(ရဲဘော်ဇော်နောင်)
အပိုင်း (၂)
အထက်မှာ ဖေါ်ပြထားသလို နိုဝင်ဘာ (၁၅)ရက်နေ့ မိုးမလင်းခင် ထိုင်းစစ်တပ်ဟာ သေဖူးလော်ဆူး စခန်းကို ဝင်ရောက်ခြောက်လှန့် ပစ်ခတ်ပါတော့တယ်။ လူထုကြီးကိုလည်း ထိုင်း၊ ဗမာနယ်စပ်ဆီ အတင်းအဓမ္မ မောင်းထုတ်လိုက်ပါတယ်။ ထိုင်းစစ်တပ်က ပစ်ခတ်လိုက်တဲ့ (79)ကျည် တလုံးဟာ လူထုအနားမှာ ကျရောက်ပေါက်ကွဲသွားတာကြောင့် တဦး ဒဏ်ရာ ရသွားပါတယ်။ လူထုကြီးဟာ မမျှော်လင့်ဘဲ ကြားလိုက်ရတဲ့ သေနတ်သံကြောင့် ရုတ်ရုတ်သဲသဲနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်သွားပါတယ်။ ခလေးတဦး သေဆုံးသွားကြောင်းလည်း သိရပါတယ်။ တချို့ရဲ့အဆိုအရ ရုန်းရင်းဆန်ခတ် ပြေးလွှားကြရင်း နင်းမိပြီး သေသွားတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီ အချိန်မှာ မိုးက ကောင်းကောင်း
မလင်းသေးပါဘူး။ ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ လူထုကြီးကို လိုက်လံထိန်းသိမ်းနေတဲ့ စောပလာဝါး၊ စောဆဲဒိုဂရီး တို့ နှစ်ဦးကိုတော့ ထိုင်းစစ်တပ်က ပြင်းပြင်း ထန်ထန် ထိုး ကြိတ်ကန်ကျောက် တာကြောင့် အတော် ထိခိုက်နာကျင်သွားကြောင်းလည်း သိရပါတယ်။
လူထုကို မောင်းထုတ်တဲ့ ထိုင်းစစ်တပ်ဟာ မမှတ်မိအောင် မျက်နှာဖုံးပါတဲ့ ခေါင်းစွပ်ကို စွပ်ထားကာ လူထုကြီးကို တွန်းထိုး ကန်ကျောက် အော်ငေါက်ပြီး ခေါ်ဆောင်ကြောင်း၊ လူထုကြီးဟာ လူတန်းရှည်ကြီး ဖြစ်သွားပြီး ခလေးငယ်များ နဲ့ အထုပ်အပိုးများ တိုးလိုးတွဲလောင်း နဲ့ ပူပင်သောကတွေ ဖြစ်နေတာကို တွေ့လိုက်ရတဲ့ ထိုင်းနိုင်ငံရှိ ကရင်လူထုတွေဟာ အတော်ပင် စိတ်ထိခိုက်ကြကြောင်း သိရပါတယ်။ ဒီလမ်းခရီးမှာ ခလေးမွေးဖွားသူများ ရှိကြောင်းလည်း သိရပါတယ်။ လူတန်းကြီးဟာ ကွီးလယ်တောရွာ ကို ရောက်တဲ့အခါ ဖူးယိုင်ဘန့် (Headman)က သူ့လက်မောင်းကို ထုတ်ပြီး “ငါ့သွေးထဲမှာ ထိုင်းသွေးတစက်မှမပါဘူး” လို့ မျက်လုံး အိမ်ထဲမှာ မျက်ရည်အပြည့်နဲ့ ထိုင်းစစ်တပ်ကို ထိုင်းဘာသာစကား နဲ့ ပြောလိုက်ကြောင်းလည်း သိရပါတယ်။
တကယ်တော့ ဒီ ဒေသတွေဟာ တချိန်က ထိုင်းကွန်မြူနစ်ပါတီ အခြေပြုရာ ဒေသဖြစ်ခဲ့သလို ထိုင်းကွန်မြူနစ်ပါတီထဲမှာ တာဝန်ထမ်းဆောင်ခဲ့ဘူးသူများ ရှိကြောင်း သိရပါတယ်။ ထိုင်းအစိုးရကလည်း ဒီ ထိုင်းဒေသခံတွေကို အလေးထား စည်းရုံး နေရတဲ့ ကာလလည်း ဖြစ်ပါတယ်။ ထိုင်းစစ်တပ်ဟာ နယ်စပ်ကို ရောက်တဲ့အခါ ဗမာပြည်ထဲ အရောက် မမောင်းတော့ပါဘူး။ လူထုကြီးကို ဗမာပြည်ဘက်က “ဘောနယ်ထာ”လို့ ခေါ်တဲ့နေရာနဲ့ မျက်နှာချင်းဆိုင် ထိုင်းဘက်အခြမ်းမှာဘဲ ရပ်ထားလိုက်ပါတယ်။ လူထုတွေရဲ့ ပြန်ပြောချက်အရ၊ ဒီနေရာဟာ ဗမာစစ်သားတွေရဲ့ စကားပြောသံ၊ ၀ါးခုတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် နယ်စပ်မှာ ထိုင်းစစ်တပ်နဲ့ ဗမာစစ်တပ်တို့ အကြား ဆက်စပ်၊ ဆက်ဆံမှုအရ ဘာမှမရှိသေးတာကို သိသာစေပါတယ်။ ဒီနေရာဟာ ရာသီဥတုလည်း အတော် ကြမ်းကြောင်း၊ ညအချိန်မှာ အလွန်အေးကြောင်း သိရပါတယ်။ ထိုင်းစစ်တပ် ကိုလည်း ညအချိန်မှာ မတွေ့ရတော့ကြောင်း၊ ဘယ်ဆီမှာ သွားနေကြသလဲ ဆိုတာ မသိရကြောင်း ပြန်ပြောပြ ကြပါတယ်။
ဒါကြောင့် လူထုကြီးဟာ ဗမာစစ်သားတွေကို ကြောက်နေရတာတကြောင်း၊ အအေးဒဏ် မခံနိုင်ကြတာက တကြောင်း နဲ့ ညအချိန်မှာ ထိုင်းစစ်သားများ ကိုလည်း မတွေ့ရတာ တို့ကြောင့် တကြောင်း၊ ဘာမှ စားနပ်ရိက္ခာ ဘာဆေးဝါးမှလည်း မပါကြသလို လုံခြုံမှုလည်း မရှိတာကြောင့် (၂)ရက် အကြာမှာတော့ ညအမှောင်ကို အကာအကွယ်ယူပြီး ထိုင်းနိုင်ငံ ဖက်ဆီကို ခြေဦးတည့်ရာ ထွက် ပြေး ကြပါတော့တယ်။ တချို့က ရွာထဲကို ရောက်သွားသလို၊ တချို့က တောင်ယာခင်းထဲ ရောက်သွားကြပါတယ်။ တောင်ယာခင်းထဲ ရောက်သွားတဲ့သူတွေက စားစရာမရှိတော့လို့ တောင်ယာခင်းထဲက ကျောက်ဖရုံ၊ သခွား စတဲ့ အသီးအနှံများကို ခူးစားကြရကြောင်း သိရပါတယ်။ ကျနော်တို့ တာဝန်ပေးထားတဲ့ လူတွေရဲ့ ပြန်ပြောချက်အရ ဒီလို စားနပ်ရိက္ခာ ပြတ်လပ်နေတဲ့ လူထုကြီးကို ပိုင်ခလန်ရွားသား စောနေကလိုထူး က သူ့ ဆိုင်မှာရှိတဲ့ ဆန်၊ ဆား၊ ဆေးဝါးများကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးကြောင်း သိရတာကြောင့် မှတ်တမ်းတင်ပါတယ်။
လူထုကြီးဟာ ရိက္ခာ ၊ ဆေးဝါးတွေ လိုနေပါပြီ။ ဒါကြောင့် ကျနော်တို့တတွေ အရေးပေါ် အစည်းအဝေး တခုကို ခေါ်လိုက်ရပါတယ်။ ဒီအစည်းအဝေးမှာ…(၁) ဆန်၊ ဆား တွေကို စခန်းအပြင် ထုတ်နိုင်ဖို့။ (၂) အပြင်မှာ ရှိနေတဲ့ မိမိတို့လူများ နဲ့ အချိတ်အဆက်ယူနိုင်ဖို့။ (၃) ရိက္ခာရရှိရေးအတွက် အိမ်တွေကို အလှူခံဖို့။ (၄) ည ၉ နာရီမှာ စခန်းအတွင်း အသွားအလာ ပိတ်ဖို့။ (၅) ည ၉ နာရီနောက်ပိုင်းမှာ ရိက္ခာ များကို အပြင်ထုတ်ဖို့။ (၆) ဒီ အစီအစဉ်တွေကို ထိုင်းတွေ လုံး၀မသိဖို့။ (၇) ထိုင်းဆီကို သတင်းပေးသေူ တွေရှိပါက ထိရောက်စွာ အရေးယူဖို့ စတဲ့ ဆုံးဖြတ်ချက်များကို ချလိုက်ကြပါတယ်။ ဒီကာလမှာလည်း ထိုင်းအာဏာပိုင် တွေကို မျက်နှာလို မျက်နှာရ လုပ်တဲ့ သူများလည်း ရှိနေပါတယ်။ ဒီကာလမှာ ထိုင်းစစ်တပ်ဟာ စခန်းတွင်း ကိစ္စတွေကို အဓိက မထားဘဲ စခန်းအပြင်ကိုဘဲ အဓိက ထားတာကို တွေ့နေရပါတယ်။
စခန်းအပြင်က တာဝန်ရှိတဲ့ သူတွေကို ကူညီဖို့ စောညီညီဝင်းနဲ့ စောလစ္စတန် တို့ နှစ်ယောက်ကို လျှို့ဝှက်ပြီး ထပ်မံစေလွှတ်လိုက်ပါတယ်။ အဲဒီနောက် ည ၉ နာရီထိုးတာနဲ့ စခန်းအတွင်း တာဝန်ပေးခံထားရသူများ မှအပ၊ အသွားအလာ သိပ်မရှိတော့ပါဘူး။


တညမှာ ၉ နာရီကျော်အချိန် ထိုင်းစစ်သား (၂)ယောက် ရပ်ကွက် (၇)အတွင်းကိုရောက်လာပါတယ်။ ဒီအခါမှာ စဝမ်းသာ ဦးဆောင်တဲ့ ရပ်ကွက် လူငယ် (၂၀) လောက်ဟာ ဒုတ်၊ ဓါး လက်နက်အစုံ နဲ့ ဝိုင်းထားလိုက်ပါတယ်။ အဲဒီအချိန်ကစပြီးနောက် ထိုင်းစစ်သားတွေဟာ စခန်းအတွင်း အသွားအလာ ဆင်ခြင်သွားပါတယ်။
ဒီကာလမှာ စခန်းအတွင်းမှာရှိတဲ့ လူထုကြီးဟာ စိုးရိမ်ပူပန် စိတ်တွေ အတော်ရှိကြပေမဲ့ ကရင်၊ ဗမာ၊ မွတ်ဆလင် စတဲ့ လူမျိုးစုံတွေရဲ့ စည်းလုံး ညီညွတ်ရေးစိတ်ဓါတ်ဟာ အကောင်းဆုံး၊ အမြင့်ဆုံး ရေချိန်ကို ရောက်နေတယ်လို့ ပြောရမှာဖြစ်ပါတယ်။
စခန်းအပြင်မှာ ဒုက္ခရောက်နေတဲ့ လူထုကြီးကို ကူညီဖို့ အားလုံးဟာ အဆင်သင့်ရှိနေကြပါတယ်။ ကျနော်တို့လည်း ဖေါ်ပြထားတဲ့အတိုင်း စီစဉ်ပြီးစီးတဲ့အခါ ည ၉ နာရီထိုးပြီးတာနဲ့ ရိက္ခာ ထုတ်ရေး အစီအစဉ်တွေ စပါတော့တယ်။ အပြင်က ရိက္ခာလာယူမဲ့ လူတွေရဲ့ အရေအတွက်ကို ပထမ သိရှိအောင်လုပ်ပြီးနောက် စခန်းက ရိက္ခာ ပို့ပေးမဲ့ သူတွေကို စီစဉ်ပါတယ်။ စခန်းအတွင်းကနေ ရိက္ခာပို့ပေးတဲ့သူတွေဟာ ကိုယ်ပိုင် ဆန်၊ ဆားတွေကို သယ်ဆောင်လာတွေ ရှိသလို အိမ်အနီးအနားက အဖေါ်တွေ ထုတ်ပေးတာလည်းရှိပါတယ်။ ရိက္ခာ သယ်ပို့ပေးတဲ့ သူတွေထဲမှာ ဘာသာရေးခေါင်းဆောင်များလည်း သူတို့ရဲ့ ဆန္ဒအရ လိုက်ပါလာကြတာကို တွေ့ရပါတယ်။ အစီအစဉ် အားလုံးကိုတော့ အထူးလျှို့ဝှက် လုပ်ကိုင်ရပါတယ်။ အတွင်း၊ အပြင် ဆက်စပ် လုပ်ကိုင်ပေးသူတွေအထဲမှာ ည အမှောင်ကို အသုံးချပြီး သွက်လက်၊ ဖြတ်လပ်၊ မညီးမညူနဲ့ လုပ်ကိုင်ပေးတဲ့ စောတိုးကြည်ကို မှတ်တမ်းတင်ပါတယ်။
ဒီလိုနဲ့ ညတိုင်း အချိန်ရောက်တိုင်း ရိက္ခာ သယ်ထုတ်တဲ့ အစီအစဉ်ကို လုပ်ရပါတယ်။ ဒါပေမဲ့ နေ့ရက် ကြာလာတာနဲ့အမျှ အနေအထိုင်၊ အစားအသောက် ချို့တဲ့နေတဲ့ လူထုကြီးထဲမှာ ဖျားနာသူ၊ သေသူများလည်း ရှိလာကြပါတယ်။ ဒါကြောင့် ရိက္ခာ သယ်ထုတ်တဲ့အခါ ဖျားနာတဲ့ မိသားစုများကို စခန်းထဲကို လျှို့ဝှက်သွင်းဖို့ စီစဉ်လိုက်ပါတယ်။
အဲဒီနောက် ကျန်းမာရေး မကောင်းတဲ့ မိသားစုများကို စခန်းထဲ စသွင်းပါတယ်။ ဒီ သတင်းဟာ လူခြုံမှုရှိတာ တွေ့ရတာကြောင့်၊ ကျန်တဲ့မိသားစုများကိုပါ စခန်းထဲ စသွင်းပါတယ်။ တဖြေးဖြေးနဲ့ ကျနော်တို့ လူသွင်းတာ လူဦးရေ (၇၀၀)ကျော်တဲ့အထိ ရှိလာပါတယ်။ အခြေအနေက ကောင်းနေဆဲပါ။ ကရင် အချင်းချင်း၊ ဘဝတူ အချင်းချင်း ဖြစ်ကြတာမို့ တစိမ်းတရံများ အနေနဲ့ ရုတ်တရက် ခွဲခြား သိမြင်နိုင်ဖို့ ခက်ခဲပါတယ်။ အားလုံးကဆင်းရဲ ညိုးနွမ်းကြသူတွေချည်းပါဘဲ။
ဒီအချိန်မှာဘဲ ထိုင်းနိုင်ငံ “ထီးစောဆီး”ရွာဘက်မှာ ကရင်လူထု (၃၀၀)ဝန်းကျင် ထပ်ရောက်လာတယ် ဆိုတဲ့ သတင်းရပါတယ်။ သူတို့တွေလည်း “သေဖူးလော်ဆူး ”က အဖြစ်အပျက်တွေကို သိတဲ့အခါ အတော်လေးစိုးရိမ်ကြပါတယ်။ ထိုင်းစစ်တပ်က ပြန်မောင်းမယ် ဆိုပြီး သတင်းလွှင့်နေပါတယ်။ အခြေအနေက လူထုတွေအတွက် စိုးရိမ်နေရဆဲပါ။ “သေဖူးလော်ဆူး” သတင်းကတော့ ဟိုးလေးတကျော်ဖြစ်နေပါပြီ။
ဒီဇင်ဘာ နှောင်းပိုင်း (ဒါမှမဟုတ်) ဇန်နဝါရီ အစပိုင်းလောက် ဖြစ်မယ်ထင်တယ်။ အသေအချာတော့ မမှတ်မိတော့ပါ။ ဗိုလ်ချုပ်ကြီးဘိုမြ နိုဖိုး ဒုက္ခသည်စခန်းကို ရောက်လာပါတယ်။ သူလည်း အလာလမ်းခရီးမှာ ထိုင်းစစ်တပ် ရဲ့ အနှောက်အယှက်ပေးတာ ခံရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အနှောက်အယှက်တွေ ကြားထဲကနေ သူ အရောက်လာခဲ့ပါတယ်။ နိုဖိုး ဒုက္ခသည်စခန်းကို သူရောက်လာတဲ့အခါ ကျနော်တို့နဲ့တွေ့ပါတယ်။ သူက “ရွှေဆိုင်းနဲ့ မူတူးတို့ ရောက်လာပြီလား”လို့ ကျနော့ကို ကရင်လို မေးပါတယ်။ ကျနော်က မရောက်သေးကြောင်း ပြောတဲ့အခါ သူက “သူတို့ကို ငါလာခိုင်းတာကြာပြီ”လို့ ပြောပါတယ်။ တအောင့်အကြာမှာတော့ စခန်းထဲကို ဗိုလ်ချုပ်ရွှေဆိုင်း ကားနဲ့ ဝင်လာ
ပြီဆိုတဲ့ သတင်း ကြားရပါတယ်။ အဲဒီနောက် သူတို့ နှစ်ယောက်နဲ့ ထိုင်းတာဝန် ရှိသူများပြောဆို ဆွေးနွေးကြပါတယ်။ သူတို့တတွေ ပြောဆို ဆွေးနွေးကြပြီးတဲ့နောက် စခန်း အတွင်းမှာ လူထုရှင်းလင်းပွဲတရပ် ပြုလုပ်လိုက်ပါတယ်။ ဒီလူထုရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီးမြ က “မင်းတို့ဘာမှ အားငယ်စရာ၊ ကြောက်စရာမလိုဘူး ၊ မင်းတို့နဲ့အတူ ငါရှိတယ်” လို့ပြောလိုက်တယ်။ သူ့ရဲ့ စကားကြောင့် စိတ်နှလုံးညိုးနွမ်းနေတဲ့ လူထုကြီးဟာ လေ၊ ရေ၊ အလင်းရောင် ရသွားတဲ့ ပန်းပင်လို လန်းဆန်းစိုပြေသွားတဲ့ အပြင် ခွန်အားတွေလည်း ပြန်ပြီး ပြည့်ဝလာပါတော့တယ်။ ဗိုလ်ချုပ်ကြီးမြရဲ့ စိတ်ဓါတ်နဲ့ သတ္တိတွေဟာ ခေါင်းဆောင်ကောင်း ပီသ လှပါပေတယ်။ ဗိုလ်ချုပ်ကြီးဘိုမြ ပြန်သွားပြီးတဲ့နောက် စခန်း
အပြင်ဘက်မှာ ပုန်းလျှိုးနေရတဲ့ “သေဖူးလော်ဆူး” က လူထုတွေနဲ့ “ထီးစောဆီး”မှာ ရောက်နေတဲ့ လူထုတွေကို ထိုင်းတာဝန်ရှိသူများက နိုဖိုး ဒုက္ခသည် စခန်းအထဲ ဝင်ရောက်နေထိုင်ခွင့်ပြုလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး နိုဖိုး ဒုက္ခသည်စခန်းမှာ ရှိတဲ့ လူထုကြီးနဲ့ စခန်းကို တာဝန်ယူနေတဲ့ ထိုင်းအာဏာပိုင်တို့ အကြား ဆက်ဆံရေးဟာလည်း အဆင်ပြေ ချောမွေ့သွားပါတော့တယ်။
(ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် မရှိတဲ့ လူမျိုးတမျိုးရဲ့ ဘဝအခြေအနေကို ယနေ့ကရင်လူငယ်များကို သိစေလိုပါတယ်)။
ဒီဆောင်းပါးဖြစ်မြောက်ရေးအတွက် ကူညီပေးတဲ့ စောဟေရို(USA)၊ ဆရာစမ်းမစမ် (USA)၊ ဆရာညီညီဝင်း (Norway)၊ စဝေလျံရှိုင်း (Australia)၊ စောမောထူး (ကရင်ပြည်)တို့ကို ကျေးဇူးတင်ရှိပါကြောင်း။
ရဲဘော်ဇော်နောင်
၂၅-၀၁-၂၀၂၀
ဓါတ်ပုံ- နိုဖိုး ဒုက္ခသည်စခန်း






Leave a comment