာဝန်ယူရသည်။ ကပ္ပတိန်ဟော့စ်မန်နှင့် ဗိုလ်”ထောယေ”တို့၏ တပ်ဖွဲ့များသည် စစ်တောင်းမြစ်ကိုဖြတ်ကျော်လာသော ဂျပန်များကို ရင်ဆိုင်တိုက်ခိုက်ရန် တာဝန်ယူရသည်။ ထိုဒေသတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့သည်။ ဗိုလ်ထောယေ ဦးဆောင်သောတပ်ဖွဲ့သည် မိုင်းဗုံးစစ်ဆင်ရေးနှင့် ခြုံခိုတိုက်ခိုက်ရသော ရွေ့လျားတပ်ဖွဲ့ဖြစ်ပြီး အင်အား (၅၀)ခန့်ရှိသည်။ အင်အား (၂၀၀)ခန့်ရှိသော ဂျပန်တပ် များကို သုတ်သင်နိုင်ခဲ့သည်ဟု ဗိုလ်ထောယေကိုယ်တိုင် ဝန်ခံလေသည်။
ဒုတိယကမ္ဘာစစ်ပြီး “ကျောင်းအုပ်ဘ၀”
++++++++++++++++++++++++++++
ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက် သာယာ၀တီ (ABM) အထက်တန်းကျောင်း ကျောင်းကော်မတီက ဆရာထောယေကို ကျောင်းအုပ်အဖြစ် တဖန်ပြန်လည်လုပ်ကိုင်ဖို့ ဖိတ်ခေါ်ပြန်ရာ ယခင်ကလည်း ပညာရေးတွင် ဝါသနာထုံခဲ့သည့်အလျောက် ပြန်လည်လက်ခံခဲ့သည်။ ဤတကြိမ်တွင် ကျောင်းအုပ်အဖြစ် ပြန်လည်လုပ်ကိုင်ရာတွင် သူ့တွင် အကြပ်အတည်းပေါင်းစုံနှင့် ရင်ဆိုင်ခဲ့ရသည်။ ကျောင်းတွင် ဘဏ္ဍာငွေ လုံး၀မရှိ။ ဒုတိယကမ္ဘာစစ်မတိုင်မီက အစိုးရထောက်ပံ့ကြေး တနှစ်လျှင် (၂)သောင်း ရရှိခဲ့သည်။ ယခုတော့ ထိုထောက်ပံ့ ကြေးများကို ရပ်ဆိုင်းထားခဲ့ပြီးဖြစ်သည်။ ကျောင်းဆရာလည်း တယောက်မျှမရှိ။ သို့သော် ယခင်ကတည်းက အလုပ်တခုကိုလုပ်ရန် ဆုံးဖြတ်ချက်ချပြီးလျှင် ဖြစ်မြောက်အောင်မြင်အောင် လုပ်တတ်သော အလေ့အထရှိသဖြင့် မလျှော့တမ်းကြိုးပမ်းခဲ့လေသည်။ ကျောင်းစဖွင့်သော ရက်ပိုင်းကာလတွင် သန့်ရှင်းရေးလုပ်မည့်သူပင် မရှိရာ ကျောင်းအုပ်ကြီးကိုယ်တိုင် သန့်ရှင်းရေးလုပ်ရသည်။ ဆရာမလုံလောက်မှုကြောင့် တနှစ်လုံးပင် မနားမနေ အားလပ်ချိန်မရှိ စာသင်ခဲ့ရလေသည်။
ငွေကြေးအထောက်အပံ့မရတော့၍ ကိုယ်ထူ ကိုယ်ထစနစ်ဖြင့်သာ လုပ်ဆောင်ရမည်ဖြစ်ရာ ကျောင်း အုပ်ချုပ်ရေးစည်းကမ်းနှင့် အောင်နှုန်းကောင်းအောင် ကြိုးပမ်းရမည်ဖြစ်သည်။ အောင်ချက်ကောင်းလျှင် ကျောင်းသားဦးရေများလာမည်။ ကျောင်းသားဦးရေများလာလျှင် ကျောင်းဝင်ငွေလည်း တိုးလာမည်ဖြစ်ပြီး ဆရာ/ဆရာမတို့၏ လစာနှုန်းနှင့် ကျောင်းကိစ္စများကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်သည်။ ကြိုးပမ်းချက်အတိုင်းပင် ပထမနှစ်တွင် အောင်ချက်ကောင်းခဲ့သည်။ အထက်တန်း ကျောင်းထွက် လက်မှတ်ရ (SLC) စာမေးပွဲတွင် ၈၀ ရာခိုင်နှုန်းအောင်မြင်ပြီး တက္ကသိုလ်ဝင်တန်း ၆၀ ရာခိုင်နှုန်း အောင်မြင်လေသည်။
ကျောင်းစည်းကမ်းလည်းကောင်းသဖြင့် ကျောင်းသားဦးရေများလာသည်။ ထို့ကြောင့် ကျောင်းဆရာ/ဆရာမများကိုလည်း လစာကောင်းကောင်း စီစဉ်ပေးနိုင်ခဲ့သည်။ နယ်ကျောင်းသားများလည်း (ABM) ကျောင်းတွင် လာရောက်ပညာသင်ခဲ့ရာ ကျောင်းအုပ်ချုပ်ရေးကော်မတီက ဘော်ဒါဆောင်ထားရန် ဆုံးဖြတ်သည့်အပြင် ကျောင်းသားတယောက် တနှစ် (၆၀)ကျပ်ဖြင့် လက်ခံမည်ဖြစ်သည်။ ကုန်စျေးနှုန်းများ ကြီးမြင့်လာသဖြင့် (၆၀)ကျပ်မှာ လုံလောက်မည်မဟုတ်ပေ။ ယခင်က (၂၅)ကျပ်နှင့်ပင် လက်ခံနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေ အကောင်အထည်ဖေါ်ရမည်ဖြစ်ရာ ဆရာကြီး ထောယေကိုယ်တိုင် ဘော်ဒါဆောင်ကိစ္စ ငွေကြေးလုံလောက်နိုင်ရေးအတွက် ကျောင်းစိုက်ပျိုးရေး စီမံကိန်းကို အကောင်အထည်ဖေါ်ခဲ့ရသည်။ ကိုယ်တိုင်နွားချေးထမ်းတဲ့အခါလည်းရှိသည်။ လှည်းရသည့်အခါ လှည်းနှင့်သယ်ဆောင်ရသည်။ ကျောင်းဆင်းသည့်အခါ ပေါက်တူးတလက်ဖြင့် ခါးတောင်းမြှောင်အောင်ကြိုက်ပြီး စိုက်ပျိုးခင်းထဲတွင်သာ နေကုန်သည်အထိ အလုပ်လုပ်နေလေသည်။ ပထမနှစ် ဘော်ဒါဆောင်တွင် ကျောင်းသား (၇၀)ရှိရာ အသီးအနှံများကို လုံလုံလောက်လောက်စားရသည့်အပြင် နှစ်ကုန်တွင် အမြတ်ငွေ (၂၁၃၀)ကျပ် ကျန်ခဲ့လေသည်။ ဆရာကြီး၏ ကြိုးပမ်းချက်ကြောင့် ဒုတိယနှစ်တွင် ဘော်ဒါဆောင်ကျောင်းသားများသည် ထမင်းဟင်းကောင်းကောင်း စားလာနိုင်ကြသည့်အပြင် ကျောင်းသားအများအပြားပင် စိုက်ပျိုးရေးပညာတတ်မြောက်လာကြသည်။ ကျောင်းစရိတ်မတတ်နိုင်သော ကျောင်းသားများသည်ပင် စိုက်ပျိုးရေးလုပ်ပြီးဝင်ငွေရှာရာမှ စရိတ်စကများ ရလာကြသည်။ ဆရာကြီးသည် သူအထက်တန်း ကျောင်းသားဘ၀က ကျောင်းစရိတ်ရှာခဲ့သည့် နမူနာအတိုင်း အစီအစဉ်များ ချမှတ်ပေးခဲ့သည်။
၁၉၄၉ ခုနှစ် ကရင့်လက်နက်ကိုင်တော်လှန်ရေးကြီး စတင်ခဲ့သည်အထိ ဆရာကြီးထောယေသည် ကျောင်းအုပ်ဆရာကြီးဘ၀ဖြင့် ကျောင်းရံပုံငွေ (၁၂၀၀၀)ကျပ်(တသောင်းနှစ်ထောင်)တိတိ စုဆောင်းနိုင်ခဲ့သည်။ ရံပုံငွေ စုဆောင်းရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းကြီးကို အဆင့်အတန်း တိုးမြှင့်နိုင်ရန်ဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး စခဲ့သည်တွင် ဆရာကြီးသည် အဆိုပါရံပုံငွေများကို ကျောင်းကော်မတီသို့ အပ်နှံခဲ့လေသည်။
ဆရာကြီးထောယေ၏ကရင်အမျိုးသားတော်လှန်ရေးလှုပ်ရှားမှု
++++++++++++++++++++++++++++
၁၉၄၇ ခုနှစ် (KNU) ကရင်အမျိုးသားအစည်းအရုံးနှင့် (KNDO) များကို တနိုင်ငံလုံး ဖွဲ့စည်းခဲ့ရာ သာယာ၀တီမြို့တွင်လည်း (KNU) အစည်းအရုံးနှင့် (KNDO) အဖွဲ့များရှိသည်။ ဆရာကြီးထောယေမှာ ကျောင်းအုပ်အဖြစ် သာယာ၀တီတွင် ဆက်လက်နေထိုင်ဆဲကာလဖြစ်သည်။ (KNU) အစည်းအရုံး ဗဟိုကော်မတီတွင် ပါဝင်သော ဗိုလ်ချုပ်စိုင်းကေမှာ သူနှင့် ကျောင်းနေဖက်ဖြစ်သည်။ အချို့သော ဗဟိုခေါင်းဆောင်များသည် တတန်းတည်းသားများဖြစ်ကြသည်။ ကျောင်းကိစ္စရှိ၍ ရန်ကုန်သို့ဆင်းသွားရသော အခေါက်တိုင်း ၎င်းတို့နှင့် နိုင်ငံရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်တွင် ဆရာကြီးထောယေ၏ မိတ်ဆွေများသည် သူ့အား အမျိုးသားနိုင်ငံရေးလောကသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ကြသည်။ ဆရာကြီးကမူ ပညာရေးကို ပိုမိုစိတ်ဝင်စား၍ ကျောင်းအုပ်တာဝန်ကိုလည်း လက်မလွှတ်နိုင်။ အစားထိုးရမည့် သူလည်းမရှိသေး။ ထို့ကြောင့် မိတ်ဆွေများက သူ့ကို အချိန်ပိုင်းသာ လုပ်ဆောင်ရန် အကြံပြုဖိတ်ခေါ်ပြန်သည်။ ဤသို့ဖြင့် သာယာ၀တီခရိုင် (KNU) အစည်းအရုံးတွင် သူဝင်ရောက်ခဲ့သည်။ ဤသို့ပါဝင်ခဲ့ရာမှ သူ့အမည်ကို “စကော”ဘွဲ့တတ်ကာ “စကောလယ်တော”ဟု ပြောင်းလဲခဲ့လေသည်။ “စကော”ဆိုသည်မှာ အကြီးအကဲကို ဆိုလိုသည်။ ဗမာ့လွတ်လပ်ရေးလှုပ်ရှားမှုတွင် နိုင်ငံရေးသမားများကို သခင် တပ်ခေါ်သကဲ့သို့ ကရင်ခေါင်းဆောင်များသည်လည်း မိမိတို့၏ အမည်များကို စကောတပ်ပြီး ခေါ်ကြသော ကာလဖြစ်သည်။ ထိုစဉ်က ဗိုလ်ချုပ်စိုင်းကေမှာ (စကောသဝါး)၊ မန်းဘဇန်မှာ (စကောတူရယ်)၊ စောမောင်မောင်သန်းမှာ (စကောမောလေး) စသည်ဖြင့် အသီးသီး စကောတပ်၍ အမျိုးသားအမည်များ ခံယူကြလေသည်။ စကောထောယေ (စကောလယ်တော)သည် သာယာ၀တီခရိုင် (KNU) နှင့် (KNDO) လှုပ်ရှားမှုများကို အချိန်ပိုင်းအနေနှင့် ကူညီနေသော်လည်း လက်နက်ကိုင်တော်လှန်ရေးတွင် ကိုယ်ထိလက်ရောက်ပါဝင်ရေး၊ မပါဝင်ရေးကိုမူ ယတိပြတ်ဆုံးဖြတ်နိုင်ခဲ့ခြင်း မရှိသေးချေ။ အမျိုးသားပညာရေး သံယောဇဉ်ကြိုးကိုလည်း ဖြတ်တောက်နိုင်ခြင်း မရှိသေးချေ။
ထိုကာလတွင် (KNU) ၏ ကရင်ပြည်တောင်းဆိုမှုတိုက်ပွဲသည် အရှိန်မြင့်တက်သည်ထက် မြင့်တက်လာသည်။ အနုနည်းဖြင့် တောင်းဆိုခဲ့သည်မှာ အချည်းနှီးဖြစ်လာသည်။ ထို့ကြောင့် (KNDO) များသည် ရရာ လက်နက်များစုဆောင်းကာ လျှို့ဝှက်ထားကြသည်။ ဤသည်ကို ဖဆပလ က ရိပ်မိပြီး သာယာ၀တီခရိုင်ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ရာ ဆရာစကောလယ်တောသည်လည်း အဖမ်းခံခဲ့ရသည်။ လက်နက်ပုန်းများကိုကား မမိချေ။ သာယာ၀တီအရေးပိုင်က သူ့ကို အာမခံ၍ ချမ်းသာရာရသွားသည်။
ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေး မစမီ သာယာ၀တီတွင် ဗိုလ်ချင်း၊ ဗိုလ်စိန်မှန်တို့ ဖွဲ့ထားသော တပ်များနှင့် ပြည်ထောင်စုစစ်ရဲတပ်ဖွဲ့များသည် သာယာ၀တီတဝိုက် ဓါးပြတိုက်ကြသည်။ နေ့လည်ဘက်တွင် အလည်အပတ်သဘောမျိုးဖြင့် အိမ်များသို့ လည်ပတ်ပြီး ညဘက်တွင် ဓါးပြဝင်တိုက်လေသည်။ ထိုဓါးပြများသည် ဆရာစကောလယ်တော၏ ခေါင်းကို ခြေထောက်နှင့် ကန်ကြသည်။ ထိုသို့ ခံရသည့်တိုင် ဒေါသမဖြစ်ခဲ့။ နောက်ပိုင်းတွင် ဓါးပြများသည် တဆင့်ထက်တဆင့် တိုးလာသည်။ (ABM) ကျောင်းကို ဝိုင်းကာ သူ၏ကျောင်းသူ (၂)ယောက်ကို အကြမ်းဖက်ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ခဲ့ကြလေသည်။ ဆရာကြီးစကောလယ်တောမှာ ထိုကိစ္စအတွက် အလွန်ပင်စိတ်ထိခိုက်ခဲ့သည်။ မိမိသည် အေးချမ်းစွာ နေထိုင်ပေါင်းသင်းလိုသည်။ သို့သော် အခြေအနေကား မပေးအပ်ခဲ့။ မတရားမှုကို ခုခံ တော်လှန်ရမည်ဟု စိတ်ကူးပေါက်လာသည်။
ဤသည်မှာ သူ့အား လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိစေခဲ့သည့် အစဦးဆုံး စိတ်ကူးဖြစ်လေသည်။ ထိုစိတ်ကူးမှနေ၍ သူ့တွင် အတွေးအခေါ်တခုပေါ်ပေါက်လာသည်။ ကရင်လူမျိုးကို သူအလွန်ချစ်ခင်သည်။ မိမိ၏ကရင်လူမျိုး တိုးတက်ကြီးပွားသည်ကို မြင်တွေ့လိုသည်။ ကရင်ကို အမှန်တကယ်ချစ်လျှင် ကရင်တို့ကို ဖိနှိပ်ညှင်းဆဲသောရန်သူအား ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်ရမည်ဟု တွေးခေါ်သည်။ သို့မှသာ မျိုးချစ်ပီသမည်။ ဤသို့ဖြင့် ဆရာကြီးစကောလယ်တောသည် ရဲရင့်သော အဘိဓမ္မာကိုထူထောင်ပြီး လက်နက်ကိုင်တော်လှန်ရေးတွင် ကိုယ်ထိလက်ရောက်ပါဝင်ရန် ဆုံးဖြတ်ချက်ချခဲ့လေသည်။
တော်လှန်ရေးပထမလမ်းစဉ်နှင့်ဆရာကြီးစကောလယ်တော
+++++++++++++++++++++++++++++++++++
ဆရာစကောလယ်တော အခြေခံသော သာယာ၀တီခရိုင်သည် ကရင်အမျိုးသား ထူထပ်စွာနေထိုင်သော ခရိုင်တခုဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး စတင်တော့မည်ဖြစ်၍ ဆရာစကောလယ်တောသည် သာယာ၀တီတောင်ပိုင်းတွင် ဖွဲ့စည်းထားသော (KNDO) များရှိရာ ကုမ္မနဲ ဘက်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ထိုဒေသတွင် (KNDO) တပ်ခွဲတခွဲ ဖွဲ့စည်းထားသည်။ ထိုတပ်ခွဲတွင် ဆရာကြီးစကောလယ်တောအား ဒု-တပ်ခွဲမှူးအဖြစ် တာဝန်ပေးခဲ့သည်။ နောက်ပိုင်း တပ်ခွဲမှူးအဖြစ် တာဝန်ပေးသည်။ ဒေသတခွင်တွင် ဖဆပလ တပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော အကြိမ်မှာ သိပ်မရှိလှပေ။ ထိုဒေသရှိ အလံနီပါတီ၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့ရဲဘော်များစုပေါင်းပြီး အခြေခံဒေသနယ်မြေဖြစ်သည်။ ကွန်မြူနစ်ပါတီအရေအတွက်မှာ သိပ်မများလှပေ။ အဖျောက်၊ ဇကာကြီး၊ ရေလဲတို့တွင် ပြည်သူ့ရဲဘော် အများအပြားရှိသည်။ ပထမတွင် (KNDO) နှင့် အပြည့်အ၀ နားလည်မှုရှိကြသည်။ နောက်ပိုင်းတွင် (KNDO) ကို ဆန့်ကျင်တိုက်ခိုက်လာသဖြင့် အချင်းချင်းတိုက်ပွဲများ ဖြစ်ပွားရသည်။ ဆရာစကောလယ်တောသည် ထို (KNDO) တပ်ခွဲနှင့်အတူ သူကိုယ်တိုင် ပါဝင်တိုက်ခိုက်ခဲ့လေသည်။ မြစ်ကျိုး၊ အဖျောက်၊ ရေလဲ၊ ဇကာကြီးတဝိုက်တွင် ဖဆပလ ကို ဆန့်ကျင်သည့် အင်အားစုများ အချင်းချင်း တိုက်ခိုက်နေသော ကာလဖြစ်သည်။ နောက်ပိုင်းတွင် ဒေသတွင်း အုပ်ချုပ်ရေးများ ချမှတ်ကြသည်။ စစ်အုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အပြီး ဗြိတိသျှအစိုးရက ဗမာပြည်ကို ဒုတိယအကြိမ် ပြန်လည်ဝင်ရောက်လာစဉ် ချမှတ်ခဲ့သော အုပ်ချုပ်ရေးစနစ်မျိုးဖြစ်သည်။ ဆရာစကောလယ်တောမှာ ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရပြန်လေသည်။ {SCAO (Senior Civil Affair Of Officer)}ဖြစ်လေသည်။ မြို့ပြအုပ်ချုပ်ရေးအရာရှိဖြစ်သည်။ မကြာမီပင် သာယာ၀တီခရိုင် (KNU) ကို ပြန်လည်ဖွဲ့စည်းသဖြင့် အစည်းအရုံးတွင် တာဝန်ယူရပြန်သည်။ နောက်ဆုံး ဖဆပလ က ရန်ကုန်၊ အင်းစိန်မှ တောင်ငူအထိ ပြန်လည် သိမ်းပိုက်လိုက်သောအခါ တောင်ငူဌာနချုပ်မှ တောတွင်းသို့ ဝင်ရောက်ခဲ့ကြလေသည်။
လက်နက်ကိုင်တော်လှန်ရေး အစပြုကာမှာပင် စောဘဦးကြီးသည် အရှေ့တိုင်းမှနေ၍ သူ၏ လုပ်ဖေါ်ကိုင်ဘက်တဦးဖြစ်သော ဗိုလ်ချုပ်စိုင်းကေအား အကူအညီလိုသောကြောင့် မှာယူသည်။ ထိုအချိန်က ဗိုလ်ချုပ်စိုင်းကေမှာ မန်းဘဇန်၊ ဟန်တာသာမွှေးတို့နှင့်အတူရှိနေသည်။ မြစ်၀ကျွန်းပေါ် (KNU) ကို ပြန်လည်တည်ဆောက်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသော ကာလဖြစ်သည်။
ဥက္ကဌကြီး၏ မှာကြားချက်အရ ဗိုလ်ချုပ်စိုင်းကေသည် အရှေ့တိုင်းသို့ ထွက်လာရာတွင် သူ၏ ကျောင်းနေဘက် သူငယ်ချင်းတဦးဖြစ်သူ ဆရာစကောလယ်တောအားလည်း အတူတကွခေါ်ဆောင်သည်။ ဆရာစကောလယ်တောသည် အရှေ့တိုင်းသို့ရောက်သည်နှင့် (KNU) ကို ပြန်လည်ဖွဲ့စည်းရန်အတွက် စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်လေသည်။ လောလောဆယ်အားဖြင့် အရှေ့ဘက် ညောင်လေးပင်ခရိုင် ဖြစ်သော ရွှေကျင်၊ ကျောက်ကြီး၊ မုန်း စသည့်နယ်မြေနှင့် ပဲခူး၊ အင်းစိန်၊ ဝေါ၊ ထုံးကြီးတို့မှ ပြောင်းလာသော စစ်ပြေးဒုက္ခသည်များအတွက် နေရာချထားရေးနှင့် ရိက္ခာရရှိရေးကို အတတ်နိုင်ဆုံး အကူအညီပေးခဲ့လေသည်။
(ဆက်လက်ဖေါ်ပြပါမည်)
See less






Leave a comment